ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

လျော့သွားသောပါးစပ်တစ်ပေါက်

ရန်ကုန်ဘဆွေ

01 September 2025
လျော့သွားသောပါးစပ်တစ်ပေါက်
Share to

            အေးသီသည် နောက်ဖေးသစ်ပင်အုပ်ကြီးထဲမှ ဥသြမြည်သံနှင့်အတူ အိပ်ရာမှ လူးလဲထလိုက်သည်။ အေးသီ၏ အမေသည် မီးဖိုဆောင်အတွင်း၌ မီးကလေးတလက်လက်နှင့် ရှိနေပြီ။ ညီမကလေးနှင့် မောင်ကလေးတို့သည် အဖာအထေးများနှင့်တကွ ဖားဥတွေစွဲလျက် ညိုညစ်ညစ် ဖြစ်နေသော ခြင်ထောင်အစပ်တွင် ဟိုဘက်တစ်ယောက် သည်ဘက်တစ်ယောက် ဖိကပ်အိပ်နေကြ၏။ ညစ်ထပ်ထပ် ရှပ်အင်္ကျီမျှသာဝတ်ထားသော မောင်ကလေးသည် ပေါင်ခြံတွင်းကို လက်နှစ်ဖက်စုံသွင်းလျက် ဖင်တုံးလုံးနှင့် ကွေးကွေးကလေး အိပ်နေ၏။ အေးသီသည် မိမိ၏လွှာချင်း အညာစောင်ကလေးကို မောင်ကလေးပေါ်သို့ လွှားခြုံကာ ခြင်ထောင်ထဲမှ ထွက်လာသည်။

            တစ်ဖက်ခြင်ထောင်မှ ဟောက်သံကို ကြားရသောကြောင့် အဖေသည် သင်္ဘောကြီးကူလီလုပ်ရာမှ ယနေ့နံနက် အစောကြီး ပြန်ရောက်လေဟန်တူကြောင်း အေးသီသိသဖြင့် အဖေမနိုးရန် ဖြည်းညှင်းစွာ သွားသည်။ ဝါးကြမ်းပြင်သည် ကျိုးကျိုးကျည်ကျည်ဖြင့် မြည်သေး၏။ သို့ရာတွင် အေးသီအဖေကား မနိုးသေး။

            အေးသီသည် အိမ်ဘေးရှိ မီးဖိုချောင် ပြုလုပ်ထားသော အဖီဝတွင်ထိုင်လျက် ဖားလျားကျနေသော ဆံပင်များကို ရစ်ပတ်လိုက်သည်။ ထို့နောက် မြေစိုက်မီးဖိုအတွင်းမှ တောင်းများ၊ လင်ဗန်းများကို ဆွဲယူလျက် မနီးမဝေးရှိ ရေဘုံဘိုင်သို့ သွားရောက်သည်။ ရေဘုံဘိုင်ရေထမ်းစားသော အညာသား ကိုစံအေးသည် ဘုံဘိုင်ခေါင်းတစ်ခုတွင် သံပုံးတစ်လုံးစီချ၍ ရေခံနေ၏။

            အေးသီသည် ရေဘုံဘိုင်ရှိ အောက်ခံသံမံတလင်းပေါ်သို့ ဗန်းများ၊ တောင်းများကို ချရင်း ပါးစပ်မှ ရှီခနဲမြည်အောင် လေကို မှုတ်ထုတ်လိုက်ပြီးလျှင် 'အမယ်လေး... ချမ်းလိုက်တာ'ဟု မေးခတ်သံနှင့် ပြောလျက် ကုပ်ကုပ်ကလေး ထိုင်ချလိုက်သည်။

            'ချမ်းရင် ငါ့ယူပါလားဟ။ ငါက နင့်ကို နွေးနေအောင် ဖက်ထားပေးမှာပေါ့'

            'မသာကြီးနော်၊ တော့်ယူရင် နွေးဖို့နေနေသာသာ တော်နဲ့လိုက်ပြီး အခုလိုရေထမ်းနေရလို့ ပိုတောင်ချမ်းဦးမယ်'

            အေးသီသည် ပြောပြောဆိုဆိုနှင့် မိမိဘက်တွင်ရှိသော ရေဘုံဘိုင်ခေါင်းအောက်မှ စံအေး၏သံပုံးကို တွန်းဖယ်ပစ်လိုက်သည်။ ထို့နောက် မိမိယူလာသောတောင်းများ၊ ဗန်းများကို ဆေးရင်း...

            'အညာသားက အညာသားပီပီ လောဘကြီးတယ်။ ဘုံဘိုင်ခေါင်းနှစ်ခုစလုံးများ သူ့ဘိုးအေပိုင်ပစ္စည်း အောက်မေ့နေသလား မသိဘူး'ဟု ပြောလိုက်သည်။

            စံအေးကြီးမှာ သဘောကောင်းသူ ဖြစ်သည့်အလျောက် မိမိဘက်မှ သံပုံးတွင် ရေပြည့်သွားသဖြင့် အေးသီ တွန်းထုတ်လိုက်သော သံပုံးကို မိမိဘက် ရေဘုံဘိုင်ခေါင်းအောက်သို့ ယူ၍ ရေဆက်ခံသည်။

            'အေး... အခုတော့ ပြောဦးပေါ့ဟာ။ နောက်မှ ကိုစံအေးကြီး မယူလိုက်ရတာ မှားလေခြင်းဆိုပြီး...'

            'အမယ် သေနာကောင်ကြီးက တော့်လိုအညာသားကို ကျုပ်တင်မဟုတ်ဘူး။ ဘယ်သူမှယူမှာ မဟုတ်ဘူး။ တော်သေရင် ငှက်ပျောတုံး ပေါင်ချရမယ်သိလား'

            'တယ်... ဒီဂန်းမလေး မဦးမချွတ်နဲ့။ နင်တောင် အစက ငါ့ကို ကြိုက်မလို့မဟုတ်လား။ ဆိုက်ကားသမား ထွန်းဆိုင်က လက်မြန်ခြေမြန်နဲ့မို့ နင် သူ့နောက်ပါသွားတာပါဟာ။ ငါ့ပြောစမ်း၊ သူက နင့်ကို ဘယ့်နှယ်လုပ်လိုက်လို့ နင် သူ့ နောက်ပါသွားရတာလဲ'

            'မသာကြီးနော်'

            အေးသီသည် စံအေးကြီးအား ဆေးနေသော လင်ဗန်းနှင့် ခုတ်လိုက်၏။ စံအေးကြီးက မထိအောင် ရှောင်ပြီးလျှင် သူ့ရေပုံးများကို ထမ်းပြေးသည်။

            နှင်းနှောက်သော လသည် ဝါးရုံပင်များကို လှုပ်ရမ်းလိုက်ရာမှ အေးသီကို ပက်ဖျန်းသွား၏။ အေးသီသည် ဘုံဘိုင်တွင် ကုန်း၍ မျက်နှာသစ်လျက် ပါးစပ်မှ တရှီးရှီးမြည်ရင်း အိမ်ဆီသို့ ပြေးသည်။

