ဝင်းငြိမ်း
အခန်း (၃) အပိုင်း
(၁)
ချစ်ကျွမ်းဝင်တဲ့ ရွှေမင်းသမီး
'မျက်စိလည်နေလို့လား
ခင်ဗျာ' မျက်လုံးလေး ကလည်ကလည်နဲ့ လမ်းပျောက်နေပုံရတဲ့
ဧည့်သည်မိန်းကလေး တစ်ဦးကို ကျွန်တော် မေးလိုက်ခြင်းပါ။ 'ကျွန်တော်
ကူညီလို့ရမလားခင်ဗျာ'
'ဟုတ်ကဲ့... ကျွန်မ
လမ်းပျောက်နေလို့ပါ၊ ကျွန်မအခန်းကို ပြန်ရောက်အောင် လိုက်ပို့လို့များ ရနိုင်မလား'
လို့ မိန်းကလေးက ကျွန်တော့်ကို ပြန်ပြောလာပါတယ်။ သူမက ကျွန်တော့်
ရှေ့ခြေနှစ်လှမ်းအကွာလောက်မှာ ရှိနေတာပါ။ ဘာလ်မိုရယ်လ် ရဲတိုက်ရဲ့ မြေညီထပ်
ကော်ရစ်ဒါမှာ ဖြစ်ပြီး အဲဒီနေ့က ၁၉၈ဝ ပြည့်နှစ်၊ စက်တင်ဘာလရဲ့ တစ်ခုသော စနေနေ့ပါ။
ကျွန်တော်က ဘုရင်မကြီးဆီ အခစားဝင်ဖို့အလာ အဲဒီကလေးမက ကော်ရစ်ဒါမှာ
ရောင်လည်လည်ဖြစ်နေတာ တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ သူမက အခန်းများမှာ ချိတ်ဆွဲထားတဲ့
ဧည့်သည်အမည် နာမရေးထိုးထားတဲ့ ကြေးပြားများကို လိုက်ဖတ်နေစဉ် ကျွန်တော်နဲ့
ဆုံလိုက်တာပါ။ သူ့ကို ကျွန်တော် မှတ်မိလိုက်တာကတော့ မနေ့ညက သူ့ပစ္စည်းများကို
ကျွန်တော်ကိုယ်တိုင် သယ်ဆောင်ပြီး ပထမထပ်မှာရှိတဲ့ သူမ တည်းခိုရမယ့်
အခန်းတစ်ခန်းဆီ ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မှတ်မိနေတာပါ။ ရဲတိုက်မှာက နံရံမှာ
ကပ်ထားတဲ့ wall paper များကအစ တစ်ဆင်တည်း ဖြစ်နေတာကြောင့်
နေရာတွေဟာ အားလုံး မျက်စိလည်ချင်စရာချည်းပါပဲ။ ရဲတိုက် တစ်ခုလုံးကလည်း
တိတ်ဆိတ်နေတာပါ။ အဲဒီ အချိန်မှာ ချားလ်စ်မင်းသားက ခမည်းတော် အီဒင်ဘာရာ
မြို့စားကြီး၊ အင်ဒရူးမင်းသား၊ အက်ဒဝပ် မင်းသားတို့နဲ့အတူ နန်းတွင်းရေးရာများကို
စကားလက်ဆုံ ကျနေကြပါတယ်။ ဘုရင်မ မယ်တော်ကြီးနဲ့ ညီမတော် မာဂရက် မင်းသမီးတို့ကတော့
ထုံးစံအတိုင်း နေ့တစ်ဝက် မကျိုးမချင်း သူမတို့ စံမြန်းနေတဲ့ ခန်းဆောင်ထဲကနေ
ထွက်လေ့မရှိပါဘူး။ ဘုရင်မကြီးက တော့ သူမရဲ့ နားနေခန်းထဲမှာ ရှိနေပါတယ်။
လမ်းပျောက်နေတဲ့
မိန်းကလေးက သူမကို ကျွန်တော် ပထမထပ်ရှိ သူမ အခန်းအဖြစ် သတ်မှတ်ပေးထားတဲ့
အခန်းထိရောက်အောင် ကျွန်တော် ပို့ဆောင်နေဆဲမှာ ကျေးဇူးတင်စကားတွေ ဆိုနေခဲ့ပါတယ်။
သူ့နောက်က လိုက်လာနေတဲ့ ကျွန်တော့်ကို လှည့်ကြည့်လိုက်ပြီး 'စိတ်မကောင်းစရာဘဲနော်၊
ခုလို အင်မတန်ထူးဆန်းတဲ့ ရဲတိုက်ကြီးထဲမှာ ပထမဆုံးအကြိမ်ရောက်ရတဲ့ ကျွန်မလို
သူမျိုးအတွက်ကတော့ မျက်စိလည်ချင်စရာပါပဲ' လို့ ဆိုပါတယ်။
၆ လကြာရင် သူမအတွက်
သတ်မှတ်ပေးထားတဲ့ အခန်းရှေ့ကို ရောက်လာတာကြောင့် ကျွန်တော်က သူမ
ကြောက်စိတ်ပြေသွားအောင် နှစ်သိမ့်စကား ဆိုလိုက်ရပါတယ်။
'စိတ်မပူပါနဲ့ ခင်ဗျာ၊
ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါ၊ တကယ်လို့ တစ်စုံတစ်ခု လိုအပ်တယ်ဆိုရင် အားမနာပါနဲ့။
တွေ့တဲ့ မင်းမှုထမ်း တစ်ဦးဦးကို မေးမြန်းလိုက်ပါ။ မင်းမှုထမ်း အားလုံးဟာ
ဧည့်သည်များအတွက် တာဝန်ထမ်းဆောင်ပေးဖို့ လိုလိုလားလား ရှိကြပါတယ်' လို့ ပြောဖြစ်ပါတယ်။
မိန်းကလေးက
ကျွန်တော့်ကို ကျေးဇူးတင်စကားဆိုပြီး တစ်ယောက်ခန်း တံခါးကလေးကို
ပိတ်လိုက်ပါတော့တယ်။ တံခါးပေါ်မှာ ချိတ်ဆွဲထားတဲ့ ကြေးပြားပေါ်မှာ
ရေးထွင်းထားတဲ့ အမည်ကတော့ 'လေဒီဒိုင်ယာနာ စပင်ဆာ' ပါတဲ့။ သူ့အခန်းနဲ့
မလှမ်းမကမ်းမှာ ရှိတဲ့ အခန်းတစ်ခန်းမှာတော့ 'ဘုန်းတော်ကြီးလှသော
ဝေလမင်းသား' လို့ ရေးထိုးထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက
ဒီမိန်းကလေး လာရောက်လည်ပတ်စဉ်မှာ သူမရဲ့ အစ်မ ဂျိမ်း (ဂျိမ်းက ဘုရင်မကြီးရဲ့
လက်ထောက် အတွင်းရေးမှူးဖြစ်တဲ့ ဆာရောဘတ် ဖယ်လိုစ်နဲ့ လက်ထပ်ခဲ့သူပါ) တို့အိမ် မှာ
တည်းခဲ့ပါတယ်။ ဂျိမ်းတို့ နေအိမ်က ဘာလ်မိုရယ်လ် ရဲတိုက်နဲ့ တစ်မိုင်ခန့် အကွာမှာ
ရှိပါတယ်။ ဒီတစ်ကြိမ် လာရောက်လည်ပတ်ခြင်းက ဒိုင်ယာနာအတွက် ဒုတိယဖြစ်တယ်ဆိုပေမယ့် ရဲတိုက်မှာ
