နိုင်ငံတကာ ရုပ်ရှင်

ကော့တနေကော့စ်

ရီတာအောင်(NY)

01 August 2025
ကော့တနေကော့စ်
Share to

             မင်းသမီး Courteney Cox က ရုပ်မြင်သံကြားမှာကော၊ ရုပ်ရှင်မှာပါ အောင်မြင်တဲ့ မင်းသမီးတစ်ဦး ဖြစ်သည်။ မကြာသေးခင်က သမီးလေးတစ်ဦး မွေးခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ကာ ထုတ်လုပ်သူအဖြစ်လည်း ရပ်တည်နေပြန်ပါပြီ။

            အမေရိကန် ရုပ်သံဇာတ်လမ်း တစ်ပုဒ်ဖြစ်တဲ့ Friends ဟာ ကမ္ဘာကျော်ပါတယ်။ မိန်းကလေး ၃ ဦး၊ ယောကျ်ားလေး ၃ ဦး စုစုပေါင်း သူငယ်ချင်း ၆ ဦးရဲ့ ပျော်ရွှင်ဖွယ်၊ စိတ်ပျက်ဖွယ် ဇာတ်လမ်းအစုံကို ရောမွှေကာ ဇာတ်လမ်းရှည်ကြီးအဖြစ် တင်ပြထားသည်။ ဇာတ်လမ်းပေါင်း (Episode) ၂ဝဝ ကျော်ရိုက်ခဲ့တာ ၁ဝ နှစ် အချိန်ကြာခဲ့သည်။ ဇာတ်လမ်း တစ်နာရီစာ တစ်ပုဒ်လျှင် မင်းသား၊ မင်းသမီး ၆ ဦးစလုံး တစ်ယောက် ဒေါ်လာတစ်သန်းရသည့်အထိ အောင်မြင်ကျော်ကြားခဲ့သည်။ ကော့တနေ ကောက်စ်နှင့်အတူမင်းသား ဘရက်ပစ်၏ အသစ်စက်စက် ဇနီးဟောင်း (ကွာရှင်းဖို့ ရုံးတော်၌ လျှောက်ထားဆဲ၊ တရားဝင် ကွာရှင်းလက်မှတ် မထိုးရသေးပေ) Jennifer Aniston လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

            Malibu ပင်လယ်ကမ်း ခြေမှာရှိတဲ့ ကော့တနေရဲ့အိမ်မှာ မဂ္ဂဇင်းအတွက် အလှဓာတ်ပုံ အရိုက်ခံခဲ့သည်။ Friends ရုပ်သံဇာတ်လမ်း အဆုံးသတ်သွားကာစကပင် သူမဘဝအတွက် စီမံကိန်းကြီး ကြီးမားမား ရေးဆွဲထားပြီးပြီလို့ ပြောခဲ့သည်။ သူမ၏ ခင်ပွန်း ရုပ်ရှင်မင်းသား David Arquette နှင့်တွဲ၍ Coquette Productions ဟူ၍ ကုမ္ပဏီထောင်ခဲ့သည်။ ဒေးဗစ်နှင့် ကော့တနေတို့ ၁၉၉၉ တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသား ၁၉၉၆ ခုနှစ်က 'Scream' အမည်ရ လျှို့ဝှက်သည်းဖို ရုပ်ရှင်ကား၌ စတင်တွေ့ဆုံခဲ့သည်။ ၎င်းရုပ်ရှင်မှာ တက္ကသိုလ် ကျောင်းသူကျောင်းသားများ အဆောင်တွင်နေစဉ် စိတ္တဇ လူသတ်သမား၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရသည်။ ကော့တနေက ၎င်းအမှုကို  ရုပ်မြင်သံကြားမှ လွှင့်ရန် သတင်းရယူရသည့် သတင်းထောက်မလေး ဖြစ်သည်။ ဒေးဗစ်ကတော့ ရဲအရာရှိအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းရုပ်ရှင် အောင်မြင်မှုရ၍ အပိုင်း (၂)ပင် ဆက်လက်ဖန်တီးခဲ့ရသည်။

            သူမတို့ မတွေ့ဆုံခင် ကော့တနေက Batman မင်းသား Michael Keaton နှင့် ချစ်ကျွမ်းဝင်နေခဲ့သည်။ ဒေးဗစ်ကလည်း မင်းသမီး Ellen Barkin နှင့် စုံတွဲခုတ်နေခဲ့သည်။ Scream အပိုင်း (၁) ရိုက်စဉ်ကတည်းက ရင်းနှီးနေကြပြီး အပိုင်း (၂) ရိုက်တော့မှ ပွင့်ပွင့်လင်းလင်း ချစ်သူများဖြစ်ခဲ့သည်။ ချစ်သက်တမ်းတိုတိုလေး၌ လက်ထပ်ကာ မာလီဘူကမ်းခြေတွင် အိမ်ကြီးတစ်လုံး ဝယ်ခဲ့သည်။ ယင်းအိမ်ကို ကော့တနေက စိတ်တိုင်းကျ ပြန်လည်ပြင်ဆင်ခဲ့သည်။ အခြား ရုပ်ရှင်မင်းသား၊ မင်းသမီးအိမ်များကဲ့သို့ ဘယ်နှရာစုနှစ်က တည်ဆောက်ခဲ့တဲ့ အိမ်ပါဆိုတဲ့ ရှေးဟောင်းအိမ်မဟုတ်ဘဲ ခေတ်မီဒီဇိုင်းနှင့် ဖြစ်သည်။ မင်းသမီး ကော့တနေကိုယ်၌က အိမ်များဝယ်၊ ပြန်လည်ပြုပြင်၍ ရောင်းစားရခြင်းကိုလည်း စိတ်ပါဝင်စားသေးသည်။

