ရွှေသုတ‌

လျှပ်တစ်ပြက် ‘လီဒို’ လမ်း (သို့) ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း (၅)

စိန်မျိုးမြင့်

01 August 2025
လျှပ်တစ်ပြက် ‘လီဒို’ လမ်း (သို့) ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း (၅)
Share to

            ညစာအတွက် မြို့အဝင်ဆိုင်တန်းမှ တရုတ်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့ကြသည်။ ရွှေမှော်၏ အရိပ်က ထိုဈေးတန်းသို့လည်း ထိုးနေသည်။ ဆိုင်တိုင်းတွင် ဗီဒီယိုပြနေ ကြ၏။ ကာရာအိုကေကလည်း အသံအကျယ်ဆုံး မြှင့်တင်ထားသည်။ ထိုနေ့က ညစာကား ဆူညံသံများကြားမှ ဘယ်လို စားဖြစ်သွားသည်ပင် မသိပေ။ ကျွန်တော်တို့ စားသောဆိုင်ရှေ့တည့်တည့်မှ ဆိုင်တွင် နိုင်ငံခြား ဗီဒီယိုဇာတ်လမ်းတစ်ပုဒ်ကို အသံအကျယ်ဆုံး ဖွင့်ထားရာပြနေသော ဇာတ်ကားကလည်း 'အက်ရှင်' ကားဖြစ်ရာ သေနတ်သံ၊ ဖိုက်တင်သံများ ညံနေတော့သည်။

            ရှင်ဘွေယန်၊ နန်းယွန်း၊ ပန်ဆောင်သို့ဟူ၍ ကျွန်တော်တို့ ခရီးသွားကြရန် ကြံစည် ကြစဉ်က သည်လိုနေ့ရက်မျိုးကို မျှော်ကိုးချက်တစ်မျိုးဖြင့်လည်း ကြိုတင်မှန်းဆ တွက်ချက်ခဲ့ဖူးသည်။ ထိုမှန်းဆချက်ကား ယခုဒေသသည် နာဂဒေသဟု သိထားခဲ့သည်ဖြစ်ရာ နှစ်ကူးပွဲတော် မျှော်လင့်ချက်ဖြစ်၏။

            ၂ဝဝ၁ ခုနှစ်မှစတင်၍ အခုလို ရက်တိုင်းတွင် ကျွန်တော်သည် နာဂတောင်တန်းများပေါ်သို့ ရောက်နေခဲ့၏။ ခရီးဖော်များသာ ပြောင်းသွားသည်။ ကျွန်တော်က မပြောင်းမလဲ နှစ်စဉ်သွားခဲ့၏။ ၂ဝဝ၁ ခုနှစ်တွင် ကျွန်တော်သည် ဓာတ်ပုံ မိုးမင်း၊ မိုးကုတ်ဖိုးဌေးတို့နှင့်အတူ လေရှီးသို့ ရောက်ခဲ့သည်။ လေရှီးတွင် အစ်ကိုအောင်လွင် (ရုပ်ရှင်)၊ ကိုမြင့်စိုး (ဝ/သ)၊ ကိုဆန်နီညိမ်း (Swiftwinds) တို့နှင့် ဆုံခဲ့သည်။ နှစ်ကူးပွဲ တစ်ဝကြီး ဖွဲ့ခဲ့သည်။ မီးပုံပွဲ၌ ခေါင်ရည် တစ်စိမ့်စိမ့်ဖြင့် ညလယ်ကျော်အောင် ဒေသခံများနှင့် ကခဲ့သည်။

            ၂ဝဝ၂ ခုတွင် ကိုမင်းဝေအောင်နှင့်အတူ လဟယ်သို့ သွားခဲ့ပြီး နိုင်ငံတကာမှ တီဗီနှင့် ဓာတ်ပုံသမားပေါင်းများစွာနှင့် ဆုံကာ နာဂနှစ်ကူးပွဲ နွှဲခဲ့ ဖြစ်ပြန်သည်။

            ၂ဝဝ၃ ခုတွင်လည်း ပုဂံမောင်မောင်နှင့် လဟယ်သို့ သွားဖြစ်ကာ နာဂနှစ်သစ်ကူးပွဲ တစ်ကျော့ပြန်နွှဲဖြစ် ပြန်သည်။

            ၂ဝဝ၄ ခုနှစ်တွင် နာဂနှစ်သစ်ကူးပွဲမှာ လေရှီးတွင် ကျင်းပခဲ့ရာ ကိုမင်းဝေအောင်နှင့် သွားဖြစ်ခဲ့ကြပြီး ဓာတ်ပုံနှင့် ပန်းချီ မဥမ္မာနှင့်ဆုံကာ ဓာတ်ပုံ ရိုက်ဖြစ်ကြပြန်သည်။