တည်းခွင့်ရတာကတော့ ဒီတစ်ကြိမ်ဟာ ပထမဆုံး အကြိမ်ပါပဲ။ အဲဒါအပြင် ဒိုင်ယာနာ
တည်းခိုခွင့် ရခြင်းဟာ ချားလ်စ်မင်းသားရဲ့ ဧည့်သည်တစ်ဦးအဖြစ် တည်းခိုခွင့်
ရခြင်းဖြစ်တဲ့အပြင် ဒိုင်ယာနာ အပါအဝင် အခြားဧည့်သည်တွေလည်း ချားလ်စ်မင်းသားက
ဖိတ်ကြားခဲ့ပါတယ်။
ပေါလင်းဟီလီယာ
အမည်ရှိတဲ့ အပျိုတော်တစ်ဦးက ကျွန်တော့် ရုံးခန်းထဲမှာ ကော်ဖီသောက်နေစဉ် အနက်ရောင်
ညနေခင်းဝတ်စုံ တစ်ထည်ကို ကိုင်ပြီး ဝင်လာခဲ့ပါတယ်။ သူက 'ဒါကလေးမလေးရဲ့
အင်္ကျီလေ၊ သုံးညနေမှာ ဒီတစ်ထည်ပဲ ပါလာသတဲ့၊ ဘယ်လိုများ လုပ်မလဲ မပြောတတ်ပါဘူး'
လို့ ဆိုပါတယ်။ ပေါလင်းပြောတာက လေဒီဒိုင်ယာနာစပင်ဆာဆိုတဲ့
မိန်းကလေးအကြောင်းပါ။ အဲဒီမိန်းကလေးက လန်ဒန်မြို့တော်ကြီးမှ
မူကြိုကျောင်းတစ်ကျောင်းရဲ့ လက်ထောက် ဆရာမလေး တစ်ဦးဖြစ်ပါတယ်။
တော်ဝင်မိသားစုများထံ
လာရောက်လည်ပတ်ကြတဲ့ အမျိုးသမီး တော်တော်များများက ညနေခင်းဝတ်စုံ တစ်စုံထက်ပိုပြီး
ယူလာတတ်ကြတာ ချည်းပါပဲ။ ဒီကလေးမကတော့ တော်ဝင်မိသားစုများကြားမှာ
မဝင်ဆံ့ဖူးသေးတာကြောင့် တစ်စုံတည်းယူလာဟန် တူပါတယ်။ အသက်အားဖြင့် ၁၉ နှစ်သာ
ရှိသေးတဲ့အတွက် ဆယ်ကျော်သက်ကလေး တစ်ယောက်သာဖြစ်ပြီး အသက် ၃ဝ ကျော်၊ ၄ဝ ကျော် တော်ဝင်မိသားစု
အသိုင်းအဝိုင်းမှာ သူဘယ်လိုများ ဝင်ဆံ့အောင် ကြိုးစားနိုင်ပါ့မလဲ ဆိုတာ
ကျွန်တော်စိတ်မောမိပါတယ်။
တော်ဝင်မိသားစုများထံ ပထမဆုံးအကြိမ်
လာရောက်လည်ပတ်တဲ့ သူစိမ်း အမျိုးသမီးတိုင်း ဘာဝတ်ရပါ့မလဲလို့ စိတ်မပူရအောင်
အဝတ်တွေ သယ်လာတတ်ကြပါတယ်။ သူစိမ်းတစ်ယောက် အနေနဲ့ တော်ဝင်မိသားစုများကြားမှာ
တင့်တယ်အောင် ဝတ်ဆင်နိုင်ဖို့ဆိုတာကလည်း စိတ်မောစရာတစ်ခုပဲ မဟုတ်ပါလား။ သူတို့က
ပွဲလမ်းသဘင်မျိုးစုံကို အချိန်နဲ့အမျှ ဆင်ယင်ကျင်းပနေ ကြတာလေ။ မနက်စာ
စားချိန်တစ်မျိုး၊ နေ့လယ်စာ စားချိန်တစ်သွယ်၊ မွန်းလွဲ လက်ဖက်ရည်ပွဲ
သုံးဆောင်ချိန်မှာ တစ်ဖုံအလဲလဲ အလှယ်လှယ် ဝတ်ဆင်တတ် ကြရပါတယ်။ ဒီမိန်းကလေးက အနက်
ရောင် ဝတ်စုံတစ်စုံသာ ပါလာတယ်ဆိုတော့ ညစာစားပွဲမှာ ဝတ်လိုက်ရုံနဲ့ နောက်ပွဲများမှာ
ဝတ်စရာ ရှိတော့မှာ မဟုတ်ပါဘူး။ နောက်ထပ် နှစ်ည ကျန်သေးတယ်။ အဲဒီနှစ်ညမှာ အသားကင် စားမယ့်အစီအစဉ်တွေရှိပြီး
ဘုရင်မကြီးနဲ့ အီဒင်ဘာမြို့စားကြီးတို့ရဲ့ ငွေရတု မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား
အစီအစဉ်ကလည်း ရှိနေပြန်ပါသေးတယ်။
အိမ်တော်ပစ္စည်းတွေ ထိန်းသိမ်းတဲ့
ပေါလင်းရဲ့ အမြင်မှာတော့ ဒိုင်ယာနာစပင်ဆာဟာ အဲဒီကာလတုန်းက အသက် ၃၂
နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ချားလ်စ်မင်းသားရဲ့ အခြားအခြားသော မိန်းကလေး မိတ်ဆွေများလို
သာမန်မိန်းကလေးတစ်ယောက်ပဲလို့ ထင်ခဲ့ပါတယ်။ ဒီမိန်းကလေးက စကားနည်းပြီး ဘာမဟုတ်တဲ့
အကြောင်းကလေးနဲ့ မျက်နှာမှာ ရှက်သွေးဖြာတတ်ပါတယ်။ အဲဒါက လွဲရင်တော့ သူ့မှာ
ထူးခြားတဲ့ အချက်ရယ်လို့ မရှိပါဘူး။ ချောတယ်။ ယဉ်ကျေးတယ် ဆိုတာတွေကတော့
စာဖွဲ့ပြောဖို့ မလိုတာတွေပါ။ အနာဂတ်မှာ အင်္ဂလန်နိုင်ငံ ပြည့်ရှင် ဘုရင်မင်းမြတ်
ဖြစ်လာမယ့် ချားလ်စ် မင်းသားရဲ့ ရင်ခွင်မှာ ခိုလှုံခွင့်ရမယ့် မိန်းကလေးတစ်ယောက်
ဖြစ်တယ်ဆို တာကိုလည်း အဲဒီတုန်းကတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။
ဘာကင်ဟမ် နန်းတွင်းမှ
အပျိုတော်များကလည်း ဒီမိန်းကလေးကို လေဒီဒီ ရယ်လို့သာ သိထားကြပါတယ်။ သူ့အတွက်
လိုအပ်တဲ့ ဝတ်စုံကို လန်ဒန်မြို့တွင်းမှာရှိတဲ့ ဖက်ရှင်ဆိုင်တစ်ခုကနေ
ဝယ်ယူပေးခဲ့ကြရပါတယ်။ နက်ပြာရောင် စကတ်နဲ့ ကော်လာမပါတဲ့ ဂျက်ကက်တစ်ထည်၊
လည်ပင်းအပြည့် ပိတ်ထားတဲ့ ဘလောက်စ် အင်္ကျီ၊ ဒီအဝတ်အစားများနဲ့ လိုက်ဖက်မယ့်
ရှူးဖိနပ်တို့ကိုပါ ဝယ်ခဲ့ကြရပါတယ်။ တကယ်တော့ မိန်းကလေးကိုယ်တိုင်က သူ့အတွက်
ထူးခြားတဲ့ အခမ်းအနားတစ်ခု တက်ရောက်ရလိမ့်မယ်ဆိုတာကို သိမှသိပါလေစလို့ သံသယ
