ခိုင်နုလေး
၁။
ရေဒီယိုသတင်းဌာနမှ
မုန်တိုင်း ရှိသည်ဟူသော သတင်းကို ကြားလိုက်ရ၍ အရောင်းအဝယ် ကိစ္စတစ်ခုဖြင့်
အလည်ရောက်ရှိနေသော ဖုန်ညိုရွာမှ ခင်ခင်၏အစ်မ တင်တင် ရင်ဘတ်ကို လက်ဖြင့်
ဖိလိုက်သည်။ မျက်လုံးကိုလည်း နဂိုထက် ပြူးကျယ်လိုက်ပြီး ထမင်းပွဲ ပြင်နေသော
ညီမဖြစ်သူ ခင်ခင်ကို ကြည့်၍...
'ဘုရားရေ၊ ဒီလိုဆို
ဒုက္ခနဲ့တွေ့ပါပြီ'
ခင်ခင်သည်
အသက် ၅ဝ နားနီးတာတောင် တစ်ခါမျှ ဒုက္ခနဲ့မတွေ့ဖူးခဲ့သူကဲ့သို့ အလန့်တကြား
ပြောနေသော အစ်မဖြစ်သူ တင်တင်ကိုကြည့်၍ အိမ်ထောင်ကျပြီးကတည်းက တစ်ခါနှစ်ခါသာ
ဆုံဖူးပြီး ယခုမှ သူ့ကိစ္စကြောင့် ဖုန်ညိုရွာကို ရောက်လာ၍ ညီအစ်မနှစ်ယောက်
စကားပင်ပြော၍ မဝသေးခင် ခုလိုထိတ်လန့်စရာတွေ ကြားရသောကြောင့် စိတ်မကောင်း
ဖြစ်မိသည်။ ပြီး... တစ်ခုခုကို သတိရသွား၍လည်း ရယ်ချင်မိသည်မို့ 'အဟင်း'ဟု အသံထွက်သွားမိသည်။
'အံမယ်... မုန်တိုင်းရှိတယ်ဆိုတာ
နင်က ရယ်ချင်တယ်ပေါ့ ခင်ခင်။ ဟိုကို တင်ရမယ့်ပစ္စည်းတွေက အိမ်ကို ရောက်နေပြီဟဲ့။
တန်ဖိုးက နည်းတယ်ထင်လား'
'မဟုတ်ပါဘူး
တင်တင်ရယ်။ ခင်ခင်က ခင်ခင်တို့ ငယ်စဉ်က တစ်ခါ မုန်တိုင်းမိတုန်း ဖြစ်ပျက်ပုံကို
သတိရမိလို့ပါ။ အဟင်း... ဟင်း... တင်တင်ကော မေ့သွားပြီလား'
'သြော်... နင်က မသေလိုက်တာကို
ရယ်စရာ မှတ်တယ်ပေါ့။ ငါက ခံခဲ့ရသူဆိုတော့ မရယ်နိုင်ဘူးဟေ့။ ဘယ်တော့မှလည်း မမေ့ဘူး'
'ကဲပါ... တင်တင်ရယ်၊
ရေဒီယိုက ကြေညာတိုင်းသာ တိုက်မယ်ဆို ခက်ချည်ရဲ့။ သတိပေးတာပါ။ ဒီလောက်လည်း
ပူမနေစမ်းပါနဲ့'
ခင်ခင်က
အကြောက်ပြေစေချင်၍ ပြောလိုက်ပေမယ့် တင်တင်ကတော့ ကုလားထိုင်မှာပင် ထိုင်မနေတော့ဘဲ
ခြံထဲဆင်း၍ ကောင်းကင်မော့ကြည့်လိုက်၊ ပြန်တက်လာပြီး သူ့ရဲ့မြို့ကို
တင်မယ့်ပစ္စည်းထုပ်တွေကို လုံခြုံအောင် ချည်နှောင်ဖုံးအုပ်လိုက်နှင့်
အလုပ်ရှုပ်လျက် ရှိနေသည်။ တကယ်တော့ တင်တင်လည်း ဖုန်ညိုရွာသူတစ်ယောက်ပါ။ သူ့ရဲ့
ရှေးဘဝ ကုသိုလ်ကံ အကြောင်းကောင်း၍သာ ငွေကြေးချောင်လည်သော မြို့သားဝင်းထွန်းနှင့်
ဖူးစာဆုံ ပေါင်းဖက်ခဲ့ခြင်းပါ။ တင်တင် ဘုရားတလည်း တစရာပါ။ သူက ခဲမှန်ဖူးတဲ့
စာသူငယ်ဖြစ်နေရတာမို့လား။ လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်တုန်းက လေဆင် နှာမောင်းကြီး
ဖုန်ညိုရွာကို ဝင်ပြီး မွှေနှောက်ခဲ့သည်။ အဲဒီတုန်းက ခင်ခင်က ၁၅ နှစ်၊ တင်တင်က ၁၇
