အနုပညာသမားပြောစကား

၁၆ နှစ်မှ ၆၁ ဆီသို့

ဝင်းငြိမ်း

01 September 2025
၁၆ နှစ်မှ ၆၁ ဆီသို့
Share to

            ၁၉၆၁ ခုနှစ် ပြည်ထောင်စုမယ်ဘွဲ့ကိုရခဲ့တဲ့ ခင်သန်းနုဟာ အဲဒီနှစ်မှာပဲ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပထမဦးစွာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားက တင့်လှပေဟန်ဖြစ်ပေမယ့် တကယ်ရုံတင်တဲ့အခါမှတော့ ချစ်သောသူ တစ်ယောက် ရုပ်ရှင်ကားက အရင်ရုံတင်ဖြစ်ပါတယ်။ ဒါကြောင့် ခင်သန်းနု ဘယ်ကားနဲ့ ရုပ်ရှင်လောကကို စတင် ခြေလှမ်းခဲ့ပါသလဲလို့မေးရင် နှစ်ကားစလုံး နာမည်ဖြေရမှာပါ။

            ပြည်ထောင်စုမယ်ရတဲ့ ၁၉၆၁ ခုနှစ် နွေရာသီကာလမှာ မန္တလေးက အဘိုးအဘွားများနဲ့နေတဲ့ ကျွန်တော်ကလည်း ရန်ကုန်မှာ နေထိုင်တဲ့မိဘများထံ ပြန်လာခိုက် ဖခင်ဖြစ်သူက လက်ဝှေ့နည်း စနစ်မှူးဖြစ်တဲ့အတွက် ကျိုက်လတ်မြို့ကို သူတို့ အားကစားနဲ့ ကာယပညာဦးစီးဌာနက နည်းစနစ်မှူးများ မော်တော်တစ်စီးနဲ့ သွားရောက် သရုပ်ပြကြဖို့ အစီအစဉ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ရေလမ်းခရီး တစ်ခါမှ မသွားဖူးတဲ့ ကျွန်တော့်ကို ဖခင်ဖြစ်သူက အလည်လိုက်ဖို့ ခေါ်ခဲ့တဲ့အတွက် အဲဒီခရီးစဉ်မှာ ကျွန်တော် ပါသွားခဲ့ပါတယ်။

            ပြေးခုန်ပစ် နည်းစနစ်မှူးဖြစ်တဲ့ ဒေါ်ခင်ထွေးကလည်း အသစ်စက်စက် ပြည်ထောင်စုမယ် ခင်သန်းနုကို ကျိုက်လတ်မှာ ကိုယ်ဟန်ပြစေဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ တစ်ခရီးတည်း သွားကြရင်း ဖခင်ဖြစ်သူက မိတ်ဆက်ပေးတာကြောင့် ခင်သန်းနုနဲ့ စတင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ သူ့အသက် ၁၆ နှစ်က စတင်ခင်မင်ခဲ့ကြတာ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ဆိုရင် အသက် ၆ဝ ပြည့်ပြီး ဒေါ်ခင်သန်းနု ဖြစ်ပါတော့မယ်။ ရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့ ဒေါ်ခင်သန်းနုကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေအမြုတေ ဒီဇင်ဘာလထုတ်ကို သူ့မျက်နှာဖုံးနဲ့ ဖော်ပြပြီး အင်တာဗျူးပါ တင်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော် အကူအညီတောင်းတာကို ဒေါ်ခင်သန်းနုက စိတ်ပါလက်ပါ အကူအညီပေးခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူး တင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်ပါရစေ။ မှတ်မှတ်ရရပြောရရင် သူ့အသက် ၅၅ နှစ်ပြည့်တဲ့ ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း အခုလိုပဲ ဂုဏ်ပြုဖော်ပြပေးခဲ့ ဖူးပါတယ်။

            ကျွန်တော် ဆယ်ကျော်သက်ဘဝမှာ ခုခေတ်ကလေးများ သုံးကြတဲ့ 'ရေးပေးပါ' ဆိုတဲ့ စာအုပ်ပုံစံမျိုး အော်တိုစာအုပ်ထားပါတယ်။ ၁၉၆၃ ခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေအပြီး မန္တလေး ထွန်းလှဟိုတယ်မှာ မောင်တို့ချယ်ရီမြေ ဇာတ်ကားကို ဝင်းဦးနဲ့ တွဲဖက်သရုပ်ဆောင် ရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ် အပြေးအလွှား သွားခဲ့တာပါ။  စာမေးပွဲရက်အတွင်းမှာတော့  သွားချင်စိတ်တွေကို တော်တော် ချိုးနှိမ်ထားခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်တော့် အော်တိုမှာ ခင်သန်းနု ရေးပေးခဲ့တာက တော့ 'မောင်လေး ... ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ... ခင်သန်းနု' ပါတဲ့။

            သူရေးခဲ့တဲ့ မှတ်စုကလေးအတိုင်း နှစ်တွေလတွေ ပြောင်းလာပေမယ့် ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုက ပျက်ပြယ်မသွားပါဘူး။ အသက်အရွယ်အားဖြင့် သူက ကျွန်တော့်ထက် ၆ လလောက်ပဲ ကြီးပါတယ်။ ဒါကြောင့် ရင်းနှီးမှုနဲ့ မမနုလို့ပဲ ခေါ်ဖြစ်ခဲ့ပါတယ်။

            နိုဝင်ဘာလ ၈ ရက်နေ့မှာ ဓာတ်ပုံရိုက်ဖို့ အဆင်ပြေမယ်လို့ နိုင်နိုင်နဲ့ ချိန်းကြပါတယ်။ အဲဒီနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်မှာ ဒေါ်ပတ္တမြားခင် သားဖြစ်သူ ဦးခင်မောင်ဝင်းခန့်နဲ့ ဇနီးတို့ကလည်း မြန်မာနိုင်ငံကို ရောက်ရှိမှာပါ။ လေဆိပ်ကို သွားကြိုရမယ်၊ ဓာတ်ပုံရိုက်ဖို့ ချိန်းထားတာက မွန်းလွဲ ၂ နာရီဆိုတော့ မီလောက်တယ်လို့ ကျွန်တော် တွက်ဆခဲ့မိပါတယ်။

            လေယာဉ်က အချိန်မီ ဝင်ပါတယ်။ ပစ္စည်းတွေ ထုတ်ကြ၊ တည်းခိုမယ့် Summit Hotel ကို လိုက်ပို့ကြ။ စကားတွေ ပြောကြနဲ့ ရှိနေပေမယ့် ကျွန်တော်က လက်ကနာရီကို မကြာခဏ ကြည့်ဖြစ်နေပါပြီ။ တစ်နာရီခွဲတာနဲ့ တစ်ပြိုင်နက် လင်းနိုင်ဦးနဲ့ ခင်လေးမြင့်တို့ကို ဓာတ်ပုံဆရာ နိုင်နိုင်ဆီ သွားကြဖို့ လောဆော်ရပါတယ်။ ဟိုတယ်မှာလည်း စကားက မပြတ်သေးပါဘူး။ နောက်ဆုံး စကားဖြတ်ပြီး ဓာတ်ပုံရိုက်မယ့်နေရာကို ရောက်တော့ ၂ နာရီ ၄၅ ဖြစ်နေပါပြီ။ ဒါပေမယ့် နိုင်နိုင်ကို သွားခေါ်မယ့် လင်းနိုင်ဦးတို့ ရောက်မလာကြသေးပါဘူး။ ရှေ့က ရိုက်နေတဲ့ တစ်ယောက် မပြတ်သေးတဲ့အတွက် ခုမှ ထွက်လာတယ်လို့ လင်းနိုင်ဦးက ဆိုပါတယ်။

