မြင့်သန်း
ပန်းအရောင်းဆိုင် တစ်ခုတွင် ရေးသားထားသော Green Fuse ဟူသော စာလုံးကလေးများကို တွေ့လိုက်မိရာမှ ဒလင်တောမာ့(စ) Dylan (Marlais) Thomas (၁၉၁၄-၅၃)၏ ကဗျာ တစ်ပုဒ်ကို သတိရလိုက်မိပါသည်။ သတိရလိုက်မိသည်မှာ ကဗျာရေးသားပုံအကြောင်း လေ့လာစဉ် ဆရာသမားက ရှင်းပြသဖြင့် ကဗျာပါ စာလုံးတို့၏ လားရာကို တွေ့ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ကဗျာအတော်များများ (မည်သည့် ဘာသာစကားကို အခြေခံသည် ဖြစ်စေ) အနက်လွှဲများ၊ ထွေပြားသော စာလုံး/ စကားလုံးများဖြင့် ရေးဖွဲ့တတ် ကြသည်ဖြစ်ရာ ရံဖန်ရံခါ ကန့်သတ်ထားသော ဘာသာစကား၏ ဘောင်အတွင်းမှ ပုံသေစံကိုက် အနက်ဖော်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘာသာစကား တစ်ခုမှ တစ်ခုသို့ ပြောင်းလဲလိုက်သောအခါ မူရင်းဘာသာစကားမှ ဆိုလိုရင်းအတိုင်း တစ်ထပ်တည်းကျသော အနက်ရရန် မလွယ်။ မလွယ်ရသည်မှာ ဖတ်သူ၏ အနေအထားတွင် တည်သောကြောင့် ဖြစ်သည်ဟု စလုတ်တိုက် ပြော၍ မဖြစ်နိုင်ပါ။ ဘာသာစကား၏ မတူညီသော အနေအထားများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုပါသည်။ 'အနက်ကို ဘာသာပြန်သည်' ဟု ထင်ရာ စိတ်ကူး အရူးအိပ်မက် သဘောမျိုး ပြော၍လည်း မဖြစ်နိုင်ပါ။ ကဗျာ ဖန်တီးသူ၏ ဘာသာစကားသည် အစဉ်အလာ အဘိဓာန်ထဲက အနက်တစ်ခုတည်းပေါ်တွင် အခြေခံကာ တည်ဆောက်ထားခြင်း မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဗရိုနောစကီး Bronowski (၁၉၈၁) က တင်ပြခဲ့ဖူးသည်။ ကဗျာ တစ်ပုဒ်တည်းကို လူတွေအများကြီးက ဖတ်ပြီး ကိုယ့်ကဗျာအဖြစ်ကိုယ်ဘာသာ ပြန်ပြီး ဖန်တီးယူကြတယ်။ ထိုအချက်မှာ ငြင်းပယ်ရန် ခက်လှသော အချက်ဖြစ်သည်။ သို့ရာတွင် ကိုယ့်ဘာသာ ပြန်ပြီး ဖန်တီးကြသည်ဟု ဆိုရာတွင် မြန်မာပညာရှိကြီးအချို့ ရေးလေ့ရှိသည် ကဲ့သို့ ဖတ်ချင်သလိုဖတ်၍ နားလည်ချင်သလို နားလည်ခွင့်ရှိသည် ဟူ၍ကား မဆို။ ဆိုလိုသည်မှာ ကဗျာ တည်ဆောက်ထားသော ဘာသာစကား၏ ဘောင်အတွင်းမှသာ ဖြစ်ပါသည်။
ဒလင်တောမာ့(စ)မှာ
ဂရိတ်ဗရစ်တိန်နိုင်ငံ (အင်္ဂလန်နိုင်ငံ မဟုတ်ပါ) မှ ဝေး(လ) ပြည်နယ် (ဝေလပြည်နယ်မဟုတ်ပါ)
သားဖြစ်ပြီး ၁၉၃ဝ ခုနှစ် ကာလနှောင်းပိုင်းတွင် အင်္ဂလန်သို့ ရောက်ရှိလာခဲ့သော
ဆာရီရယ်လစ်ဇင် Surrealism
အမြင် (အယူအဆ)၏ လွှမ်းမိုးမှု ခံယူခဲ့ရသော အနုပညာသည်
တစ်ဦးဖြစ်သည်။ ဆာရီရယ် အမြင်ရှိ သူတို့ လက်ခံသော ချစ်ခြင်းနှင့် သေခြင်းတရား
အမြင်မျိုးကို လက်ခံခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ကဗျာများတွင်
ချစ်ခြင်းနှင့် သေခြင်းတရားကို ယှဉ်တွဲဖော်ထုတ် ပြခဲ့သည်များကို
တွေ့ရတတ်လေသည်။ ထို့ပြင် တော့မာ(စ) မှာ 'ခေတ်သစ် ရှယ်လီ' သို့မဟုတ် 'နှစ်ဆယ်ရာစု
ရှယ်လီ' ဟု အခေါ်ခံခဲ့ရသူဖြစ်ပြီး ရိုမဲင်တစ် ဝါဒီသစ်
ဟူ၍လည်း တွင်သည်။ ထိုအခါက အောင်ဒဲင် W.H.Auden ၏ စေ့ဆော်မှုကြောင့် 'ကဗျာအရေးအသားမှာ တိကျရမယ်၊ ရင့်ကျက်ရမယ်' ဟူသော
