ကေကလေး
၁။
နှလုံးသားဆိုတာကိုရော
ချစ်ခြင်းဆိုတာကိုပါ ဆွတ်ပျံ့ နားမလည်ပါဘူး။ ဆွတ်ပျံ့ရဲ့ အာရုံတွေဟာ
ကစားဖို့လောက်သာ အားသန်နေခဲ့တော့လေ။ ဆွတ်ပျံ့ဟာ တစ်ဦးတည်းသော သမီးမို့ အဖေရော
အမေပါ အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြတာကို ခံနေရတယ်။ ဆွတ်ပျံ့ သွားလေရာမှာ အမေက
အရိပ်ပမာ လိုက်ပါနေတော့ သူငယ်ချင်းတွေက နင့်ကြည့်ရတာ မလွတ်လပ်ဘူးတဲ့။ သူတို့က
ရင်ခုန်တတ်နေပြီ။ ချစ်သူရဲ့အကြောင်းကို မမောနိုင်မပန်းနိုင်အောင်
ပြောတတ်နေကြပြီလေ။ ဆွတ်ပျံ့ကတော့ သူငယ်ချင်းတွေရဲ့ အချစ်ပုံပြင်တွေကို
နားထောင်ရုံသက်သက် အဆင့်မှာပဲလေ။
ဆွတ်ပျံ့တို့အိမ်နဲ့
အန်တီလေးတို့အိမ်က နှစ်လမ်းကျော်မှာလေ။ ဆွတ်ပျံ့တို့ အိမ်မှာ
မုန့်ဟင်းခါးချက်စားလို့ မေမေက အန်တီလေးတို့ အိမ်ကို သွားပို့ခိုင်းတယ်။
ရပ်ကွက်ထဲမှာ ဆွတ်ပျံ့တစ်ယောက်တည်း ရဲရဲသွားရဲတာဆိုလို့ အန်တီလေးတို့အိမ်ပဲရှိတယ်။
ဆွတ်ပျံ့က နေရာတိုင်းကို မေမေနဲ့မှ သွားတတ်တာလေ။ ဟိုရောက်တော့ အန်တီလေးနဲ့
ကိုမျိုးတို့ မရှိတော့ အိမ်ဖော်မလေး မအေးကို ချိုင့်ပေးလိုက်ပြီး ဧည့်ခန်းထဲမှာပဲ
ဆွတ်ပျံ့ တစ်ယောက်တည်း ထိုင်စောင့်နေလိုက်တယ်။ တစ်အိမ်လုံး တိတ်ဆိတ်နေတာမို့
ကိုမျိုးအပတ်စဉ် ဝယ်နေကျ အလင်းတန်းဂျာနယ်ကို ယူဖတ်နေလိုက်မိတယ်။ အဲဒီ အချိန်မှာပဲ 'ကိုမျိုးရေ
ကိုမျိုး' ဆိုပြီး လူတစ်ယောက်ဝင်လာတယ်။ ဆွတ်ပျံ့ရဲ့
အစ်ကိုဝမ်းကွဲ ကိုမျိုးနဲ့ရွယ်တူပဲ။
'ကိုမျိုးရော ညီမလေး'
ဆွတ်ပျံ့ ဘာဖြေလို့ ဘာဖြေရမှန်း
မသိဘူး။ ဆွတ်ပျံ့ကို စိုက်ကြည့်လိုက်တဲ့ သူ့ရဲ့မျက်ဝန်းတွေက ဖြာဆင်းလာတဲ့
အကြည့်တွေက ဆွတ်ပျံ့တစ်ယောက် မလှုပ်ရှားနိုင်အောင် ဖြစ်သွားတယ်။ သူ့အကြည့်က
ဘာမှန်း ညာမှန်းမသိသေးတဲ့ ဆွတ်ပျံ့ရင်ထဲကို ရေတသွင်သွင် စီးနေတဲ့မြစ်တစ်စင်း
ဖြတ်စီးသွားတဲ့အတိုင်းပဲ၊ ပြီးတော့ ရင်တွေခုန်နေတဲ့ ဆွတ်ပျံ့အနီးကို
ချိုင့်ဆွဲပြီး ထွက်လာတဲ့ မအေးကို အားကိုးတကြီး ကြည့်လိုက်မိတယ်။
'ထိုင်လေ ကိုကြည်၊ ကိုမျိုး
ရေချိုးခန်းဝင်နေလို့'
မအေးပြောလိုက်တဲ့ စကားထဲက
ကိုကြည်ဆိုတဲ့ နာမည်အပိုင်းအစတစ်ခုကို ဆွတ်ပျံ့ရဲ့ ခပ်ညံ့ညံ့ မှတ် ဉာဏ်တွေကအလိုအလျောက်
မှတ်သားပြီးသား ဖြစ်သွားတယ်။ အိမ်အပြန်လမ်းတစ် လျှောက်လုံး သူ့ရဲ့ပုံရိပ်က
ဆွတ်ပျံ့မျက်ဝန်းထဲမှာ ဝင်ခိုနေတယ်။ ဒီအကြောင်းတွေကို ဆွတ်ပျံ့ ဘယ်သူမှ
