ရွှေဝတ္ထု

ကြည်တည့်မိုး

ကျော်ညိုလွင်၊ကျောက်ဆည်၊

01 September 2025
ကြည်တည့်မိုး
Share to

            'ဒီမိုးက ရွာရော ရွာဦးမှာတဲ့လား'       

            ကျောက်ညို၏ မျှော်လင့်ချက်တို့ ယိမ်းယိုင်စပြုလာသည်။ ဝမ်းနည်းစိတ်နှင့်အတူ စိုးရိမ်စိတ်တွေက ကြီးစိုးလာခဲ့သည်။ သူ့မျက်စိရှေ့တည့်တည့်မှာရှိနေသော ယာခင်းပြင်ကြီးကို ကြည့်ပြီး ငိုချင်နေသည်ကို ထိန်းမထားချင်။ ယာခင်းပြင်ကြီးကို ကြည့်နေသော သူ့အကြည့်တွေထဲမှာပင် ခင်မှုံ့မျက်နှာက ပေါ်လာပြန်သည်။

            'ကိုရင်ကျောက်ညို... ဒီနှစ်တော့ ကြိုးစားလိုက်စမ်းပါတော်။ အဖေနဲ့ အမေက..'

            ခင်မှုံ့အသံက နားထဲကမထွက်။

            'ငါ ကြိုးစားတာပါပဲဟာ။ ငါ ဘယ်လောက်အထိ ကြိုးစားခဲ့တယ်ဆိုတာ နင် အသိဆုံးပါ။ ဒါပေမယ့် ဒီမိုးက တောက်...'

            ကျောက်ညို မိုးကောင်းကင်ကြီးကိုသာ မကျေမနပ်ကြီး မော့ကြည့်နေမိတော့သည်။

            'စိတ်ချစမ်းပါ... ခင်မှုံရယ်။ နှမ်းမျိုးကို ငါ စိတ်ကြိုက် ဝယ်ပြီးနေပါပြီ။ မြေသြဇာတွေကိုတောင် ငါ ကြိုပြီး စုထားတာ။ ဟင်း... ဟင်း... တင်းနှစ်ဆယ်အစိတ်ကတော့ ပြေးမလွတ်ပါဘူးဟာ။ အဲဒီတော့မှ...'

            ကျောက်ညိုက ပြောပြောဆိုဆို ခင်မှုံ့ကို ရင်ခွင်ထဲဆွဲယူ ပွေ့ဖက်ထားလိုက်သည်။

            ကျောက်ညိုနှင့် ခင်မှုံ၏ နှစ်ကိုယ်တူနီးဖို့အရေးက ဒီမိုး ဒီမြေပေါ်မှာ မူတည်နေသည်။ ဒီတစ်ရာသီ ဒီတစ်ချီ မိလိုက်ပါမှ မင်္ဂလာကိစ္စကို အမြန်ဆုံး စီစဉ်နိုင်မည် ဖြစ်သည်။ မဟုတ်ရင်... ခင်မှုံ့မိဘတွေက ရွာတောင်ဖျားက ကျော်မြနှင့် သဘောတူနေကြတာဆိုတော့ ကျောက်ညို ရင်ဖိုနေမိသည်။

            အမှန်ဆိုလျှင် သူနှင့်ခင်မှုံက မနှစ်ကတည်းက အဆင်ပြေဖို့ ဖြစ်သည်။ ဒါပေမည့် မနှစ်က သူ နှမ်းမျိုး မှားခဲ့သည်။ ဘိုးထွန်းရှန်၏ ပြောစကားကို နားယောင်မိခဲ့သည်။

            'ဟေ့ကောင်... ငါ့ နှမ်းမျိုးက ကြည်မရှောင်မျိုးကွ။ ကြယ်ကို ကြည့်နေစရာမလိုဘူး။ ဒဏ်လည်း ခံနိုင်တယ်။ အထွက်နှုန်းကလည်း ကောင်းမှကောင်းပဲ'

            ဘိုးထွန်းရှန်က အပြောကောင်းသည်။ ကြည်မရှောင်မျိုးဆိုတော့ မိုးရက်ကို မတွက်မိခဲ့။ ကြယ်ကို မကြည့်မိခဲ့။ ဒါပေမည့် မနှစ်က မိုးဦးစောခဲ့သည်။ သူ ထယ်မခင်းရသေးသည့်အချိန်မှာပင် မိုးက ရွာချလိုက်သည်။ မိုးလွန်မှ ထွန်ချဖြစ်သည်။ နှမ်းကြဲရက်က သိပ်ကိုနောက်ကျသွားရသည်။ မိုးနဲ့နှမ်းက အလှမ်းကွာသွားတော့ နှမ်းခင်းတစ်ခုလုံး ခွေးမြီးလိုက်ကုန်သည်။ အစေ့မပါသော အနှံများက ခွေးအမြီးလို ဖွာလန်ကြဲကုန်သဖြင့် အမြတ်မရသည့်အပြင် အရင်းကလေးမှ အနိုင်နိုင် ဖြစ်ခဲ့ရသည်။ ခင်မှုံဆို ငိုလို့မပြီး၊ ဝမ်းနည်းလို့မဆုံး။

            'အဲဒါကြောင့် ပြောတာ။ ကျုပ်က ကိုရင်နဲ့အတူ နေချင်လှပြီဆိုမှ... ခုတော့.. ဟင့်...'