နှစ်၊ ညီအစ်မ နှစ်ယောက် နှစ်နှစ်ကြီး နှစ်နှစ်ငယ်မို့ အရွယ်ချင်းက သိပ်မကွာ။
ကျောင်းတက်တုန်း မိဘလုပ်စာကို ချွေတာရမှန်း မသိ၊ တစ်ဝတစ်ပြဲ
စားကောင်းတုန်းအချိန်လေ။ မိန်းကလေးလည်းဖြစ်၊ အပျိုဖော်ဝင်စအချိန်လည်း ဖြစ်တာတောင်
တစ်နေကုန် ကစားနေရရင် ညောင်းညာမှန်းမသိ။ အိမ်မှ တစ်ခုခု စေခိုင်းမှသာ
ညောင်းညာမှုကို တင်ပြညည်းညူတတ်တဲ့ ဆိုးတုန်းအရွယ်။
အဖေ့ပိုင်
လယ်ကလေးကရတဲ့ ဝမ်းစာလေး မလုံတလုံနဲ့ ဒုက္ခတွေ စုပြုံနေရတဲ့ဘဝကို နာကျင်ရမှန်းမသိ။
တခိခိ ရယ်မောရင်း ကစားဖော်တွေနဲ့ အူမြူးနေခဲ့ကြသည်။ တစ်နှစ်တစ်နှစ် အိမ်ရဲ့
အမိုးကမလုံ၊ လုံတဲ့နေရာက နည်းပြီး ယိုတဲ့နေရာက များနေတဲ့အတွက် တစ်နေရာမှာ
စုကွေးအိပ်စက်ကြရတဲ့ အခါသာမယ။ မိန်းကလေးတွေချည်း မွေးထားသဖြင့် အဖေ သက်သာရာမရ၊
ပင်ပန်းခဲ့သည်ချည်း။ သို့ပေမယ့် အဖေတစ်ခုပဲ သက်သာသည်။ ကောက်စိုက်မအတွက် ငွေမကုန်၊
ခင်ခင်တို့ နှစ်ယောက်တည်းနှင့် ပြီးသွားသည်။ (ကောင်းလိုက်တဲ့ အလုပ်)
□
၂။
အဖေ
မသက်သာဟု ဆိုပေမယ့် အမေလည်း ထိုနည်းတူစွာပင်။ အမေကတော့ အဖေ့လို ဘာမှမပြောဘဲ
ခင်ခင်တို့ ဆိုးသမျှ ငြိမ်ခံနေတတ်သူ မဟုတ်။
'ဘယ့်နှယ် သမီး
မိန်းကလေးတွေ မွေးထားတာ။ ဖအေဘက် အားကိုးမရလည်း မအေဘက်တော့ ရမယ်ထင်တာ။
ထမင်းချက်ခိုင်းရင် သူ့ခိုင်း ငါ့ခိုင်းနဲ့အတွက်စေ့ရင်း ရန်ပွဲဘက်
ဆက်ခဲ့ရတာချည်းပဲ။ ညည်းတို့ မရှက်ကြဘူးလား'
အမေ့ကို
ခုလို အိမ်ထောင်ကျပြီး ကလေးက တစ်ဖက်၊ မီးဖိုချောင်က မထွက်ရတော့မှဘဲ တွေးရင်း
ကိုယ်ချင်းစာပြီး သနားလာမိတယ်။ ခုတော့ အမေဆုံးတာလည်း ကြာခဲ့ပါပြီလေ။ အဲ.. ခုနက
စကားပြန်ဆက်ရရင် တစ်နေ့မှာ မိုးဦးကျခါစ အမေက အိမ်နဲ့အလှမ်းဝေးလွန်းတဲ့ လယ်တောထဲမှာ
တစ်မိုးစာအတွက် နွားနှစ်ကောင်နဲ့ ရုန်းကန်နေတဲ့အဖေ့ဆီကို ထမင်းပို့ဖို့
ညီအစ်မနှစ်ယောက်စလုံးကို လွှတ်ခဲ့သည်။ အဲဒီတုန်းက ခုခေတ်လို စက်မှု မထွန်းကားသေး။
ရေဒီယိုတောင် ရွာသူကြီး ဦးလှစိန်တစ်အိမ်တည်းမှာပဲ ရှိတာမို့ ညနေ ထမင်းစားသောက်ပြီး
ရေဒီယို နားထောင်ဖို့ ဦးလှစိန်အိမ်မှာ လူတွေ ရောက်နေတတ်သည်။ သတင်းတစ်ခုရလျှင်
ရေတွင်းနားတွင် လည်းကောင်း၊ ထန်းရည်ဆိုင်၊ အရက်ဆိုင်တွင်လည်းကောင်း၊
ဒေါ်နုနုအကြော်ဆိုင်တွင်လည်းကောင်း တစ်ဆင့် စကားတစ်ဆင့် အလေးထား
ပြောဆိုကြလေ့ရှိသည်။
အဲ...