            ဓာတ်ပုံရိုက်ခံမယ့် မင်းသမီးက အားလုံး အဆင်သင့် ဖြစ်နေပြီမို့ ကျွန်တော် တော်တော် အားနာနေပါပြီ။ ဒါပေမယ့် မမနုက အလုပ်မလုပ်ခင် ကိုယ်ရေးကိုယ်တာလေးတွေ ပြောဖြစ်နေတာကြောင့် တော်ပါသေးရဲ့။ ကျွန်တော့်အမေ ဆုံးသွားတာကို သူမသိလိုက်ပါဘူး။ ရက်တော်တော်ကြာမှ သိတာပါ။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် တစ်ယောက် ဆုံးတယ်ကြားရင် အပြေးအလွှားလာကြေး၊ အသုဘ ပိုကြေးလို့ မမနုက ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်က 'ကျွန်တော်သေရင်တော့ မမနု သိလိုက်မှာ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျန်ရစ်သူတွေက အသုဘကိစ္စကို နာရီပိုင်းအတွင်းပြီးအောင် ဆောင်ရွက်ကြမှာကိုး' လို့ ပြောလိုက်တဲ့အခါ သူ ကြံရာမရ ဖြစ်သွားပါတယ်။ 'ဘယ်လိုပဲဖြစ်ဖြစ် မမနုကတော့ ရောက်အောင်လာမှာပါ' လို့  စကားကို အဆုံးသတ်ပါ တယ်။

            ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အရွယ်တွေက ခြောက်ဆယ်ပြည့်တော့မှာဆိုတော့

သေစကား ပြောဖြစ်ကြပြီလေ။ ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ နိုင်နိုင်နဲ့ လင်းနိုင်ဦးတို့ ရောက်လာကြပါတယ်။ နေရာရွေးတော့လည်း မမနုကပဲ ဦးဆောင်ပြီး ရွေးပါတယ်။ နိုင်နိုင်က အဝတ်အစားအရောင်ကို စမ်းကြည့်ချင်လို့ဆိုပြီး တစ်ကွက် နှစ်ကွက် အစမ်း ရိုက်လိုက်ပါတယ်။

ပုံပြန်ကြည့်ရင်း ကျွန်တော့်ကို ခပ်တိုးတိုးပြောတာကတော့ 'ဒီမိန်းမကြီးက သိပ်တတ်တယ်၊ အရောင်ရွေးထားတာကြည့်' လို့ ခပ်ကြိတ်ကြိတ်ကလေး ချီးမွမ်းစကား ဆိုပါတယ်။

            မီးတွေ နေသားတကျ ဖြစ်ပြီဆိုတော့လည်း တဖျတ်ဖျတ် ရိုက်လိုက်ကြတာ စုစုပေါင်း ၄၅ မိနစ်လောက်ပဲ ကြာပါတယ်။ လိုချင်တဲ့ ပုံတွေ ပြည့်ပြည့်စုံစုံ ရခဲ့ပါပြီ။  ပုံတိုင်း ပုံတိုင်းအတွက် မမ နုကလည်း ရှားရှားပါးပါး ရိုက်တာဖြစ်လို့ စိတ်နှစ်ပြီး သရုပ်ဆောင် ပေးပါတယ်။ ဒါကြောင့် ပုံ ၅ဝ လောက် ရိုက်ပြီးတဲ့ အချိန်မှာတော့ တော်တော် ပင်ပမ်းသွားပါပြီ။ ပထမ စိတ်ကူးက ဓာတ်ပုံရိုက်ပြီးရင် တစ်ဆက်တည်း အင်တာဗျူးမေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် ပင်ပမ်းနေပုံရတဲ့ မမနုကို ညှာပြီး နောက်နေ့ ညနေမှ လာခဲ့မယ်လို့ ချိန်းခဲ့ပါတယ်။

            နိုဝင်ဘာလ ၉ ရက်နေ့  ညနေ ကမ္ဘောဇရိပ်သာလမ်းက ခြံအမှတ် ၁၂ အေကို ကျွန်တော် ရောက်သွားချိန်မှာ မြက်ခင်းပေါ်မှာ အေးအေးလူလူ စကားပြောနိုင်အောင်လို့ ထိုင်ခုံကလေးများ စီစဉ်ထားပြီး မမနုက အဆင်သင့် စောင့်နေပါပြီ။ စကား အပိုတွေ ပြောမနေတော့ပဲ ကျွန်တော်တို့ စကားဝိုင်းကို စလိုက်ပါတယ်။

            မမနု.... ၁၉၆၁ ခုနှစ် “တင့်လှပေဟန်” ဇာတ်ကား၊ “ချစ်သောသူ တစ်ယောက်” ဇာတ်ကားတို့ကအစ အခု နောက်ဆုံး ရိုက်ခဲ့တဲ့ “တစ်ဦးတည်းသော သားအထိ” ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကားအရည်အတွက် ခန့်မှန်းခြေ ဘယ်လောက်များ ရှိမယ် ထင်သလဲ။

            ၂ဝဝ ဝန်းကျင်လောက်တော့ ရှိပါလိမ့်မယ်။ ဗီဒီယိုတွေ ဘာတွေ ထည့်တွက်မယ်ဆိုရင်တော့ ၂ဝဝ ကျော်မှာပေါ့။

            ဗီဒီယိုက မမနုရိုက်တာ နည်းပါတယ်။            

            နည်းတယ်ဆိုပေမယ့် အရည်အတွက် တစ်ခုအထိတော့ ရှိသေးတယ်လေ။

            ကျွန်တော့် အတွေ့အကြုံအရ အမျိုးသမီး သရုပ်ဆောင်များကို မေးကြည့်ရင် သူတို့ ကိုယ်တိုင် ဝါသနာပါတာထက် အမေတွေက ဝါသနာပါလွန်းလို့ တိုက်တွန်းတာနဲ့ သရုပ်ဆောင် ဖြစ်လာတာ များတယ်။ မမနုရဲ့ အမေကရော အဲဒီလို အမေမျိုးပဲလား။

            အမေကတော့ Flexible Type ပဲ။ သူက စီးပွားရေးလည်း ကျွမ်းကျင်တယ်လို့ ပြောရလိမ့်မယ်။ လောကကြီး အကြောင်းကို ကောင်းကောင်းကြီး သိတယ်။ မမနုက ငယ်ငယ်ကတည်းက အနုပညာကို လုံးဝစိတ်ဝင်စားခဲ့တယ်။ အဲဒီလို ဝင်စားတာကို မေမေကသိတော့ ပံ့ပိုးပေးခဲ့တာပဲ။ သမီးရဲ့ အရည် အချင်းကို သိတဲ့ အမေက ပြောတဲ့အတိုင်း ဖြစ်နိုင်တယ်ဆိုပြီး လာသွားကြစို့ဆိုပြီး ပျဉ်းမနားကနေ ရန်ကုန်တက် လာခဲ့ကြတာပဲ။ အဲဒီအချိန်မှာ ပြည်ထောင်စုမယ်ဘွဲ့ကလည်း ရလိုက်တယ်ဆိုတော့ပိုပြီး အဆင်ပြေသွားတာပေါ့။ 

            တကယ်လို့များ မမနုရဲ့ အမေ တိုက်တွန်းမှု မရှိဘူးဆိုရင် ခုနေအခါမှာ မမနုက ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ ဘယ်လို လုပ်ငန်းရှင် ဖြစ်နေမယ် ထင်လဲ။

            မေမေက တိုက်တွန်းတာ မဟုတ်ဘူး။ သမီးရဲ့ ဝါသနာကို အားပေးခဲ့တာ။ သမီး Crazy ဖြစ်နေတာကို သူ့အလိုအလျောက် သိနေပြီးတော့ သမီးဟာ ထွန်းတောက်မယ့် သမီးပဲလို့ မေမေက ယုံကြည်ခဲ့တာကိုက မမနုအတွက် အထောက်အကူ ရခဲ့တာပဲ။

            မမနုရဲ့ ညီမ ခင်ချိုဆက်၊ မောင် ကိုကျော်မောင်မောင်သွင်၊ ညီမအငယ်ဆုံး ခင်မြတ်ကြူ တို့လည်း သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့ကြသေးတယ်နော်။

            မမနုက တက်တယ်ဆိုကတည်းက တဟုန်ထိုး တက်သွားတာ။ အမေ ကိုယ်တိုင်က ကျန်တဲ့ မောင်နှမတွေရဲ့ အနုပညာ ဝါသနာကို သိပေမယ့် သမီးကြီးကိုပဲ ဂရုစိုက်နေရတဲ့အတွက် သူတို့ကို သိပ်အာရုံ မထားနိုင်ခဲ့ဘူး ထင်တယ်။ သူတို့ကိုယ်တိုင်ကလည်း မမနုကိုကျော်ပြီး အမေစိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မှု မရှိခဲ့ဘူးထင်တယ်။ မမနုကလည်း သူတို့ ရှေ့မှာ တအားကို ပြေးနေတာကို။