            ယခုနှစ်တွင် ရှင်ဘွေယန်၊ နန်းယွန်းသည် နာဂတို့ နယ်မြေဟု သိထားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် နာဂနှစ် သစ်ကူး မတိုင်မီ တစ်ရက်အလိုတွင် ရှင်ဘွေယန်သို့ ရောက်နေခဲ့သည်။ အများက နာဂမြေဟု သိထားသည့် ရှင်ဘွေယန် နှစ်ကူးအကြိုကား ဘာမျှ ထူးထူးခြားခြား မတွေ့ရ၊ ကာရာအိုကေ၊ ဗွီဒီယို ဇာတ်လမ်း သံတို့ဖြင့် ဆူညံနေသော ရှင်ဘွေယန်ဈေးတန်းတွင် အချိန်ကုန်ခဲ့ပါသည်။ ထမင်းဆိုင်မှ အပြန် ရှင်ဘွေယန်ညကား တိတ်ဆိတ်နေပြီး အမှောင်တို့က လွှမ်းမိုးနေသည်။ အိမ်အချို့မှ ထွက်လာသော အလင်းရောင် မလုံမလောက်က လီဒိုလမ်းကို အလင်းရောင် မဖြန့်ကြက်နိုင်ခဲ့ပေ။ ပါလာသော လက်နှိပ်ဓာတ်မီးအလင်းရောင်ဖြင့် ဘုန်းကြီးကျောင်းကုန်းပေါ်သို့ စမ်းတဝါးဝါး တက်ခဲ့ကြရသည်။ ဘုန်းကြီးကျောင်းကုန်းပေါ်မှ လှမ်း၍ကြည့်လျှင် မြင်ရသော နာဂရိုးရာကွင်းကား မည်းမှောင်၍ ရိုးရာမင်္ဂလာတိုင်ကို ရေးရေးပင် မမြင်ရတော့ပေ။

            နာဂနယ်မြေ ရှင်ဘွေယန် ပါတကားဟု စဉ်းစားတွေးတောမိတော့သည်။

            ရန်ကုန်မှ ရှင်ဘွေယန်ခရီးကို ပြန်လည်တွေးတောနေရင်းမှ အတွေးသိမ်းကာ နာရီကြည့်မိသည်။ ဆယ့်တစ်နာရီခွဲပေပြီ။ တပ်ရင်းမှူး၏ ရုံးခန်းသို့ နောက်တစ်ခေါက် ပြန်သွားစုံစမ်းရန် အချိန်တန်ပြီဖြစ်ရာ ဘုန်းတော်ကြီးကျောင်းကုန်းပေါ်မှ ဆင်းလာခဲ့မိသည်။ ကျောင်းကုန်းမှ ဆင်းပြီး ကလေး ဘောလုံးကွင်းကို ဖြတ်၍ တပ်ရင်းရုံးဘက် ကူးလာခဲ့သည်။ တပ်တွင် တပ်ရင်းမှူးကြီး မရှိ။ သို့သော် တာဝန်ကျ ဆရာကြီးတစ်ဦးက ကျွန်တော့်ကို မျက်မှန်းတန်းနေပြီ ဖြစ်ရာ 'ဆရာတို့ ခရီးဆက်လိုက ဆက်နိုင်ပြီဖြစ်ကြောင်း၊ ကားမထွက်မီ တပ်ရင်းရုံး၌ သတင်းဝင်ပို့ သွားကြရန် တပ်ရင်းမှူးက မှာသွားခဲ့ကြောင်း' ပြောခဲ့သည်။ ကျွန်တော်လည်း ဝမ်းသာအားရ ဘုန်းတော်ကြီး ကျောင်းသို့ ပြန်လာခဲ့သည်။

            ရွှေမှော်တောနှင့် ဗန်းမော်ဈေးတန်းဘက်သို့ သွားနေကြသော ကိုမောင်မောင်လှမြင့်၊ ကိုမင်းဝေအောင်နှင့် ကိုဇော်မင်းတို့ကို လိုက်ခေါ်ရန်အတွက် ကျောင်း၌ ကျန်ရစ်ခဲ့သော ကိုကျော်ရှိန်ကို လွှတ်လိုက်ရသည်။ ကားဆရာ ကိုပေါက်တို့ ဆရာ တပည့်ကိုလည်း တစ်ခါတည်း ဝင်ပြောကာ ကားပါ မောင်းလာခဲ့ဖို့ မှာရသည်။ ကားက မြို့ထိပ်ဈေးတန်းတွင် ရပ်ထားသည် ဖြစ်၏။ ကားခေါ်ရသည်။ လူပြန်စုရသည်။ ပစ္စည်းများ ပြန်တင်ရသည်။ တကယ်တမ်း ကားထွက်ရန် အဆင်သင့် ဖြစ်ချိန်မှာ သုံးနာရီထိုးပေပြီ။ ခရီးဆက်မည်ဖြစ်၍ ကျောင်းထိုင်ဆရာတော်ကို ကန်တော့ရန် ကျောင်းမကြီးပေါ် တက်ကြသည်။ ကျောင်းထိုင်ဆရာတော် မရှိ၊ တိုက်အုပ်သာ ရှိသည်။ အကျိုးအကြောင်း လျှောက်ထားကန်တော့ နှုတ်ဆက်ကြပြီး ဆောက်လက်စ ဆွမ်းစားကျောင်းအတွက် တတ်အားသမျှ အလှူဝတ္ထု ကပ်လှူခဲ့ကြသေးသည်။

            အဆင်သင့်ဖြစ်၍ ကားထွက်သောအခါ တပ်ရင်းမှူး၏ ယာယီရုံးသို့ ဝင်ရောက် သတင်းပို့ကြသည်။ တာဝန်ကျဆရာကြီးကိုသာ တွေ့ရပြီး ဆရာကြီးက ကားဆရာကို တွေ့ဆုံ၍ လမ်းအခြေအနေနှင့် သတိထား မောင်းနှင်ရမည့်နေရာများ (လမ်းချော်သည့်အတွက်)အကြောင်း မှာကြားသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော့်အား အလင်းရောင်ပျောက်လျှင် ရောက်သည့် စခန်းတွင်အိပ်ရန်၊ လမ်း၌ တပ်မှ စခန်းများ ရှိကြောင်း၊ အနီးဆုံးစခန်းမှာ ၇ မိုင်စခန်းဖြစ်ကြောင်း၊ ထိုစခန်း၌ ဗိုလ်ကြီးအောင်ကျော်ဦး စခန်းထိုင်ကြောင်း၊ ထိုစခန်း၌ အိပ်နိုင်ကြောင်း၊ စက်ဖြင့် လှမ်း၍ အကြောင်းကြားထားပြီးဖြစ်ကြောင်း မှာကြားပါသည်။

