မောင်သန်းဆွေ ၊ထားဝယ်၊
မွေးသရဲ ဝတ္ထုအစတွင် ဆရာ ဦးအောင်ကြီး၏ ကျေးဇူးကြောင့် ကိုကိုလေးနှင့် မခင်ယုံတို့ ဇနီးမောင်နှံမှာ ကျန်းမာပျော်ရွှင်စွာနှင့် နေကြရပုံ၊ ကျေးဇူးရှင်ဆရာကြီးကို အိမ်ဦးခန်းမှာ ထားပြီး ပြုစုစောင့်ရှောက်ဆည်းကပ်ခဲ့ပုံ၊ နှစ်လကျော် သုံးလနီးပါး ကြာသော အခါ ဆရာကြီး၏ ဂုဏ်သတင်းကြောင့် မြို့ပေါ်ရှိ ဝေဒနာရှင်များ လာရောက် ကုသကြသည်မှာ ဥဒဟိုမစဲ စည်ကား ပြည့်ကျပ်လျက် ရှိပုံ၊ ဆရာကြီး၏ ဝေယျာဝစ္စများကို ကိုကိုလေးက ဆောင်ရွက်ပြီး မခင်ယုံကလည်း ဧည့်ပရိသတ်များအား ဧည့်ဝတ်ကျေစွာ ပြုစုပုံတို့ အကြောင်းကို ရေးသားထားပါသည်။
တစ်နေ့တွင် ဆရာကြီးကို
မန္တလေးမြို့အနီး ပုသိမ်ကြီးမှ လူနာတစ်ဦး ကုသရန် လာပင့်သည်။ လူနာမှာ
ပယောဂအစွဲလွန်စွာ ကြမ်းသောကြောင့် ဆရာကြီးထံ ခေါ်မလာနိုင်ပါ။ ဆရာကြီးကိုယ်တိုင် ကြွရောက်ကုသမှ
ဖြစ်မည့်အတွက် ဆရာကြီး သွားရမည်ဖြစ်ရာ ကိုကိုလေးလည်း ဆေးအိတ်ကို ထမ်း၍
ဆရာကြီးနောက်ပါးမှ မော်တော်ကားနှင့် ပါသွားလေသည်။ ပုသိမ်ကြီးတွင်
နှစ်ရက်ခန့်ကြာသွားရသည်။ ကိုကိုလေးနှင့် မခင်ယုံတို့မှာ စ၍ ညားကတည်းက မခွဲစဖူး
ခွဲခဲ့ရခြင်း ဖြစ်သည်။ အိမ်သို့ ပြန်လာကြသောအခါ မခင်ယုံသည် ယခင်ကကဲ့သို့
စိုပြေပြည့် ဖြိုးမနေဘဲ ခြောက်ကပ်ကပ် ဖြစ်နေပြီးလျှင် မျက်နှာလေးမှာလည်း
ညှိုးညှိုးငယ်ငယ် ဖြစ်နေသည်။ မျက်တွင်းကလေးများလည်း ညိုမဲလျက်ရှိ၏။
ချောင်းဆိုးနေပြီး ချောင်းဆိုးပြီးသည့်အခါတိုင်း မောဟိုက်ပင်ပန်းကာ
အားအင်ကုန်ခမ်းသွားပုံရသည်။ ဆရာကြီးနောက်သို့ လိုက်သွားသည့် နှစ်ရက်အတွင်း မခင်ယုံ
ဤမျှ ပိန်းချုံးသွားရခြင်း၊ ပြောင်းလဲသွားရခြင်းအတွက် အံ့သြစရာ ဖြစ်နေသည်။
ဆရာကြီးကို အကျိုးအကြောင်းပြော၍ ပြသရာ ဆရာကြီးလည်း နည်းပေါင်းစုံနှင့်
စမ်းသပ်ကြည့်ရှု၏။ ပယောဂ အနှောင့်အယှက် ဆို၍ လုံးဝမရှိ။ ပကတိ သွေးရိုးသားရိုး