အဆိုများအောက်မှ ကဗျာဆရာများ လွတ်မြောက်ရေး' မှာ
ပြန့်လွင့်လျက် ရှိသည်။ ရိုမဲင်တစ် ဝါဒီသစ်များမှာ အစဉ်အလာ ရိုမဲင်တစ်စစ်ဇင်ကို
လက်ဆင့်ကမ်း လက်ခံယူကာ လက်ခံသူများ မဟုတ်။ အတိုင်းအတာ တစ်ခုအထိသာ လက်ခံကြသူများ
ဖြစ်သည်။ ဥပမာ- ဘာသာစကား အပိုင်းတွင် စာလုံး၊ စကားလုံးကောင်းတို့ကို ပြန်လည် ဖော်ထုတ်ခြင်းများ၊
ဥပမာ၊ ဥပစာ ပြုခြင်းဖြင့် သစ်ဆန်းလာခြင်းကို လက်ခံကြသည်။ တောမာ့(စ)၏ ၁၉၃၃
ခုနှစ်တွင် ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပြီး ယနေ့ တိုင် ကမ္ဘာကျော်ဆဲ ရှိနေသေးသော And
Death Shall Have No Dominion
ကဗျာကို ပြန်လေ့လာလျှင် ကင်းဂျိမ်း (စ) King James ၏ ဘာသာရေး ကျမ်း တွင်
သုံးစွဲခဲ့သော စာလုံးများသာ ဖြစ် သည်။ (မူရင်းမှာ၊ ရောမ ၆း၉-၁၁ လာ death
hath no more dominion over him. For in that he died. he died unto sin once: ဖြစ်သည်)။
တောမာ့(စ) ကိုယ်တိုင်ကလည်း 'ကျုပ် ကဗျာအလုပ်
ဖြစ်ဖို့တော့ ကျုပ်က ဘာဖြစ်ဖြစ်နဲ့ ရှိရှိသမျှကို သုံးတာပဲ'ဟု
ဆိုဖို့သည်။ 'ဘာပဲဖြစ်ဖြစ်' နှင့် 'ရှိရှိသမျှ' ဆိုသည်မှာ ဘာသာစကား၏ ဘောင်အတွင်းရှိ
စာလုံး/ စကားလုံးများနှင့် အသုံးအနှုန်းမှန်သမျှ ဖြစ်သည်။ (သူ၏ မူရင်းစကားမှာ 'I
use everything and anything to make my poems work... puns, port manteau words,
paradox, allusion, paronomasia, paragram, catachresis, slang, assonantal rhymes,
vowel rhymes, sprung rhythm' ဖြစ်သည်)။ ထည့်သွင်း စဉ်းစားစရာ အခြေအနေ
နှစ်ရပ်ရှိပါသည်။ ပထမအချက်တစ်ခု မှာ ၁၉၃ဝပြည့် ကာလများတွင် စနစ်တကျ
ဖော်ဂရောင်းဒင်း ပြုခြင်း (ဖော်ဂရောင်းဒင်းနှင့် ပတ်သက်၍ အကြမ်းထည် သဘောပေါက်စေရန်
ရုပ်ရှင် သစ္စာအမှတ် ၁၇၅၊ ဇွန် ၂ဝဝ၅၊ စာမျက်နှာ ၁၁၆-၂၁ တွင် ကြည့်ပါ) သည်
ကဗျာဖြစ်ခြင်းအတွက် ပေါ်လွင်စေသော ဝိသေသ တစ်ရပ်ဟူ၍သာ လက်ခံကြတော့သည် မဟုတ်တော့။
ကဗျာဆိုသည်မှာ 'စာလုံး/စကား လုံးများမှ တည်ဆောက်ခြင်း
ဖြစ်သည်။ စိတ်ကူး စိတ်သန်း (အတွေးသက်သက်) ဖြင့်သာ တည်ဆောက်သည်မဟုတ်' ဟု လက်ခံလာကြသောအခါလည်း ဖြစ်သည်။ (အနောက်တိုင်း ကဗျာလောကတွင် တွေ့ခဲ့ရသော
သိမှတ်ခံစားနိုင်မှုကို လွန်မြောက်သော အရေးအသားတို့၏ အခြေခံတစ်ခုဟုလည်း ခေါ်ရမည်။
ဂယ်ထျူစတိုင်း၏ အရေးအသားမျိုး။ ဇဝမ်း(Zaumny-yazyk)ခေါ် ရုရှကဗျာ
အရေးအသားမျိုး။) တောမာ့(စ)၏ ကဗျာမှသည် ထိုကာလတွင် အားကောင်းနေသော အောင်ဒဲင်၏ ဟန်မှ
ခွဲထွက်လာသည်ဟု အက်ပဆန် William Epsom (၁၉၈၇) (အက်ပဆန်မှာ
နာမည်ကျော် Seven Types of Ambiguity ကို
ရေးသားခဲ့သူဖြစ်သည်) က ကောက်ချက်ချခဲ့ဖူးသည်။ တစ်နည်းဆိုရသော် တောမာ့(စ)၏
ရေးဟန်မှာ မော်ဒန်ကဗျာဟု ဆိုကြရသော ရေးဟန်ထဲတွင် ကျရောက်နေသည်ဟု ဆိုလိုခြင်း
ဖြစ်သည်။