            အေးသီ၏မိခင်သည် နောက်ထပ်ပဲပြုတ်တစ်ပေါင်းကို မီးဖိုပေါ်မှချလိုက်၏။ အေးသီသည် သံပုံးနှစ်လုံးကို ဆွဲလျက် ရေဘုံဘိုင်သို့ ပြေးရပြန်သည်။ ထို့နောက် အခြားအိမ်မှုကိစ္စများကို လုပ်ရသည်။ ပြီးမှ သနပ်ခါးလိမ်းပြီးလျှင် ထသွားထလာအတွက် တစ်စုံတည်းမျှသာရှိသော အင်္ကျီနှင့်လုံချည်ကို လဲလှယ်ဝတ်ဆင်သည်။

            ခပ်လှမ်းလှမ်း ကားဆိပ်ဆီမှ ဈေးသည်ကြိုသောကားသည် ဟွန်းကို တပွမ်ပွမ်နှင့် တီးလျက်ရှိရာ တိတ်ဆိတ်သော နံနက်ခင်းသည် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ ကားဆိပ်မှ ဟွန်းသံသည် ကားထွက်သွားသံနှင့်အတူ ပျောက်ကွယ် တိတ်ဆိတ်သွားပြီးနောက် မကြာမီအတွင်း ကျီးအော်သံများကို ကြားလာရသည်။

            ထိုအချိန်နှင့် မရှေးမနှောင်းပင်လျှင် 'ပဲဗျို့...' ဟူသော အသံစူးစူးကလေးကို ကြားတတ်ကြရ၏။ ထိုအသံသည် အေးသီ၏အသံဖြစ်လေသည်။ အေးသီနှင့်အမေသည် ပဲပြုတ်တစ်တောင်းစီနှင့် ရှေ့နောက်ထွက်လာကြပြီးလျှင် အေးသီ၏ မိခင်က အေးသီကို ကျောခိုင်းလျက် တစ်ဖက်သို့ လှည့်သွား လိုက်တိုင်း အေးသီကလည်း ဤ 'ပဲပြုတ်'ဟူသောအသံကို ပင်ကိုယ်ကရုဏသံကလေးနှော၍ 'ပဲဗျို့'ဟု ဆွဲဆွဲငင်ငင် ဟစ်အော်နေကျဖြစ်သည်။

            အေးသီ၏အသံသည် တိတ်ဆိတ်သော နံနက်ခင်းတွင် အိပ်ရာပေါ်၌ လဲလျောင်း အပျင်းထူနေကြသူများကို သာသာယာယာနှင့် နိုးစေနိုင်ရုံမျှမက လမ်းတစ်ဖက်တစ်ချက်ရှိ အိမ်များ၊ သစ်ပင်များကို ရိုက်ခတ်ပြီးလျှင် ကောင်းကင်ယံသို့ လျှံတက်သွားစေသည်။

            သို့သော် ဈေးဝယ်လိုသူ တစ်စုံတစ်ယောက်သည် အေးသီ၏အသံကို ကြားလိုက်ရလျှင် အသံမပျောက်မီ ထွက်၍ခေါ်မှ အေးသီကို တွေ့ကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အနည်းငယ်မျှ နောက်ကျနေမည်ဆိုပါက အေးသီသည် အခြားလမ်းထိပ်တစ်ခုသို့ ရောက်ရှိချိုးဝင်နေပြီး ဖြစ်ပေလိမ့်မည်။

            ဤအကြောင်းကို သိပြီးဖြစ်သော ထွန်းဆိုင်သည် အေးသီ၏ အော်သံမဆုံးမီပင်လျှင် 'လာဦး'ဟု အိပ်ရာထဲမှနေ၍ အသံပြုလိုက်သည်။

            တကယ်ဆိုတော့ ထွန်းဆိုင်မခေါ်သော်လည်း အေးသီကမူ ဝင်နေကျဖြစ်၍ ဝင်လာမည်သာ ဖြစ်သည်။

            'သူဌေးက ခုထက်ထိ မထဘူး။ စည်းစိမ်တော် ကြီးနေလိုက်တာ'

            'ချမ်းလွန်းလို့ပါဟ။ ငါ တစ်ညလုံး ဆိုက်ကားဆွဲနေရတာ အခုလေးနာရီထိုးပြီးမှ ပြန်လာရတာ'

            'အမယ်လေး... ကိုယ့်လောဘနဲ့ကိုယ်စားဖို့ရှာတာ ဘယ်သူက သနားနေရဦးမှာလဲ။ ကဲပါ၊ လုပ်ပါ။ သူများ နေမြင့်နေပါဦးမယ်'

            'သွားပါဟာ။ နင့်ဟာနင်ပဲ မီးဖိုထဲက ပန်းကန်လေး ဘာလေးယူပြီး ထည့်သွားစမ်းပါ။ ငါချမ်းလွန်းလို့ အိပ်ရာက မထပါရစေနဲ့'

            'တော်စမ်းပါ၊ ကိုယ့်ဟာကိုယ် သွားယူပါလား။ ကြီးကြီးကော...'

            'တို့အမေက နောက်လေးငါးရက်ကြာရင် နိဗ္ဗာန်ရောက်တော့မယ်ဟ။ မနေ့တည်းက ဘာဆရာတော်ကြီးဆိုလား၊ အဲဒီ သွားပြီး ကမ္မဋ္ဌာန်းထိုင်တယ်လေ'

            'ကဲပါတော်၊ ယူမှာလား၊ မယူဘူးလား။ ကျုပ် အချိန်ကုန်တယ်။ မယူမှာဖြင့် သွားမယ်'

            'ခက်ပါဘိဟာ။ ယူချင်လို့ တမင်ခေါ်လိုက်တဲ့ဟာပဲ။ ငါ့မှာ အအေးပတ်နေလို့။ ဟောဒီမှာ လာစမ်းကြည့်စမ်း။ ငါ့လက်တွေ အေးစက်နေတာပဲ'

            'စမ်းချင်ပါဘူး'

            'မစမ်းချင်လည်း သွားပါဟယ်။ နင့်ဟာနင်ပဲ ပန်းကန်ထဲမှာ ထားပစ်ခဲ့ပါ။ အဲဒီလိုမှမဟုတ်လည်း နင့်သဘောပဲ။ သွားချင်လည်း သွားတော့'

            'တွေ့လိုက်ရင် ဒီလိုပဲ။ တော်တော့်ကို စီးပိုးတယ်။ နေရာတကာမှာ ပိုင်စိုးပိုင်နင်းနဲ့'

            အေးသီသည် ပြောပြောဆိုဆို ဆင့်ကလေးပေါ်သို့ လှမ်းတက်လိုက်ကာ ထွန်းဆိုင်၏ခြေရင်းမှဖြတ်လျက် မီးဖိုကလေးထဲသို့ ဝင်သွားသည်။

