အနုပညာသမားပြောစကား

ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့် တွေ့ဆုံခြင်း

ဝင်းငြိမ်း

01 September 2025
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့် တွေ့ဆုံခြင်း
Share to

            ခေတ်ဟောင်း အဆိုတော်ကြီး “ဦးအံ့ကြီး” ရောက်နေတယ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ညမှာ ဆွေမျိုးသားချင်းများချည်း ပါဝင်တဲ့ ညစာစားပွဲ ကျင်းပမှာြဖစ်လို့ ကိုဝင်းငြိမ်း လာခဲ့ပါလားလို့ ထွန်းထွန်းရဲ့ မိခင်ဖြစ်သူ မရွှေစင်က ဖိတ်ခေါ်ပေမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ညနေပိုင်းမှာ ဖြိုးကြီးနဲ့ ဒါဒါတို့ရဲ့ မင်္ဂလာဧည့်ခံပွဲရှိနေပြီး မင်္ဂလာပွဲ ပြီးဆုံးချိန်မှာ အလင်းတန်းဂျာနယ်အတွက် အလုပ်ပြန်လုပ်ရမှာဖြစ်လို့ အဲဒီညက ညစာစားပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ဘူးလို့ မင်္ဂလာဧည့်ခံပွဲမှာတွေ့တဲ့ မရွှေစင်ကို တောင်းပန်ပြီး ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်နေ့ တွေ့ချင်ပါတယ်လို့ ပြောဖြစ်ခဲ့ပါတယ်။ မရွှေစင် စီစဉ်ပေးမှုကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီအတွင်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။

            ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်း၊ ခြံအမှတ် ၁၃၀ ကိုရောက်သွားတဲ့အခါမှာ ဘဘဦးအံ့ကြီးက အဆင်သင့် စောင့်နေပြီး သူ့တူများဖြစ်ကြတဲ့ ပလေးဘွိုင်း သန်းနိုင်၊ တေးသံရှင် ကိုတင်ထွဋ် (ထွန်းထွန်းရဲ့ ဖခင်) တို့ကပါ အဆင်သင့် စောင့်နေကြပါတယ်။ အသက်အရွယ်အားဖြင့် ၈၂ နှစ်ပြည့်ပြီး ၈၃ နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ ဘဘ ဦးအံ့ကြီးခမျာ မီဒီယာပေါင်းစုံက လာမေးနေကြတဲ့အတွက် အင်တာဗျူးဆိုရင် တော်တော်လန့်နေပုံ ရပါတယ်။ ကိုသန်းနိုင်နဲ့ ကိုတင်ထွဋ်တို့က ဝင်ရောက်တိုက်တွန်းတော့မှသာ ကျွန်တော်နဲ့ စကားပြောဖို့ သဘောတူလိုက်ပါတယ်။

            ဒီနေ့ခေတ် လူငယ်များအနေနဲ့ ဦးအံ့ကြီးဆိုတာကို သိသူတော်တော်ရှားပါလိမ့်မယ်။ သူတို့သိတဲ့သူများဘက်ကနေ အမျိုးပြန်စပ်ပြရရင် ထွန်းထွန်း(Example)၊ သက်အောင်တို့ရဲ့ အဘိုးလေး တော်ပြီး ပလေးဘွိုင်းသန်းနိုင်၊ စိန်လွင်၊ မြသီတာ၊ ပုလဲ၊ တင်အောင်မိုး၊ တက္ကသိုလ် အေးမောင်၊ ကိုတင်ထွဋ်၊ ပီတာဘသိန်း၊ သန်းသန်းနွယ်၊ အသံဖမ်း ကိုရေအေးတို့ရဲ့ ဘကြီး၊ ဘထွေး တော်ပါတယ်။ ဦးအံ့ကြီးဟာ ဒီနေ့ခေတ်လူငယ်များ ရင်းနှီးနေတဲ့ “မန်းတောင်ရိပ်ခို” (တကယ်တော့ ဒီနာမည်က အမှန်ပါ၊ ဒါပေမယ့် အသုံးအနှုန်းများနေကြတာကတော့ မြနန္ဒာ သီချင်းလို့ပဲ သိနေကြပါတယ်။) 'ရန်ကုန်သူ' (ဒီသီချင်း မူရင်း နာမည်က ရွှေဘိုသနပ်ခါး ဖြစ်ပါတယ်) 'ရွှေမင်းဂံ' အစရှိတဲ့ တေးပေါင်းများစွာရဲ့ တေးသံရှင်ကြီးပါ။ ကြုံရခဲတဲ့ အခွင့်အရေးရခိုက်မှာ ကျွန်တော်နဲ့ ဘဘ ဦးအံ့ကြီးတို့ ပြောဖြစ်ခဲ့တာများကို ရွှေအမြုတေ ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်။

            ကျွန်တော်ကတော့ ကိုသန်းနိုင်နဲ့ ပတ်သက်ပြီး ဦးဘတူ၊ ဦးဘဖြူ၊ ဦးဘသိန်းတို့ကို သိမီခဲ့ပါတယ်။ ဒီတော့ ပထမဆုံး မေးခွန်းအနေနဲ့ ဘဘတို့ ညီအစ်ကို မောင်နှမ ဘယ်နှယောက် ရှိသလဲက စသိပါရစေ။

