ရွှေသုတ‌

ခံစားကြသူများ

မသီတာ ၊စမ်းချောင်း၊

01 August 2025
ခံစားကြသူများ
Share to

             လူမှန်လျှင် ခံစားတတ်သည်ချည်းပင် ဖြစ်သည်။ လူချင်း မတူလျှင် ခံစားချက်ချင်း မတူနိုင်။ လူ ဘယ်နှမျိုးရှိလို့ ခံစားချက် ဘယ်နှမျိုးရှိလေမလဲ။ ဆောင်းဦးပေါက်လေနှင့်အတူ အတွေးတွေက ဆော်သွေးလို့လာပါသည်။

            လမ်းပေါ်မှာ ခပ်သုတ်သုတ်သွားနေသည့် ကျောင်းသူ ကျောင်းသားတွေကို ကြည့်ရသည်မှာ အရောင်အသွေး စုံလှသည်။ ကျောင်းဝင်းက ကျယ်သလို နိုင်ငံတကာကျောင်းသားလည်း အတန်အသင့်ရှိသည်မို့ ဆံပင် အနက်၊ အသား အညို၊ အရပ် မမြင့်သည့် အာရှရုပ်နှင့် ကိုယ့်ကို သတိထားပြီး ကြည့်မည့်သူ သိပ်မရှိလှချေ။ ခပ်မြန်မြန်ပင် လျှောက်ဖြစ်လိုက်သည်။ နှုတ်ဆက်ပွဲအချိန်က နီးနေပြီ ဖြစ်သည်။ ကိုယ် စထားသည့်ပွဲမို့ ကိုယ်နောက်ကျလျှင် မကောင်း။ သည်နှုတ်ဆက်ပွဲက ကိုယ်တို့ နိုင်ငံတကာ စာရေးဆရာအုပ်စုထဲမှ နာမည်ကြီး ကိုရီးယားဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ နှစ်ယောက်ဖြစ်သည့် ရင်(မ)နှင့် ကင်(မ)တို့ ပြန်တော့မည်မို့ ကိုယ်ကပဲ နှုတ်ဆက်ပွဲလေးလုပ်ရအောင်ဟု အားလုံးကို ဖိတ်လိုက်မိသည်လေ။

            အခန်းထဲရောက်တော့ ကာယကံရှင် နှစ်ယောက်ပင် မရောက်သေး။ အိုင်အိုဝါ မရောက်ခင်ကပင် သည်မှာ နောက်ကျသည့် အလေ့ရှိနေကြောင်း သတိပြုမိပြီးမို့ အထူးတဆန်းတော့ ဖြစ်မသွား။ ထူးသွားသည်က မထင်မှတ်ဘဲ ကြိုတင် မဖိတ်ကြားထားသော ဧည့်သည်လေးယောက် ရောက်လာခြင်းပင်။ ဧည့်သည်တွေက နယူးအော်လင်းက မုန်တိုင်း ကထရီနာကြောင့် ပြောင်းရွှေ့လာခဲ့ရသူ သုံးယောက်နှင့် လူမည်း စာရေးဆရာတစ်ဦး။ စာရေးဆရာက အိုင်အိုဝါနှင့် ကပ်လျှက် ပြည်နယ်ဖြစ်သည့် နီဘရာစကာမှာနေသူ။ ကျန်လူမည်း သုံးယောက်က ထိုစာရေးဆရာ ရှိရာမြို့ကို ရောက်သွားပြီး အိုင်အိုဝါကို ကိုယ်တွေ့ဇာတ်လမ်းတွေ ပြောပြဖို့ဆိုကာ ရောက်လာကြသူတွေဖြစ်သည်။ ထိုနေ့က ကျောင်းဝင်းထဲမှာ မုန်တိုင်း ကထရီနာနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ခုရှိခဲ့သည်။ ကိုယ်တောင် ရသမျှအချိန်လေးမှာ ခဏလောက် သွားတက်ဖြစ်ခဲ့သေးသည်။ စာနယ်ဇင်းပညာ ပါမောက္ခက ကထရီနာ မတိုင်ခင်က နေ့စဉ်သတင်းစာတွေ အရောင်းကျ လွန်းခဲ့ပုံ၊ လက်ရှိ ရီပတ်ဘလီကင် အစိုးရကလည်း သတင်းစာတွေကို လူအများစု မဖတ်မှန်းသိသည်မို့ အထဲမှာ ဘာရေးရေး အလေးမထားခဲ့ပုံ၊ ယခု ကထရီနာ့တန်ခိုးနှင့်မှ လူတွေရော၊ အစိုးရပါ သတင်းစာကို စိတ်ပြန်လည် လာကြပုံတွေ ပြောသွားခဲ့သည်လေ။