မပြောပြချင်ဘူး။ ကိုယ်ကိုယ်တိုင် နားလည်အောင်ပဲ ဆွတ်ပျံ့ ကြိုးစားချင်တယ်။
ဘာကြောင့် ဆွတ်ပျံ့ရဲ့ ပုံမှန်ရင်ခုန်သံတွေ ပြောင်းလဲသွားရတာလဲ။
□
၂။
ဆွတ်ပျံ့ အိပ်ရာကနိုးတော့ မေမေက
ဆွတ်ပျံ့ နှုတ်ခမ်းတွေ ပြုံးနေတယ်တဲ့။ ဘာတွေ အိပ်မက် မက်နေလဲလို့ မေးတယ်။
ဆွတ်ပျံ့မှာ အဖြေမရှိဘူး။ ညကလည်း တော်တော်နဲ့ ဆွတ်ပျံ့ အိပ်မပျော်ဘူး။ ဆွတ်ပျံ့ရဲ့
အတွေးကွန်ယက်ကို သူက ချုပ်ကိုင်ထားခဲ့တယ်။ အိပ်ပျော်သွားတော့လည်း ဆွတ်ပျံ့က သူ့ရဲ့
လှုပ်ရှားမှုတွေကို မြင်နေရတယ်။ ဒါကြောင့် ဆွတ်ပျံ့ နှုတ်ခမ်းတွေ ပြုံးနေတာနေမှာ။
ဒီနေ့ နွယ်နဲ့သီရိဆိုတဲ့ ဆွတ်ပျံ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလာမှာမို့ မေမေနဲ့အတူ
သူတို့အတွက် စားစရာတွေ ပြင်ဆင်နေရပေမယ့် စိတ်နဲ့ကိုယ်က တခြားစီပဲ။
သူ့အကြောင်းတွေကို ဆွတ်ပျံ့ သိချင်လိုက်တာ။ ဒါပေမယ့် ဆွတ်ပျံ့ဆီမှာ
ဒီလိုသိခွင့်မျိုးမှ မရှိဘဲ။ First Year
ရောက်ပေမယ့် ဆွတ်ပျံ့က မိဘဆွေမျိုးတွေအလယ်မှာ ကလေးလေးပဲလေ။ မိဘတွေရော
ဆွေမျိုးတွေပါ ဆွတ်ပျံ့ကို သိပ်ဂရုစိုက်ကြတော့ ဆွတ်ပျံ့ရဲ့ထူးခြားမှုကို
သတိထားမိကြရင် ဆွတ်ပျံ့ရင်ထဲက ခံစားမှုတွေကို ခန့်မှန်းနိုင်ကြမှာပါ။
နွယ်နဲ့သီရိကို ဆွတ်ပျံ့
အရမ်းခင်ပါတယ်။ သူတို့နဲ့ ပတ်သက်သမျှကို ဆွတ်ပျံ့ စိတ်ဝင်စားပါတယ်။ ဒီနေ့ကျတော့
ဆွတ်ပျံ့ မပျော်ဘူး။ သူတို့ စကားတွေလည်း ဆွတ်ပျံ့နားထဲ မဝင်ဘူး။ တွေတွေငေးငေး
မဖြစ်အောင်သာ ဟန်ဆောင်နေရတယ်။ ဆွတ်ပျံ့ အရင်လိုမဟုတ်မှန်း တော့ သူတို့လည်း
ရိပ်မိကြတယ်။ သူတို့ကတော့ ဆွတ်ပျံ့ကို နေမကောင်းဘူးလို့ပဲ ထင်နေကြတယ်။
'နှလုံးသားဆိုတာ
ကန့်သတ်လို့မရဘူး။ သူချစ်ချင်တဲ့သူကို သူချစ်ချင်တဲ့အချိန်မှာ ချစ်သွားတာပဲ'
နွယ်ရဲ့ စကားလေးက ဆွတ်ပျံ့ရင်ထဲမှာ
ပဲ့တင်ထပ် သွားတယ်။ လှလိုက်တဲ့ စကားစုလေးပဲ။ အချစ်ဆီက သတ္တိဆိုတဲ့
စွမ်းအင်တချို့ကတော့ အရာရာကို ရင်ဆိုင်နိုင်ဖို့ လိုလိမ့်မယ်လို့ ဆွတ်ပျံ့
ရင်ထဲကပဲ နွယ်နဲ့သီရိကို ပြောလိုက်မိတယ်။ ဟုတ်တယ်၊ ချစ်ခြင်းအတွက်
အလိုအပ်ဆုံးအရာဟာ ရင်ဆိုင်နိုင်စွမ်းဆိုတဲ့ သတ္တိပါပဲ။
□
၃။
ကျောင်း၊ ကျူရှင်နဲ့ အန်တီလေးတို့
အိမ်လောက်ပဲ ဆွတ်ပျံ့ ရဲရဲသွားတတ်တာမို့ သွားတတ်လာတတ် ရှိအောင် ဖြည်းဖြည်းချင်း
