မြင့်သန်း
ယခင်လမှအဆက် ...
ဤတွင်
ဆွေးနွေးရန်လိုအပ်သော အချက်တစ်ခုမှာ ဒုတိယအပိုဒ်တွင် တောမာ့(စ) ၏ အင်္ဂလိပ်စာလုံး Mouth စာလုံးကို သုံးစွဲပုံဖြစ်သည်။ ပထမ အသုံးအနှုန်းကိုကား ရှေ့တွင်
ရှင်းပြခဲ့ ပြီးဖြစ်၍ ထပ်မရှင်းတော့ပါ။ ဒုတိယ အသုံးအနှုန်းမှာ အဘိဓာန်လာ
အနက်အတိုင်း ပါးစပ် (ရည်ညွှန်း လိုသည်မှာ-ပြောခြင်း)သာ ဖြစ်သော်လည်း တတိယ
အသုံးအနှုန်းဖြစ်သော the same mouth sucks မှ mouth မှာ မြစ်ဆီသို့
မရောက်မီ တောင်ကျစမ်းရေ ခန်းသွားရသည်မှာ ထိုစွမ်းအားကြောင့်ပင် ဖြစ်သော်လည်း
အဘယ်ကြောင့် ထိုသို့ဖြစ်စေခဲ့သည်ကို နားမလည်ကြောင်းကို ဖော်ပြရင်း မကောင်းမှု
တစ်ခုသဖွယ် ပုံရုပ်ဖော်လိုခြင်းသာ ဖြစ်သည်။ ထို-ပါးစပ်မှာ အသွေးအသားကို စုပ်ယူသည့်
မကောင်းမှု (သွေးစုပ်ဖုတ်ကောင်များသဖွယ် တင်စားဖော်ပြလိုခြင်းသာဖြစ်သည်။
ဖယောင်း(ရုပ်) ဘဝသို့ ပြောင်းသွားအောင် ကိုယ်ထဲမှ သွေးများစုပ်ယူခဲ့သည့်
ပါးစပ်မျိုးဖြစ်၍ 'ဒီ'ပါးစပ်မျိုးဟု
ဝိသေသပြု ညွှန်းထားခြင်း ဖြစ်သည်။
တတိယအပိုဒ်၏အစ စာကြောင်း
နှစ်ကြောင်းမှ ရှေးက အပိုဒ်များကဲ့သို့ တည်ဆောက်ပုံနှင့် ပုံရုပ်ဖော်ထားပုံမှာ
အတူတူပင်။ သို့သော် ကာရန်ပြောင်းသွားသည် (ဆိုလိုသည်မှာ ababa မှ ababc ဖြစ်သွားသည်။
ဘာသာစကား မတူညီမှုကြောင့် အရှည်အကျယ် မရှင်းတော့ပါ) 'စွမ်းအား'
ဟု သုံးစွဲထားသော နေရာတွင် 'လက်' ဝင်ရောက်လာသည်။ စွမ်းအားဟု ကဗျာတွင် ပုံရုပ်ပေါ်စေသော စာလုံးအစား
ပိုမိုတိကျသေချာသော လူ၏လက်ကို သုံးစွဲလိုက်သည်။ သို့ရာတွင် ထိုလက်သည် လူ၏လက်ကို မရည်ရွယ်။ ရေအိုင်ကိုလည်းကောင်း၊
နွံကိုလည်းကောင်း မွှေသောလက်သာ ဖြစ်သည်။ တကယ့် ရှိမှုမှ ပုံရုပ်တစ်ခုကို
ပြန်ပေါ်စေရန် ဦးတည်ရေးသားသော အရေးအသားမျိုး ဖြစ်သည်။ ဤနေရာတွင် မြန်မာတို့၏
ဘာသာစကား ဘောင်အတွင်း လွယ်လွယ် အနက်ပေါ်ရန် မလွယ်သော အချက်တစ်ခုမှာ
ပထမစာကြောင်းတွင် ရေးသားထားသော Whirls the water in the pool တွင်ပါသော
စာလုံး Whirl နှင့် pool စာလုံးတို့ အကြားမှ
ဆက်သွယ်မှု ဖြစ်သည်။ Whirlpool မှာ စင်စစ် ရေဝဲ၊
ဝဲကတော့ စသည်တို့ကို ဆိုလိုသည်။ အန္တရာယ်၊ မကောင်းမှု စသည်တို့ကို ရည်သည်။
အလားတူပင် နွံကိုလည်း မွှေနေသည်။ လှုပ်လေ မြုပ်လေ သဘောဖြစ်သည်။ ဤ တတိယအပိုဒ်တွင်သော်၊
