မောင်မောင်၊ဥပဒေ၊
အမေလူထုဒေါ်အမာ၏
စေတနာဖြင့် တိုက်တွန်းမှုကြောင့် မြန်မာစာပေလောကတွင် 'ရွှေဥဒေါင်း၏
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ဟူသည့် အတ္ထုပ္ပတ္တီကြီး မားမားမတ်မတ်
ပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည် လောကဇာတ်ခုံပေါ်၌ လူတို့ မကချင်သည့်တိုင်အောင်
ဇာတ်လမ်းမျိုးစုံ ကပြနေရကြောင်းကို တစ်သက်တာ မှတ်တမ်းက ဖော်ပြနေသည် ၂ဝဝ၅ ခုနှစ်
နိုဝင်ဘာ လ ၂၉ ရက်နေ့ဆိုလျှင် မန္တလေးမြို့မှ စာရေးဆရာမကြီး အမေလူထုဒေါ်အမာ အသက်
၉ဝ တင်းတင်း ပြည့်ပါပြီ။ တောင်လေးလုံးမှာ နှစ်စဉ်ကျင်းပသော အမေ့မွေးနေ့ပွဲများသို့
အမှတ်တရ လက်ဆောင်ပစ္စည်း ယူလာလျှင် အမေက မကြိုက်ပါ။ ဘာပစ္စည်းမှ ယူမလာကြပါနဲ့ဟု
အတိအလင်း တားမြစ်လေ့ရှိသည်။
ဒီနှစ်တော့ ကြုံတောင့်ကြုံခဲ အသက် ၉ဝ
ပြည့် မွေးနေ့မို့ အမှတ်တရ စာတစ်ပုဒ် ရေးသားပြီး ဂါရဝ ပြုမည်ဟု စိတ်ကူးထားသည်။
ဘာအကြောင်း ရေးမည်နည်းဟု အထူးစဉ်းစားနေရန် မလိုပါ။ အမေ့အကြောင်းက
ရေးတတ်မည်ဆိုလျှင် ရေးစရာတွေ တစ်ပုံကြီး မဟုတ်ပါလား။
မကုန်နိုင် မခန်းနိုင်သော ရေးစရာတွေ
တစ်ပုံကြီးထဲက ကျွန်တော် ထူးထူး ခြားခြား သတိထားမိတာတစ်ခု ရှိသည်။ အခြားတော့
မဟုတ်။ အမေ့ကလောင်က အခြား အကြောင်းအရာတွေထက် အတ္ထုပ္ပတ္တိကို ရေးသည့်အခါ ပို၍ပို၍
ဝင်းလက် တောက်ပလာတတ်ခြင်းပင် ဖြစ်သည်။
မြန်မာစာပေလောကတွင် အမေရေးခဲ့သော
အတ္ထုပ္ပတ္တိ စာအုပ်တွေက မနည်း။ ရွှေမန်းတင်မောင်၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး၊
ရွှေရိုးဘကလေး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ပြည်သူချစ်သော အနုပညာသည်များ စသည်
စသည်ဖြင့်။ တိုတိုထွာထွာ ရေးသားထားသော အတ္ထုပ္ပတ္တိဆိုင်ရာ ဆောင်းပါးတွေကလည်း
အများအပြား။
အမေ၏ အတ္ထုပ္ပတ္တိ စာအုပ်တွေက
အကြောင်းအရာသာ ကောင်းသည် မဟုတ်သေး။ အရေးအသားပိုင်း ကြည့်မည်ဆိုလျှင်လည်း ပြောစရာ
မလို။ အရေးခံရသော ပုဂ္ဂိုလ်ကို စာဖတ်သူ၏ မျက်စိထဲ တရေးရေး မြင်ယောင်လာသည်အထိ
ဆွဲဆောင်သွားမည် ဖြစ်သည်။ မှတ်တမ်းတစ်ခုအဖြစ် ယူမည်ဆိုလျှင်လည်း တကယ့်ကို
တိကျခိုင်မာသည့် အချက်အလက်တွေချည်း။ ထို့ကြောင့် အတ္ထုပ္ပတ္တိ
