ရွှေသုတ‌

ခင်နှင်းယု၏ မဲဇလီ အပိုင်း (၂)

မြေနီသစ္စာ

01 August 2025
ခင်နှင်းယု၏ မဲဇလီ အပိုင်း (၂)
Share to

ယခင်လမှ အဆက်...

 

မောတယ် တောအလယ်

က။

            စာရေးဆရာမကြီး ခင်နှင်းယု၏  အမည်ရင်းက ဒေါ်ခင်စု၊ ငယ်ငယ်တုန်းကတော့ မခင်စု၊ ငယ်သူငယ်ချင်းတွေ ခေါ်တော့ မိစု။

            မိစုနှင့် မိနုတို့က ဝါးခယ်မသူတွေ။ တစ်မြို့တည်းမှာ နေသော်လည်း မိနုက မြို့တစ်ဖက်ကမ်းက တရုတ်တန်း၊ မိစုက မြို့လယ်က ဘုရားကြီးလမ်းမှာ။

            မိနုနှင့် မိစုတို့ စတွေ့တော့ ရှစ်တန်းကျောင်းသားဘဝ ဦးဗိုကြီးကျောင်းမှာ၊ ဝါးခယ်မ အနောက်ပိုင်း ဦးဘိုးထင်ကျောင်းက မိစု ခုနှစ်တန်းအောင်၍ ဦးဗိုကြီးကျောင်းသို့ ပြောင်းအလာမှာ မိနုနှင့် တွေ့ခြင်းပင်။

            မိနုက တရုတ်ကပြား၊ အသားဖြူဖြူ၊ ဝဝတုတ်တုတ်၊ လုံးလုံးကလေး၊ ပဒုမ္မာ အင်္ကျီပါးပါးကလေး ဝတ်လာလျှင် ဖြူနုသော မိနုအသားနှင့် အလွန်လိုက်ဖက်သည်။ ဆံပင်ကလည်း သန်စွမ်းနက်မှောင်သည်။ ဆိုရပါလျှင် မိစုထက် မိနုက အလှပိုသည်။

            ဉာဏ်ရည်ဉာဏ်သွေးကျတော့ မိနုက ကျဲပါးကြုံလှီသည်။ သို့သော် အလွန်ကြိုးစားသည်။ သင်ခန်းစာတွေကို ကြွေးမကျန်အောင် လုပ်နိုင်သည်။

            မိနုအဖေက ဦးတန်းတိတ်၊ ဝါးခယ်မ တစ်ဖက်ကမ်းက ဆန်စက်ပိုင်ရှင်၊ မိနုအမေဆုံးသွားတော့ သူ့အမေ့ ညီမ (သူ့အဒေါ်) ကို ဦးတန်းတိတ်ယူသည်။ ယင်းမှာ မိနုသည် အဒေါ် မိထွေးလက်တွင် ကြီးပြင်းခဲ့ရသည်။

            ဒုတိယဇနီး (မိနုအဒေါ်) နှင့် သားတစ်ယောက် ရချိန်မှာ ဦးတန်းတိတ် ဆုံးသွားသည်။ ကြွေးကျန်တွေကြောင့် ဦးတန်းတိတ် ဆန်စက်က သူများလက်ထဲ ရောက်သွားသည်။

            မိနုအေးသလို အဒေါ်မိထွေးကလည်း အေးသည်။ တစ်နေ့လုံးနေ၍ စကားတစ်လုံးမျှ မပြော။ အိမ်မှုကိစ္စတွေမှာသာ အချိန်ကုန်သည်။

            ဦးတန်းတိတ် ဆုံးသွား၍ အတွင်းပစ္စည်းများတော့ ကျန်ခဲ့သည်။ သို့တိုင် စိန်တစ်လုံးရောင်း၍မှ ဘယ်လောက် တန်ဖိုးရှိမှန်း မသိသည့် ရိုးအလှသော အဒေါ်မိထွေးကြောင့် ချိုင့်ဖဲ့ခုတ်ထစ်သူ တို့လက်မှာ ရတနာတို့ မတန်တဆနှင့် ပျက်သုဉ်းချုပ်ငြိမ်းခဲ့ရသည်။