လေ့ကျင့်တဲ့အနေနဲ့ ဗီဒီယိုဆိုင်နဲ့ စာအုပ်ဆိုင်ကို ဆွတ်ပျံ့တစ်ယောက်တည်း
သွားခွင့်ပြုလိုက်ပေမယ့် ဆွတ်ပျံ့ ထူးခြားပြီး မပျော်မိပါဘူး။ ညနေခင်း လေးမှာပဲ
စာအုပ်ဆိုင်နဲ့ အခွေဆိုင်ရှိရာကို ဆွတ်ပျံ့ထွက်ခဲ့ လိုက်ပါတယ်။ ဆွတ်ပျံ့တို့
အိမ်ကနေ လမ်းထိပ်က ဆိုင်တွေဆီရောက်ဖို့ တော်တော်လေး သွားရတယ်။
လမ်းတစ်ဝက်အုတ်ခုံလေးမှာ ထိုင်နေတဲ့သူကို မြင်လိုက်တယ်ဆိုရင်ပဲ ဆွတ်ပျံ့
ကတုန်ကယင်ကြီးကို ဖြစ်လို့သွားပါတယ်။ လှမ်းနေတဲ့ ခြေလှမ်းတွေတောင်
မမှန်ချင်တော့ပါဘူး။
'ကိုယ် ညီမလေးနဲ့ စကားတွေ
ပြောချင်တယ်။ ကိုယ့်နာမည်က ကြည်လင်အေးပါ။ ကိုမျိုးနဲ့ ကွန်ပျူတာ တက္ကသိုလ်ကတည်းက သူငယ်ချင်းဆိုတာတော့
ညီမလေး သိမှာပါ။ ဒါပေမယ့် ကိုယ်နဲ့ညီမလေး တစ်ကြိမ်ပဲ ဆုံခဲ့တယ်နော်။ ဒီတစ်ကြိမ်ပါ
ဆိုရင်တော့ နှစ်ကြိမ်ရှိပြီပေါ့။ ကိုယ် ညီမလေးတို့ကျောင်းကို လာလည်လို့ ရမလား။
ကျူရှင်ကော ဘယ်မှာတက်လဲ'
သူက မာရသွန်စကားရှည်ကြီးကို ဘေးက
ကပ်လိုက်ရင်း ပြောနေပေမယ့် ဆွတ်ပျံ့ရဲ့ နှုတ်ခမ်းတွေ စေ့ပိတ်စွာ ခြောက်ကပ်နေတယ်။
စကားလုံးတိုင်းက လည်ချောင်းဝမှာပဲ တစ်ဆို့လို့နေ တယ်။ လမ်းထိပ်ကို ရောက်ဖို့လည်း
နီးလာပြီ။ 'ဆက်မလိုက်ပါနဲ့နော်၊ လမ်းထိပ်မှာ လူတွေအများကြီးရယ်။ ဆွတ်ပျံ့ကြောက်တယ်'
ဆွတ်ပျံ့ ဒူးတွေတုန်ရင်းက
အဆက်အစပ်မဲ့တဲ့ ဝါကျသုံးခုနဲ့ ဖွဲ့စည်းထားတဲ့ စကားကို တုံးတိပြောလိုက်မိတယ်။
'ကောင်းပြီ ညီမလေး'
စကားအဆုံးမှာ ဘာမှ ဆက်မပြောတော့ဘဲ သူ
ကျန်ရစ်ပါတယ်။ ဆွတ်ပျံ့ရဲ့ နှလုံး သားလေးကို သူထုတ်ယူထားလိုက်လို့
ကျန်ရစ်ခဲ့တဲ့အတိုင်း ဆွတ်ပျံ့ခံစားလိုက်ရတယ်။
နောက်တစ်နေ့ အတန်းပြီးသွားပေမယ့် canteen သွားတဲ့ နွယ်နဲ့သီရိကို အတန်းရှေ့မှာ ရပ်စောင့်နေတုန်း သူ ရောက်လာတယ်။
ပြောခဲ့တဲ့အတိုင်း သူ ကျောင်းကို တကယ်ရောက်လာပါလား။ သူငယ်ချင်းတွေ သိသွားမှာ
ကြောက်တဲ့စိတ်က ဆွတ်ပျံ့ကို ဖိစီးနေတယ်။ ဆွတ်ပျံ့ရင်မှာ ကြည်နူးခြင်းတွေ
ရင်ခုန်ခြင်းတွေ ခံစားလို့မရဘူး ဖြစ်နေတယ်။
'ကိုယ် ညီမလေးကို
ချစ်တယ်ဆိုတာကို အလေးအနက်ထားပြီး ပြောချင်တယ်။ မြင်မြင်ချင်းပဲ ချစ်ခဲ့မိတာရယ်၊
ကိုယ်အရင်တုန်းက ရည်းစားတွေထားခဲ့ဖူးတာရယ်ကို ဝန်ခံပါတယ်။ ညီမလေး
အချိန်ယူစဉ်းစားပါ။ ကိုယ်စောင့်ပါ့မယ်'
သူ့စကားဆုံးတာနဲ့ ဆွတ်ပျံ့နားက
သူခွာသွားပါတယ်။ ဆွတ်ပျံ့ သူ့ကို တစ်ခုခုတော့ ပြောချင်ပေမယ့် ဘာပြောရမှန်းမသိဘူး။