ရှိစရာပါပဲ။ နောက်တစ်နေ့ဖြစ်တဲ့ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဘာကင်ဟမ်
ရွှေနန်းတော်ကြီးရဲ့ ချားလ်စ်မင်းသားနဲ့ လေဒီဒိုင်ယာနာတို့
စေ့စပ်ကြောင်းလမ်းလိုက်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နန်းတော်ကြီး တစ်ခုလုံးရဲ့
နေရာတိုင်းမှာ လေဒီဒိုင်ယာနာနဲ့ ပတ်သက်ပြီး ပြောမဆုံးပေါင် တောသုံးထောင်
ဖြစ်နေကြပါပြီ။ လက်ရှိကာလမှာတော့ သူ့ အကြောင်းသာ ပြောစရာ ရှိနေကြတာကိုး။ သူ့အရင်
ရှိခဲ့ဖူးတဲ့ လေဒီအမင်ဒါ အကြောင်းကို အားလုံး မေ့ပစ်လိုက်ကြပြီလေ။
လေဒီအမင်ဒါဆိုတာက လော့ဒ်မောင့်ဘက်တန်ရဲ့ မြေးတော်သူ ဖြစ်ပါတယ်။ မောင့်ဘက်တန်က
ဖိလစ်မင်းသားကြီးရဲ့ ဦးလေးတော်ပြီး အိုင်အာအေတို့ရဲ့ ဗုံးခွဲလုပ်ကြံ သတ်ဖြတ်မှုကို
ခံခဲ့ရသူပါ။
စေ့စပ်ကြောင်းလမ်းပွဲ မတိုင်မီ ရက်သတ္တပတ်တုန်းက
ပန်းထိမ်တော် ဖြစ်တဲ့ ဒေးဗစ်သောမတ်စ်တစ်ယောက် အိပ်ကလေးတစ်လုံးဆွဲပြီး
ရွှေနန်းတော်ကြီးထဲ အခစားဝင်ခဲ့တာကို သတိပြုမိ ခဲ့ကြပါတယ်။ အဲဒီတုန်းကတော့
အင်ဒရူးမင်းသားရဲ့ အသက် ၂၁ နှစ် ပြည့် မွေးနေ့အထိမ်းအမှတ် လက်ဆောင်ပေးဖို့အတွက်
လက်စွပ်လုပ်ဖို့ ရောက်လာခဲ့တာလို့ ဆိုခဲ့ကြပါတယ်။
ဒေးဗစ် သယ်ဆောင်လာတဲ့ ကျောက်မျက်ရတနာများထဲမှာ ပတ္တမြားနဲ့ မြကျောက်
မပါစေရဘူးလို့ ကြိုတင် အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ သယ်ဆောင်လာတဲ့ ရတနာများကို
ဘုရင်မကြီးကိုယ်တိုင် ဗန်းပေါ်တင်ပြီး ရွေးတော်မူပါတယ်။ သူစိတ်ကြိုက်ရွေးထားတဲ့
ကျောက်မျက်များကို သားတော် ဝေလမင်းသားဖြစ်တဲ့ ချားလ်စ်က အတည်ပြုပေးရပါတယ်။
တတိယမြောက် အတည်ပြုရသူက လေဒီဒိုင်ယာနာပါ။ ဒိုင်ယာနာကတော့ ထွေထွေထူးထူး
ချေးများမနေပါဘူး။ ပြလာတဲ့ ရတနာတွေကို ကြိုက်ပါတယ်လို့သာ ခေါင်းညိတ်ပြလိုက်ပါတယ်။
ဒါကလည်း ဘုရင်မကြီးကိုယ်တိုင် ရွေးချယ်
ထားတာဖြစ်လို့ သူ့အနေနဲ့ ကျေးဇူးသစ္စာမဲ့ရာ မရောက်အောင် ခေါင်းညိတ်ခဲ့ခြင်း
ဖြစ်ပါလိမ့်မယ်။ နောင်မှာ ဒိုင်ယာနာက ကျွန်တော့်ကို ပြန်ပြောပြတာကတော့ 'ကျွန်မ
စိတ်ကြိုက်သာဆိုရင် အဲဒီလို တောက်ပတဲ့ ကျောက်မျက်တွေကို ရွေးမှာ မဟုတ်ဘူး၊
တကယ်လို့ ကျွန်မ စိတ်ကြိုက်သာ
ရွေးရမယ်ဆိုရင် ရိုးရိုးယဉ်ယဉ်ကလေးနဲ့ ကျက်သရေ မင်္ဂလာရှိမယ့် ကျောက်မျက်အသေးစား
ကလေးတွေသာ ဖြစ်လိမ့်မယ်' လို့ ပြောခဲ့ဖူးပါတယ်။
စေ့စပ်ကြောင်းလမ်း ပြီးစီးကြောင်း
ကြေညာချက် မထုတ်ပြန်သေးခင်ကာလမှာ ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့
ထိန်းသိမ်းထားခဲ့ကြပါတယ်။ ကြေညာမယ့်နေ့ မနက်မှာပဲ သာမန်အနေအထားပါပဲ။ မနက် ၉
နာရီမှာ ဘုရင်မကြီးကို ကျွန်တော် နံနက်စာ ဆက်သွင်းရပါတယ်။ ဒီတော့မှ သူက အင်မတန်
တိကျလှတဲ့ သူမရဲ့ ပုံမှန်လှုပ်ရှားမှုဇယားကို ဒီနေ့အတွက် ပြင်ဆင်မယ်လို့ ဆိုပါတယ်။
'တို့များ ဒီနေ့ ညနေ
လေးနာရီမှာ လက်ဖက်ရည်တော် သုံးဆောင်မယ်' တဲ့။ ပုံမှန် သောက်နေကျထက်
တစ်နာရီစောပြီး သောက်မယ်ဆိုတဲ့သဘောပါ။ 'ဒီနေ့
လက်ဖက်ရည်ပွဲမှာ လေးယောက်ဖြစ်မယ်။ မင်းသားကြီးရယ်၊ သားတော် ချားလ်စ်ရယ်၊
လေဒီဒိုင်ယာနာ စပင်ဆာရယ်' လို့ လူစာရင်းကိုပါ
ပြောပြလိုက်ပါတယ်။ လက်ဖက်ရည်သောက်မယ့် လူစာရင်းကို ကျွန်တော့်ကို
ပြောပြရတာကတော့ လက်ဖက်ရည်ပွဲပြင်မယ့်
ကျွန်တော့်အနေနဲ့ အမျိုးသား ဘယ်နှယောက်ပါမယ်၊ အမျိုးသမီး ဘယ်နှယောက်ပါမယ် ဆိုတာကို
သိထားဖို့ လိုအပ်လို့ပါပဲ။ အမျိုးသမီးများအတွက်က ခွက်အသေး ပြင်ဆင်ပေးရပါတယ်။
အမျိုးသားများကိုတော့ ခွက်အကြီးများနဲ့ ပြင်ဆင်ပေးရပါတယ်။ ဘုရင်မကြီးရဲ့
စကားကြားလိုက်ရတော့ ဒီလက်ဖက်ရည်ပွဲမှာ စေ့စပ်ကြောင်းလမ်းသတင်း ကြေညာလိမ့်မယ်ဆိုတာ
ကျွန်တော် သဘောပေါက်လိုက်မိပါတယ်။ လေဒီဒိုင်ယာနာအနေနဲ့ ပထမဆုံးအကြိမ်အဖြစ်
ဘုရင်မကြီးနဲ့ လက်ဖက်ရည်သောက်ခွင့် ရသွားခြင်းပါပဲ။