            နောက်ဆုံး လက်ကျန်စိန်လက်စွပ် တစ်ကွင်းကို ရောင်းလိုက်ပြီးချိန်မှာ မိနုသည် အလုပ်ရှာရအောင် မိစုနှင့်အတူ ရန်ကုန်သို့ လိုက်ခဲ့သည်။

            ၁၉၄၇ ခုနှစ်၊ အမှတ် (၈) ကိုယ့် မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလ ဌာနချုပ်၏ နောက်ဖေးတန်းလျားက အခန်းကျဉ်း ကလေးမှာ မိနုနှင့် မိစုတို့ အတူနေကြသည်။

            အဦးအစမှာတော့ မိနု ကံကောင်းသည်။ မိစုထက်စော၍ အလုပ်ရသည်။ ဖဆပလ ရုံးအဖွဲ့မှာ စာရင်းကိုင်၊ မိနုက ဝီရိယ ရှိသည်။ စေ့စပ်သေချာသည်။ ယင်းကြောင့် စာရင်းကိုင်အလုပ်နှင့် သင့်တော်သည်။

            နောက်သုံးလအကြာ ဖဆပလ ဝါဒဖြန့်ချိရေးဌာနမှာ မိစုအလုပ်ရသည်။ သူငယ်ချင်းနှစ်ယောက် တစ်လ ၄ဝ ကျပ်ဖြင့် ထမင်းလခပေးစားသည်။

            မိနုမှာ ရည်းစားရှိသည်။ ဝါးခယ်မမှာ ကျန်ရစ်သည်။ ခက်သည်မှာ မိနုနှင့် သူ့ရည်းစားကို နှစ်ဖက်မိဘတွေက သဘောမတူပါ။

            'မိနု ရည်းစားက မိနုရှိရာ ရန်ကုန်သို့ လိုက်လာမည်။ အလုပ်မရသေး၍ ငွေပါမလာပါ။ သူ့ရည်းစား အလုပ်မရခင် ငွေနည်းနည်းပါးပါး လိုမည်' ဟု မိစုကို မိနု အကူအညီတောင်းသည်။

            မိစုမှာ ငွေပိုငွေလျှံမရှိ၍ ပြေလည်မှ ပြန်ပေးရန် ရွှေကွင်းတပ် စလင်းကြယ်သီးလေးလုံးကို မိနုအား မိစုပေးသည်။

            နှစ်ပတ်အကြာမှာ ကြယ်သီးတွေကို ပြန်ပေးသည်။ မိနုထိခိုက်ကြေကွဲ နေသည်။ 'မိနုကို အထင်လွဲပြီး မိနု ရည်းစားက တခြားမိန်းကလေး တစ်ဦးကို ခိုးပြေးသွားကြောင်း' မိစုအား ပြောပြသည်။

            ဖောက်ပြန်ပြောင်းလဲ၍ သစ္စာမဲ့သွားသူကို စွန့်ပယ်မေ့ပစ်လိုက်ရန် မိစုက ဖြေလျော့နှစ်သိမ့်သည့်တိုင် မိနုကတော့ မျိုသိပ်ခံစားရဆဲပင်။

            ထိုစဉ်က မိနု မိစု နှစ်ယောက်စလုံး ဂျပန်ခေတ် ဆယ်တန်းအောင်ပြီးကြပြီ။ တက္ကသိုလ် သွားလိုလျှင် မက်ထရစ် စာမေးပွဲဝင်၍ အင်္ဂလိပ်စာ တစ်ဘာသာတည်း ဖြေရမည်မို့ အလုပ်တစ်ဖက်နှင့် မိနု၊ မိစုတို့ မက်ထရစ် ဖြေကြသည်။ မိစုအောင်၍ မိနုမအောင်ပါ။ 

            မိစုက တက္ကသိုလ် မသွားရသည့်တိုင် ဝန်ကြီးချုပ်ရုံးသို့ ရောက်သွား၍ မိနုကတော့ ဖဆပလ ဌာနချုပ်မှာပဲ ကျန်ရစ်ခဲ့သည်။ ထိုကစ၍ အတူနေခဲ့ ကြသော မိနုနှင့် မိစုတို့ တစ်ကွဲစီ ဖြစ် သွားကြသည်။