အခြားအချက် တစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားရန် ရှိသည်မှာ ထိုကာလအတွင်း
လွှမ်းမိုးခဲ့သော Sigmund
Freud ၏ အတွေးအခေါ်များ
ဖြစ်သည်။ ဖရိုဒ်၏ လူ၏ သီးခြား ပုဂ္ဂိုလ်ဘဝ အခြေခံ လွတ်မြောက်မှု အပိုင်းမှာ
ကဗျာဆရာ တော်တော်များများအပေါ်တွင် လွှမ်းမိုးခဲ့သည်။ ဤအချက်မှာ ဘာသာစကား
အပိုင်းသို့ ပြန်လှည့်သွားပြီး၊ ဘာသာစကား အခြေခံ ဖော်ထုတ်မှုတွင် လွတ်လပ်မှုသည်
လိုအပ်မှုတစ်ရပ်အဖြစ် ပုံပေါ်လာခဲ့သည်။ ထိုဘာသာစကား လွတ်လပ်မှု အောက်- (သိုမဟုတ်၊
အတွင်း) မှ တောမာ့(စ)က လူ၏ အတွင်းပဋိပက္ခများကို ဖော်ထုတ်နိုင်ခဲ့သည်ဟု
ပညာရှင်များက ဆိုကြသည်။ ထောင်ထခြားနားလာသော တဏှာရာဂစိတ်နှင့် ထိန်းချုပ်ထားခြင်း
ခံနေရသော လူ၏အတ္တ အခြေခံ သိစိတ်ကြီးတို့၏ ပဋိပက္ခတို့ အကြောင်းကို တောမာ့(စ)၏
ကဗျာများတွင် တွေ့ရတတ်သည်။ တွေ့ရတတ်သည်ဟု ဆိုသော်လည်း ဘာသာစကား၏
အလှည့်အပြောင်းပေါင်းများစွာ အတွင်းမှသာ ဖြစ်သည်။ မည်သည့် ဘာသာစကားအတွင်း၌ ဖြစ်စေ၊
ကဗျာ၏ ဘာသာစကားမှာ သီးခြားသဘော ဆောင်နေတတ်သည်။ သို့အတွက်လည်း ပညာရှင်အချို့က ကဗျာ၏
ဘာသာစကားမှာ အဘိဓာန်တို့၏ အပြင်ဘက်၌ တည်သည်ဟူ၍ပင် ဆိုခဲ့သည်များကို
တွေ့ရခဲ့ဖူးသည်။ ပို၍ ဆိုးရွားသော အချက်တစ်ခုမှာ လူမျိုး (လူမျိုးနွယ်စု) တို့ကို
အခြေခံထားသော ဘာသာစကား မတူညီသည့်အခါမျိုး တွင် ကဗျာကို ဘာသာစကား တစ်ခုမှ
အခြားတစ်ခုဆီသို့ လက်ပြောင်း လက်လွှဲ လုပ်ယူရန် အလွန်ခက်လှပေသည်။ အနက်များ
ပျောက်ဆုံးနေတတ်သည်မှာ မထူးဆန်းလှသော်လည်း ဘာသာစကား အခြေခံသိမှု
မတူညီချင်းများအတွင်း ပုံ (ပြန်) ဖော်ရန် အလွန် ခက်လှသည်။ စာလုံးတစ်လုံးခြင်းကို
အဘိဓာန်လာ အနက်ဖြင့် ဘာသာပြန်၍ မဖြစ်နိုင်။ ရှေ့တွင် ဆိုခဲ့ပြီးဖြစ်သော Green
Fuse ဟူသော စာလုံးကိုပင်
ပြန်၍ ကြည့်စေချင်သည်။ Green အစိမ်းရောင်၊ Fuse စနက်တံ/ဒဏ်ခံပစ္စည်း (လျှပ်စစ်)ကို
ပေါင်းစပ်ကာ အစိမ်းရောင် စနက်တံဟု ဘာသာပြန်၍ မဖြစ်နိုင်။ အကြောင်းမှာ မြန်မာတို့၏
ဘာသာစကားဘောင်အတွင်း အစိမ်းရောင် စနက်တံသည် စိုးစဉ်မျှ အနက်မရှိ။ ပုံရုပ်မပေါ်။
သိမှတ်နားလည်ရန် အခြေခံ သိမှု တစ်ခုကို မတည်ဆောက်နိုင်။ စင်စစ် Green Fuse မှာ ရိုးတံသာ
ဖြစ်သည်။ တောမာ့(စ)က ရိုးတံကို Green Fuse ဟု သုံးစွဲထားခြင်း၏
ရည်ရွယ်ချက် တစ်ခုမှာ အင်္ဂလိပ်ဘာသာစကား၏ ဘောင်အတွင်း အနက်ကွဲများဖြင့်
ဆင့်ပွားအနက်ဖော်နိုင်ရန် ဖြစ်သည်။
မြန်မာတို့၏ ဘာသာစကားဘောင်ထဲတွင် ကဗျာမှ ပေါ်ထွက်စေချင်သော (ထို)
ဆင့်ပွားအနက်တို့ ပေါ်ပေါက်လာနိုင်သော အခြေအနေ တစ်ရပ်မျှမရှိ။
ထို-ဒလင်တောမာ့(စ)၏ ကဗျာတစ်ပုဒ်ကို
ဖော်ပြလိုပါသည်။ ထို-ကဗျာကို မြန်မာက ဘာသာသို့ ပြန်ဆိုကာ ဖော်ပြပါမည်။ ထိုကဗျာကို
ယခင်က မြန်မာဘာသာသို့ ပြန်ဆို ထားခဲ့ခြင်း ရှိ၊ မရှိ ကျွန်တော်မသိပါ။
ယခုဖော်ပြမည့် ဘာသာပြန်မှာမူ ကျွန်တော့်၏ မူသာ ဖြစ်ပါသည်။ ကောင်းလှပြီ၊ သြ ချကြရန်
