ရွှေဝတ္ထု

အိုဘယ့်ဂန္ဓာရီ

မဝင့် ၊မြစ်ငယ်၊

01 September 2025
အိုဘယ့်ဂန္ဓာရီ
Share to

            ကျွန်မရင်ထဲမှာ မကြာခဏ ထင်ဟပ်ပေါ်လာတတ်တဲ့ ကဗျာတိုကလေး ရှိတယ်။ ရေးဖွဲ့ဖန်တီးသူက လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့ဆရာ ခင်ဝမ်းပါ။ ဒီကာရန် မလိုတဲ့ ကဗျာလေးကို လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်က ဆရာ ခင်ဝမ်း ရေးဖွဲ့ခဲ့တာပါ။

            ကဗျာလေးက ရိုးရိုးလေးပဲ။ ဖတ်ကြည့်ပါ။

   အရောင်အဆင်းကို စောင့်ရှောက်အပ်သော

   ရန်များကို ပယ်ဖျက်အပ်သော

   မေတ္တာနှင့် ယှဉ်သော မဟာဂန္ဓာရီသည်

   ကျွန်ုပ်အား...

   မြင့်မြတ်သော အကျိုးစီးပွားတို့ရှိရာ

   ကမ်းတစ်ဖက်သို့ ပေးအပ်ပါစေသတည်း။

            ဆရာခင်ဝမ်းဟာ ပန်းချီဆရာတစ်ယောက်လည်း ဖြစ်တာမို့ ဒီကဗျာလေးကို ပန်းချီရေးရင်းက အနုပညာဈာန်ဝင်စားပြီး နှလုံးအိမ်ထဲက ပေါက်ပေါက်ကျလာတာ ထင်ပါတယ်။ အနုပညာသမားတစ်ယောက်အနေနဲ့ ကျွန်မရင်ထဲထိတိုင် ကူးစက်မြတ်နိုးနေမိတယ်။

            အဲ... ဒါပေမယ့် ဒီကဗျာလေးကို ဖတ်မိတဲ့အချိန်ကစပြီး စိတ်ခန္ဓာထဲမှာ ဆူးကလေး စူးဝင်သလို ကြုံဖူးတဲ့ အဖြစ်အပျက် ကလေးကလည်း ဝင်လာခဲ့မိတတ်တယ်။ ဒီအဖြစ်အပျက်လေးက ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ပြန်သွားလိုက်ကြပါစို့ရဲ့။

            ကျွန်တော်က မီးရထားဌာနက စာရေးကြီးတစ်ဦးပါ။ စာရေးကြီးဆိုတဲ့အတိုင်း မျက်မှန်အထူကြီးတပ်၊ စတစ်ကော်လံ အင်္ကျီဖြူ၊ တိုက်ပုံအင်္ကျီဝတ်၊ ထီးရိုးရှည်မည်းမည်းကြီး ကိုင်ပြီး သွားလာတတ်တဲ့ ပုံသဏ္ဌာန်မျိုးနဲ့ပါပဲ။

            တိတိကျကျ ဖွဲ့ပြရရင် ကျွန်တော့်ရုပ်ပုံလွှာက ပိန်ညှော်ညှော် အညောင်းမိ ခန္ဓာကိုယ်ရယ်၊ ရှည်မျောမျော ခါးကိုင်းကိုင်း အနေအထားရယ်ပါ ပေါင်းစပ်လိုက်တော့ လေလာရင် ပြိုလဲတော့မယ့် အဘိုးကြီးအိုရုပ် ပေါက်နေတော့တယ်။ အမှန်က ကျွန်တော့်အသက် လေးဆယ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် ကျွန်တော့်အလုပ်က ကျွန်တော်တို့ ဒီဇယ်စက်ခေါင်းပြင်စက်ရုံရဲ့ ငွေစာရင်းတွေ လချုပ်၊ နှစ်ချုပ် တွက်ချက်ပေးရတာလေ။ နေကုန်နေခန်း ကိန်းဂဏန်းတွေနဲ့ နပန်းလုံးနေရသလို စားပွဲမှာပဲ တကုပ်ကုပ်မဟုတ်လား။ ကိုယ်လက်လှုပ်ရှားမှု နည်းတယ်။ အစားအသောက်လည်းနည်းတယ်။ လက်ဖက် ရည်ချိုပေါ့ကလည်း 'ကွတ်' လိုက်သေးရဲ့။ ဒီတော့ ညောင်နာနာရုပ်ပေါက်တာ ဆန်းလား။