တစ်နေ့တော့ မုန်တိုင်းရှိသည်ဟု ထူးထူးဆန်းဆန်းသတင်းတစ်ခုကြောင့် လူတွေ
ရုတ်ရုတ်သဲသဲပြော၍ မဆုံးနိုင်ကြသလို တခြားနိုင်ငံမှ မုန်တိုင်းကြောင့်
လူဘယ်နှယောက် သေဆုံးသည်၊ ဒဏ်ရာ ဘယ်လောက်ရသည် ဟူသော သတင်းကိုလည်း မကြာခဏ ရေဒီယိုမှ
ကြားနေကျလည်း ဖြစ်သည်မို့ တစ်ယောက်တစ်ပေါက် ဖြစ်နေကြသည်။ ကိုယ့်ရွာမှာ
မုန်တိုင်းဆိုတာ တစ်ခါမှလည်း မတိုက်စဖူး၍ သူတို့ အတွက် အထူးအဆန်းဖြစ်နေသလို
ကြောက်သည့်စိတ်ထက် မုန်တိုင်းဘယ်လိုများ တိုက်ပါလိမ့်ဆိုတာကို သိချင်
နေကြသူတွေလည်း ရှိပါသေးသည်။ ဒါပေမယ့် သူတို့ တစ်နေရာမှာ တစ်ဝိုင်းဖွဲ့၍သာ
ပြောဆိုနေကြပြီး အရေး တကြီး ဘာတစ်ခုမှလည်း ကြိုတင်ပြင်ဆင်ကြခြင်းလည်း မရှိပါလေ။
မုန်တိုင်းကြေညာ ထားသောရက်က ကုန်လွန်ခဲ့ပြီးဖြစ်၍ လူတွေ ကိုယ့်အလုပ် ကိုယ်ပြန်၍
လုပ်ကုန်ကြပြီး မုန်တိုင်းမတိုက်တော့ဟု ထင်ထားကြလေသည်။
ကံဆိုးချင်တော့
ခင်ခင်တို့ ညီအစ်မနှစ်ယောက် လယ်ထဲ ထမင်းပို့သွားသောနေ့မှာပဲ မုန်တိုင်းက လာလေ
တော့သည်။ ပထမတော့ တင်တင်က သီချင်းကို အော်ဟစ်သီဆိုပြီး လေနီကြမ်း
တစ်ချက်တိုက်သည်ကို စိတ်ကြိုက်တွေ့နေသည်။ ပါးစပ်ကလည်း လျှောက်အော်နေပုံက...
'မုန်တိုင်းရေ...
တိုက်တိုက်ဟေ့...ဟေ့ သတ္တိရှိရင် တိုက်လိုက်လေ အေ...အေ' ဟု
အော်နေသည်။ တင်တင် အော်၍ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဝူးဝူးနှင့် အသံပေးပြီး
တိုက်ခတ်လာသော လေလုံးကြီး၏အသံက ရုတ်တရက် ထွက်ပေါ်လာပါတော့သည်။
'ဟဲ့...ခင်ခင်
ဘာကြီးလဲ။ ဆင်...ဆင်လား၊ ဘာကြီးလဲဟ'
ပြော၍ပင်
မဆုံး။ လေက တဝုန်းဝုန်းနှင့် ဝှေ့လိုက်၊ မွှေလိုက်သည်မှာ ကယောင်ကတမ်း
လွင့်ထွက်မသွားဖို့အရေး ညီအစ်မနှစ်ယောက် တစ်ယောက်လက်တစ်ယောက် ကျစ်ကျစ်ပါအောင်
ဆွဲကိုင် ထားရာမှ တဖြည်းဖြည်း ကြမ်းလာသော လေ၏မညှာတာမှုကြောင့် ကိုယ့်အသက်
ကိုယ်လုရလေတော့သည်။
'တင်တင်၊ အား...
တင်တင်... သတိထားနော်၊ ရရာ...'
ရရာဖမ်းဆွဲဖို့ကို
ဆုံးအောင် မပြောနိုင်။ လေ၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်း ကံကောင်းထောက်မစွာ ရမိရရာ
ဖမ်းဆွဲအော်ငိုရင်း နောက်ဆုံး ပျဉ်းမပင်၏အငုတ် တစ်ခုကို မလွတ်တမ်း
ဆွဲကိုင်ထားမိလေတော့သည်။
□
၃။
ခင်ခင်သည်
ပျဉ်းမငုတ်တိုကို ဆွဲကိုင်ရင်း အလိုက်သင့် ငြိမ်နေရသည်။ တစ်ကိုယ်လုံးလည်း လေ၏
ရိုက်ခတ်မှုကြောင့် အေးစက်နေပြီး ကြောက်လန့်မှုကြောင့် တုန်ယင်လျက် ရှိနေရပါသည်။
တဖြည်းဖြည်း လေငြိမ်သွားသောအခါမှာ ပထမဦးဆုံး ခင်ခင်၏အတွေးထဲ တင်တင့်ကို
သတိရမိလာပြီး ထိုနေရာမှ ခွာကာ လိုက်ရှာမိသည်။
'တင်တင်ရေ၊ ဟေး...