            ကိုကျော်မောင်မောင်သွင်လည်း ရုပ်ရှင်ရိုက်ခဲ့တယ်နော်။

            ရိုက်ခဲ့တယ်လေ။ “ကျွန်းကလေးမှာ နှစ်ယောက်တည်း” ဆိုတဲ့ ကားပေါ့။ ပရိသတ် လက်ခံတဲ့ ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

            သူတို့ကျတော့ရော ဝါသနာ ပါခဲ့ကြလို့လား။

            ဟုတ်တယ်။ သူတို့က ဝါသနာပါတာတော့ မှန်တယ်။ ဒါပေမယ့် အမကို မှီအောင် မလိုက်နိုင်ခဲ့ကြဘူး။ သူတို့က အိမ်ထောင်ကျခဲ့ကြတာလည်း စောတယ်။ ဇွဲရှိမှုကျတော့ မမနုကို မမီကြ ဘူးလေ။ အငယ်ဆုံး ညီမလေး ခင်မြကြူလည်း တစ်ကားတော့ ရိုက်ခဲ့ဖူးတယ်။ “သူတို့ဖို့လည်း ပိုချစ်ပါ” ဆိုတဲ့ကားပေါ့။ ဒါကလည်း အမေက သမီးနေရာကနေ လုပ်ကြည့်ပါလားဆိုလို့ သူ လုပ်ကြည့်ခဲ့တာပါ။ သူလည်း တော်ပါတယ်။ ဒါပေမယ့် ကံတရားက ရှိသေးတယ်လေ။

            ဒီခေတ်မှာတော့ ရှေ့က အစ်ကို သို့မဟုတ် အစ်မ အောင်မြင်ထားပြီဆိုရင် နောက်ကအငယ်တွေ လိုက်ဖို့ရာ လွယ်သွားပြီ။ ဥပမာ စိုးမြတ်သူဇာ အောင်မြင်တဲ့အတွက် စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာတို့ အလွယ်တကူ သရုပ်ဆောင် ဖြစ်လာကြတယ်။

            ဟုတ်တယ်နော်။ ဒါပေမယ့် မမနုတို့ ခေတ်တုန်းက မမနုက အသက် ၁၅ နှစ်ကျော်ကျော် ၁၆ နှစ်လောက်မှာ ရုပ်ရှင်စရိုက်ပြီး တရှိန်တိုး ကျော်ကြားသွားတဲ့အတွက် နောက်က မောင်ညီမတွေက မမနုကို ကျော်ဖြတ်ပြီး တက်ဖို့ရာ ခဲယဉ်းသွားခဲ့တယ်။

            လူတစ်ယောက် အောင်မြင်မှု ဖြစ်ထွန်းလာဖို့ဆိုတာက ပံ့ပိုးမှု လိုပါတယ်။ မမနုကို မေမေက ပံ့ပိုးခဲ့တယ်။ ဒါပေမယ့် အဲဒီလို ပံ့ပိုးလာအောင် ကိုယ့်ဘက်က လှုံ့ဆော်ပေးမှုလည်း လိုတယ်။  ကိုယ့်ဘက်က မလှုံ့ဆော်နိုင်ဘူးဆိုရင်တော့ ပံ့ပိုးသူဘက်ကလည်း ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဝါသနာပါပါတယ်လို့ ထိုင်ပြောရုံနဲ့ကတော့ ဘယ်မိဘကမှ ပိုက်ဆံအကုန်ခံပြီး လုပ်ပေးမှာ မဟုတ်ဘူး။ ဒီလို ဘုရင့်နောင် ဖောင်ဖျက်တဲ့ကိန်းမျိုးနဲ့လည်း ဖြစ်လာမှာ မဟုတ်ဘူး။ ပျဉ်းမနားကနေ ရန်ကုန်တက်လာခဲ့ပြီးမှ မဟန်လို့ ပြန်ရမယ့် ကိန်းမျိုးလည်း အဖြစ်မခံနိုင်ဘူး။

            ပထမဆုံး ရိုက်ဖြစ်ခဲ့တာက တင့်လှပေဟန်ပေါ့။ အဲဒီကား ရိုက်နေတုန်းမှာ “ချစ်သောသူတစ်ယောက်” အတွက် လာငှားတယ်။ မင်းသားသစ် ဝင်းဦးနဲ့ တွဲရတာပေါ့။

            ကိုယ်က ရုပ်ရှင်သမား မဟုတ်ဘဲနဲ့ အစိမ်းသက်သက် ဝင်လာရတာဆိုတော့  အဲဒီကာလတုန်းက ရှိနှင့်ပြီးဖြစ်တဲ့ မင်းသားကြီး မင်းသမီးကြီးတွေက ပညာပေးတာမျိုးတွေ မမနု ကြုံခဲ့ဖူးသလား။ အခု ကိုယ်က အသစ်ကလေးတွေနဲ့ တွဲရတဲ့အခါမှာရော ကိုယ့်စိတ်ထဲမှာ ဘယ်လိုရှိလဲ။

            ဟိုတုန်းကတော့ ရှိပါတယ်။ ကိုယ့်အရုပ်ကွယ်သွားအောင် တကယ်ရိုက်တဲ့အခါကျမှ သူက နေရာရွှေ့ရပ် လိုက်တာမျိုးတို့ ဘာတို့ပေါ့။ ဒါတွေက မမနု စိတ်ထဲမှာ အဟန့်အတားလို့တော့ သဘော မထားပါဘူး။ ဘယ်ဟာပဲဖြစ်ဖြစ် ယူတတ်မယ်ဆိုရင် ကိုယ့်အတွက် ပညာပါပဲ။ မမနုက တစ်ခုရှိတယ်။ ကိုယ့်အပေါ်မှာ အဲဒီလိုလုပ်လာရင်လည်း ငြိမ်မခံတတ်ဘူး။ ဟိုးဟိုး.. ဆိုပြီး ကင်မရာကို ရပ်ခိုင်းတာပဲ။ ဒါကြောင့်လဲ တစ်ချို့က ခင်သန်းနုဆိုရင် ကဂျီကဂျောင်ကျတယ်လို့ ပြောကြတာပေါ့။ ကိုယ်ကတော့ ကောင်းချင်လို့ပါ။ တကယ်တော့ ပြီးပြီးရောသာ သဘောထားလိုက်ရင်လည်း ပြီးသွားမှာပါပဲ။ ဥပမာ ဆိုကြပါစို့။ မနေ့က ဓာတ်ပုံ ရိုက်ကြတယ်။ သူတို့က သတင်းတွေ ရိုက်နေကြဆိုတော့ အလှပုံရိုက်ရတာကို စိတ်ရှည်ချင်မှ ရှည်မယ်။ မမနု လုပ်ပေးတာက မမနု ကျော်ကြားမှုအတွက် လုပ်တာ မဟုတ်ဘူး။ ကိုဝင်းငြိမ်း မဂ္ဂဇင်းမျက်နှာဖုံး လှလှကလေး ထွက်လာပါစေဆိုတဲ့ စေတနာနဲ့လုပ်တာ ဖြစ်တဲ့အတွက် သူတို့ရိုက်ချင်တိုင်း ရိုက်လို့မရဘူး။ ရိုက်လိုက်တဲ့ အကွက်တိုင်းဟာလည်း သုံးလို့ရမယ့် အကွက်တွေပဲ ဖြစ်စေတယ်။

            ဒီနေ့ခေတ် ကလေးတွေ အနေနဲ့ကျတော့ ကိုယ့်ပတ်ဝန်းကျင်ကိုရောက်လာတဲ့ သူတွေကို လေ့လာအကဲခတ်တတ်ဖို့ လိုပါတယ်။ ဥပမာဂျာနယ် သတင်းထောက်ဆိုပါတော့။ ဒီသတင်း ထောက်ကတော့ ဖိုးဖိုးဖတ်ဖတ်နဲ့ မတော်မတည့် ပုံတွေကို ရှာပြီး ရိုက်တတ်သလားဆိုတာ ကိုယ်က သိထားရမယ်။ အဲဒီလို လူမျိုးဆိုရင် သူ့ရှေ့မှာကိုယ်က အမြင်မတော် မလုပ်မိစေဖို့ ဂရုစိုက်ပေါ့။ ဂျာနယ် သမားကလည်း သူ့အလုပ်ကို သူလုပ်တာဆိုတော့ ပရိသတ် စိတ်ဝင်စားမယ့်ပုံကို ရအောင်ရိုက်မှာပဲ။  သူ့ကို သွားအပစ်တင်လို့ မရဘူး။ ကိုယ်ကနေတတ်ဖို့သာ လိုတယ်။ ဓာတ်ပုံ အရိုက်ခံတဲ့ အခါမှာလည်း ကိုယ်ကစေတနာကောင်းဖို့ လိုတယ်။ သူ့အတွက် စေတနာထားလိုက်ရင် ကိုယ့်အတွက် အကျိုးရှိမှာပဲ။ မမနုဆိုရင် ဘယ်တော့မှ ကို့ရိုးကားယားပုံ ပါမလာစေရဘူး။

