နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
၁။
စင်စစ်၌ ကျွန်မ၏မောင်သည်
ကြောင်များကို ချစ်တတ်သူ မဟုတ်ပါ။ မောင်နှင့်စာလိုက်လျှင် ကျွန်မကမှ ကြောင်ဆိုသော
သတ္တများအပေါ် အနည်းငယ် စိတ်တိမ်းညွတ်မှုရှိသေးသူ ဖြစ်သည်ဟု ပြောလို့ရနိုင်သေးသည်။
အဘယ့်ကြောင့်ဆိုသော် လသားအရွယ် ချစ်စဖွယ် အမွေးဖွားဖွား၊ ဝိုင်းစက်ကြည်လင်
တောက်ပလျက်ရှိသော မျက်လုံးပြူးကလေးများနှင့် ကြောင်ကလေးများ၏ ဓာတ်ပုံဝေါလ်ရှိ
နံရံကပ် ပိုစတာတွေကို မြင်လျှင် မဝယ်ဖြစ်လျှင်တောင်မှ ခဏတစ်ဖြုတ်ဖြစ်စေ ကျွန်မ
ရပ်၍ ငေးကြည့်မိတတ်စမြဲ ဖြစ်သည်။ ဒါဟာ ကျွန်မ၏ မသိစိတ်တစ်နေရာမှာ ကြောင်သတ္တဝါ
ငယ်ငယ်လှလှကလေးများအပေါ် အနည်းငယ် တိမ်းညွှတ်မှု ရှိနေကြောင်းကို တစ်စွန်းတစ်စ
သွယ်ဝိုက် ဖော်ပြချက်ပဲ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ မောင်ကတော့ ရှင်းသည်။
ကြောင်ဆိုသော သတ္တဝါတွေကို စိုးစဉ်းမျှ စိတ်ဝင်စားသူ မဟုတ်ပေ။
‘အိမ်မှာ
ကြောင်တစ်ကောင်လောက် မွေးရရင် ကောင်းမလား မသိဘူး’ ဆိုသော ကျွန်မ၏ အကြံပြုချက်ကို
‘အလုပ်ရှုပ်ရန်ကောကွာ၊ ကြွက်တွေသောင်းကျန်ရင် ကြွက်ထောင်ချောက်တစ်လုံး ဝယ်လိုက်တာက
မင်းရဲ့ကြောင်တွေထက် သေချာသေးတယ်။ ခုနစ်ရက် တစ်ပတ်ထက် ပိုနှိမ်နင်းရဦးမလား။
မင်းကြောင်တွေက မွေးလိုက်မိပြီဆိုကတည်းက နောက်ဆက်တွဲ ဒုက္ခတွေ တသီကြီး၊
ငါနဲ့မဖြစ်ဘူး’ ဟု ခပ်ပြတ်ပြတ်ပယ်ချခဲ့သူဖြစ်သည်။
‘ဘယ်လိုဒုက္ခတွေများ
ပါလာမှာမို့လဲ မောင်ရဲ့’ ကျွမ်မအနည်းငယ် စောဒက တက်ကြည့်မိသည်။ ကြောင့်နှင့်ပတ်သက်၍
မည့်သို့သော ကရိကထတွေကို ဒုက္ခစာရင်းထဲ ထည့်ထားပါလိမ့်ဟု သိချင်သောကြောင့်
ဖြစ်သည်။
‘ဟ...
ကြောင်ဆိုတဲ့ သတ္တဝါဟာ နည်းနည်းကလေးမှ အခွင့်အရေးမပေးလိုက်နဲ့၊ ပေးလိုက်မိတာနဲ့
အဆုံးစွန်သော ရပြီးသား အခွင့်အရေးကနေ လက်တစ်လုံးမှ အလျှော့မခံတော့တဲ့
သတ္တဝါမျိုးတွေကွ။ ကျုပ်ကိုတော့ နည်းနည်းမှ စျေးလာမဆစ်နဲ့နော်။ မရဘူးဆိုတဲ့
ကောင်မျိုးတွေချည်းပဲ’
‘ဟင့်အင်း၊
နည်းနည်းလေး ထပ်ရှင်းပြဦးမှရမယ်။ ဥပမာကလေးနဲ့ပေါ့’
ကျွန်မက
ခပ်ပြုံးပြုံး တောင်းဆိုလိုက်တော့ မောင်က မျက်လုံးပြူး၍ကြည့်ပြီး ညည်းညူသံဖြင့်
ရေရွတ်သည်။ ဘယ်လောက်ပြုံးချင်စရာ ကောင်းလိုက်တဲ့ ညည်းညူသံပါတဲ့လဲ။
ကြောင်နှင့်ပတ်သက်သော သူ့ညည်းချင်းက ရှင်း၏။
‘မခိုင်ရယ်၊
မင်းက လုပ်လာပြန်ပြီး။ အဲဒါမျိုးပေါ့။ အလုပ်မရှိ ကြောင်ရေချိုးတယ်ဆိုတာ’
‘ချိုးသင့်ရင်
ချိုးရမှာပဲကွာ။ မောင့်အယူအဆကို သိချင်သေးတာကိုး။ ကဲ... ပြော၊ ဥပမာကလေးနဲ့...’