စာပေနှီးနှောဖလှယ်ပွဲတွင် စာရေးဆရာပါရဂူက အောက်ပါအတိုင်း ဝေဖန်တင်ပြသွားခဲ့ခြင်း
ဖြစ်သည်။
'အနုပညာရှင်တို့၏
အတ္ထုပ္ပတ္တိများကို ရေးသားကြသူများအနက် ရှေ့တန်း ရောက်နေသူတစ်ဦးမှာ လူထုဒေါ်အမာ
ဖြစ်လေသည်။ လူထုဒေါ်အမာသည် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန်
စိန်ကတုံး၊ ရွှေမန်းတင်မောင် စသော အတ္ထုပ္ပတ္တိများကို ရေးသားလေသည်။ ဒေါ်အမာ၏
အတ္ထုပ္ပတ္တိများသည် မြန်မာအတ္ထုပ္ပတ္တိစာပေ၌ အကြောင်းအရာ၊ အချက်အလက် အစုံလင်ဆုံး
အတ္ထုပ္ပတ္တိများ ဖြစ်ကြလေသည်။
'သာဓကအားဖြင့် ပြောရလျှင်
ရွှေမန်းတင်မောင် အတ္ထုပ္ပတ္တိ၌ ရွှေမန်းတင်မောင်၏ ရိုးရိုးဘဝနှင့် သဘင်သည်ဘဝကို
အသေးစိတ်ဝေဖန်တင်ပြထားသည့်အပြင် ရွှေမန်းတင်မောင်၏ သဘင်သည်ဘဝနှင့် ဆက်နွယ်နေသည့်
ဆိုင်းဆရာများ၊ မင်းသမီးမင်းသားများ၊ လူရွှင်တော်များ၊ အပျိုတော်များ၊ ဇာတ်စာရေးဆရာများ၏
အကြောင်းကိုပါ ရွှေမန်းတင်မောင်၏ အရံအဖြစ်ဖြင့် စုံစုံစေ့စေ့ လေ့လာတင်ပြထားသည်ကို
တွေ့ရသည်။ ထို့ကြောင့် ဒေါ်အမာ၏ အတ္ထုပ္ပတ္တိများကို စွယ်စုံအတ္ထုပ္ပတ္တိဟု
ခေါ်ဆိုထိုက်ပေသည်။
'စကားပြောဖြင့် ရေးသားထားသည့်
ဒေါ်အမာ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရသည်မှာ အာဝဇ္ဇန်းကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး
စီကာပတ်ကုံး ပြောပြနေသည်ကို အနီးမှ ထိုင်နားထောင်နေရ သည်နှင့် တူလေသည်။' (မျက်-၁၆၊ အတ္ထုပ္ပတ္တိ စာပေ၊ စာပေဗိမာန်)
အမေလူထုဒေါ်အမာသည် ကိုယ်တိုင်သာ
အတ္ထုပ္ပတ္တိစာပေကို ရေးသားသည် မဟုတ်သေး။ အတုယူလောက်သော အခြားသူများကိုလည်း အတ္ထုပ္ပတ္တိ
ရေးသားရန် မကြာခဏ တိုက်တွန်းလေ့ ရှိသည်။ ဤသည်မှာ စာရေးသူတို့၏ ရင်ထဲတွင် ရှိတတ်သော
စေတနာကြောင့် ဖြစ်သည်။ အတ္ထုပ္ပတ္တိ ဆိုသည်မှာ တကယ်တော့ လူတွေအကြောင်းပင် ဖြစ်သည်။
လူဆိုသည်မှာ ကောင်းကွက်ချည်း ရှိနေသည် မဟုတ်သလို ဆိုးကွက်ချည်းလည်း ရှိနေသည်
မဟုတ်ပေ။ အကောင်းအဆိုး ရောပြွန်းနေသော အောင်မြင်ကျော်ကြားသူတို့၏ အဖြစ်သနစ်ကို
စာဖတ်သူတို့ သိရှိရလျှင် ရှောင်သင့်သည်တို့ကို ရှောင်၍ ဆောင်သင့်သည်တို့ကို