မဟုတ်ပါ။ သဘောတူကြရန် မဟုတ်ပါ။ ကျွန်တော် သိမှတ် နားလည်နိုင်သည့် အတိုင်းအတာ
အတွင်းမှ ပြန်လည်ဖော်ထုတ် တင်ပြခြင်းသာ ဖြစ်သည်။ ကဗျာမှာ စာကြောင်း ၂၂
ကြောင်းဖြင့် ရေးဖွဲ့ ထားသော ကဗျာ ဖြစ်ပါသည်။ စာကြောင်းတစ်ကြောင်းစီကို အားထုတ်၍
ရှင်းပြပါမည်။ အဆုံးတွင် မူရင်းကို ဖော်ပြပါမည်။ ရှေးဦးစွာ ကဗျာဘာသာ ပြန်ကို
ဖတ်ကြည့်ကြစေချင်သည်။
ပန်းကို ရိုးတံက
တစ်ဆင့်
ပွင့်စေခဲ့တဲ့
စွမ်းအား
ရိုးတံကတစ်ဆင့်
ပန်းကိုပွင့်စေခဲ့တဲ့
စွမ်းအားက
ငါ့ကိုနုပျိုရာက
အိုမင်းစေခဲ့တယ်။
အပင်တွေကို
အမြစ်တွေက စဖြိုသလို
ငါ့ကို
ဖြိုဖျက်ခဲ့တာပဲ။
ယိုယွင်းနေတဲ့
နှင်းဆီပန်းကို
ငါဘာပြောရမယ်၊ မသိ
ငါ့ရဲ့
ပျိုမျစ်ခြင်းကိုက
ဆောင်းရဲ့
အပူဒဏ်ကြောင့် ညှိုးရပြီပဲ။
ကျောက်တုံးတွေအကြား
ရေကိုစီးစေခဲ့တဲ့
စွမ်းအားက
ငါ့ရဲ့ သွေးနီနီကို
တွန်းအားပေးခဲ့တယ်။
ချောင်းဝမှာတင်
ရေခန်းခဲ့ရသလို
ငါ့ကို
သက်မဲ့ဖယောင်းပုံ
ပြောင်းခဲ့တာပဲ။
ငါရဲ့
သွေးကြောတွေကို
ငါ့ပါးစပ်နဲ့ ဘာပြောရမယ်၊
မသိ
ငါ့ရဲ့ အလောင်းဟာ
လက်မရွံ့အတွက်
ဘယ်လိုထုံးကျောက်
ဖြစ်ခဲ့ရမှန်း
မသိသလိုဘဲ။
ကာလတရားရဲ့
နှုတ်ခမ်းက
ရေပန်းထိပ်မှာ
စုပ်တွယ်ထားတယ်။
ချစ်ခြင်းဟာ
ယိုစိမ့်ကျပြီး
စုစည်းနေတယ်၊
ဒါပေတဲ့
ကျဆုံးခဲ့ရတဲ့ သွေးတွေက သူမရဲ့ နာကြည်းမှုတွေကို
အနယ်ထိုင်လာစေခဲ့လိမ့်မယ်။
ရာသီကိုလိုက်
တိုက်တဲ့လေကို
ငါ ဘာပြောရမယ်၊ မသိ
ကြယ်ရံတဲ့
ကောင်းကင်ဘုံတစ်ခုကို
အချိန်က
တဖြည်းဖြည်းချင်း
ဘယ်လိုကန့်သတ်နေမှန်း
မသိသလိုဘဲ။
နောက်ဆုံးမှာတော့၊
ချစ်သူရဲ့ ဂူကိုလည်း
ဘာပြောရမယ်၊
မသိတော့
အဲဒီလိုမျိုး၊
ပိုးလောက်လန်းတွေ
ဘယ်လိုလုပ်
ငါ့ရုပ်အလောင်းမှာ
တွယ်နေမှန်း
မသိသလိုဘဲ။ ။
ဒလင် တောမာ့(စ)၏ ကဗျာများအနက်
ဘာသာစကား အခြေခံ ဖော်ထုတ်မှုတွင် လှပသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ တောမာ့(စ) သည်
အချို့သော ကဗျာများကို ဝေဒနာဖြင့် ရေးသားခဲ့ခြင်းများ ရှိသည်မှာ မှန်၏။
ဤကဗျာမျိုးမှာ သူ၏ ကဗျာအရာတွင် ကျွမ်းကျင်မှုနှင့် ဘာသာစကား အခြေခံ
ကျွမ်းကျင်မှုတွင် အခြေခံခဲ့ခြင်းဖြစ်သည်။ အထိုက်အလျောက် ရှင်းပြပါရစေ။
ကဗျာ၏ ခေါင်းစဉ်မှပင် စတင်ပါရစေ။
အင်္ဂလိပ်ဘာသာအားဖြင့်သော် 'The Force That Through the Green Fuse Drives the
Flower" ဖြစ်သည်။ Green
Fuse ဟူသော
အသုံးအနှုန်းကို ကြည့်နေချင်ပါသည်။ Fuse မှာ အဘိဓာန်လာ
အနက်ဖြင့် ခပ်လွယ်လွယ် အနက်ဖော်ရသော် လျှပ်စစ်ပစ္စည်းများတွင် သုံးသော (ဒဏ်ခံ)
ပစ္စည်းတစ်ခုဟု လူတိုင်း သိနေကြပါသည်။ ၎င်းပြင် ဖောက်ခွဲရေးလုပ်ငန်းများတွင်
သုံးသော ပစ္စည်းကလေး (ကြိုးစကလေး ကဲ့သို့သော အရာကလေး။ မြန်မာဘာသာ စကားတွင်
စနက်တံဟုလည်း ဆိုကြသည်)ကိုလည်း ဆိုနိုင်ပါသည်။ ထို့ ပြင် Fuse မှာ
ပေါင်းစည်းပေးခြင်းလည်း မည်၏။ (ဥပမာ၊ Fusion of Poem and prose ဟုသော