ဖြစ်လာသော ဝေဒနာဟု အမိန့်ရှိသဖြင့် အင်္ဂလိပ်လူမျိုး ထောင်ပိုင်ဆရာဝန်ကြီးကို
ခေါ်၍ ပြသရသည်။ မခင်ယုံ၏ ရောဂါမှာ ချောင်းဆိုးသွေးပါ၍ နှလုံးအိမ်သွေးကြော
သွားလာခြင်းမှ ချွတ်ယွင်းသောရောဂါ၊ မြန်မာအခေါ်အားဖြင့် မြစ်ချောက်နာဟု သိရသည်။ သည်ရောဂါမျိုးသည်
ချပုန်းစွဲသော တိုင်ကဲ့သို့ အတွင်းဆွေးဆွေးပြီး တဖြည်းဖြည်း ယိုင်လဲတတ်သည့်ပမာ
ဆေးတွေ့ခဲလျက် အသက်တိုတတ်သော ရောဂါမျိုး ဖြစ်သည်။ ဆရာဝန်ကြီးကလည်း ကြိုးစား၍
ကုသပေးပါသည်။ သို့သော် ကိုကိုလေးအား မခင်ယုံနှင့် ပေါင်းသင်းမနေရ။
နှစ်နှစ်ခန့်လောက် ခွဲခွာနေမှ ရောဂါပျောက် ကင်းချမ်းသာအောင် ကုသပေးနိုင်မည် ဟု
ပြောသည်။ မခင်ယုံအား အဖြစ်မှန်ကို ပြော၍မဖြစ်ပေ။ မိဘနှစ်ပါးကိုသာ ဟုတ်မှန်သလောက်
ဖွင့်၍ပြောပြီး ဆရာဝန်ကြီးနှင့် တိုင်ပင်၍ ဆေးကုသပေးရလေသည်။
ကိုကိုလေးသည် အိမ်ပေါ်ရှိ ဆရာကြီး
ဦးအောင်ကြီး သင်ကြားပြသသော နည်းနာများကိုသာ စိတ်ရောကိုယ်ပါ နာခံမှတ်သားလျက်
ရောဂါကုထုံးနည်းများတွင် သူ၏စိတ်ကို မြှုပ်နှံထားလိုက်သည်။ မခင်ယုံသည် ကိုကိုလေးက
သူ့အား ခပ်ကင်းကင်းရှင်းရှင်းနေသည်ကို အကြောင်းမှန်မသိရှာသဖြင့် ပူဆွေးသောက
ရောက်ရရှာသည်။ ကိုကိုလေးကို ဖွင့်မေးသော်လည်း လိုချင်သော အဖြေမရရှာပေ။ ဆရာကြီးထံ
တပည့်ခံနေ၍ ဆရာကြီးက နတ်ကြီးငါးပါး မှော်၊ သမာဓိမှော် စသည်တို့ကို သင်ကြားပေးနေစဉ်
အထက်လမ်းပညာ စွမ်းရည်သတ္တိရှိချင်လျှင် သိက္ခာသမာဓိနှင့် နေရမည်။
ကိုယ်တိုင်သန့်ရှင်းအောင် နေရမည်။ သို့မှ အာဏာစက် သက်ရောက်မည်ဟု ပြောသဖြင့်
ယခုလိုနေရ ပါကြောင်း၊ သို့မဟုတ်က မှော်ပေါက်ပြီး မှော်ရူးဖြစ်ခါ စိတ်လွင့်သွားပြီး
တကယ့်အရူးကြီးကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း၊ လိမ်ညာခြောက်လှန့်၍
ချော့မော့ထားလေသည်။ သို့သော် တစ်အိမ်တည်းတွင် ဤကဲ့သို့ အတူနေပြီး ကြာရှည်စွာ
ခွဲခွာနေရမည်မှာ အလွန်ချစ်သော ဇနီးမောင်နှံအဖို့ အခက်အခဲကြီး ခက်ခဲရလေသည်။ ဆရာကြီး