            ဒီကြားထဲ ကျွန်တော်က စက်ရုံအလုပ်၊ ရုံးအလုပ် ပြီးတာနဲ့ တန်းပြီး စာအုပ်ကောက်ဖတ်တာ။ ငယ်က တည်းက စာဖတ်ခဲ့တဲ့ကောင်ဗျ။ ဒါကြောင့်လည်း စက်ရုံစာကြည့်တိုက်မှူး အလုပ်ကို ပိုက်ဆံအပိုမရဘဲ ပျော်ပျော်ကြီး လုပ်နေတာပေါ့။

            ပြီးတော့ စာဖတ်ရတာကို ကျွန်တော်တစ်ယောက်တည်းတင် မဟုတ်ဘူး။ ကျွန်တော့်မိသားစု၊ ကျွန်တော့် မိတ်ဆွေ၊ ကျွန်တော့်စက်ရုံ လုပ်သားတွေအားလုံး ဖတ်ကြစေချင်တာ။ ဒါကြောင့် တွေ့တဲ့လူတိုင်းကို စာဖတ်ဖို့ တတွတ်တွတ် ပြောမိတယ်။ တိုက်တွန်းမိတယ်။

            သူတို့က ကိုယ်ဖတ်ခိုင်းသလို မဖတ်ဖြစ်ကြတော့ စာပေမှာပါတဲ့ အတွေးအခေါ်တွေ၊ ကမ္ဘာ့အရေး၊ မြန်မာ့အရေးသတင်းတွေ၊ ဗဟုသုတတွေ ပြောပြမိတတ်တယ်။

            ဒီတော့ လက်ငင်းအကျိုး ဘာရလဲသိလား။ ကျွန်တော့်ကို 'ကမ္ဘာကြီး'တဲ့ ဗျာ။

            ဒီနာမည်ကို ဘယ်သူက စခေါ်မှန်း မသိပါဘူး။ ကွယ်ရာမှာ အပြောင်အပြက် ခေါ်ကြရာက ကြာလာတော့ နှုတ်ရဲ လျှာရဲခေါ်ဖြစ်ရာက မူလနာမည် ပျောက်ခဲ့ရတယ်။ ကမ္ဘာကြီး တွင်ခဲ့တယ်။

            သူတို့ပေးတဲ့နာမည်ကို သူတို့အတွက် ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်ခံယူခဲ့ပါတယ်။

            တကယ်တော့ လူ့ဘဝမှာ လူမဝပေမယ့် စိတ်ဝဖို့လည်း လိုအပ်တယ်။ ခန္ဓာကိုယ်အချိုးအစား မပြည့်ပေမယ့် စိတ်ပြည့်ဖို့လိုအပ်တယ် ဆိုတာကိုပဲ လူတိုင်းနားလည်နိုင်တာ မဟုတ်ဘဲလေ။

            လူတွေ ဘာကြောင့် စာဖတ်ကြသလဲ။ လူတွေ ဘာကြောင့် သီချင်းဂီတတွေ နားထောင်ကြသလဲ။ လူတွေ ဘာကြောင့် ပန်းချီကားချပ်တွေကို မြတ်မြတ်နိုးနိုး သိမ်းဆည်းခံစားကြသလဲ။

            ခင်ဗျားမှာ အဖြေတစ်ခုတော့ ရှိမှာပါ။ ဒါပေမယ့်ဗျာ။ တချို့သောလူတွေမှာတော့ အဲသလိုခံစားမှုမျိုးက လုံးဝနီးပါး အလှမ်းကွာနေ တတ်ကြပြန်တယ်။ ဘာကြောင့်လဲ၊ ခင်ဗျားမှာ အဖြေ ရှိလား။

            ကျွန်တော်တော့ အဲဒီအဖြေအတွက် ကြေကွဲနေမိတယ်။ အဲဒီနေ့က ကျွန်တော် သွားရောက်ပြီး ကူညီပေးခဲ့တဲ့  စက်ရုံလုပ်သားလေး တစ်ဦးရဲ့ မင်္ဂလာဆောင်ကို ကျွန်တော့်တစ်သက် မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

            ဒီ အကြောင်းအရာလေးက ခင်ဗျားအတွက် တွေးစရာတွေ ရလာမယ်ထင်တယ်။

            ကျွန်တော်တို့ စက်ရုံက စစ်ကိုင်းရွာတောင်ရပ်မှာ တည်ရှိတဲ့ မီးရထားဒီဇယ် စက်ခေါင်းတွေ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံကြီးပါ။