            ခုခေတ် ရုပ်ရှင်ရိုက်တာကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး။ သရုပ်ဆောင် တစ်ယောက်က အခြားတစ်ယောက်ကို သတ်ချင်လို့ ကွယ်လိုက်မယ် ဆိုတာမျိုး လုပ်လို့ မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကင်မရာ လေးလုံးငါးလုံးက တစ်ပြိုင်တည်း ရိုက်နေကြတာလေ။ တစ်ခါတလေ ဘယ်ကိုကြည့်လို့ ကြည့်ရမှန်းတောင် မသိဘူး။ ဒါကို ခုခေတ် သရုပ်ဆောင် လုပ်စားနေတဲ့ ကလေးတွေ သိဖို့ ပြောတာပါ။ မမနုတို့ကတော့ လုပ်စားတော့တာ မဟုတ်တဲ့အတွက် မလိုတော့ပါဘူး။ သူတို့လေးတွေ အနေနဲ့ မမနု ပြောတာဟာ ပညာပါလားလို့ ယူတတ်ရင် ပြီးတာပါပဲ။

            ဒီခတ်ကလေးတွေက လျှင်တာတော့ လျှင်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ အားရှိတယ်လေ။ မမနုတို့ကတော့ အသက်ကြီးနေပြီဆိုတော့ ဆုတ်ယုတ်မှုတွေ ရှိနေပြီပေါ့။ ကိုယ်ကလည်း ဘာမှမှ မလုပ်တော့ဘဲဆိုတဲ့ စိတ်လျှော့မှုကလေးတွေ ရှိတာပေါ့။ သူတို့က ဖူးစပွင့်စ ပန်းကလေးတွေလို လန်းဆန်းတက်ကြွနေဆဲကိုး။ သရုပ်ဆောင်တွေနဲ့ စကားပြော ဖြစ်တိုင်းမှာ ဇာတ်ဖတ်ပြီးမှ လက်ခံတာပါလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ထွက်လာတော့လည်း ထူးမခြားနားတွေ အများကြီးပါ။ ဒီတော့ မမနု အနေနဲ့ ကိုယ့်ခေတ်တုန်းက ဇာတ်ဖတ်တယ်ဆိုတာ ဘယ်လိုဟာကို အဓိကထားပြီး ဖတ်သလဲ။ ဘယ်လိုဟာမျိုးကို လက်ခံပြီး ဘယ်လိုဟာမျိုးကို လက်မခံသလဲ။

            မမနုတို့ ခေတ်တုန်းက ထွက်လာတဲ့ ကားတွေဟာ အားလုံးနီးပါး ကားကောင်းတွေချည်းပါပဲ။ အဲဒီတုန်းက ဒါရိုက်တာကြီးတွေကလည်း ရုပ်ရှင်ကို တကယ်ရိုက်တတ်တဲ့ ဒါရိုက်တာတွေက အများကြီးကိုး။ ခုခေတ်ကတော့ စာဖတ်တာထက် အမြင်အားက ပိုကောင်းနေကြတယ်။ နိုင်ငံတကာ ကားတွေကို အများကြီး ကြည့်ခွင့်ရလာတဲ့အတွက် သူတို့မှာ ပညာတွေ ရလာကြတယ်။ မမနုတို့ခေတ်မှာ ရှိခဲ့တဲ့ ဆရာကြီး ဦးတင်မောင်၊ ဘဘ ဦးသုခ၊ ဆရာကြီး ရွှေဒုံး ဘီအောင်၊ ဦးချင်းစိန် စတဲ့ ဒါရိုက်တာကြီးတွေက လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူကတော့ ဘယ်လိုဇာတ်မျိုးနဲ့ လိုက်မယ် ဆိုတာကို ခန့်မှန်းနိုင်ကြတယ်။ ဒီတော့ ကိုယ့်အတွက်က ကံကောင်းတယ်လို့ ဆိုရမှာပေါ့။ ဥပမာ ဆရာကြီး ဦးတင်မောင်ဆိုရင် မမနုကို မြင်ပြီးတော့ ဒီကလေးမကို ဒီလိုဇာတ်ကောင်မျိုးနဲ့ ရိုက်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးပေါ်လာတာကြောင့် “ကိုယ်ရယ်၊ တိုးရယ်၊ စိုးစိုးရယ်”ကို ရိုက်ခဲ့တယ်။ မမနု နဲ့ဆရာကြီး ပထမဆုံးအကြိမ် လက်တွဲဖြစ်တဲ့ကားပဲ။ အဲဒီကားမှာပဲ မမနုအတွက် ပထမဆုံး အကယ်ဒမီ ရခဲ့တယ်။

            ဒီနေ့ခေတ်မှာတော့ ကလေးတွေက ရုပ်ရည်လေးတွေလည်း ရှိကြပါတယ်။ ဖန်တီးနိုင်တဲ့ အားတွေလည်း ရှိကြတယ်။ ဒါပေမယ့် ဇာတ်ဖမ်းပုံများ နည်းနည်းလိုနေသလားလို့ အောက်မေ့မိတယ်။ မမနုကတော့ ရုပ်ရှင်ကားတွေလည်း သိပ်မကြည့်ဖြစ်တဲ့အတွက် သေသေချာချာကြီးတော့ မပြောနိုင်ပါဘူး။

            “ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်” ကတော့ မမနုကို မြင်ပြီး ဘဘဦးတင်မောင်က ဖန်တီးပေးလိုက်တဲ့ ဇာတ်ဖြစ်လို့ မမနုအနေနဲ့ အထူးငြင်းပယ်စရာ မလိုဘူးပေါ့။ ဒါပေမယ့် ကျွန်တော် သိချင်တာက မမနုကို လာပြီး ကမ်းလှမ်းတဲ့ ဇာတ်တွေထဲမှာ မကြိုက်လို့ မရိုက်ချင်ဘူးလို့ ငြင်းလိုက်ရတဲ့ ဇာတ်လမ်းတွေများ ရှိဖူးပါသလား။

            ရှိခဲ့မှာပါလေ။ အတိတ်ကို ပြန် မတွေးခိုင်းပါနဲ့တော့ ကိုဝင်းငြိမ်းရယ်။ ရှိခဲ့မှာပါ။

            ရှိခဲ့မှာပေါ့နော်။ အဲဒီလို ရှိခဲ့ခြင်းက ဘာကြောင့်လဲ။ ဥပမာ ဇာတ်ကောင်စရိုက်ကို မကြိုက်လို့လား၊ ဒါမှမဟုတ် ကိုယ့်အတွက် ရတဲ့နေရာက နည်းလို့လား၊ အဲဒါကို ကျွန်တော် သိချင်တာပါ။

            ကိုယ်ပါဝင်ရမယ့် အခန်းမျိုးကို မကြိုက်ရင် မမနုက ပယ်ပါတယ်။ နည်းတာများတာကို ဂရုမစိုက်ပါဘူး။ ပရိသတ် ဟယ်ခနဲ ဖြစ်သွားအောင် ကိုယ်လုပ်ပြနိုင်မယ့်အကွက် ပါမယ်ဆိုရင် မမနုက လက်ခံတာပါပဲ။

            ဒါဆို တစ်ခု ကျွန်တော် ထပ်မေးပါရစေ။ ဘဘ ဦးသုခ ရိုက်ခဲ့တဲ့ “သိကြားစေ သက်သေညွှန်း” ဆိုပါတော့။ အဲဒီကားမှာ မမနု အတွက် နေရာနည်းတယ်၊ လုပ်ခွင့်ရတာကလည်း ခုနက မမနုပြောသလို ပရိသတ် ဟယ်ခနဲ ဖြစ်သွားမယ့်ဟာမျိုး မဟုတ်ပါဘူး။ ဘာကြောင့်ရိုက်ခဲ့တာလဲ။