            တစ်နှစ်လောက် အကြာမှာ ဖဆပလ လက်ထောက်အတွင်းရေးမှူး ပါလီမန်အမတ် ဦးသူတော်နှင့် မိနုလက်ထပ်သည်။ ဦးသူတော်က မိနုထက် အသက် ၁၇ နှစ်ကြီးသူ။ ချစ်သူဆုံးခဲ့ရသူ မိနုက အမှီသဟဲအဖြစ် အရှည်ရည်စူးလျက် ဦးသူတော်ကို ယူလိုက်ခြင်းပင်။

            ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မိနုမွေးသည်။ ကလေး ရှိ၍ ဆရာဝန်ပြတော့လည်း ဦးသူတော် လိုက်မလာ၊ ကလေးမွေးတော့လည်း တစ်ခါတလေမျှပင် မိနုကို ဦးသူတော် မျက်နှာလာမပြပါ။ နေနိုင်လိုက်သည့် ဦးသူတော်။ အားကိုးရမည့် အမှီသဟဲအဖြစ် ရည်စူးမှုသည် မိနုအဖို့ သဲထဲ ရေသွန် ဖြစ်ခဲ့ရပြီ။

            ကလေး ၁ဝ ယောက် မိနုမွေးသည့်အနက် သမီး ၄ ယောက်၊ သား ၂ ယောက် အဖတ်တင်သည်။

            ၁၉၆၂ မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်သည်။ ဦးသူတော် အဖမ်းခံရသည်။ မိနုလည်း အလုပ်မရှိတော့။

            လင်သားမရှိခိုက် ကလေး ၆ ယောက်နှင့် စမ်းတဝါးဝါး ရုန်းကန်နေရရှာသော မိနုကို ကျောင်းဆရာမ အလုပ်ရအောင် မိစုက ကူညီသည်။

            မူလတန်း ဆရာလစာနှင့် နှစ်နှစ်လောက်ထိ မိနု ကုန်းရုန်းအားထုတ်ပြီးနောက်မှာ ဦးသူတော် ပြန်လွတ်လာသည်။

            အစိုးရက ပါလီမန်အမတ် ပင်စင်တစ်လ နှစ်ရာပေးရာ တစ်ရာသာ မိစု ပေးပြီး ကျန်ငွေတစ်ရာကို သူ့ကိုယ်ရေး ကိုယ်တာမှာ ဦးသူတော် သုံးသည်။ ယင်းကလွဲ၍ အိမ်စားဝတ်နေရေးကို ဘာတစ်ခုမျှ ဦးသူတော် ပြန်မကြည့်ပါ။  

            ကလေးတစ်ယောက် နေမကောင်းလျှင် ဦးသူတော်က ကျောင်းကို လူလွှတ်ပြီး မိနုခေါ်ခိုင်းသည်။ မိနု ခွင့်ယူပြီး ကလေးကို ဆေးခန်းပို့ရသည်။ ဦးသူတော်က ကလေးကို လက်ဖျားနှင့်ပင် မတို့ပါ။ အိမ်ဦးခန်းတွင် ငုတ်တုတ်ထိုင်လျက် ဦးသူတော် မလှုပ်မယှက်။

            ဒီကြားထဲ မိနုကို သိပ်ဂရုစိုက်သော သားကြီး ကျော်ဇောဝေ ရေနစ်သေဆုံးသည်။ မိခင်အပေါ် တကယ် သိတတ်သည့်သားငယ် ဖိုးလမင်း ရှိနေ၍သာ မိစုတော်တော့သည်။

            သမီးတွေ အားလုံး ဒီဂရီရအောင် မိနုက ပညာပေးလိုက်သည့်တိုင် မိခင်၏ ဆည်းဆာနေညိုချိန်မှာ ဘာမျှ အားကိုးမရပါ။

            မကြာခင် ကျောင်းဆရာပင်စင် မိနုရသည်။ ခမျာ မနားရပါ။ တစ်လ တစ်ဆယ်၊ ဆယ့်ငါးကျပ်ယူကာ အိမ်ရှေ့မှာ ကလေးတွေ အပြည့်နှင့် မိနု ကျူရှင် သင်ရပြန်သည်။