တင်တင် နင်ဘယ်မှာလဲ'
အသံပေး
အော်ခေါ်ရင်း လယ်ကွင်းဘောင်ပေါ်တွေ လျှောက်ကာ ရှာနေမိသော ခင်ခင့်ကို ခပ်ဝေးဝေး
လယ်ကွင်းတစ်ခုမှ တင်တင်က အသံပေးလိုက်ပါသည်။ တင်တင်အော်နေသော လယ်ကွင်းက
သရက်ပင်အုပ်ကြားတွင် နွေမိုးဆောင်းနေ၍ရရန် ဆောက်လုပ်ထားသော တဲမက၊ အိမ်မကျ၊
တဲအိမ်ပိုင်ရှင် ဦးလှထွေး၏ လယ်ကွက်ထဲမှ ဖြစ်သည်။ ထိုနေရာသို့ ခင်ခင်
ရောက်လာခဲ့သည်။ တင်တင့်ကို ကြည့်လိုက်သော အခါ လယ်ကွက်အပေါ်ရှိ ဦးလှထွေးတို့
ဆင်နှင့်ဆွဲထားသော ထင်းတုံးကြီးဘေးတွင် အောက်ပိုင်းချောချောကြီးဖြင့် တွေ့ရလေသည်။
ခင်ခင်ကို မြင်တော့ ခြေထောက် တစ်ချောင်းကိုခွေ၊ တစ်ချောင်းကို အထက်ကဖိ၍ မလုံမလဲဖြစ်ကာ
မျက်နှာတစ်ခုလုံး ငိုမဲ့မဲ့ပုံသဏ္ဌာန်နှင့် ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း
ရောင်ကိုင်းလျက်ရှိ နေပါသည်။
'ဟင့်ဟင့်... အီး ငါ့
ထဘီ လေနဲ့ပါသွားပြီ။ သစ်ကိုင်းတွေ ရိုက်မိတာလည်း နာတယ်'
'ဟယ်...ဒုက္ခပဲ။
ဘယ်နေရာများ ပါသွားပါလိမ့်။ ဦးလှထွေးတဲမှာ လူရှိလား'
'ရှိတယ်။ ငါကြား
လိုက်တယ်။ သူတို့ငါ့ကိုများ ကြည့်နေကြလား မသိဘူး။ ဟင့်ဟင့်...ဟင့် ငါရှက် လိုက်တာ။
နင်က ဘာကြည့်နေတာလဲ။ ထဘီလိုက်ရှာဦးလေ'
'တဲက အလှမ်းဝေးတယ်။
သူတို့မြင်မှာ မဟုတ်ဘူး။ ထဘီက ဘယ်လွင့် သွားမှန်း မသိဘဲနဲ့ ဘယ်မှာ ရှာမတုံး။ နေဦး၊
ငါ ဦးလှထွေးမိန်းမ အရီးမြဆီမှာ ထဘီတစ်ထည် သွားငှားလိုက်မယ်။ နင် ကျန်ခဲ့'
'ဟဲ့... ခင်ခင်၊ အာ... မငှားနဲ့ဟာ။ ဒီလိုဆို သူတို့ ငါ့အဖြစ်ကို
ရိပ်မိသွားမှာ။ သွားပါဟာ။ ရှာလိုက်ပါ။ ပျောက်နေတာ ရှာရင်တွေ့မှာပဲ။ သွားပါ'
ရှက်လွန်း၍ တစ်ကိုယ်လုံး မုန်တိုင်းဒဏ်ကြောင့်ပါ တင်တင်တုန်နေသည်။ ခင်ခင် ထဘီရှာရန်
ထွက်လာ ခဲ့ပါသည်။ ကျန်ခဲ့သော တင်တင်မှာ လယ်ထဲမှ လူထွက်လာလေမလား။ နောက်ဘက်ကပဲ
လယ်ထဲလာတဲ့လူ ရှိလေမလားဟု ဟိုကြည့်သည်ကြည့်နှင့် စိုးရိမ်စိတ်တွေများ၍
ဒုက္ခတွေ့နေရပါတော့သည်။ တင်တင် ကြည့်နေစဉ်မှာပဲ တဲထဲမှဦးလှထွေး ထွက်လာပြီး
တင်တင့်ကို မြင်သွားပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းက ထင်းတုံးနှင့် ကာကွယ်ထား၍
ဦးလှထွေး မြင်နိုင်မည်ဟု တင်တင် မထင်ပေမယ့် တင်တင့်ဆီများ လာလေမလားဟု
စိုးရိမ်မိသလို ကိုယ့်စောင့်နတ်၊ တောစောင့်နတ်တွေကိုလည်း မမြင်ရဘဲ ရှက်နေမိပါသည်။
ဦးလှထွေးက မျက်စိရှေ့ လက်ကာ၍ တင်တင့်ကို တဲရှေ့မှ ကြည့်ရင်း...