            ငါးယောက်ရှိတယ်။ အကြီးဆုံးက ဦးဘတူ၊ ဒေါ်မြခင်က ဒုတိယ၊ တတိယက ဦးဘဖြူ၊ ဘဘက စတုတ္ထ၊ ဦးဘသိန်းက အငယ်ဆုံးပေါ့။  အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဦးဘတူက ၁၉၃ဝ ပြည့်နှစ်မှာ 'ဘီတီဘရားသားစ်' လို့ နာမည်ပေးထားတဲ့ ကော်ဖီလုပ်ငန်းကို စပြီး ထူထောင်ခဲ့တယ်။ မိသားစုပိုင် လုပ်ငန်းပေါ့။ ဒါကြောင့် ဘဘတို့ ညီအစ်ကိုတွေကို ဘီတီဘရားသားစ်လို့ အသိများကြတယ်။ လုပ်ငန်း စထူထောင်တာကတော့ ပြင်ဦးလွင်မှာပေါ့။ တကယ်တော့ ဘီတီဘရားသားစ်ဟာ မြန်မာအမျိုးသား မိသားစုပိုင်လုပ်ငန်းပါ။ မသိတဲ့ သူတွေကတော့ ဟိုတုန်းက နိုင်ငံခြားသားပိုင်တဲ့ လုပ်ငန်းလို့ ထင်ကြတယ်။

            အစ်ကိုအကြီးဆုံး ဖြစ်တဲ့ ဦးဘတူ ထူထောင်ခဲ့တဲ့ ကော်ဖီလုပ်ငန်းမှာ ညီအစ်ကိုတွေအားလုံး ဝင်လုပ်ကြတယ်။ အစ်မဖြစ်တဲ့ ဒေါ်မြခင်ကတော့ မိန်းမသားဖြစ်နေတော့ လုပ်ငန်းခွင်မှာ ဝင်မပါဘဲ သူ့ခင်ပွန်းဖြစ်တဲ့ ဦးဘဦးကပဲ သူ့အစား ဝင်လုပ်ခဲ့တယ်။ ခုတော့ သူတို့ နှစ်ယောက်စလုံး ကွယ်လွန် သွားကြပါပြီ။ လက်ရှိမှာတော့ အစ်ကိုအလတ်ဖြစ်တဲ့ ဦးဘဖြူနဲ့ ဘဘပဲ ကျန်တော့တယ်။ အငယ်ဆုံးဖြစ်တဲ့ ဦးဘသိန်းကလည်း ၂ဝဝ၅ ခုနှစ် မေလကပဲ ကွယ်လွန်သွားခဲ့ပြီ။ အစ်ကို အကြီးဆုံး ဦးဘတူ ထူထောင်ခဲ့တဲ့ ဘီတီဘရားသားစ်လုပ်ငန်းဟာလည်း ၁၉၆ဝ ခုနှစ်များအတွင်းက ပြည်သူပိုင် ပြုလုပ်ခဲ့တဲ့အတွက် အဲဒီလုပ်ငန်းလည်း အခု မရှိတော့ပါဘူး။ ကိုဝင်းငြိမ်း သိချင်တာ ဆက်မေးပါ။

            ကျွန်တော်သိချင်တာကတော့ ဘဘတို့ ညီအစ်ကိုတွေဖြစ်တဲ့ ဦးဘတူက မွေးတဲ့ မပုလဲ၊ ဒေါ်မြခင်ကမွေးတဲ့ ကိုတင်ထွဋ်၊ တင်အောင်မိုး၊ တက္ကသိုလ် အေးမောင်၊ ဦးဘဖြူက မွေးတဲ့ ကိုစိန်လွင်၊ ကိုသန်းနိုင်၊ မြသီတာ၊ ဦးဘသိန်းကမွေးတဲ့ ပီတာ ဘသိန်း၊ သန်းသန်းနွယ်၊ ခုတစ်ခါ ကိုတင်ထွဋ်က မွေးလာတဲ့ ထွန်းထွန်းနဲ့ ကိုတင်ထွဋ်ရဲ့ညီမ ဒေါ်ရီရီမေက မွေးလာတဲ့ သက်အောင်တို့ဟာလည်း ဂီတလောကမှာ အောင်မြင်ထင်ရှားတဲ့သူတွေ ဖြစ်နေပါပြီ။

            ဘဘက အစပြုခဲ့တာဆိုတော့ ဘဘတို့ မျိုးရိုးမှာ ဂီတနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်များ ရှိခဲ့ပါသလား ဆိုတာသိပါရစေ။

            ဘဘတို့ ညီအစ်ကိုတွေထဲမှာ မျိုးရိုးဗီဇရယ်လို့တော့ ဂီတနဲ့ ပတ်သက်ပြီး မရှိခဲ့ပါဘူး။ ညီအစ်ကိုတွေအားလုံး ဂီတကို ဝါသနာပါကြတယ်။ ဘဘ တစ်ယောက်ကလွဲရင် ကျန်တဲ့ ညီအစ်ကို တွေက ပရိသတ်ရှေ့မှာ ဖျော်ဖြေတဲ့ လုပ်ငန်းကို မလုပ်ခဲ့ကြပါဘူး။ ဒီတော့ ဘဘအနေနဲ့ ဦးအံ့ကြီးဆိုတာ ဘယ်လိုစဖြစ်လာတယ်ဆိုတာကနေ ပြောပြပါ့မယ်။

            ဦးအံ့ကြီးရယ်လို့ လူသိထင်ရှား စဖြစ်လာတာကတော့ ၁၉၄၈ ခုနှစ်ကပါ။ ဒါပေမယ့် အဲဒီအရင်တည်းက ကျောင်းကပွဲတွေပါတွေမှာ သီဆိုဖျော်ဖြေမှုတွေ အများကြီး လုပ်ခဲ့တယ်။