            စက်ရုံရဲ့ အရာရှိရပ် ကွက်ရယ်၊ အလုပ်သမား ရပ်ကွက်ရယ် စုစုပေါင်း မိသားစု ရှစ်ရာလောက်နေကြတဲ့ စက်ရုံကျေးလက်ကလေးလိုပဲ။ စက်ရုံက မင်းဝံတောင်ခြေ၊ ရပ်ကွက်က မင်းဝံ တောင်တန်းတွေရဲ့ ဆင်ခြေလျှောပေါ်မှာ တည်ထားတာ မဟုတ်လား။ တစ်ဖက်မှာက တောင်နံရံနဲ့ သစ်တောပဲ ရှိတာ။ စစ်ကိုင်းနဲ့ကလည်း နှစ်မိုင်ကျော်ဝေးတာဆိုတော့ တကယ့်သီးသန့်နေရာလေး။

            အေးမြတဲ့ တောင်တန်းနဲ့ သစ်တောရိပ်ရယ်၊ လှပတဲ့  ရှုမျှော်ခင်းလေးတွေရယ်နဲ့ နေချင့်စဖွယ် ချစ်စရာနေရာလေးပါ။ တစ်ခါရောက်ဖူးရင် ဘယ်တော့မှ မေ့မရနိုင်တဲ့ နေရာလေးပါ။ အလုပ်သမား တွေချည်းရှိတဲ့ အရောင်အသွေးတူ ဘဝတူနေရာလေးပါ။

            ဒီနေရာလေးက လူတွေက မိသားစုကြီးလိုပါပဲ။ စက်ရုံကြီးထဲမှာ အလုပ်လုပ်၊ ဘဝမြှုပ်နှံရင်း အသက်ရှင် နေထိုင်သွားကြဖို့ ရောက်လာကြတာကိုး။ ကျွန်တော်ဆိုရင် ရွှေဘိုသား။ ရွှေဘိုမှာ ကျွန်တော့်မိဘမောင်နှမတွေ ရှိတယ်။ ရွှေဘိုကို စားစရိတ် လိုငွေပြလို့ တစ်လမှာ တစ်ညအိပ်လောက် ပြန်တောင်းတာကလွဲရင် ဒီနေရာလေးမှာပဲ နှစ်ဆယ့်လေးနာရီ။

            တခြားလူတွေလည်း ကျွန်တော့်လိုပဲ။ နေရပ်အသီးသီးက လာခဲ့ကြတာ။ ဒီနေရာလေးက အတိတ်နဲ့ အနာဂတ်ကိုသာ မေ့ထားတတ်ရင် ပျော်စရာအလွန်ကောင်းတာကလား။

            ဒီက လူတွေရဲ့ နေ့တစ်နေ့ကို စတင်လှုပ်ရှားစေတာက နံနက် ခြောက်နာရီခွဲ စက်ရုံကြီးထဲက ဥသြသံပဲ။ အလုပ်ရှိတဲ့လူက အလုပ်သွားကြ၊ သားသမီးတွေက ကျောင်းသွားကြ၊ အိမ်ရှင်မတွေက ချက်ပြုတ်လျှော်ဖွပ် အိမ်ထောင်မှုလုပ်ကြ၊ ညနေလေးနာရီထိုးတော့ စက်ရုံထဲက ဥသြကြီးက ဆွဲပြန်ရော။

            အားလုံး ကိုယ့်အိမ်ကိုယ်ပြန်၊ ရှိတာလေးနဲ့ ညနေစာ စားသောက်ပြီး အိပ်စက်လိုက်ကြ။ ကဲ... ကျွန်တော်တို့မှာ ဘာလိုသေးလဲ။ ဒါနဲ့ပဲ ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ကြပြီလား။ ဒါက ကျွန်တော့်လို ကျောထောက်နောက်ခံ ရှိသူတွေနော်။

            ကျွန်တော့်လို ထောက်ပံ့သူ မရှိတဲ့လူတွေမှာတော့ အလုပ်အားရက်မှာ အပြင် အလုပ်ထွက်လုပ်ကြတယ်။ တချို့ပန်းရန်၊ တချို့လက်သမား၊ တချို့ဆိုက်ကားနင်း စသဖြင့်ပေါ့။ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနိုင်ကြရတယ်။

            ဘဝဆိုတာ အလိုဆန္ဒမရှိရင် ငြိမ်းချမ်းတာပဲလား။ ဒါမှမဟုတ် မတွေးတတ်ရင် လုပ်စရာ ဘာမှမရှိတော့ကြတာလား။