တောမာ့(စ)က စွမ်းအားကို မကောင်းမှုဘက်မှ ပြလိုခြင်းဖြစ်သည်။ အပျက်သဘော ဆောင်သည့် စွမ်းအား Destructive
force ဖြစ်သည်။ ပထမ
နှစ်ပိုဒ်၏ ပထမစာကြောင်းမှ ဒုတိယစာကြောင်း အလယ်အထိ ပြဆိုခဲ့သည်မှာ
အပြုသဘောဆောင်သည့် စွမ်းအား Constructive force သာဖြစ်သည်။
သို့ဖြစ်ရကား၊ တတိယ အပိုဒ်တစ်ခုလုံးသည် အပျက်သဘောဆောင်သည့် စွမ်းအားကိုသာ
တောမာ့(စ)က ဖော်ခဲ့သည်။ ဤ ဒုတိယစာကြောင်းတွင်ပင် သဘာဝတရားအပေါ် ထိန်းချုပ်မှုကို
ပြလို၍ တိုးနေတဲ့လေကို ချည်ရင်း (မူရင်း... ropes the blowing wind) ဟု ရေးသားခဲ့သည်။
တစ်ချိန်တည်းမှာပင် တတိယစာကြောင်း၌ ငါ့ရဲ့သေခြင်းကို ဆွဲယူလို့
ရွက်ဖွင့်စေခဲ့တယ်ဟု ရေးသား ခဲ့သည်။ Shroud မှ သေသူကို
လွှမ်းထားသော အဝတ်/ပိတ်စ ဖြစ်သဖြင့် ဤနေရာတွင် သေခြင်းကို ဆိုလိုသည်။ (Shroud မှာ သင်္ဘောတွင်
ချည်လေ့ရှိသော ကြိုးချည်နည်းတစ်မျိုးကိုလည်း ဆိုလိုသည်)။ တောမာ့(စ) က
ရှေးဗိုက်ကင်းတို့ အစဉ်အလာအရ သေသူကို ပင်လယ်ဆီသို့ မျှောလေ့ရှိသည်ကို ယူ၍
ရေးသားထားပုံရသည်။ တတိယ အပိုဒ်၏ နောက်ဆုံးစာကြောင်း နှစ်ကြောင်းသည်
ရှေ့အပိုဒ်များမှ နောက်ဆုံးစာကြောင်းနှင့် မတူတော့ချေ။ ကဗျာအရ ဖော်ထုတ်ထားသော
ပြကွက်အတွင်းသို့ 'လက်မရွံ့ အာဏာသား' ဝင်လာခဲ့သည်။
ရှေ့က အပိုဒ်များတွင်၊ ကဗျာကို ဖော်ထုတ်နေသူက နှင်းဆီကိုလည်း ကောင်း၊ သူ၏
သွေးကြောကိုလည်းကောင်း ဘာပြောရမှန်း မသိသည်ကို တိုင်တည်ခဲ့သော်လည်း တတိယ
အပိုဒ်တွင် လက်မရွံ့ အာဏာသား ဝင်ရောက်လာသည်။ သာမန်ဖတ်ရှုသော် ထိုနေရာအထိ
ကဗျာဖော်ထုတ်နေသူသည် လက်မရွံ့ အာဏာသားလော။ လက် မရွံ့အာဏာသား လက်အတွင်းက လူလော၊
မကွဲပြား။ နောက်ဆုံး စာကြောင်းတွင်မှ အဖြေပေါ်သည်။ ဤနေရာတွင် ဘာသာစကား အခက်အခဲ
တစ်ခုရှိသည်။ မူရင်း အင်္ဂလိပ်ဘာသာ စကားတွင်သော် အစဉ်အလာ ထုံးဓလေ့ အပြုအမူများကို
သိလျှင် နားလည်လွယ်သည်။ မူရင်းစာကြောင်းမှာ How of my clay is made the
hangman's lime ဟု ဆိုသည်။ ဟိုစဉ်က
ကြိုးစင်တင်ပြီးသော် အလောင်းများကို ထုံးကျင်း (စင်စစ်၊ Lime-filled pit) များ အတွင်းသို့
ပစ်ချလေ့ရှိသည်။ ထိုအခါ အလောင်းများမှာ အလွယ်တကူ ပုပ်မသွားဘဲ ကျောက်ဖြစ်သကဲ့သို့
ခဲ၊ တောင့်သွားတတ်ကြသည်။ မူရင်း အရသော် How of my clay...