စကားလုံးတွေ ပျောက်ဆုံးနေတယ်။ တစ်ယောက်တည်း လေးသွဲ့တဲ့ခြေလှမ်းတွေနဲ့
လျှောက်သွားတဲ့ သူ့ကျောပြင်ကို ဆွတ်ပျံ့ငေးကြည့်ပြီး ကျန်ခဲ့တယ်။
□
၄။
ဆွတ်ပျံ့ရဲ့ ညနေခင်း အချိန်တွေဟာ
သူ့ကြောင့် ကြည်နူးမှုအတိ ပြီးစေခဲ့ပါတယ်။ စကားမဆိုဘဲ သူက ဆွတ်ပျံ့ရဲ့
တဒင်္ဂအရိပ်လေး ဖြစ်လို့နေတတ်ပါတယ်။ ဆွတ်ပျံ့ကတော့ သူ့ကို စကားဆိုရဲလောက်အောင်
သတ္တိမရှိဘူး ဖြစ်နေတယ်။ သူကတော့ ဆွတ်ပျံ့ကို အနှောင့်အယှက်ပေးသလို
ဖြစ်မှာစိုးလို့ စကားမပြောတာတဲ့လေ။ သူဟာ ဆွတ်ပျံ့ တစ်သက်တာမှာ ဆွတ်ပျံ့ကို
ပထမဆုံးချစ်ရေးဆိုတဲ့သူပါ။ အဲဒါကြောင့်ပဲ အတွေ့အကြုံမရှိလို့ ဆွတ်ပျံ့
စိတ်လှုပ်ရှား လေသလားလို့လည်း တွေးမိတယ်။ စိတ်လှုပ်ရှားမှုဆိုတာကလည်း
ကြာရင်ရိုးစင်းပြီး ခံစားမှုမဲ့သွားတတ်တဲ့ အရာမျိုးလို့တော့ ဆွတ်ပျံ့ထင်တာပဲ။
ဆွတ်ပျံ့ဟာ ကိုယ့်ရဲ့ နှလုံးသားကို နားလည်ဖို့ ကြိုးစားကြည့်တဲ့အခါ
သူဆိုတဲ့အရိပ်လေးက ဖျက်ခွာမရတော့လောက်အောင် တွယ်ကပ်လို့နေပါပြီ။ သူ့ကို စူးနစ်စွာ
ချစ်နေပြီဆိုတာ ဆွတ်ပျံ့သိလို့နေပါပြီ။
ဒီနေ့တော့ အပြာနုရောင် ရှပ်အင်္ကျီလေးကို
အပြာရင့်ရောင်ပုဆိုးလေးနဲ့ သူက တွဲဖက် ဝတ်ဆင်ထားပါတယ်။ သူ့ပုံစံလေးက ဒီနေ့ပိုပြီး
ရှင်းသန့်နေသလိုပဲ။ ထူးခြားတာက မျက်မှန်အကြည်လေး တစ်လက်ကို သူ တပ်ဆင်ထားတယ်။
'ဒီနေ့တော့ ညီမလေးကို
စကားတွေပြောရလိမ့်မယ်။ နားထောင်ပေးနော်၊ ညီမလေး'
ဆွတ်ပျံ့အလိုလို
ခေါင်းညိတ်လိုက်မိတယ်။ သူ့ရဲ့ နှုတ်ခမ်းထူထူတစ်စုံဆီက စကားတွေကို ဆွတ်ပျံ့
နားထောင်ချင်နေပါတယ်။
'ကိုယ် စင်ကာပူကို
သွားတော့မယ်။ ကွန်ပျူတာ ကုမ္ပဏီတစ်ခုမှာ Appointment ရပြီ။
ကိုယ် မသွားခင် ညီမလေးဆီက အဖြေကြား ချင်မိတယ်၊ ဖြေပါဦး ညီမလေး'
ဆွတ်ပျံ့ သူ့ကို ချစ်နေမိပေမယ့်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို ဘယ်လိုမှ အဖြေပေးလို့ မရအောင် ဆွတ်ပျံ့ရဲ့ရင်ထဲမှာ
အမျိုးအမည်မသိတဲ့ အရာတွေ ပြွတ်သိပ်စွာ ရောက်နေသလို မွန်းကျပ်နေတယ်။
'ညီမလေးက စဉ်းစားလို့
မပြီးသေးဘူးထင်တယ်။ ညီမလေး ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်တဲ့ အချိန်မှဖြေပါ။ ကိုယ်
ဆက်ပြီးစောင့်ပါ့မယ်။ ကိုယ် ညီမလေးဆီ email ပို့ချင်သလို
ဖုန်းလည်း ဆက်ချင်ပေမယ့် ညီမလေးက ကြောက်တတ်တော့ လူကြီးတွေ သိသွားရင်