            အဲဒါကကျတော့ နည်းတာများတာ မစဉ်းစားပါဘူး။ ဘဘဦးသုခ ဖြစ်နေလို့ လေးစားသောအားဖြင့် ဘဘ ဦးသုခနဲ့ ရိုက်ရတာကိုပဲ ဂုဏ်ယူတဲ့အနေနဲ့ တမင်ပျော်ပြီးတော့ ရိုက်ခဲ့တာပါ။ ဘဘနဲ့ ရိုက်ရင် ပညာတစ်ခုတော့ ဘဘက ပေးလိမ့်မယ်လို့လည်း မျှော်လင့်ခဲ့လို့ ရိုက်ခဲ့ တာပါ။ ပညာဆိုတာက ယူလို့ မကုန်နိုင်ဘူးလေ။ အသိုင်းအဝိုင်း များများနဲ့ ရိုက်ရလေလေ ကိုယ့်အတွက် ပညာရလေလေပါပဲ။ အဲဒီကား ရိုက်ရတုန်းကဆိုရင် ကိုယ်ကလည်း အသစ်ပဲ ရှိသေးတာ။ အသစ်မှ တကယ့် အသစ်ကလေး။ ပျဉ်းမနားကနေ တက်လာတဲ့ အသစ်ကလေးပေါ့။

            မမနု သရုပ်ဆောင်တဲ့ နေရာမှာ မင်းသားမရွေး တွဲခဲ့တယ်နော်။ အဲဒီတုန်းက ခုခေတ်အခေါ်နဲ့ ပြောရရင် နယ်ကြိုက် မင်းသားကြီးတွေ ဖြစ်တဲ့ ဦးရွှေဘ၊ ဦးတင်ညွှန့်တို့နဲ့လည်း တွဲပြီး “ဒွေးညီနောင်” ဆိုတဲ့ကား ရိုက်ခဲ့သေးတယ်။ ဒီခေတ် နာမည်ကြီး မင်းသမီးတွေကတော့ နယ်ကြိုက်မင်းသားတွေနဲ့ တွဲဖို့ဆိုရင် တော်တော် ဝန်လေးကြတယ်။ မမနုက “ဒွေးညီနောင်”ကို ဘယ်လိုစိတ်ကူးနဲ့ လက်ခံခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။

            ဒါဟာလည်း မေမေ့ရဲ့ ဖန်တီးချက်တစ်ခုပါပဲ။ မမနုက မေမေ့စကားဆို အကုန်လုံး နားထောင်တယ်။ သဘောက မေမေက ဒီကားရိုက်ဆိုရင် ရိုက်လိုက်တာပဲ။ ဒီမင်းသားနှစ်လက်နဲ့ တွဲလို့  ကိုယ့်ကို ထိခိုက်မလားဆိုတဲ့ အတွေးတွေးကို မတွေးခဲ့ဘူး။ ပရိသတ်အနေနဲ့ဟာ ခင်သန်းနုက ငယ်ငယ်လေး ရှိသေးတာ။ ဒီမင်းသားကြီးတွေနဲ့ တွဲတယ်လို့ပြောရင်း ဝင်ကြည့်ကြတာနဲ့ ဒီကားဟာ  ပိုက်ဆံရသွားတယ်။ မင်းသားကြီးတွေအတွက် အဆင်ပြေသွားတယ်ဆိုရင် ပြီးတာပါပဲ။ မင်းသားကြီးတွေအတွက် ပံ့ပိုးပေးရာ ရောက်တာပေါ့။

            ဒါဆိုရင် အဲဒီခေတ်တုန်းက မမနုရိုက်ခဲ့တဲ့ ကားတွေက အမေလက်ခံလို့ ရိုက်ခဲ့တဲ့ ကားတွေချည်းပဲပေါ့။

            အမေက ဒီလိုဒီလို ရှိတယ်ဆိုပြီး စီစဉ်ပေးတာ။ အမေဟာ မမနုအတွက် လုံးဝယုံကြည်စိတ်ချပြီး အမှားအယွင်းမရှိအောင် စီစဉ်ပေးနိုင်တဲ့ အမေဖြစ်တယ်။ အခု အမေမရှိတာ တအားလျော့ပါတယ်။ အားငယ်မိတယ်။ အကုန်လုံးကို မေမေက ပင်ပမ်းခံပြီး လုပ်ပေးခဲ့တာ။ ဇာတ်ကိုလည်း သူပဲဖတ်တယ်။ ဒီနေရာမှာ ဒီလိုလုပ်ဆိုတာကိုလည်း သူကပဲ သင်ပေးလိုက်တယ်။ ဘယ်သူကို ဘယ်လိုနှုတ်ဆက် ဆိုတာက အစ အမေက သင်ပေးတာ။ လူမူရေးမှာလည်း အမေက ကျွမ်းကျင်တယ်။

            အမေက မမနုခေါင်းကိုတောင် ကိုယ်တိုင် ဖြီးပေးတာ။ အမေဆိုတော့ ဇောကလည်း များတဲ့အတွက် ဆံပင်ကို ဆွဲပြီးစည်းတာတွေ ဘာတွေတော့ ရှိတာပေါ့။ အောက်က ခံရတဲ့ သူကလည်း မသက်သာတာနဲ့ အမေရယ် နေပါစေတော့ဆိုပြီး အနားပေးရတယ်။ မိတ်ကပ်ပြင်တာကိုလည်း ကြည့်ပေးတယ်။ ပြုံးတာက ဘယ်လို၊ ဘယ်လိုမှ လှတယ် အစစအရာရာ မမနုကို အရိပ်ကြည့်သလို ကြည့်ပြီး ပြင်ပေးခဲ့တာ။ လမ်းလျှောက်သွားကိုလည်း သူပဲ သင်ပေးတယ်။ ကိုယ်လုံးကို မတ်မတ်ထား၊ ဖြောင့်ဖြောင့်လျှောက်၊ ရင်ကို ချီထား စသဖြင့် မေမေ သင်ပေးခဲ့တာ။ တစ်ခါတလေကျတော့ စိတ်မရှည်ရင် ဟဲ့ဒီလို လျှောက်ရတယ်ဆိုပြီး သူကိုယ်တိုင် လျှောက်ပြသေးတာ။

            ဒါဆိုရင် မမနု အမေ ကိုယ်တိုင်က သရုပ်ဆောင် ဝါသနာတော်တော် ပါခဲ့ပုံရတယ်။

            ဟုတ်တယ်။ သမီးကလည်း ခရေဇီဆိုတော့ မေမေက ပံ့ပိုးပေးလိုက်တာပေါ့။ မေမေဟာ မမနုအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ မေမေပါ။ ဖေဖေကတော့ မမနုကို စောင့်ရှောက်တဲ့ ဘော်ဒီဂတ်ကောင်း တစ်ယောက်ပေါ့။

            မေမေဖတ်ထားတဲ့ ဇာတ်တွေကို ညမမနုအားတဲ့ အချိန်မှာ သားအမိနှစ်ယောက် တိုင်ပင်တာပေါ့။ တစ်ခါတလေမှာ ကိုယ်က လူငယ်စိတ်နဲ့ မလုပ်ချင်တာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် အဲဒီတုန်းက ကားတွေကလည်း ဆက်တိုက်လာငှားနေတာဆိုတော့ မေမေက လုပ်လိုက်ဆိုရင် ငြင်းမနေတော့ပဲ လုပ်လိုက်တာချည်းပါပဲ။

            ကားနှစ်ရာလောက် ရိုက်ခဲ့တဲ့အထဲမှာ မမနု စိတ်ကျေနပ်မှု ရခဲ့တဲ့ ကားတစ်ချို့ကို ပြောပြပါလား။