'ဟဲ့... ဘယ်သူလဲ၊ ဘာဖြစ်တာလဲ'
ဦးလှထွေး မေးလိုက်တော့ တင်တင်ကိုယ် ဆတ်ခနဲတုန်သွားပြီး ဦးလှထွေး၏
သားစပ်စုကောင် ကျော်လှ များ ထွက်လာလိုက်မလားဟု တစ်ပူထပ်ရပြန်ပါသည်။ ဦးလှထွေး၏
အမေးကို ပြန်ဖြေဖို့ စဉ်းစားနေစဉ်မှာ ကံဆိုး လှစွာ တဲထဲမှာ ကျော်လှ
ထွက်လာပါတော့သည်။
□
၄။
'ဘုရား... ဘုရား... ကယ်တော်မူပါ'
ဦးလှထွေးကို ဘာမေးသည်မသိ။ ဦးလှထွေးက တင်တင့်ဘက်ကို လက်ညှိုး ထိုးပြလေသည်။
ခင်ခင်က လည်း ပေါ်မလာ။ တင်တင် သေချင်လောက်အောင်အရှက် ရနေလေပြီ။ တင်တင့်ကို
မြင်ပေမယ့် တင်တင့်ဘက် က အသံမပေး၍ ဘာမှန်း ညာမှန်း သေချာအောင် သားအဖနှစ်ယောက်
တင်တင်ရှိ ရာသို့ လျှောက်လာနေသည် ကို မြင်ရသောအခါ စပ်ဖျဉ်းဖျဉ်းနှင့် အေးစက်နေသော
ခန္ဓာမှာ ချွေးတွေပင် ပြန်လာပါတော့သည်။ ထိုစဉ် တင်တင်၏ နောက်ဘက်မှ အသံများကို
ကြားလိုက်ရသည်။
'သမီး တင်တင် အမေ လာပြီ၊ မပူနဲ့တော့'
အမေနှင့် ခင်ခင်က လယ်ကွင်းများကို ဖြတ်၍ ပြေးလာနေကြပေမယ့် သူတို့ လက်ထဲမှာ
တင်တင် မျှော်လင့်နေသော ထဘီက ပါမလာပေ။ ဦးလှထွေး သားအဖကလည်း တဖြည်းဖြည်း
နီးလာလေပြီ။ တင်တင့်အနီးသို့ အမေ အရင်ရောက်လာသည်။ အမေက ထဘီ တစ်ထပ်ကို
ချွတ်ချလိုက်ပြီး...
'ကဲ သမီး ဝတ်လိုက်... ဝတ်လိုက်၊ မြန်မြန် ရှေ့မှာ လူတွေလာနေတယ်'
အမေ၏ စိတ်ကူးကောင်းမှုဖြင့် တင်တင့်မှာ ထိုင်လျက်ကပဲ ကလေးအနှီးလှယ်သလို
လျှို၍ ဝတ်လိုက်ရပါသည်။ တင်တင်လည်း ထဘီဝတ်အပြီး ဦးလှထွေး သားအဖလည်း
အနားရောက်လာပါသည်။ ကံကောင်းသွား၍ ခုမှပဲ တင်တင် သက်ပြင်းချ နိုင်လေတော့သည်။
'သူ့အဖေက မိုးလေဝသ အခြေအနေမကောင်း တာမြင်လို့ စောစောဖြုတ်ပြီး ချောင်းကနေ
နွားရေတိုက် ရင်း ပြန်လာတာ။ ကျွန်မကလည်း အစောကြီး ထမင်းပို့လွှတ်လိုက်တော့
လမ်းလွဲသွားတာ ကိုလှထွေးရဲ့။ ခုလည်း လေငြိမ်တုန်း ကျွန်မ စိတ်ပူလွန်းလို့
လိုက်လာတာ'
'အေးဗျာ လေဒီလောက်နဲ့ မပြီးသေးဘူးနော်။ ပြန်ကြ၊ ပြန်ကြ။ ကျွန်တော့်မှာလည်း
လေကွယ်ဖို့ အပင်တွေ ရှိနေလို့သာ။ ခုလည်း ပျက်စီးတာတွေက မနည်းတော့ဘူး'
ထိုသို့ လူကြီးတွေ ပျက်စီးကြောင်း ပြောနေဆဲ တင်တင့်ကို ကြည့်နေသော
ကျော်လှ၏ စူးစမ်းသော အကြည့်ကြောင့် တင်တင် ထိုင်ရာမှထကာ ရှေ့မှ သွားလေတော့သည်။
ထိုအခါ ရှက်စိတ်ဖြင့် ရုတ်တရက် ဝတ်လိုက်သော ထဘီမှာ ဦးစောက်ကြီး ဖြစ်နေခဲ့သည်ကို
ကျော်လှက မြင်ဖြစ်အောင် မြင်လိုက်သေးသဖြင့်...