တစ်ဖက်က ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ
ဗြိတိန်နိုင်ငံသားများထဲမှာ ဒီသတင်းကို ပထမဆုံး ကြားသိရတဲ့ တစ်ဦးတည်းသောသူ
ဖြစ်တဲ့အပြင် မျက်မြင်ကိုယ်တွေ့လည်း တွေ့မြင်ရမှာဖြစ်တဲ့အတွက်
ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ လက်ဖက်ရည်ပွဲ ပြင်ပြီးချိန်မှာ ဘုရင်မကြီးရဲ့
ကော်ရစ်ဒါနားတစ်လျှောက် မယောင်မလည် လုပ်နေမိသေးတယ်။ ပျော်ရွှင်နေကြမယ့်
စုံတွဲအသစ်စက်စက်ကို မြင်ခွင့်များရမလားလို့ အခွင့်အရေး စောင့်မျှော်နေခြင်းပါ။
ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာ မင်းသမီးတို့ ကျွန်တော့်အပါးက ဖြတ်ပြီး
လက်ဖက်ရည်ဆောင်ဆီကို သွားကြချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ မျက်နှာမှာ
အပြုံးပန်းများ ဝေနေတာကို သတိပြုလိုက်မိပါတယ်။
ဘုရင်မကြီးရဲ့ အပါးတော်မြဲဖြစ်တဲ့
ဂျွန်တေလာက လက်ဖက်ရည်ပွဲကို တည်ခင်းပေးဖို့ အတွင်းဘက် ဝင်သွားပါတယ်။
ဒီမြင်ကွင်းကို မြင်ချင်တဲ့စိတ် ကျွန်တော့် ရင်ထဲမှာ ချိုးနှိမ်လို့
မရတော့တဲ့အတွက် မြင်သာတဲ့နေရာကနေ ချောင်းကြည့်လိုက်တဲ့ အခါမှာ စတိုးဆိုင်က
ဝယ်ပေးထားတဲ့ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒိုင်ယာနာက သူ့ယောက္ခမလောင်းများနဲ့အတူ လက်ဖက်ရည်ဝိုင်းမှာ
ထိုင်နေပါပြီ။ သူထိုင်နေတဲ့ပုံက မတ်မတ်ကလေးပါ။ မျက်နှာပေါ်မှာတော့ အပြုံးများ
ပေါ်နေရမယ့်အစား သေမလောက်ကြောက်တဲ့ မျက်နှာထားကို တွေ့ရပါတယ်။ လက်ဖက်ရည်ပွဲပြီးလို့
ကျွန်တော် ဝင်သိမ်းတဲ့အခါမှာတော့ ဒိုင်ယာနာဟာ ဘာမှ မစားမသောက်ခဲ့တာကို တွေ့ရပါတယ်။
နောင်မှာ သိရတာကတော့ အဲဒီနေ့က ကော်ဖီတစ်ခွက်သာ သူ သောက်ခဲ့ပါသတဲ့။ အကြောင်းစုံ
သိလာချိန်မှာတော့ အဲဒီနေ့က ဘုရင်မကြီးနဲ့ လက်ဖက်ရည်သောက်ရတာကို ဘာကြောင့်
ဒီလောက်ကြောက်နေတယ်ဆိုတာ နားလည်ခွင့် ရလိုက်ပါတယ်။ လက်ဖက်ရည်ပွဲပြီးရင်
ဘာကင်ဟမ်နန်းတော်ရဲ့ လေသာဆောင်ကိုထွက်ပြီး သူတို့နှစ်ဦး
စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့မီဒီယာအသီးသီးသို့
ဘုရင်မကြီးကိုယ်တိုင် ကြေညာမှာဖြစ်လို့ ကြောက်လန့်နေခြင်းပါပဲ။ ကြေညာပြီးတာနဲ့
တစ်ပြိုင်နက် ချားလ်စ်နဲ့ ဒိုင်ယာနာတို့က မြေညီထပ်ကို ဆင်းပြီး မြက်ခင်းပေါ်မှာ
ရုပ်မြင်သံကြား ကင်မရာများမှ သတင်းရိုက်ကူးတာကို ခံယူကြရပါမယ်။
မိုက်ကရိုဖုန်းပေါင်းများစွာနဲ့ မေးမြန်းကြတဲ့ သတင်းထောက်များရဲ့ မေးခွန်းတွေကို
ဖြေကြားရမှာဖြစ်တဲ့အပြင် ကင်မရာအလုံးပေါင်းများစွာကို ရင်ဆိုင်ရဦးမှာပါ။
ဒါတွေကိုတွေးပြီး အဲဒီတုန်းက ကြောက်နေခဲ့တာပါတဲ့။
လက်ဖက်ရည်ပွဲသိမ်းတာ
ဆယ်မိနစ်လောက်ပဲကြာပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းမှာ သမိုင်းဝင်
ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမယ့် အဲဒီဖြစ်ရပ်ကို ကျွန်တော်လည်း ပထမထပ် ဧည့်ခန်းကနေ လှမ်းကြည့်မယ်လို့
စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကူးကို ဖျက်လိုက်တာကတော့
ဘုရင်မကြီးကိုယ်တိုင်ပါပဲ။
'ပေါလ်ရေ... ခွေးတွေကို
အပေါ်ထပ်ခေါ်သွားပြီး ထိန်းထားလိုက်ပါလားကွယ်၊ ဒါမှ ဒီကောင်တွေ
မနှောင့်ယှက်နိုင်မှာ' တဲ့။
ခွေးကိုးကောင်ကို လည်ပတ်ပတ် ဖို့ဆိုတာ
ချက်ချင်းလက်ငင်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့ကတော့
ကျွန်တော်ကိုယ်တိုင်က ကြည့်ချင်ဇောရှိနေတဲ့အတွက် အမြန်ဆုံး ပတ်ဖြစ်သွားပါတယ်။
ဒီကောင် ကိုးကောင်ကို ရေကန်ဘက် ခပ်ဝေးဝေး တစ်နေရာမှာ သွားချည်ထားလိုက်ပြီး
ချားလ်စ်နဲ့ ဒိုင်ယာနာတို့ နန်းတော်ကြီးပေါ်က ဆင်းမလာခင် အပြေးပြန်လာခဲ့ ပါတယ်။
သမိုင်းဝင် ဖြစ်ရပ်ကို ခပ်လှမ်းလှမ်းကသာ
ကျွန်တော် ကြည့်နိုင်ခွင့်ရခဲ့ပါတယ်။ တကယ်တော့ ကျွန်တော့် လက်ထဲမှာ အဝေးကြည့် မှန်ပြောင်းတစ်လက်လောက်သာ
ပါမယ်ဆိုရင် ဒီထက်ပိုပြီး အသေးစိတ် မြင်နိုင်မှာပါ။ အသံမမြည်ဘဲ မီးလင်းတဲ့