            'ခင်မှုံရာ ငိုမနေစမ်းပါနဲ့ဟာ။ ငါလည်း ကြိုးစားတာပဲ။ ဒါပေမယ့်...'

            'ဘာ ကြိုးစားတာလဲ။ ကိုရင် ပေါ့ဆလို့ ခုလိုဖြစ်ရတာ။ နောက်ပြီး ဟိုကိုကျော်မြကြီးက...'

            ကျောက်ညို ခင်မှုံ့ပါးစပ်ကို သူ့လက်ကြမ်းကြီးဖြင့် အမြန်ပိတ်ပစ်လိုက်သည်။

            'မပြောနဲ့တော့ ခင်မှုံ။ မပြောပါနဲ့တော့ဟာ။ ဟုတ်ပါတယ်၊ ငါ့အပြစ်ပါ။ ဒါပေမယ့် ဒီနှစ် အဲသလို မဖြစ်စေရပါဘူးဟာ။ ငါ တကယ်ပြောတာပါ။ နင်ကလည်း ရှောင်နိုင်သမျှ ရှောင်နေနော်'

            ကျောက်ညို စိတ်မချနိုင်စွာဖြင့်ပင် ခင်မှုံကို လွတ်ထွက်သွားမှာစိုးသလို တိုးပြီး ဖက်ထားမိသည်။

            'သိပ်လည်း စိုးရိမ်မနေပါနဲ့တော်။ ကျုပ် ရှောင်တတ်ပါတယ်။ ကိုရင့်ဘက်ကသာ'

            'အင်းပါ။ ခင်မှုံရယ်။ အင်းပါ... အင်းပါ...'

            ခင်မှုံ့ကို ကတိတွေ အထပ်ထပ် ပေးခဲ့ရသည်။ ကတိတွေ ပေးမိသည်ထက် သူကိုယ်တိုင်က ခင်မှုံ့ကို လက်လွတ်ဆုံးရှုံး သွားမှာ စိုးရိမ်မိခဲ့သည်။ ဒါကြောင့်လည်း သူ ကြိုးစားခဲ့သည်။ သူ၏ ယာမြေပေါ်တွင် ပဲတီ တစ်လှည့်၊ ကုလားပဲတစ်လှည့်၊ ပြောင်းတစ်လှည့်၊ နေကြာတစ်လှည့် ကြဲနေကျဖြစ်သည်။ မနှစ်က နှမ်းဈေး ကောင်းတော့ နှမ်းကြဲဖြစ်သည်။ ဒါပေမည့်...

            ဒီနှစ်တော့ အဲဒီလို အဖြစ်မခံနိုင်။ အဲဒီလိုသာ ဖြစ်ခဲ့လျှင် သူ ခင်မှုံကို ဆုံးရှုံးရတော့မည်။ ကုလားပဲ သိမ်းပြီးကတည်းက သူ့ယာကို ပြင်ဆင်ခဲ့သည်။ မိုးရက်ကို အသေအချာ တွက်ခဲ့သည်။

            တန်ခူးလေသည် ဖက်ဆွတ်ရေကို သယ်ဆောင်လာခဲ့သည်။ သင်္ကြန်မိုးက ပုံမှန်ရွာသွန်းခဲ့သည်။ ဒါဆိုလျှင် တပေါင်းလဆန်းတုန်းက သူ့ တွက်ကိန်းမမှား။ တပေါင်းလဆန်းတုန်းက နဖူးဆံစ လေမှာလွင့်သည်ကိုကြည့်ပြီး မိုးဦးကောင်းမည်ဟု သူ ခန့်မှန်းခဲ့သည်။ လေသုံးချက် ညီခဲ့သဖြင့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း သုံးမိုးစလုံး ညီရမည်ဟု သေသေချာချာ တွက်ထားခဲ့သည်။

            မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့နှင့် မြက်သားမွေးသည့် နယုန်မိုးသေးတို့အပြင် ဝါဆိုမိုးကလည်း ကောင်းခဲ့သည်။ ယာခင်းပြင် အနှံ့ဘောက်ခွေးပင်တွေ တောထခဲ့သည်။ 'ဝါဆိုတစ်ကြောင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ် ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း...' ဆိုသည့်အတိုင်း မိုးက ဝါခေါင်လကစပြီး ခွာသွားခဲ့သည်။