            အလင်းရောင်ရှိသလောက် မောင်းသွားရန် စိတ်ကူးထားသော ကျွန်တော်တို့ အဖွဲ့သည် တပ်ရင်းရုံးမှ တာဝန်ကျများကို နှုတ်ဆက်ပြီး ချက်ချင်းထွက်ခဲ့ကြသည်။

            ကားထွက်သောအခါ ညနေ ၃ နာရီမိနစ် ၂ဝ ရှိပေပြီ။

            မသိသောလမ်းကို မရောက်ဖူးသူတစ်စု ခရီးဆက်ကြပြန်ပြီဖြစ်၏။

ရှင်ဘွေယန်မှ ထွက်သည်ဆိုလျှင်ပင် လီဒိုလမ်း၏ အခြေအနေက တစ်မျိုး ပြောင်းသွားခဲ့သည်။ ကံလှမှ တနိုင်း၊ တနိုင်းမှ ရှင်ဘွေယန် လာခဲ့သော လီဒိုလမ်းနှင့် ယခုလီဒိုလမ်းကား အခြားကြီး ခြားနားသည်ကို တွေ့ရ၏။

            လမ်းအခြေအနေမှာ ဂရုတစိုက် ရှောင်ပါမှ မျက်နှာချင်းဆိုင် ကားနှစ်စင်း ရှောင်သာရုံသာ ရှိသည်။ အချို့နေရာများ၌ ကားတစ်စီး သွားသာရုံသာ ရှိသည်။ မော်တော်ဆိုင်ကယ်များသာ အသွားများသဖြင့် လမ်းမှာ လူသွားလမ်းသာသာမျှသာ မြက်ပြောင်နေသည်။ လမ်းပေါ်တွင် အပင်ငယ်များ ဖုံးသည့်နေရာက ဖုံးနေ၏။ မူလလီဒို လမ်းအနေအထားကို ရေးရေးသာ တွေ့နိုင်သည်။ ကံလှ၊ တနိုင်း၊ ရှင်ဘွေယန်လမ်းကဲ့သို့ ကျယ်ပြောသည့်အသွင်ကို မမြင်ရတော့ပေ။ ရှင်ဘွေယန်မှ ထွက်ပြီး မကြာမီမှာပင် အတက်အဆင်းကလည်း များလာခဲ့၏။

            လမ်းဘေးဝဲယာမှ သစ်ကြီးဝါးကြီးများ ထူထပ်စွာ ပေါက်နေပေသည်။ ကားလမ်းက နိမ့်လိုက်မြင့်လိုက် တည်ရှိနေရာ အနိမ့်ပိုင်းရောက်လျှင် နေပြောက်မထိုးသော သစ်တောရိပ်အောက် ရောက်သွားတတ်သလို အမြင့်ပိုင်းရောက်၍ ပတ်ဝန်းကျင် အတော်ဝေးဝေးသို့ မြင်ရချိန်များ၌ တောင်အထပ်ထပ်ကို မြင်တွေ့ကြရသည်။ အချို့တောင်များတွင် သစ်ဝါးများ ရှင်းထားသော တောင်ယာနေရာများကို အဝေးမှ လှမ်းတွေ့နေရပေရာ ထိုနေရာများ၌ နွားငယ်လေးများ ရှိမည်ဟု ခန့်မှန်းကြရပေသည်။

            လမ်းဘေးဝဲယာတွင်မူ လူနေရွာ ငယ်တစ်ခုတလေမျှ မမြင်တွေ့ကြရတော့ပေ။ အတက်အဆင်း လမ်းများကို ကျော်ဖြတ်ရင်းမှ ကုန်းမော့မော့ကို တက်လာသော ကျွန်တော်တို့ ကားသည် ကုန်းထိပ်တစ်ခုကို အားယူ၍ တက်အပြီး၌ စခန်းတစ်ခုကို တောအုပ်အလယ်၌ တွေ့လိုက်ကြရ၏။ ကုန်းထိပ်၏ ယာဘက်တွင် ခေတ္တနားနေနိုင်သော ခိုင်ခိုင်မာမာ တဲလေးတစ်ခု ရှိနေသည်။ တဲကိုလွန်သော် ယာဘက်၌ တော်တော်မြင့်သော ကုန်းစောင်းမှ လူသွားလမ်းလေး ရှိသည်။ ထိုလူသွား လမ်းအတိုင်း တက်သွားပါက တဲငါးလုံးခန့် တစ်စုတည်းရှိသော စခန်းကုန်းတစ်ခု ရှိသည်။ ဝါးချွန်များဖြင့် စည်းရိုးကာထားသော တပ်မတော်မှ စခန်းလေးတစ်ခု ဖြစ်ပေသည်။ ရှေ့ ဆက်သွားမည်ဆိုပါက လျှိုတစ်ခုကို ဆင်းရမည်။ ကြည်လင်သော ရေများ အားကောင်းကောင်းဖြင့် စီးဆင်းနေသော ချောင်းတစ်ခု ဖြစ်ပေသည်။ ချောင်းထိပ် ယာဘက်ခြမ်းတွင် တောင်ကျရေကို ဝါးဖြင့် သွယ်တန်းကာ ရေပေါက်တစ်ခု ပြုလုပ်ထားသည်။ ရေပေါက်မှ သွယ်ထားသော ဝါးရေတံလျှောက်မှ အေးမြသောရေက အားကောင်းကောင်းဖြင့် ထွက်ကျနေသည်။ သဘာဝစမ်းပေါက်ကို သွယ်တန်းယူထားသော ရေသွယ်ပေါက် ဖြစ်ပေသည်။