            ဒါကတော့ ကိုဝင်းငြိမ်းလည်းသိ ပရိသတ်တွေလည်း သိကြပါတယ်။ ပြန်ပြေပါဦးဆိုလို့ ပြောရမယ်ဆိုရင် ကားတွေက အများကြီးပါ။ “သင်္ကြန်မိုး၊ မမစိမ်း၊ ရှင်နဲ့ ကျွန်မ၊ ပြုံးအလှပိုင်ရှင်၊ မှုံရွှေရည်၊ ခိုင်မာလာနှင်းဆီ၊ ချစ်လိုက်ရတာ မသည်း အူ၊ မေတ္တာပုလဲသွယ်၊ မောင်တို့ချယ်ရီမြေ၊ ဘယ်ဆု တောင်းမလဲချစ်သူ” အများကြီး အများကြီးပါပဲ ကိုဝင်းငြိမ်းရယ်။

            မမနုက မင်းသားသစ် တင်ရာမှာလည်း နာမည်ရတယ်နော်။

            အသစ်တွေဆိုရင် မမနုကိုပဲ လာငှားကြတာ များပါတယ်။ “ရှင်နဲ့ ကျွန်မ”မှာ ကိုလင်းအောင်က အသစ်၊ “ဘယ်ဆုတောင်းမလဲ ချစ်သူ” ရယ်မှာ ကိုဇော်လင်းနဲ့ ကိုထွန်းထွန်းဝင်းတို့က အသစ် ကလေးတွေ။

            မင်းသားသစ်ကလေးတွေနဲ့ တွဲတဲ့နေရာမှာ မမနုက ဒီကလေးတွေ ငါ့ကို ကြောက်နေရမယ်ဆိုတဲ့ စိတ်မျိုး မရှိဘူး။ မှားယွင်းသွားရင် မင်းသမီးများ စိတ်ဆိုးသွားမလားဆိုတဲ့ အတွေးမျိုး သူတို့ရင်ထဲမှာ ရောက်မနေစေရဘူး။ ဒီတော့ သူတို့အနေနဲ့ မမနုနဲ့တွဲရတာ စိတ်သက်သက်သာသာ ရှိတာပေါ့။ ကိုဝင်းဦးဆိုလည်း မမနုနဲ့ ပထမဆုံး တွဲခဲ့ရတာပဲ။ ကိုညွှန့်ဝင်းကတော့ အစမှာ မမနုနဲ့ မတွဲခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အတွဲများခဲ့တယ်။ တွဲခဲ့တဲ့ မင်းသားသစ်တွေ အများကြီးပါပဲ။ ခေါင်းထဲမှာ မမှတ်မိတော့ပါဘူး။

            အငယ်တွေနဲ့ တွဲခဲ့ရသလို ကိုယ့်ထက် အသက်အများကြီးကြီးတဲ့ မင်းသားကြီးတွေနဲ့လည်း တွဲခဲ့ရတယ်နော်။

            ဟုတ်တာပေါ့။ ခုနက ပြောတဲ့ ဦးရွှေဘ၊ ဦးတင်ညွှန့်တို့ကအစ ဦးမောင်သင်တို့အထိ တွဲခဲ့ရတယ်။

            အဲဒီလို ကိုယ့်ထက်ကြီးတဲ့သူ ကိုယ်ထက်ငယ်တဲ့သူတွေနဲ့ တွဲတဲ့နေရာမှာ

ကြည့်ရတဲ့ အကြည့်တွေအကြောင်း မမနုပြောပြပါဦး။ ဆိုကြပါစို့ တစ်ခါတလေမှာ

သူ့ကို ချစ်သူအဖြစ် ကြည့်ရတယ်။ လင်အဖြစ် ကြည့်ရတယ်။ တစ်ခါတလေ ကျပြန်တော့လည်း သားအဖြစ် ကြည့်ချင် ကြည့်ရပြန်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ သွေးသားတော်စပ် တာမဟုတ်ဘဲ အဲဒီလို ကြည့်နိုင်အောင် မမနုအနေနဲ့ စိတ်ထဲမှာ ဘယ်လိုသွင်းထားရသလဲ။ ကျွန်တော် ဘာကြောင့် ဒီလိုမေးသလဲဆိုတော့ တချို့အမျိုးသမီး သရုပ်ဆောင်များ အကြည့်တွေ မှားတာကို တွေ့ဖူးလို့ပါ။ သားကို ကြည့်တဲ့ အကြည့်ဟာ မိခင်မျက်လုံးမျိုးပဲ ဖြစ်ရမယ်။ ရည်းစားလို သွားကြည့်မယ်ဆိုရင် ပျက်စီးပြီပေါ့။ အဲဒီတော့ စိတ်ခံစားချက် ထည့်ထားဖို့ လိုမလို သိပါရစေ။

            လိုတာပေါ့။ ကိုဝင်းငြိမ်းကို မမနုက မောင်နှမ အကြည့်နဲ့ အမြဲကြည့်နေတာ ဖြစ်လို့ ဘယ်တုန်းကမှ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက် စိတ်ခုစရာ မရှိခဲ့ဘူး။ ကိုယ့်မှာ လစ်ဟာတဲ့ အကွက် ရှိခဲ့ရင်တောင် ကိုဝင်းငြိမ်းကလည်း မေတ္တာနဲ့ ပြန်ပြီး ခွင့်လွှတ်ပေးတာမျိုးတွေ၊ နားလည်ပေးတာမျိုးတွေ ရှိတာပေါ့။ ကိုယ့်စိတ်က မောင်လို ကြည့်ရမယ်လို့ စိတ်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်အကြည့်ဟာ မောင်တစ်ယောက်ပေါ် ကြည့်တဲ့အကြည့်မျိုးပဲ ဖြစ်သွားတယ်။

            ဝါသနာပါတဲ့ သူတစ်ယောက်အနေနဲ့ ဘယ်လို သရုပ်ဆောင်ရမယ်လို့ စိတ်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် အလိုလို မျက်လုံးတွေက ပြောင်းသွားပါတယ်။ ကားတစ်ကားမှာ ဒီမင်းသားဟာ ကိုယ့်ချစ်သူဖြစ်ပေမယ့် နောက်တစ်ကားမှာ ကိုယ့်သားအဖြစ် သရုပ်ဆောင်ချင်ဆောင်ရမယ်။ ဒီတော့ အကြည့်မှားသွားပြီဆိုရင် ပျက်ပြီပေါ့။ နောက်တစ်ခုက အကြည့်အပြင် ကိုယ့်ရင်ထဲမှာ အမြဲထည့်ထားရမှာက ဒီဇာတ်ကားမှာ သရုပ်ဆောင်နေရတဲ့ ဇာတ်ကောင်ရဲ့နေရာက ခံစားချက်လည်း အမြဲတမ်း အပြည့်ရှိနေရမယ်။ ဒါမှသာ ရင်ထဲက ခံစားချက်က မျက်လုံးမှာ ပါလာပါလိမ့်မယ်။

            အကြည့်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရ တစ်ခုလောက် ပြောချင်ပါသေးတယ်။ သင်္ကြန်မိုး ဇာတ်ကားပေါ့။ ချစ်သူနှစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဈေးချိုသူ ခင်ခင်ထားနဲ့ မြို့မ တေးဂီတအဖွဲ့က စန္ဒယားဆရာ ကိုငြိမ်းမောင်တို့ နှစ်ဦး အိမ်ထောင်ကိုယ်စီ ကျကြပြီးတဲ့နောက် တစ်ခုသော သင်္ကြန်မှာ ခင်ခင်ထားက ကိုငြိမ်းမောင်ရဲ့သားကို သူ့သမီးနဲ့အတူ သင်္ကြန်မှာ ပျော်စေဖို့လာပြီး ခွင့်တောင်းတဲ့ အခန်းကို ကျွန်တော်မှတ်မိနေတယ်။

            ချစ်သူဟောင်းဆိုပေမယ့် ခင်ခင်ထားရဲ့ အကြည့်က ငြိမ်းမောင်အပေါ်မှာ ပကတိ သူစိမ်းတစ်ယောက်ကို ကြည့်သလိုပဲ ကြည့်တယ်။ တကယ်လို့ ချစ်သူလို ကြည့်လိုက်မယ်ဆိုရင် ဒီမိန်းမဟာ ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်ဖြစ်သွားလိမ့်မယ်။