မောင်က
သက်ပြင်းကြီးကို တမင်တကာ သိသာအောင် ချပြ၏။
‘ဒီလိုကွာ၊
ထမင်းအဖြူထည်ချည်း ကျွေးနေလို့ အဆင်ပြေတဲ့ ကြောင်တစ်ကောင်ကို မင်းတစ်ပနပ်လောက်
ငါးခေါင်းကလေးတွေ၊ အသားဟင်းကျန်ကလေးတွေလို အညှီနံ့ကလေးတွေနဲ့ နယ်ဖတ်ပြီး ကျွေးကြည့်လိုက်၊
အဲဒီကောင်က အဲဒီအခွင့်အရေးကို သူ့ရဲ့ အနိမ်ဆုံး ရပိုင်ခွင့်စာရင်းထဲ အော်တိုမက်တစ်
ထည့်လိုက်ပြီးပြီ အောက်မေ့ပေတော့။ သူ့အသိဉာဏ်ထဲကို 'ငါသည် ရှေ့အဖို့
ဟင်းနှင့် နယ်ကျွေးသော ထမင်းကိုသာ စားတော့မည်'ဆိုတဲ့
အချက်အလက်ကို အနိမ့်ဆုံး ကန့်သတ်ချက်အဖြစ် ထည့်လိုက်ပြီးပြီမှတ်ကွ။ နောက်တစ်ခါ
ထမင်းအဖြူထည်ချည်း ကျွေးလို့ကတော့ နမ်းရုံနမ်းကြည့်ပြီး လှည့်ထွက်သွားပြီသာမှတ်။
သူ မစားတော့ဘူး။ အဲဒါ သေချာတယ်။ အခွင့်အရေးကို လက်တစ်ဆုံးနှိုက်တတ်တဲ့ နေရာမှာ
လူနဲ့တစ်တန်းတစ်စားတည်း၊ အဆင့်မီတယ်။ အမြဲတမ်း ကြမ်းပြင်မှာ အိပ်နေတဲ့ ကြောင်ကို
ဂုန်နီအိတ်ပိုင်းကလေး၊ စောင်ပိုင်းကလေး ခင်းပြီး သိပ်ကြည့်။ နောက်နေ့ကျရင်
အခင်းမပါလို့ရှိရင် အဲဒီကောင် မအိပ်တော့ဘူး။ ရိုးရိုးကြမ်းမာမာနဲ့ ဆိုဖာနဲ့
နှစ်ခုယှဉ်ရှိနေရင် သင်းက ဆိုဖာပေါ်တက် စည်းစိမ်ခံတတ်တဲ့ ဉာဉ်ရှိတာကို
တွေ့ရလိမ့်မယ်။ ဒါကြောင့် အိပ်ရာထဲအထိ ကြောင်ကို ခေါ်ခေါ်သိပ်တတ်တဲ့
အပျိုကြီးတွေဟာ လင်ရသွားရင် အဲဒီကြောင်ကြောင့် ဒုက္ခရောက်ကြတော့တာပဲ။ သူ့မှာ
အတူယှဉ်တွဲ အိပ်စရာ လင်တစ်ယောက် ရလာတာကို ကြောင်က ထည့်တွက်ပြီး ရှောင်ပေးလိမ့်မယ်
မဟုတ်ဘူး။ သူ့ရဲ့ရနေကျ၊ ယူနေကျ အခွင့်အရေးအတိုင်း အိပ်ရာထဲ ဇွတ်ဝင်အိပ်တာပဲကွ။
ဒီတော့ လင်နဲ့ပြဿနာ တက်ရော။ ဒါကြောင့် 'မယားနေစ ကြောင်သေမှ'
ဆိုတဲ့ စကားပုံပေါ်လာတာပဲ ဖြစ်ရမယ် ထင်တာပဲ။ အိပ်ရာထဲ ဝင်ဝင်လာတဲ့
ကြောင်ဆီကနေပြီး လင်ယောကျ်ားက အိပ်ရာအင်ပါယာကို မူပိုင် ပြန်ဖြစ်အောင် ပြန်ပြန်လုနေရတာကိုး။
ကဲ... ရှင်းပလား၊ ကြောင်ရဲ့ ကိုလိုနီနယ်မြေ အဖြစ်ကနေ ပြန်တိုက်ယူနေရတာလေ'
မောင်၏
ကတ်သီးကတ်သတ် ဒဿနကြောင့် ကျွန်မမှာ မျက်ရည်များ ထွက်လာသည်အထိပင် ရယ်မောမိရလေသည်။ 'မယားနေစ
ကြောင်သေမှ' ဆိုသော စကားပုံကို ကျွန်မ ရှင်းမပြတတ်ခဲ့သမျှ
မောင်က ပေါက်ပေါက်ရှာရှာတွေးကာ ဇာတ်လမ်းတစ်ခု တည်ဆောက်ပြလေတော့လည်း ရယ်ရယ်
မောမောနှင့်ပင် ကျွန်မ လက်ခံလိုက်ရတော့၏။ အင်း... ဟုတ်တာပဲ။ အိပ်ရာထဲ
ဝင်ဝင်လာသည်ကို ရွှေကြောင် (ကြောင်မလေးလည်း ဖြစ်နိုင်တာပါပဲ)ကို ထထပြီး
လွှင့်ပစ်နေရသော လင်တော်မောင်မှာ ဘယ်လောက်ဒေါပွပြီး ဘယ်လောက်စိတ်ဒုက္ခရောက်ရလေမလဲ။
အခန့်မသင့်လျှင် ထိုကြောင် ကောင်းမှုကြောင့် လင်မယား ထပြီး စကားများ
ရန်ဖြစ်နိုင်သေးသည်။ ကြောင်ကို အင်မတန်ချစ်သော သားလေးရဲ့၊ သမီးလေးရဲ့ဆိုကာ
တပွေ့ပိုက်ပိုက် လုပ်တတ်သော ခပ်သည်းသည်း ဇီဇာခပ်ကြောင် ကြောင် အပျိုကြီးမျိုးနှင့်
ဖူးစာဖက်မိသော လင်သည် မောင်တို့အဖို့ သူ့အခွင့်အရေးကို တစ်ပြားဖိုးမှ
အလျှော့မပေးဘဲ အိပ်ရာထဲ ခြင်ထောင်ထဲ ဇွတ်တရွတ်ဝင်ဝင် လာတတ်သည့် ကြောင်တစ်ကောင်သည်
အချိန်ပြည့် စိတ်အနှောင့်အယှက်ပေးနိုင်သည့် ဘူကောင်တစ်ကောင် ဖြစ်မနေနိုင်ဘူးလား။
နယ်ချဲ့ ဘူဇွာ ဖြစ်မနေနိုင်ဘူးလား။
'နောက်တစ်ခု
ထပ်ပြောရဦးမယ်ကွ။ သတ္တဝါတိုင်းရဲ့ မစင်မှန်သမျှဟာ အနံ့ အသက်ဆိုးတာချည်းပဲ။ အဲဒီ
အထဲကမှ သူများထက်ထူးပြီး မစင်အရာမှာ ကြောင်ရဲ့ မစင်က ဘယ့်နှယ့်ကြောင့်
ပိုစွဲနေရသလဲ။ 'ပျော့ပျော့ကလေးနဲ့ နံတဲ့ကြောင်ချေးလိုပဲ'
ဆိုတဲ့ စကားပုံတစ်ခု ပြောစမှတ်တစ်ခု တွင်နေရတာဟာ ဘာကြောင့်လဲလို့
စဉ်းစားကြည့်ချင်စရာ မကောင်းဘူးလား။ အဲဒါ မစင်စွန့်တာနဲ့ ပတ်သက်လို့
အဲဒီကြောင်ဆိုတဲ့ သတ္တဝါက သူများတွေထက် ပိုမာယာများလို့။ ပိုပြီး
ဟန်ဆောင်ကောင်းလို့ကွ'
'ရှာရှာဖွေဖွေ