            'ကားများရေဖြည့်ပါ' ဟူသည့် စာတန်းတစ်ခု ချိတ်ဆွဲထားသည့် '' မိုင်စခန်း ဖြစ်ပေသည်။ ချောင်းကို ဖြတ်၍ တည်ဆောက်ထားသော တံတားက စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ဝါးများ၊ ကြိမ်များဖြင့် အခိုင်အခံ့ တည်ဆောက်ထားပြီး ကားများ စိတ်ချလက်ချ ကူးဖြတ်နိုင်သော ခံနိုင်ဝန်အားရှိသည့် တံတားတစ်ခုဖြစ်သည်။ တံတားတစ်ဖက်၌ ဘယ်ဘက်သို့ ပြေပြေကွေ့ တက်သွားသည့် ကားလမ်းက ဖြူးနေသည်။ မြေလမ်းတွင် ကျောက်များ ခင်းထားခြင်း ဖြစ်သည်။

            နားနေတဲရှေ့၌ ကားကို ရပ်လိုက်ပြီး ကားဆရာတို့ ကားရေဖြည့်နေကြသည်။ ယာဘက်အထက်စခန်းပေါ်မှ တစ်ယောက်ဆင်းလာသည်။ ခါးတွင် သေနတ်ချိတ်ထားပြီး ပခုံးတွင်လည်း ပြောင်းရှည်သေနတ် လွယ်ထားသည်။ ယူနီဖောင်း ဘောင်းဘီ ဆွယ်တာစိမ်းနှင့် ဦးထုပ်ပျော့ ဆောင်းထားသူက 'ဒီမှာ အိပ်ကြမှာလား' ဟုမေးရင်း ကျွန်တော်တို့ထံ ရောက်လာသည်။

            ရှင်ဘွေယန်တပ်မတော် စခန်းမှ ပြောပြလိုက်သော ဗိုလ်ကြီး အောင်ကျော်ဦးမှန်း ခန့်မှန်းသိလိုက်သည်။ ကျွန်တော်က ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကျွန်တော်တို့အဖွဲ့သားများနှင့်လည်း တစ်ဦးချင်း မိတ်ဆက်ပေးလိုက်သည်။

            'တပ်ရင်းမှူးရုံးက စက်နဲ့လှမ်း ပြောထားတယ်။ '' မိုင်မှာ အိပ်မလားလို့ နေရာလည်း လုပ်ထားတယ်။ ရဲဘော်တွေ ပစ်ထားတဲ့ တောဝက်သားလည်း ရှိတယ်' ဟု ရင်းရင်းနှီးနှီး ဧည့်ဝတ်ပြုလာပါသည်။

            အချိန်အားဖြင့် တော်တော်စောသေး၍ အလင်းရောင်လည်း အားကောင်းဆဲဖြစ်ရာ ကျွန်တော်က ဆက်သွားလျှင် ကောင်းမည်ထင်ကြောင်း၊ ဆွေးနွေးမိရာ သူကလည်း သွားမည်ဆိုလျှင် သွား၍ရကြောင်း၊ ရှေ့တွင် '၁၈' မိုင်၌ စခန်းရှိကြောင်း၊ '၂၁' မိုင် စခန်းသို့ သွားရန်ရှိရာ သူလည်း လိုက်ခဲ့မည် ဖြစ်ကြောင်း ဆိုပါသည်။

            ကျွန်တော်တို့ အချိန်မဆိုင်းကြပါ။ ဗိုလ်ကြီးအောင်ကျော်ဦးအား တင်ခေါ်၍ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။ ကျွန်တော်တို့အဖွဲ့နှင့် ဗိုလ်ကြီးတို့ ကားပေါ်တွင် စကားချင်း ရင်းနှီးသွားကြပါသည်။ '' မိုင်စခန်းလောက်မှ တံတားမှာ အတော်ပင် သစ်လွင်နေရာ မေးမြန်းကြည့်ရာ ပွင့်လင်းရာသီအစတွင် ဒေသခံ နာဂရွာသူ ရွာသားများ ငါးဆယ်ခန့် တစ်လကြာ တည်ဆောက်သွားခဲ့သော တံတားဟု သိကြရပါသည်။ ဒေသထွက်ဝါးနှင့် ကြိမ်များကိုသာ အသုံးပြီး တံတားတစ်စင်း ဆောက်သွားကြခြင်း ဖြစ်ကြောင်း သိကြရသည်။

            ကျွန်တော်တို့ကား ထိုတံတားပေါ်မှ တည်ငြိမ်စွာ ဖြတ်ကျော်လာခဲ့ကြသည်။ တံတားကား လှုပ်ပင်မလှုပ်ပေ။