ဖြေရှင်းတတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ရန်ကုန်ကို ပြန်လာချိန်မှာပဲ ကိုယ် ညီမလေး
အဖြေကို ထပ်တောင်းမယ်နော်'
ဆွတ်ပျံ့ သူ့ကို
ကြေကွဲရောင်စဉ်တစ်မျိုး ဖြာနေတဲ့ အကြည့်နဲ့ ကြည့်လိုက်မိတယ်။ ပြီးတော့ 'နေခဲ့တော့'
လို့ ဆွတ်ပျံ့နှုတ်က အလိုလို လွတ်ထွက်လာတဲ့ စကားတစ်ခွန်းကိုပဲ
ပြောမိတယ်။ ဆွတ်ပျံ့ရဲ့ ခြေလှမ်းတွေက ဖက်ဖူးရောင် ဆွတ်ပျံ့ရဲ့အိပ်ခန်းဆီကို
သုတ်သုတ်သွားမိတယ်။ ဆွတ်ပျံ့ရင်တစ်ခုလုံး မွန်းကျပ်ဆို့နင့်နေတယ်။ ဆွတ်ပျံ့ရဲ့မျက်ဝန်းတွေမှာ
မျက်ရည်တွေ ဝေ့ဝါးနေ တယ်။ ဆွတ်ပျံ့စိတ်လွတ် ကိုယ်လွတ် အားရပါးရ ငိုချလိုက်မိတယ်။
□
၅။
'ညနေတိုင်း သမီးနောက်ကို
လိုက်လိုက်နေတဲ့ ကောင်လေးက သမီးကို propose လုပ်ထားသေး လား'
ဆွတ်ပျံ့ မျှော်လင့်မထားတဲ့
မေးခွန်းတစ်ခုကို မေမေ့ဆီက ကြားလိုက်ရတော့ ဆွတ်ပျံ့တုန်လှုပ်သွားတယ်။ ခြေမကိုင်မိ၊
လက်မကိုင်မိ အခြေအနေမှာ ဆွတ်ပျံ့ရောက်ရှိနေလို့ မေမေ့ အမေးကို မဖြေမိဘူး။
'သမီး သူ့ကို အဖြေ
မပေးရသေးဘူးမဟုတ်လား။ သူ စင်ကာပူမသွားခင် သမီးကို မနှောင့်ယှက်နိုင်အောင်
မေမေတို့ဘက်က တစ်ခုခု လုပ်ရလိမ့်မယ်။ လမ်းပေါ်မှာ တွေ့တဲ့ လူတစ်ယောက်ကို သမီး
စဉ်းစားစရာမလိုဘူး။ သူ မသွားခင် အခွေဆိုင်နဲ့ စာအုပ်ဆိုင်ကို မေမေနဲ့ပဲ အရင်လို
သွားမယ်။ တစ်ယောက်တည်း ဘယ်မှမသွားနဲ့တော့'
မျက်ဝန်းအစုံမှာ ဝဲနေတဲ့ မျက်ရည်တွေ
မထိန်းနိုင်တော့ဘူး။ မေမေ့ရင်ခွင်ထဲကို ဆွတ်ပျံ့ တိုးဝင်ငိုလိုက်မိတယ်။
'သမီးရယ်၊ သမီး ဝေဒနာတွေကို
အချိန်က ကုစားပေးပါလိမ့်မယ်။ အားရအောင်သာ ငိုလိုက် သမီး'
ဆွတ်ပျံ့ကို ထားရစ်ခဲ့တဲ့သူဟာ
ပြောသွားတဲ့အတိုင်း လုံးဝကို အဆက်အသွယ် မလုပ်တော့ပါဘူး။ ဆွတ်ပျံ့မှာသာ သူ့ကို
ပေးချင်တဲ့ ချစ်ခြင်းတစ်ပွေ့တစ်ပိုက်နဲ့ ကျန်နေရစ်ခဲ့တယ်။ ဆွတ်ပျံ့ရင်ထဲက ဝေဒနာတွေ
လျော့ပါးပျောက်ဆုံးသွားချင်ပါတယ်။ ဆွတ်ပျံ့ ရင်နဲ့မဆံ့အောင် ခံစားနေရလို့ပါ။
ဆွတ်ပျံ့ကိုယ် ဆွတ်ပျံ့မုန်းမိတယ်။ ဆွတ်ပျံ့ဟာ သိပ်ပျော့ညံ့ပြီး သတ္တိမရှိလို့လေ။
ဆွတ်ပျံ့ရင်ထဲမှာ လာဖြစ်တည်တဲ့ နှလုံးသားကိုလည်း ဆွတ်ပျံ့သနားတယ်။ နှလုံးသားလေးဟာ
ချစ်ခြင်းကို ပွင့်လင်းစွာ ခံစားခွင့်မှမရှိဘဲ။ ဘယ်လောက်ကြေကွဲဖို့ ကောင်းလဲ။
လွမ်းဆွတ်ခြင်းရဲ့ ခါးသီးမှုဒဏ်ကို သူရော ဆွတ်ပျံ့လို ခံစားနေရပါ့မလား။