            ယခု မိနုသည် ဆံဖြူ ခါးကိုင်း ပိန်လှီနေသည်။ ချော်လဲထား၍ လက်တစ်ဖက်က ကျိုးနေသေးသည်။ လမ်းလျှောက်တော့လည်း ခြေတစ်ဖက်က မသွက်တော့ပါ။ ၁၉၉၄ ဖေဖော်ဝါရီလ မှာ ဦးသူတော် ဆုံးသည်။

            ၆ လလောက်အကြာမှာ ဦးနှောက် အမှေးရောင်ရောဂါဖြင့် မိနု အိပ်ရာပေါ်လဲသည်။ သတိမရ၍ ဆေးရုံတင်ရသည်။ ပိုက်တွေ ပိုက်တွေ လက်မှာ၊ နှာခေါင်းမှာ၊ ဆီးအိမ်မှာ၊ ၁ဝ ရက်ပဲ ခံသည်။ အသက် ၇ဝ အရွယ် (၁၁-၈-၁၉၉၄) နေ့မှာ မိနုကွယ်လွန်သည်။ 

ခ။

            မောတယ် တောအလယ်သည် (ချစ်သူငယ်ချင်း မိနုက မိစုဟု ချစ်ခင် မြတ်နိုးစွာ ခေါ်ခံရသည့်) စာရေးဆရာမကြီး ခင်နှင်းယုက ပြန်ပြောပြသည့် ဇာတ်လမ်းပင်။

            စာရေးရန်အတွက် စာရေးဆရာတွင် သိမ်မွေ့နက်နဲသော ဝေဒနာ အစအနတို့ဖြင့် ပေါင်းဖွဲ့စုစည်းထားသော 'စေတနာ' သည် ပထမဆုံး ပေါ်လာရလေသည်။ 'လူ့ဘောင်က တစ်စုံတစ် ရာသော အမှန်တရားနှင့် စာရေးဆရာ၏ အဇ္ဈတ္တသန္တာန်က သိမှုတို့ ဆက်ဆံတုံ့ပြန်ရာက ယင်း 'စေတနာ' သည် ဖြစ်ထွန်းပေါ်ပေါက်လာသည်' ဟု စာပေပညာရှင်တို့က ဖော်ပြကြသည်။

            ယင်း 'စေတနာ' ကြောင့် အသိပေးချင်၊ ပြောပြချင်သည့် အကြောင်းအရာကို စာရေးမှု အတတ်ပညာဖြင့် ထုံမွန်းသွန်းထုလိုက်ရာက ဝတ္ထုတည်းဟူသော အနုပညာသည် မွေးဖွားသန့်စင် လာရတော့သည်။

            'မောတယ် တောအလယ်' ကို စာဖတ်နာသော ပညာတတ် အမျိုးသမီး တစ်ဦးက 'ဖတ်ရင်း မိနုအတွက် ရင်မောနေရတယ်၊ မိနုအတွက် စာနာစိတ် ပေါ်လာတယ်။ မိနုကို သနားတယ်။ ဦးသူတော်အပါအဝင် မိနုအပေါ် မတရား အနိုင်ကျင့်သူတွေကိုလည်း ရွံရှာမုန်းတီးတယ်' ဟု ထင်မြင်ချက် ပေး၏။

            မောတယ်တောအလယ်သည် အကြောင်းအရာအရ ဘာမျှ မဆန်းကြယ်ပါ။ ချစ်သူ၏ အထင်မှား စွန့်ပစ်ခြင်းခံရသော စိတ်ကောင်းနှလုံးကောင်းရှိသူ ဝါးခယ်မသူ (နုနု) မိနု၏ ဇာတ်ကြောင်းဖြစ်သည်။ အထီးကျန်ဘဝတွင် မိနုသည် အားကိုးအားထားအဖြစ် မိမိထက် ၁၇ နှစ်ကြီးသူ ဦးသူတော်ကို ယူလိုက်မိရာက အထင်နှင့်အမြင် တက်တက်စင်အောင် လွဲမှားရပုံကို သင်ခန်းစာ ပေးထားသည့် ဝတ္ထုတစ်ပုဒ်ပင်။