            'ဒီလမ်းတစ်ကြောကတော့ ကျွန်တော်တို့ တပ်က ရဲဘော်တွေနဲ့ အမြဲပြုပြင်နေတာပါ။ ဒီဘက်မှာက တစ်ခါတလေ ရာသီမဟုတ်ဘဲ မိုးရွာတတ်ပြီး လမ်းက ပျက်တတ်တော့ အမြဲပြင်နေရတာပါပဲ' ဟု ဗိုလ်ကြီးအောင်ကျော်ဦးက ပြောပြပါသည်။ တကယ်တော့ လက်နက်ကိုင်သောင်းကျန်းသူများ မရှိ၊ ငြိမ်းချမ်းသော ဒေသဖြစ်သော်လည်း တပ်မတော်သားများအနေဖြင့် လမ်းပြုပြင်ထိန်းသိမ်းရေးကို သဘာဝနှင့် မိုးလေဝသအား အံတု၍ တိုက်ပွဲဝင်နေကြရသည်သာ ဖြစ်သည်။

            တံတားကျော်၍ အနည်းငယ်မျှ သွားမိတွင်၌ ပလိုင်းကိုယ်စီ ကျောပိုး၍ သွားနေကြသော မိန်းကလေးသုံးဦးကို တွေ့ကြရသည်။ ကားကိုရှောင်၍ လမ်းဘေးကပ်ရပ်နေသော ထိုမိန်းကလေး သုံးဦးအား ဘယ်သွားမှာလဲဟု မေးရာ နန်းယွန်း၊ ပန်ဆောင်ဟု ဖြေကြပါသည်။ အသံကဝဲ၍ တိုင်းရင်းသူလေးများ ဖြစ်ပါသည်။ ကျွန်တော်တို့ အဖွဲ့က တို့နဲ့ လိုက်ခဲ့မလားဟု မေးသောအခါ သုံးဦးသား တစ်ယောက်တစ်ယောက် မျက်ရိပ်မျက်ခြည် ကြည့်နေကြကြောင်း၊ သဘောပေါက်မိသော ကျွန်တော်တို့က 'လိုက်ခဲ့ပါ တို့ကို ကားခမပေးရပါဘူး'ဟု ဆိုသောအခါ ဝမ်းသာအားရ ကားနားကပ် လာကြပါသည်။ သူတို့ နဖူးပိုင်းက လွယ်ထားသော ပလိုင်ကြီးများကို ကားပေါ်ဆွဲတင်သောအခါ အတော်ပင် လေးလှကြောင်း တွေ့ရသည်။

            'ပလိုင်းထဲက ဘာတွေလဲ' ဟု ဝိုင်းစပ်စုကြသောအခါ ဈေးရောင်းဖို့ အထည်နဲ့ အလှကုန်တွေဟု သိရပါသည်။ လမ်းတွင် ချက်စားစရာ ဆန်နှင့် ရိက္ခာပါ ပါရှိရာ အတော်ပင်လေး လှ၏။ လေးလံလှသော ခြင်းတောင်းကိုယ်စီ နဖူး၌သိုင်းကာ ကျောပိုးပြီး လမ်းလျှောက်ကြသည့် နယ်ခံကလေးမများဖြစ်သည်။ လမ်းတွင် ညအိပ်ရပ်နား၍ သွားကြရမည်ဖြစ်၏။

            ထိုကလေးမသုံးဦးကို တင်လာပြီးနောက် မကြာမီ နောက်တစ်နေရာ၌ ပလိုင်းတစ်လုံး ကျောပိုးကာ လျှောက်သွားနေသော နာဂအမျိုးသားကြီးတစ်ဦးအား တွေ့ပြန်ရာ လိုက်မလားမေးပြီး ခေါ်တင်ခဲ့ပြန်ပါသည်။ ကားပေါ်တွင် အဖော်များ အတော်ပါလာရာ စကားပြောဖော် သိလိုသည်များ မေးမြန်းရန် ကျွန်တော်တို့အတွက် အလွန်အဆင်ပြေသွားခဲ့သည်။

            ဗိုလ်ကြီးအောင်ကျော်ဦး ရှင်းပြချက်အရ ၇ မိုင်၊ ၁၈ မိုင်၊ ၂၁ မိုင်၊ ၂၅ မိုင် စခန်းများမှာ အရပ်သားမရှိသောနေရာ ဖြစ်၏။ စလရ (၅၇) မှ ရဲဘော်များသာ လမ်းပြုပြင် ထိန်းသိမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စခန်းချနေကြသည့် နေရာများဖြစ်သည်။ ၁၈ မိုင်စခန်း၌ တပ်ခွဲမှူးတစ်ဦး စခန်းထိုင်ကြောင်း သိရသည်။

            ရှင်ဘွေယန်နှင့် နန်းယွန်းကြားမှာ တောတောင်ပိုမို ထူထပ်၍ ရွာဆက်လည်း ဝေးသည့်နေရာဖြစ်ရာ လီဒိုကား လမ်းဘေး၌ တဲငယ်များဖြင့် စခန်းချသော တပ်မှစခန်းများနှင့် ခရီးသွားဖို့ ညအိပ်ခိုနားနိုင်သည့် ဖြစ်သလို ဆောက်ထားသော အမိုးအကာဖြင့် တဲလေးများသာ ရှိကြသည်။ ကျွန်တော်တို့ သွားနေသည့် လီဒိုလမ်း၏ ဘေးတစ်လျှောက်တွင် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ သွယ်တန်းခဲ့သည့် ပိုက်လိုင်းသုံးလိုင်းရှိရာ အချို့မှာ ယခုတိုင် ကျန်ရှိသေးသည်။ အများစုမှာမူ ဒေသခံတို့က ဖြုတ်ယူကာ လမ်းများ၊ တံတားများ ခင်းရာ၌ ယူသုံးခဲ့ကြသည်။ တချို့အိမ်များ၌ တိုင်အဖြစ်ပင် သုံးကြသည် ဆိုသည်။