            အေးသီ ပန်းကန်ယူနေစဉ် ဝါးကြမ်းပြင်ကို နင်းလာသံ ကြားရပြီးနောက် အေးစက်သော လက်နှစ်ဖက်သည် အေးသီ၏ ခါးကို ရစ်ပတ်လိုက်ခြင်း ခံလိုက်ရသည်။

            အေးသီသည် ရုန်းကန်ခြင်းမပြုသော်လည်း ရင်ထဲတွင် ရုတ်တရက်ဖိုသွားသည်။ ပန်းကန်ပြန်ချလိုက်ပြီးလျှင် 'တော် ဒီလိုမလုပ်နဲ့နော်။ ဒီလိုလုပ်တာမကောင်းဘူး။ ကျုပ် အစက တည်းက အထင်သား'ဟု တုန်တုန်ရီရီမောသံနှင့် ပြောရင်း ထွန်းဆိုင်၏လက်နှစ်ဖက်ကို မိမိလက်နှစ်ဖက်နှင့် ဆုပ်ကိုင် ဖယ်ပစ်နေသည်။

            'ချမ်းလွန်းလို့ပါဟ။ နင့်ကိုယ်လေး ဖက်ထားရတာ သိပ်နွေးတာပဲ'

            ထွန်းဆိုင်သည် အေးသီ၏နောက်မှ ခေါင်းချင်းထိလျက် အေးသီ၏နားဝသို့ ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

            'ဟင့်အင်း...ဟင့်အင်း... တော်မကောင်းဘူး။ ကျုပ် ဈေးသွားရောင်းရဦးမယ်။ တော်လွှတ်'

            အေးသီသည် ကတုန်ကယင်နှင့် ပါးစပ်မှ ဤသို့ပြောနေသော်လည်း မိမိကိုယ်တိုင်မူ မိမိဘာသာ ဘာလုပ်မိသည် မသိဘဲ ထွန်းဆိုင်၏လက်နှစ်ဖက်ကို လွှတ်လိုက်မည် စိုးသကဲ့သို့ အတင်းဖျစ်ညှစ်ဆွဲဖိထားမိနေသည်။

            'တို့ တစ်ယောက်နှင့်တစ်ယောက် ကြိုက်လာကြတာလည်း ကြာလှပါပြီဟာ။ ငါ နင့်ကို တကယ်ယူပါ့မယ်ဟာ။ နင် ငါ့ကို မချစ်ဘူးလား'

            အေးသီသည် အာစေးထည့်ထားသလို စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ဖြစ်နေ၏။ ထိုနေ့နံနက်တွင် အေးသီ ပဲပြုတ် ဆက်လက်မရောင်းဖြစ်တော့ချေ။ နေကလေး အနည်းငယ် မြင့်လာသောအခါ အေးသီ ငိုပါလေတော့သည်။ ထွန်းဆိုင်၏ ရင်ဘတ်ကိုလည်း တဗုန်းဗုန်းနှင့် မြည်အောင် ထုတော့သည်။

            'ကဲ... မထူးပါဘူး အေးသီရာ။ ငါ့အမေကလည်း တစ်ပတ်လောက်နဲ့ ပြန်လာမှာမဟုတ်ပါဘူး။ နင် ဒီမှာပဲ နေလိုက်ပေါ့'

            'ဟုတ်တယ်။ အားကြီးကြီး ဖြစ်လိမ့်မယ်။ ဒီလမ်း တစ်လမ်းတည်းမှာ အတူတူနေကြတဲ့ဥစ္စာကို အမေတို့ အဖေတို့က မသိဘဲ နေမလား။ တော်ကြီး၊ တော်ကြီး ဘာမှမစဉ်းစားဘူး။ အရမ်း... အရမ်း...'

            အေးသီ၏ စကားလုံးထဲတွင် လက်သီးဆုပ်ကလေးများပါ ရောပါလာသည်။ ထို့နောက် ငိုလည်း ငိုလိုက်လေသေးသည်။

            ထွန်းဆိုင်သည် စွပ်မိစွပ်ရာ ထင်သလိုလုပ်တတ်သူ ဖြစ်သော်လည်း အေးသီကိုတော့ တကယ်ချစ်မိနေသည်။ ထို့ကြောင့် အေးသီငိုသည်ကို သူ မကြည့်ရက်။ အေးသီငိုနေသမျှ သူ့တာဝန် မကင်းဖြစ်ရသည်။ ထို့ကြောင့် အေးသီကို ချော့မော့၍ ထားပစ်ခဲ့ပြီးလျှင် သူ အပြင်သို့ ထွက်သွားသည်။ အေးသီ သိပ်မမျှော်ရသေးမီပင် ထွန်းဆိုင် ပြန်ရောက်လာသည်။ ထွန်းဆိုင် ပြန်ရောက်လာသောအခါ အညာသားစံအေးနှင့် သူ့အဖော် ဆိုက်ကားသမားတစ်ဦး ပါလာသည်။

            ထွန်းဆိုင်၏အစီအစဉ်များမှာ အေးသီ၏ မရောင်းသေးသော ပဲပြုတ်များကို သူငယ်ချင်းဆိုက်ကားသမားများနှင့် ရင်းနှီးခင်မင်သူတွေ ဝေယူလိုက်ကြရန်။

            ထို့နောက် နေ့စဉ် အေးသီပြန်အပ်နေကျ ပိုက်ဆံအရေအတွက်အတွင်း ထွန်းဆိုင်က ထုတ်ပေးထားခဲ့၍ အညာသား စံအေးကြီးက ပဲပြုတ်တောင်းနှင့် ပိုက်ဆံကို ယူသွားလျှင် အေးသီတို့အမေကို ပေးအပ်ရန်။

            ထို့နောက် အေးသီသည် ထွန်းဆိုင်နှင့် လိုက်ပြေးကြပြီဖြစ်ကြောင်းကို ပြောပြရန်မိမိအား သွားပို့ပေးပါဆိုသဖြင့်သာ လာပို့ရသည်။ သူတို့ ဘယ်ထွက်သွားပြီဟုပြောရန်။

            သူငယ်ချင်း ဆိုက်ကားသမားက အေးသီနှင့်ထွန်းဆိုင်တို့ကို တစ်နေရာရာသို့ လိုက်ပို့ပေးပြီးလျှင် အေးသီတို့အိမ်က အခြေအနေများကို စံအေးဆီမှတစ်ဆင့် တစ်နေ့တစ်ကြိမ် လာရောက်သတင်းပို့ပေးရန်။

            ထွန်းဆိုင်သည် ဤအစီအစဉ်အတိုင်း ပြုလုပ်ပြီးလျှင် တံခါးမျှမရှိသော မိမိ၏အိမ်ကလေးကိုလည်း အဖော်ဆိုက်ကားသမားနှင့် စံအေးကြီးတို့ကို အပ်ထားပစ်ခဲ့ကာ အဖော်ဆိုက်ကားသမား လိုက်ပို့ရာသို့ အေးသီနှင့်အတူ ပါလာခဲ့ကြသည်။