            မဖိတ်ခဲ့သော ဧည့်သည်တွေကို စိတ်ဝင်စားသွားသည်မို့ ချဉ်းကပ်ခဲ့သည်။ ရေးစရာလေးများ ရမလားရယ်လို့ပေါ့။ ကထရီနာအကြောင်းကို သူတို့ ပြောပြတော့လည်း သိပ်မထူးသွားချေ။ သူတို့က ကြိုတင်ပြင်ဆင်ခဲ့သူတွေ။ မော်တော် ဘုတ်ကြီးပေါ်မှာ ရေနှင့်အစာအပြင် အသားကင် မီးဖိုလို ပစ္စည်းမျိုးတွေပါ တင်ထားပြီး ကျန်ဒုက္ခသည်တွေကို လိုက်လံ ကယ်တင်ခဲ့သည်ဆိုသည်ကို အလွန်တရာ ဂုဏ်ယူစွာ ပြောသွားခဲ့ကြသည်။ နောက်တော့ လက်ရှိ ဘုရှ်အစိုးရ မကောင်းကြောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း ဒီမိုကရက်ဖြစ်သည့်တိုင် ပျော့ညံ့ညံ့ဖျင်းကြောင်း၊ သူတို့ကို အမည်းတွေဟုဆိုကာ လျစ်လျူရှုထားကြောင်း၊ သူတို့အသက်ကို တန်ဖိုးမထားကြောင်းစသဖြင့် ကြားခဲ့ပြီးသားတွေကိုသာ ထပ်ကြားရသည်။ သို့သော် လေးစားစွာ နားထောင်ပေးဖြစ်သည်။ သူတို့က ခံစားတတ်သော လူသားတွေပဲ မဟုတ်လား။ နောက်တော့ သူတို့ကိုယ် သူတို့ သူရဲကောင်းတွေ၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သူတွေဟု တဖွဖွ ပြောနေကြသည်မို့ သည့်မတိုင်ခင်က သူတို့ ဘာတွေလုပ်ခဲ့ပြီး သူတို့ ဘယ်သူတွေလဲဆိုသည်ကို စပ်စုမိသည်။ သည်တော့ ...

            'ငါတို့က အခုဆောက်လုပ်ရေးအလုပ်တွေ လုပ်တယ်လေ။ အိမ်ဆောက်တာ၊ ဆေးသုတ်တာ၊ အဲဒီလိုမျိုးတွေပေါ့။ ငါတို့အချင်းချင်း အရင်က သိခဲ့ကြလားဆိုရင် သိတာပေါ့။ ကွဲသွားကြတာတော့ ကြာပါပြီ။ အရင်က ငါတို့က တစ်ဂိုဏ်းတည်းပေါ့။ ငါတို့ဂိုဏ်းက အရမ်းချမ်းသာခဲ့ဖူးတာ။ ကိုလံ ဘီယာကနေ ဘိန်းတွေ ၁ဝ တန်လောက် ခိုးသွင်းလို့ရခဲ့တုန်းကဆို ငါတို့က သူဌေးပဲပေါ့။ နောက်တော့လည်း လွယ်လွယ်ရတဲ့ငွေ လွယ်လွယ်နဲ့ကုန်ပြီး ငါတို့ဂိုဏ်းလည်း ပြဿနာတွေ၊ ဘာတွေဖြစ်ပြီး ကွဲသွားတာပေါ့' ပြုံးပြီးသာ နားထောင်နေရသည်။ ကျောက ခပ်ချမ်းချမ်း။ တကယ့်လူတွေနှင့်မှ တွေ့ရလေခြင်းပေါ့။ သူတို့ဘိန်းကုန်ကူးစဉ်ကရော လူသားအသက်များဆိုသည်ကို တွေးခဲ့သလားဟု မမေးလိုတော့။ လက်ရှိအချိန်မှာ သူတို့က ဒုက္ခသည်တွေ။ လူသားဆန်သော နှလုံးသားဖြင့် နားထောင်ပေးဖို့က ကိုယ့်တာဝန်ဟု နားလည်ထားသည်မို့ တလေးတစား နားထောင်ပေးပြီးမှ ဒါရိုက်တာ ရင်(မ)ဘက် လှည့်လိုက်ရသည်။

            သည်နေ့ကတော့ နေသာပြီး နွေးသည့်နေ့ ဖြစ်နေပြန်သည်။ အိုင်အိုဝါ မြို့ပြင်ကို ချီတက်ခဲ့ကြသည်။ ခရီးစဉ်က အသွားကားခရီး ၂ နာရီ၊ မက်စကွာ ကီမူရင်း အိန္ဒိယအမေရိကလူမျိုး (ကိုယ်တို့အခေါ် ရက်ဒ်အင်ဒီးယန်း)များ နေထိုင်ရာ သီးခြားရပ်ကွက်မှာ ၁ နာရီ၊ အပြန်ကားခရီး ၂ နာရီမို့ သိပ်တော့ အလုပ်မဖြစ်ဟု ဆိုရမည်။ အိုင်အိုဝါ ပြည်နယ်က ပြောင်းဖူးခင်းက လွဲလျှင် ကောင်းကင်ပြာနှင့် မြက်ခြောက်ခင်းသာရှိသည်မို့ ကားပေါ်မှာ အိပ်တတ်မှ အဆင်ပြေမည့်အဖြစ်။