            ဦးအံ့ကြီးလို့ ဖြစ်လာဖို့ ဖန်တီးလာတာကတော့ အစ်ကိုကြီးဖြစ်တဲ့ ဦးဘတူက ကော်ဖီလုပ်ငန်းတွေကို လေ့လာဖို့ အင်္ဂလန်ကို သွားတယ်။ ၁၉၄၈ ခုနှစ်ပေါ့။ ဘဘ အကော်ဒီယံတီးတာ ဝါသနာပါတာကို သူက သိတော့ ဘဘအတွက် အင်္ဂလန်ကနေ အကော်ဒီယံတစ်လက် ဝယ်လာခဲ့တယ်။ ဒါပေမယ့် ပစ္စည်းကလေးတော့ သူက လူနဲ့ တစ်ပါတည်း သယ်မလာဘဲ သင်္ဘောနဲ့ တင်ပေးလိုက်တယ်။ အဲဒီ အကော်ဒီယံကို ရွေးယူဖို့အတွက် ဘဘက ရန်ကုန်ဆင်းလာရတယ်။ သင်္ဘောက မရောက်သေးတဲ့အတွက် စောင့်နေရင်း အချိန်ရနေတယ်။

            အချိန်ရနေတော့ စိတ်ကူးတစ်ခု ပေါ်လာတယ်။ အဲဒီတုန်းက ဝင်ဒါမီယာ ခရက်ဆင့် ဆိုတဲ့နေရာမှာရှိတဲ့ မြန်မာ့အသံမှာ တစ်ယောက်တည်း ဆိုခွင့်များ ရမလားလို့ စိတ်ကူးပြီး သွားစုံစမ်းတာပေါ့။ အဲဒီတုန်းကမြန်မာပိုင်း အစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ခံ ခေါ်မလား၊ ဘာလားတော့ မသိဘူး၊ ဦးသန်းဆိုတာ ရှိတယ်။ သူက နောင်မှာ တင်တင်မြလို့ နာမည်ကြီးလာမယ့် အဆိုကျော်ရဲ့အဖေပေါ့။ ဘဘက ဦးသန်းဆီသွားပြီး အကော်ဒီယံနဲ့ တစ်ယောက်တည်း သီဆို ဖျော်ဖြေခွင့်များ ရနိုင်မလားလို့ စုံစမ်းတာပေါ့။

            ဒီတော့ ဦးသန်းက အဲဒီခေတ်ကာလမှာ ဓာတ်ပြားတွေက အင်မတန် ရှားကြောင်း၊ ရှိတဲ့ ဓာတ်ပြားထဲက နိုင်ငံခေါင်းဆောင်များ မိန့်ခွန်းပြောကြားရာမှာ မှတ်တမ်းတင် အသံဖမ်းနိုင်ဖို့ သီးခြားထားရတဲ့ အကြောင်း၊ မြန်မာ့အသံမှာလည်း သီဆိုဖျော်ဖြေမှုမှာ ဝိုင်းအလိုက်သာ ဖျော်ဖြေကြတာရှိကြောင်း၊ တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှု အစီအစဉ်မရှိတဲ့အကြောင်း ပြောပြပါတယ်။ 

            ဘဘကို အဲဒီလို ရှင်းပြနေတဲ့အချိန် အနားမှာ အမျိုးသမီး တစ်ယောက်ရှိတယ်။ သူက အသံလွှင့်တဲ့ အပိုင်းက မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကပေါ့။ အဲဒီအမျိုးသမီးက ဘာဝင်ပြောသလဲဆိုတော့ ဦးအံ့ကြီးဆိုတာ မန္တလေးနဲ့ ပြင်ဦးလွင်မှာ နာမည်ရနေတဲ့ အဆိုတော်တစ်ယောက် ဖြစ်ကြောင်း၊ ဦးသန်းအနေနဲ့ အနည်းဆုံး အသံစစ်ကြည့်တာ လောက်တော့ လုပ်ကြည့်သင့်ကြောင်းဝင်ပြီး တိုက်တွန်းတယ်။

            ဒါနဲ့ ဦးသန်းက ကောင်းပြီ၊ အသံစစ်ကြည့်ကြတာပေါ့ဆိုပြီး စတူဒီယိုတစ်ခုထဲကို ခေါ်သွားတယ်။  စန္ဒရားတစ်လက်နဲ့ ဘဘကို အသံစမ်းစေပါတယ်။

            ဟိုတုန်းကတော့ ကိုယ်ပိုင် သီချင်းတွေ၊ ဘာတွေက ရှားတယ်လေ။ ပေါ်ပြူလာဖြစ်တဲ့ ကိုတင်မောင်တို့၊ ခင်နှင်းရီတို့ သီချင်းတွေထဲက တစ်ပုဒ်ကို စမ်းတီးလိုက်တယ်။ စက္ကန့်ပိုင်းပဲ တီးလိုက်ရသေးတယ်။ ဦးသန်းက 'ဟိုး'ဆိုပြီး အရပ်ခိုင်းတယ်။ ဘဘ စိတ်ထဲမှာတော့ ငါ့ကို ဘာများ မကျေနပ်လို့ ရပ်ခိုင်းတာလဲဆိုပြီး သူ့ကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ ကျေနပ်တဲ့ အပြုံးကို တွေ့လိုက်ရတယ်။