            အဖော်ဆိုက်ကားသမား၏ မိတ်ဆွေမှာ အလွန်ဖော်ရွေသော လူပျော်ကြီးဖြစ်လျက် ယခုအခါတွင် ဆိုက်ကားမနင်းဘဲ သုံးဘီးကားမောင်းနေသည် ဆို၏။

            ထွန်းဆိုင်တို့ ရောက်သွားကြသောအချိန်တွင် အလွန်ဝမ်းမြောက်ဝမ်းသာဖြင့် ထွန်းဆိုင်တို့ လင်မယားအတွက် ကျူထရံများကာ၍ အခန်းကလေးတစ်ခုကို ချက်ချင်းလုပ် ပေးရှာသည်။

            ထို့နောက် 'အတော်ပဲဟေ့၊ တို့ဆရာသမီး မင်္ဂလာဆောင် မလို့ကွ။ အဲဒီအိမ်မှာ ဝိုင်းလုပ်ပေးဖို့ မင်းအပေါင်းအသင်းတွေ ခေါ်ခဲ့စမ်းပါဦးလို့ ပြောထားတယ်။ မင်းတို့လင်မယား အသစ်စက်စက်ရော၊ ဟိုကောင်ရော ငါ့အပေါင်းအသင်းတွေအနေနဲ့ ဝိုင်းဝန်းကူညီကြပါဦးကွာ'ဟု ဆိုလာ၏။

            ဟိုကောင်ဆိုသည်မှာ ထွန်းဆိုင်၏အဖော်ကို ပြောခြင်း ဖြစ်သည်။ သို့သော် ထိုအဖော်ဖြစ်သူမှာ ထွန်းဆိုင်တို့အတွက် သတင်းလာပို့ရဦးမည် ဖြစ်သဖြင့် ထွန်းဆိုင်တို့နှင့် အတူမနေနိုင်သေး။ ထွန်းဆိုင်တို့ လင်မယားသာလျှင် ကျန်ရစ်ခဲ့ကြသည်။

            အေးသီသည် အပျက်အပျက်နှင့် ယခုလို တကယ်ထွက်လာခဲ့ရမှ မောင်လေးကို အောက်မေ့သလိုလို၊ ညီမကလေးကို လွမ်းသလိုလို ဖြစ်နေ၏။ အမေ့စိတ်ထဲမှာ ဘယ်လိုနေမလဲ၊ အဖေကများ သိပ်စိတ်ဆိုးနေမလားဟု တွေးတောနေ၏။

            ထို့ထက် ငါတစ်ယောက် ဈေးရောင်းပေးမည့်လူလျော့ သွားလျှင်တော့ အမေတို့အဖေတို့ ကျပ်တည်းလာကြတော့မှာပဲဟု တွေးမိလျက် အတော်စိတ်မကောင်းဖြစ်နေ၏။ အဲဒါကြောင့်များ အမေတို့အဖေတို့က စိတ်ဆိုးပြီး ကိုထွန်းဆိုင်ကို သွေးဆောင်ခေါ်သွားပါတယ်လို့ ဂတ်တိုင်လေမလားဟုလည်း တွေးမိ၏။ အသက်မစေ့သေးဘူးဆိုရင် အပြစ်ကြီးတယ်လို့ ပြောသံကြားဖူးတယ်။ အဲဒီတော့ ငါ အသက်စေ့ပြီးလား၊ မစေ့သေးဘူးလားဟုလည်း တွေးတော၍ မသိနိုင်အောင် ဖြစ်နေ၏။ ထို့ပြင် ယခုလို ခိုးရာလိုက်လာခဲ့သည်မှာ ထွန်းဆိုင်က သွေးဆောင်ခေါ်တာလား၊ သူက ကြိုက်ပြီးလိုက်လာခဲ့ မိတာလားဟုလည်း တွေးမရအောင် ဖြစ်နေ၏။

            အမှန်တော့ ထွန်းဆိုင်နှင့်သူနှင့် နှစ်ယောက်သားတွေ့ကြရာဝယ် သူကလည်း မည်သို့မျှငြင်းဆန်မှု မပြုလှသေးဘဲ အချိန်ကုန်သွားသဖြင့် ရောင်းချိန်မဟုတ်သောကြောင့် ရောင်း၍ မရတော့သောကုန်တွေနှင့် အိမ်မပြန်ဝံ့ရာမှ မထူးဘူးဟု လိုက်ပါလာရခြင်းသာ ဖြစ်သည်။

            'အေးသီရေ၊ လာပါဦးဟ။ ဟောဒီမှာကွာ တို့လူကြီးရဲ့ ဆရာက မုန့်ဟင်းခါးလည်း ကျွေးမလို့တဲ့။ မုန့်ဟင်းခါးချက် တတ်တဲ့လူလည်း ဟုတ်တိပတ်တိမရှိဘူးတဲ့။ ကဲ... လက်စွမ်းတွေ ဘာတွေပြလိုက်ပါဦးကွာ။ ဒါ ကျုပ်မိန်းမဗျလို့ ကြွားလိုက်ချင်လွန်းလို့'

            အေးသီသည် ထွန်းဆိုင်အနီးသို့ ရောက်သောအခါ ထွန်းဆိုင်၏ကျောကို အုန်းခနဲမြည်အောင် ထုလိုက်သည်။

            'ကဲ...ပြောဦး၊ အကြောကြီးနဲ့။ သူများကို မိန်းမ... မိန်းမနဲ့'

            'ဟဲ့...ကိုယ့်မိန်းမမို့ ကိုယ့်မိန်းမပြောတာပေါ့ဟ။ နို့ နင်က ဘယ်သူ့မိန်းမလဲ'

            'ကြည့်ပါလား'

            အေးသီသည် ပြောပြောဆိုဆိုနှင့် ထွန်းဆိုင်၏ပေါင်တွင်းကြောကို လိုက်လိမ်သည်။ ထွန်းဆိုင်က နောက်ဆုတ် နောက်ဆုတ်နှင့် အေးသီလိုက်မမီရုံကလေးမျှ ပြေးလေသည်။

            ထိုညတွင် ထွန်းဆိုင်တို့လင်မယားသည် မိမိတို့တည်း အိမ်ရှင်ဆရာ၏သမီး မင်္ဂလာဆောင်ကျွေးမွေးရန်အတွက် ချက်ရပြုတ်ရနှင့် နံနက်သုံးနာရီခန့်ရမှ အိမ်ပြန်ကြရသည်။ ချစ်သစ်စ လူငယ်လင်မယားသည် အိမ်ပြန်ရောက်သော်လည်း တော်တော်နှင့် မအိပ်နိုင်ကြသေးဘဲ မရိုးနိုင်သော ချစ်စကားများကို ပြောနေကြရသေး၏။