            သူတို့ စာမဖတ်ကြဘူးဗျာ။ စာဖတ်ဖို့ပြောတဲ့သူကိုပဲ လူထူးလူဆန်းကြီးလိုပဲ။ ဟာသတွေတောင်မှ လုပ်လိုက်ကြသေးရဲ့။ ဒါပေမယ့် ကျွန်တော် နောက်မဆုတ်ပါဘူး။ သူတို့အတွက် အခွင့်ရတာနဲ့ တတ်နိုင်သမျှ လုပ်ပေးလိုက်တာပဲ။ အခု ကျွန်တော်ပြောမယ့် မင်္ဂလာဆောင်နေ့က ဆိုရင်ဗျာ...။

            ဒီမင်္ဂလာဆောင်က စက်ရုံမိသားစုရဲ့ သားသမီးချင်း လက်ဆက်တာဆိုတော့ မင်္ဂလာဧည့်ကလည်း ကိုယ့်လူနဲ့ကိုယ်ပါပဲ။ မင်္ဂလာခန်းမကလည်း စက်ရုံရှေ့က ခန်းမဆောင်ကြီးမှာပေါ့။

            ခန်းမမှာ မင်္ဂလာဆောင် ရှိတဲ့အခါတိုင်း ကျွန်တော်တို့ စာကြည့်တိုက် အမှုဆောင်တွေက မင်္ဂလာ အခမ်းအနား ပြင်ဆင်ပေးရတဲ့ တာဝန်ယူရတယ်။

            စာကြည့်တိုက်ကလည်း ခန်းမဘေးက အခန်းငယ်ကလေးမှာလေ။ ပြီးတော့ မင်္ဂလာခန်းမ ငှားလို့ ရတဲ့ငွေက စာကြည့်တိုက် ရန်ပုံငွေ။

            အများအားဖြင့်တော့ ကျွန်တော်တို့ စာပေအုပ်စုက လူတွေက ပန်းအလှပြင်ဆင်တာ၊ စာလုံးရေးကပ်တာ၊ ဒီဇိုင်းပြင်ဆင်တာလေးကအစ နုနုလှလှလေး လုပ်တတ်ကြတဲ့ အနုပညာနံ့မကင်းတဲ့သူ တွေပါ။ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ မင်္ဂလာဆောင်ခန်းမဟာ စစ်ကိုင်းမြို့ပေါ်က ခန်းမထက် မလျော့ပါဘူး။ လှပတယ်။ ခံ့ညားတယ်။

            ဒီတစ်ပွဲမှာတော့ ကျွန်တော့်စက်ရုံမိသားစုက လူတွေအတွက် ထူးခြားတဲ့ ပြင်ဆင်မှုလေးနဲ့ လက်စွမ်းပြဖို့ အခွင့်အရေးရထားတယ်ဗျာ။

            ကျွန်တော်တို့ လူတွေရဲ့ စိတ်အာဟာရအတွက် ခံစားစားသုံးဖို့ အခွင့်အရေးကြီးဆိုလည်း မမှားဘူး။ ကြုံတုန်း ကြိုက်လိုက်မဟဲ့လို့ အားခဲရင်း ကျွန်တော့်စိတ်တွေ ပေါ့ပါးလိုက်သမှ မပြောပါနဲ့။

            အမှန်ဆိုရင်တော့ ကျွန်တော်က ဒီနေ့မနက်ကမှ ရန်ကုန်က ပြန်ရောက်လာတာပါ။ ရန်ကုန်ကို ကျွန်တော့် အစ်ကိုကြီးရဲ့ အလုပ်ကိစ္စကြောင့် စက်ရုံက ခွင့်ယူပြီး သွားခဲ့တာပါ။ ဒီနေ့က ကျွန်တော် ခွင့်ခံစားလို့ နားရင် ရပါတယ်။

            ဘယ်နားမလဲဗျာ။ ကျွန်တော့်မှာဖြင့် ဒီမင်္ဂလာပွဲအမီ အကြိတ်အနယ် ကြိုးစားပြီး ပြန်လာတာဗျ။ ဒါကြောင့် ရန်ကုန်က ပြန်ရောက်ရောက်ချင်း တာဝန်ခံပြီး သယ်ယူလာခဲ့တဲ့ ပန်းချီကားချပ်ထုပ်တွေကို အိမ်မှာ စနစ်တကျ ချထားပြီး ရေချိုးအဝတ်အစားလဲ ခန်းမဆီ အပြေး သွားရတယ်။

            ကျွန်တော့လူတွေက စိတ်ချရတယ်ဗျာ။ မင်္ဂလာမောင်မယ်ရဲ့ နာမည်စာလုံး ရေးသူရေး၊ ကပ်သူကပ်၊ စားပွဲကုလားထိုင်ခင်း စတာတွေ လုပ်နေကြပြီလေ။