ကင်မရာများက ဘာကင်ဟမ်နန်းတော်တွင်းမှာ လျှပ်စီးလက်သလို တဝင်းဝင်းနဲ့ပါ။
□
ကျွန်တော့်မိတ်ဆွေ တခြား မင်းမှုထမ်းတစ်ဦးဖြစ်တဲ့
မာ့ခ်ဆင်မဆင်က တစ်ည ကျွန်တော့်ဆီကို ရောက်လာပြီး 'မင်း သူ့ကို
မြင်ဖူးသလား၊ သနားစရာပါကွာ၊ အခန်းထဲမှာ တစ်ယောက် တည်းထိုင်နေတာ' လို့ ပြောလာပါတယ်။ သူက စေ့စပ်ကြောင်းလမ်းပြီးတဲ့နောက်
ဘာကင်ဟမ်နန်းတော်တွင်းသို့ ပြောင်းရွှေ့နေထိုင်လာတဲ့ ဒိုင်ယာနာနဲ့ ပတ်သက်ပြီး
ပြောဆိုနေခြင်းပါ။ အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်း နေနေရတဲ့ မိန်းကလေးကို
ကရုဏာသက်ပုံ ရပါတယ်။
'ငါတို့ အပြင်ထွက်ပြီး သူ့အတွက်
မက်ဒေါနယ် ဝယ်ကျွေးရရင် မကောင်းဘူးလား' လို့ ဆိုလာပါတယ်။
လေဒီဒိုင်ယာနာ စပင်ဆာက သူ့အခန်းထဲမှာ
တစ်ယောက်တည်းပါ။ ချားလ်စ် မင်းသားက သြစတြေးလျားနိုင်ငံကို တစ်လကြာ
ခရီးထွက်နေပါတယ်။ မိန်းကလေးက လန်ဒန်မှာ သူငယ်ချင်းမများနဲ့ စုပေါင်းပြီး
အခန်းတစ်ခန်းငှားနေခဲ့ကြဖူးတယ်လို့ ကျွန်တော်တို့က သိခဲ့ကြဖူးပါတယ်။ ခုတော့
သူတစ်ယောက်တည်းပေါ့။ မာ့ခ်က ကျွန်တော်နဲ့ အခန်းချင်းကပ် နေထိုင်တဲ့
အမှုထမ်းတစ်ဦးပါ။ ကျွန်တော်တို့ နေထိုင်တဲ့ အထပ်က မင်းသားများ ငယ်ဘဝတုန်းက
အခန်းကိုယ်စီနဲ့ နေခဲ့ကြတဲ့ အထပ်ဖြစ်ပါတယ်။ ဒိုင်ယာနာကိုလည်း ဒီအထပ်မှာပဲ
အခန်းတစ်ခန်း ပေးထားပြီး နေရာချထားခဲ့ကြတာပါ။ အခန်းထဲမှာ အိပ်ခန်း၊ ရေချိုးခန်း
အပြည့်အစုံသာမက ကိုယ်တိုင်ချက် စားမယ်ဆိုရင် မီးဖိုချောင်သုံး ပစ္စည်းကိရိယာ
အပြည့်အစုံနဲ့ မီးဖိုခန်းလည်း ပါဝင်ပါတယ်။ ဒိုင်ယာနာခမျာ လက်ထပ်ပွဲ ကျင်းပမယ့်
ဇူလိုင်လ မတိုင်ခင် ငါးလစောပြီး ဘာကင်ဟမ်နန်းတော်ထဲသို့
ပြောင်းရွှေ့နေထိုင်ခဲ့ရတာပါ။ ချားလ်စ်မင်းသားရဲ့ လူပျိုဆောင်ကလည်း တစ်ထပ်တည်းမှာ
ရှိပါတယ်။ တစ်ယောက်တည်း ဖြစ်နေတဲ့ ဒိုင်ယာနာဟာ အဲဒီအချိန်ကစပြီး
သူ့အထီးကျန်အချိန်များကို မာ့ခ်ဆင်မဆင်နဲ့ စကားပြောခြင်းအားဖြင့်
ကုန်ဆုံးစေခဲ့ရပါတယ်။ မာ့ခ်ကလည်း ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့အပြင် အရာရာကို
တွေးတောကြံဆအကြံပေးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒိုင်ယာနာကတော့
သူပျင်းနေတဲ့အခါများမှာ အောက်ထပ်က မင်းမှုထမ်းများနဲ့သာ အချိန်ဖြုန်းခဲ့ရရှာပါတယ်။
မာ့ခ်ဟာလည်း ကျွန်တော့်လိုပဲ
တစ်နေကုန် တစ်နေခန်း တာဝန်ထမ်းဆောင်ရသူ ဖြစ်တဲ့အတွက် ညနေခင်းဆိုရင်
ပင်ပန်းနွမ်းနယ်နေပါပြီ။ ဒါပေမယ့် အထီးကျန် တစ်ယောက်တည်းဖြစ်နေတဲ့ ဒိုင်ယာနာကို
သူသွားပြီး မတွေ့ဘဲ မနေနိုင်ပါဘူး။ 'ငါတို့ ပျော်ပွဲစား
အသေးစားကလေး သူ့အတွက်ဖန်တီးပေးနိုင်အောင် မဒေါနယ်လ်ကို သွားကြရအောင်ပါ'တဲ့။ ကျွန်တော်ကတော့ စိတ်လှုပ်ရှားနေမိတယ်။ တကယ်လို့ ဘုရင်မကြီးများ
သိသွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒါမှမဟုတ် ဒိုင်ယာနာကိုယ်တိုင်က ချားလ်စ်မင်းသားကို
ပြန်တိုင်လိုက်ရင် ဘာတွေဖြစ်ကုန်မလဲ။ အဲဒါအပြင် အိမ်တော်ဝန်က
ကျွန်တော်တို့အပေါ်မှာ ဘယ်လိုမြင်မလဲ။ အနာဂတ်မှာ ဝေလမင်းသား ကတော်ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ကို
ကျွန်တော်တို့လို မင်းမှုထမ်း နှစ်ယောက်က ဒီလို ရောရောနှောနှော နေသင့်ပါရဲ့လား။
တော်ဝင်မင်းသမီး တစ်ယောက် နေထိုင်တဲ့အခန်းထဲမှာ ကျွန်တော်တို့လို မင်းမှုထမ်း
အသေးစား နှစ်ယောက်က ဖျော်ဖြေမှုပေးချင်တဲ့ ဆန္ဒနဲ့ သွားရောက်ဖို့ဆိုတာကရော
တင့်တယ်ပါ့မလား။
အဲဒီအတွေးများကြောင့် ကျွန်တော်က 'နေဦး
မာ့ခ်ရဲ့၊ ဒီကိစ္စ လုပ်မယ်ဆိုရင် သတိထားရလိမ့်မယ်၊ တို့က မုန့်ဝယ်ကျွေးတာကို
တစ်စုံတစ်ယောက်က မိသွားမယ်ဆိုရင် ခေါင်းဖြတ်ခံရလိမ့်မယ်ကွာ' လို့
ပြောလိုက်မိပါတယ်။ သူက လေဒီ ဒိုင်ယာနာ အတွက် စိတ်ပူနေပေမယ့် ကျွန်တော်ကတော့ တစ်ခါမှ