            အေးသီ အိပ်ရာမှနိုးသောအခါ ဓာတ်ပြားသီချင်းများသည် အသံချဲ့စက်မှ ကျယ်လောင်စွာ မြည်နေကြလေပြီ။ ထွန်းဆိုင်ကို နှိုး၍ အိပ်ရာထဲမှ လူးလဲထကြ၏။

            မင်္ဂလာဆောင်အိမ်သည် ဤတောပိုင်းရပ်ကွက်ကလေးတွင် အတော်ကလေး မျက်နှာကြီးသော အိမ်ဖြစ်လေသည်။ မင်္ဂလာဆောင်လာကြသူများသည် မင်္ဂလာလက်ဖွဲ့ပစ္စည်းများနှင့်အတူ တဖွဲဖွဲ့ရောက်ရှိလာကြ၏။

            တောပိုင်းကျသဖြင့် အကျွေးအမွေးကလည်း စုံလှသည်။ မုန့်ဟင်းခါးလည်း ကျွေး၏။ ထို့နောက် မူလာဘိုင်၏ ရေခဲမုန့်ကိုလည်း ကျွေး၏။ ပြီးလျှင် ကော်ဖီတစ်ခွက်တိုက်ပြီးမှ တစ်ပေကျော်ကျော်ရှိသော ရောင်ပြားကပ်ထားသည့် ဆေးပေါ့လိပ်ကြီးတွင် စက္ကူပန်းတစ်ခက်ထိုး၍ မင်္ဂလာဆောင်လာသည့် ဧည့်သည်တို့ကို ပေးသည်။

            ထွန်းဆိုင်သည် ချွေးတလုံးလုံးနှင့် နောက်ဖေးတွင် ကော်ဖီဖျော်ရ၏။ အေးသီက ရေနွေးအိုးကို မီးလှိုင်လှိုင် ထိုးပေးရသည်။

            'ကော်ဖီတွေ သိပ်မဖျော်နဲ့တော့ဟေ့၊ တော်လောက်နေပြီ' ဟု လူတစ်ယောက်က လာပြောသဖြင့် ဖျော်လက်စကော်ဖီကို ပြီးအောင် ဖျော်လိုက်ပြီးလျှင် လက်စသတ်လိုက်ရသည်။

            တစ်အိမ်လုံး တဝေါဝေါနှင့် ဆူညံနေ၏။ မင်္ဂလာဆောင်လာသော လူတွေအားလုံးတို့သည် အရွယ်နှင့်မလိုက်သော ကလေးကလား အရောင်အဝတ်တို့ကို ဝတ်ဆင်လာကြကုန်သည်။ မိန်းမတွေက ပိုဆိုး၏။ ပါးရေတွန့်နေပြီဖြစ်သော မိန်းမကြီးများကလည်း နှုတ်ခမ်းနီပါးနီဆိုးလျက် မျက်နှာခြေ အဖွေးသားနှင့် ဖြစ်နေကြသည်။ ငှား၍ဝတ်လာသော နားကပ်ကြီးများကို လူမြင်စေရန် မျက်နှာကို တမင်လှုပ်၍ စကားပြောလိုက်သောအခါ သူတို့၏နားကပ်ကြီးများက လက်ခနဲ လက်ခနဲ အရောင်တောက်သွားကြသည်။

            'ဟော... သတို့သားလာပြီ'ဟူသော အသံများနှင့်အတူ ရောက်ရှိနေကြသော ပရိသတ်က ရုန်းရုန်းရုန်းရုန်း ဖြစ်သွားကြ၏။

            တစ်ကိုယ်လုံး ပိတ်ဖြူဝတ်ထားသော အာဝဇ္ဇန်းရွှင်ရွှင်နှင့် လူကြီးကမူ အခါကောင်း မင်္ဂလာကောင်းအချိန်မှာရောက်လာတဲ့အတွက် အင်မတန် လျော်ကန်သင့်မြတ်သည်ဟု ဆိုနေသည်။

            အခြားသူများနည်းတူ အေးသီနှင့်ထွန်းဆိုင်တို့ကလည်း အိမ်ပေါ်သို့ တက်လာကြပြီဖြစ်သော သတို့သားကို တိုးဝှေ့ ကြည့်ရှုကြ၏။

            သတို့သား လာလမ်းတွင် ပိုးပဝါကို လက်ကောက် ဆွဲကြိုးများ ဝင်းနေအောင်ဆွဲလျက် အကန့်လိုက် အကန့်လိုက် ဖြတ်တားလျက်ရှိနေသည်။

            သတို့သားဘေးရှိ လူပျိုခေါင်းထံမှ ငွေစက္ကူအထပ်လိုက် ထွက်ကျလာသောအခါ 'ဝေးဟေးဟေး'ဟူသော ပျော်သံကြီး နှင့်အတူ ဖင်ကိုလိမ်ကျစ် လိမ်ကျစ်လုပ်၍ကသော မိန်းမ နှစ်ယောက် ပေါ်လာပြီးလျှင် ပဝါတန်းကြီးတစ်တန်း ပြုတ်သွားသည်။

            ထွန်းဆိုင်နှင့်အေးသီတို့သည် ဤမြင်ကွင်းများကို ကြည့်ရှုရင်း သူတို့ပါ ရောနှောပျော်နေကြသည်။ သတို့သား အိမ်ထဲသို့ ရောက်သောအခါ သတို့သမီးကိုလည်း အပျိုများရံလျက် အိမ်ခန်းတစ်ခုထဲမှ ထုတ်လာသည်။

            သတို့သားနှင့် သတို့သမီးတို့သည် အထူးပြင်ဆင်ထားသော အခင်းပေါ်တွင် နှစ်ယောက်အတူယှဉ်၍ ထိုင်နေကြရသည်။

            မိတ်ဆွေအပေါင်းအသင်းတို့ ယူလာကြကုန်သော လက်ဖွဲ့ပစ္စည်းတို့သည် သီလပေးသော ဘုန်းတော်ကြီးရှေ့တွင် ဝိုင်းရံနေကြသော လှူဖွယ်ပစ္စည်းများကဲ့သို့ သတို့သမီးနှင့်သတို့သား၏ ရှေ့ပတ်ပတ်လည်တွင် ဝိုင်းရံနေကြသည်။

            မိန်းမကြီးတစ်ယောက်နှင့် လူရွယ်တစ်ယောက်သည် ထိုပစ္စည်းများကို ဗလာစာအုပ်နှင့် စာရင်းလုပ်နေကြသည်။ သတို့သမီးနှင့်သတို့သား၏ ရှေ့တည့်တည့်တွင် ကြီးမားသော ငွေဖလားကြီးတစ်လုံးရှိသည်။ သတို့သမီးသည် ရှက်ရွံ့သော ဟန်ပန်နှင့် စထိုင်ကတည်းက မျက်နှာကို တသမတ်တည်း အောက်သို့ငုံ့ထားသည်။ သတို့သမီး၏မျက်နှာမှာ နီမြန်းနေပုံကို မြင်နေကြရသည်။