ပြောပြန်ပြီ မောင်ရယ်။ လုပ်စမ်းပါဦး။ ဘယ်လိုရှုထောင့်ကနေ ဘယ်လိုမြင်နေမိပြန်လို့လဲ'
ကျွန်မ
မေးခွန်းထုတ်မိ ရပြန်ပါသည်။ မောင်သည် ကြောင်များကို မချစ်တတ်သော်လည်း
ကျွန်မထက်ပို၍ ကြောင်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သုံးသပ်ချက်တွေ
ရှိထားသူဖြစ်ကြောင်း သည်လို အမှတ်မထင် စကားစပ်မိကြတော့မှ ကျွန်မ တအံ့တသြ
သိရှိလာခဲ့ရခြင်း ဖြစ်သည်။
'မင်း
စဉ်းစားကြည့်လေ၊ မြေပြင်ပေါ်မှာ မစင်စွန့်ရင်တော့ သူဟာ အင်မတန် ထူးထူးကဲကဲ
စည်းကမ်းရှိကြောင်း ပြသလေ့ရှိတယ် မဟုတ်လား။ မြေကျင်းကလေးယက်ပြီး အဲဒီအထဲကို
မစင်စွန့်၊ ပြီးရင် မြေပြန်ဖို့တတ်သေးတယ်။ တော်တော် ချီးကျူးအမှတ်ပေးချင်စရာ
မာယာပဲ။ စည်းကမ်းရှိရန် ကောဟဲ့ပေါ့ဟ။ အဲ... ဒါပေမယ့် မြေပြင်မဟုတ်တဲ့ အိမ်ကြမ်းပြင်တို့၊
တိုက်ကြမ်းပြင်တို့လို နေရာမျိုးမှာ စွန့်ပြီ ဆိုရင်တော့ သွားပြီဟေ့။
ပျော့ပျော့ကလေးနဲ့ တစ်အိမ်လုံး တိုက်ခန်းတစ်ခန်းလုံး ခေါင်း ကိုက်အောင်
နံဖို့ပြင်ပေတော့ပဲ။ တစ်ခါတလေ သင်းတို့ဟာ မစင်တင်မကဘူး။ ခုတ်လို့ရတဲ့ ကြွက်သေကို
စားပြီး တစ်ပိုင်းတစ်စ စည်းမဲ့ကမ်းမဲ့ ပစ်ထားခဲ့ပုံမျိုးနဲ့ အပုပ်နံ့ ဖြန့်ဖြူးရေး
လုပ်တတ်သေးတာ။ အဲလိုဆိုတော့ မြေပြင်ပေါ်မှာတုန်းက ရှိခဲ့တဲ့စည်းကမ်းက
ဘယ်ရောက်သွားသတုံး။ လွယ်ကူတဲ့ အခြေအနေတစ်ရပ်မှာ စည်းကမ်းရှိချင် ယောင်ဆောင်ခဲ့သမျှ
နည်းနည်းလေး အခက်အခဲရှိလာတာနဲ့ ဘွားခနဲဇာတိပေါ်လာတော့တာပဲ မဟုတ်လား။ လူတချို့ကလည်း
အဲဒီကြောင် မစင်စွန့်သလို အချိုးမျိုးတွေ ရှိတတ်ကြတယ်ကွ။ ဒါကြောင့် 'အဲဒီလူတော့ သွားမစမ်းနဲ့နော်။ ဒီလူက ပျော့ပျော့ကလေးနဲ့ နံတဲ့ကြောင်ချေးဗျ'ဆိုတဲ့ ဥပမာပေးစကား ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်မယ်ထင်တယ်'
'မောင်ကတော့
လုပ်ချလိုက်ပြန်ပြီ။ မောင်ကိုက ကြောင်တွေအပေါ်မှာ အမြင်မကြည်လင်ဘဲ
အဆိုးမြင်နေတာကော မဖြစ်နိုင်ဘူးလား'
မောင်က
တစ်ချက်ပြုံးလိုက်သည်။
'မငြင်းပါဘူး။
အဆိုး မြင်ဝါဒနဲ့ တစ်ဖက်သတ် စွပ်စွဲနေတယ် ထင်ရင်လည်း မင်းမှာပြန်ချေပပိုင်ခွင့်
ရှိတယ်လေကွာ။ ချေပပေါ့။ ခုမှ ပြောရင်းနဲ့ နောက်တစ်ချက် ထပ်တွေးမိလာပြန်သေးတယ်။
ကြောင်တွေဟာ သခွပ်ပင်က မီးတကျီကျီ ဆိုသလို အင်မတန် နားပူနားဆာတိုက်တတ်တဲ့
ဓလေ့ကိုလည်း မူပိုင်ကန်ထရိုက် ဆွဲထားတတ်တဲ့ သတ္တဝါကွ။ ကိုယ် မွေးထားတဲ့
လူသားစင်စစ် သားသမီးကလေးတွေကမှ ကျွေးချိန်တန်လို့ မကျွေးနိုင်သေးရင် 'သားရေ၊ သမီးရေ ခဏလေးစောင့်၊ ဒီမှာ ထမင်း မကျက်သေးလို့နော်။ ဟင်း
မကျက်သေးလို့နော်' လို့ တောင်းပန်ထားလို့ ရသေးတယ်။
အဲဒီကြောင်ဆိုတဲ့ သတ္တဝါကတော့ မရဘူးဟေ့။ အချိန်ကျလာလို့ မကျွေးမိလို့များ
ရှိရင်တော့လား။ တညောင်ညောင်နဲ့ အကြီးအကျယ် နားပူနားဆာ တိုက်တော့တာပဲ။ 'ကျုပ်တို့ သခင်ကတော့ ခုအချိန်ထိကို ထမင်းမကျက်သေးတာဗျို့။ ဆန်ဝယ်ဖို့ကို
ပိုက်ဆံပြတ်နေတာပဲ ဖြစ်မယ်'လို့ သတင်းထုတ်ပြန်ပေးနေသလို
တရစပ် မနားမနေအော်သံနဲ့ သခင်ကို အရှက်ခွဲတော့တာပဲ မှတ်။ တစ်ဖက်သားရဲ့ အခက်အခဲတွေ
ဘာတွေ ဘယ်လောက် ရှိနေနေ သူနဲ့မဆိုင်ဘူး။ သူ ထည့်တွေးစရာ မလိုဘူး။ အရေးကြီးတာက
သူ့လိုဘ အမြန်ပြည့်ဖို့ပဲ ဇွတ်တရွတ် ပူတော့တာပဲ။ 'ရှိကြီးခိုးပါရဲ့ဗျာ၊
ကြောင်ပူသလို ဇွတ်မပူ စမ်းပါနဲ့။ ခင်ဗျားကိစ္စကို ကျုပ်ခေါင်းအေးအေးထားပြီး
ပြေလည်အောင် ဖြေရှင်းပေးပါ့မယ်။ ခုလိုပူနေတော့ ကျုပ်လည်း ပြဿနာကို ဘယ်က
အစကောက်ရမှန်းကို မသိတော့ဘူး' ဆိုတဲ့
တောင်းပန်စကားမျိုးတွေကို မင်းကြားခဲ့ဖူးမှာပေါ့။ လောကကြီးမှာ ကိုယ့်လိုဘတစ်ခုပဲ
ကြည့်တတ်ပြီး ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်းတင်ရင်း တပူပူနားပူနားဆာ တိုက်တတ်တဲ့
ကြောင်လိုလူတွေ ရှိနေလို့ အဲဒီလက်သုံးစကား ပေါ်လာတာနေမှာပေါ့ကွာ'
'ကဲကဲ...