မျက်နှာချင်းဆိုင် မတွေ့ဖူးသေးတာ ဖြစ်တော့ စိတ်ပူစိတ် သိပ်မရှိသေးပါဘူး။
ကျွန်တော်နဲ့စာရင် နေ့စဉ် ထိတွေ့မှုရှိနေတဲ့ မာ့ခ်က သူ့သဘောထားကို
ပိုနားလည်ပါလိမ့်မယ်။ အရေးကြီးဆုံး အချက်တစ်ခုကတော့ ကျွန်တော်က ဘုရင်မကြီးရဲ့
အပါးမှာ ခစားရတဲ့ မင်းမှုထမ်း ဖြစ်နေတယ်။ ဒီရာထူးကို ရထားတာကလည်း နှစ်နှစ်သာ
ရှိသေးတော့ ပြုတ်မသွားချင်တာ အမှန်ပဲ။
'လာပါပေါလ်ရာ၊ သူ့ခမျာ
တစ်ယောက်တည်း ဖြစ်နေတော့ တို့သွားလိုက်လို့ရှိရင် ပျော်ပြီး ကျေးဇူးတင်နေမှာပါကွာ'
လို့ ပြောပြောဆိုဆိုနဲ့ ထပြီးထွက်သွားပါလေရော။ သူ့ကျေးဇူးတွေ
ကျွန်တော့်အပေါ်မှာ ရှိလေတော့ ဖြစ်သင့်တာ မဖြစ်သင့်တာ စဉ်းစားနေတာထက်
သူ့နောက်ကိုပဲ လိုက်သွားခဲ့မိပါတယ်။ ကျွန်တော်တို့နှစ်ယောက် ဗစ်တိုးရီးယား
လမ်းမကြီးပေါ်ကို လျှောက်ခဲ့ကြပြီး မက်ဒေါနယ်လ် အကြီးသုံးခု ဝယ်ခဲ့ကြပါတယ်။
တစ်ခုကို ကျွန်တော်က ကျောပိုးအိတ်ထဲမှာ ထည့်ခဲ့ပြီး မာ့ခ်ကတော့ သူ့အတွက်နဲ့
မင်းသမီးအတွက်ကို သူ့ ကျောပိုးအိတ်ထဲမှာ ထည့်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် နန်းတော်ကြီးရဲ့
ဘေးကနေပြီး ခပ်တည်တည် ဝင်လာလိုက်ကြပါတယ်။ တော်ဝင် မိသားစု တစ်ဦးဦးက
လန်ဒန်မြို့ထဲမှာ တစ်စုံတစ်ခု ဝယ်ခိုင်းလိုက်လို့ ပြန်လာတဲ့ ပုံစံမျိုးနဲ့ပေါ့။
မာ့ခ်ကို မလွန်ဆန်နိုင်လို့ ကျွန်တော်
လိုက်သွားခဲ့ရပေမယ့် ကျွန်တော့် စိတ်ထဲမှာ ကြောက်စိတ်အပြည့်နဲ့ပါ။ တကယ်လို့
လေဒီဒိုင်ယာနာအနေနဲ့ ကျွန်တော့်ကိုတွေ့ရင် တစ်ခါတုန်းက ဘာလ်မိုရယ်လ် ရဲတိုက်မှာ
လမ်းပျောက်နေလို့ ကူညီခဲ့တဲ့ အမှုထမ်းဆိုတာ မှတ်မိသွားလေမလား၊ ဘုရင်မကြီးရဲ့
အပါးမှာ အမြဲတမ်း ခစားနေတဲ့ အမှုထမ်းလို့ သိလိုက်တဲ့အတွက် ကြောက်သွားလေ မလား စတဲ့
အတွေးပေါင်းစုံ ဝင်လာခဲ့မိပါတယ်။ ဒါကြောင့် လေဒီ ဒိုင်ယာနာရဲ့အခန်းကို ကျွန်တော်
မလိုက်တော့ဘဲ 'မင်းသွားလိုက်ပါတော့ကွာ' လို့ပဲ မာ့ခ်ကို
ပြောလိုက်ပါတယ်။ မာ့ခ်က မင်းသမီးကို မုန့်ပေးပြီးရင် ပြန်လာလိမ့်မယ်လို့ ကျွန်တော်
မမျှော်လင့်ခဲ့ပေမယ့် သူက ချက်ချင်းပဲ ပြန်လာပါတယ်။
'လာလိုက်ခဲ့ပါကွာ'လို့ ခေါ်လာပြန်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ ဆရာ မသိအောင် တစ်စုံတစ်ခု
ခိုးလုပ်ရတဲ့ ကျောင်းသားတစ်ယောက်လိုပဲ ခံစားရပါတယ်။ မာ့ခ်နောက်ကလိုက်ပြီး
သွားနေတုန်းမှာ ဆရာ့ဆရာများ ကျွန်တော့်ကို သင်ကြားခဲ့တဲ့ စကားတစ်ခု ဖြစ်တဲ့ 'ကော်ရစ်ဒါမှာ အရပ်ဝတ် အရပ်စားနဲ့ ဘယ်တော့မှ တော်ဝင်မိသားစုတွေနဲ့
မဆုံမိစေနဲ့' ဆိုတဲ့ စကားပါပဲ။ ဘယ်သူများ တွေ့သွားလေမလဲလို့
တထိတ်ထိတ်နဲ့ပါ။ အက်ဒဝပ်မင်းသား၊ အင်ဒရူးမင်းသားတို့ရဲ့ အခန်းများကို
ဖြတ်ကျော်ပြီးနောက် စေ့ရုံသာ စေ့ထားတဲ့ အခန်းတစ်ခုရှေ့ကို ရောက်ခဲ့ကြပါတယ်။
အဲဒီအခန်းကတော့ လေဒီဒိုင်ယာနာရဲ့ အိပ်ခန်းနဲ့ တွဲလျက်မှာ ရှိနေတဲ့
မီးဖိုဆောင်အခန်းပါပဲ။ အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တဲ့အခါမှာ
လေဒီဒိုင်ယာနာက မက်ဒေါနယ်လ် မုန့်ကြီးကို အားရပါးရ စားနေပါပြီ။ ကျွန်တော်တို့ကို
မြင်လိုက်တော့ ပကတိ အရပ်သူတစ်ယောက်လို တခစ်ခစ်နဲ့ ရယ်ပါသေးတယ်။
လေဒီဒိုင်ယာနာအကြောင်းကို မာ့ခ်ပြောတာ အကြိမ်ကြိမ်အခါခါ ကြားခဲ့ဖူးပေမယ့် ဒီလောက်
အရပ်သူဆန်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ မီးဖိုခန်းထဲမှာပဲ
ကျွန်တော်တို့သုံးယောက် စကားလက်ဆုံ ကျခဲ့ကြပါတယ်။ ပထမဆုံးအကြိမ်မှာပဲ
လေဒီဒိုင်ယာနာကို ကျွန်တော် ခင်မင်ရင်းနှီးစိတ် ပေါ်ပေါက်သွားပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့ အမျိုးသား မင်းမှုထမ်းများအနေနဲ့ အမျိုးသမီးဆောင်ဘက်ကို
ခြေဦးလှည့်ခွင့်မရှိ ပိတ်ပင်ထားတာကို ချိုးဖောက်မိပြီဖြစ်တဲ့အတွက် ၁ဝ မိနစ်ထက်
ပိုပြီး မနေဝံ့ဘဲ ပြန်ပြေးကြရပါတယ်။ တော်ဝင်မိသားစုများရဲ့ အခန်းများက