ပုသိမ်ကြီးသို့ ပြန်ပြီး ဆေးကုသွားရမည် ဖြစ်ရာ ဆရာကြီးနောက်သို့ လိုက်သွားပြီး
ခွဲနေမှတော်မည်ဟု အကြံရသည်။ မခင်ယုံအား ခွင့်တောင်းရာ ယခင်တစ်ခါကကဲ့သို့
နှစ်ရက်ခန့်မျှသာ ကြာမည်ထင်၍ ခွင့်ပြုသည်။ သို့သော် အနည်းဆုံး ရက်ပေါင်း ၂ဝ၊ ၂၅
ရက် ကြာမည်ဟု ပြောသဖြင့် မခင်ယုံမှာ ခွင့်မပြုချင်သော်လည်း သူ၏ချစ်လင်
စိတ်ပါဝင်စားနေသော ဆရာကြီး ပညာရရှိရေးအတွက် ခွင့်ပြုလိုက်ရလေသည်။ ပုသိမ်ကြီးနှင့်
မန္တလေးအနီးကလေးဖြစ်၍ ကားနှင့် သည်ကြားထဲတွင် ပြန်လာနိုင်သည်ဟု မခင်ယုံ
အထင်ရှိသည်။ ကိုကိုလေးမှာ မခင်ယုံကို ကုသပေးနေသည့် အင်္ဂလိပ်ဆရာဝန်ကြီးကိုလည်း
အကြောင်းစုံပြောပြပြီး မခင်ယုံအား အပ်ထားခဲ့ရသည်။ မိဘနှစ်ပါးကိုလည်း နားလည်အောင်
ရှင်းပြပြီး မခင်ယုံကို အပ်ထားခဲ့ရသည်။ သို့နှင့် ဆရာကြီးနောက်
ပုသိမ်ကြီးမြို့အရောက် လိုက်ပါခဲ့လေသည်ဟု မွေးသရဲ ဝတ္ထုအစတွင်
ကိုကိုလေးနှင့်မခင်ယုံတို့ ရက်ရှည်ခွဲခွာနေရပုံကို ယုတ္တိယုတ္တာ ခိုင်လုံစွာဖြင့် ရေးပြထားသည်ကို
တွေ့ရပါသည်။ ပြီးမှ မွေးသရဲ ဇာတ်လမ်းကို ဆက်၍ရေးသည်။
မွေးသရဲ ဝတ္ထုတွင် ဦးထွန်းဝင်း၊
ဒေါ်ဖွားချစ်၊ ဒေါ်အေးမယ်တို့ ဇာတ်လမ်းက တစ်ပိုင်း၊ ကိုကိုလေးနှင့် မခင်ယုံတို့
ဘာကြောင့်ခွဲခွာကာ နေကြရသည့် ဇာတ်လမ်းက တစ်ပိုင်း၊ နှစ်ပိုင်း ပေါင်း၍
ဖန်တီးထားခြင်း ဖြစ်သည်။ သည်ဝတ္ထုနှင့် ပတ်သက်၍ အန်တီခင်ကို မေးခဲ့ဖူးပါသည်။
'မွေးသရဲ ဝတ္ထုမှာ ဇာတ်လမ်းသာ
ဆုံးသွားတယ်။ သရဲမကြီးကို ဆရာကြီးတို့၊ ကိုကိုလေးတို့ အနိုင်မရလိုက်ဘူးနော်
အန်တီခင်'
'ဟုတ်တယ်။ ဒီလိုပဲ
အဆုံးသတ်ထားတယ်'
'ကိုကိုလေးနဲ့ မခင်ယုံတို့
ရက်ရှည်လများ ခွဲခွာနေရတာကို တခြား ဇာတ်လမ်းတစ်ခုဆင်ပြီး ရေးလို့မရဘူးလား။
ဘာဖြစ်လို့ မွေးသရဲ ဝတ္ထုနဲ့ ပေါင်းစပ်ထားရတာလဲ'
'သူတို့ခွဲနေရတဲ့ အကြောင်းကို