တော်ပါတော့ မောင်ရယ်။ တကတဲ ကြောင်လေးတစ်ကောင် မွေးရင်ကောင်းမလားလို့ စကား
စကြည့်မိပါတယ်။ ထွက်လာလိုက်တဲ့ ကြောင်ဒဿနတွေက တစ်နေကုန် ထိုင်ဆွေးနွေး
ရတော့မလိုပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မျောက်ဋီကာ၊ ခွေးဋီကာတွေ
ရေးခဲ့သလိုများ အားကျပြီး ကြောင်ဋီကာ ရေးဦးမလား မပြောတတ်တော့ဘူး။ တော်ပါပြီ။
မွေးလည်း မမွေးချင် တော့ပါဘူး'
နောက်ဆုံးတော့
ကျွန်မကပဲ လက်လျှော့လိုက်ရပါတော့သည်။ ဒါတောင် မောင်က ထမင်းစားအပြီးမှာ
ထန်းလျက်ခဲကလေးတစ်လုံးလောက် အစာပိတ်အချိုတဲ့သလို သဘောမျိုးနှင့် နောက်ဆက်တွဲ
ကြောင်ရှင်းတမ်းကလေး အဆစ်ထည့်နေသေး၏။ သူ့အဆစ်က ပြုံးချင်စရာ ကောင်းပါသည်။
'အောင်မယ်၊
တစ်သက်လုံး ကျွေးမွေးလာခဲ့တဲ့ သခင်ရဲ့အရိပ်ကို ခိုနေခဲ့ပေမယ့် အဲဒီသခင်များ
နေထိုင်မကောင်းဖြစ်ရင် သူက ဓားစာခံဖြစ်မှာစိုးလို့ သခင်ကို ပစ်ပြီး
တခြားလစ်ပြေးတတ်တဲ့ ကိစ္စမျိုးတွေလည်း ရှိသေးတယ်ကွ။ တို့လူတွေအတွက် မကျင့်အပ်တဲ့
တရားတွေကို ဆုံးမစာမှာ 'ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်၊
ဤလေးအင် လူတွင်မကျင့်ရာ' လို့ ရေးတယ်မဟုတ်လား။
သင်းတို့ကြောင်တွေကလည်း အဲဒီဆုံးမစာထဲကအတိုင်း ဆိုရင်တော့ သာမှနေတဲ့သတ္တဝါထဲမှာ
ထိပ်ဆုံးကပဲ မိန်းမရေ။ တော်ပါကွာ၊ ကြောင်တွေကို မပတ်သက်ချင်စမ်းပါနဲ့ကွာ' တဲ့လေ။
□
၂။
သည်ရပ်ကွက်ကလေး၊
သည်လမ်းကလေးထဲသို့ ကျွန်မတို့ ပြောင်းရွှေ့လာခဲ့သည်မှာ ခြောက်လကျော်ခဲ့ပြီ ဖြစ်၏။
ရန်ကုန်မြို့လယ်သို့ ရောက်ရန် ဘတ်စ်ကား နှစ်ဆင့်စီး၍ ကားပေါ်မှာပင်
အချိန်နှစ်နာရီခန့် ပေးရသော အကွာအဝေးမှာ ရှိသည့် ရပ်ကွက်ကလေးသည် မြို့ပြနှင့်
မဝေးသော်လည်း ကျေးလက်ဆန်နေသေးသည်ကပင် ကျေနပ်ဖွယ် ဖြစ်သည်ဟု ကျွန်မတို့
ခံယူမိကြပါသည်။ လျှပ်စစ်မီးနှင့် ရေအခက်အခဲ အနည်းငယ် ရှိသော်လည်း မောင်ကတော့
သူ့ဝင်ငွေအနေအထား၊ သူ့အလုပ်အကိုင်အတွက် နားအေးပါးအေးအဆင်ပြေမှု စသဖြင့် အသေအချာ
တွက်ချက်ကြည့်ပြီးမှ ကျေနပ်စွာ ပြောင်းရွှေ့လာခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
အဓိက
အချက်ကတော့ ပျားပန်းခပ်အောင် စည်ကား ရှုပ်ထွေးမှု မရှိသေးသော ထူထောင်ခါစ
မြို့သစ်ကလေးတစ်ခု ဖြစ်နေခြင်း ဆိုသောအချက်ပင်။ ကျွန်မတို့၏ နေအိမ်ကလေးသည်
မြို့သစ် ကလေး၏ လမ်းသွယ်လေး တစ်ခုထဲမှာ ဖြစ်သည်။ ရန်ကုန်မြို့ထဲသို့ သွားလျှင်
ဘတ်စ်ကားမှတ်တိုင်ရှိရာ လမ်းမကြီးသို့ ရောက်အောင် တစ်ဖာလုံမျှ ထွက်လျှောက်ရသေး၏။
မည်သို့ဆိုစေ ကျွန်မတို့ ဝန်းကျင်သည် ကာလပေါက်ဈေးအရ ဈေးမကြီးသော
ဆိတ်ငြိမ်ရပ်ဝန်းကလေး ဖြစ်နေခြင်းကပင် အနေရတော်လေစွဟု အောက်မေ့ခံယူရသော
ရပ်ဝန်းကလေး ဖြစ်လေသည်။
တစ်ခုတော့
ရှိသည်။ ထူထောင်ခါစ မြို့သစ်ကလေးတစ်ခုထဲက ရပ်ကွက် ဖြစ်နေ၍လား မသိ။ နေရာတိုင်းမှာ
လိုအပ်ချက်တွေ တင်းကြမ်းပြည့် ဖြစ်နေလေတော့ နေ့စဉ်နှင့်အမျှ အလှူခံ တစ်ခုမဟုတ်