            ကျွန်တော် ရောက်လာတာကို အရင်ဆုံးလှမ်းမြင်တဲ့ ကျွန်တော့် သူငယ်ချင်း တင်မောင်ဝင်းက 'ကမ္ဘာကြီးက အလုပ်လုပ်ဖို့ အချိန်မီ ရောက်လာတယ်ဟေ့။ မြတ်မိုးရေ၊ မင်းလက်ထဲက ဆတ်တွန့်စက္ကူလိပ်တွေ ကမ္ဘာကြီးပေးလိုက်၊ မင်းက ငါ့ကို လာကူကွာ'လို့ အော်ပြောတော့တယ်။

            တင်မောင်ဝင်းက ကျွန်တော်တို့စက်ရုံရဲ့ ပန်းချီဆရာဆိုလည်း မမှားဘူး။ အခု သူက ဒီဇိုင်းလှလှလေး တွေဆွဲပြီး ပိတ်ကားမှာကပ်ဖို့ လုပ်နေတာပါ။ ဘာရမလဲ။ ကျွန်တော်ကလည်း ကိုယ့်အကြံနဲ့ကိုယ် မဟုတ်လား။ ဒီအကြံက သူတို့အား လုံးအတွက် အလုပ်ပိုများလာမှာ။ ဒီတော့ ကိုယ့်စေတနာနဲ့ ကိုယ်လုပ်ချင်တာကို နားလည်ပေးမယ့် တင်မောင်ဝင်းကိုပဲ ပြန်စည်းရုံးရမှာ မဟုတ်လား။

            'ဟေ့ကောင် တင်မောင်ဝင်း။ ငါကလည်း မင်းတို့ကို ကူညီချင်လွန်းလို့ ရောက်ရောက်ချင်း ရေမိုးချိုးပြီး ထွက်လာတာပါကွ'

            'ဦးကမ္ဘာကြီးက အလုပ်က ခွင့်ယူပြီး ရန်ကုန်သွားတာ ဘာကိစ္စရှိလို့လဲဗျ' စားပွဲကုလားထိုင်တွေ စီစဉ်နေတဲ့ စာရေးလေး မောင်ဦးက မေးတော့ 'သူ့အစ်ကိုဆီက စားကောင်းသောက်ကောင်းအောင်လို့ဟေ့။ သူ့အစ်ကို ပန်းချီဆရာခိုင်းတဲ့ ပန်းချီကားတွေ သယ်တဲ့ အလုပ်သွားလုပ်တာဟ'လို့ တင်မောင်ဝင်းက ဝင်ပြောပြနေတယ်။

            'ဟာ... ဒါဆိုလုပ်ပေးသင့်တာပေါ့'

   'ကမ္ဘာကြီးတော့ အစ်ကိုပေးတဲ့ ထောက်ပံ့ကြေးတွေနဲ့ ထောနေရောပေါ့။ ကျွန်တော်တို့ကို လက်ဖက်ရည်တိုက်'

   တစ်ယောက် တစ်ပေါက် ဝိုင်းပြောကြတယ်။ ကျွန်တော်ကတော့ တဟဲဟဲ ရယ်မောရင်း ကိုယ့်အတွေးနဲ့ကိုယ် အခြေအနေအကဲခတ်ရတယ်။ ပြီးမှ တင်မောင်ဝင်းကို အေးအေးဆေးဆေး ပြောပြတယ်။ ပထမတော့ တင်မောင်ဝင်းက ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသေးတာဗျ။

            'ဟာကွာ၊ မင်းဟာက အလကား အလုပ်ပိုပါတယ်' တဲ့။ 'ဘယ်သူက ကြည့်မှာလဲ'တဲ့။ နောက်တော့မှ 'ဟုတ်ပါတယ်လေ။ တို့လူတွေ ဗဟုသုတဖြစ်တာပေါ့။ ခံစားတာ၊ နှစ်သက်တာတွေ ဘေးချိတ်'ဆိုပြီး လက်ခံတယ်။

            ပြပွဲတစ်ပွဲစာ ပန်းချီကားတွေဆိုတော့ အများကြီးပဲပေါ့။ ကောင်လေးတွေ သယ်ကြပိုးကြ ဝိုင်းလုပ်လိုက်တော့ အကုန်လုံးသက်သာခန်းမထဲ ရောက်လာတယ်။ ဒါတွေကို တစ်ခုချင်း လိုက်ဖက်တဲ့နေရာ ချိတ်ဆွဲဖို့တော့ ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံလုပ်ပစ် လိုက်တယ်။

            ဘယ့်နှယ်ဗျာ။ ပန်းချီကားတွေ ချိတ်ဆွဲပြသထားတဲ့ မင်္ဂလာအခမ်းအနားဆိုတာ ရှားမှရှားသားဗျ။ သိပ်ကို ကံထူးတဲ့မင်္ဂလာပွဲလေးပါ။