            သင်္ကြန်တက်ပြီး နှစ်ဆန်း ၁ ရက်မှစပြီး ရေတွက်ကြည့်လျှင် ကဆုန်လပြည့်ကျော်မှာ ၄၅ ရက်ပြည့် သည်။ ဒီတုန်းကလည်း ၄၅ ရက် မိုးရွာခဲ့သည်။ ဖျောက်ဆိပ်ကြယ်လည်းပေါ်ခဲ့သည်။ ဖျောက်ဆိပ်ကြယ်က ကဆုန်လမှာပေါ်ပြီး နတ်တော်လမှာ မြေလူးမည်။ ဖျောက်ဆိပ် ကြယ်တည့်သည့်လက တော်သလင်းလ။

            'တော်သလင်း တိမ်ညိုစဖိုသည်ဆင်းရဲ မိုးမစဲ'တဲ့လေ။ ဒီမိုးက ကြည်တည့်လျှင် ရွာမည့်ကြည်တည့်မိုး ဖြစ်သည်။ 'ကြည်တဲ့မိုး အိုးရေသောက်'ဆိုလား သူ ကြားဖူးသည်။ အိုးရေသောက်ဆိုတာက ၁၄၆ ရက်ကို ပြောခြင်းဖြစ်သည်။ နှစ်ဆန်း ၁ ရက်ကစပြီး ရေတွက်ကြည့်တော့ ၁၄၆ ရက် ပြည့်သည့်ရက်က တော်သလင်းလဆန်း ၇ ရက်။ အဲဒီရက်မှာ ကြည်တည့်သည်။ အဲဒီရက်မှာ ကြည်တည့်မိုး ရွာမည်ဖြစ်သည်။

ဒီတစ်ခါတော့ ကျောက်ညို မိုးရက်ကို အပိုင်တွက်သည်။ ကြည်တည့်မိုးနှင့် နှမ်းကြဲမည်။ ကန်ဆင်း မိုးကလေး ရွာချိန်ဆိုလျှင် အပင်တွေ အားကောင်းမည်။ သီတင်းကျွတ်လမှာ ပလ္လင်ဆေးမိုးရွာမည်။ တန်ဆောင်မုန်းမှာ ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်ဆိုတော့ ဒီ့ထက်သေချာတာ ဘာမျှမရှိ။ နတ်တော်လဆန်းသည်နှင့် ဒီနှမ်း တွေကို ရိတ်ရတော့မည်။

            နတ်တော်မိုးက အစိုးမရ။ 'မိုးသားမငြိမ် ဆင်ရွာတိမ်'တဲ့။ မထင်မှတ်ဘဲနဲ့ ရွာချင်လည်း ရွာချတတ် သည်။ မနှစ်က နတ်တော်မိုး မိပြီးသည့်နောက် 'ပြာသိုချမ်းပြင် ဆီးနှင်းရောယှက် နှမ်းပုံပျက်'ဆိုသည့်အတိုင်း သူ့နှမ်းတွေ ပျက်စီးခဲ့ရသည်။ ဒီနှစ်တော့ အဲသလို အဖြစ်မခံနိုင်။ မိုးရက်တွေကို သေချာတွက်ရင်း ပြက္ခဒိန် တစ်ခုလုံး ခဲခြစ်ရာတွေ ပြည့်နေခဲ့သည်။

    

            ဝါဆိုးမိုးက ပဒိုင်းပင် ချုံနွယ်ပင်တွေနှင့် ဘောက်ခွေးပင်တွေကို တောထစေခဲ့သည်။ ဒီအပင်တွေကို အမြစ်ပါမကျန်အောင် ဆွဲလှန်ပစ်ရမည်။ မီးရှို့တန်တာကို မီးရှို့ပစ်သည်။ အကွက်ပေါ်လာသော သူ့ယာကွက်ကို ပြုပြင်သည်။ ခုနစ်တောင်ဝါးကလေးနှင့် တိုင်းကြည့်မည်ဆိုလျှင် ခုနစ်ဧကပိုပို ရှစ်ဧကနီးနီးလောက်တော့ ရှိမည်။ ယာခင်းအစပ်က မိုးနှံချုံတွေနှင့် ဆူးရစ်ချုံကိုတော့ အတားအဆီးလည်းဖြစ် ကန်သင်းသားလည်းချန်သည့် သဘောဖြင့် ဒီအတိုင်းထား လိုက်သည်။ ပြီးတော့ နွားချေးချပြီး ထယ်စပ်အောင် မွှေပစ်လိုက်သည်။