ဆောင်ကာ ဆင်ခြင် သင့်သည်တို့ကို ဆင်ခြင်လာနိုင်မည် မဟုတ်ပါလော။
ဤသို့သော စေတနာဖြင့် အမေ
လူထုဒေါ်အမာသည် အကယ်ဒမီ ၆ ဆုရ ရုပ်ရှင်ဒါရိုက်တာ ဦးသုခကို တိုက်တွန်းခဲ့သည်။
ဦးသုခကလည်း မရေးဖြစ်ခဲ့။ 'ဒိုင်ယာရီတောင် နေ့စဉ် မရေးဖြစ်ဘူး။ ပျင်းလို့'ဟု
အကြောင်းပြသောအခါ လူထုဦးလှက 'အင်း... ကိုယ့်ထက်ကြီးတဲ့လူများ
သြဇာပေးရတာ တယ်ခက်တယ်'ဟု ညည်းလိုက်၍ အားလုံးရယ်ကြရသေးသည်ဟု
ဆိုပါသည်။ သို့တိုင် လူထုဒေါ်အမာ ကား ဇွဲမလျှော့။ ကြုံလျှင်ကြုံသလို
အလျဉ်းသင့်လျှင် သင့်သလို တိုက်တွန်း နေမြဲ။ ထိုအကြောင်းကို ဦးသုခကိုယ်တိုင်
သွေးသောက်မဂ္ဂဇင်း၌ အောက်ပါအတိုင်း ပြန်လည်ရေးပြခဲ့သည်မှာလည်း မှတ်သားဖွယ်ရာပင်။
'မအမာကတော့ ကျွန်တော့်
အတွေ့အကြုံကလေးတွေ ရေးဖို့သာ တိုက်တွန်းမြဲ။ ကျွန်တော်ကလည်း အင်းမလုပ် အဲမလုပ်။
ကြာတော့ အစီအစဉ်တစ်ခု လုပ်သည်။ (မန္တလေးကို ရောက်တိုင်း ကျွန်မကို
အချိန်သတ်သတ်မှတ်မှတ်ပေးပြီး ဆွေးနွေး ကြမယ်လေ။ ကျွန်မ သိချင်တာကို ဆရာက
စိတ်ရှည်လက်ရှည်ဖြေပေါ့။) (ဟာ... ရတယ်၊ ဒီလိုသာ ပြောရလို့ကတော့ ဖြစ်တယ်။
စာရေးရမှာသာ ပျင်းတာ။)
ထိုအခါမှစ၍ သူတို့တိုက်မှာ
ကျွန်တော်ရောက်တိုင်း သူသိချင်သမျှ မေးသည်။ ကျွန်တော်ကလည်း ပြောချင်တာမှန်သမျှ
အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် အားရပါးရ နောက်ကြောင်းပြန်သည်။ ပိုပိုသာသာ
အဆစ်ကလေးများတောင် ပေးလိုက်သေး။ (ကဲ... နောက်ထပ် ဘာမေးဦးမလဲ)
'မအမာကလည်း ရောက်တိုင်း မေး။
ကျွန်တော်ကလည်း ရောက်တိုင်း ပြော။ သို့ကလိုနှင့် ကိုယ်တွေ့ကိစ္စ အေးပြီဟု
စိတ်ချလိုက်သည်။ သူ့ဟာသူ ရေးချင်တာရေး၊ မှတ်ချင်ရာမှတ်၊ တေးချင်ရာတေး၊
တို့ချင်ရာတို့ထား၊ ကျွန်တော် ရှိစဉ်ပင်ရေးရေး၊ ကျွန်တော် မရှိမှရေးရေး နားအေး
ရပြီဟု အောက်မေ့ခဲ့သည်။
'သို့ကလို နေရာက ယနေ့ သူ့ထံမှ
စာရပြန်သည်။ ဖတ်ရိုးဖတ်စဉ် ဖတ်ကြည့်လိုက်ပြီး လုပ်ပြန်ပြီ ဟု ပြုံးမိသည်။ ဇွဲနပဲ
ကြီးပုံကိုလည်း သတိရမိသည်။ စာကို ဖိုင်ထဲ ထည့်လိုက်သည်။ သို့သော် စာနှင့်အတူ
ဖိုင်ထဲသို့ ဝင်မသွားကြသည်က သူ၏ စကားလုံးများ ဖြစ်နေသည်။
'ကျွန်မတို့ ဆရာတို့အရွယ်တွေဟာ