            ကျွန်တော်က မီးရထားစီးရင် ညဘက်အိပ်မပျော်တတ်ဘူး။ ဒါကြောင့် မနေ့ညကလည်း အိပ်ရေးပျက်ခဲ့တာပါ။ ဒီနေ့ညကျပြန်တော့ ပန်းချီကားတွေ ပြသဖို့ ဖြစ်နေရတာနဲ့ သန်းခေါင်ကျော်တဲ့အထိ မအိပ်ရသေးဘူး။

            ကိုယ့်ဇောနဲ့ ကိုယ်မို့လား မသိဘူး။ အိပ်စက်အနားယူဖို့ဆိုတာ ဝေးလို့ ပင်ပန်းရမှန်း မသိတော့ပါဘူး။

            ဒီလိုနဲ့ မနက်မင်္ဂလာပွဲ ကျင်းပချိန်ရောက်တော့ အစောဆုံးရောက်အောင် သွားပြီး စားပွဲတစ်နေရာမှာ ထိုင်စောင့်ကြည့် အကဲခတ်နေမိတယ်။

            ကျွန်တော်တို့လူတွေ ပန်းချီကားပေါင်းများစွာ တစ်ခါတည်းနဲ့ ကြည့်ဖူးမြင်ဖူး ခံစားဖူးသွားကြရတော့မှာ မဟုတ်လား။ သူတို့နှုတ်က ဘယ်လိုများ ထုတ်ဖော်ဝေဖန်ကြမှာပါလိမ့်။

            ကျွန်တော့်မှာ သူတို့တွေ ဒီလိုကြည့်ခွင့်ရဖို့ နေ့မနား ညမနား လုပ်ခဲ့ရတာပါ။ ဟော မင်္ဂလာခန်းမထဲကို ဧည့်သည်တွေ ဝင်လာကြပြီ။

            ကျွန်တော်တို့ ရပ်ကွက်လေးရဲ့ ထုံးစံအတိုင်းပါဗျာ။

            မင်္ဂလာဆောင် ပွဲတိုင်းမှာ ပထမဆုံး (အစောဆုံး) ရောက်လာတတ်သူတွေကတော့ အမျိုးသမီးနဲ့ ကလေးတွေပါပဲ။

            သူတို့ကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ ဘယ်ကြည့်မလဲဗျာ။ ကိတ်မုန့်နဲ့ လက်ဖက်ရည်ချိုကို နင်းဟဲပြီး သတို့သမီး ပြင်ဆင်တာလှကြောင်း၊ အဝတ်အစားက ဘယ်ပုံရှိကြောင်း ပြောပြီး ပြန်ကြလေရဲ့။

            ထားတော့... ထားတော့...။

            တဖြည်းဖြည်းနဲ့ အမျိုးသား ပရိသတ်တွေလည်း ရောက်လာကြပြီ။ ဧည့်ခံ ခန်းမတစ်ခုလုံးနီးပါး ဧည့်သည်တွေနဲ့ ပြည့်လာပါပြီ။ လူတွေကလည်း လူစုံဗျ။ အရာရှိရော၊ အလုပ်သမားရော စုံလို့။

            မင်္ဂလာဆောင်ရဲ့ နှစ်ဖက်မိဘက ဆက်ဆံရေး ကောင်းကြတော့ မင်္ဂလာပွဲကြီး စည်ကားပါပေ့။

            ဒါပေမယ့်ဗျာ... ကျွန်တော်တို့ ပင်ပင်ပန်းပန်း ပြင်ဆင်ပြသထားတဲ့ ပန်းချီကားတွေကို ဂရုတစိုက် ကြည့်သူ မရှိဘူး။ အံ့တယ်ဗျာ။ တစ်ယောက်တလေမှ မရှိဘူး။

            ဒါကြောင့် ကျွန်တော်လည်း ကျွန်တော့်အနားလာထိုင်တဲ့ ဒီဇယ်လျှပ်စစ်ဌာနက လုပ်သားကြီး ဦးလူဝကို 'ဒါတွေက ရန်ကုန် လောကနတ် ခန်းမကြီးမှာ ပြခဲ့တဲ့ ပန်းချီကားတွေဗျ။ ကိုလူဝ ကြုံတုန်းကြည့်သွားပါလားလို့ မနေနိုင် မထိုင်နိုင် ပြောမိတယ်။ ဒီတော့ ဦးလူဝက...