            မည်သို့ပင်ဖြစ်စေ၊ မူလဘူတ လူမျိုးတွေကို တွေ့ရမှာမို့ မဆိုးလှဟု တွေးမိသည်။ အမှန်တော့ နယူးမက်ဆီကို ပြည်နယ်တုန်းက Tao တောင်မြို့မှာ အခြား ရက်ဒ်အင်ဒီးယန်း မျိုးနွယ်စု တစ်စု နေထိုင်ရာနေရာ ကြိုရောက်ဖူးပြီး ဖြစ်သည်။ သို့သော် သူတို့လည်း ကိုယ်တို့မှာလို မျိုးနွယ်စုကွာလျှင် ဘာသာစကားကအစ ကွာသွားသည်ကို သိထားသည်မို့ စိတ်ဝင်တစားလိုက်သွား ဖြစ်သည်။ သို့သော်...

            စရောက်ကတည်းက အဆောက်အအုံမှာ မထူးခြားသည်ကို သတိထားမိသည်။ တောင်မြို့ကနေရာမှာက လုံးဝကွဲပြားသော အဆောက်အအုံဒီဇိုင်းများကို တွေ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ တစ်ခုခုတော့ ရေးစရာ ရှိနေမည်ဟု မျှော်လင့်လို့ ရနိုင်သည်လေ။ အစီအစဉ်က ဒေသခံမျိုးနွယ်စု ကိုယ်စားပြု ဘွဲ့ရပညာတတ်တစ်ဦးက သူတို့အကြောင်း ပြောပြမည်ကို နားထောင်၊ မေးခွန်းမေးစရာရှိတာမေးပြီး ပြန်ကြရန်ဟု ထပ်သိလိုက်ရသည်။ သူတို့အဆောက်အအုံများထဲ ဝင်လေ့လာခွင့်၊ အခြားသော သူတို့လူမျိုးများနှင့် စကားပြောခွင့်ရဖို့ အခြေအနေမပေးတော့ဟု သိလိုက်ပြီမို့ သူပြောသမျှ သေချာနားထောင်မှဟု ဆုံးဖြတ်လိုက်သည်။

            သူက သူ့သမိုင်းကြောင်းကို ခံစားမှုအပြည့်ဖြင့် ပြောပြခဲ့သည်။ သူတို့ အများစုမှာ ပြင်သစ်နှင့် စပင်းနစ်တွေကို မုန်းကြောင်း၊ သူတို့ကို လိုက်သတ်ကာ သူတို့ မြေတွေယူသွားသဖြင့် သူတို့မှာ မူလ မက္ကဆီကိုမှ အမေရိကကို ပြောင်းလာရာမှ ကနေဒါတိုင်အောင် ပြောင်းပြေးခဲ့ရကြောင်း၊ ဗြိတိသျှတို့ကတော့ သူတို့အပေါ် ကောင်းကြောင်းစသဖြင့် ၁၈၂ဝ ကာလတစ်ဝိုက်ကို နှံ့နှံ့စပ်စပ် ရှင်းပြလေသည်။ နောက်တော့ အမေရိကန်တွေနှင့်ပတ်သက်သည့် သူ့ခံစားချက်ကို ရောက်သွားသည်။ 