            အေးသီသည် သတို့သမီး၏ နေပုံထိုင်ပုံကို ဝတ်ပုံစားပုံများကို တမေ့တမော ငေးလျက်ကြည့်နေမိသည်။

            ဝတ်ဖြူစင်ကြယ်တွင် ပန်းရောင်ခေါင်းပေါင်းဖြင့် လုံးကြီးတင်ထားသော မင်္ဂလာဘိသိက်ဆရာသည် သတို့သမီးနှင့် သတို့သားတို့အား မင်္ဂလာ ဘိသိက်သွန်းပေးရန်အတွက် အဆောင်အယောင် ပစ္စည်းကိရိယာတို့ကို ပြင်ဆင်နေ၏။

            မနီးမဝေးမှ တီးဝိုင်းသည် ဤမင်္ဂလာအချိန်အခါမျိုးတွင် အထူးတလည် ကြိုးကြိုးပမ်းပမ်း တီးနေရှာ၏။

            ခပ်စောစောက ချိုထားဟန်ရှိသော အဆိုတော် မိန်းကလေးသည် သူ၏ ဘိုဆန်ဆန် ဝဲလေ့ရှိသောအသံနှင့် မင်္ဂလာသြဘာဘွဲ့သီချင်းကြီးကို တတ်နိုင်သမျှ ဋ္ဌာန်ကုန်အောင် ဟစ်သီလိုက်သည်။

            'အတိုင်းမသိ မင်္ဂလာကျက်သရေရှိပါတယ်ကို၊ တော်ကြီးငယ်ယင်ရာ ဇမ္ဗူဒီတောင်ကျွန်း တင့်ရွှန်းတည့် ကျက်သရေဖြာ၊ ရှစ်ဗြဟ္မာ သံချီ ကြွေး။ အောင်ဇေယျတု ငွေခရု သင်္ခါ သွန်းဘိသိက်ဖြာ'

            မင်္ဂလာဆောင်သို့ ရောက်ရှိနေကြသော ပရိသတ်သည် သတို့သမီးနှင့် သတို့သား ရှေ့သွားနောက်လိုက်ညီမညီ ငြင်းခုံနေကြ၏။ လက်ဖွဲ့ပစ္စည်း ရသောတန်ဖိုးနှင့် ကျွေးမွေးကုန်ကျ ရသည့်စရိတ် ကျေမကျေ ခန့်မှန်းနေကြ၏။ အမြတ်ပေါ်လာမည်ဆိုလျှင် တို့သမီးကျလျှင်လည်း ဤလိုပဲ မင်္ဂလာဆောင်မည်ဟု စိတ်တွင်းမှ တွက်ကိန်း ချနေကြ၏။ သူတို့အားလုံးသည် ဤမျှကျက်သရေမင်္ဂလာ တွေ ဖြိုးဖြိုးဝေနေသည့် တူရိယာသံကိုမျှ နားထောင်ရကောင်းမှန်း မသိကြလေ။

            တီးဝိုင်းမှ ဆရာတို့ကလည်း မည်သူအာရုံစိုက်သည်၊ မစိုက်သည်ဖြစ်စေ မိမိတို့ဘာသာ မိမိတို့ အလွန်လက်တွေ့နေကြလျက် စိတ်လက်မပျက်ဘဲ အားရပါးရ ဆိုတီးနေကြရှာသည်။

            'အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ သာသနာရောင်လင်း ကောင်းခြင်းခု သည်ချိန်ခါ'

            ဝါးချက်ချရမည့်နေရာတွင် ဝါးချက်အစား ဂွမ်းခနဲ မြည်ဟီးသွားပြီးလျှင် သတို့သမီးနှင့် သတို့သားရှေ့မှ ငွေဖလားကြီးသည် ပရိသတ်ထဲသို့ လွင့်မြောက်ကျလာသည်။ သတို့သမီး၏အဖေက ခြေထောက်နှင့်ပြေး၍ ခတ်လိုက်သောကြောင့် ဖြစ်၏။

            မင်္ဂလာဆောင်တစ်ခုလုံး ရုတ်ရုတ်ရက်ရက် ဖြစ်သွားသည်။ ပြေးသူပြေး၊ ဆွဲသူဆွဲ၊ တောင်းပန်သူ တောင်းပန်နှင့် ဖြစ်နေကြ၏။

            ဘာကြောင့်ဟူ၍ ပရိသတ်က တော်တော်နှင့်မသိကြ။ နောက်မှ သိကြရသည်ကား သတို့သားဘက်မှ လူကြီးများသည် အိမ်တစ်ဆောင်နှင့် ငွေငါးထောင် တင်တောင်းပါမည်ဟု ကောင်းပြီကောင်းရဲ့ ပြောပြီးခါမှ ယခု အိမ်ဂရမ်လည်းပါမလာ။ ငွေလည်း တစ်ပြားမှ ပါမလာသောကြောင့်ဟုဆို၏။ မင်္ဂလာပွဲကြီးကား ပျက်သွားခဲ့လေပြီ။

            ထွန်းဆိုင်နှင့်အေးသီတို့သည် မင်္ဂလာဆောင်အိမ်ကြီးမှ ဖတ်ဖတ်မောလျက် ပြန်လာခဲ့ကြသည်။

            သူတို့၏တည်းအိမ်ရှင်သည် ဤမင်္ဂလာကိစ္စအတွက် သူ့ ဆရာဘက်မှ နာကျည်းနေ၏။

            မိဘဟူသည် မိမိ၏သားသမီးကို ဆင်စီး၍မြင်းရံသည်ကိုသာ ကြည့်သင့်ကြောင်း၊ ယခုကတည်းက လိမ်လည်၍ မင်္ဂလာဆောင်သော ယောကျ်ားသည် နောင်သောအခါတွင်လည်း မယားဖြစ်သူ၏စိတ်မချမ်းမြေ့မှုကို ပြုလုပ်ရက်မည့် ယောကျ်ားမျိုးဖြစ်နိုင်ကြောင်း၊ မယားဖြစ်သူအပေါ်တွင်လည်း သစ္စာကင်းမဲ့နိုင်ကြောင်း၊ ထို့ကြောင့် နောက်ဒုက္ခမရောက်မီ ယခုကကြိုတင်၍ တားဆီးလိုက်ခြင်းသည် ကောင်းကြောင်း၊ ဤလိုပြုလုပ်သဖြင့် သတို့သမီးဘက်မှ ရှက်ဖွယ်ရာမရှိကြောင်း သတို့သားကပင်လျှင် ရှက်ဖို့ကောင်းကြောင်းတွေကို ပြော၏။