ထွက်ခွာလာချိန်မှာ ခံစားရတဲ့ ခံစားမှုများထဲမှာ ဒီတစ်ကြိမ်လောက် ကျေနပ်မိတာ
တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
'တွေ့တယ်မဟုတ်လား၊ သူက
တို့လိုသာမန်အရပ်သားတွေနဲ့ ဆက်ဆံချင်တာကွ' လို့ မာ့ခ်က
ပြောပါတယ်။
ဒါပေမယ့် ကျွန်တော်ကတော့ နောက်ထပ်
ဒီပြစ်မှု မကျူးလွန်မိအောင် ရှောင်နိုင်ခဲ့ပါတယ်။ မာ့ခ်သွားနေတယ်ဆိုတာ သိပေမယ့်
ကျွန်တော် မလိုက်တော့ပါဘူး။ တစ်ကြိမ်မှာတော့ ဒိုင်ယာနာရဲ့ ကုတင်စောင်းမှာ
ထိုင်နေတဲ့ မာ့ခ်ကို ချားလ်စ်မင်းသားက ပက်ပင်းကြီး မိသွားခဲ့ပါတယ်။ ပိုဆိုးတာကတော့
လေဒီဒိုင်ယာနာကလည်း ညအိပ်ဝတ်စုံ ဝတ်ဆင်ထားတာ ဖြစ်တဲ့အတွက် အခြေအနေ
မကောင်းတော့ဘူးပေါ့။ ဒါပေမယ့် မာ့ခ်ကို ဘာမှတော့ ကြီးကြီးကျယ်ကျယ် အပြစ်ပေးခြင်း
မရှိခဲ့ပါဘူး။
အဲဒီနောက် မကြာခင်မှာ မာ့ခ်ကို
လေဒီဒိုင်ယာနာက ဝေလမင်းသားရဲ့ ကြင်ယာတော်လောင်းအဖြစ် ဖော်ပြထားတဲ့ သတင်းစာပါ
သူ့ဓာတ်ပုံကို ဖြတ်ပြီး 'မာ့ခ်သို့ ..... အချစ်များစွာဖြင့်...... ဒိုင်ယာနာ' လို့ လက်မှတ်ရေးထိုးထားတဲ့ သတင်းစာ ဖြတ်ပိုင်းတစ်ခု ပေးပို့ခဲ့ပါတယ်။
ကျွန်တော့် စိတ်ထင်ပြောရရင် ဒီပုံဟာ ဒိုင်ယာနာ ဘဝမှာ ပထမဦးဆုံးသောလက်မှတ်
ရေးထိုးထားတဲ့ ဓာတ်ပုံဖြစ်မယ် ထင်ပါတယ်။
လက်ထပ်မင်္ဂလာပွဲ မကျင်းပခင်
နေထိုင်ရတဲ့ ဒိုင်ယာနာဘဝမှာ တော်တော်ကလေး အထီးကျန်ပါတယ်။ နန်းတော်ကြီးရဲ့
အပြင်ဘက်ကိုလည်း မထွက်ရဲပါဘူး။ မီဒီယာသမားများရဲ့ လက်ချက်ကို ကြောက်လို့ပါပဲ။
နန်းတော်အတွင်းမှာပဲ တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်လည်ဖို့ဆိုတာကလည်း
မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ အခန်းတွေက ဆင်တူဖြစ်ပြီး သွားနေကျသူများပင်လျှင်
ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ တပ်အပ်ပြောနိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဘယ်သူမှ မရှိဘူးလို့
အထင်နဲ့ အခန်းတံခါးတစ်ခုကို ဖွင့်လိုက်မိရင် အထဲမှာ အစည်းအဝေး တစ်ခုခု ရှိနေတာနဲ့
ကြုံတတ်ပြန်ပါတယ်။ လေဒီဒိုင်ယာနာကို ဘယ်သူကမှလည်း ဘာကင်ဟမ် နန်းတော်အတွင်း
လှည့်လည်ပြသခြင်း မရှိတဲ့အပြင် နန်းတွင်းခန်းဆောင်များကို ဖော်ပြထားတဲ့
မြေပုံစာရွက်လည်း ပေးမထားတဲ့အတွက် လူစိမ်းတစ်ယောက်အနေနဲ့ ထွက်လည်ဖို့ဆိုတာ
မလွယ်ပါဘူး။ အဲဒီကာလအတွင်းမှာ လေဒီဒိုင်ယာနာက သူ့အခန်းထဲမှာပဲ ထိုင်ပြီး သူငယ်ချင်းတွေဆီ
စာအဆက်မပြတ်ရေးနေတာ တွေ့ခဲ့ရပါတယ်။ ချားလ်စ်မင်းသား ခရီးသွားနေတဲ့ ကာလများမှာ လေဒီ
ဒိုင်ယာနာက ယောက္ခမတော် ဘုရင်မကြီးနဲ့ အတူတကွ လက်ဖက်ရည်ပွဲ သုံးဆောင်ဖို့
ကြိုးစားတတ်ပါတယ်။ ဒါကလည်း ရင်းနှီးမှုရအောင် ကြိုးစားခြင်းပါ။
တစ်ပတ်တစ်ကြိမ်လောက် ကျွန်တော့်ထံ ဖုန်းဆက်ပြီး 'ဒီနေ့ မယ်တော်ဘုရား
လက်ဖက်ရည် သုံးဆောင်ချိန်မှာ တစ်ယောက်တည်းပဲလားလို့ မေးပေးပါ' လို့ ပြောတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်တော်က ဘုရင်မ ကြီးထံ
လျှောက်ထားရပါတယ်။
'လေဒီဒိုင်ယာနာက မယ်တော်ဘုရား
ဒီနေ့လက်ဖက်ရည် သုံးဆောင်ချိန်မှာ တစ်ယောက်တည်းပဲလားလို့ ကျွန်တော်မျိုးကို
မေးနေပါတယ်' လို့ဆိုရင် ဘုရင်မကြီးက 'မယ်မယ်နဲ့
လက်ဖက်ရည် လာသုံးဆောင်ဖို့ ခေါ်လိုက်ပါကွယ်' လို့
ပြောတတ်သလို 'ည ၈ နာရီ ၁၅ မှာ ညစာစားမယ်လို့ ပြောလိုက်ပါကွယ်'
လို့လည်း မိန့်တော်မူတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ
လေဒီဒိုင်ယာနာကလည်း ဘယ်တော့မှ မငြင်းပါဘူး။ ဒါပေမယ့် ဒိုင်ယာနာ စိတ်ထဲမှာ
သူ့ယောက္ခမလောင်းကို ကြားခံ မင်းမှုထမ်းများက တစ်ဆင့် ဆက်သွယ်နေရတာကိုတော့
ဘဝင်ကျလှပုံ မပေါ်ပါဘူး။ အဲဒါအပြင် တော်ဝင်မိသားစုများနဲ့ စားသုံးရတဲ့ နေ့လယ်စာ၊
ညစာတို့မှာ စနစ်တကျ ဖြည်းဖြည်းဆေးဆေး သုံးဆောင်ရခြင်းကိုလည်း ကြိုက်နှစ်သက်ပုံ