            'ခလုတ်ကိုထောက် လည်ကိုဖောက်၍ ကျောက်ကိုနင်းကာ ထွန်ချရာ'ဆိုသည့် အတိုင်း နဂါးလှည့်အရပ်တွေ၊ ပြဿဒါးတွေ၊ ရက်ရာဇာတွေ အသေအချာရွေးပြီးမှ ခုနစ်သွားတပ် ထွန်နှင့် အကျအန ထွန်စိပ်တိုက်ပစ်လိုက်သည်။ နှမ်းကြဲပြီးလျှင် ရေဝင်ရေထွက်၊ လေဝင်လေ ထွက်ကောင်းဖို့ တန်းကြောင်းကို ဘယ်လိုဆွဲမည်ဆိုတာက အစစီစဉ်ပြီးသား ဖြစ်နေခဲ့သည်။

            ဒါဆိုလျှင် ကျောက်ညိုဘက်က အစစအရာရာ အားလုံးအဆင့်သင့် ဖြစ်နေခဲ့ပြီ။ တစ်ခုပဲ လိုတော့သည်။ ဒါကတော့ မိုး...။ ကြည်တည့်မိုး။ ကြည်တည့်မိုးကလေး ရွာချလိုက်ရင်တော့ နှမ်းကြဲဖို့က အဆင်သင့် ဖြစ်နေပြီ။ ကျောက်ညို၏ မျက်စိထဲမှာ အိုးပစ်လိုက်လျှင်ပင် ကွဲကျသွားမည်မဟုတ်သည့် နှမ်းပင်စိမ်းစိမ်းကလေးတွေကို မြင်နေရသည်။ သူ့နှမ်းက အိုးပစ်မကွဲ ကောင်းမည့်နှမ်း။

            ဒီအတိုင်းသာဆိုလျှင် ရွာလယ်မှာ မင်္ဂလာမဏ္ဍပ်ကြီးထိုးပြီး အထက်အော် အောက်ကျော်နှင့် တစ်ရွာလုံးဖိတ်ပြီး ကျွေးပစ်လိုက်မည်။ ပြီးတော့ သူနှင့် ခင်မှုံ လှည်းယာဉ်ကလေးတစ်စီးဖြင့် ဆွေပြ၊ မျိုးပြသွားလိုက်ဦးမည်ဟု စိတ်ကူးတွေနှင့် အပျော်ကြီး ပျော်ပစ်ခဲ့သည်။ ဒါပေမည့် ခုတော့...

            ခင်မှုံရယ် ဒီမိုးက ရွာရော ရွာဦးမှာတဲ့လား... ဟာ...။

            ကျောက်ညို၏ မျှော်လင့်ချက်စိတ်ကူးတွေ အရည်ပျော်ကျကုန်သည်။ သူ သေသေချာချာကြီး တွက်ထားခဲ့သည့် 'ကြည်တည့်မိုး အိုးရေသောက်'ဆိုသည့် ၁၄၆ ရက်က ပြည့်သွားပြီ။ ဖျောက်ဆိပ်ကြယ်က တည့်သွားခဲ့ပြီ။ ဒါပေမည့် မိုးကမရွာ။

            မိုးက သိပ်နောက်ဆွဲနေပြီ။ မိုးရက်က နောက်ကျနေပြီ။ ဒီ့ထက်ပိုပြီး မိုးဝေးသွားလျှင်တော့ သူ့နှမ်းက မနှစ်ကလိုပင် ဖြစ်ဦးတော့မည်။ နှမ်းအထွက် ညံ့သည်နှင့် သူနှင့်ခင်မှုံ နီးရမည့်အရေးက တွေးမိလိုက်ရုံနှင့်ပင် ကျောက်ညို ရင်ခုန်နေမိသည်။

            ပြောရမည်ဆိုလျှင် သူနှင့်ကျော်မြက ခင်မှုံ့ကို အပြိုင်ပိုးခဲ့ကြခြင်း ဖြစ်သည်။ ဒီပွဲမှာတော့ ကျောက်ညိုက ခင်မှုံ့အချစ်ကို လက်ခံရရှိခဲ့သည်။ ဒါပေမည့် ကျော်မြက ပိုက်ဆံရှိတော့ သူ့မိဘတွေ အကူအညီနှင့် ခင်မှုံ့ကိုလာပြီး တောင်းရမ်းကြမည်။ နောက်ပြီး ကျော်မြက ခေတ်ပညာတတ်၊ သူက ဘုန်းကြီးကျောင်းထွက် ဘာမျှမဆိုင်။ အဲဒီလိုဆိုရင်...