ငါ့ရဲ့ ကျောက်ဖြစ်နေခြင်းက... ဟု ဆိုရပေမည်။ သို့ရာတွင် မြန်မာတို့၏ ဘာသာစကား
ဘောင်အတွင်း၌ အဓိပ္ပာယ်ရှိလှမည် မဟုတ်။ သို့အတွက် 'ငါ့ရဲ့အလောင်း
...' ဟူ၍သာ ပြန်ဆိုလိုက်ရသည်။ သို့ရာတွင် အဓိက
တင်ပြလိုသည်မှာ ထိုအချက်မဟုတ်။ တတိယအပိုဒ်တွင် ပေါ်လာသော ကဗျာဖော်ထုတ်တင်ပြနေသူ၏
အနေအထားဖြစ်သည်။ ကဗျာမှာ လက်မရွံ့ အာဏာသားတို့က ကြိုးစင်တင် သုတ်သင်ခဲ့ပြီးသား
လူသားတစ်ဦး၏ နေရာမှ တင်ပြနေခြင်းဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုရာတွင်သော် 'ခဲ့' ဟူသော အသုံးအနှုန်းကို ဖြည့်၍သာ ပုံဖော်နိုင်သည်။ ကဗျာကို ဖော်ထုတ်
တင်ပြနေသူမှာ ဖြစ်ခဲ့ပြီးသော အနေအထားတစ်ခု (ကာလတစ်ခုဟူ၍လည်း ဆိုလိုသော် ဆိုပါ)မှ
ပြန်လည် ဖော်ထုတ်နေခြင်း ဖြစ်သည်။ တစ်နည်း
ဆိုသော် ကြိုးစင်တင် အသတ်ခံခဲ့ရပြီးသည့် အနေအထားမှ ကဗျာကို ပြန်လည်တင်ပြနေသော
သဘောမျိုးဖြစ်သည်။
စတုတ္ထအပိုဒ်သည်
အခြားအပိုဒ်များနှင့်မတူ။ စတုတ္ထအပိုဒ်၏ ပထမ စာကြောင်းသည် ယခင်အပိုဒ် သုံးပိုဒ်၏အစ
ပထမစာကြောင်းကဲ့သို့ မဟုတ်။ ပထမစာကြောင်းကို Semi-colon ဖြင့် ရပ်ပစ်လိုက်သည်
(သို့မဟုတ်၊ ဖြတ်ထားသည်။ ရေးသားထားသော ယူနစ်ကို ရပ်သော/ဖြတ်သော Punctuation များမှ
မြန်မာဘာသာသို့ ပြန်ဆိုရာတွင် ပျောက်ဆုံးသွားတတ်သော အနေအထား တစ်ခုဖြစ်၍ အရသာပါ
ပျက်စီးသွားတတ်ပါသည်)။ သို့ဖြစ်ရကား ပထမစာကြောင်း၏ နောက်ဆက်လျက် ဖော်ပြထားသော စာလုံးတို့မှာ
ပထမစာကြောင်းနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိနေသည်မဟုတ်။ ပထမစာကြောင်းမှာ The
lips of time leech to the fountain head ဟူ၍ဖြစ်သည်။
ဤအပိုဒ်တွင် ကာလတရားအကြောင်းကို
သိသိသာသာ တင်ပြလာသည်။ ကာလတရားရဲ့ နှုတ်ခမ်းဟာ ရေပန်းထိပ်မှာ စုပ်တွယ်ထားတယ်ဟု
ကျွန်တော်က ဘာသာပြန်ပါသည်။ ရေပန်း (Fountain ) မှာ ရေများစတင်
ကျဆင်းရာ (ထွက်ပေါ်ရာ) အရင်းအမြစ် တစ်ခုဖြစ်သည်။ အချို့ပညာရှင်တို့က
ဖြစ်ခြင်းတစ်ခု၏ စတင်ရာ အဖို-အမ ထိစပ်မှုသဘောကို ပြဆောင်လို၍ နှုတ်ခမ်းနှင့်