            သားသမီးတို့၏ မိဘများအကြောင်းကို ပြောသောအခါ အေးသီစိတ်ထဲတွင် မိမိ၏အမေနှင့်အဖေကို သတိရလာသည်။

            မိမိ၏အမေနှင့်အဖေလည်း မိမိအား ဤလိုပင် ချမ်းချမ်းသာသာ ဖြစ်စေချင်ပေလိမ့်မည်။ မပူမပင်ထားနိုင်မည့် ယောကျ်ားနှင့်သာ ပေးစားချင်ပေလိမ့်မည်။ တင့်တောင့်တင့်တယ် ယူနိုင်မည့်သူနှင့်သာ ယူစေချင်ပေလိမ့်မည်။ ယခုမူ ဆိုက်ကားနင်းနိုင်မှ စားရသောထွန်းဆိုင်နှင့် လိုက်လာခဲ့မိသည်ဖြစ်ရာ အမေတို့အဖေတို့ စိတ်ထဲတွင် ယူကျုံးမရ ဖြစ်နေကြပေမည်လား။

            အဖေသည် အလုပ်ကြမ်းသမားပီပီ အလွန်ဒေါသကြီး၏။ တစ်ခါတစ်ရံ ကဇော်ကလေးများ မူးလာလျှင် တစ်လမ်းလုံးကို ဘယ်သူမျှ လူမထင်တတ်။ ယခုဆိုလျှင် စော်ကားမော်ကား အလုပ်ခံရလေခြင်းဟု ထွန်းဆိုင်ကိုလည်း တွေ့ရာနေရာတွင် ချမ်းသာခွင့်ပေးလိမ့်မည် မထင်။ မိမိကိုလည်း ဒါလောက်မိုက်ရန်ကောဟု ကျိုးနေအောင် ရိုက်ကောင်းရိုက်ပေလိမ့်မည်။

            အေးသီသည် ယခုမှပို၍ ပူလာသည်။ မင်္ဂလာဆောင် သတို့သား၏ဖခင်က ငွေဖလားကြီးကို ခြေထောက်နှင့် ပြေး၍ ကန်လိုက်သည်မှာ မျက်စိထဲမှ ဖျောက်၍မရအောင် ရှိနေရသည်။

            ယခုလောက်ဆိုရင် အဖေသည် အမေအုပ်ထိန်းမှု ညံ့၍သာ ဤသို့ဖြစ်ရသည်ဟု အမေနှင့်ရန်ဖြစ်နေမည်လား။ သို့တည်းမဟုတ် မိမိကို ဒေါသဖြစ်တိုင်း မောင်လေးနှင့်ညီမလေးတို့ကို ရိုက်နှက်နေလေမည်လား။

            အေးသီသည် ရေတစ်ခွက်ကို ထ၍သောက်လိုက်သည်။

            'အဲ...ဟိုလူကြီး ငွေဖလားကြီး ထကန်ပစ်လိုက်တာကို တွေ့ကတည်းက ကျုပ် စိတ်ပူလာတယ်တော့။ မျက်စိထဲက ဖျောက်လို့မရဘူး။ အဖေလည်း အဲဒီလိုများ စိတ်ဆိုးနေမလား မသိဘူး။ အဖေစိတ်ဆိုးရင် အားကြီးကြောက်စရာ ကောင်းတယ်တော့။ ဒေါသကလည်း အားကြီး ကြီးတာပဲ'

            'အမယ်ကွာ။ ကိုယ့်ယောက္ခမထီးကြီးက ဒါလောက် မဟုတ်ပါဘူး။ သဘောကောင်းပါတယ်'

            'သူကတော့ ပြောလိုက်ရင် ဒါမျိုးချည်းပဲ။ လူကြီးကိုက မုန်းစရာ'

            အေးသီက မျက်စောင်းပစ်ထိုးလိုက်ရာ ထွန်းဆိုင်က အေးသီကို လက်ညှိုးလက်မကလေး နှစ်ချောင်းတည်းနှင့် လှမ်း၍ဆွဲလိုက်သည်။

            'အမယ်လေး... ကြည်နူးနေလိုက်ကြတာ ငါတို့ဖြင့်...'

            စံအေးကြီးသည် အိမ်ရှေ့မှဝင်လာရင်း လှမ်းအော်လိုက်ပြီးလျှင် သူ့ပါးစပ်ကိုသူ လက်နှင့်ပိတ်ခါ နဂိုမှေးနေသော မျက်ပေါက်ကျဉ်းကလေးကို အစွမ်းကုန်ပြူးစေလျက် တစ်ဖက်သို့ ခေါင်းဆတ်၍ပြလိုက်၏။

            ထိုအတွင်း ထွန်းဆိုင်သူငယ်ချင်း၏ ဆိုက်ကားသည် စံအေးကြီးပြလိုက်သောနေရာ၌ ဆိုက်လာပြီးလျှင် အေးသီ၏ အမေနှင့်အဖေတို့ ဆင်းလာကြသည်။ ထွန်းဆိုင်နှင့်အေးသီသည် မပြေးသာမရှောင်သာ ဖြစ်နေကြ၏။ ထိုအချိန်၌ပင်လျှင် အေးသီ၏ အမေနှင့်အဖေတို့သည် အိမ်ပေါ်သို့ ရောက်လာကြ၏။

            'ဟဲ့... ဟိုကောင်နဲ့ကောင်မ ဘယ်ပြေးကြမလို့လဲ၊ လာကြ'ဟု အေးသီ၏အဖေက လှမ်း၍ခေါ်လိုက်၏။

            အေးသီသည် တစ်ကိုယ်လုံးတုန်၍သွား၏။ မျက်ရည်ကလေးလည်လျက် ထွန်းဆိုင်ကို တစ်ချက်လှမ်းကြည့်လိုက် ပြီးလျှင် ခေါင်းငိုက်ဆိုက်နှင့်ဖြစ်သွား၏။ ထွန်းဆိုင်ကမူ ခဏတွေနေရာမှ 'လာ'ဟု တစ်ခွန်းတည်းပြောပြီးလျှင် ရှေ့မှ ထွက်သွားရာ နောက်က အေးသီက ကုပ်ကုပ်ကလေး နောက်မှ လိုက်သွား၏။

            အေးသီ၏အဖေနှင့်အမေရှေ့တွင် နှစ်ယောက်သား ထိုင်မိသည်နှင့်တစ်ပြိုင်နက် အေးသီ၏အမေသည် အေးသီရှိရာသို့ တိုးလာသည်။

            'ကာလနာမ သေချင်းဆိုးမ၊ လူကြီးတွေကို စိတ်မပူပူအောင်။ လင်နောက်လိုက် လိုက်မယ်လို့ ပြောမသွားဘူး။ ကားတိုက်သလား၊ လူဆွဲသွားပြီး ရောင်းအစားခံရသလားနဲ့ စိတ်ပူလိုက်၊ ရှာလိုက်ရတာ။ နင်တော့လား၊ ပေါင်တွင်းကြော ဆွဲလိမ်ဦးမယ်'ဟု ပြောပြောဆိုဆို လက်ရောက် လာသည်။

