ရွှေသုတ‌

ကျွန်တော်နဲ့ ဇာတ်ကောင်များ (၃)

ကံချွန်

01 August 2025
ကျွန်တော်နဲ့ ဇာတ်ကောင်များ (၃)
Share to

            နောက်တော့ ဒီကောင် သူ့လက်ကို သူ့ခြေသလုံး ပွတ်ပါရောလား။

            သရော်စာ တော်တော်များများ၊ ဝတ္ထုတို အတော်များများမှာ 'မောင်မြေဖွား'ကို ထည့်ရေးခဲ့ပါ သည်။ ယခုလည်း အခါအားလျော်စွာရေးဆဲ ဖြစ်ပါသည်။ မောင်မြေဖွားမှာ ကဗျာဆရာ၊ မောင်မြေဖွားနှင့်အတူ စာရေးဆရာ ကိုသစ္စာနှင့် ဆောင်းပါးရှင် ကိုအာကာတို့ကိုလည်း ထည့်ပေး ထားသည်။

            မောင်မြေဖွား၏ ပုံရိပ်မှာ သူငယ်ချင်း နီမောင်(ကဗျာဆရာ)၏ ပုံရိပ်ကို ကိုးဆယ်ရာခိုင်နှုန်းမျှ ယူထားခြင်းပါ။ ကျွန်တော် သေသေချာချာ တိတိကျကျ မပြောတတ်သော်လည်း ကြားဖူးနေသော စကားရှိပါသည်။ လူနှင့်မူ တစ်သားတည်းကျရေးဆိုလား။ ကိုနီမောင်မှာ သူ့ကဗျာနှင့် သူ တစ်သားတည်း ကျသူဖြစ်ပါသည်။ ကဗျာများက ရိုးသလို လူကလည်း ရိုးသည်။ ကဗျာများမှာ ပရိယာယ်မပါသလို လူမှုဆက်ဆံရေးမှာလည်း ပရိယာယ်မပါ။ ကိုနီမောင်မှာ လူအိုဖြစ်သော်လည်း ကျွန်တော့်ဇာတ်ကောင် မောင်မြေဖွားကိုမူ လူပျိုအဖြစ် ဖန်တီးခဲ့ပါသည်။ ထိုသို့ ဖန်တီးဖြစ်သည် မှာလည်း ကိုနီမောင်မှာ လူအိုသာ ဖြစ်သော်လည်း လူပျိုလူလွတ်တစ်ယောက်လို နေထိုင်နေသော သူ့ပုံစံကို သဘောကျ၍ ဖြစ်ပါသည်။

            ကျွန်တော်သည် ကဗျာနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် မသိပါ။ သို့သော်... ကိုနီမောင်မှာ ရိုးလွန်း၍ ကဗျာဆန်နေခြင်းဟု မြင်ပါသည်။ သူတွေးခေါ်ပုံမှာ ရိုးရိုးလေးဖြစ်သည်။

            တစ်ရက်မှာ လွယ်အိတ်နှစ်လုံးနှင့် ကျွန်တော့်အိမ်ရောက်လာသည်။ လွယ်နေကျ လွယ်အိတ်အပြင် အပိုတစ်လုံး ပါလာခြင်း ဖြစ်ပါသည်။ အပိုပါလာသော လွယ်အိတ်ထဲမှာ ပုလင်းနှစ်လုံး ပါသည်။ ပလတ်စတစ်ခွက်ပါသည်။ မုန့်ထုပ်ပါသည်။ ပုလင်းတစ်လုံးက လက်ဖက်ရည် ကျန်တစ်လုံးက ရေနွေးကြမ်း။ ပလတ်စတစ်ခွက်ကိုထုတ်ကာ လက်ဖက်ရည် နည်းနည်းငှဲ့ပေးသည်။

            'သောက်ကွာ။ ဒီနေ့ ငါ့မွေးနေ့မို့'

            လက်ဖက်ရည်တိုက်ပြီးတော့ ပလတ်စတစ်ခွက်ကို သူ့ဟာသူ ဆေးပြီး ရေနွေးကြမ်း ငှဲ့ပေးသည်။ နေကြာစေ့လှော် နည်းနည်း စားပွဲပေါ် တင်ပေးသည်။

            'သူငယ်ချင်းတွေ ဖိတ်ပြီး မွေးနေ့လုပ်ဖို့က မလွယ်ဘူးကွ' ဘာရယ်လို့ မဟုတ်ပါဘူးကွာ။ အမှတ်တရလေး ကျွေးမွေးချင်တာပါ။ ဒါနဲ့ ထွက်လာတာ'

            ခဏသာထိုင်ပြီး မောင်သာပိုဆီ သွားဦးမယ်ဆိုကာ ထွက်သွားသည်။ မြန်မာပြည်တွင် မွေးနေ့ပွဲကို နယ်လှည့်ကျင်းပသူမှာ ကိုနီမောင်တစ်ယောက်သာရှိမည်ဟု ထင်ပါသည်။

            အချို့အကြောင်းအရာများကို ကျွန်တော် ရေးဖူးပါသည်။ သို့သော် ကိုနီမောင်၏ ပုံရိပ်များကို ထိတွေ့ခဲ့ရသမျှ ဆက်စပ်ပုံဖော်ပြလို၍ ပြန်ရေးပါရစေ။ လိုတိုရှင်းပါ။

            တစ်ခါက မျက်မှန် ပါဝါမကိုက်တော့၍ဆိုကာ မျက်မှန်မတပ်ဘဲ စက်ဘီးနင်းလာရာ ၃၅ လမ်း၊ ၈၄ လမ်း လမ်းဆုံတွင် ကားနှင့် တိုက်မိမလိုဖြစ်သည်။ ကျွန်တော်က...