            ဦးသန်းက ကိုအံ့ကြီး၊ ခင်ဗျားအသံက တော်တော်ကို ကြည်လင်ပြတ်သားတယ်။ အသံစမ်းဖို့ မလိုတော့ပါဘူး။ တစ်ခါတည်း အသံသွင်းမယ်ဆိုပြီး အင်ဂျင်နီယာတွေ ဘာတွေနဲ့ ချက်ချင်း စီစဉ်တော့တာပဲ။ ပထမတုန်းကတော့ သူက ဓာတ်ပြားတွေ ရှားပါးတာတွေ ဘာတွေ ပြောနေတာတွေ ဘာတွေ ပျောက်ကုန်တယ်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် အတွင်းမှာပဲ အသံဖမ်းဖို့အတွက် အဆင်သင့် ဖြစ်သွားပြီ။ ဦးသန်းက ကိုအံ့ကြီး ဆိုချင်သလောက် သီချင်းဆိုပါ။ အချိန်အပိုင်း အခြား အကန့်အသတ် မရှိပါဘူးလို့ ပြောတယ်။ ဘဘကလည်း ဆိုချင်နေတဲ့ သီချင်းတွေကို ဆိုလိုက်တယ်။ ဓာတ်ပြားသွင်းလို့ ကျန်နေတဲ့ နေရာကလေးတွေမှာ အဖြည့်အနေနဲ့ လွှင့်လို့ရအောင် တီးလုံးကလေးတွေ တီးပေးပါဦး ဆိုလို့ တီးပေးရသေးတယ်။

            ဘဘ အဲဒီတုန်းက အကော်ဒီယံနဲ့လား။

            မဟုတ်ဘူး။ အကော်ဒီယံက မရွေးရသေးဘူး။ စန္ဒရားနဲ့ တီးခဲ့တာ။ နောက် အကော်ဒီယံ ရွေးပြီးတော့လည်း အသံသွင်းခဲ့ပါသေးတယ်။ ဦးသန်းကိုယ်တိုင်က ကျေကျေနပ်နပ်ကို ဖိတ်ခေါ်တော့ ဘဘလည်း အသံသွင်းဖြစ်တာပေါ့။

            ဘဘ အဲဒီတုန်းက ဘယ်သီချင်းတွေ ဆိုဖြစ်တယ်ဆိုတာကိုများ မှတ်မိပါသေးလား။

            အဲဒီတုန်းက ဆိုဖြစ်တာကတော့ 'တူရိယာ လုလင်' က ပထမဆုံးပဲ။ ဘဘက ပြင်ဦးလွင်မှာ နေတာဆိုတော့ မန္တလေးက မြို့မအသင်းသားတွေနဲ့ ရင်းနှီးနေတယ်။ ပြင်ဦးလွင်နဲ့ မန္တလေး ကြုံရင် ကြုံသလို သူတို့ဝိုင်းနဲ့ ဝင်ပြီးတော့လည်း ဆိုတယ်။ “တူရိယာလုလင်” ဆိုတာက မြို့မအဖွဲ့ရဲ့ သီချင်းပါ။ ဒီသီချင်းကို ဘဘက အလွတ်ရနေတော့ မြန်မာ့အသံမှာ ပထမဆုံး ဆိုဖြစ်သွားတယ်။ နောက်တစ်ပုဒ်က ဓာတ်ပြား သီချင်းဖြစ်တဲ့ 'တစ်ပွင့်တည်း ပန်းမာလာ' သီချင်းပေါ့။ ဒါကလည်း ဓာတ်ပြား သီချင်းအဖြစ် ကြားဖူးထားတော့ ဘဘ ရနေတယ်။ ကျန်တဲ့သီချင်းတွေတော့ မမှတ်မိတော့ဘူး။ အဲဒီတုန်းကတော့ ဦးသန်းက ဘဘ အားရင် အားသလိုကို အသံ သွင်းယူတော့တာပဲ။ အချိန် အလဟဿ မဖြစ်စေရဘူး။ အဲဒီသီချင်းတွေ မြန်မာ့အသံက လွှင့်လိုက်တော့ မြန်မာပြည် တစ်ပြည်လုံးမှာ အံ့ကြီးရယ်လို့ ဖြစ်လာခဲ့တာပဲ။

            ၁၉၄၉ ခုနှစ်ရောက်တော့ တိုင်းပြည်အခြေအနေ မကောင်းတော့ဘူး။ အစ်ကိုကြီး ဦးဘတူကလွဲရင် ကျန်တဲ့ ညီအစ်ကိုမောင်နှမ တစ်တွေ ရန်ကုန်ပြောင်းကြပြီး ရန်ကုန်မှာပဲ ကော်ဖီလုပ်ငန်းကို လုပ်ကိုင်ဖို့ စီစဉ်ကြတယ်။ ရန်ကုန်ရောက်လာတော့ ကော်ဖီလုပ်ငန်းနဲ့ တွဲပြီး ဘီတီ ဘရားသားစ် အပျော်တမ်း တူရိယာအဖွဲ့ဆိုတာ ဖွဲ့ဖြစ်သွားတယ်။ သာမန်အားဖြင့် ဆိုရင်တော့ မြန်မာ့အသံမှာ အပျော်တမ်း တီးဝိုင်း အဖွဲ့တစ်ဖွဲ့ အသံလွှင့်ဖို့ဆိုတာက ကန့်သတ်ပေးထားတဲ့ ရက်မှာ ကန့်သတ်ထားတဲ့ အချိန်အပိုင်း အခြားအတွင်း အသံသွင်းရတာပါ။ ဘဘတို့ တီးဝိုင်းကိုတော့ ဦးသန်းက လုံးဝ ကန့်သတ်ချက် မရှိဘဲ ဆိုချင်တဲ့နေ့မှာ ဆိုချင်သလောက် ဆိုဖို့ ခွင့်ပြုခဲ့တယ်။