မပေါ်ပါဘူး။ ဒါကြောင့် တစ်ပတ်မှာ တစ်ခါနှစ်ခါလောက် သူ့အခန်းထဲ ပို့ခိုင်းပြီး
ခပ်မြန်မြန်စားကာ အိပ်ယာထဲမှာ ခွေနေတတ်ပါတယ်။
လေဒီဒိုင်ယာနာဟာ ပင်ကိုစိတ်အားဖြင့်
ဘုရင်မကြီးကို ချစ်ခင်လေးစားသူဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အကြိမ်ပေါင်းများစွာ
ရေကူးပြီးစ ဆံပင်ရေစိုနဲ့ ကော်ရစ်ဒါကို ရောက်လာပြီး ကျွန်တော့်ကို 'ဘုရင်မကြီး
တစ်ယောက်တည်းလား' လို့ မေးပြီး တံခါးခေါက်ကာ
ဝင်သွားတတ်ပါတယ်။ 'ဂွတ်မောနင်း ဘုန်းတော်ကြီးလှသော
ဘုရင်မကြီး' လို့ နှုတ်ဆက်လိုက်ရင် ဘုရင်မကြီးရဲ့
မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဝေဆာသွားတတ်ပါတယ်။ နှုတ်ဆက်တဲ့သူကလည်း
ရွှင်ရွှင်လန်းလန်း နှုတ်ဆက်တာကိုး။ လက်ထပ်ပြီးချိန်မှာတော့ လေဒီဒိုင်ယာနာအနေနဲ့
ဘုရင်မကြီးကို 'ဘုန်းတော်ကြီးလှသော ဘုရင်မကြီး' လို့ ခေါ်စရာမလိုတော့ဘဲ 'မာမာ' လို့ ခေါ်ရပါတယ်။ ဖိလစ်မင်းသားကြီးကိုလည်း 'ပါ' လို့သာ ခေါ်ဖို့ ညွှန်ကြားခံရပါတယ်။
ဘုရင်မကြီးက သူ့သားတော်နဲ့
လက်မထပ်ရသေးတဲ့ ချွေးမလောင်းကို အရောတဝင် မရှိသည့်တိုင်အောင် အစဉ်အမြဲ
လေ့လာနေသူပါ။ ဘုရင်မကြီးအနေနဲ့က နန်းတွင်းမှာမွေး၊ နန်းတွင်းမှာ ကြီးခဲ့သူ
ဖြစ်လေတော့ နန်းတွင်းဓလေ့ထုံးစံဆိုတာ အထူးသင်ကြားစရာ မလိုပေမယ့် အရပ်သူတစ်ပိုင်းက
အိမ်ရှေ့စံ မိဖုရားဖြစ်လာမယ့် ဒိုင်ယာနာလို သူများအတွက်ကတော့ ဘာကင်ဟမ်နန်းတွင်း
ဓလေ့များကို အထူးတလည် သင်ကြားပို့ချပေးရပါတယ်။ တင်းကျပ်တဲ့ ဓလေ့ထုံးစံများကြားမှာ
ဒိုင်ယာနာ မပျော်မွေ့တာ အစကတည်းကပါ။ သူငယ်ချင်းမရှိ၊ ကျင်လည်ရာ ပတ်ဝန်းကျင်ကလည်း
သူ့အတွက် သူစိမ်းသက်သက် ဖြစ်နေခြင်းကြောင့်ပါ။ ဘုရင်မကြီးကတော့ 'သူငါ့ကိုတွေ့ချင်ရင်
ဘယ်အချိန် ဘယ်နေရာမှာ ငါ ရှိတယ်ဆိုတာ သိနေတာပဲ' လို့
သဘောထားပုံ ရပါတယ်။ နောင်တစ်ချိန်မှာ အိမ်ရှေ့စံ မိဖုရားဖြစ်လာမယ့်သူဖြစ်လို့ အရာရာကို
ဆင်ခြင်တုံတရား ရှိရမယ်၊ ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်လို့လည်း ယူဆထားပါတယ်။
သူငယ်ချင်းများနဲ့
လန်ဒန်မြို့တွင်းမှာ သွားချင်ရာသွား၊ လည်ချင်ရာလည် နေခဲ့ရတဲ့ဘဝကို
ကျောခိုင်းခဲ့ရသလို သူမ ထိန်းကျောင်းခဲ့ရတဲ့ မူကြိုကျောင်းက ကလေးများနဲ့
ခွဲခဲ့ရခြင်းဟာလည်း လေဒီဒိုင်ယာနာအတွက် အပြင်းအထန် နာကျင်စေတဲ့ ဝေဒနာများပါ။
တစ်ရက်မှာ ကလေးတွေကို သူတွေ့ချင်လွန်းလို့ ကျောင်းကို သွားတွေ့တော့ ကလေးတွေက
သူ့ကို ဖက်တွယ်တက်ကြပြီး 'ဆရာမ ဘယ်သွားနေတာလဲ' 'ဆရာမ အခု အပြီးပြန်လာတာလားဟင်'
လို့ မေးကြတဲ့အတွက် လေဒီဒိုင်ယာနာခမျာ မချိအောင် ခံစားရပြီး
မျက်ရည်ကျခဲ့ရတယ်လို့ အတူတကွ လိုက်ပါသွားသူတစ်ဦးက ပြောပြခဲ့ပါတယ်။
မိန်းကလေး သူငယ်ချင်းများနဲ့ အတူတကွ
နေထိုင်ခဲ့တဲ့ အမှတ် ၆ဝ၊ Corlherne
Court အခန်းကို
သွားပြီး သူမပိုင် အဖိုးတန်ပစ္စည်းတွေ သိမ်းဆည်းတဲ့အခါမှာလည်း ငိုခဲ့ရတာပါပဲ။
ဒါပေမယ့် သူမရင်ထဲမှာတော့
အိမ်ရှေ့စံမိဖုရား ဖြစ်ရတော့မယ်ဆိုတဲ့ အသိက ရှိနေတဲ့အတွက် ရင်ခုန်စိတ်
လှုပ်ရှားပြီး စိတ်ဓာတ်ခိုင်မာရမယ်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ နန်းတွင်းမှာ
မပျော်မရွှင် ညည်းငွေ့မနေရအောင် အလုပ်တွေ ရှုပ်နေအောင် သူမကိုယ်သူမ
ဖန်တီးခဲ့ပါတယ်။ သတို့သမီးဝတ်စုံ ဖန်တီးပေးကြမယ့် ဒေးဗစ်နဲ့ အဲလစ်ဇဘက်
အမင်နျူရယ်လ်တို့နဲ့အတူ ဝတ်စုံချုပ်လုပ်ရေးမှာ အလုပ်တွေ ဝင်ရှုပ်နေတယ်လေ။
လက်ထပ်ပြီးချိန်မှာ နေထိုင်ရမယ့် အခန်းကိုလည်း ပြင်ဆင်ဖို့ သူမကိုယ်တိုင်
သွားရောက် ဦးဆောင်နေလိုက်ပါတယ်။ အဲဒီလို အလုပ်ရှုပ် နေစဉ်ကာလအတွင်းမှာ အစားအသောက်ကိုလည်း
ဆင်ခြင်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာပွဲ နွှဲရမယ့်နေ့မှာ
ဝမနေစေဖို့ပါဘဲ။
▀
ဆက်လက်ဖော်ပြပါမည်
ဝင်းငြိမ်း
(အမှတ် ၁၉၂၊
နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။