သီးခြားတစ်ပုဒ် ရေးလောက်အောင် ဇာတ်လမ်းတစ်ပုဒ် မဖန်တီးဘဲ မွေးသရဲ ဝတ္ထုထဲမှာ
ထည့်လိုက်ရတာက ဝတ္ထုအကြောင်းအရ မန္တလေးနားက ပုသိမ်ကြီးကို အခြေခံထားခဲ့တယ်လေ။
ပုသိမ်ကြီးကို အခြေခံထားမှ မခင်ယုံက ကိုကိုလေးကို အလွယ်တကူ ခွဲနေဖို့
ခွင့်ပြုလိုက်မယ် မဟုတ်လား။ မန္တလေးနဲ့ သွားရလာရ နီးတာကိုး။ ပြီးတော့မှ
သူတို့နှစ်ယောက်ကို တဖြည်းဖြည်း ခွာရေးသွားရမှာ။ နောက်ပြီး ဒီဇာတ်လမ်းနဲ့
ဆင်ဆင်အကြောင်းတစ်ရပ်ကလည်း ပုသိမ်ကြီးမှာ ဖြစ်ခဲ့တယ်။ အဘိုးဝက်မစွတ်မင်းကြီးဆီ
လာနေတဲ့ သံတော်ဆင့်ဟောင်း ဦးလွှားက ဒီအကြောင်းပြောနေတာကို ကြားဖူးလို့
မွေးသရဲဆိုပြီး လုပ်လိုက်ရတာ'
'ဒါဖြင့် ဒီဝတ္ထုဟာ
အဖြစ်မှန်ပေါ့'
'အဖြစ်မှန်ရယ်လို့လည်း
မဟုတ်ပါဘူး။ အဖြစ်မှန်က နဂိုယူထားတဲ့ မယားငယ်ကို မယားကြီးသေလို့ အိမ်ပေါ်တင်တော့
မကျွတ်သေးတဲ့ မယားကြီးက အမျိုးမျိုးနှောင့်ယှက်တဲ့ အကြောင်းလောက်သာပါ။ အခုလို
အန်တီခင်ရေးတဲ့အခါမှာ ဘုရားဟော၊ သုတ်ဒေသနာတော်တွေ ဖြစ်တဲ့ ၅၅ဝ၊ နိကယ်ငါးရပ်၊
အပဒါဏ်၊ သီလက္ခန်၊ ဓမ္မပဒ၊ အင်္ဂုတ္ထုရ်၊ ပေက၊ ဝိမာန စတဲ့ ဝတ္ထုကျမ်းဂန်တွေထဲကရော၊
လောကီကျမ်းတွေဖြစ်တဲ့ တစ္ဆေဒီပနီးကဝေသာရ စတဲ့ စာအုပ်စာတမ်းတွေကို ဇာတ်လမ်း
တန်ဆာဆင်ပြီး နာနာဘာဝ၊ တစ္ဆေသရဲ၊ ဥစ္စာစောင့်၊ နတ်စိမ်း၊ နတ်မိစ္ဆာများနဲ့
စုန်းကဝေ၊ ဇော်ကနီမောက်လုံး၊ မောက်ပြား၊ မောက်ကတော်၊ မှော်ကတော်၊ ထဘီခြုံ၊
ထမံသီစတဲ့ အောက်လမ်း လက်ဝဲဂိုဏ်းတွေအကြောင်းကို မှတ်တမ်းတစ်ခု ပြုထားပြီး
မှတ်တမ်းကို အခြေခံပြုကာ စိတ်ကူးဉာဏ်နဲ့ ချဲ့ထွင်ပြီး ကလောင်နဲ့
တန်ဆာဆင်ထားတာတွေပါပဲ'
'ကျွန်တော်တို့ ခုနစ်တန်း၊
ရှစ်တန်းလောက်တုန်းက ဗမာ့ခေတ် သတင်းစာထဲမှာ မြို့စောင့်သရဲကြီး ဆိုတဲ့
ဝတ္ထုတစ်ပုဒ် ဖတ်ဖူးတာ သတိရနေတယ်။ နောက်လည်း ဆက်မပါတော့ဘူး'
'အဲဒီဝတ္ထုက မှော်ဆရာမှတ်တမ်း
ပေါင်းချုပ်စာအုပ်တွေ ရိုက်နှိပ်ထုတ်ဝေခြင်း မပြုသေးမီ စာမြည်းသဘောနဲ့ ထည့်လိုက်တာ