            တီးဝိုင်းအဖွဲ့ ဖွဲ့တဲ့အချိန်အထိ ကျန်တဲ့ ညီအစ်ကိုတွေက ဂီတနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိကြသေးဘူး။ ဘဘနဲ့အတူ လှုပ်ရှားတာက ယောက်ဖတော်တဲ့ ဦးဘဦး၊ ညီအငယ်ဆုံး ဦးဘသိန်းတို့ပဲ ရှိတယ်။ အဲဒီ အချိန်မှာ မန္တလေး မြို့မတီးဝိုင်းက ဦးလှဒင်ဆိုတာကလည်း ရန်ကုန်မှာလာပြီး အခြေချနေတဲ့ အချိန်ပေါ့။ ဘဘတို့ တီးဝိုင်းမှာ ဦးလှဒင်လည်း ပါလာတယ်။ နောက် ဦးဘမြင့်ဆိုတာ ရှိသေးတယ်။ သူကလည်း မန္တလေးသားပဲ။ သူက တယောထိုးတယ်။ သူလည်း ဘဘတို့ဝိုင်းမှာ ပါလာ တယ်။

            ဘဘ အဲဒီတော့ တီးဝိုင်းမှာဆိုတဲ့ အဆိုကျော်က ဘဘတစ်ယောက်တည်းပဲလား။

            ဟုတ်တယ်။ ဘဘ တစ်ယောက်တည်းပဲ ဆိုခဲ့ရတာ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘဘညီ ဦးဘသိန်းလည်း ဝင်ဆိုတယ်။ တူတော်တဲ့ ကိုတင်ထွဋ်လည်း ဝင်ဆို ဖြစ်တယ်။

            အဲဒီလို တီးဝိုင်းဖြစ်မလာသေးခင် အဖြစ်အပျက်တစ်ခုကို ပြောရဦးမယ်။ ဘဘတို့ ဘီတီဘရားသားစ် မိသားစုက ရန်ကုန်မှာ ကော်ဖီထုတ်လုပ်ဖို့ စဉ်းစားကြတော့ ဘဘက Scouting လုပ်ဖို့အတွက် ရန်ကုန်ကို အရင်ဆုံး ဆင်းလာရတယ်။ ဘယ်နေရာမှာ စက်ရုံဆောက်မယ်။ ဘယ်နေရာမှာ ရုံးခန်း၊ ဘယ်နေရာမှာ ဆိုင်ဖွင့်မယ် စသဖြင့် လုပ်ငန်းနဲ့ပတ်သက်ပြီးလိုအပ်တဲ့ အစီအစဉ်တွေ လုပ်ဖို့ပေါ့။

            အဲဒီအချိန်မှာ ဘဘကတည်းစရာ နေရာမရှိဘူး။ ဒီတော့ ဘီအေဂရောင်း (အခု အောင်ဆန်းအားကစားပြိုင်ဝင်းပေါ့) ထဲမှာ မိတ်ဆွေတွေ ရှိတယ်။ ကာယဗလ ဦးဇော်ဝိတ်တို့၊ ဦးမောင်ကိုတို့၊ ဦးလှအောင်တို့ပေါ့။ သူတို့က ဘယ်မှသွားတည်းမနေနဲ့။ ဒီမှာပဲ နေလိုက်ပေါ့ ဆိုတာနဲ့ ဘီအေဂရောင်းထဲမှာပဲ သူတို့နဲ့အတူ နေဖြစ်တယ်။ အဲဒီအချိန်က ဘီအေဂရောင်းမှာ တိုင်းဘောလုံးပွဲတွေ ကျင်းပနေတယ်။ ဟိုတုန်းကတော့ ဘောလုံးပွဲ ပထမပိုင်းပြီးလို့ ဒုတိယပိုင်း မစခင် အနားယူချိန်မှာ ဓာတ်စက်နဲ့ သီချင်းတွေ ဖွင့်တဲ့အစဉ်အလာ ရှိတယ်။

            မိတ်ဆွေတွေက ဘဘမှာ အကော်ဒီယံလည်း ရှိတယ်၊ သီချင်းလည်း ကောင်းကောင်း ဆိုတတ်တာသိတော့ အားလပ်ချိန်မှာ ပရိသတ်ကို သီချင်းဆိုပြီး ဖျော်ဖြေပါလားလို့ တိုက်တွန်းတာနဲ့ တိုင်းဘောလုံးပွဲမှာ ကိုယ်တိုင် အကော်ဒီယံတီးပြီး သီဆိုဖျော်ဖြေခဲ့တယ်။ ပရိသတ်ကလည်း အံ့သြသွားတာပေါ့။ ဘောလုံး ဝါသနာရှင်တိုင်း သိထားတာက အားလပ်ချိန်မှာ ဓာတ်ပြားသီချင်းပဲ ဖွင့်နေကျကိုး။ အဲဒါက ရန်ကုန်မှာ လုပ်ငန်း မစခင်၊ တီးဝိုင်းအဖွဲ့ မဖွဲ့ခင် ဖြစ်ခဲ့တာ။ ဘောလုံးပွဲမှာ ဆိုလိုက်တော့ တစ်ယောက် တစ်ပေါက်နဲ့ သီချင်းဆိုတာ ဘယ်သူလဲလို့ မေးလာကြတယ်။ အံ့ကြီးဆိုတာ သိသွားကြတာပဲ။

            (ကျွန်တော်က အနားမှာ ဘဘပြောသမျှကို နားထောင်နေတဲ့ ကိုသန်းနိုင်ကိုလှမ်းပြီး Live Show ရဲ့ ဖခင်ကြီးပေါ့' လို့ ပြောလိုက်တဲ့အတွက် အားလုံး ရယ်ဖြစ်ကြပါတယ်။)