            'ကျွန်တော်တို့ အမေရိကန်တွေကို နားမလည်နိုင်ဘူး။ ကြိုက်လည်း မကြိုက်ဘူး။ သူတို့က လူမည်းတွေကို ကျွန်လို့ သဘောထားတာ တော်သေးတာပေါ့။ ကျွန်တော်တို့ အင်ဒီးယန်းတွေကိုဆို လူလို့တောင် သဘောထားတာ မဟုတ်ဘူး။ လူမည်းတွေအကြောင်းကမှ သူတို့က ပြောဖော်ရသေးတယ်။ ကျွန်တော်တို့အကြောင်း လုံးဝမပြောကြဘူး။ ကျွန်တော်တို့ ရှိနေတယ်လို့တောင် အသိအမှတ်ပြုတာမဟုတ်ဘူး။ ကျွန်တော်တို့က ပြင်သစ်ကို မုန်းပေမယ့် လေးစားသေးတယ်။ သူက သတ်လိုက်၊ ကိုယ်က သတ်လိုက်ဖြစ်ခဲ့တာကိုး။ စပင်းနစ်တွေဆိုလည်း ရွှေငွေတွေ သုံးတတ်အောင် သင်ပေးသေးတယ်။ အမေရိကန်တွေက ကျွန်တော်တို့ကို လူလို့ကို သဘောမထားတာ။ ပေးနေ တော့လည်း သူတို့သုံးတာက အကျဉ်းစခန်းသဘော နာမည်မျိုး သုံးတာ။ Concentration camp တဲ့။ ဟစ်တလာက ဂျူးတွေကို အဲဒီလိုနေရာမျိုးမှာ ထားဖို့နဲ့ အဲဒီလိုခေါ်ဖို့ ကျွန်တော်တို့ ဘိုးဘွားတွေနေခဲ့တာကို လေ့လာပြီးမှ လုပ်တာပဲလို့ ထင်တယ်။ ကျွန်တော်တို့က လူဖြူတွေ ယုံသလို Heaven ဆိုတဲ့ နတ်ပြည်လည်း မယုံဘူး။ အဲဒီကိုလည်း မသွားချင်ဘူး။ အဲဒီမှာ သူတို့နဲ့ ပြန်ဆုံရမှာကို ကျွန်တော်တို့ မကြိုက်ဘူး' သူက မမောတမ်း ဆက်ရှင်းပြနေသော်လည်း ကိုယ်က နယူးအော်လင်း လူမည်း သုံးယောက်ကို ပြေးပြေးမြင်နေသည်။ သူ ဆက်ပြောသမျှတွေမှာ သူတို့ဘာသာရေး ယုံကြည်ချက်တွေပါလာပြီး ပိုလို့ပင် ရှုပ်ထွေးလာသည်။ သူရခဲ့သောဘွဲ့သည် သူ့မျိုးနွယ်စုအတွင်းမှာ လုံးလုံး အသုံးမဝင်ဟု သူက ဆိုသည်။ သို့သော် သူကတော့ သူ့ဘွဲ့ကို အသုံးချလို့ရမည့် နေရာထက် သူ့မျိုးနွယ်စုရှိရာ သည်နေရာမှာပင်နေဖို့ ဆုံးဖြတ်ခဲ့သူ။ လူသားဆန်သောနှလုံးသားဖြင့်သာ သူပြောသမျှ ကို ခံစားနားလည်ရင်း အပြန်ကားခရီးကို ဖြတ်သန်းဖြစ်ခဲ့လေသည်။

            လူမည်းတွေက သူတို့အသက်ကို လူဖြူတွေက တန်ဖိုးမထားဟု တွေးနေချိန်မှာ မူရင်းရက်ဒ်အင်ဒီးယန်းတွေက သူတို့ဘဝက လူမည်းတွေလောက်မှ တန်ဖိုးထားမခံရဟု ဆိုသည်ကို ကြားနာရပြီး နောက်တစ်ရက်မှာတော့ အမေရိကန်တစ်ဖြစ်လဲ ကော့စတာရီကန် စာရေးဆရာနှင့် တွေ့ခွင့်ရခဲ့ပြန်သည်။ သူကလည်း နယူးအော်လင်းဒုက္ခသည် ဖြစ်နေသည်။ ကော့စတာရီကာမှ အကြောင်းအမျိုးမျိုးကြောင့် သည်ကို ပြောင်းလာခဲ့သူဖြစ်သည်မို့ သူက အမေရိကန်ဟု ခေါ်ရခက်သည့် အမေရိကန်ဆိုပါစို့။ ကထရီနာ မစခင်မှာတင် သူတို့မိသားစုက ပြင်ဆင်ထားနှင့်ပြီးမို့ ကြီးကြီးမားမား ဒုက္ခမရောက်ခဲ့သော်လည်း သူတို့အိမ်ကိုကား ပြန်မရတော့ပြီ။ ကံကောင်းထောက်မစွာ အိုင်အိုဝါ တက္ကသိုလ်မှာ သူက အလုပ်ရခဲ့သည်လေ။ သို့သော် သူတို့မိသားစု နယူးအော်လင်းမှသည် တက္ကဆက်ပြည်နယ် ဟူစတန်ကို ရွှေ့ပြောင်းနေရာ ချထားခံရသည့်ထိတော့ လိုက်ပါဖြစ်ခဲ့သည်။ သူ့ကို တွေ့ခွင့်ရသည်ကလည်း ဧည့်ခံပွဲတစ်ခုမှာမို့ သူ့အတွေ့အကြုံအကြောင်း ခရေစေ့တွင်းကျမေးဖို့ အခြေအနေက သိပ်မပေးလှ။ သူက ကထရီနာအပြီး ရီတာမုန်တိုင်းကြောင့် တက္ကဆက်ပြည်နယ် ဟူစတန်မှ ထပ်မံရွှေ့ပြောင်းကြရန် ကြိုးစားခဲ့ရသေးသူလည်း ဖြစ်သည်။ သူ့အပြောအရ ဟူစတန်မြို့ထဲမှ အဝေးပြေးလမ်းကြီးပေါ် ဖောက်ထွက်သည့် လမ်းမှာ သာမန်အားဖြင့် တစ်နာရီထက် မပိုဘဲ မောင်းရသော်လည်း လူနှစ်သန်းမျှ ပြိုင်တူပြောင်းကြသည့်အတွက် သူတို့မှာ ကိုးနာရီကြာအောင် မောင်းခဲ့ရသည်တဲ့။ သည့်နောက်တော့ သူက သူ့ခံစားမှုကို အကျဉ်းချုံး ပြောသွားပြန်သည်။