ရေပန်းထိပ်ကို ရေးသားခဲ့ခြင်းဟု မြင်သည်။ မည်သို့သော အနက်ဖော်မှုမျိုးတွင်ဖြစ်စေ၊
အဓိက ဖော်ဆောင်လိုသော ပုံရုပ်မှာ အရင်းအမြစ်၊ အစ... စသည့် သဘောများသာ ဖြစ်သည်။
စတုတ္ထအပိုဒ်၏ ဒုတိယ စာကြောင်းနှင့် တတိယစာကြောင်းတွင်သော် ချစ်ခြင်းဟာ
ယိုစိမ့်ကြပြီး စုစည်းနေတယ်၊ ဒါပေတဲ့ ကျဆုံးခဲ့ရတဲ့ သွေးတွေက သူမရဲ့
နာကြည်းမှုတွေကို အနယ်ထိုင်လာစေခဲ့လိမ့်မယ်။ (မူရင်းတွင် Love drips and
gathers, but the fallen blood, shall calm her sores. ဟူ ၍ဖြစ်သည်)။
ဤစာကြောင်းများတွင် သော်၊ ကာမဂုဏ်ခံစားခြင်း၊ မွေးဖွား စသည်များကို
ဖော်ဆောင်လိုသည်သာမက ဘာသာရေး အခြေခံအားဖြင့် သွေးမြေကျရခြင်း၊ ကယ်တင်ခြင်း
အကြောင်းများကို ဖော်ထုတ်ပြလိုခြင်းဖြစ်သည်ဟု ပညာရှင်တို့က မြင်ကြပြန်သည်။
ဤအပိုဒ်မှာ ကဗျာအရေးအသားအရ အနက်ထွေပြား နိုင်သမျှ ထွေပြားရန်
အားထုတ်ရေးသားထားခဲ့သော အပိုဒ်တစ်ခု ဖြစ်သည်။ ကဗျာ၏ နောက်ဆုံးအပိုဒ်ကို မရေးမီတင်
ကူးပြဆိုလိုသည်များကို ပြဆိုထားခြင်းလည်း ဖြစ်သည်။ စတုတ္ထအပိုဒ်၏ နောက်ဆုံး
စာကြောင်းနှစ်ကြောင်းတွင် ကဗျာကို ဖော်ထုတ်တင်ပြနေသူ၏ တိုင်တည်မှု၊
ဖြည်းဖြည်းချင်း ပြောင်းရွှေ့လာခဲ့ပုံ ပြန်လည်တွေ့လာရနိုင်သည်။ ကဗျာ၏ အစတွင် နှင်းဆီပန်းကို
တိုင်တည်ခဲ့သော်လည်း တဖြည်းဖြည်းချင်း လေဆီသို့ ရောက်ရှိလာခဲ့သည်။ လေကို
တိုင်တည်လိုက်ခြင်းမှာ အားကောင်းလှသော ပြယုဂ်တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် ကဗျာကို
အနက်ဖော်ခြင်းထက် ခံစားစေလိုခြင်းဖြစ်သည်။
နောက်ဆုံးအပိုဒ်တွင်မူ စာကြောင်း
နှစ်ကြောင်းသာပါသည်။ ပထမစာလုံး And မှာ နှင့်၊ ပြီးတော့
စသည့် သဘောများထက် အဆုံးမှာတော့ And (finally) သဘောကို ဆောင်ထားသည်။
နောက်ဆုံးအပိုဒ်ဖြစ်၍ ရှေ့သို့ဆက်ရန် မရှိတော့။ ရှေ့က အပိုဒ်များကဲ့သို့
စွမ်းအားအကြောင်းကို ထပ်မံ၍ မပြဆိုတော့။ 'ချစ်သူရဲ့ဂူ'
ဟူသော အသုံးအနှုန်းမှာ ချစ်ခြင်းနှင့် သေဆုံးခြင်းကို ဖော်ပြလိုသော