ရေးအားရှိတဲ့ အချိန်တွေ နှစ်တွေ အများကြီးကျန်တော့တာ မဟုတ်ဘူး။ လူရောစိတ်ပါ
ကျန်းမာတုန်းမှ ရေးနိုင်တာပါ။ ဆရာ စာရေးပါ။ ရေးထားပါ။ ဘာပဲဖြစ်ဖြစ် ရေးထားပါ။
အချိန်ရှိသမျှ ကြိုးစားပြီး ရေးပါဆရာ။ ကျွန်မ သတိရလို့ ဒီစာရေးတာပါ။
'သူ့စာကို သတိရတိုင်း
ပြန်ကြည့် မိပါသည်။ နောက်ဆုံး စကားလုံးများကို ဖတ်မိသည့်အခါ ကျွန်တော့်စိတ်ထဲမှာ
တစ်မျိုးကြီး ခံစားလိုက်ရသည်။ သူ့စေတနာကို လွမ်းဆွတ်မိသလိုလို၊ ကြေကွဲသလိုလို၊
ကျွန်တော့် အပေါ်ဝယ် တွယ်တာသော သူတို့လင်မယား၏ သံယောဇဉ်၊ စေတနာ၊ မေတ္တာတွေကို
တနင့်တပိုး ခံစားလိုက်ရပါသည်' (အောက်တိုဘာ ၁၉၈၁)
ဤနေရာတွင် ကျွန်တော် သတိရလာမိသည်က
ဆရာကြီး ရွှေဥဒေါင်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သော တစ်သက်တာမှတ်တမ်းနှင့်
အတွေးအခေါ်များ'
စာအုပ်ကြီးအကြောင်းပင် ဖြစ်သည်။ ထိုစာအုပ်ကြီး ဖြစ်ပေါ်လာပုံကလည်း
စိတ်ဝင်စားဖွယ်ရာ။
ဆရာကြီးသည် ၁၉၁၅ ခုနှစ်တွင်
ရန်ကြီးအောင်ဝတ္ထုကို ရေးသားခဲ့သည်။ ထို့နောက် သူရိယ ဦးဘဘေ၏ တိုက်တွန်းချက်အရ
မစ္စက်ဟင်နရီဝုဒ်၏ အိစ်လင်း ဝတ္ထုကို မှီငြမ်းပြုပြီး ရတနာပုံ ဝတ္ထုကြီးကို
ဆက်လက်ရေးသားခဲ့သည်။ ထိုဝတ္ထုကြီးကို နိုင်ငံတော်က ၁၉၅၃ ခုနှစ်တွင်
ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ယင်းသို့ ပြဋ္ဌာန်းလိုက်သည်က
အကြောင်းမဟုတ်။ အကြောင်းဟုတ်သည်က ကျောင်းသုံး စာအုပ်ပြဋ္ဌာန်းရေးကော်မတီ၏ 'စာရေးဆရာ
အကြောင်းကိုလည်း လေ့လာရမည်' ဟူသော မှတ်ချက်ဖြစ်သည်။
ထိုအချိန်က ဆရာကြီး၏
အတ္ထုပ္ပတ္တိစာအုပ်ကား မရှိသေး။ ကျောင်းသားများ အခက်ကြုံရတော့ သည်။ ထိုအခါ
ဆရာကြီးက ကျောင်းသားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ဦးဖေသိန်း၏
ရွှေဥဒေါင်းကို ရေးသားထုတ်ဝေပေးခဲ့သည်။ သို့သော် ထိုစာအုပ်ကလည်း
ကိုယ်ရေးအကျဉ်းမျှသာဖြစ်၍ မစုံလင်။ ထို့ကြောင့် ပြည့်စုံသော အတ္ထုပ္ပတ္တိစာအုပ်
ရေးသားသင့်ကြောင်း ရွှေဥဒေါင်းကို လူထုဦးလှနှင့် လူထု ဒေါ်အမာတို့က
တိုက်တွန်းလာခဲ့သည်။
ဆရာကြီး ရွှေဥဒေါင်းလည်း ကိုယ်ရေး
အတ္ထုပ္ပတ္တိကြီး ရေးသင့်မသင့် စဉ်းစားရလေတော့ပြီ။ မည်သို့ စဉ်းစားပြီး