အသုံးအနှုန်းမျိုး)။ သို့ဖြစ်ရကား ဖောက်ခွဲခြင်းနှင့် စုစည်းခြင်း
အနက်နှစ်မျိုးစလုံးကို ဆောင်နိုင်သော စာလုံးဖြစ်သည်။ Green Fuse ဟု ဆိုသည်တွင်
ရိုးတံမှတစ်ဆင့် စုစည်း (အားထည့်) ပေးလိုက်ခြင်းကြောင့် ပန်းတစ်ပွင့်အဖြစ်
ပွင့်အန်ကန်ထွက်လာသည်ကို မြင်စေလိုသည်။ ဆိုလိုရင်းဖြစ်သော ပန်း၏ရိုးတံ Stem
ကို Green
Fuse ဟု
သုံးလိုက်ခြင်းဖြင့် ကဗျာ ဖန်တီးသူက ဘာသာစကား အခြေခံသိမှု တစ်ရပ်ကို
ပေးခဲ့ခြင်းဖြစ်သည်။ ရံဖန်ရံခါ ကဗျာဖန်တီးမှုများတွင် စာလုံး/ စကားလုံးများ
တွဲစပ်သုံးစွဲခြင်းဖြင့် ဆိုလိုသော ရုပ်ပုံ ပီပြင်လာစေသည်။ (အစဉ်အလာ မြန်မာအရေးအသားများတွင် ပေါရာဏ
တွဲစပ်သည်ကို ပြန်၍ ကြည့်စေချင်သည်။ ဥပမာ 'မှို' ဟု သော စာလုံး/စကားလုံး။ ရက်၊ လ၊ ... စသည်တို့နှင့် ယှဉ်တွဲသုံးကြသည်။
မှို ခုနစ်ရက် (သုဝဏ္ဏသျှံ)၊ မှိုဝါမ ပြောင်း (ဗြသိန် ဘုရားတိုင်)။ သို့ရာတွင်
ဘာသာစကား မတူညီမှုကို အခြေခံ၍ အရသာတူ မရနိုင်။ တောမာ့(စ) အနေဖြင့် အင်္ဂလိပ်
ဘာသာအရ ရေးသားထားသော 'အရသာ' တစ်ခုကို
(ဤနေရာတွင်) မြန်မာဘာသာအရ အရသာ ဖော်နိုင်မည် မဟုတ်။ ဆိုခဲ့ပြီးသည့်အတိုင်း Fuse
ကို စနက်တံ
အနက်ထွေပြားမှု အခြေခံဖြင့် လက်ခံမှတ်ယူသော် အရသာ မပေါ်နိုင်သည် သာမက ဆိုလိုသော
အနက်မှ သွေဖည်သွားပေမည်။ အကယ်၍ 'ချစ်ရက်ရှည်ရှည် အင်းလျားမြေ'
ကို 'Love Day Long Long Inya Ground' ဟု
ဘာသာပြန်ပုံမျိုးကို အခြေခံသော်၊ တောမာ့(စ) ၏ ကဗျာခေါင်းစဉ်ကို 'အစိမ်းရောင် စနက်တံကို ဖြတ်၍လာသော အင်အားက ပန်းကို မောင်းသည်' ဟူ၍သာ ပြန်ဆိုရဖွယ် ရှိတော့သည်။ ဆိုလိုရင်းကား ထိုသို့မဟုတ်။ သဘာဝတရားအတွင်းမှ
ဖန်တီးမှု စွမ်းအားအကြောင်းသာ ဖြစ်သည်။ (ကာရန်ယူထားပုံမှာ ပထမပိုင်း၌ အင်္ဂလိပ်
ကဗျာကာရန်ယူပုံအရ ababa သာဖြစ်ပြီး အစဉ်အလာ Heroic
couplets တွင် ကာရန်ယူသော abbcc အရလည်းကောင်း၊ Limerick တွင် ကာရန်ယူသော aabba အရလည်းကောင်း၊
မဟုတ်သည့်ပြင် Rhyme Royal တွင် ကာရန်ယူသော ababbcc အရလည်း မဟုတ်ချေ။
ပညာရပ်ဆိုင်ရာ ဖြစ်နေ၍၊ အကျယ်မရှင်းတော့ပါ)။
ဒုတိယစာကြောင်းမှာ ဤသို့ဖြစ်သည်။ Drives my green
age; that blasts the roots of trees. ပထမစာလုံး လေးလုံးမှာ
ယခင်စာကြောင်းတွင် ဖော်ထုတ်ပြဆိုခဲ့သော တွန်းအား (အင်အား၊ အစွမ်း၊ စွမ်းအား) နှင့်
ဆက်၍ယူရန် ဖြစ်သည်။ သဘာဝတရားအတွင်း ရှင်သန်လာစေခဲ့သော တွန်းအားသည်ပင် ကဗျာကို
ဖော်ထုတ်နေသူအပေါ် သက်ရောက်နေခဲ့ကြောင်းကို ဆိုလိုသည်။ ပန်းကဲ့သို့ပင်၊ ကဗျာကို
ဖော်ထုတ်နေသူမှာ ရှင်သန်နေဆဲ။ ပွင့်အန်နေဆဲ။ ဤနေရာမှာပင်၊ တောမာ့(စ)၏ ဘာသာစကား အသုံးအနှုန်းမှာ သတိထားစရာ
ဖြစ်လာပြန်သည်။ Green age ဟူသော စာလုံးကို
ကြည့်ပါ။ Green မှာ အစိမ်းရောင်ဖြစ်ပြီး
စိမ်းလန်းခြင်းသည် နုပျိုခြင်းသဘောကို ဆောင်သည်သာမက နွေဦးကဲ့သို့သော