ဆွတ်ပျံ့ကတော့ သူနဲ့ တွေ့ခဲ့ရဖူးတဲ့ ဆည်းဆာ နေညိုချိန်ရောက်မှာ သိပ်ကြောက်တယ်။
နေညိုချိန်တိုင်း ဆွတ်ပျံ့ရင်မှာ အလွမ်းမုန်တိုင်း တိုက်ခတ်တတ် လွန်းလို့ပါ။
အချိန်တွေတိုင်းမှာ ဆွတ်ပျံ့ကတော့
အလွမ်းတွေနဲ့ လွင့်မျောခဲ့ရတယ်။ ချစ်မြတ်နိုးမှု၊ လွမ်းဆွတ်မှု၊ တသမှုအားလုံးဟာ
ဆွတ်ပျံ့အတွက်တော့ အသစ်အသစ်သော ခံစားမှုတွေသာ ဖြစ်ခဲ့ရပြီး ပျောက်ပျက်မသွားဘူး။
နဂိုကတည်းက နှလုံးရောဂါကြောင့် ကျန်းမာရေးအခံ မကောင်းတဲ့ ဆွတ်ပျံ့ဟာ
နှလုံးရောဂါသည်တစ်ယောက် အပီအပြင် ဖြစ်လာခဲ့ရတယ်။ မိဘတွေက အတတ်နိုင်ဆုံးတော့
ဆွတ်ပျံ့ရဲ့စိတ်ချမ်းသာမှုကို ရှာဖွေပေးကြပါတယ်။ ဆွတ်ပျံ့လည်း တစ်ခါတစ်ခါတော့
ပျော်ချင်တယ်။ ဒါပေမယ့် ပျော်လို့မရဘူးဖြစ်နေတယ်။ ဆွတ်ပျံ့ဆီမှာ အရင်တုန်းကလို
သွက်လက်ဖျတ်လက်မှုတွေ ရှိမနေတော့ဘဲ သိပ်ကို အေးစက်တည်ငြိမ်သွားတယ်။
ဆွတ်ပျံ့စကားလည်း များများမပြောတော့ဘူး။ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်လေးနေတော့တယ်။
စာကြည့်ခြင်း၊ စာဖတ်ခြင်းတွေပဲ ဇောက်ချလုပ်နေတယ်။ ဒီလိုနဲ့ပဲ ဆွတ်ပျံ့ Qualify ဖြစ်ခဲ့တယ်။ ဆွတ်ပျံ့က ခပ်ညံ့ညံ့မို့ အားလုံးက အံ့သြကြတယ်။ မေမေတို့ကတော့
အဆိုးထဲက အကောင်းတဲ့လေ။ ဒါပေမယ့် ဆွတ်ပျံ့ ကျောင်းဆက်တက်ခွင့် မရလိုက်ပါဘူး။
ကျန်းမာရေး အခြေအနေကြောင့်ပဲ ပြောပါတော့။ ဆွတ်ပျံ့ဘဝမှာ နှလုံးသားရဲ့ဆန္ဒကို
ဆုံးရှုံးပြီးတဲ့နောက်ပိုင်း ကျန်တဲ့အရာတွေအပေါ်မှာ သိပ်တပ်မက်မှု မဖြစ်တော့လို့
ဆုံးရှုံးရတိုင်း မခံစားရတော့ပါဘူး။ ဆွတ်ပျံ့ဝမ်းနည်းမိတာက လောကကြီးအတွက်
ဆွတ်ပျံ့ဟာ လူပိုတစ်ယောက် ဖြစ်နေလို့ပဲ။ အမောမခံနိုင်လို့
ဆွတ်ပျံ့အလုပ်မလုပ်နိုင်ဘူး။ ဆွတ်ပျံ့အတွက် ငွေကြေးဟာလည်း ပူပင်စရာဖြစ်မနေဘူး။
ဆွတ်ပျံ့ရဲ့အဖော်ဟာ စာအုပ်တွေသာ ဖြစ်လို့ပေါ့။ ဆွတ်ပျံ့ဟာ ဘယ်လောက်ထိ လျှို့ဝှက်တိတ်ဆိတ်ခဲ့လဲဆိုရင်
ဆွတ်ပျံ့ရင်ထဲက ခံစားမှုကို ဆွတ်ပျံ့ရဲ့အချစ်ဆုံး သူငယ်ချင်းတွေကိုတောင်
အသိမပေးခဲ့ပါဘူး။ သူတို့အတွက်ကတော့ ဆွတ်ပျံ့ဟာ ပဟေဠိ တစ်ပုဒ်ပါပဲ။
□
၆။
အိမ်နဲ့ မလှမ်းမကမ်းက
အပြင်အဆင်ကောင်းကောင်းနဲ့ သန့်ရှင်းသပ်ရပ်တဲ့ snack ဆိုင်လေးက ချော့ကလက်
မစ်ခ်ရှိတ်ခ်ကို သိပ်ကြိုက်လို့ ညနေတိုင်းလိုလို မေမေနဲ့ ဆွတ်ပျံ့သွားသောက်လေ့