            ဒါကလည်း ဇာတ်ကို စိတ်ထဲမှာ သွင်းထားရလို့ပါ။ ငြိမ်းမောင်ဟာ ကိုယ်နဲ့ဘာမှ မသက်ဆိုင်တော့ဘူး။ ခုလာတဲ့ ကိစ္စက ကိုယ့်သမီးကလေး သင်္ကြန်မှာ ပျော်စေဖို့အတွက် သူ့သားကို စန္ဒရားတီးခွင့်ပေးဖို့ လာပြောရတာ။ အရင်တုန်းက ကိစ္စတွေအတွက် သူအပြစ်တင်ချင်ရင်လည်း တင်ပေစေတော့။ သူပြောသမျှ ခံသွားမယ်ဆိုတဲ့ စိတ်ကိုမွေးရတယ်။

            ကိုဝင်းငြိမ်း အစဖော်လို့ ပြောရဦးမယ်။ အဲဒီကားမှာပဲ မင်္ဂလာဆောင်ညက တီးဝိုင်းနဲ့ ဧည့်ခံတဲ့ အခန်းမှာ နှစ်ကိုယ်တူချစ်သမျှ သီချင်းကို ကိုယ့်သတို့သားနဲ့တွဲပြီး နားထောင်ရတဲ့ အခန်းမှာလည်း တော်တော်လုပ်ခဲ့ရပါတယ်။ တကယ်တော့ ဒီသီချင်းကို သူနဲ့ကိုယ် နှစ်ယောက်ဆိုကြမယ်လို့ သဘောတူခဲ့ကြပြီးသား၊ ခုတော့ သူက တခြားမိန်းကလေးတစ်ယောက်နဲ့တွဲပြီး ဆိုနေတာကို မြင်ရတဲ့အတွက် အော်သူက ဒီလိုလား၊ ဒါဖြင့် ကိုယ်ကလည်း ဒီလိုပေါ့ဆိုပြီး အနားမှာရှိတဲ့ ကိုယ့်ခင်ပွန်းလောင်းရဲ့ လက်ကို ကိုင်လိုက်တယ်။ တကယ်တော့ အဲဒီအခန်းမှာ သမီးရည်းစားဟောင်း နှစ်ယောက်သာ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်း နားလည်လိုက်ကြတာ။ လုပ်သွားရတာကလည်း ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘူး။ နူးနူးညံ့ညံ့ကလေးပဲ။  

            မမနု ကားတွေထဲမှာ Hit ဖြစ်ခဲ့တဲ့ ကားတွေ အများကြီးပါပဲ။ အဲဒီကားတွေထဲက သင်္ကြန်မိုး၊ မှုံရွှေရည်၊ ခိုင်မာလာနှင်းဆီ၊ တစ်ဦးတည်းသောသား စတဲ့ ဇာတ်ကားတွေမှာ ခင်သန်းနုတော့ အကယ်ဒမီ ရမှာပဲလို့ ပရိသတ်က တွက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတဲ့အတွက် ဆုမရခဲ့ပါဘူး။ အဲဒီအတွက် မမနု ဘယ်လိုများ ခံစားရတယ်ဆိုတာ ပရိသတ်သိအောင် ပြောပြပေးပါဦး။

            အဲဒီအချိန်တွေ တုန်းကတော့ ကိုယ့်မှာ ယုံကြည်ချက်တွေ ရှိနေသေးတယ်။ ဒီနှစ်မရလည်း နောက်နှစ် ရနိုင်ပါသေးတယ်။ ဒါမျိုးတွေက လုပ်ပြနိုင်ပါသေးတယ်ဆိုတဲ့ အတွေးသာ ထားခဲ့ပါတယ်။ မရတဲ့အတွက် ပူဆွေးဝမ်းနည်းနေတာမျိုးတော့ မရှိခဲ့ပါဘူး။ မမနုရဲ့ ပထမဆုံးဆုနဲ့ ဒုတိယဆုဟာ ၂၃ နှစ်ကွာခဲ့ပါတယ်။ စိတ်ဓာတ်ကျပြီး နေမယ်ဆိုရင် ဘယ်ဖြစ်ပါ့မလဲ။ ကံလည်း ပါပါတယ်။

            အသက် ၁၆ နှစ်အရွယ်ကနေ အခု အသက် ၆ဝ အထိ ရုပ်ရှင်ကားပေါင်း များစွာ ရိုက်ခဲ့ပြီးပြီ။ ဇာတ်ကောင်စရိုက်တွေလည်း စုံခဲ့ပြီးပြီ။ နုတာတွေပါတယ်။ ကြမ်းတာတွေ ပါတယ်။ သားဇောနဲ့ မောက်မာခဲ့တယ်။ သမီးဇောနဲ့ ခက်ထန်ခဲ့တယ်။ အဲဒီလို စရိုက်စုံပြီဖြစ်တဲ့အတွက် ခုနေများ ကားရိုက်ရမယ်ဆိုရင် ဘယ်လို ဇာတ်ကောင်စရိုက်မျိုးကို ရိုက်ချင်ပါသလဲ။

            မမနုကတော့ တည်တည်ကြည်ကြည်နဲ့ အားလုံးကို ခွင့်လွှတ်သည်းညည်းခံပြီးတော့ နေပေမယ့် ဖြစ်မလာတဲ့ အခါကျမှ ပေါက်ကွဲတဲ့ မိခင်တစ်ယောက်၊ အထက်တန်းကျကျ မိခင်တစ်ယောက်ရဲ့ စရိုက်မျိုးကို လုပ်ချင်သေးတယ်။ ဒါကို ဝင်းငြိမ်း အမေးရှိလို့သာ ဖြေရတာပါ။ သားကိုချစ်လို့ အတင်းကြီး ပေါက်ကွဲရတဲ့ မိခင်ခံစားချက်မျိုးတွေကို သိပ်မလုပ်ချင်တော့ပါဘူး။ စိတ်သွင်းပြီး ဖန်ဆင်းရတာ  ဖြစ်တဲ့အတွက် အင်မတန် ပင်ပမ်းပါတယ်။

            ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာ အနုပညာရှင်တွေ အိမ်ထောင်ပြုလာကြတာ တော်တော်များပါတယ်။ တချို့က အနုပညာသမားချင်း အိမ်ထောင်ပြုကြပြီး တချို့ကတော့လည်း ပြင်ပက အရပ်သူ အရပ်သားများနဲ့ အိမ်ထောင်ပြုကြပါတယ်။ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တဲ့ မမနုအနေနဲ့ အနုပညာသမားချင်း ပေါင်းစည်းမှုနဲ့ အရပ်သားနဲ့ ပေါင်းစည်းမှု ဘယ်ဟာက ပိုပြီး သာယာစေလိမ့်မယ်လို့ ယူဆပါသလဲ။

            မမနုအနေနဲ့ကတော့ ဘာသာရေးကို လိုက်စားနေသူ တစ်ယောက်လည်း ဖြစ်နေပြီ။ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေလည်း ရှိခဲ့ပြီးပြီဆိုတော့ အနုပညာသမားချင်းမှရယ်လို့ မဟုတ် ပါဘူး။ ပြင်ပက အရပ်သားတွေနဲ့ အိမ်ထောင်ကျပြီး သာယာတဲ့ အိမ်ထောင်တွေ ထူထောင်နိုင်တဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ အနုပညာသမားထဲကဆိုရင် ဦးမျိုးချစ်နဲ့ ဒေါ်ခင်အုန်းမြင့် တို့ဆိုရင် သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းသွားခဲ့ကြတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ အိမ်ထောင်ပြုသည် ဖြစ်စေ မိမိ ကံတရားနဲ့ သက်ဆိုင်တယ် ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပြီး သည်းခံမှု၊ သဘောထားကြီးမှုလေးတွေ ရှိမယ်ဆိုရင် အဆင်ပြေကြမယ် ထင်ပါတယ်။ မမနုကတော့ သိပ်မဝေဖန်တတ်ပါဘူး။

            မမနုက ပြုံးအလှ ပိုင်ရှင်မှုံရွှေရည်ခိုင်မာလာ နှင်းဆီဇာတ်ကားတွေမှာ အငြိမ့်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တာ ကျွန်တော် မှတ်မိနေပါတယ်။ ခုပရိသတ်က အငြိမ့်ခွေတွေကို သဘောကျနေကြတာ ဆိုတော့ အငြိမ့်ခွေ တစ်ခုလောက်များ ရိုက်ချင်စိတ် မရှိဘူးလား။