            'မဖြစ်ရဘူး။ အဲဒီလို ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ဘူး'

            ကျောက်ညို အတွေးဖြင့်ပင် ပြင်းပြင်းထန်ထန်ကြီး ငြင်းဆန်ပစ်လိုက်သည်။ သူ့ တစ်ကိုယ်လုံး ချွေးတွေက စိုရွဲနေသည်။ ပုဆိုးကို ဒူးခေါင်းအထက်ရောက်အောင် ခပ်တိုတို ဝတ်ထားသည့်အတွက် ခြေသလုံး တုတ်တုတ်ကြီးက အထင်းသားပေါ်နေသည်။ ဖျင်ကြမ်းအင်္ကျီလက်ရှည်ကို ပင့်လိပ်တင်ထားပြီး ရင်ဘတ်က ကြယ်သီးတွေကို တပ်မထားသည့်အတွက် ဟင်းလင်းဖြစ်နေသောရင်အုပ်က ကားကားကြီး ဖြစ်နေသည်။ ညိုမောင်းသော အသားအရေနှင့် ဖွံ့ထွားသော ခန္ဓာကိုယ်အချိုးအစား ရှိပေမည့် ခင်မှုံနှင့် ပတ်သက်လာတော့ ကျောက်ညိုနှလုံးသားတွေ တင်းမခံနိုင်။ မျက်ထောင့်တွေက နီလာသည်။ နှမ်းကြဲဖို့ အဆင်သင့် ဖြစ်နေသော ယာခင်းပြင်ကြီးကို ကြည့်ပြီး ဝမ်းနည်းလာမိသည်။

            ယာခင်းပြင်တစ်ပြင်လုံးက ဝါညစ်ညစ် မြေစိုင်မြေခဲတွေနှင့် မွမွကလေး ဖြစ်နေသည်။ ယာခင်းအစပ် က ချုံစပ်စပ်ဆီတွေမှာတော့ ငုံးငှက်ကလေးတစ်ကောင်တလေက မြေကို လူးလိုက်ချုံထဲ ပြေးဝင်သွားလိုက်နှင့် အလုပ်ရှုပ်နေသည်။ ခပ်လှမ်းလှမ်းက ယာခင်းတွေဆီမှာ ဆီးပင်နှင့် ထနောင်းပင်တွေ ကို ကျိုးတိုးကျဲတဲ မြင်နေရသည်။ အုံ့ဆိုင်းဆိုင်း ဖြစ်နေသော ဘိုးထွန်းရှန်၏ ထန်းတောကတော့ သူ့ယာခင်းနှင့် နည်းနည်းဝေးသည်။

            'ဟူး...'

            မည်မျှကြာကြာ အောင့်ထားမိသည် မသိရသော ပင့်သက်ကြီးကို လေးလေးတွဲ့တွဲ့ကြီး ချပစ်လိုက်သည်။ နဖူးပြင်ပေါ်က ချွေးတွေက သူ၏ မျက်ခုံးမွေး ထူထူကြီးပေါ်မှာ ယီးလေးခိုနေကြသည်။ တချို့ ချွေးစက်တွေက လည်ကုပ်ကနေ လည်ပင်းတစ်ဝိုက်အထိ စီးကျနေကြသည်။ မေးရိုးအတိုင်း စီးကျလာသော ချွေးစက်များက မေးဖျားတွင် လာရောက် သီးခိုနေသဖြင့် လက်ညှိုးကလေးနှင့် ဆွဲယူခါချပစ် လိုက်ရသည်။

            'တောက်...'

            ကျောက်ညို ကြိတ်မနိုင် ခဲမရကြီး ဖြစ်လာပြီး တောက်တစ်ချက်ကို ပြင်းပြင်းထန်ထန်ကြီး ခေါက်ပစ်လိုက်သည်။ ခေါင်းတွင်ပေါင်းထားသော ပုဆိုးကိုဖြုတ်ပြီး စေးထန်းထန်းကြီး ဖြစ်နေသော သူ့မျက်နှာကို ပွတ်ချလိုက်သည်။ ကျောက်ညိုအဖို့ ထိုင်နေရကောင်းမလား၊ ထနေရကောင်းမလား မသိ နိုင်အောင်ပင်။ သူ ကြိုးစားပမ်းစား မျှော်လင့်ချက်ကြီးကြီးဖြင့် လုပ်ထားသမျှသော အရာတို့က သဲရေကျပင် ဖြစ်ရတော့မလိုလို။ သဲပေါ်ကျသည့် သဲကျရေကမှ အရာကလေး ထင်ချင်ထင် ဦးမည်။ မချင့်မရဲစိတ်၊ မဝံ့မရဲသော အကြည့်ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်မိလိုက်ပြန်သည်။

            ကောင်းကင်ပြင်တွင် တိမ်သားတိမ်ရိပ် မြူငွေ့မျှ မရှိ။ ဆေးသားစုတ်ချက် တစ်စက်မျှ မတို့မထိရသေးသော ဖြူပြာပြာ ပိတ်သားစကြီး ဖြန့်ကြက်အုပ်မိုးထားသလို ရှိသည်။ ဒါပေမည့် အရောင်ကတော့ တောက်ပလွန်းလှသည်။ ပူပြင်းသော နေရောင်က အတားအဆီးမဲ့စွာ ကျရောက်နေသည့် အတွက် ပြင်းထန်သော အပူရှိန်ကသာ ထီးထီးကြီး ဖြစ်နေသည်။ ဖြူပြာပြာ ကောင်းကင်ကြီးနှင့် ဝါညစ်ညစ် မြေပြင်အကြား အပူငွေ့တို့က ကြားခံအဖြစ် စီးမျောနေကြသည်။ အပူလှိုင်းတို့ သည်းထန်လျက်ရှိသည်။