သင်္ကေတဟု ဆိုရမည်။ ကဗျာကို တင်ပြနေသူသည် ထိုသို့သော ကံအကြောင်းတရား တစ်ခုအတွင်း
ပါဝင်ပတ်သက်နေခဲ့သူဟု မြင်လာရသည်။ တောမာ့(စ) ဖော်ပြလိုသော စွမ်းအား
(ဖန်တီးနိုင်မှု) မှာ အပျက်သဘောတွင် ဆောင်နေကြောင်း သို့မဟုတ် အားသန်နေကြောင်း
သိသာလာသည်။ နောက်ဆုံးစာကြောင်းတွင်ပါသော 'sheet' စာလုံးနှင့်
စပ်လျဉ်း၍သော် ပညာရှင် အများစုက (ရှေ့တွင် ဖော်ပြခဲ့ပြီးဖြစ်သော Shroud ဟူ၍ပင် လက်ခံကြသည်။
သို့ဖြစ်ရကား အလောင်းကို လွှမ်းထားသော (အုပ်ထားသော) အဝတ်စ တစ်ခုကို ဆိုလိုသည်ဟု
လက်ခံနိုင်သည်။ ... my sheet goes the same crooked worm မှာ အရပ်စကားဖြင့်
လွယ်လွယ်ဆိုရသော် အလောင်းကောင်ကို လောက်တက်ခြင်းကို ဆိုလိုသည်ဟူ၍ပင် ပြောရပေမည်။
ပိုးလောက်လန်းတိုင်းမှာ အတူတူလိုပင်။ ထိုမျှသာမက တောမာ့(စ)က ဘဝတစ်ခုလုံး
ပြီးဆုံးသွားခြင်းနှင့် ဘဝတစ်ခု၏ အစကို ဖော်လိုသည်။ သေဆုံးသွား ခဲ့ပြီဖြစ်သော
လူသား၏ ကိုယ်ခန္ဓာကို စားသုံးကာ ပိုးလောက်လန်းများ စတင် ရှင်သန်လာကြရသည့်
သဘောဖြစ်သည်။ ဤ-ကဗျာ-တစ်ပုဒ်လုံးမှာ စွမ်းအား (ဖန်တီးနိုင်မှု) အကြောင်းသာဖြစ်ပြီး
ဖန်လဲလဲဖြစ်ပေါ်နေမှု (သံသရာ လည်သည့် သဘောမျိုး) ကို ဖော်လိုခြင်း ဖြစ်သည်ဟု
ပညာရှင်တို့က ယူကြသည်။
ခြုံငုံ၍ ပြန်လည်တင်ပြရသော်
ကဗျာတစ်ပုဒ်လုံး အဓိကကျသော အချက်တစ်ခုမှာ သဘာဝတရား၌ ဖြစ်နေသော စွမ်းအားသည်ပင်
သဘာဝတရား၏ ပျက်စီးရာ ပျက်စီးကြောင်းကို စွမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အပြုသဘောနှင့်
အပျက်သဘောတို့မှာ ဒင်္ဂါးပြား တစ်ခု၏ ခေါင်းနှင့် ပန်းသဘောသာဖြစ်ကြသည်။ ဤသို့သော
ကဗျာမျိုးအား ဖတ်ရှုကြရာတွင် (အခြားသော ကဗျာအတော်များများကဲ့သို့ပင်) စာလုံး၊
စကားလုံးများကို အဘိဓာန်လာ အနက်သက်သက်ဖြင့် ဖတ်ရှုရန် မသင့်လှ။ ဆိုလိုရင်းကို
ပြောင်းလဲ၍ ဖော်ထုတ်လေ့ရှိသော မက်တာဖော Meta phor ကို
မသိကျိုးကျွံပြု၍လည်း မဖြစ်နိုင်။ အထူးသဖြင့် ခွဲခြမ်းစိတ်ဖြာသော မက်တာဖော Analytical
Metaphor နှင့်