မည်သို့ဆုံးဖြတ်ခဲ့သည့် အကြောင်းကို ဆရာကြီးကိုယ်တိုင် တစ်သက်တာမှတ်တမ်း နှင့်
အတွေးအခေါ်များ စာအုပ်တွင် အောက်ပါ အတိုင်း ရေးသားဖော်ပြခဲ့ပါသည်။
'အထက်ပါ စာအုပ်
ထွက်လာပြီးသည့်နောက် လူထုမောင်နှံတို့က (အထူးသဖြင့် မအမာ)က ဦးလေးသိန်း
အတ္ထုပ္ပတ္တိကို ပြည့်ပြည့်စုံစုံ စာအုပ်ရေး ထုတ်စမ်းပါဦးဟု တိုက်တွန်းကြ၏။ ထိုအခါ
ကျွန်ုပ်က မိမိ၏ အတ္ထုပ္ပတ္တိကို ရေးသားခြင်း ဟူသည်မှာ တိုင်းပြည်တွင်
တစ်နည်းနည်းနှင့် ကြီးကျယ်ပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာကြသူများသာ
ရေးလေ့ရှိကြောင်း၊ မိမိမှာ ဘာတစ်လုံးမျှ ဖြစ်မလာသေးသဖြင့် မိမိအကြောင်းကို
အခြားလူများက ရေးထိုက်သည် ထင်ကြလျှင် ရေးကြစေ၊ မိမိကိုယ်တိုင်ရေးပါက ကိုယ့်ဟာကိုယ်
အထင်ကြီးသူတစ်ယောက်ဟူ၍ အခြားလူများက ကဲ့ရဲ့စွပ်စွဲစရာ ဖြစ်လိမ့်မည့်အကြောင်း
ပြန်ပြောပါသည်။ ထိုအခါ မအမာက ကိုယ့်အကြောင်းကို ကိုယ်ရေး ခြင်းဟူသည်မှာ လူတစ်လုံး
သူတစ်လုံး ဖြစ်လာမှ ရေးထိုက်သည် မဟုတ်ကြောင်း၊ အကယ်၍ ဧရာမလူကြီးတစ်ယောက် ဖြစ်လာစေကာမူလည်း
ငါလိုလူ ရှိသေးလားဆိုသည့် သဘောမျိုးနှင့် ဟိတ်ထုတ်ရေးသားခြင်းမျိုး ဖြစ်ခဲ့လျှင်
စာဖတ်သူအဖို့ အကျိုးများသင့်သလောက် မများဘဲ ဖြစ်နိုင် ကြောင်း၊ ကြီးကျယ်လှသော
ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်စေကာမူ စာရေးတတ်သော စာရေးဆရာတစ်ယောက် ဖြစ်ပါက
ဖတ်ချင့်စဖွယ် ဖြစ်နိုင်သည့်ပြင် စာဖတ်သူများအဖို့၌ သင်ခန်းစာ ယူနိုင်လောက်သည့်
စာအုပ်မျိုး ဖြစ်လာနိုင်ကြောင်းများနှင့် အကြောင်းပြ ပြောဆိုလေသည်။
'ကျွန်ုပ်သည် မအမာ၏
အကြောင်းပြချက်နှင့် ပတ်သက်၍ အချိန်ကြာရှည်စွာ စဉ်းစားခဲ့ပါသည်။ သူ၏
အကြောင်းပြချက်သည် ခိုင်လုံသည်ဟု ကျွန်ုပ် ဆုံးဖြတ်လိုက်သည့်ပြင် ကျွန်ုပ်
ကိုယ်တိုင် ထပ်မံတွေ့ရှိရသော အကြောင်းများကိုလည်း တင်ပြလိုပါသေးသည်' (အမှာ...မှ)
ဤသို့လျှင် အမေလူထုဒေါ်အမာ၏
စေတနာဖြင့် တိုက်တွန်းမှုကြောင့် မြန်မာစာပေလောကတွင် 'ရွှေဥဒေါင်း၏
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ဟူသည့် အတ္ထုပ္ပတ္တိ ကြီးမားမားမတ်မတ်
ပေါ်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ လောကဇာတ်ခုံပေါ်၌ လူတို့ မကချင်သည့်တိုင်အောင်