တစ်ခုရှိနေတာကိုက ရပ်ကွက်ကလေး၏ အမှတ်အသား Trade Mark တစ်ခုဟု ဆိုရမလို
ဖြစ်၏။ လမ်းတွေပြင်ဖို့၊ ရပ်ကွက် ဓမ္မာရုံဆောက်ဖို့၊ ဝါးထရံကာ ဓနိမိုးနှင့်
ရှိနေသေးသော အစရှိသဖြင့် ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စတွေဖြင့် အလှူခံတွေက
တစ်နေ့တစ်မျိုး မရိုးရအောင်ပင် ဇယ်ဆက်နေ တတ်၏။ ရွာလယ်ဇရပ်ဟု ဆိုနိုင်သည့်
မီးကင်းတဲ ကလေးသည် အလှူခံအဖွဲ့တွေ တစ်ဖွဲ့ဝင် တစ်ဖွဲ့ထွက် စတည်းချရာနေရာဖြစ်၏။
အလှူခံ အသံချဲ့စက်သံက ပြတ်သည် မရှိလှ။
ကျွန်မတို့
အိမ်ကလေးက မီးကင်းတဲနှင့် သိပ်မဝေးလေတော့ အလှူခံအသံချဲ့စက်သံကို ပီပီသသ ကြားရ၏။
အဲဒီမှာ အလှူခံအဖွဲ့များမှ နှိုးဆော်သူတိုင်း၏ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး
နာမည်တစ်ခုက ဒေါ်ရွှေခင်ဟူသော အမည်ဖြစ်တာကို တစ်ရပ်လုံးက သတိပြုမိကြမည်သာ
ဖြစ်ပါသည်။
'ဟုတ်ကဲ့ခင်ဗျာ၊
ကျွန်တော်များ ကိုယ့်အားကိုယ်ကိုး လမ်းပြုပြင်ရေးအတွက် သဒ္ဓါထက်ထက်နဲ့ ပထမဦးဆုံး
ဗွေဆော်ဦး လာရောက်လှူဒါန်းသူကတော့ အလှူ့အစ်မကြီး ဒေါ်ရွှေခင် မိသားစုဖြစ်ပါတယ်။
အလှူတော်ငွေ တစ်သောင်းကျပ်ပါ ခင်ဗျား' ဆိုတာက တစ်မျိုး။
'အလှူရေစက်
လက်နဲ့မကွာ ဆိုသလိုပေါ့ခင်ဗျာ။ ရပ်ကွက်ဓမ္မာရုံအတွက် ကျွန်တော်များ
အလှူခံအကျိုးဆောင်အဖွဲ့က နှိုးဆော်လိုက်တယ်ဆိုရင်ပဲ ဦးစွာပထမ ထူးတဲ့ဒါနအဖြစ်
ရောက်ရှိ လာတာကတော့ အလှူ့အစ်မကြီး ဒေါ်ရွှေခင်မိသားစုပဲ ဖြစ်ပါတယ်ခင်ဗျ။ ဘုရား
တရား သံဃာ ရတနာသုံးပါး အမှူးထားလို့ အလှူတော်ငွေ သုံးသောင်းကျပ်ပါခင်ဗျ။ ဒါအစုကို
ပတ္တနာပြုလို့ သာဓု သာဓု သာဓုလို့ အနုမောဒနာ သုံးကြိမ်တိုင်တိုင်
ခေါ်ဆိုလိုက်ရပါတယ် ခင်ဗျား' ဆိုတာက တစ်ဖုံ။
မည်သို့သော
ခေါင်းစဉ်ဖြင့် မည်သည့်အလှူခံအဖွဲ့ပဲ ရောက်ရှိလာသည် ဖြစ်စေ ဒေါ်ရွှေခင်မိသားစုသည်
ထိပ်ဆုံးကပင်။ ဒါကို ကျွန်မသာမက တစ်ရပ်ကွက်လုံးလည်း သတိထားမိကြသည်သာ ဖြစ်လေသည်။
'အင်း...
နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ ဆိုသလိုပဲဟေ့။ တို့ရပ်ကွက်ကတော့
ဒေါ်ရွှေခင်ကို အမှူးထား၍ ကျန်သူများက တစ်နိုင်တစ်ပိုင် တတ်နိုင်သမျှ
နောက်တော်ပါးက တစ်ဖဝါးမခွာ လိုက်ပါလှူဒါန်းကြရပါကြောင်းလို့ ဟစ်ဖို့ပဲ
ကောင်းတော့တယ်။ ဘယ်လိုလဲ ကိုယ့်လူ၊ မင်းတို့ရော လှူပြီးပြီလား'
ကျွန်မတို့
လက်ရှိနေအိမ်ကလေးကို ငှားရမ်းရာတွင် အစစကူညီပေးခဲ့သော မောင့်သူငယ်ချင်း ကဗျာဆရာက
အလှူခံမှ နိဗ္ဗာန်ဆော်၏အသံကို နားထောင်ရင်းက မေးလိုက်တော့ မောင်က ပြုံးသည်။
'အလှူငွေ
တစ်ထောင်မှ အနိုင်နိုင်ထည့်ရပါတယ် ငါ့လူရာ။ ဒါတောင် တစ်နေ့ကမှ မြို့ထဲမှာ
မဂ္ဂဇင်းတိုက်တွေကို ပတ်ပြီး စာမူခတွေ စုထုတ်လာခဲ့တာလေး ရှိနေသေးလို့ဟ။
လူတကာဖျားတဲ့ စူပါစတား ဝိသာခါလက်သစ် ဒေါ်ရွှေခင်တို့ကိုတော့ မတုနိုင်ဘူးပေါ့လကွာ'
မောင်၏
အရှင်းလင်းဆုံး ဝန်ခံချက်ပင် ဖြစ်ပါသည်။ သာမန်မဂ္ဂဇင်းဝတ္ထုတို သမားတစ်ယောက်မျှသာ