            မည်သို့မည်ပုံ မျက်စိလည်ရောက်လာသည် မသိရသော တော်သလင်း၏ လေပူများက သူ့ကို တိုးဝှေ့ကျီစယ်သွားကြရင်း သူ နားခိုသော ထနောင်းပင်၏ အကိုင်းအခက်တို့ကို လှုပ်ခတ်သွားစေသည်။ ထနောင်းပင်ထက်မှ အမြီး တလှုပ်လှုပ် လည်တခါခါ ဖြစ်နေသာ ချိုးနှစ်ကောင်က လွမ်းအောင် ကူချွဲနိုင်ခြင်းမရှိ။ နွေထနောင်း ဆောင်းမန်ကျည်း ဆိုပေမယ့် ဒီထနောင်းပင်ကြီးကရော ဒီတစ်နွေကို အံတုနိုင် ပါ့မလား။

            'တော်သလင်းနေ ပုစွန်သေ'တဲ့။ ဒါက လယ်ကျင်းတွေဘက်မှာ ပြောသောစကားဖြစ်မည်။ လယ်ကျင်းတွေမှာက မိုးမရွာလည်း ကိစ္စမရှိ။ ချောင်းရိုးမြောင်းရိုးနှင့် လယ်ကြားပယ်ကြားတွေကနေ ရေကို ရနိုင်သည်။ အခု ချိန်ဆို သူတို့ဆီမှာ နှမ်းလျင်ကို ရိတ်သိမ်းပြီး ကောက်ကြီးစပါးစိုက်ဖို့ အဆင်သင့် ဖြစ်နေကြရော့မည်။ ဒီမှာက မိုးကောင်းရေသောက်။ မိုးကို ကြိုပြီး စိုက်ရသည့်နှမ်း။ မိုးကြိုနှမ်း။ မိုးကြိုနှမ်းကို ကြည်တည့်မိုးကလေးနှင့် စိတ်ကူးထားပေမည့် တော်သလင်းနေက ခရုဆံကျွတ် ဖြစ်တော့မည်။

            'ကြိုးစားနော်။ ကိုရင် ကျောက်ညို။ ကျုပ်လေ...'

            ခင်မှုံ၏ အသံက နားထဲကို ဝင်လာပြန်သည်။ ခင်မှုံ၏ မျက်နှာကလေးကလည်း တရေးရေးနှင့် ပေါ်လာပြန်သည်။

            'ဝေးကြရတော့မယ် ထင်ပါရဲ့ ခင်မှုံရယ်။ ဟော ဒီကြည်တည့်မိုးက...'

            ကျောက်ညို၏ အတွေးတွေက ကစဥ့်ကလျား ဖြစ်လာသည်။ မိုးပြိုအများဆိုပေမယ့် သူတို့အတွက်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က သူနှင့်ခင်မှုံ။ ခင်မှုံ့ကို မိသား ဖသားပီပီ တင့်တောင့်တင့် တယ်ဖြင့် တောင်းရမ်းလက် ထပ်ချင်ပြီ။ ဒါပေမည့်...

            အမှတ်မရှိသော မျက်စိက ကောင်းကင်ကြီးကို မော့ကြည့်မိလိုက်ပြန်သည်။ အနောက်တောင်ထောင့်က မိုးသားတိမ်လိပ်တွေ တရိပ်ရိပ်တက်လာနေသည်ကို ကျောက်ညို၏ စိတ်ကူးထဲ၌ သာ မြင်ယောင်လိုက်မိသည်။ နောက်ဆုံးတော့ ကျောက်ညို၏ ခြေလှမ်းတွေက ဘိုးထွန်းရှန်၏ ထန်းတောဘက်ဆီကိုသာ ဦးတည်မိလိုက်တော့သည်။

            'ဟား... ဟား... ဟား... မိုးဆိုတာ အစိုးရတာမှ မဟုတ်ဘဲ ကျောက်ညိုရာ။ ကြိုးချည်ထားလို့ မရသလို အပိုင်ကြီးတွက်ပြီးလည်း မထားရဘူးကွ'