            ဟုတ်တယ်။ အခု အခေါ်အဝေါ်နဲ့ဆိုရင်တော့ Live Show ပေါ့။ ဘဘကလည်း ဘာရယ်ညာရယ် သိတာ မဟုတ်ပါဘူး။ မိတ်ဆွေတွေက တိုက်တွန်းတာနဲ့ ဆိုဖြစ်ခဲ့တာပဲ။ ဘောလုံးပွဲ ပရိသတ်လည်း မြန်မာ့အသံမှာ ဦးသန်းကျေနပ်သလို ကျေနပ်သွားကြတာ တွေ့ရတယ်။

            ဘဘ အဲဒါ ဘယ်ခုနှစ်ပါလဲ။

            ၁၉၄၉၊ ၅ဝ လောက် ဖြစ်လိမ့်မယ်။ အဲဒါပြီးတော့မှ တီးဝိုင်း ထောင်ဖြစ်တာ။

            တီးဝိုင်းထောင်ပြီဆိုတော့ ဝိုင်းအတွက် သီချင်းသစ်တွေ လိုအပ်လာမှာပေါ့။

            ဟုတ်တယ်။ ဘဘတို့ ဘီတီ ဘရားသားစ် အပျော်တမ်း တေးဂီတအဖွဲ့အတွက် မန္တလေးက သီချင်းရေးဆရာတွေက ရေးပို့ကြတဲ့ သီချင်းသစ်တွေ ပါသလို ၁၉၃ဝ ပြည့်ဝန်းကျင်လောက်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းတွေကလည်း ဓာတ်ပြားတွေ မရှိတော့ဘူးဆိုတော့ အဲဒီ နာမည်ကြီး သီချင်းတွေကို ပြန်ဆိုတာတွေလည်း ပါတာပေါ့။

            ဘယ်လို သီချင်းတွေလဲ ဘဘ။

            သီချင်းတွေကို ဦးဘဦးတို့၊ ဦးလှတင်တို့က မှတ်မိနေကြတော့ ပြန်ဆိုလို့ရတယ်။ မှတ်မိသလောက် ပြောရရင် အခု ရန်ကုန်သူလို့ ပြောနေကြတဲ့ 'ရွှေဘိုသနပ်ခါး' တို့ 'မင်းဂံဘုတ်' တို့ နန်းတော်ရှေ့ဆရာတင်ရဲ့ 'ကျေးရွာဝါဒ' တို့ အပါအဝင်ပေါ့။ 'စိန်မြရံခြယ် အောင်ပင်လယ်' သီချင်း လည်း ပါတယ်။ မြို့မငြိမ်း ရေးခဲ့တဲ့ 'စစ်ကိုင်းတောင်' လည်း ပါတယ်။

            ဦးဘဦးတို့ ဦးလှဒင်တို့က ဒီသီချင်းတွေဟာ နာမည်ကြီးခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်။ ခု ခင်ဗျား ပြန်ဆိုလိုက်ရင် အောင်မြင်မှာပဲ။ ပရိသတ်ကြားမှာလည်း ပေါ်ပြူလာ ဖြစ်သွားနိုင်တယ်လို့ တိုက်တွန်းကြတာကြောင့် ဆိုဖြစ်ခဲ့တာပဲ။

            မန္တလေးက တေးရေး ဆရာတွေထဲမှာ ဆရာ ဦးဘသိန်းကလည်း ဘဘတို့ တီးဝိုင်းအတွက် ကြိုကြားကြိုကြား သီချင်းတွေ ရေးပေးခဲ့တယ်။ ဘီတီ ဘရားသားစ် အပျော်တမ်း တေးဂီတအဖွဲ့က သီချင်းတွေကို ပရိသတ်က နှစ်ခြိုက်လာတာနဲ့အမျှ  စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဘီတီ ဘရားသားစ် ကော်ဖီကလည်း နာမည်ရလာတယ်။ ကော်ဖီကလည်း ကောင်းပါတယ်။ ဒါပေမယ့် တီးဝိုင်းနဲ့ တွဲပြီး ကော်ဖီက ပိုအောင်မြင်ခဲ့တာပေါ့။

            (ဒီနေရာမှာ ကိုသန်းနိုင်က ဖြည့်စွက်ပြောခဲ့ပါတယ်။ 'ဒီနေ့ ကုန်စည်ကြော်ငြာတွေက နာမည်ကြီး အဆိုကျော်တွေနဲ့ သီချင်းဆိုပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ကြော်ငြာမှ အောင်မြင်တာ ဖြစ်ပေမယ့် ဟိုတုန်းကတော့  ဦးအံ့ကြီးရဲ့ သီချင်းတွေကြောင့်သာ ကော်ဖီလုပ်ငန်းက ပိုပြီး အောင်မြင်ခဲ့တယ်' လို့ ဆိုပါတယ်။)

            ဘဘ အထင်ပြောရရင် ဟိုတုန်းက တီးဝိုင်းတွေထဲမှာ တူရိယာပစ္စည်း အပြည့်အစုံနဲ့ တီးမှုတ်ကြတာ။ ဘဘကျတော့ အကော်ဒီယံ တစ်ခုတည်းနဲ့ သီဆို ဖျော်ဖြေတာဖြစ်တဲ့အတွက် ပရိသတ်ရဲ့အမြင်မှာ ထူးခြားနေတယ်။ အသံအပြင် တင်ဆက်မှု ထူးခြားတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။

            ဘဘ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ အစိုးရက နိုင်ငံတော် နေ့ကြီးရက်ကြီးများလို့ သတ်မှတ်ပြီး လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးခဲ့တာ ရှိပါတယ်။ အဲဒီပွဲတွေမှာရော ဝင်ပြီး ဖျော်ဖြေခဲ့ပါသေးသလား။