            'ကျွန်တော်တော့ တကယ်ပဲဗျာ။ သူတို့အမေရိကန်တွေ ဒီပြဿနာကို တုံ့ပြန်ပုံကို အံ့သြတယ်။ သူတို့က ပြောတယ်။ နယူးအော်လင်းမှာ ဖြစ်သွားတာက တတိယနိုင်ငံတွေလိုပဲ၊ လူတွေ အကြီးအကျယ် ဒုက္ခရောက်တယ်ပေါ့ဗျာ။ ခင်ဗျား စဉ်းစားကြည့်။ ကျွန်တော်တို့ တတိယနိုင်ငံတွေဆိုတာ ဘာဆို ဘာမှရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ခုလိုသဘာဝဘေးဒဏ်မျိုး ရောက်လာရင် ဘာမှလုပ်စရာကို မရှိဘူး။ ခါးစည်း ခံရုံပဲ။ ဒါမျိုးကို သူတို့မှ မသိဘဲ။ မခံစားဖူးဘူးဘဲ။ ဒီတော့ သူတို့ခံစားရတာ တတိယနိုင်ငံတွေမှာလိုလို့ ပြောရော။ တကယ်တော့ ကျွန်တော်တို့ဆီမှာ ဖြစ်ရင် ဒီမှာလို ဘယ်ဟုတ်လိမ့်မလဲ။ ခင်ဗျား သိပါတယ်ဗျာ။ ဘယ်လိုဖြစ် မလဲဆိုတာလေ'တဲ့။ ကိုယ့်မှာ လူသား ဆန်သော နှလုံးသားဖြင့် နားထောင်နေရာမှ ရုတ်တရက် ဆွံ့အသွားမိပြီ။ မြန်မာ့ နားစည်ကို ကော့စတာရီကာသားခံစားချက်က ထိုးဆွသွားလိုက်သည်မှာ ထိုညအဖို့ ဘာကိုမျှ ထပ်မကြားနိုင် တော့အောင်ရယ်ပါ။

            မထင်ထားသည်များက ထင်ထားသည်များထက် အဖြစ်များသည်ဟု ဆိုရမည်လား မပြောတတ်။ သည်နှစ် အပြည်ပြည်ဆိုင်ရာစာရေးဆရာ ဆွေးနွေးပွဲအုပ်စုမှာ အာရပ်အစ္စလာမ် စာရေး ဆရာမတွေ အများစု ပါလာသည်မို့ သူတို့က တစ်အုပ်စု၊ ကျန်သူတွေက တစ်အုပ်စု ဖြစ်လာမည်ဟု ထင်ထား ကြသော်လည်း တကယ်ဖြစ်လာသည်က တစ်မျိုး။ ဆော်ဒီက နာဒီယာက သူ့ဘာသာရေးနှင့် ပတ်သက်လျှင် အစွန်းရောက်တတ်သည်မို့ အစ္စလာမ်ပေမယ့် မျှမျှတတ တွေးကြသူတွေဖြစ်သည့် ဆီးရီးယားမှ နီဟဒ်၊ လစ်ဗျားမှ လိုင်လာ၊ ကူဝိတ်မှ အက်စတာ၊ အီဂျစ်မှ မိုနာ၊ ပါလက်စတိုင်းမှ ဇာဟီယားနှင့် သီရိလင်္ကာမှ အမီနာတို့က သူ့ကို အစာမကြေကြ။ သို့သော်လည်း သူတို့ထဲမှာ မိုနာနှင့် အမီနာကို အစ္စလာမ်ဟု မထင်ရလောက်အောင် သောက်စားနေထိုင်ကြသူတွေဟု သူတို့ချင်းချင်း သဘောမတွေ့ကြ။