ဖြစ်သော မောင်သည် စိတ်ဆန္ဒအားဖြင့် မည်မျှထက် သန်သည်ဆိုစေ။ သူ့ဝင်ငွေက
သူ့စိတ်ဆန္ဒနှင့် လိုက်လျောညီထွေသော ဒါနမှုအထိ ခွင့်မပြုနိုင်ရှာပါ။ ဆင်လည်း
ဆင့်အထွာ၊ ကြွက်လည်း ကြွက်အထွာဆိုသလိုပေါ့ဟုသာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်
ဖြေသိမ့်ကြရပါ သည်ဟုပဲ မရှက်တမ်းဝန်ခံရမည် ဖြစ်ပါသည်။
'တော်တော်
အားကျဖို့ကောင်းတယ် မောင်ရယ်။ ကုသိုလ်ဟူသမျှ ဒေါ်ရွှေခင်က အကုန်သဲ့ယူနေသလား
အောက်မေ့ရတယ်နော်။ လူကိုတော့ မမြင်ဖူးသေးပါဘူး။ လမ်းထိပ်က တိုက်ကြီးမှာ
နေတယ်လို့တော့ ကြားဖူးတာပဲ'
ကျွန်မက
မိန်းမသားပီပီ အားကျစွာ ပြောလိုက်မိတော့ မောင့်သူငယ်ချင်း ကဗျာဆရာက ရယ်၍ပြော၏။ 'ဟောဒီ
မခိုင်ကလည်း စာရေးဆရာမိန်းမ လုပ်နေပြီး အားကြီးကို ညံ့သေးတာပဲ။ သူတို့က ရပ်ကွက်ထဲက
လူတွေရဲ့ ငွေတွေကို နေ့ရှိသမျှ သဲ့ယူနေတာကျတော့လည်း ထည့်တွေးဦးမှပေါ့ဗျ။
ဒေါ်ရွှေခင်တို့က ပြက္ခဒိန်မှာ စနေနဲ့တနင်္ဂနွေ ရှိနေတာကို ရှိရကောင်းလားလို့
ဒေါပွနေ ကြတဲ့သူတွေပဲ ဥစ္စာ။ ဟားဟားဟား၊ စာရွက်ကလေးတွေပေါ်မှာ ဘောလ်ပင်နဲ့ရေးကြ ခြစ်ကြတာချင်း
တူပေမယ့် သူတို့က ကျုပ်တို့လို လက်အညောင်းခံပြီး များများစားစား စကားလုံးတွေ၊
ဝါကျတွေ၊ အတွေးအမြင် အယူအဆ တင်ပြချက်တွေ၊ ဆွေးနွေးငြင်းခုံချက်တွေ ရေးနေတာ
မဟုတ်ဘူး။ ရယ်ဒီ မိတ်ကော်ဖီမစ်၊ တီးမစ်ထုပ်တွေပေါ်က စာလို တူးအင် ဝမ်း၊
သရီးအင်ဝမ်းပဲ ကောက် ခြစ်လိုက်တာ။ ကိုယ့်လူ၊ ကိုရင့်မိန်းမကို ဘယ်သဘောနဲ့
စစ်ကြိုခေတ်ထဲမှာ ထားရစ်ခဲ့ရတာတုံး။ ရာဇာဝင်ထဲမှာ
မေ့ကိုချန်ထားရစ်ခဲ့ပါတယ်ဗျို့လို့ ပြောရင် ဆရာမ မဂျူး က 'အကောင်တွေနော်။
ငါ့ ဝတ္ထုကလေး နာမည်လေးတော့ ချမ်းသာပေးကြပါဟယ်'လို့
ရန်တွေ့တာ ခံရလိမ့်ဦးမယ်။ ကိုရင့်မိန်းမကို ခေတ်ပြိုင်ရေစီးထဲ ဆွဲခေါ်ဦးဟ'
သူ့ဟာသူ
ပြောပြီး သူ့ ဘာသာပင် သဘောကျစွာ ရယ်လေသည်။ ကျွန်မ၏ မောင်က ခပ်ပြုံးပြုံးပင်
ပြန်ပြောပါသည်။ 'နေပါစေကွာ၊ တော်ကြာ ဦးစောဘွဲ့မှူးရဲ့ 'ကျလွယ်လွန်းတဲ့
စိတ်ဓာတ် မြေလွှာကို ဖောက်ထွင်းပြီး အဝီစိထိ ဆင်းဖို့ပြင်သော အခါ ရောဂါ...'
ဆိုပြီး သီချင်းကြီး ထဟဲနေရပါဦး မယ်။ အလိုလိုကမှ ဒီရောဂါက
ကူးစက်မြန်ရတဲ့အထဲ။ အဲဒါနဲ့စာရင်တော့ ကိုဂျေညီညီရဲ့ သီချင်းပဲ ဆက်ဟဲနေရတာက
ကောင်းပါတယ်။ 'ရိုးရိုးအေးအေးကြီးကိုပဲ ချစ်နေမိတယ်' ဆိုတာလေ။ ငါ့မိန်းမ အဲလိုဆက်ပြီး ခပ်တုံးတုံးပဲ နေပါစေ။ အဲဒါပဲ
ကြိုက်ပါတယ်'
ပြီးတော့
သူတို့နှစ်ယောက် ရယ်ကြလေသည်။ နောက်ကျမှ သူတို့နှစ်ယောက် ဘာကို ရည်ရွယ်ပြောကြောင်း
ပြိုင်တူရှင်းပြကြလေသည်။ 'သြော်...ဟုတ်သား။ တော်တော်တုံးသေးတဲ့ ကျွန်မပဲ။ ခေတ်ပြိုင်ရေစီးထဲမှာ
တဝုန်းဝုန်း လှိုင်းထအောင် ကူးခတ်နေတဲ့ ဂဏန်းကောင်တွေကို လောက်မှ သတိမပြုမိလေခြင်း'ဟု အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်နှပ်ပစ်လိုက် ရပါသည်။ သို့သော်
ကျွန်မက အညံ့တော့မခံချင်ပေ။
'အို...