ဇာတ်လမ်း မျိုးစုံ ကပြနေရကြောင်းကို တစ်သက်တာ မှတ်တမ်းက ဖော်ပြနေသည်။ လူ့ဘဝ၏
အဆိုးအကောင်း၊ အနိမ့်အမြင့်၊ အရှုံးအနိုင်ကို တစ်သက်တာမှတ်တမ်းက
မီးမောင်းထိုးပြသည်။
တစ်သက်တာမှတ်တမ်းတွင် မကောင်းမှု
ဒုစရိုက်များ ကျူးလွန်သော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ အမှန်တရားအား သတ္တိရှိရှိ
ရဲရဲဝံ့ဝံ့ ရင်ဆိုင်သော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ နှိမ့်ချသော
ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ မာန်မာနကြီးသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ထမင်း
ပြဿနာနှင့် ရင်ဆိုင်နေရသည့် ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ အောင်မြင်ကျော်ကြားနေသော
ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကြီးအဖြစ်နှင့်
ကမ္ဘာလှည့်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ မြန်မာ့အတ္ထုပ္ပတ္တိ စာပေတွင်
တန်ဖိုးမဖြတ်နိုင်သော မှတ်တမ်းစာအုပ်ကြီး ဖြစ်သည်ဆိုလျှင် မှားမည် မဟုတ်။
ကျွန်တော်က အမေလူထုဒေါ်အမာသာ ဤကဲ့သို့သော
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မျိုး လစဉ်ထုတ် မဂ္ဂဇင်းများ၌ နည်းနည်းချင်း
ရေးသားသွားမည်ဆိုလျှင် မည်မျှဖတ်၍ ကောင်းလိုက်မည်နည်းဟု စဉ်းစားနေမိသည်။ အမေ၏
လောကအတွေ့အကြုံ၊ စာပေ အတွေ့အကြုံတွေက နည်းသည်မှ မဟုတ်ဘဲ။ မှတ်သားစရာတွေ၊
သင်ခန်းစာယူစရာတွေ၊ အတုယူအားကျ စရာတွေနှင့် ပြည့်နေမည်ကတော့ အမှန်ပင်။ နောက်ပြီး
အမေကိုယ်တိုင်လည်း အတ္ထုပ္ပတ္တိရေးသည့်နေရာ၌ လက်စွမ်းထက်သူတစ်ယောက် မဟုတ်ပါလား။
မည်သို့ပင် ဖြစ်စေ။ ယနေ့တိုင် အမေက
စာတွေရေးနေဆဲ။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ အမေ့စာတွေကို ဖတ်နေရဆဲ။ အသက် ၉ဝ
ပြည့်မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနှင့် စာတွေရေးသား
နိုင်ပါစေဟုဆန္ဒပြုရင်း အမေ့အား ဤဆောင်းပါးဖြင့် ရိုသေစွာ ကန်တော့ လိုက်ပါသတည်း။
▀
မောင်မောင်၊ဥပဒေ၊
(အမှတ် ၁၉၂၊
နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။