ရှိပါတယ်။ ဒီနေ့ကျတော့ မေမေ မအားတာနဲ့ ဆွတ်ပျံ့တစ်ယောက်တည်း ထွက်ခဲ့လိုက်တယ်။
'ညီမလေး'
ဆွတ်ပျံ့ရင်တစ်ခုလုံး အထိတ်တလန့်
ဖြစ်သွားမိတယ်။ ဆွတ်ပျံ့မော့ကြည့်လိုက်တော့ သူက ဆွတ်ပျံ့ကို အုပ်မိုးကြည့်နေတယ်။
ဆွတ်ပျံ့ရဲ့ သွေးတွေထဲမှာ အံ့သြခြင်းတွေက ရောယှက်လို့။ မဆုံနိုင်တော့ဘူး
ထင်ထားတဲ့သူကို မြင်လိုက်ရတာ ဆွတ်ပျံ့အတွက် အိပ်မက်တစ်ခုလိုပါပဲ။
'ညီမလေး နေရောကောင်းရဲ့လား။
သိပ်ပိန်သွားတယ်နော်'
နှလုံးရောဂါသည် တစ်ယောက်မို့
ပါးလှပ်ဖြူဖျော့တဲ့ ခန္ဓာကိုယ်လေးနဲ့ အသက်ရှင်နေရတဲ့ ဆွတ်ပျံ့ရဲ့အခြေအနေကို သူ
ရိပ်စားမိပုံပါပဲ။
'ညီမလေးရဲ့ အမျိုးသားရော
မပါဘူးလား'
ဆွတ်ပျံ့နားထဲကို ဝင်လာတဲ့စကားက
ခါးသက်မှုတွေ ပြည့်နှက်နေတယ်။ သူ့ စကားက ဆွတ်ပျံ့ကို အံ့သြစေသလို
တုန်လှုပ်ချောက်ချားစေတယ်။
'ဆွတ်ပျံ့ ဘယ်တုန်းကမှ
လက်မထပ်ခဲ့ပါဘူး။ ဘယ်တော့မှ ဆွတ်ပျံ့လက်ထပ်ဖို့ အစီအစဉ်မရှိ ဘူး'
ဆွတ်ပျံ့ရဲ့ အသံဟာ ဒေါသသံတွေ စွက်ပြီး
တုန်ယင်နေတယ်။ သူ့မျက်နှာမှာ ဆွတ်ပျံ့လိုပဲ အံ့သြမှုတွေ ပြည့်နှက်နေတာကို ဆွတ်ပျံ့
အကဲခတ်လိုက်မိတယ်။
'ကိုယ် တောင်းပန်ပါတယ်။
ကိုယ့်ကို ထိုင်ခွင့်ပြုပါ။ ကိုယ် ညီမလေးကို စကားတွေပြောချင်လို့'
အလိုလို ညိတ်ပြီးသား ဖြစ်သွားတဲ့
ဆွတ်ပျံ့ရဲ့ခေါင်းကို ဆွတ်ပျံ့မတားဆီးလိုက်နိုင်ဘူး။ အချိန်တွေ ဘယ်လိုပဲ
ကြာခဲ့ပေမယ့်လို့ သူနဲ့ ပတ်သက်လာရင် ဆွတ်ပျံ့ရဲ့ နှလုံးသားလေးဟာ နုနယ်
တုန်းကလိုပါပဲလား။
'ကိုယ် စင်ကာပူမသွား
ခင်တစ်ရက်က ကိုယ့်အိမ်ကို ညီမလေးမေမေနဲ့ ကိုမျိုးတို့ ရောက်လာတယ်။ ညီမလေးမှာ
စေ့စပ်ပြီးတဲ့သူနဲ့ မကြာခင် လက်ထပ်တော့မှာမို့ နောက်ဆုတ်ပေးဖို့ လာပြောတယ်။
ညီမလေးမေမေကို ကိုယ်နောက်ဆုတ်ပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ ကိုယ်နားလည်ပါတယ်။
ကိုယ့်ဘဝနဲ့ ညီမလေးဘဝက အရမ်းကွာလွန်းတယ်။ ကိုယ် ညီမလေးကို ချစ်တာဟာ
ညီမလေးရဲ့ပိုင်ဆိုင်မှုတွေကို မက်မောလို့တောင် ထင်ကြတယ်။ ကိုယ့်အချစ်ကိုတော့
အထင်သေးမခံနိုင်ဘူး။ မိဘတွေရဲ့သဘာဝအရ ညီမလေးနဲ့ ကိုယ့်ကို မကြည်ဖြူကြတာကိုလည်း
ကိုယ်နားလည် ခွင့်လွှတ်တယ်။ ညီမလေးလည်း မိဘတွေကို နားလည်လိုက်ပါ။
ကိုယ့်ရဲ့အချစ်တွေဟာ ရိုးသားကြောင်း သက်သေပြဖို့ တစ်ခုတည်းသော နည်းလမ်းက ညီမလေးကို
စွန့်လွှတ်ဖို့ပဲ။ အချစ်ဆိုတာကို စွန့်လွှတ်ခြင်းလို့ ကိုယ်ဇွတ်မှိတ်လက်ခံခဲ့ရတယ်'