            'မယ်အေးကလည်းဟယ်... အသာနေလိုက်စမ်းပါ'

            အေးသီ၏အဖေက ဟန့်လိုက်သည်။ ထို့နောက် အတန်ကြာ စကားမပြောဘဲ ငြိမ်သက်နေကြသည်။ ထွန်းဆိုင်ကမူ သူငယ်ချင်းဖြစ်သူနှင့် စံအေးကြီးကိုသာ မကျေချမ်းသော မျက်လုံးကြီးနှင့် လှန်လှန်ကြည့်နေသည်။

            'နင်တို့ကြိုက်လို့ နင်တို့ယူကြတာ အလုပ်ပျက်အကိုင်ပျက်ခံပြီး ဘာမှရှောင်တိမ်း ပြေးလွှားနေစရာ မလိုဘူး။ ခုချိန်မျိုးဆိုတာ လုပ်နိုင်မှ ထမင်းတစ်လုပ် အနိုင်နိုင်စားကြရတာ။ တို့ကတော့ လူတစ်ယောက်လျော့သွားရင် စားတဲ့ပါးစပ် တစ်ပေါက် လျော့သွားတာပဲ။ အေးသီ ဈေးရောင်းတယ်ဆိုတာကလည်း သူဝတ်ဖို့ အပျိုလုပ်ဖို့တောင် ဝယ်လောက်တာ မဟုတ်ဘူး။ အဲဒီတော့ သူ မရှိရင် တို့ကတော့ သက်သာတယ်။ အဲ...တစ်ခုတော့ရှိတယ်။ ခုကြိုက် ခုယူ ခုကွဲ ဆိုတာမျိုးတော့ မကြိုက်ဘူး။ အေးသီမှာ အပြစ်မရှိဘဲ ယောကျ်ားလေးက မတရားလုပ်ရင်လည်း မခံချင်လာရင် ဖြစ်ချင်တာဖြစ် ငါကတော့ လိုက်သတ်မှာပဲ။ မိန်းကလေးကလည်း ကိုယ်ကြိုက်လို့ ကိုယ်ယူပြီး နောက်မှ ဘယ့်နှယ်ညာ့နှယ်နဲ့ အိမ်ပြန်လာရင်လည်း ငါကတော့ အိမ်ဝကနေ ဖနောင့်နဲ့ပေါက်ချမှာပဲ။ ကြာ တယ်ကွာ၊ ငါက ညလည်း အလုပ်ဆင်းရဦးမယ်။ တိုတိုပြောရရင် နင်တို့ပြန်လိုက်လာခဲ့ကြ။ ဟိုရောက်တော့ လူကြီး နှစ်ယောက်၊ သုံးယောက်နဲ့ မြန်မြန်ကိစ္စပြီးအောင် လုပ်ပြီး အေးသီကို ခေါ်သွား။ အဲ... ထွန်းဆိုင်အမေကတော့ သူတော်ကောင်းမကြီး ဖြစ်နေပြီလေ။ ကြိုက်သလိုသာ လုပ်ပါတော့။ သူတော့ သစ်ခေါက်ဆိုးဝတ်ပြီး တရားအားထုတ်သွားတော့မယ်။ သူ့သားကို အပ်ပါတယ်ဆိုပြီး မနေ့ညနေက အိမ်လာပြောသွားလေရဲ့။ ကဲ... အဲဒါပဲ'

            'မဟုတ်ဘူးတော့်။ ကျုပ် မကျေချမ်းတာက ဒီကောင်မက ဘာပြုလို့ လူကြီးတွေစိတ်ပူအောင် မပြောမဆိုနဲ့ လုပ်သွားရတယ်ဆိုတာ'

            ထွန်းဆိုင်သည် တကယ်လည်း သဘောကောင်းလွန်းလှသော ယောက္ခမ အသစ်စက်စက်ကြီးများအပေါ်တွင် ရင်းနှီးချစ်ခင်လာမိသည်။

            'အဒေါ် စိတ်ပူနေမှာလို့သိလို့ အေးသီရော၊ ကျွန်တော်ရော ချက်ချင်း စံအေးကြီးကို လွှတ်ပြီး အကြောင်းကြား ခိုင်းတယ် ခင်ဗျ'

            'ည ၇ နာရီလောက်မှ ပဲပြုတ်တောင်းကလေး လာပို့ရင်း အကြောင်းကြားတာ ချက်ချင်းလားဟ မသာရ'

            'ကျွန်...ကျွန်တော်တို့ ခိုင်းလိုက်တော့ မနက်ကိုးနာရီ ကျော်ကျော်လေး ရှိပါသေးတယ်။ ကိုစံအေးကြီး ခင်ဗျား ဘယ်လိုလုပ်တာတုံး'

            'ကဲပါလေ ပြီးတာပြီးပါစေ။ အရေးကြီးတာက အခု ဘယ်လိုဆက်ပြီး စီစဉ်ကြမတုံး'

            'ကျွန်တော်လည်း ဦးလေးတို့၊ အဒေါ်တို့ သားသမီးပါပဲ။ ဦးလေးတို့၊ အဒေါ်တို့ စီစဉ်သလို နားထောင်ပါ့မယ်'

            'ကဲ... လာ၊ ဒါဖြင့် ပြန်မယ်'

            အေးသီ၏အဖေက ဦးဆောင်၍ နေရာမှ ထလိုက်သည်။

            သူတို့သည် မင်္ဂလာဆောင်မှ ပိုသောကော်ဖီများကို အိမ်ရှင်ဖြစ်သူက ထည့်၍တိုက်သည်ကိုပင် မသောက်နိုင်ကြဘဲ ကမန်းကတန်း ပြန်လာကြ၏။

            ထွန်းဆိုင်သည် စံအေးကြီးယူလာသော မိမိဆိုက်ကားပေါ်တွင် အေးသီကို တင်လျက် ရှေ့ဆုံးမှနေ၍ သုတ်ခြေတင် နင်းလာခဲ့သည်။

            နေရီသောကောင်းကင်သည် ကြည်လင်လျက် အေးသောလေတို့က အေးသီ၏ရင်ဘတ်ကို တိုးနေသည်။

            'အေးသီရေ...'

            'ဘာတုံးတော့်'

            'ကိုယ့်ယောက္ခမထီးကြီးက သဘောကောင်းတယ်နော်'

            'သေနာကျ...ကဲ'

            တုတ်တုတ်ခဲခဲ ကောင်မကလေးက ဆိုက်ကားနင်းနေသူကို လှမ်းရိုက်ရာ ဆိုက်ကားဆရာသည် ပြုံးဖြီးဖြီးကြီးနှင့် ဆိုက်ကားကို တအားကျုံး၍ နင်းလိုက်သတည်း။

ရန်ကုန်ဘဆွေ

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။