            စစ်စစ် မိနု၏ ဖြစ်စဉ်သည် အလွန်ရိုးစင်းသော အကြောင်းအရာမျှသာ ဖြစ်၏။ ထူးခြားသည်ကား ထိုမျှ ရိုးစင်းသော ဇာတ်ကြောင်းကို ဆုံးသွားသည်ထိ ဆက်ဖတ်ချင်အောင် ဆွဲခေါ်ယူနိုင်စွမ်းပင်။

            'ဤကမ္ဘာကြီး ရှိနေသမျှ ကာလပတ်လုံး လူ့စရိုက်သဘာဝသည် မပျောက်မပျက်နိုင်ဘဲ အမြဲတည်ရှိနေပေမည်' ဟု ကမ္ဘာကျော် စာရေးဆရာကြီး ဆမ်မားဆက်မွမ်က ဆိုမိန့်ဖူးသည်။ ယင်းအဆိုအတိုင်း သုံးသပ်ရလျှင် မိနုအိမ်ထောင်စု၏ စရိုက်သဘာဝသည် လူတို့၏ အဆိုးအကောင်း စရိုက်သဘာဝတို့ကို ရောပြွမ်းစုမွှေထားရော့သလားဟု ထင်မြင်နိုင်ဖွယ်ရှိသည်။

            စာရေးဆရာသည် သူနှင့် လက်တစ်ကမ်းအကွာတွင် ရှိခဲ့သော ငယ်သူငယ်ချင်း မိနုကို သီကုံးဖွဲ့နွဲ့ရာတွင် သူ့ သဘောသူဆောင်သည်ဟူသော သဘောတရားကို နှလုံးမသွင်းနိုင်လောက် အောင် ရင်ထုမနာစိတ်ဖြင့် ဖွဲ့သည်။ ဖြစ်မှ ဖြစ်ရလေခြင်းဟု စာနာစိတ်ဖြင့် ဖွဲ့သည်။ မတရားမှုအတွက် တရားမှုကော ရှိပါဦးမည်လောဟု စောကြောဇောစိတ်ဖြင့် ဖွဲ့သည်။

            စာရေးဆရာမကြီး ခင်နှင်းယု၏ ထူးကဲသော ဂုဏ်ရည်မှာ အမှန်တရား ပေတံနှင့် တိုင်း၍ စိမ်းသောကျက်သော မရွေးဘဲ မထောက်မညှာ ဖော်ပြတတ်မှုပင် ဖြစ်၏။

            မောတယ် တောအလယ်တွင် ဖဆပလ ပါလီမန်အမတ် ဦးသူတော်၏ စရိုက်ကို ဖြစ်စဉ်ပြ၍လည်းကောင်း၊ ဖွင့်ဆိုရှင်းပြ၍ လည်းကောင်း မှုန်းခြယ်စီ ရေးထားသည်မှာ ခါးသီးသော ရသကို စားသုံးဝါးမျိုလိုက်ရသလို ထိတွေ့ခံစား လာရပေသည်။

            မိနုသည် အလုပ်ကိုသာ ထွေးပိုက်ပွေ့ဖက်ထားသူ၊ လျှောကျသက်ဆင်းနေသော အဖြစ်အနေတို့ထဲကနေ၍ ရုန်းကန်ထိုးထွက်နေသူ၊ မိသားစုအပေါ် မေတ္တာဖြင့် ခြုံလွှမ်းပတ်မိုးလျက် လွဲချော်ယွင်းမှားမှုကို ရှောင်ရှားနိုင်သူအဖြစ် သူ့ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် သွားသည်။ ယင်းသည် မိန်းမသားတို့၏ လေးစားချီးကျူးထိုက်သော 'စံ' တန်ဖိုးပင်။

            ယင်းသို့သော လှိုက်ဖိုရင်မောဖွယ်ရာ မိနုဘဝကို ရေးခြယ်သီကုံးထားခြင်းသည်ပင် စာရေးဆရာသည် စာဖတ်တို့အား ဝေဒနာရထားကြီးဖြင့် ခရီးရှည်ကြီး တစ်ခုကို ခေါ်သွားနေသလိုပင်။

ဆက်လက်ဖော်ပြပါမည်။

မြေနီသစ္စာ

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။