'သြော်... ဒါတွေက ပန်းချီကားတွေကိုး။ မင့် ပန်းချီကားတွေက လူရုပ်ပုံ ချောချောလေးတွေလည်း မဟုတ်ဘူး။ ဘာတွေဆွဲထားမှန်း မသိပါဘူးကွာ။ ငါ့မှာ ဒါတွေကို သေချာလေ့လာကြည့်ဖို့ အချိန်မရှိဘူးကွ။ ဒီနေ့ စနေနေ့ဆိုတော့ အေးမြဝတီရပ်ထဲက သရက်ခြံမှာ ရေတင်ပေးရမယ်။ နေ့တွက်ကိုက်မှ ဗိုက်ဖောင်းမှာ မောင်ရေ' လို့ပြောပြီး ထသွားပါလေရော။ စိတ်ပျက်လက်ပျက်နဲ့ ငေးကြည့်နေရုံမှအပ ကျွန်တော် ဘာတတ်နိုင်မှ လဲ။ ဒီလိုနဲ့ ဧည့်ပရိသတ်လည်း စဲသွားပြီ။ ကျွန်တော်တို့ဆီမှာက ကိုးနာရီထိုးပြီးတာနဲ့ ပွဲသိမ်းကြရတော့တာပါ။

            အဲဒီအချိန်မှာပဲ ရုတ်တရက် လမင်းကြီး ဝင်းခနဲ ပေါ်ထွက်လာလိုက်သလို ကျွန်တော့်ရင်ထဲ ရိပ်ခနဲ အေးသွားစေတာက သူရောက်လာတာပါပဲ။

            သြော်... သူဆိုတာ တစ်လွဲမထင်ကြနဲ့ဦး။ ကျွန်တော်တို့ စက်ရုံရဲ့ သင်တန်းကျောင်းမှာ ကျောင်းအုပ် အဖြစ် တာဝန်ကျလို့ရောက် လာတာမကြာသေးတဲ့ ဆရာသမား တစ်ယောက်ပါ။

            သူက အင်ဂျင်နီယာဘွဲ့ကို ပိုင်ဆိုင်ထားသူ ရန်ကုန်သား ဖြစ်ပါတယ်။ အသက်အရွယ်ကတော့ ကျွန်တော့် ထက်တောင်မှ ငယ်ပါလိမ့်ဦးမယ်။

            သူကတော့ဗျာ၊ ရောက်ကတည်းက ပန်းချီကားတွေကို မျက်စိနဲ့ မခွာတမ်းကြည့်တော့တာပဲ။ သူ့ရှေ့မှာချထားတဲ့ လက်ဖက်ရည်တွေတောင် အေးကုန်ရော့မယ်။ ကြာတော့ သူလည်း ဒီအတိုင်း ထိုင်ကြည့်ရတာ အားမရလို့နေမှာပေါ့။ တစ်ကားချင်းရှေ့မှာ ရပ်ပြီး အသေအချာကြည့်နေလိုက်တာ မင်္ဂလာအခမ်းအနား သိမ်းချိန်ထိတိုင်ခဲ့တော့တယ်။

            သူ စိတ်ပါလက်ပါ ကြည့်နေတော့ ကျွန်တော် အနှောင့်အယှက်မပေးဘူး။ ပန်းချီကားတွေ ကြည့်နေတဲ့ သူကိုပဲ အရိပ်တကြည့်ကြည့် ပြန်ကြည့်ရင်း ပီတိတွေ ဖြစ်မိတော့တာကလား။

            ကြည့်လို့ အားရသွားလို့လား၊ အခမ်းအနား သိမ်းမယ့်လူတွေ အားနာလို့လား မသိပါဘူး။ သူ ပြန်လှည့် လာတယ်။ ထိုင်နေတဲ့ ကျွန်တော့်ဆီ တန်းလာတာပါ။ ကျွန်တော်က ထရပ်နှုတ်ဆက်အရိုအသေပေးရတာ ပေါ့။

            'ကျွန်တော်တော့ လောကနတ်ပြပွဲထဲ ရောက်သွားသလိုပဲဗျာ။ ခင်ဗျားတို့ ပန်းချီကားတွေ ဘယ်က သယ်တာလဲဗျ။ လူစုံလက်ရာစုံ၊ အစ်ဇင်တွေကလည်း စုံလို့။ ကြိုက်တယ်ဗျာ'