            သည်မှာ ထူးခြားသည်က ပါလက်စတိုင်းမှ ဇာဟီယားနှင့် အစ္စရေးမှ ရှာရွန်။ ဇာဟီယားက အစ္စရေးမှာနေသည့် ပါလက်စတိုင်းသူ။ အစ္စလာမ်ဘာသာ ကိုးကွယ်သူ။ သို့သော် ဝိုင်သောက်ပြီး ဘောင်းဘီချက်ပြုတ် ဝတ်တတ်သော ဘာသာပြန် စာရေးဆရာမကလေး။ ရှာရွန်က အစ္စရေးသူစစ်စစ်၊ ဂျူးလူမျိုး။ ဂျူးဘာသာ ကိုးကွယ်သူ။ ဝိုင်သောက်သလို ခေတ်မီသော အပြင်အဆင်နှင့် ကဗျာဆရာမ။ ပထမတော့ သူတို့နှစ်ယောက် အဆင်မှပြေနိုင်ပါ့မလား စိတ်ပူခဲ့ကြသူတွေ ရှိခဲ့သည်။ တကယ်တော့ သူတို့နှစ်ယောက်က ဘာဆိုဘာမှ ပြဿနာမရှိ။ ပြဿနာ မရှိဆို သူတို့နှစ်ယောက် ပြောတာလေးတွေ နားထောင်ကြည့်လျှင် ရှင်းသွားနိုင်ပါသည်။

            သည်က ကျောင်းသူ ကျောင်းသားတွေကလည်း သူတို့နှစ်ယောက် သဘောထားကို စိတ်ဝင်စားကြသည်။ သည်တော့ လွယ်လွယ်ပြောရလျှင် ဟိုဟိုသည်သည် မေးမနေတော့ဘဲ သူတို့ ပြဿနာတွေ ပြေလည်ဖို့ ဘာလုပ်သင့်သလဲဆိုသည့် မေးခွန်းကို နှစ်ယောက်လုံးအား ဖြေခိုင်းလိုက်သည့်အခါ...

            'တကယ်တော့ ကျွန်မအထင် ကျွန်မတို့ ပါလက်စတိုင်းတွေရဲ့ ပြဿနာက အငတ်ပြဿနာနဲ့ အချင်းချင်းညှိမရတဲ့ပြဿနာပါ။ ငတ်နေ၊ ဆာနေကြတော့ ဘာမှ မှန်မှန်ကန်ကန် မတွေးခေါ်နိုင်ဘူး။ ပညာရေး အလေးမထားနိုင်ဘူး။ အဲဒီအခါမှာ ပြဿနာတွေကို အကြမ်းဖက်တဲ့နည်းနဲ့ပဲ ဖြေရှင်းချင်လာကြတယ်။ ဒီအမူအကျင့်က အရိုးစွဲသလို ဖြစ်လာတယ်။ အေးအေးချမ်းချမ်း ဖြေရှင်းဖို့ အခြေအနေပေးရင်တောင်မှ အတွေးအခေါ်ဟောင်းတွေကိုပဲ ပြန်သုံးချင်နေတော့ ဘာမှ မပြောင်းလဲဘူး ဖြစ်နေတာပေါ့။ အဲဒါကို ကိုယ့်ဘာသာကိုယ် အရင်ဆုံး ပြုပြင်ရမယ်လို့ မြင်လာကြပြီးမှ ပြဿနာအားလုံးကို အေးအေးချမ်းချမ်း ရှင်းလို့ရမယ်။ ကိုယ့်ဘာသာ အရင်ရှင်းပြီးမှပဲ အစ္စရေးတွေနဲ့ ရှင်းလို့ရမယ် ထင်ပါတယ်' လို့ ဇာဟီယားက ဖြေသည်။

            'ကျွန်မကတော့ နောက်ကြောင်း ပြန်မပြောဘဲ အစ္စရေးအားလုံးက ပါလက်စတိုင်းတွေကို အရင် တောင်းပန်လိုက်၊ ပြီးရင် စကားဆက်ပြောလို့ ရသွားလိမ့်မယ်။ ကျွန်မတို့က အိပ်မက်ကို အတူတကွ မက်ကြဖို့ဆိုရင် အကြမ်းဖက်မှုတွေ မရှိမှ ဖြစ်မယ်။ ခုတော့ ကျွန်မတို့မှာ အိပ်မက်မက်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ အကြမ်းဖက်မှုတွေက မဆုံးနိုင်ဘူးကိုး' လို့ ရှာရွန်က ဖြေသည်။

            နောက်တော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ 'တကယ်တော့ ကျွန်မတို့ အောက်ခြေက သာမန်လူတွေက ပြန်တည့်လိုက်ကြဖို့ သိပ်ပြဿနာ မရှိပါဘူး။ သိပ်အချိန်ယူနေစရာ မလိုပါဘူး။ သူ့ပြဿနာ၊ ကိုယ့်ပြဿနာ နားလည်နိုင်ကြပါတယ်။ အဲဒီအပေါ်ကတွေပဲ အတ္တတွေနဲ့ အစာမကြေဘဲ အချိန်ကြာနေတာပါ'လို့ ဆိုလိုက်ကြသည်။ သူတို့က ပြဿနာ မရှိသော်လည်း ကိုယ့်မှာ ပြဿနာဖြစ်လာသည်။ သူတို့ အပြောတွေက ကိုယ့်အတွေးတွေကို ပြဿနာရှာသွားခဲ့ပြီလေ။