            ဘဘ ပါခဲ့တာပေါ့။ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို အခု ကရဝိက်ကျွန်းလို့ခေါ်တဲ့ ကနေဒီကျွန်းမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်တော့ ဘဘက အကော်ဒီယံတီးပြီး မြန်မာဆိုင်းဝိုင်းကြီးနဲ့ တွဲဖက် ဖျော်ဖြေခဲ့သေးတယ်။ အဲဒီတုန်းက အနောက်တိုင်းတူရိယာနဲ့ မြန်မာဆိုင်းဝိုင်း တွဲဖက်ဖျော်ဖြေခဲ့တာ ပထမဆုံးပဲ ထင်တယ်။ အနောက်တိုင်း တူရိယာမှာ ဂီတမှူးက ရစ်ချတ်မီးလားလို့ခေါ်တယ်။ (အခု ဂီတမှူးအဖြစ် ဆောင်ရွက်နေတဲ့ ပက်ထရစ် မီးလားရဲ့ ဖခင်ဖြစ်တယ်လို့ ကိုသန်းနိုင်က ဖြည့်စွက်ပေးပါတယ်)

            ဘဘ ဆိုခဲ့တဲ့ သီချင်းတွေမှာ မန္တလေး မြို့မအဖွဲ့က အသုံးများတဲ့ လေမှုတ် ကိရိယာတွေနဲ့ ဆိုခဲ့တဲ့ သီချင်းတွေအပြင် မြန်မာ ဆိုင်းဝိုင်းကြီးနဲ့တွဲပြီး ဆိုခဲ့တဲ့ သီချင်းတွေကိုလည်း ကျွန်တော် မှတ်မိပါတယ်။ ဥပမာ “ကျေးရွာဝါဒ”၊ “မြိုင်ထ” စတဲ့ သီချင်းတွေပေါ့။ ဆိုင်းဝိုင်းနဲ့တွဲပြီး ဆိုခဲ့ရတဲ့ သီချင်းတွေထဲမှာ မှတ်မှတ်ရရရှိတဲ့ သီချင်းများ ရှိဦးမလား။

            မှတ်မှတ်ရရ ရှိတာကတော့ နန်းတော်ရှေ့ ဆရာတင် ရေးခဲ့တဲ့ “ကျေးရွာဝါဒ” သီချင်းပဲ။ ဘာကြောင့် မှတ်မှတ်ရရ ဖြစ်နေတာလဲ ဆိုတော့ ၁၉၆၃ ခုနှစ်မှာ ဘဘ ညီ ဦးဘသိန်းက နိုင်ငံခြား ကနေ Ampex လို့ခေါ်တဲ့ အသံဖမ်းစက် Ampex တစ်လုံး ဝယ်လာတယ်။ သူက အဲဒီ စက်သစ်နဲ့ အသံဖမ်း ကြည့်ချင်တယ်ဆိုလို့ စိန်မောင် ရုပ်ရှင် စတူဒီယိုထဲမှာ  စိန်မောင်ကို မြန်မာဆိုင်းဝိုင်း အဖွဲ့နဲ့ “ကျေးရွာဝါဒ”ကို သွင်းယူခဲ့တယ်။ Ampex စက်က  အဲဒီတုန်းက ပထမဆုံးပေါ်တဲ့ အသံဖမ်းလိုင်း နှစ်လိုင်းနဲ့ အသံဖမ်းယူတာဆိုတော့ ဆိုင်းဝိုင်းက အသံကို တစ်လုံးချင်း ပီပီသသ ဖမ်းယူနိုင်တယ်။ ဓာတ်ပြား အခေါ်တော့ Hifi ပေါ့။ ဒါဟာ စတီရီယိုရဲ့ အစလို့ ခေါ် နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုကျော်ရဲ့ အသံနဲ့ တီးဝိုင်းအသံကို သီးခြားစီ ကွဲထွက်လာအောင် အသံဖမ်းယူနိုင်လို့ပါပဲ။

            (ဒီနေ့ခေတ်မှာ စတီရီယိုနဲ့ မိုနိုဆိုတာ ဂီတ အမျိုးအစား နှစ်မျိုးခွဲခြားပြီး ပြောနေကြပါတယ်။ အမှန်ကတော့ အသံဖမ်းစနစ် ကွာခြားမှုသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှ သီချင်းပုံစံပါ ကွဲပြားလာခဲ့တာဖြစ်လို့ စတီရီယိုရဲ့ အစဟာ ဦးအံ့ကြီး ဖြစ်တယ်လို့ဆိုရင် ရနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ အသံဖမ်း လိုင်းတစ်လိုင်းထဲကနေ နှစ်လိုင်းခွဲထွက်ခဲ့တဲ့ သီချင်းဖြစ်နေလို့ပါပဲ။ ဝင်းငြိမ်း။)

            နောက်တော့ မြန်မာဆိုင်းဝိုင်းတွေထဲက စိန်ဘမောင်၊ စိန်ဘိုတင့်တို့နဲ့လည်း တွဲပြီးဆိုခဲ့သေးတယ်။ သူတို့ ကိုယ်တိုင်က လိုလိုလားလား ဘဘနဲ့တွဲပြီး ဖျော်ဖြေချင်ပါတယ် ဆိုလို့ ဆိုဖြစ်ခဲ့တာပါ။

            ဘဘ အနေနဲ့ ၁၉၃ဝ ခုနှစ် ဝန်းကျင်က နာမည်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ဆိုခဲ့တာတော့ ဟုတ်ပါပြီ။ အဲဒီတုန်းက သက်ရှိထင်ရှား ရှိနေကြတဲ့ ဆရာ မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ ဆရာတင်တို့ကရော ဘဘ အတွက် သီချင်းသစ် စပ်ပေးတာတွေ မရှိခဲ့ဘူးလား။