'ဟေ့ တင်တင်၊ နင့် ထဘီ ပြောင်းပြန် ပြန်ပြောင်း လိုက်ဦး' ဟု လှမ်းအော်လေသည်။ ထိုအခါ တင်တင် ဘာမျှမပြောနိုင်ဘဲ
သုတ်ခြေတင်ပြေးလေတော့သည်။ အမေနှင့် ခင်ခင်လည်း ကျော်လှကို စိတ်ဆိုးရခက်စွာ
တင်တင့်နောက်သို့ လိုက်လာကြရသည်။ မုန်တိုင်းကြောင့် ဒုက္ခတွေ့နေတာတောင်
အူမြူးနေသော ကျော်လှ၏ရယ်သံကို အဝေးရောက်သည့်တိုင် ကြားနေရဆဲဖြစ်သည်။ ထိုနှစ်က မနက်
တိုက်ထား၍ ခေါင်မိုးတို့ ယိုယွင်းပျက်စီးသည်ကို အားမရစွာ ညနေ ဘက်တစ်ခါ လေက
အငြိုးကြီးစွာ တိုက်လိုက်ပြန်လေသည်။ အိမ်ထဲမှ စပါးယိုင်ကြီးလည်း ပျက်စီး၊
အိမ်တစ်အိမ်လုံး ဟင်းလင်းပြင်ဖြစ်ကာ ကွဲကျနိုင်သည့်အရာ မှန်သမျှ ဘာတစ်ခုမှ မကျန်။
ထမင်းလည်း ငတ်သည့်နှစ် ဖြစ်ခဲ့ရသည်။ ဘယ်သူမှမသိနိုင်သော တင်တင်၏ထဘီ လေနောက်ပါသည့်
ကိစ္စမှာလည်း ကျော်လှတို့တဲနောက်ဘက် ဆီးချုံတွင် ငြိနေသည်ကို တွေ့ရှိသွားသော ကျော်လှကြောင့်
တင်တင့်အဖြစ်ကို ဆက်စပ်ရိပ်မိ၍ တစ်ယောက်စကား တစ်ရွာနားကြားပေါက်သွားခဲ့ပြီး တင်တင်
တစ်ယောက် အိမ်ထဲမှ အိမ်ပြင်ပင် မထွက်ဝံ့ခဲ့ပေ။
တင်တင် တစ်ယောက် ထိုကိစ္စကို အခြေခံ၍ အဒေါ်ဖြစ်သူရှိရာမြို့ကို
ရောက်သွားခဲ့ပြီး အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်ကျပြီးမှ ရွာကို အမေနှင့်အဖေ့အား
ကန်တော့ရန် ရောက်လာခဲ့သည်။ နဂိုကပဲ ကိုယ့်ဖို့ကလွဲ၍ ဘယ်သူ့ကိုမှ မညှာတတ်သော
တင်တင်ဟာ အိမ်ထောင်ကျမှ ပိုဆိုးသွားသည်။ စီးပွားရေးက လွဲ၍ ဘာရေးကိုမှ
သူ့ခေါင်းထဲသို့ မထည့်ပေ။
အခုလည်း
အမေဆုံးပြီးမှ ရောက်လာသည်က သူ့ စီးပွားရေးကြောင့်ပါ။ ဖုန်ညိုရွာမှ ပဲ၊ နှမ်း၊
ဆေးရွက်၊ တာရှည်ခံပစ္စည်းများကို ဝယ်ယူ၍ မြို့သို့ တင်ပို့ပြန်ရောင်းချခြင်း
ဖြစ်သည်။ ငွေရွှင်သလို စီးပွားရေး ဈေးကွက်ကို မြင်တတ်သည်။ ခင်ခင်ကတော့
လက်လုပ်လက်စား ဖုန်ညိုရွာသားနှင့်ပဲ အကြောင်းပါခဲ့၍ မပြည့်စုံခဲ့သော မိဘ၏ အမွေကို
ရရှိပြီး မပြေလည်မှုများစွာကိုသာ နေ့စဉ်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ဒါကို တင်တင်က
မြင်လည်းမြင်၊ သိလည်းသိပါသည်။ သို့ပေမယ့် ခင်ခင့်မိသားစုကိုတော့ ထားဦး၊
ခင်ခင့်အတွက်တောင် တင်တင့်ဆီမှ စေတနာဖြင့် ငါးမူးစေ့တစ်စေ့မှ
ပေးကမ်းစွန့်ကြဲခံရခြင်းကို မရရှိခဲ့ပေ။ အခုလည်း ရောက်သည့်နေမှစ၍ ဝယ်ခြမ်းစားရန်
ငွေကို မပေးခဲ့။ ရောက်နေသည်မှာ တစ်ပတ်ကျော်ခဲ့ပြီ ဖြစ်သည်။ တင်တင်ကတော့ ပြောပါသည်။
'ခင်ခင်ရေ...