            အတွေးပြဿနာကြောင့် ခေါင်းရှုပ်နေသမျှ ရှင်းသွားအောင် ရုပ်ရှင်ကြည့်ဖို့ ထွက်လာခဲ့သည်။ ကြုံတောင့် ကြုံခဲပင်။ သည်တက္ကသိုလ်က ကျောင်းသားတွေက ဗြိတိသျှအနုပညာသည်၊ ပန်းချီဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ နပုန်းလိင်၊ အေအိုင်ဒီအက်စ်ရောဂါရှင် Derek Jerman The Garden  ကားကို ပြပေးနေသည်။ သူက ၁၉၇ဝ ပြည့်နှစ်များနှင့် ၈ဝ ပြည့်နှစ် အစောပိုင်းတို့တွင် သူများနှင့်မတူ တစ်မူထူးခြားသည့် တင်ပြပုံဖြင့် ရုပ်ရှင်များကို ဖန်တီးခဲ့သူအဖြစ် နာမည်ကြီးသူ ဖြစ်သည်။ ကိုယ်က တစ်ချိန်က သူ့အကြောင်း၊ သူ့အက်ဆေး တစ်ပုဒ်ကို ရေးခဲ့ဖူးသည်မို့ သူ့လက်ရာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ခွင့်ရမည့် အရေးမှာ လာဘ်တစ်ပါးလို ဖြစ်နေသည်။ (သူ့လက်ရာတွေ အားလုံးပြသွားမှာဖြစ်ပြီး ကိုယ်ဘာသာပြန်ခဲ့ဖူးသော 'အပြာ' အက်ဆေးကို အခြေခံသည့် Blue ရုပ်ရှင်ကိုလည်း ကြည့်ခွင့်ရ တော့မည်ဖြစ်သည်။ သည်အပတ်မှာ သူ့လက်ရာ အားလုံးနီးပါး အလကား ကြည့်ရမည်မို့ ကံထူးသည်ဆိုရမှာပေါ့)

            အမှန်ပင် ထူးသည်ဆိုရပါမည်။ စပြပြီး ၁၅ မိနစ်လောက်ထိ သူ ဘာကို ပြနေမှန်းမသိ။ ဆက်တင်တွေ၊ ကင်မရာ အယူအဆတွေ၊ အလင်းအမှောင်တွေ၊ သရုပ်ဆောင်တွေ အားလုံးအားလုံး ရှုပ်ထွေးနေသည်။ ဇာတ်ကောင်နှင့် ဇာတ်လမ်းအတိအကျ မရှိသော ရုပ်ရှင်ပင်ဖြစ်သည်။ အမှန်က အမျိုးသား လိင်တူဆက်ဆံသူများကို ပတ်ဝန်းကျင်က ရက်ရက်စက်စက် ခွဲခြားဆက်ဆံ၊ လှောင်ပြောင်ဖိနှိပ်နေကြောင်း တင်ပြသွားခြင်းသာ ဖြစ်သည်။ အမျိုးသား ချစ်သူနှစ်ဦးက ဘာဆိုဘာမှ ပြန်မပြော၊ ပြန်မတုံ့ပြန်ဘဲ တစ်ယောက်ကို တစ်ယောက် ချစ်ရည်ရွှန်းလဲ့မျက်ဝန်းတွေနှင့် အားပေးကြည့်ရှုကာ၊ တစ်ယောက်လက် တစ်ယောက် မြဲမြဲဆုပ်ကာ ရင်စည်းခံပြီး ကွယ်လွန်သွားကြ သည်ဆိုသည့် ကျောရိုးသာရှိသည်။ ၉၂ မိနစ်ကြာ ရုပ်ရှင်ကားမှာ ၁၉၇ဝ ပြည့်နှစ်များဆီက ကားမို့ ထိုစဉ်က ပရိသတ်အဖို့ အလွန်ထူးခြားသည့် တင်ပြပုံ ဖြစ်ခဲ့ပေမည်။ ယခုထိလည်း ထူးဆန်းသည့်အထဲ ပါနေသေးသည် ဆိုရပါမည်။ အနုပညာမြောက်စွာ ရိုက်ကူးထားသည်မှာလည်း သေချာလှသည်။ မည်သည့်သရုပ်ဆောင်ကမျှ စကားတစ်ခွန်းမျှ မပြောသွားခဲ့ဘဲ၊ နောက်ခံကဗျာတစ်ပိုင်းတစ်စကို ဒါရိုက်တာ ကိုယ်တိုင်ဝင်ရွတ်သည့် အချိန်ပိုင်းမှာလည်း တိုလွန်း၊ ရှားလွန်း လှသည်။ ထိုအမျိုးသားနှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် ချစ်နေ၊ ဆက်ဆံနေကြရုံကလွဲလျှင် မည်သည့် အပြစ်အနာအဆာမှ မရှိဘဲ ပတ်ဝန်းကျင်မှ အမျိုးသားစင်စစ်၊ အမျိုးသမီးစင်စစ်များက တစ်ဖက်သတ်လှောင်ပြောင် နှိမ့်ချ၊ အနိုင်ကျင့်၊ ဒုက္ခပေးနေသည်ကသာ ရင်နာစရာဟု ခံစားရနိုင်အောင် ရိုက်ကူးပြထားသည်။