ပျိုရွယ်သစ်လွင်ခြင်းမျိုးကို ဖော်ထုတ်ပြနိုင်သည်။ Age မှာ အရွယ်ဖြစ်ပြီး
အိုမင်းခြင်း သဘောအထိ ဆောင်နိုင်သည်။ တောမာ့(စ)သည် ထိုကဲ့သို့သော ဆန့်ကျင်ဘက်အနက်
ဖော်နိုင်သော စာလုံးများကို သုံးလေ့ရှိသည်။ ဤနေရာတွင် စိမ်းလန်းသော အရွယ်၊
နုပျိုသောအရွယ်ကို ဆိုလိုသည် မဟုတ်တော့။ ထိုအချက်ကိုဖော်ရန် ကဗျာကို ဖြတ်လိုက်သည်
(အင်္ဂလိပ် ကဗျာတွင်သော်၊ Caesura ဟု ခေါ်သည်။ လာတင်
ဘာသာစကားအရ အဖြတ် Cutting ဟု အနက်ရသည်။
အကြမ်းဖျဉ်း သုံးမျိုးရှိရာ ဤနေရာတွင် စာကြောင်း၏ အလယ်မှဖြတ်သော Medial
caesura ကို
သုံးထားသည်ဟုဆိုရမည်)။ သဒ္ဒါအရ ဆိုလိုသော အကြောင်းအရာမှာ ရှေ့တွင် ဆိုခဲ့သော
(ရေးသားထားသော) အကြောင်းဆီသို့ ရည်ညွှန်းဆက်သွယ်မှု ရှိနေသည်။ that blasts
the roots of trees မှာ ရှေ့တွင်
ဖော်ပြခဲ့သော၊ တွန်းအားကိုပင် ဖြစ်သည်။ ထို တွန်းအားကပင် သစ်ပင်တို့၏အမြစ်တို့ကို
ဖြိုဖျက်ခဲ့သည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ အပျက်ကို ဖြစ်စေသော အဖျက်သဘောကို ဒုတိယ
စာကြောင်းတွင် စ၍ ဖော်လာခဲ့သည်။
တတိယစာကြောင်းသည် ကဗျာကို
ဖော်ထုတ်နေသူ၏ ကံကြမ္မာကို စတင်ဖော်ထုတ်ခဲ့သည်။ Is my destroyer ဟု ရေးသားခဲ့သည်ကို
ကျွန်တော်က ငါ့ကိုဖြိုဖျက်ခဲ့တာပဲ။ ...ဟု
ပြန်ဆိုထားခဲ့ပါသည်။ 'ဖျက်သူ' ဟု
မပြန်ဆိုရခြင်းမှာ ရုပ်၊ ဒြပ် တစ်စုံတစ်ရာ အခြေခံဖြင့် အကောင်အထည်တစ်ခုအရ ဖျက်ဆီး 'သူ' ဟူသော ပုံရုပ် ပေါ်မသွားစေချင်၍ ဖြစ်သည်။
မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း၌ နားလည်ပုံ လွဲမည်ကို စိုးသဖြင့် ဖြစ်သည်။
သဘာဝတရား၏ အင်အားစုတို့က ပန်းကို အမြစ်က ဖြိုဖျက်ပစ် သည်ကဲ့သို့၊ ကဗျာကို
ဖော်ထုတ်နေသူမှာလည်း အလားတူ အင်အားစု၏ ဖြိုဖျက်ခြင်း ခံနေရသည်ကို ဆိုလိုသည်။
အင်္ဂလိပ်ဘာသာအားဖြင့် ရေးသားထားသောကဗျာ၏ တတိယစာကြောင်းတွင် စာလုံးသုံးလုံးသာ
ပါခဲ့သော်လည်း၊ ထိုသုံးလုံးဖြင့် စာကြောင်းတည်ဆောက်ပုံမှာ စာကြောင်းကို
အင်အားတစ်ခု ဖြစ်လာစေခဲ့သည်။ ကဗျာအားဖြင့် ကြောင်းရေ သုံးကြောင်း ဖြစ်သော်လည်း
တစ်ခုတည်းသော ဝါကျအဖြစ် ရပ်တည်သော အနေအထားမှာ တတိယစာကြောင်းတွင် ပြီးဆုံးသွားခဲ့
သည်။ စတုတ္ထစာကြောင်းမှာ ကဗျာတစ်ခုလုံးတွင် ကဗျာကို ဖော်ထုတ်နေသူက သူ၏ အတွင်းစိတ်
အနေအထားကို ဖော်ထုတ်ပြရာတွင် တောက်လျှောက်သုံးစွဲခဲ့သော ပုံစံဖြင့် တည်ဆောက်ခဲ့သော
စာကြောင်းဖြစ်သည်။ ပထမ အပိုဒ်တွင် And I am dumb to tell the crooked
rose... ဟု ရေးသားခဲ့သည်။ And
I am dumb.... ဟူသော စာလုံးများကို
ကဗျာ ငါးပိုဒ်စလုံးတွင် သုံးခဲ့သည်။ သိကြသည့် အတိုင်း၊ Dumb ဟူသောစာလုံးကို
အနက်အမျိုးမျိုး ယူနိုင်သော်လည်း၊ ဤနေရာတွင် ကဗျာကို ဖော်ထုတ်နေသူက တကယ်တမ်း
ပြောမပြနိုင်သည့်သဘောကို ဆို လိုသည်။ ထပ်မံဆိုရသော်၊ ဘာပြော ရမှန်း မသိသည့်သဘော ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာအရ၊ ဆွံ့အနေသည်မျိုးမဟုတ်။ ထို့ပြင် စတုတ္ထစာကြောင်းတွင် ပထမဦးဆုံးအကြိမ်