ပရိသတ်က အတော်စွဲကြတယ်။ ဒါကြောင့်ပဲ မှော်ဆရာ မှတ်တမ်း ပေါင်းချုပ်စာအုပ်တွေကို
ထုတ်ဖြစ်တာပေါ့'
'ကျွန်တော်တောင်
အဲဒီဇာတ်လမ်းကို မေ့တေ့တေ့ ဖြစ်နေပြီ။ ဇာတ်လမ်းကို အင်းဝမှာ အခြေခံထားတယ်ဆိုတာတော့
မှတ်မိတယ်'
'ဟုတ်တယ်၊ ဟုတ်တယ်။ အင်းဝ
မြို့ရိုးနားမှာ ဆောက်ထားတဲ့ဂတ်တဲ (ယခုခေတ်ရဲစခန်း) နားက ပုလိပ်(ရဲ)
တန်းလျားတွေမှာ ဖြစ်တဲ့အကြောင်းလေ။ အင်းဝမြို့စောင့်သရဲကြီးက ဂတ်သူဂတ်သားတွေကို ဖမ်းစားနေတဲ့
အကြောင်းပေါ့'
'မှတ်မိပြီ၊ မှတ်မိပြီ။
ဂတ်တဲနား မှာနေတဲ့ အမှုထမ်း သားသမီးတွေဟာ မတော်တဆ ပြေးရင်းလွှားရင်း လဲပြိုသွားရင်
အနာတရ ပြင်းပြင်းထန်ထန် မရှိပေမယ့် နာတာရှည်လူမမာကလေး တွေ ဖြစ်သွားပြီး
နောက်ဆုံးသေကြရတာ။ မွေးပေါက်စကလေးတွေ ဆိုရင် လန့်အော်တက်တက်သွားပြီး သေရတဲ့
အကြောင်းလေ။ အဲဒီက ရဲအုပ်ဆီမှာ အစားအစာတွေ ပျောက်ပျောက်သွားတယ်။ ရဲအုပ်ကတော်ကလည်း
အိမ်စေမလေးကိုပဲ ခိုးစားတယ်လို့ ရိုးစွပ်နေတယ်။ အိမ်စေမလေးဟာ အစွပ်စွဲခံရတော့
မခံချင်တာနဲ့ မနက်ကို ဆွမ်းလောင်းမယ့် ဝက်သားဟင်းအိုးကြီးကို တစ်ညလုံး မအိပ်ဘဲ
ထိုင်စောင့်နေတာ။ အိမ်စေမလေးရဲ့ ငယ်သံပါအောင် အော်သံကြားတော့ လူတွေ ဝိုင်းလာကြ
ရော။ သတိမေ့နေတဲ့ အိမ်စေမလေးကို သတိရအောင် လုပ်ပေးကြပြီး မေးကြည့်တော့မှ
ဧရာမသရဲကြီးတစ်ကောင်က ဝက်သားဟင်းအိုးကြီးကို ထိုင်စားနေတဲ့အကြောင်း ပြောပြတာလေ'
'ကိုထူးက တော်တော်မှတ်မိသားပဲ'
'မှတ်မိတာပေါ့ အန်တီခင်ရယ်'
'အန်တီခင်တော့ ခုသိပ်မေ့တာပဲ။
မနည်းပြန်စဉ်းစားရတယ်။ အေးလေ၊ လူကြီးနဲ့ လူငယ်ဆိုတော့ ဘယ်တူပါ့ မလဲ။ ဒါနဲ့
နောက်ဘာဖြစ်သွားလဲ'
'ရဲအုပ်ရဲ့သားကလေး ဝေဒနာ
မရှိဘဲ ရုတ်တရက်သေသွားတယ်။ ရဲအုပ်မိန်းမ နောက်ကလေးတစ်ယောက် မွေးတော့လည်း
အဲဒီမြို့စောင့်သရဲကြီးက ပြောင်ပြောင်တင်းတင်းပဲ အူ အသည်းတွေ နှုတ်စားတာကို