            ထိုပိုက်လိုင်းများမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေပိုက်လိုင်းများအဖြစ် သုံးခဲ့ကြကြောင်းနှင့် ထိုပိုက်လိုင်းများအတွက် တွန်းပို့ရန် ဖိအားပေးတွန်းစက်များလည်း နေရာအတော်များများ၌ ရှိကြောင်း သိရသည်။

            သားရဲတိရစ္ဆာန်၊ ကျေးငှက်၊ သစ်၊ ဝါး၊ ကြိမ်ပေါလှသော နေရာဖြစ်ပြီး ဆန်၊ ဆီ၊ ဆား နှစ်ပတ်လည် သုံးနိုင်ရန် ကြိုးစားစုဆောင်းရသည်ဟု ဆိုကြပေသည်။ မိုးတွင်းကာလ လမ်းပန်းခက်ခဲချိန်၌ ရိက္ခာလုံလောက်ရန်အတွက် ဆန်၊ ဆီ၊ ဆားကို ပွင့်လင်းရာသီ၌ သယ်ဆောင်သိုမှီးကြရသည် ဖြစ်၏။ လမ်းဘေးတစ်လျှောက်တွင် ခုတ်ပြီး ကြိမ်များ ပုံထားကြသည်များလည်း တွေ့ရသည်။

            ထိုနေရာ တစ်ကြော၌ လမ်းအခြေအနေမှာ မူလလီဒိုလမ်း၏ အမာခံ အခြေအနေ ပျောက်နေသော နေရာက များသည်။ အခါခါ တောင်ပြိုထားသော အနေအထားများကို တွေ့ရပြီး အချို့မှာ မြေပျော့များ ဖြစ်နေသည်။ တောင်စောင်းနေရာ အချို့ကို ကျော်ဖြတ်ရသည်ဖြစ်ရာ ထပ်မံမြေမပြိုရန်အတွက် ရှိရာသစ်ဝါးဖြင့် လမ်းကို တမံတုပ်ပြီး ပြင်ဆင်ထားရသည်။ တပ်မတော်မှ ရဲဘော်များ၏ လုပ်အားဖြင့် ပြင်ဆင်ထားခြင်းဖြစ်၏။ ချောင်းကူးနေရာ အတော်များများမှာ ဒေသခံတို့အခေါ် နာဂတံတားလေးများ ရှိကြသည်။ အချို့ချောင်းများမှာမူ ရေခပ်တိမ်တိမ်သာရှိသော ရာသီဖြစ်ရာ ရေထဲမှ ဖြတ်ကူးကြရသည်။

            ညနေ လေးနာရီခွဲ ငါးနာရီခန့်တွင် အလင်းရောင် နည်းလာသည်။ တောရိပ် တောင်ရိပ်ကလည်း ထူထပ်ကြီးမားရာ မှောင်ရီသန်းလာသည်။ မြူကလည်း ဆိုင်းလာပေသေးသည်။ မကြာမီ လမ်း အနည်းငယ် ကျယ်ကျယ် နေရာတစ်ခုသို့ ရောက်ရှိလာကြပြီး လက်ယာဘက်၌ လျှိုက နိမ့်ဆင်းသွားသည်။ လျှိုကို ကျော်ကြည့်ပါက တစ်ဖက်၌ တောင် မြင့်မြင့်တစ်ခုက ထီးထီးမားမား ရှိနေ သည်။ ဝဲဘက်တစ်လျှောက်လုံးမှာ တောင်ကုန်းမြင့်မြင့် ရှိနေသည်။

            လက်ယာဘက်၌ ခိုင်ခိုင်ခန့်ခန့် ဝါးတဲတစ်လုံးကို တွေ့လိုက်ရပြီး လမ်းကိုဖြတ်ကာထားသော စည်းရိုးအား တွေ့လိုက်ရ၏။ ထိုတဲကား ရှားရှားပါးပါး ဈေးဆိုင်လေးတည်ကာ မိသားစုတစ်စု နေထိုင်နေသည်။ စည်းရိုးထိပ်တွင် ၁၈ မိုင် စခန်း ဟူသည့် စာတန်းကို တွေ့လိုက်ရသည်။ စည်းရိုးမှာ လမ်းကို ဖြတ်၍ ကာထားခြင်းဖြစ်ပြီး လမ်းမှာ စည်းရိုးပေါက်အဖြစ် ထားရှိထားသည်။ ဝဲဘက်တောင်ကုန်း ထိပ်တွင် တပ်မှ ရဲဘော်များ၏ စခန်းတဲ ငါးလုံးခန့်ကို လှမ်းမြင်ရသည်။ လမ်းဘေးစခန်းကုန်းအောက် ကုန်းအခြေတွင် တဲငါးလုံးက တန်းစီနေသည်။ တဲတန်း၏ မြောက်ဘက်အစွန်မှ တဲက တော်တော် သပ်သပ်ရပ်ရပ် ရှိ၍ ရှေ့ မျက်နှာဖွင့်တွင် အကာမရှိဘဲ စားပွဲ ကုလားထိုင် ခပ်ကြမ်းကြမ်းများ ခင်းထားကာ အလုပ်စားပွဲမျိုး တည်ထားသည်။ အတွင်းဘက်၌ မြေစိုက်စခန်း နှစ်ခန်းရှိ၏။ ထိုတဲလွန်သောအခါ ဘေလီတံတားဟောင်းတစ်ခု ရှိသည်။ မွမ်းမံထားဟန်တူပြီး တောင့်တင်းခိုင်မာသော တံတားဖြစ်သည်။ တံတားအောက်မှ တောင်ကျချောင်းမှာ ကြည်လင် စိမ်းလန်းစွာ စီးဆင်းနေသည်။ ကျောက်တုံးများကို တိုက်ဖြတ်စီးဆင်းနေသော ရေသံက ဂီတသံသဖွယ် ဖြစ်၏။            

ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ သစ်ပင်၊ ဝါးပင်ကြီးများ တောင်ကုန်းများအဖြစ် အုံ့ဆိုင်းနေပြီး ရာသီဥတုက အေးမြလှသည်။ စောစောက စားပွဲ ကုလားထိုင်ဖြင့် တဲမှာ ထိုစားပွဲလာ ထိုင်နေရသည့် ဗိုလ်မှူးကျော်ထွန်း၏ တဲမှန်း နောက်မှသိရသည်။ ၇ မိုင်စခန်းမှ တက်လိုက်လာသည့် ဗိုလ်ကြီး အောင်ကျော်ဦးသည် ၂၁ မိုင်စခန်းသို့ သွားရမည်ဖြစ်ရာ ကမန်းကတန်းပင် ကျွန်တော်တို့အား နှုတ်ဆက်ရင်း ဗိုလ်မှူးကျော်ထွန်းနှင့် ကျွန်တော်တို့ အဖွဲ့အား မိတ်ဆက်ပေးသည်။ ပြီးတော့ ဆက်လက်ထွက်ခွာသွားသည်။

            ကျွန်တော်တို့ ၁၈ မိုင်စခန်းတွင် ညအိပ်ကြရပေမည်။

            စခန်း၌ တာဝန်ယူထားသော ဗိုလ်မှူးဘကျာ်ထွန်းက တဲငါးလုံးတန်း၏ အလယ်မှ တဲကို ကျွန်တော်တို့အဖွဲ့ စခန်းချကြရန် စီစဉ်ပေးသည်။ ထိုတဲ၌ ရဲဘော်နှစ်ဦးရှိရာ အပေါ်စခန်းကို တစ်ညတက်အိပ်ပြီး ကျွန်တော်တို့အား နေရာပေး သည်။ ထိုတဲမှ အမိုးအကာ တော်တော်လေးလုံပြီး မီးဖိုလည်း အဆင်သင့်ရှိသည်။

            မကြာမီ မှောင်ရီပျိုးလာခဲ့ပေပြီ။

            ကျွန်တော်တို့ အဖွဲ့ယူလာသော မီးစက်ဖြင့် စခန်းကို လင်းနေအောင် မီးထွန်းကာ အိပ်စရာနေရာအတွက် တဲပေါ်တွင် ပါလာသော မိုးကာစ၊ အိပ်ရာလိပ်၊ စွပ်အိပ်အိပ်ရာ (Sleeping Bag) များ ခင်းကြသည်။ ယာယီ မီးသွယ်သူက သွယ်ကြသည်။ ညစာအတွက် ကျွန်တော် ချက်ပြုတ်ရန် ပြင်ဆင်သည်။ ငါးသေတ္တာ၊ ပဲဟင်းအရည်သောက်တစ်ခွက်၊ ခရမ်းချဉ်သီး ငါးပိချက်တို့ ချက်ရန် ပြင်ဆင်နေချိန်မှာပင် ရဲဘော်နှစ်ဦးရောက်လာသည်။ သူတို့လက်တွင် အသားတွဲတစ်တွဲ ပါလာခဲ့၏။

            'ဗိုလ်မှူးက ဆရာတို့စားဖို့ မျောက်သား ပို့ပေးလိုက်တာပါ' ဟု ဆိုကာ ပေးလာပါသည်။ ကျွန်တော် မျောက်သား မချက်ဖူးဘူးချေ။ 'ရဲဘော်တို့ ပေးတာတော့ ဟုတ်ပါရဲ့၊ ကျွန်တော် မကိုင်တတ်၊ မချက်တတ်ဘူးဗျ'ဟု ဆိုသောအခါ ထိုရဲဘော်က 'မပူနဲ့ဆရာ၊ ကျွန်တော် ချက်ပေးမယ်' ဟုဆိုကာ သူကိုယ်တိုင် ဝင်လုပ်ပါသည်။ လိုအပ်သည့် ချင်း၊ ကြက်သွန်ဖြူ စသည်တို့ကို ထုတ်ပေးပြီး တစ်ဖက်မှ ကျွန်တော်တို့ဟင်းများ ချက်ချင်း သူလုပ်ပေးကိုင် ပေးသည်အား ကြည့်နေမိသည်။ ခဏကြာသော် မျောက်သားဟင်းနံ့က မွှေးပျံ့လာသည်။

            ရဲဘော်များပြော၍ စခန်းထိပ်တဲတွင် ကချင်အရက် ကောင်းကောင်းရသည်ဟု ဆို၍ နှစ်လုံးသွားဝယ်ခိုင်းလိုက်ပြီး ရဲဘော်နှစ်ဦးနှင့် ကျွန်တော့်ကားအဖွဲ့အား ဧည့်ခံလိုက်သည်။