            သို့ဖြင့် Jeman ၏ အသံတိတ်သောအသံကို နာကြားခဲ့ရသည်။

            နောက်တစ်နေ့မှာတော့ ကိုရီးယား ရုပ်ရှင်ပွဲတော်တုန်းက ကားအားလုံးနီးပါး မလွတ်တမ်းကြည့်ခဲ့သလို ရုပ်ရှင်မှန်သမျှ စိတ်ဝင်စား၊ သဘောကျလေ့ရှိသော ကူဝိတ်သူ အက်စတာက Jeman ၏ အသံကို သူ မကြားခဲ့ရ၊ သူ နားမလည်ခဲ့ဟု ဆိုလာသည်။

            'ကျွန်မက ပြီးပြီထင်ပြီး စောထွက်လာတယ်လေ။ အဲဒီလူနှစ်ယောက်က သေသွားပြီဆိုတော့ ပြီးပြီပေါ့'ဟု သူက ဆိုသည်။ သူ ပြောတာလည်း မှန်နေသည်။ ကိုယ်က အက်စတာ့ကို သည်ကားက လိင်တူ ဆက်ဆံသူများကို ဖိနှိပ်ခွဲခြား ဆက်ဆံခြင်းကို ဆန့်ကျင်လို၍ ရိုက်ကူးထားသည့်ကားဟု ဆိုတော့ သူ ခေါင်းညိတ်သည်။ သူလည်း သည်လိုသာ မြင်သည်လေ။

            အက်စတာ ထွက်သွားပြီးနောက်မှာတော့ အတွေးတွေက ရှည်နေမိသေးသည်။

            နယူးအော်လင်းက လူမည်းသုံးယောက်က သူတို့ခံစားရသမျှကို မကျေနပ်၊ လူမည်းဖြစ်ရခြင်း၊ လူနည်းစုဖြစ်ရခြင်းအပေါ် ခံစားနေရသည်။ ထို့တူ ရက်ဒ်အင်ဒီးယန်းကလည်း လူလို့ပင် သတ်မှတ်မခံရခြင်း၊ လူနည်းစု ဖြစ်ရခြင်းအပေါ် ခံစားနေရသည်။ တစ်ခါ ကော့စတာရီကာသား အမေရိကန်ကလည်း တတိယကမ္ဘာမှ ပြောင်းလာရသူ၏ခံစားချက်ကို ဖွင့်ဟသည်။ ဒါက အမေရိကတစ်နိုင်ငံတည်းမှာတင် လူနည်းစုများ၏ ခံစားချက်တွေ။ ကျွန်စနစ်နှင့် နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်နှင့် ဦးနှောက်ယိုစီးမှု။ အားလုံးသည် လူသားတို့အား ခံစားမှုများစွာကို မွေးဖွားစေခဲ့သည်။

            တစ်ဖန် ဇာဟီယားနှင့် ရှာရွန်။ ယခုထိ လွတ်လပ်ရေးအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်နေရ၊ အငြင်း ပွားနေရသောအရပ်မှ လူမျိုး မတူ၊ ဘာသာ မတူသည့် စာရေးဆရာ နှစ်ယောက်၊ လူသားနှစ်ဦး။ သူတို့လည်း သူတို့အခွင့်အရေးများအတွက် ခံစားနေရသည်။ လူသားတို့သည် ခံစားတတ် သည်ချည်းပင်။

            နောက်ဆုံးတော့ ဒဲရစ်ဂျာမန်။ မည်သည့်အခါကမျှ ကျွန်မဖြစ်ခဲ့ရသည့်နိုင်ငံမှ နိုင်ငံသားတစ်ဦး၊ လူနည်းစုအဖြစ် မရပ်တည်ဖူးသူ၊ တစ်ကိုယ်ရည်လွတ်လပ်ရေးအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်စရာ မလိုခဲ့သောသူ။ သူကရော သူကလည်း ခံစားနေပြီကော။

            လူမှန်လျှင် ခံစားတတ်သည်ချည်းပင် ဖြစ်သည်။ လူချင်း မတူလျှင် ခံစားချက်ချင်း မတူနိုင်။ လူ ဘယ်နှမျိုးရှိလို့ ခံစားချက် ဘယ်နှမျိုး ရှိလေမလဲ။ ဆောင်းဦးပေါက်လေနှင့်အတူ အတွေးတွေက ဆော်သွေးလို့လာပါသည်။

မသီတာ ၊စမ်းချောင်း၊

၃ဝ.၉.ဝ၅

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။