ပန်း၏အနေအထားကို ဖော်ပြလာသည်။ ပထမစာကြောင်းတွင် ဖော်ပြခဲ့သော ပန်း၏
ဖွံ့ဖြိုးမှုမှာ ဤစာကြောင်းတွင် စာဖတ်သူ၏အမြင် ပြောင်းသွားစေခဲ့သည်။ နှင်းဆီ Rose ကို နာမဝိသေသနာ Crooked နှင့်တွဲပေးလိုက်သည်။
(ဤတွင်လည်း၊ တောမာ့(စ)၏ ဆန့်ကျင်မှု နှစ်ခုကို တွဲပေးပုံ သတိထား ကြည့်နိုင်သည်)။
နှင်းဆီပန်းမှာ နာမကျန်းဖြစ်နေသည်။ ယိုယွင်းနေသည်ဟု ဖော်လိုက်သည်။ ကဗျာကို
ဖော်ထုတ်တင်ပြနေသူမှာလည်း အလားတူ ကံကြမ္မာမျိုးဖြင့် သက်ရောက်ခံစား နေရသည်။
ပဉ္စမစာကြောင်းမှာ ထိုအနေအထားကို ဖော်ပြခဲ့သည်။ My youth is bent by the
same wintry fever ဟု ရေးထားသည်။ ဤတွင်
သုံး စွဲထားသော ကြိယာ Bent ကို တိုက်ရိုက်
အဓိပ္ပာယ်ပြန်သော် 'ကွေးညွတ်ခြင်း' ဟု
ဆိုနိုင်သော်လည်း ရှေးတွင်ဖော်ပြခဲ့သော 'ပန်း' ကို အခြေခံ၍ 'ညှိုးသည့် သဘော' သာ
ယူသည်။ ကဗျာကို ဖော်ထုတ်တင်ပြနေသူက 'ငါရဲ့ ပျိုမျစ်
ခြင်းကိုက ဆောင်းရဲ့ အပူဒဏ်ကြောင့်
ညှိုးရပြီ၊ ကိုး။'... ဟု ဆိုလိုက်ခြင်း သာဖြစ်သည်။
ဤ..ပဉ္စမစာကြောင်း တွင် တောမာ့(စ)၏ ဆန့်ကျင်ဘက် အနက်ဆောင်သော စာလုံးနှစ်ခုကို တွဲ
စပ်သုံးပုံတစ်ခု တွေ့ရနိုင်သေးသည်။ ၎င်းမှာ Wintry fever ဖြစ်သည်။ Wintry
မှာ အေးခြင်းသဘောဆောင်
ပြီး၊ Fever မှာ ပူခြင်းသဘော
ဆောင်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း ဤအသုံးအနှုန်းမျိုးမှာ တောမာ့(စ) ကဗျာများတွင်
အများအပြား တွေ့ရတတ်သည်။
ဒုတိယအပိုဒ်၏ ပထမစာကြောင်းသည်
ပထမအပိုဒ်မှ ပထမစာကြောင်းနှင့် တည်ဆောက်ထားပုံ တူသည်သာမက၊ သဒ္ဒါအရ၊
စိတ်ကူးပုံစံအရလည်း တစ်ပုံစံတည်း ဖြစ်သည်။ ဦးတည်ထားပုံမှာ မူကွဲသွားသည်။
ပထမအပိုဒ်တွင် လူနှင့် သက်ရှိလောကကို တွဲစပ်ပြထားခဲ့သော်လည်း ဒုတိယအပိုဒ်တွင်
လူနှင့် ပထဝီမြေသား အခြေခံလောကကို ဆက်စပ်ပြထားခဲ့သည်။ ဤတွင် သဘာဝစွမ်းအားက
ကျောက်တုံးများအကြားတွင် ရေကိုစီးဆင်းနိုင်ရန် စွမ်းဆောင်ရာမှ တောင်ကျစမ်းချောင်းကလေးတစ်ခု
ဖြစ်လာစေခဲ့သည်။ ဒုတိယစာကြောင်းတွင် ထိုစွမ်းအားကပင် 'ငါ့ရဲ့
သွေးနီနီတွေကို တွန်းအား ပေးခဲ့တယ်' ဟု
ကဗျာဖော်ထုတ်ရေးသားသူက တင်ပြထားသည်။ အင်္ဂလိပ် ဘာသာတွင်သော် The force that
drives the water through the rocks drives my red blood ဟု ရေးသားခဲ့ သည်။
ဆက်၍ ရေးသားထားပြန်သည် မှာ that dries the mouthing streams turns mine to
wax ဖြစ်သည်။ ဆိုလို
သည်မှာ ထို စွမ်းအားသည်ပင် တောင် ကျချောင်းကလေးအား မြစ်တွင်းသို့ ရောက်သည့်အထိ
မစီးဆင်းစေနိုင်ဘဲ ချောင်းဝဆီမှာပင် ခန်းခြောက်သွားစေ ခဲ့သည်။ ထို့အတူပင်
ငါ့ကိုလည်း အသက်ကင်းပသော ဖယောင်းရုပ်ဘဝ ဖြစ်စေခဲ့သည်ဟု ဆိုလိုသည်။
ကျောက်တုံးများအကြားတွင် ရေကို တွန်းအား ပေးခဲ့သော စွမ်းအားက ကဗျာဖော်ထုတ်နေသူ၏