မြင်ကြရတာကိုး။ ရဲအုပ်က သေနတ်နဲ့ လိုက်ပစ်မှ ပျောက်သွားတယ်။ တစ်နေ့တော့
စစ်ကိုင်းချောင်က သီလသမာဓိနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတစ်ပါးကို သတင်းကြားနဲ့
သွားပင့်ပြီး အကြောင်းစုံ ပြောပြရတော့တာပေါ့။ ဆရာတော်ကြီးလည်း ရဲအုပ်အိမ်ကို အပြီးကြွလာ
နေထိုင်ပြီး နံနက်တိုင်း ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ရတနာသုတ် အစရှိတဲ့
ပရိတော်ကြီးများကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုပေးတယ်။ အိမ်ပတ်လည်ကိုလည်း
ပရိတ်ကြိုးတွေ ချည်ပေးတယ်။ ဒီတော့မှ အိမ်အောက်က နေပြီး မြို့စောင့်သရဲကြီးက
ထွက်လာပြီး ပြေးရတော့တာ။ ဆရာတော်ကြီးက ရဲအုပ်ရဲ့ အိမ်အောက်မြေထဲမှာ
တစ်ခုခုရှိရမယ်ပြောလို့ တူးကြည့်တဲ့ အခါမှာ ဧရာမစဥ့်အိုးကြီးတစ်လုံးကို
တူးဖော်တွေ့ရှိရတယ်။ အိုးကြီးထဲမှာ ဆီတွေ တစ်ဝက်လောက်ရှိသေးပြီး ဆီထဲမှာတော့
လူ့အလောင်းကြီး ရှိတယ်။ ဆရာတော်ကြီး ပြောတာက မြို့တော်တည်တဲ့အခါမှာ ဘုရင်က
မြို့စောင့်အနေနဲ့ လူစတေးပြီး အနှစ်တစ်ထောင်ပတ်လုံး စောင့်ရမယ်လို့
အမိန့်ချထားလို့ မြို့စောင့်သရဲကြီး ဖြစ်နေတာ။ သောင်းကျန်းချင်တိုင်း
သောင်းကျန်းနေတာ။ နောက်ဆုံးတော့ စစ်ကိုင်းက ဆရာတော်ကြီးကြောင့် မြို့စောင့်သရဲကြီး
ထွက်ပြေးသွားရတဲ့ အကြောင်းပါပဲ'
ဗမာ့ခေတ်သတင်းစာထဲတွင် စာမြည်းအဖြစ်
ထည့်ပေးလိုက်သည့် မြို့စောင့်သရဲကြီး ဝတ္ထုကို ပရိသတ် စွဲကြသဖြင့်
မှော်ဆရာမှတ်တမ်း ပေါင်းချုပ် စာအုပ်များ အမှတ်စဉ်အတိုင်း ထုတ်ခဲ့ရခြင်း ဖြစ်သည်။
▀
မောင်သန်းဆွေ
၊ထားဝယ်၊
မှတ်ချက်။ ။
(စာရေးဆရာကြီး စောမုံညင်းက ဒဂုန်ခင်ခင်လေး၏ အမွေခံတို့သည် မှော်ဆရာမှတ်တမ်း
ပေါင်းချုပ် စာအုပ်များကို ပြန်လည်ရိုက်နှိပ်ထုတ် ဝေမည်ဖြစ်ရာ ပထမစာအုပ်ပင်
ထွက်ပြီ ဖြစ်ကြောင်း ပြောပြပါသည်။)
(အမှတ် ၁၉၂၊
နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။