နောက်တစ်ခေါက်မှပဲ မြတ်တဲ့ငွေနဲ့ ပိုပိုလျှံလျှံ ယူခဲ့တော့မယ်။ ခုတော့ ငွေက
ကုန်ပြီ။ ပစ္စည်းက ထပ်တောင်လိုချင်သေးတယ်'
'ခေါက်ပြန်ပေး
ပြောကြည့်ရင် ဖြစ်ပါတယ် တင်တင်ရယ်။ ငါ တစ်ယောက်လုံး ရှိနေတဲ့ဟာ'
'ကုန်သည်က ငါ
တစ်ယောက်တည်း မဟုတ်ဘူးဟဲ့။ ပြီးတော့ တစ်ခေါက်ဆိုပေမယ့် ငါက ချက်ချင်း
မလာနိုင်သေးဘူး။ ပြီးတော့ သူများက လက်ငင်းပေးဝယ်တာ။ ဘယ်တူမလဲ'
ပစ္စည်းက
လိုချင်သေးပေမယ့် ငွေက မရှိတော့ဟု ဆိုကတည်းက တင်တင့်ဆီမှ ငွေကစို့ကိုလည်း ခင်ခင်
မမျှော်လင့်ရဲတော့ပေ။ ရွာထဲမှာသာ တင်တင့်ကို ကောင်းကောင်းကျွေးချင်၍ ဝယ်ချက်ခဲ့သော
ကြက်ကြွေး၊ ဟင်းကြွေး၊ ဆီကြွေးတွေကိုသာ ပြန်ဆပ်ဖို့ကို ကြံနေမိသည်။ မနက်ဖြန်
တစ်ရက်နေလျှင် ပြန်မည်ဟု ဆိုထားသော တင်တင် ရေဒီယိုနားမှ မခွာနိုင်။ မနက် ၈
နာရီခွဲ၍ ရေဒီယို ပိတ်သွားပေမယ့် ရေဒီယိုအနီးမှာ ငိုင်နေဆဲဖြစ်သည်။
ကဆုန်လရောက်တာတောင် မပြုပြင်နိုင်သေးသည့် အိမ်ခေါင်မိုးကိုလည်း မော့ကြည့်နေသည်။
အမိုးက သုံးနှစ်ကြာခဲ့ပြီမို့ ဆွေးမြည့်နေပြီ ဖြစ်သည်။ မိုးစာဆန် ယိုင်ကလေး၏
နေရာကိုသာ လုံခြုံအောင် လုပ်ထားနိုင်သည်။ သားအကြီးကောင်က ဖအေနှင့်
လယ်ထဲသို့လိုက်ရန် အားကိုးရနေပြီး ကျန်နှစ် ယောက်က နို့ညှာနှင့် နို့စို့
အရွယ်တွေ။ အိမ်ကိုတော့ ဒီနှစ် မမိုးလို့မဖြစ်။ စပါးဖိုး ငွေယူပြီး
မိုးဖို့စဉ်းစားထားပါ သည်။ ဒါပေမယ့် ခုချိန်ထိတော့ အကောင်အထည် မပေါ်နိုင်သေး။ အကြွေးတွေက
ထပ်နေသည်။
□
၅။
ခင်ခင်
ခန့်မှန်းချက်အရ နှစ်သိန်းဖိုးလောက်ရှိမည်ထင်သော ပစ္စည်းထုပ်ဘေးမှာ တင်တင်
အကြံအိုက်နေ သည်။ တင်တင်က သူသွားမည့်နေ့ကားကို ချိန်းထား၍ ကားက
ခုရောက်မလာသောကြောင့် နောင်တရနေသည်။ သူက ရေဒီယိုအနားမှာ ရှိနေသည်မို့
ဒီအကြိမ်နဲ့ဆို ကြေညာတာ သုံးကြိမ်ရှိပြီဟု မျက်နှာမကောင်းစွာ ပြောသည်။ ခင်ခင်ကလည်း
ဖျောင်းဖျရုံကလွဲ၍ အတိအကျမပြောတတ်။
'ခင်ခင်
နင်တို့အိမ်ကို မိုးဖို့ မစဉ်းစားကြတော့ဘူးလား။ ဘာလုပ်နေကြတာလဲ ဟယ်'
ထိုအခါ
ပါးနပ်သော တင်တင့်ကို အပေါ်ယံချိုပြီး စိတ်ထဲမှ အစာမကြေဖြစ်နေသော ခင်ခင့်ယောကျ်ား
ကိုဘဝေက...