သွေးများကိုလည်း တွန်းအားပေးခဲ့သည်။ မြန်မာဘာသာပြန်တွင် မရနိုင်သော အရသာတစ်ခုမှာ
ပထမအပိုဒ် ဒုတိယစာကြောင်းတွင် သုံးစွဲခဲ့သည့် Drive စာလုံးနှင့်
ဒုတိယအပိုဒ် ဒုတိယ စာကြောင်းတွင် သုံးစွဲထားသော Drive စာလုံး၏ အင်အား
အရသာဖြစ်သည်။ ထို့ပြင် ကဗျာကိုဖြတ် (Caesura) ပြီးနောက်
သုံးစွဲထားသည့် Dries စာလုံး၏ အရသာ
ဖြစ်သည်။ Dries သည် Drive နှင့် ဆန့်ကျင်ဘက်
သဘောကို ဆောင်သော်လည်း မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း၌ 'တွန်းအား'နှင့် 'ခန်းခြောက်ခြင်း' သည်
တိုက်ရိုက် ဆန့်ကျင်သော သဘောကို မဆောင်ကြ။ ဒုတိယအပိုဒ် ဒုတိယ စာကြောင်းသည်
ပထမအပိုဒ် ဒုတိယစာကြောင်းနှင့် သိသိသာသာကြီး ကွာသော အချက်တစ်ခုကို
တင်ပြထားပြန်သည်။ ၎င်းမှာ ချောင်းဝတွင်တင် ရေခန်းသွားခြင်း (Mouthing
stream ဆိုသည်မှာ ချောင်းမှ
အခြားတစ်ခုခု အတွင်းသို့ စီးဝင်နေရာ Mouth of steam ဖြစ်ပြီး
များသောအားဖြင့် ချောင်းထက် ရေအင်အားကောင်းသော မြစ်အတွင်းသို့ စီးဝင်ရာ
ချောင်း(အ)ဝ ဖြစ်သည်။)
ပထမအပိုဒ်တွင်သော်
သစ်ပင်၏ အမြစ်ကစ၍ ဖျက်ခံရသည်ဟု ဆိုခဲ့သည်။ ဆိုလိုသည်မှာ အရင်းအမြစ်၌
ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ဒုတိယအပိုဒ်တွင် ၎င်းအချက်နှင့် လုံးဝမတူသော
(စမ်းချောင်း၏ နိဂုံးပိုင်း/ရည်ရွယ်ရင်း မပြီးဆုံးမီ) အဆုံးပိုင်း၌
ပျက်စီးခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ဒုတိယအပိုဒ်၏ တတိယစာကြောင်းတွင် ဖော်ထုတ်သော... mine to wax ဆိုသည်မှာ ကဗျာကို
ဖော်ထုတ်နေသူ၏ သွေးနီနီ များမှာ ရပ်တန့်ကုန်ပြီး 'အသက်မရှိတော့သည်
ဖယောင်း(ရုပ်)ဘဝသို့ ပြောင်းခဲ့ရပြီ' ဟု ဆိုလိုခြင်းဖြစ်သည်။
ဒုတိယအပိုဒ်၏ နောက်ဆုံးနှစ်ကြောင်းမှ ပထမအပိုဒ်၏ နောက်ဆုံးစာနှစ် ကြောင်းနှင့်
ပုံစံအတူတူပင်။ ပထမကို ဒုတိယက အားဖြည့်သည့် သဘောပင်။ သို့ရာတွင် ဘာပြောရမှန်း
မသိသော အနေအထားမှာ ပို၍ အားကောင်းလာသည်။ အားကောင်းလာရခြင်းမှာ ကိုယ့်သွေးကိုပင်
ကိုယ့်ပါးစပ်ဖြင့် မည်သို့ ရှင်းပြရမှန်းမသိ။ ဒုတိယအပိုဒ်၏ နောက်ဆုံးစာကြောင်းတွင်
စမ်းချောင်း ဖြစ်စေခဲ့သော တွန်းအားကပင် ခရီးဆုံးသို့ မရောက်သေးသည့်
ထိုစမ်းချောင်းကို စုပ်ယူသွားခဲ့သည်ကို ကဗျာဖော် ထုတ်တင်ပြနေသူက နားမလည်ခဲ့ကြောင်း
ဆိုခဲ့သည်။ ဒုတိယအပိုဒ်၏ နောက်ဆုံး စာကြောင်းနှစ်ကြောင်းမှာ မူရင်းတွင် And
I am dumb to mouth unto my veins/How at the mountain spring the same mouth sucks ဟု ရေးသားခဲ့သည်။
ကျွန်တော်ကမူ 'ငါရဲ့ သွေးကြောတွေကို ငါ့ပါးစပ်နဲ့
ဘာပြောရမယ်။ မသိ/တောင်ကျစမ်းရေကိုတောင် ဒီပါးစပ်မျိုးက ဘယ်လိုစုပ်ပစ်လိုက်မှန်း
မသိသလိုဘဲ' ဟုသာ ဘာသာပြန်ပါသည်။
▀
ဆက်လက်ဖော်ပြပါမည်
မြင့်သန်း
(အမှတ် ၁၉၂၊
နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။