            ရှိတာပေါ့။ ဒါပေမယ့် ခုတော့ မမှတ်မိတော့ဘူး။

            ကျွန်တော် မှတ်မိတဲ့ သီချင်းတွေထဲမှာဘဘဆိုခဲ့ တဲ့ 'ပြုံးတုံ့လှယ်' သီချင်းက တော်တော် ထူးခြားပါတယ်။ ခုထက်ထိလည်း မရိုးနိုင်သေးတဲ့ သီချင်းတစ်ပုဒ် ပါ။ အဲဒီ သီချင်းနဲ့ ပတ်သက်ပြီး ဘဘမှာ ထူးခြားချက်များ ရှိပါသလား။

            ရှိတာပေါ့။ 'ပြုံးတုံ့လှယ်' သီချင်းက ဘဘ အတွက် ဆရာ မြို့မငြိမ်းက သီးခြားရေးပေးခဲ့တာပဲ။ အဲဒီတုန်းက ဘဘက မိသားစု စီးပွားရေး လုပ်ငန်းအတွက် ဂျပန်ကို သွားဖို့ အစီအစဉ်ရှိတယ်။ ဒါကို ဆရာ မြို့မငြိမ်းက သိတော့ မင်း ဂျပန်ရောက်လို့ အခွင့်အရေးများ ရရင် NHK ဂျပန်နိုင်ငံ အသံလွှင့်ဌာနမှာ အသံလွှင့်ခွင့်ရအောင် ကြိုးစားပါလား။ တကယ်လို့ လွှင့်ခွင့်ရမယ်ဆိုရင် ဟောဒီ သီချင်း နှစ်ပုဒ်ကိုဆို ဆိုပြီး ပြုံးတုံ့လှယ်နဲ့ ရက်မြတ်သင်္ကြန် သီချင်းနှစ်ပုဒ် အသစ်ရေးပေးခဲ့တာ။

            ဘဘ ဂျပန်သွားမယ်ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးက ယဉ်ကျေးမှု တာဝန်ခံကလည်း NHK က တာဝန်ရှိသူတွေဆီကို စာတစ်စောင် ရေးပေးလိုက်တယ်။ ဒီပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီး အဆိုကျော် တစ်ယောက်ဖြစ်တယ်။ သူဟာ ဂျပန်သီချင်းကိုလည်း ကောင်းကောင်း သီဆိုနိုင် တယ်လို့ ရေးပေးလိုက်တယ်။

            အဲဒါ ဘယ်နှစ်ခုနှစ်လဲ ဘဘ။

            ၁၉၅၃ ခုနှစ်ပေါ့။ ဘဘ မျှော်လင့်ခဲ့တဲ့ အတိုင်းပဲ NHK နဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့ကလည်း အသံ စမ်းကြည့်တယ်။ ဂျပန် သီချင်း တစ်ပုဒ်နှစ်ပုဒ် ဆိုပြရတယ်။ ဘယ်သီချင်း ဘယ်သီချင်း ဆိုမယ်ဆိုတာကို သုံးပုဒ်လောက် ရွေးခဲ့တယ်။ နောက်တစ်ခုကတော့ ဂျပန် သီချင်းတွေထဲက တစ်ပိုဒ် တစ်ပိုဒ်စီကို ဆက်ပြီး ဆိုသွားတဲ့  Medly အစီအစဉ်ကိုလည်း စီစဉ်ကြတယ်။ ဆရာငြိမ်း ရေးပေးလိုက်တဲ့ ပြုံးတုံ့လှယ် သီချင်းကိုလည်း သူတို့က Arrange လုပ်ထားဖို့အတွက် နှစ်ရက် သုံးရက် ခွာချိန်းလိုက်တယ်။

            သူတို့ချိန်းတဲ့ရက် ရောက်သွားတဲ့အခါ သူတို့က တစ်ခေါက် တီးပြတယ်။ ဘဘ နားထောင်ပြီး လိုချင်တာလေးတွေကို နည်းနည်းပါးပါးညှိပြီး ဂျပန်သီချင်းတွေနဲ့အတူ 'ပြုံးတုံ့လှယ်' ကို ဆိုခဲ့တာပဲ။

            ဘဘ အဲဒီလိုဆိုရင် NHK မှာ သြခက်စထြာ တီးဝိုင်းကြီးနဲ့ ဆိုခဲ့ရတာပေါ့။

            ဟုတ်တယ်။ သြခက်စထြာ ဝိုင်းကြီးနဲ့ ဆိုခဲ့ရတာ။ အဲဒီမှာ ဆိုခဲ့တဲ့ ဂျပန်သီချင်းတွေရော၊ ပြုံးတုံ့လှယ် သီချင်းကိုပါ ဘဘကို တိပ်ခွေနဲ့ ထည့်ပေးလိုက်တဲ့အတွက် မြန်မာပြည် ပြန်ရောက်တော့ မြန်မာ့အသံကို ဘဘပေးခဲ့တယ်။

            NHK မှာ ဆိုတာဟာ ဘဘ အတွက် ပထမဆုံး ပြည်ပအတွေ့အကြုံဖြစ်မှာပေါ့။

            မဟုတ်ဘူး။ NHK မှာ ဆိုရတာက ဘဘအတွက် ဒုတိယအကြိမ် ပြည်ပ အသံလွှင့်ဌာနမှာ ဆိုခွင့်ရခဲ့တာပါ။ ပထမအကြိမ် ရှိသေးတယ်။

(ဆက်လက်ဖော်ပြပါမည်။)

ဝင်းငြိမ်း

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...