            ဘိုးထွန်းရှန်ရဲ့ ထန်းတောကိုရောက်တော့ ထန်းရည်က အဆင်သင့်။

            'မင်းက ငါရဲ့ ကြည်မရှောင်မျိုး တစ်နှစ်ကလေး မှားတာနဲ့ ပယ်လိုက်တာကိုးကွ။ ဟင်း... ဟင်း... ငါ့ရဲ့ နှမ်းမျိုးက ကြယ်ကို ကြည့်နေစရာမလိုဘူး။ ကြည်တည့်တည့် မတည့်တည့် မိုးရွာရွာ မရွာရွာ ကိုယ့်ဘက်က လုပ်စရာရှိတာတော့ လုပ်ထားရမှာပေါ့'

            ဘိုးထွန်းရှန်၏ စကားတွေကို ကျောက်ညို ကြားချင်လည်း ကြားမည်။ ကြားချင်မှလည်း ကြားမည်။

            'ဒီမယ် ကျောက်ညို ရှေးလူကြီးသူမတွေရဲ့ အဆိုကို မှားတယ်လို့ ပြောနေတာ မဟုတ်ဘူးကွ။ ကမ္ဘာကြီးက ပြောင်းလဲနေတာတဲ့။ ကမ္ဘာကြီး ပြောင်းလဲသလို ကြယ်တွေ၊ လတွေ၊ နက္ခတ်တွေလည်း ပြောင်းလဲချင် ပြောင်းလဲမှာပေါ့။ ဒါတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ရာသီဥတု ပြောင်းလဲတာကတော့ အမှန်ပဲ'

            'ဘိုးထွန်းရှန် မပြောနဲ့တော့ဗျာ။ မပြောနဲ့တော့။ ကျုပ် မကြားချင်တော့ဘူး'

            'မကြားချင်လို့ ဖြစ်လား ကျောက်ညို။ မနှစ်က မင်းထယ်ခင်းတာ နောက်ကျတော့ မိုးက စောတယ်။ ဒီနှစ် မင်းက ထယ်ခင်းပြီးနေတော့ မိုးကမရွာဘူး။ ဟား... ဟား... ဒါပဲကွာ၊ ဒါပဲ။ လူ့ဘဝဆိုတာ လိုတာမရ၊ ရတာမလို မလိုချင်တာတွေချည်း'

            'ဘိုး... ထွန်း... ရှန်...'   

            ကျောက်ညို ဒေါသတကြီး အော်ပစ်လိုက်သည်။ မျက်စိထဲမှာ ထန်းပင်ကြီးက ပတ်ချာလည်နေကြသည်။ သူ့ခေါင်းတစ်ခုလုံး ရီဝေမူး နောက်လာသည်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံလာသည်။ ခင်မှုံ၏ မျက်နှာက ပေါ်လာပြန်သည်။ နောက်တော့ ကျော်မြ၏ မျက်နှာ၊ နောက်တော့ ဟား တိုက်ရယ်မောသံတွေကြားမှာ ကျောက်ညို လဲကျသွားသည်။

  

            'ခင်မှုံ... ခင်မှုံရေ မပြေးနဲ့လေဟာ...'

            ပူပြင်းသော ကန္တာရထဲမှာ ခင်မှုံက ပြေးလွှားနေသည်။ ခင်မှုံ့ကို မီအောင် သူ ကြိုးစားပြီး လိုက်နေရသည်။ မီလုမီခင်ကလေးမှာ သူတို့ နှစ်ယောက်အကြား ကျော်မြက ပေါက်ချလာသည်။

            'ကျော်မြ၊ မင်း အဲဒီလို မလုပ်ရဘူး၊ မလုပ်ရဘူး'

            ကျော်မြက ဟားတိုက် ရယ်မောရင်း ခင်မှုံနောက်ကို ပြေးလိုက်သည်။ ပြီးတော့ ကျောက်ညို၏ မျက်စိထဲမှာ ဝင်းခနဲ လက်ခနဲ ဖြစ်သွားပြီး...

            'ဒိန်း...'

            နွေခေါင်ခေါင် မိုးကြိုးပစ်သံကို သူ ပီပီသသကြီး ကြားလိုက်ရသည်။

            'ဟေ့ကောင် ကျောက် ညို... ထ... ထ... ထစမ်း ဟိုမှာ မိုးသားတွေ တက်လာနေပြီကွ'

            ဘိုးထွန်းရှန်က သူ့ကို လှုပ်ပြီးနှိုးနေသည်။ လေးလံအိကျနေသည့် သူ့မျက်လုံးတွေကို ကြိုးစားအားယူပြီး ဖွင့်ကြည့်လိုက်ရသည်။

            'စောစောက မိုးခြိမ်းလိုက်သံကို မင်းကြားတယ် မဟုတ်လား။ ဟိုမှာကြည့်စမ်း၊ ဟိုမှာ... ဟိုမှာ..'

            'ဟာ...'