ဘာပဲဖြစ်ဖြစ် အလှူရေစက် လက်နဲ့မကွာတာဟာ ကောင်းတာပဲ မဟုတ်လား'ဟူသော
အနိုင်စကားကိုတော့ ပြောဖြစ်အောင်ပြောကာ ပြန်လည်ချေပလိုက်မိလေသေးသည်။ ထို့ကြောင့်
ကျွန်မ အနိုင်ရခဲ့သည်ဟု ထင်ပါသလား။ ဟင့်အင်း။ မနိုင်သည့်အပြင် ခွက်ခွက်လန်အောင်
ရှုံးသွား စေရသည့်အဖြစ်အပျက်တစ်ခုကို နောက်တစ်ပတ်အကြာမှာပင်
ရင်ဆိုင်ခဲ့ရပါတော့သည်ဟု မှတ်တမ်းပြုရတော့မည် ဖြစ်ပါသည်။ နှာခေါင်းကျည်ပွေ့
တည့်တည့်တွေ့တာပဲ ဟုသာ ပြောကြပါစို့ရဲ့လေ။
□
၃။
တစ်ညနေခင်းမှာပဲ
ဖြစ်ပါသည်။
ကျွန်မတို့
အိမ်ကလေး ရှေ့လမ်းပေါ်မှာ စီခနဲညံခနဲ အသံတွေ ကမ္ဘာပျက်သလို ကျယ်လောင်ပွင့်အန်
ပွက်လော ရိုက်လာလေသဖြင့် ကျွန်မရောမောင်ပါ အိမ်ရှေ့သို့ ထွက်ကြည့်မိကြရသည်။ ပြဿနာက
ကျွန်မတို့နှင့် မျက်နှာချင်းဆိုင်အိမ်မှ တတိယတန်း ကျောင်းသား အရွယ်ကလေးငယ်ကလေးကို
အိမ်ရှေ့တည့်တည့်မှ လာရပ်ကာ ဆဲရေးတိုင်းထွာခြင်း ဖြစ်သည်။ လမ်းပေါ်မှာ ရပ်ကာ ဖေတွေ
မောင်တွေနှင့် အားပါးတရ ကလော်တုပ်နေသူက ရွှေလက်ကောက်တွေ တံတောင်လောက်နှင့်
သားသားနားနား မိန်းမကြီးတစ်ဦး ဖြစ်သည်။ သူ့နောက်မှာလည်း နောက်လိုက်နောက်ပါ အခြွေအရံတွေက
တစ်ပြုံတစ်မကြီး။ တပ်ထောင်တာ ဗိုလ်ထုနှင့် ချီတက်လာပုံမျိုး ဖြစ်သည်။
ဆဲရေးတိုင်းထွာသည့်
စကားလုံးတွေက လူပျိုအပျိုကလေးတွေ မဆိုထားနှင့်။ ကျွန်မလို အိမ်ထောင်သည်
မိန်းမတစ်ယောက်အနေနှင့်ပင် ပတ်ဝန်းကျင်က လူတွေ၏ မျက်နှာကို ဘယ်လိုလှမ်း
ကြည့်ရမှန်း မသိလောက်အောင် ရှက်ရွံ့တုန်လှုပ်သွား စေနိုင်သည့် ညစ်ညမ်းစုတ်ပဲ့
နုံ့နဲ့သော အယုတ္တ အနတ္တ စကားလုံးတွေဖြစ်၏။ တစ်တစ်ခွခွ စကားလုံးတွေကို
မျက်နှာပြောင်ပြောင်နှင့် တရစပ်သုံးစွဲကာ အော်ကြီးဟစ်ကျယ် ဆဲရေးနေခြင်း ဖြစ်သည်။
ထိုမိန်းမကြီး၏ လေသံက အင်မတန်အထက် စီးဆန်ကာ ဓနဂုဏ်မောက်နေသောလေသံမျိုး။ 'တစ်လောကလုံး
ငါက လုပ်ကျွေးထားတာ'ဟု ဘဝင်ခေါင်ခိုက်နေ သော ခပ်ညံ့ညံ့
ဥစ္စရူး တစ်ယောက်၏ အဟိတ် တိရစ္ဆာန်တစ်ကောင်နှယ် မာန်ဖီသံမျိုးဟု အားလုံးက
အော်ဂလီဆန်စွာ မှတ်ချက်ချကြလိမ့်မည့် လေသံမျိုးဖြစ်၏။
အဆဲခံရသည့်
မိသားစု ကလေးက တော်တော်ကို နွမ်းပါးချို့တဲ့သည့် လက်လုပ်လက်စားထဲက ဖြစ်ပါသည်။
ကလေးငယ်၏ မိခင်ဖြစ်သူက သူ့သားကလေးကို ရိုက်ရင်းက မျက်နှာအောက်ကျို့နှင့်
တဖွဖွတောင်းပန်နေ၏။ သို့သော် မထူး။ အဲဒီပွဲမှာ မမျှော်လင့် မထင်မှတ်ပါဘဲ
ကြိုးဝိုင်းထဲ ဝင်သွားသူ က ကျွန်မ၏မောင်ပင် ဖြစ်သည်။
'ကဲ...
တော်ပါတော့ဗျာ။ ဒီကလေးကြောင့် ခင်ဗျားတို့မှာ ဘယ်လောက် ထိခိုက်နစ်နာသွားသလဲ ပြော'
'ဘယ်လိုဖြစ်ရမလဲ။
သူခဲနဲ့ထုတာ အိမ်က ပြတင်း မှန်တစ်ချပ် ကွဲသွားတယ်။ ဒီလိုပေါက်လွတ်ပဲစား လာလုပ်လို့
ဘယ်ရမလဲ။ ကျုပ်တို့ကို ဒီလိုလာစမ်းလို့ မရဘူး'
သို့သော်
အစာကြီးကတည်းက နားထောင်နေခဲ့သော မောင်က နှစ်ဘက် ပြဿနာကို ခြုံငုံသိရှိနေပြီး
ဖြစ်နေပါသည်။
'ကလေးက
ပြောနေတယ်။ သူ့ဟာသူ လမ်းလျှောက်လာတာကို ခင်ဗျားတို့အိမ်က ခွေးက လိုက်ဆွဲလို့
စိတ်ဆိုးပြီး ခဲနဲ့ပြန်ထုလိုက်တာ လက်လွန်ပြီး ပြတင်းပေါက်ကို မှန်သွားတာတဲ့။
ဒါကလေးက ညာပြောတာမဟုတ်ဘူး။ ကလေး ခြေသလုံးမှာ ခင်ဗျားတို့ခွေးက ကိုက်ထားလို့
သွေးတွေ ထွက်နေတာကို မြင်ရဲ့လား။ သူ့မှာ ဒဏ်ရာသက်သေနဲ့။ ခွေးကို
ဒီလိုစည်းမဲ့ကမ်းမဲ့ မွေးလို့ရသလား။ ဒီကလေး ခွေးရူးပြန်လို့ တစ်ခုခုဖြစ်ရင်
အသက်အန္တရာယ် ထိခိုက်လာရင် ကျွန်တော်က အားလုံးကို သက်သေထားပြီး ခင်ဗျားတို့ကို