'မမိုးတော့ဘူးဟေ့။
မုန်တိုင်းတိုက်ပြီးမှပဲ မိုးတော့မယ်။ ခုမိုးရင် နှစ်ခါကုန်မယ်။ တို့မှာ
နှစ်ခါမပြောနဲ့၊ တစ်ခါတောင် ကုန်ဖို့ငွေ ဘယ်မှာနေမှန်း မသိသေးဘူး'
ကိုဘဝေက
ပြောပြီး နောက်ဖေးဝင်သွားသည်။ ခင်ခင်က မချိပြုံးလေး ပြုံးပြလိုက်ရပါသည်။ ထိုစဉ်
တင်တင်က မျက်လုံးပိုပြူးသွားပြီး သူ့ရဲ့ခရီးဆောင်အိတ်ကို ဖွင့်လိုက်သည်။
ခင်ခင်လည်း စိတ်ဝင်စားသွားသည်မို့ တင်တင် ယူလိုက်သည်ကို ကြည့်လိုက်သောအခါ
ငွေမရှိတော့ဟု လက်မှိုင်ချနေသော တင်တင့် လက်ထဲမှာ ၂ဝဝထပ် အထပ်လိုက်ကို
တွေ့လိုက်ရပါသည်။ သည်တစ်ခါ မျက်လုံးပြူးရသူက ခင်ခင် ဖြစ်နေပါသည်။
'ရော့...ရော့ ခင်ခင်၊
ဒါ ငါ လိုရမယ်ရ ချန်ထားလိုက်တဲ့ငွေ။ အုန်းသွားဝယ်ဟာ။ မိုးရုံတင်မကဘူး။ အခိုင်အမာ
ချည်နှောင်ဖိတုပ်ကြပေါ့ဟာ။ ကဲ...ခုချက်ချင်း သွားတော့၊ သွားတော့'
လက်ထဲသို့
ထိုးထည့်လာသော ငွေထုပ်ကို အံ့သြစွာ ဆုပ်ကိုင်ရင်း ကိုဘဝေဆီ ခင်ခင် ထွက်လာခဲ့မိသည်။
ပြီး တင်တင့်စိတ်တိုင်းကျ ဖြစ်စေရန် ရွာ၏ဓလေ့အတိုင်း ရွာသားတစ်ယောက် နှစ်ယောက်ကို
ထမင်းကျွေး၊ အရက်တိုက်၍ ဝိုင်းဝန်းပြုပြင် ကြသည်။ အထပ်ထပ်ခိုင်မာအောင် ချည်နှောင်၍
သစ်သားများကိုလည်း ခေါင်မိုး တွင် ဖိကြသည်။ သူတို့တွေအတွက် ထမင်းဟင်းချက်ရင်း
ခင်ခင် ပြောသည်။
'တင်တင် နင့်ငွေ
ငါးထောင်ကို ကိုဘဝေက ပြန်ပြီးဆပ်နိုင်မှာ မဟုတ်ဘူးနော်' ဆိုတော့
တင်တင်က ခေါင်းကိုမော့ ရင်ကိုချီလို့ ခပ်ဆပ်ဆပ် ပြန်ပြောသည်။
'အမလေး... ဒီငွေလောက်
တင်တင် လွှင့်ပစ်သလောက်ပါအေ။ ငါ့မှာ ကုသိုလ်တောင် ရဦးမယ်။ နင့်ယောကျ်ားသာ
လူ့တန်ဖိုး နားမလည်တာ။ ငါ နင့်အတွက် စိတ်မကောင်းပါဘူး ခင်ခင်ရယ်'
ခင်ခင်
ခေါင်းငုံ့၍သာနေလိုက်ပါသည်။ ခင်ခင်တို့ပဲ ကံကောင်းတာလား၊ တင်တင်ပဲ
စေတနာမှန်လို့လား မသိ။ လေပြန်ငြိမ်သွားသည်။ တင်တင် ပြန်ရမည့်ရက်သို့ရောက်၍ ကားပင်
ရောက်နေပေပြီ။ ကားပေါ်သို့ လှည်းဖြင့် ပစ္စည်းတွေကို နှစ်ခေါက်တင်ရသည်။ နောက်ဆုံးအခေါက်တွင်
တင်တင် လှည်းပေါ်သို့တက် လိုက်သည်။ ကလေးတွေကိုပင် နှုတ်ဆက်ဖော်မရ။ ခင်ခင့်က
ပြုံးရင်းလက်ပြတော့ တင်တင် ပြုံး၍ခေါင်း ညိတ်ပြသည်။ သို့ပေမယ့် တင်တင်ပြုံးတာက
မဲ့တာနှင့် တူနေသည်ဟု ခင်ခင်ထင်သည်။ ဘာပဲဖြစ်ဖြစ်လေ။ တင်တင့်ကြောင့် ခင်ခင်တို့
ဒီနှစ် လုံလုံခြုံခြုံနေရတော့မှာ။ ကျေးဇူးတင်ပါတယ် တင်တင်။ တင်တင်က ခဏ ခဏတော့
လှည့်လှည့်ကြည့်သဖြင့် ကိုဘဝေက...
'နင့်အစ်မ
တို့နဲ့ခွဲရပြီ ဆိုပြီး စိတ်မကောင်းလို့ ကြည့်တယ်မထင်နဲ့။ လေမတိုက်ဘဲ
သူ့ငွေကုန်သွားတာ နှမြောလွန်းလို့ ကြည့်တာ' တဲ့။ ခင်ခင်ကတော့
မထင်ရဲပေမယ့် နောက်နှစ်ပတ်အကြာ မြို့က ပြန်လာတဲ့ ကိုထွန်းခင်က ပြောသည်။ 'နင့်အစ်မက အဲဒီမှာ လေတိုက်သေးလားလို့ ငါ့မြင်ရင် အမြဲမေးတယ်' ဆိုပဲ။ အံ့ရော...။ ဒါပေမယ့် ခင်ခင်ကတော့ ကျေနပ်တယ်။ ဒီနှစ်အမိုးအတွက်
ပူစရာမှ မလိုတော့တာဘဲ ဥစ္စာ။
▀
ခိုင်နုလေး
(အမှတ် ၁၉၃၊
ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...