            ကျောက်ညို၏ ရင်ထိတ်ခနဲ ဖြစ်သွားသည်။ မိုးသားတွေက မည်းမည်းမှောင်မှောင်နှင့် လိမ့်တက်လာနေပြီး စောစောက လင်းလင်းကျင်းကျင်း ရှိနေရာက အခုတော့လည်း အုံ့ဆိုင်းညို့မှိုင်း သွားသည်။ မိုးသက်လေနုအေးတွေက သူ့မျက်နှာပေါ်ကို ဖြတ်ရိုက်လာသည်။ ဒီအထဲမှာ မြေသင်းနံ့တွေ ပါသည်။ မိုးစက်မိုးငွေ့တွေ ပါလာသည်။ ပြီးတော့ မိုးစက် မိုးပျောက်တွေ ပါလာသည်။ တဖြည်းဖြည်းနှင့်...

            'ဟော... မိုး... မိုး... မိုးရွာပြီဗျ၊ မိုးရွာပြီ။ မိုး တကယ်ရွာပြီ...'

            မိုးစက်မိုးပျောက်တွေက လေနှင့်အတူ သည်းသည်းထန်ထန်ကြီး ကျလာသည်။ ကျောက်ညို ထခုန် ပစ်လိုက်ပြီး အားရပါးရကြီး အော်ပစ်လိုက်သည်။

            'ဟေး... ဟေး... ဟေး...'

            မိုးသံလေသံတွေကြားမှာ ကျောက်ညိုအသံက ပိုပြီး ဆူညံနေသည်။

            ဘိုးထွန်းရှန်က သူ့ကို ပြုံပြုံးကြီးနှင့် ကြည့်နေသည်။

            'ဟား... ဟား... ဘိုးထွန်းရှန် ခင်ဗျားပြောတော့ ကြည်တည့်မိုးက မရွာဘူးဆို ဟား...ဟား ခုတော့'

            'ဟေ့ကောင်၊ ဒါကြည်တည့်မိုး မဟုတ်ဘူးကွ။ ကြည်တည့်ပြီး လွဲသွားမှ ရွာတဲ့မိုး။ ကြည်လွဲမိုးကွ၊ ကြည်လွဲမိုး၊ ဟား...ဟား... ဟား'

            'ဗျာ...'

            'ကြည်လွဲမိုး ရွာပြီဆိုမှတော့ မင်းနဲ့ခင်မှုံ မလွဲတော့ပါဘူးပေါ့ကွာ။ ဟား...ဟား... ဟား...'

            ဘိုးထွန်းရှန်၏ ဟားတိုက်ရယ်မောသံကို ကျောက်ညို ကြားချင်မှကြားတော့မည်။ ကျောက်ညို၏ ခြေလှမ်းတွေက သူ၏ ယာခင်းပြင်ဆီကို ပြေးလွှားနေသည်။ ကျောက်ညိုပါးစပ်က ဝမ်းသာအားရကြီး အော်လိုက်သည့်အသံက မိုးသံတွေကြားကနေ တိုးထွက်လာသည်။

            'ခင်... မှုံ... ရေ'

            မိုးက ပြိုကျလာသလို သဲကြီးမဲကြီး ရွာချနေသည်။ ဒီမိုးရွာထဲမှာ ပျော်နေကြသည်က ကျောက်ညိုနှင့် ဘိုးထွန်းရှိန် နှစ်ယောက်တည်း မဟုတ်။ တစ်ရွာလုံး ပျော်နေကြခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် သူတို့ အားလုံး ဒီမိုးကို မျှော်နေကြခြင်းဖြစ်သည်။

            မိုးရွာကြီးထဲမှာ ရွာထဲက လူတချို့ ယာခင်းပြင်တွေဆီ ပြေးလာနေကြသည်။ ဒီမိုး ရွာလျှင် သူတို့လုပ်စရာတွေ အများကြီးရှိသည်။ ဝမ်းသာ ပျော်ရွှင်နေသည့် အသံများဖြင့် ညံစာနေကြသည်။ ဒီအထဲမှာ ခင်မှုံလည်း ပါသည်။ ခင်မှုံက ကျောက်ညို၏ ယာခင်းဆီကို ပြေးလာသည်။

            'ကိုရင် ကျောက်ညိုရေ'

            'ဟေး... ခင်မှုံ'

            မိုးရွာကြီးထဲက မိုးရေစက်တွေကြားမှာ သူတို့နှစ်ယောက် သိပ်ကို ပျော်သွားသည်။

            အခါတော်ပေးသည့် နတ်ရေးငယ်ရွှေစာ သီချင်းက မကြာခင် ပျံ့လွင့်လာတော့မည်။ ကြည်တည့်မိုးပဲ ဖြစ်ဖြစ်၊ ကြည်လွဲမိုးပဲဖြစ်ဖြစ် မိုးရွာနေသည်ကတော့ သေချာသည်။

            ရွာလိုက်တာမှ သဲကြီး မဲကြီး။

ကျော်ညိုလွင်၊ကျောက်ဆည်၊

(အမှတ် ၁၉၃၊ ဒီဇင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်