ပေါင်းစည်းဖော်ထုတ်သော မက်တာဖော Synthetic metaphor တို့ကို မမေ့သင့်ဟု
ထင်သည်။ (ဤတွင်'.... ကဲ့ သို့' တွဲစပ်၍
ရေးသားရသော တင်စားမှုမျိုးကို မက်တာဖောဟု ဆိုလိုခြင်း မဟုတ်ပါ။) ဆိုခဲ့ပြီးသော
မက်တာဖောများမှာ တစ်ခုကိုတစ်ခု အပြန်အလှန် အကျိုးပြုတတ်သည်လည်း ရှိတတ် သည်သာမက
တစ်ခုအပေါ်တစ်ခု လွှမ်းမိုးနေတတ်သည်များလည်း ရှိသည်။ ထို့ပြင် ကဗျာတစ်ပုဒ်လုံးကို
ထိန်းထားနိုင်သော (ဆိုလိုသည်မှာ၊ ကဗျာ၏ အတိမ်အနက်၊ အတိုင်းအတာ)ကို ဖော်ပြနေသော Sustained
metaphor (မြန်မာလို
မည်သို့ခေါ်ရမှန်း မသိပါ) သဘောကိုလည်း သတိထားကြည့်ရန် လိုအပ်ပါသည်။ တောမာ(စ) မှာ
ခေတ်သစ် ရိုမဲင်တစ်စစ် တစ်ဦးဟူ၍လည်း တွင်ခဲ့သူတစ်ဦးဖြစ်လေရာ သူ၏ ကဗျာများကို
ဘာသာစကား၏ ဘောင်အတွင်း၌ ချဲ့ထွင်တည်ဆောက်နိုင်သမျှ ချဲ့ထွင်တည်ဆောက်ခဲ့ကြောင်းမှာ
ငြင်း၍မရ။ သူ့ကို လွှမ်းမိုးခဲ့သော သက်ဝင်ယုံကြည်မှု အခြေခံ အမြင်များကိုလည်း
ထည့်သွင်းစဉ်းစားရန် လိုသည်။ အက်ပဆန်ကမူ ဘာပြောရမယ် မသိဟူသောအချက်ကိုလည်း
ဂရုပြုသင့်သည်ဟု ဆိုသည်။ 'ငါ' 'ငါ့ရဲ့'
စသည့် အသုံးအနှုန်းများက ပုဂ္ဂလိက ပိုင်ဆိုင်မှု အနေအထားတစ်ရပ်ကို
ဖော်ပြနေခဲ့သည်။ ထိုအနေအထားမှ ကဗျာကို ဖော်ထုတ်သူက ဖြစ်ပျက်နေခြင်းများနှင့်
ပတ်သက်၍ ဘာပြောရမှန်း မသိ။ ထိုအချက်မှာ fuse, fusion ကို ငြင်းဆိုထားသော
အနေအထားကို ရောက်သွားသည်။ Re-fusal သဘော
ရောက်သွားတော့သည်။ တစ်နည်းဆိုရသော် တောမာ့(စ)က ဤကဗျာတွင် ကဗျာရေးသူများ
လုပ်လေ့လုပ်ထရှိသော 'တောင်းဆိုမှု' 'အဖြေပေးခြင်း'
စသည်များကို မလုပ်ခဲ့။ မသိခြင်း (အဖြေ မပေးနိုင်ခြင်း) ကို သိနေသည့်
နေရာမှ ရပ်တည်ကာ တင်ပြခဲ့ခြင်း တစ်ရပ်ကို ပြုခဲ့သည်သာဖြစ်တော့၏။ ။
မူရင်း
အင်္ဂလိပ်ဘာသာ ကဗျာမှာ ဤသို့ဖြစ်သည်...
The force that
through
the green fuse
drives
the flower
The force that
through the green fuse drives the flower
Drives my green
age; that blasts the roots of trees
Is my destroyer.