            'လောကနတ်ခန်းမထဲ ရောက်သွားသလို ခံစားရမှာပေါ့ ဆရာ။ ဒါတွေက ရန်ကုန်လောကနတ်မှာ ပြလာခဲ့တဲ့ ပန်းချီကားတွေပါ။ ရွှေဘိုမြို့က ပန်းချီဆရာတွေ စုစည်းပြီး 'နှင်းဦးသီခ' ဆိုတဲ့နာမည်နဲ့ ပြပွဲလုပ်လေ့ရှိတာပါ။ ဒီနှစ်တော့ ရန်ကုန်ထိဆင်းပြီး ပြခဲ့ကြတာ ဆရာရဲ့။ ကျွန်တော်က ပွဲပြီးလို့ ပြန်သယ်ပေးတဲ့ တာဝန်ယူရတယ်။ ကျွန်တော့်အစ်ကိုကြီးက ပန်းချီဆရာ ဦးသောင်းဖေပါ။ ဒါနဲ့ သူတို့ခိုင်းတာလုပ်ပေးရင်း ကျွန်တော်တို့စက်ရုံထဲက လူတွေလည်း...'

            'ကောင်းတာပေါ့။ သူတို့ စိတ်ဝင်တစားကြည့်ကြတယ် မဟုတ်လား'

            'အင်း...ဟင်း... မဆိုးပါဘူး'

            အမှန်တကယ်လည်း မဆိုးပါဘူးဗျာ။ ကျွန်တော်တို့ လူတွေထဲမှာ ကြည့်ဖော်ရသူ တစ်ယောက်ရှိရင် တော်ရောပေါ့။ ကဲ... ခင်ဗျား ဘာပြောမလဲ။

            ဒီ အဖြစ်အပျက်လေးက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်ကလို့ ကျွန်မ ပြောခဲ့တယ်နော်။ အဲဒီစက်ရုံကျေးလက် ကလေးဆီ ကျွန်မ မရောက်တော့တာလည်း ဆယ်နှစ်ပြည့်ခဲ့ပါပြီ။

            ခုချိန်ဆို အဲဒီမှာ တိုးတက်နေရောပေါ့။ မြန်မာပြည်ရဲ့ ဒေသတိုင်းမှာလိုလို စက်ဘီးအစား ဆိုင်ကယ်စီး လာကြပြီ။ ကက်ဆက်အစား ဗီစီဒီ နားထောင်တတ်ကြပြီ။ တောရောမြို့ပါ ပြောင်းလဲ လာလိုက်ကြတာ မဟုတ်လား။

            သူတို့တစ်တွေ စာပေကိုရော ဖတ်ရှုအားကောင်းလာကြပြီလား။

            နောက်ထပ် ကမ္ဘာကြီး အခေါ်ခံရမယ့်သူမျိုး ရှိပါဦးမလား။ ဒါမှမဟုတ် လူ အားလုံးနီးပါး ကမ္ဘာကြီးလို စာဖတ်ကြပြီလား။

            ဒါဆိုရင်တော့ ပန်းချီကားတွေလည်း အရောင်းတွေ အားကောင်းလာမယ်။ သီချင်းသံစဉ်တွေလည်း အသစ်အသစ်ဖြစ်နေပေလိမ့်မယ်။

            မကြာသေးမီက ကျွန်မ စာတမ်းတစ်စောင် ဖတ်ခဲ့ရတယ်။ ဒီစာတမ်းက မျိုးခင် (ထန်းရိပ်ညို)ရဲ့ Spomtaneous Arts စာတမ်းပါ။

            ဒီစာတမ်းထဲက အတိုင်းဆိုရင်တော့ ကျွန်မတို့အားလုံး ခံစားနိုင်မှု စွမ်းအားတွေ တူညီမှဖြစ်တော့ မယ်။ ကမ္ဘာလောကကြီးဆီက လူသားတွေ ထုတ်နုတ်ထားသမျှ စုပ်ယူစားသုံးနိုင်မှု တစ်ပြေးညီဖြစ်ရပေလိမ့် မယ်။ ဖြစ်ကြရဲ့လား။

            စာတမ်းထဲက တချို့မှတ်မိနေတာလေး ရေးပြပါရစေတော့။

            'လူသားမှန်သမျှ အနုပညာနှင့် မကင်းနိုင်ပေ။

            အနုပညာနှင့် ကင်းကွာမှု မရှိခြင်းသည် နှလုံးသားအား နူးညံ့စေလျက် လောကကို အကောင်းဘက်မှ ရှုမြင် ခံတွေးတောတတ်သော အလေ့အထကို ပွားများစေလေသည်။ နှလုံးသားကို အမုန်းတရားများမှ ကင်းဝေး နိုင်ပေသည်။ အနုပညာ ပစ္စည်းများကို စိတ်အာဟာရ ဆေးအဖြစ် သောက်သုံးဝါး မျိုနိုင်ရန် ခံစားကြခြင်း ဖြစ်၏'

မဝင့် ၊မြစ်ငယ်၊

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်