            ကျွန်တော်တို့ကားနှင့် ခရီးကြုံတင်ခေါ်လာသော နာဂမိန်းကလေး သုံးယောက်နှင့် အမျိုးသားကြီးတစ်ဦးမှာလည်း ကျွန်တော်တို့တဲ၏ တစ်ဖက်မှတဲတွင် မီးဖိုကာ ချက်ပြုတ်နေကြပြီး တစ်ညတာ အိပ်ရန်အတွက် ပြင်ဆင်နေကြသည်။ ရာသီဥတုက အေးသည်ထက် အေးလာသည်။ မီးဖိုဘေးတွင် ဝိုင်းဖွဲ့ကြရင် ညစာစားကြသည်။ ရဲဘော်များကိုပါ ဝင်စားခိုင်းသည်။ ထိုနေ့ညစာကား ထမင်းမြိန်သော စားဝိုင်းဖြစ်သည်။ မျောက်သားမစားဖူးသော ကိုမင်းဝေအောင်နှင့် ကိုမောင်မောင်လှမြင့်တို့ ခံတွင်းတွေ့ကြသည်။ ကိုဇော်မင်းကတော့ မစားပေ။ ကျွန်တော်က ဇာတ်တူသားဖြစ်၍ မစားတာလားဟု ကျီစယ်မိသေးသည်။

            ညနက်လာ၍ ကျွန်တော်တို့ မီးစက်ကို ပိတ်ကာ အိပ်ရာဝင်ကြသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်၍ နေသည်။ တစ်ခါတစ်ရံ ညငှက်သံ၊ ခပ်ဝေးဝေးမှ အော်သံပေးသော မျောက်အူသံနှင့် ပုရစ်အော်သံတို့လောက်သာ ကြားရသည်။ မီးဖိုကို မငြိမ်းအောင် ဖိုထားသဖြင့် တဲအသီးသီးမှ မီးရောင်ပျပျကိုသာ တွေ့ရသည်။ မြူများနှင်းများဖြင့် ချမ်းအေးသော ညတစ်ညကို ၁၈ မိုင်စခန်း၌ ကုန်လွန်ခဲ့ကြသည်။

တစ်ချက်တစ်ချက် ပေါ်ထွက်လာသော တောကြက်တွန်သံ၊ စခန်းကုန်းမှ အိမ်ကြက် တွန်သံနှင့် ခပ်လှမ်းလှမ်းမှ မျောက်အူသံတို့ဖြင့် ၁၈ မိုင်စခန်း၏ နံနက်သည် နိုးထလာလေသည်။ ခပ်လှမ်းလှမ်းအထိ သဲသဲကွဲကွဲမမြင်ရအောင် မြူနှင်းတို့ကပိတ်ဖုံးနေသည်။

            ကျွန်တော်တို့အဖွဲ့ ညက ပိုချက်ထားသော ထမင်းကို ကြော်ကာ ကော်ဖီဖျော်ပြီး နံနက်စာ စားလိုက်ကြသည်။ ဗိုလ်မှူးကျော်ထွန်း ရောက်လာပြီး ညက အဆင်ပြေကြရဲ့လားဟု နှုတ်ဆက်စကားဆိုသည်။ ကျွန်တော်တို့အဖွဲ့မှာ ခရီးသွားရင်း ယခုလို နေရသည်ကို ပျော်နေကြသူများဖြစ်ရာ ရွှင်ရွှင်လန်းလန်းပင် အဆင်ပြေကြောင်း ပြောခဲ့ကြသည်။ ညက အိပ်ခဲ့သော တဲမှာ ဝါးကြမ်းခင်း မညီမညာဖြစ်ရာ နည်းနည်းတော့ ကိုယ်လက်နာခဲ့ကြသည် ဖြစ်သည်။                 စခန်းပတ်ဝန်းကျင်၌ ကျွန်တော်တို့ ဓာတ်ပုံလျှောက်ရိုက်ကြသည်။ မနက် ၈ နာရီ ကျော်ကျော်တွင် ပစ္စည်းများ ထုပ်ပိုးပြီး ကားပေါ်ပြန်တင်ပြီးကြပြီ။ လမ်းတစ်လျှောက် ဟိုရပ်သည်ရပ်ဖြင့် ဓာတ်ပုံရိုက်ကြ ဗီဒီယိုရိုက်ကြဦးမည်ဖြစ်ရာ ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ဗိုလ်မှူးကျော်ထွန်းအားလည်း ကျေးဇူးတင်ကြောင်း အပြန်ဝင်လာပါဦး မည်ဖြစ်ကြောင်း နှုတ်ဆက်ကာ ခရီးဆက်ကြသည်။ လမ်းကြုံခေါ်တင်လာသည့် ခရီးသွားများအပြင် ၂၁ မိုင်နှင့် ၂၅ မိုင်စခန်းသို့သွားမည့် ရဲဘော် နှစ်ဦး၊ သုံးဦးအားလည်း ထပ်မံခေါ်တင်ခဲ့ရာ လူအင်အား အတော်တောင့်တင်းသွားသည်။ ကျွန်တော်တို့ ငါးယောက် ကားဆရာနှစ်ယောက်နှင့် တဝုန်းဝုန်း ခုန်နေသော ကားမှာလည်း အတော်ငြိမ်သွားသည်။

            ယနေ့ကား ၂ဝဝ၅ ခု ဇန်နဝါရီလ ၁၅ ရက်ဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

စိန်မျိုးမြင့်

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။