တရားစွဲမယ်။ လောလောဆယ် ခင်ဗျားတို့ အိမ်က ပြတင်းမှန်အကွဲကို မူလအတိုင်း
အသစ်ပြန်ဖြစ်အောင် ကျွန်တော့်ပိုက်ဆံစိုက်ပြီး ပြန်ထည့်ပေးမယ်၊ စိတ်ချ။ မူလအတိုင်း
အကောင်းပကတိ ပြန်ဖြစ်စေရမယ်။ ဒီကလေးရဲ့ နာကျင်မှုနဲ့ ဒဏ်ရာအတွက် ခင်ဗျားတို့
ဘယ်လိုပြန်ပေးဆပ်မလဲ။ ကလေးကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးဖို့ လိုအပ်တယ်ဆိုတာ
လူလိုသိရင် တာဝန်ယူရမယ်။ တာဝန်မယူနိုင်ဘူး ဆိုရင်လည်း သဘောပဲ။
နောင်တစ်ချိန်ချိန်မှာ ဒီကလေး ခွေးရူးပြန်ရင်း တခြားပယောဂ မပါဘဲ
ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးပါးခဲ့ရင် ခင်ဗျားတို့လည်း ဥပဒေကြောင်းအတိုင်း
သွားဖို့သာ ပြင်ထား။ ကဲ... ဘာပြောချင်သေးသလဲ။ ပြတင်းမှန် အကွဲကို အခုပဲ
ပြန်လိုက်တပ်ပေးဖို့ လက်သမားငှားပြီး ချက်ချင်း လိုက်ခဲ့မယ်။ ခင်ဗျားတို့ပြန်တော့။
ဒီနားက လူတွေအားလုံးပေါင်းလို့ ခင်ဗျားတစ်ယောက်စာလောက် မချမ်းသာပေမယ့် ဒီအချိန်မှာ
ခင်ဗျားချမ်းသာတာကို ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ခင်ဗျားပိုက်ဆံတွေကို
ဘယ်သူကမှ အရေးလုပ်ပြီး ထည့်တွက်နေကြမှာ မဟုတ်ဘူး။ ကဲ... ခင်ဗျားတို့ ပြန်ကြတော့'
ဥပဒေကြောင်းကို
ထည့်ပြောလေတော့မှ မကျေမနပ်နှင့် လှည့်ပြန်သွားကြ၏။ ကလေးကို ခွေးရူးရောဂါ
ကာကွယ်ဆေးထိုးပေးဖို့ကိုလည်း တာဝန်ယူမသွားကြပါ။ သို့သော် 'တို့က
ငမွဲတွေ မဟုတ်ဘူးဟေ့။ ပြတင်းမှန်လောက်တော့ ကိုယ့်ဟာကိုယ် ပြန်တပ်နိုင်သေးတယ်'ဟုတော့ ထွက်ကန် ကန်သွားပါသေးသည်။ ထိုအမျိုးသမီးကြီးသည် ကျွန်မတို့ရပ်ကွက်၏
အလှူရှင်ကြီး ဒေါ်ရွှေခင် ဖြစ်ကြောင်းကိုတော့ ကျွန်မ မပြောလည်း
ရိပ်မိနိုင်ကြလိမ့်မည် ထင်ပါသည်။ ကလေး၏မိခင်က မျက်ရည်လည်ရွဲနှင့်ပင် မောင့်ကို
ကျေးဇူးတင်စကား ပြောပါသည်။
'ကျေးဇူးတင်ပါတယ်
အစ်ကိုရယ်။ အစ်ကိုသာ ဝင်မကူရင် ဘယ်လောက်အထိများ ရစရာမရှိအောင် ပက်ပက်စက်စက်
ဆဲဆိုကြိမ်းမောင်းနေဦးမယ် မသိဘူး။ ကျွန်မတို့က ဆင်းရဲတော့ အလိုလိုကမှ မြေနိမ့်ရာ
လှံစိုက်ခံရဆိုသလို ဟိုလူကဖိ၊ ဒီလူက ဖိနဲ့ လူချမ်းသာတွေကို ကြောက်နေရတာ။ သူတို့ကို
ကြောက်လွန်းလို့ပါရှင်။ တုပြီး ရန်မထောင်ဝံ့ပါဘူး'
သည်တော့
မောင်က ပြန်ပြောပါသည်။ ကလေးမိခင်၏ တော်တော်ကြေကွဲစရာ ကောင်းသော အားငယ်စကားကို
တုံ့ပြန်ဖြေသိမ့်လိုက်သော မောင့်စကားက ကျွန်မ မမျှော်လင့်ခဲ့သည့် ကြောင်နှင့်
ပတ်သက်သည့် စကားပဲ ဖြစ်နေခဲ့၏။ ပြီးတော့ ကျွန်မ အံ့အားတသင့် ထောက်ခံလိုက်မိရသော
စကားလည်း ဖြစ်နေပါသေးသည်။
'ဘာဆိုင်လို့လဲဗျာ။
ပိုက်ဆံချမ်းသာတာဟာ လူတွေကို အရမ်းမဲ့စော်ကားပိုင်ခွင့် လိုင်စင်ရထားတာမှ
မဟုတ်တာဘဲ။ ဒီလိုသာဆိုရင် တစ်ကမ္ဘာလုံးရှိသမျှ လူတွေအားလုံးက ဘီလ်ဂိတ် ကို
ထိုင်ရှိခိုးနေကြဖို့ပဲ ရှိတော့မှာပေါ့။ အရေးမပါလိုက်တာဗျာ။ အဲဒီလိုလူတွေကို ပြောတာပေါ့။
ကြောင်ဆိုတာ ကြာကြာ ရေငုပ်မပြနိုင်ဘူး ဆိုတာ။ ထွီ...'
□
၄။
'ကြောင်ဆိုတာ
အပူကောင်တွေ'ဟု မောင်က ပြောဖူးသည်။
ထိုအပူကောင်
ဆိုသည့် ကြောင်တွေ အကြောင်းကို ကျွန်မထက် ပိုသိသော မောင့်အား ကြောင်ဝတ္ထုကလေး
တစ်ပုဒ်လောက်ရေးဖို့ ကျွန်မ တိုက်တွန်းတောင်းဆိုချင်ပါသေးသည်။
အင်း...
အဲဒါကိုပဲ မောင်က ကျွန်မကို 'ကြောင်လိုပူရန်ကောကွာ'ဟု အပြစ်တင်နေလေဦးမလား မသိ ဘူးနော်။
▀
နန္ဒာစိုး ၊ဆင်ဖြူကျွန်း၊
(အမှတ် ၁၉၃၊
ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...