And I am dumb to
tell the crooked rose
My youth is bent
by the same wintry fever.
The force that
drives the water through the rocks
Drives my red
blood; that dries the mouthing streams
Turns mine to
wax.
And I am dumb to
mouth unto my veins
How at the
mountain spring the same mouth sucks.
The hand that
whirls the water in the pool
Stirs the
quicksand; that ropes the blowing wind
Hauls my shroud
sail.
And I am dumb to
tell the hanging man How of my clay is made the hang man's lime.
The lips of time
leech to the fountain head;
Love drips and
gathers, but the fallen blood
Shall calm her sores.
And I am dumb to
tell a weather's wind
How time has
ticked a heaven round the stars.
And I am dumb to
tell the lover's tomb
How at my sheet
goes the same crooked worm.
မှတ်ချက်။
(တစ်) ဤအရေးအသားမှာ ၂ဝဝဝ ပြည့်နှစ်ခန့်က စတင်ရေး သားခဲ့သော
အရေးအသားဖြစ်ပြီး ၂ဝဝ၅ တွင် ပြန်လည်သုတ်သင်
တည်းဖြတ်ခဲ့ပါသည်။ စတင်ရေးသားစဉ်ကတော မာ့(စ) ၏ အရေးအသားများကို မြန်မာတို့၏
ဘာသာစာကို အခြေခံ၍ ဖတ်ရှုသူများ မြည်းစမ်းနိုင်ရန် ဖြစ်ပါသည်။ ၂ဝဝ၅ တွင် ရန်ကုန်ရောက်သည့် အခိုက်
လူငယ်ကဗျာဆရာ အချို့နှင့်စကား ပြောဆိုကြည့်ရာတွင် ဒလင်တောမာ့(စ)၏ ကဗျာများကို
ဘာသာပြန်ဆိုကြခြင်းများ ရှိလာပြီဖြစ်ကြောင်း ကြားသိရသဖြင့် ဝမ်းမြောက်ရပါသည်။
အကယ်၍ မော်ဒန်နှင့် ပို့စ်မော်ဒန်စာပေ (ကဗျာချည်းသာ မဟုတ်) အကြောင်း
ဆွေးနွေးလိုကြသော် ဒလင်တောမာ့(စ)ကို ချန်မထားနိုင်ပါ။ သို့ဖြစ်၍ မြန်မာတို့၏
ဘာသာစာ သက်သက်ကို အခြေခံကာ နိုင်ငံရပ်ခြား (ဘာသာခြား) ကဗျာဖတ်ရှုသူ၊ လေ့လာသူများ
အကျိုးကို ရည်၍ ဘာသာပြန်နိုင်သူများက ဘာသာပြန်ပေးကြပါရန် မေတ္တာရပ်ခံ လိုက်ပါရစေ။
(နှစ်) ဤအရေးအသားတွင်
အနက်ဖော်ထားသည်များမှာ ပညာရှင် အချို့တို့၏ အမြင်တွင် အခြေခံကာ
ယှဉ်တွဲညှိနှိုင်းကာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ အမြင်သက် သက်မဟုတ်ပါ။
အရင်းခံ ကျမ်းကိုးစာရင်းမှာ ရှည်လှသဖြင့် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ။
ဆက်နွယ်လေ့ လာခဲ့ရသော စာအုပ်အချို့ကို စိတ်ဝင်စားသူများ ရှာဖွေဖတ်ရှုနိုင်ရန်အတွက်
ဖော်ပြလိုက်ပါသည်။
Bronowaki,J.(1985)
The Visionary
Eye: Essays in the Arts, Literature, and Science. Cambridge, MA: MIT Press
Crehan, S (1990)
'The Lips of
Time' in Alan Bold (ed.) Dylan Thomas: Craft or Sullen Art, London: Vision
Press
Empson. W (1987)
'A Poem by Dylan
Thomas': " The Force that through the green fuse drives the flower"
in Argufying: Essay on Literature and
Culture, London: Chatto and Windus.
▀
မြင့်သန်း
(အမှတ် ၁၉၃၊
ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။