သူ့စကားတွေ ဆုံးသွားတော့ အဖြစ်မှန်ကို
ဆွတ်ပျံ့ ခံစားနားလည်လိုက်တယ်။ မျက်ရည်လွယ်သူပီပီ ဆွတ်ပျံ့ရဲ့မျက်လုံးထဲက
မျက်ရည်တွေ စီးကျလာတယ်။ ဆွတ်ပျံ့ရဲ့ မျက်ရည်တွေကို သူ တယုတယသုတ်ပေးတော့ ဆွတ်ပျံ့
မငြင်းဆန်ရက်တော့ဘူး။ ဆွတ်ပျံ့ ဘာစကားမှလည်း မဆိုနိုင်ပါဘူး။
'ညီမလေးရယ်၊ ကိုယ်
သိပ်မှားသွားတယ်။ ကိုယ့် စကားတွေကြောင့် ညီမလေး စိတ်အနှောင့်အယှက် ဖြစ်နေရပြီ။
ကိုယ့်ကို ခွင့်လွှတ်နော်'
သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေ
တွဲခိုလာတာကို ဆွတ်ပျံ့ သတိထားလိုက်မိတယ်။ သူ စကားတွေ ဆက်မဆိုနိုင်လောက်အောင်
ကြေကွဲနေတာမို့ ဆွတ်ပျံ့ သူ့ကို ဖြေသိမ့်ဖို့ ကြိုးစားမိတယ်။ ဒါပေမယ့် သူ့ကို
ဖြေသိမ့်မှု မပေးနိုင်ဘဲဆွတ်ပျံ့ ကျောက်ရုပ်တစ်ရုပ်လို မတုန်မလှုပ် ဖြစ်နေမိတယ်။
ဘုရားသခင်က ဆွတ်ပျံ့တို့ကို
ဆုံစည်းခွင့် မပြုလို့ ဒီဘဝမှာ ဝေးခဲ့ကြပေမယ့်လို့ နောင်ဘဝရှိခဲ့မယ်ဆိုရင်
ဆွတ်ပျံ့ သူနဲ့ဆုံစည်း ချင်ပါတယ်။
'ဆွတ်ပျံ့ သွားတော့မယ်နော်'
ရင်ထဲက မွန်းကျပ်နေမှုတွေကို
ဖွင့်ဟလို့မရတော့လို့ ဆွတ်ပျံ့ထိုင်ရာက သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။
'ညီမလေး'
ကားရှိရာကို တစ်လှမ်းချင်း
လှမ်းလာခဲ့တဲ့ နောက်နားဆီက သူ့ရဲ့ဆိုနင့်ကြေကွဲသံက ကပ်ငြိပါလာတယ်။ ဆွတ်ပျံ့
လှည့်မကြည့်တော့ဘဲ ဆွတ်ပျံ့ကို နားလည်စွာနဲ့ သူ လိုက်မလာတာကို ဆွတ်ပျံ့
ကျေးဇူးတင်နေမိတယ်။ ဆွတ်ပျံ့ရင်တစ်ခုလုံး အရမ်းကို မောဟိုက်နေတာကို ဒရိုင်ဘာက
သိတော့ ကားကို ညင်သာစွာ မောင်းထွက်လိုက်တယ်။
ချစ်တဲ့သူကို နောက်ဆုံးအနေနဲ့
ချစ်တယ်လို့ ဆွတ်ပျံ့ ပြောချင်ပေမယ့်လို့ ဆွတ်ပျံ့ ရင်ထဲက အရာကို ကြွေးကြော်ဖို့
ဘုရားသခင်က သတ္တိထည့်မပေးလိုက်တော့ လည်ချောင်းဝမှာပဲ တစ်ဆို့ ကွယ်ပျောက်ခဲ့ရတယ်။
ဆွတ်ပျံ့ကို သူက စွဲစွဲမြဲမြဲ ချစ်နေဆဲဆိုတာ သိခွင့်ရရုံနဲ့ ဆွတ်ပျံ့
ကျေနပ်နေပါပြီ။ ဆွတ်ပျံ့ရဲ့ ချစ်ခြင်းတွေကို သူသိအောင် ချပြခွင့်ရှိပေမယ့်လို့
ချမပြနိုင်ခဲ့တာကိုလည်း သူ နားလည်နေမယ်ဆိုတာ ဆွတ်ပျံ့ အသေအချာသိနေတယ်။
ဆွတ်ပျံ့ဘဝဟာ ဝဲပျံ လိုပေမယ့်လို့ အတောင်ပံတွေ ကျွတ်နေလို့ ဝဲပျံခွင့်မရတဲ့
လိပ်ပြာတစ်ကောင်ရဲ့အဖြစ် နဲ့ ထပ်တူပဲလေ။
▀
ကေကလေး
(အမှတ် ၁၉၂၊
နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်