            ကော့တနေတို့ ကိုကွက်ထုတ်လုပ်ရေး ကုမ္ပဏီမှ ရုပ်သံဇာတ်လမ်း ၁ဝ ခု ဖန်တီးပြီး ရုပ်ရှင် ၃ ကား ရိုက်ကူးပြီးနေပေပြီ။ ၎င်းရုပ်ရှင် ၃ ကား အနက် November အမည်ရ ရုပ်ရှင်မှာ လျှို့ဝှက်သည်းဖိုဇာတ်လမ်းဖြစ်၍ ကော့တနေကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားသည်။ များမကြာမီက သူတို့ ဇနီးမောင်နှံတွင် သမီးလေး (CoCo) ကို မွေးဖွားလာခဲ့သည်။ ခင်ပွန်းသည် ဒေးဗစ်က ဇနီးသည်ကို 'ကော့တနေက ပြုစုပျိုးထောင်တတ်တယ်။ ကလေးတစ်ယောက်နဲ့ အခြားစီးပွားရေး ကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ကြားက သူ ဟန်မပျက် ထိန်းနိုင်တာ သိပ်အံ့သြဖို့ ကောင်းပါတယ်' လို့ ချီးကျူးလေသည်။

            ယနေ့ အသက် (၄၁) နှစ်အရွယ် မင်းသမီး ကော့တနေမှာ ရုပ်ရှင်ရိုက်သည့် မင်းသမီးဘဝ၌တင်မက သမီးလေးကိုကို၏ မိခင်အဖြစ်ကိုရော၊ အိမ်ခြံမြေ ရောင်းဝယ်သည့် Property Developer အဖြစ်ရော၊ ဟောလိဝုဒ်မှ သြဇာရှိသည့် ရုပ်ရှင်ထုတ်လုပ်သူအဖြစ်ပါ အောင်မြင်မှု ရရှိနေသူပင်။ သမီးလေး မွေးပြီးနောက် တစ်ခါဖူးမျှ မကြုံတွေ့ဖူးသော ကလေးငယ်၏ ကရိကထနှင့် တာဝန်ဝတ္တရားများစွာကြောင့် ကော့တနေ စိတ်ကယောက်ကယက် ဖြစ်ခဲ့သေးသည်။ သူမက 'ကျွန်မ အဲဒီလိုဖြစ်တာ သမီးလေး မွေးခါစမှာတော့ မဟုတ်ဘူး။ သမီးလေး ၆ လ အရွယ်မှာ စဖြစ်တာ။ ညဘက်ဆို အိပ်လို့မပျော်ဘူး။ နှလုံးတုန်ရင်တုန် အမြဲဖြစ်နေတယ်။ စိတ်ဓာတ်တွေလည်း အရမ်းကျနေခဲ့တယ်။ ဆရာဝန်ကြီးဆီ သွားစစ်ဆေးတော့ ကျွန်မ ဟိုမုန်းတွေ ပုံမှန်မရှိဘူး'တဲ့။ ဆေးဝါးကုသ ခံယူရုံတင်မက မိတ်ဆွေ၊သူငယ်ချင်းကောင်း ဂျနီဖာအနစ္စတန်၏ ပံ့ပိုးမှုကိုလည်း ရရှိခဲ့သည်။ 

            ဂျနီဖာနှင့် ကော့တနေမှာ ရုပ်သံဇာတ်လမ်းတွင် အတူတွဲ သရုပ်ဆောင်ရုံမကဘဲ ပြင်ပလောက၌ပါ မိတ်ဆွေသူငယ်ချင်းများဖြစ်၍ နေသည်။ ဂျနီဖာက ခင်ပွန်းသည် ဘရက်ပစ်နှင့် လမ်းခွဲခဲ့ပြီး ကော့တနေနှင့် အိမ်ငါးလုံးအကျော်တွင် အိမ်တစ်လုံး ဝယ်ယူ၍ တစ်ဦးတည်း နေထိုင်သည်။ ကော့တနေက 'မိခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့၊ သူငယ်ချင်းတွေ မကြာခဏ တွေ့ဆုံဖို့ အရမ်းခက်ခဲတယ်' တဲ့။ သမီးလေးကိုကိုမှာ ပြီးခဲ့တဲ့ ဇွန်လက တစ်နှစ်ပြည့်ခဲ့ပြီး Godmother (မိခင် ဖခင်ရင်း မရှိတော့ပါက ကလေး၏ဘဝကို တာဝန်ယူသူ)အဖြစ် ဂျနီဖာကို ရွေးချယ်ထားသည်။ သမီးငယ်အတွက် မောင်ကလေး (သို့) ညီမလေး မွေးပေးဖို့ အစီအစဉ်လည်း ဆွဲထားသည်။ ကော့တနေကတော့ သားကလေး ပိုအလိုရှိပါသတဲ့။

▀

ရီတာအောင်(NY)

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
ရီတာအောင် (NY)

အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
ဇာနည်ညိမ်း

သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...