            တော်ပါတော့ ကိုဝင်းငြိမ်းရယ်၊ ကိုယ့်မောင်နှမချင်း မြှောက်မနေပါနဲ့။ ကတာက လွယ်ပါတယ်။ ဒါပေမယ့် ကတယ်ဆိုတာက မမနုတို့အတွက် အသက်အရွယ်အရ မဖြစ်နိုင်တော့ပါဘူး။ သွက်သွက်လက်လက်ကလေးတွေ ကကြတာပဲ ကောင်းပါတယ်။ အငြိမ့်ခွေလည်း မရိုက်ပါရစေနဲ့တော့။ တော်တော်ကြာ ကိုဝင်းငြိမ်း သတိပေးလိုက်တာနဲ့ပဲ ရိုက်ပါရစေလို့ လာပြောနေကြဦးမယ်။

            သမီးနှစ်ယောက်ရှိတဲ့ သမီးရှင် တစ်ယောက်အနေနဲ့ သမီးရှင် ဇာတ်ကားထဲကလို ကိုယ့်သမီးတွေအပေါ် ရည်မှန်းချက်တွေ ထားတာများ ရှိပါသလား။

            သမီးရှင်ဇာတ်ကားက ဝတ္ထုရေး ဆရာမရဲ့ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ဇာတ်အိမ်တစ်ခုပါ။ မမနုကတော့ သမီးနှစ်ယောက်စလုံးကို လွတ်လပ်ခွင့်ပေးထားတယ်။ ပြောလည်း ပြောထားတယ်။ သမီးတို့သဘောကျတာ တွေ့ရင်ပြော။ သဘောကျတဲ့ အတိုင်းလည်း တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ တည်ဆောက်။ ဘေးလူအနေနဲ့ ကိုယ့်ကို အထင်အမြင် လွဲမှားလောက်အောင် နေတာထိုင် တာမျိုး မလုပ်ရဘူး။ မသွားရဘူး၊ မလာရဘူး ဆိုတာလေးတွေကိုတော့ ဆုံးမပါတယ်။ သမီးကြီးဆိုရင် တကယ့် လူကြီးကလေး တစ်ယောက်လို သွားလာနေထိုင် တတ်ပါတယ်။ သမီး နှစ်ယောက်စလုံးက တအားကြီး ဆုံးမရတဲ့ အခြေအနေမျိုးမှာ မရှိပါဘူး။ သမီးရှင် တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှလည်း ရေလာမြောင်းပေး စကားတွေပြောပြီး လိုက်ပြီး ဖန်တီးတာမျိုးတွေ မမနုက မလုပ်ပါဘူး။

            မမနု ကားရိုက်ဖို့ လုံးဝ စိတ်မဝင်စားတော့တာလား။

            အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ ရုပ်ရှင်နဲ့ မမနု အပြီးအပိုင် လမ်းခွဲကြတာလို့တော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်ယောက်ကများ ဟာ ဒီဇာတ်ကတော့ ဒေါ်ခင်သန်းနုနဲ့မှ လိုက်တယ် လို့ သတိရပြီး စကားကမ်း လှမ်းလာမယ်၊ မမနုကလည်း စိတ်ဝင်စားမယ် ဆိုရင်တော့ ရိုက်ဖြစ်ကောင်း ရိုက်ဖြစ်ပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒါကိုလည်း စိတ်ကူးနေတာရယ်လို့တော့ မရှိတော့ပါဘူး။ ၁ဝ ရက် လောက်နဲ့ ပြီးအောင် ရိုက်နိုင်တဲ့ သူဆိုရင်တော့လည်း စိတ်ဝင်စားကောင်း ဝင်စားပါလိမ့်မယ်။ ၃၆၅ ရက်မှာ ၁ဝ ရက်လောက်တော့ ပေးလို့ရပါသေးတယ်။ အခုဆိုရင် ကားမရိုက်တာ လေးနှစ်လောက်ရှိပြီ။ ပင်ပမ်းသွားလို့လား၊ မလုပ်နိုင်တော့လို့လားဆိုတော့ မဟုတ်ပါဘူး။ လုပ်နိုင်ပါတယ်။ လုပ်နိုင်တုန်းမှာ ဖြတ်တာပါ။ ကိုယ်က အသက်အရွယ်အားဖြင့် ဘဝရဲ့ အဆင်းလမ်းကို ရောက်နေပါပြီ။ လက်ခုပ် တီးတိုင်း ကလို့ မဖြစ်တော့ဘူး။ လက်ခုပ်တီး မြှောက်ပေးလို့ ကိုယ်က လိုက်ကမယ်ဆိုရင် ကိုယ်ပဲ ပင်ပမ်းပြီး ပုံလဲသွားမှာပေါ့။

            ဒီခေတ်မှာတော့ ကိုယ့်မိတ်ကပ်သမားနဲ့ကိုယ် ထားကြတယ်။ မမနုတို့ ခေတ်ကရော။

            မမနုတို့ ခေတ်တုန်းကတော့ သင်ရင်း လိမ်းရင်းပါပဲ။ သူများက ဒါလေးက ဒီလိုကောင်းတယ်ဆိုရင် လုပ်ကြည့်လိုက်၊ ဟိုလိုကောင်းတယ်ဆိုရင် လိုက်လုပ်ကြည့်လိုက် အဲဒီလို လုပ်ကြည့်ရင်းနဲ့ပဲ ကိုယ့်ဘာသာကိုယ်ပဲ လိမ်းခဲ့တာပါ။ တင်ထွဋ်ဆိုတဲ့ ကလေးနဲ့ တွေ့တဲ့အခါကျတော့ (ခုတော့ သူက လူကြီးဖြစ်သွားပါပြီ။) သုံးနှစ်လောက် သူနဲ့ တွဲဖြစ်တယ်။ တင်ထွဋ်က ဆံပင်ကျွမ်းတယ်။ နောက်တော့ မိတ်ကပ်ပါ ကျွမ်းကျင်လာတယ်။ သူက Idea ကောင်းတယ်။ အခုလည်း မမနုရဲ့ မိတ်ကပ်ကို သူပဲ လှမ်းလှမ်းပြီး အကြံပေးနေတာ။ ဆံပင်နဲ့ ပတ်သက်တာလေးတွေလည်း ပို့ပေးတယ်။ မမနုအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။

            မနေ့က ဓာတ်ပုံရိုက်ဖို့အတွက်လည်း မမနုကိုယ်တိုင်ပဲ လိမ်းခဲ့တာလား။

            ဟုတ်ပါတယ်။ Kanebo မိတ်ကပ်က မမနုကို ပံ့ပိုးပေးပြီး လိမ်းတာတော့ ကိုယ့်ဘာသာကိုယ်ပဲ လိမ်းခဲ့တာပါ။ ဆံပင်ကိုတော့ ကိုတင်ထွဋ်က အကြံပေးတဲ့အတိုင်း လုပ်ခဲ့တာပါ။

            မမနု ဝတ်ခဲ့တဲ့ ဝတ်စုံကရော ဘယ်သူ ဖန်တီးပေးတာလဲ။

            ကိုတွတ် (စံအိမ်သစ်)က ချုပ်ပေးခဲ့တာပါ။ အစကတော့ Violet Style ကပါ။ သူက ဆူးလေဘုရားလမ်းမှာ ရှိတဲ့ Myanmar Shopping Mall မှာ ဖွင့်ထားတယ်လေ။ အဲဒီဆိုင်မှာက တကယ့် အကောင်းစား တန်ဖိုးကြီးတာတွေချည်းပဲ။ ဆိုင်နာမည်က Violet Style ဖြစ်လို့ မမနုကလည်း ခရမ်းရောင်ကိုပဲ ရွေးပြီးယူခဲ့တာ။

            မမနုနဲ့ ကျွန်တော် တော်တော်လေး မှောင်လာတဲ့အထိ ခြံထဲမှာ စကားပြော ဖြစ်ခဲ့တာပါ။ စကားကြွယ်သူပီပီ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါ။ အဓိကကတော့ အသက် ၁၆ နှစ်ကနေ ၆ဝ အထိ အနုပညာလောကမှာ မမောမပမ်း လျှောက်လှမ်းနေတဲ့ ပြည်သူချစ်တဲ့ ခင်သန်းနုကို ဂုဏ်ပြုချင်လို့  သူ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလမှာ ဒီမျက်နှာဖုံးကို ဖန်တီးပေးလိုက်ခြင်း ဆိုတာကို ရွှေချစ်သူ ပရိသတ်များ သိစေနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဝင်းငြိမ်း

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...