            'အန္တရာယ်များလိုက်တာကွာ၊ မီး ဝါသလား၊ နီသလား မသိ။ ကားရပ်ထားတာလား။ လာနေတာလား မကွဲပြားဘဲ စက်ဘီးစီးရသလားကွာ၊ မျက်မှန် မပါရင် ကောင်းကောင်းမှ မြင်တာ မဟုတ်ဘဲနဲ့' ဟု သတိပေးရာ ကိုနီမောင်က သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါးနှင့် ကျွန်တော်၏ စကားကို တုံ့ပြန်ပါသည်။

            'ငါမမြင်ပေမယ့် သူတို့ မြင်တယ်ကွာ'

            သူ့ဇနီး မျက်စိဆေးရုံတက်စဉ်က ဖြစ်ရပ်ကိုလည်း အမှတ်ရမိသည်။ ထိုစဉ်က စာရေးဆရာမကြီး ဒေါ်ကလျာတို့ မိသားစုက တောင်လေးလုံးမှာ ရောက်နေသည်။ ကျွန်တော်နှင့် ကိုနီ မောင် ၄၁ လမ်းမှာ ဆုံမိတော့..

            'ဘယ်လဲ'

            'ဆေးရုံသွားမလို့ မသိန်းရီကို နှစ်ရက်လောက် ဆေးရုံမှာ ဆက်ထားပေးဖို့ ဆရာဝန်ကြီးဆီ အကူအညီ တောင်းမလို့ကွ။ အိမ်ပြန်ခေါ်လာရင် ငါကလည်း ပြုစုချိန်မရဘူး။ ဆရာမကြီး ဒေါ်ကလျာတို့ ရောက်နေတယ်လေကွာ။ လိုက်ပို့ပေးစရာလေးတွေ ရှိသေးတယ်။

            'အဲဒါ နီမောင်ပဲ' ဟု ပြောရပါမည်။ စာပေလောက သားတို့အပေါ် ဧည့်ဝတ်ကျေလွန်းသူ ဖြစ်ပါသည်။ ကိုနီမောင်သည် မဂ္ဂဇင်းလက်ကိုင်ရှိသော အယ်ဒီတာများကိုသာ ဂရုစိုက်သူဟု ထင်က မှားပါမည်။ ကဗျာရေးစ ကလောင်သစ်တစ်ဦးဦး၏ စာမူမဂ္ဂဇင်းမှာ ပါလာပြီဆိုလျှင် မည်မျှပင် ဝေးဝေး ထိုကဗျာရေးသူထံသွား၍ သတင်းပေးတော့သည်။ ပီတိကို မျှဝေခံစားသည်။

            ကျွန်တော် ဒေါနခြံမှာနေစဉ်က သူက လှေတန်းမှာ၊ လွန်ရော ကျွံရောဝေးမှ ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးလောက်သာ ရှိမည်။ ကြားမှာ ကျောက်ဆစ်တန်းပဲ ခြားသည်။ သူသမြို့နှင့် ပိုနီးသူဟု ဆို၍တော့ ရသည်ပေါ့။ သတင်းစာတိုက်မှ သတင်းစာ ယူရောင်းသူတို့မှာ သူ့အိမ်ဘက်ပို့ပြီးမှ ကျွန်တော် အိမ်ဘက်ရောက် သည်။ မိနစ် ၂ဝ လောက်ပဲ ကွာမည်။  အဲဒါကိုပင် ကျွန်တော့် ကာတွန်း (သို့ မဟုတ်) ဗိုမောင်၏ ကာတွန်းပုံပါလျှင် စက်ဘီးနှင့် လာပြောသည်။

            'ဒီနေ့ မင်းတို့ပုံ ပါတယ်'

            နီမောင် မျက်မှန် အသစ်တပ်လာသည်။ သူ့ဟာသူလည်း မနေတတ်မထိုင်တတ် ဖြစ်နေသလိုလို။ မျက်မှန်အိုနှင့် အသားကျနေ၍ ထင်ပါသည်။ မျက်မှန်အသစ်ကို ချွတ်၍ စားပွဲပေါ်တင်ရင်း မမေးရဘဲနှင့် ဖြေရှင်းချက်ပေးသည်။

            'မသိန်းရီက လုပ်ပေးတာကွ'

            သူ့ဇနီးက မျက်မှန် အသစ်လုပ် ပေးခြင်းအတွက် သူ့မှာ ပြောစရာ စကားပုံရှိပုံ ရနေသည်။ ထို့ကြောင့်...

            'ဘာလို့ ခုမှ လုပ်ပေးရတာလဲ၊ ပါဝါ မကိုက်တော့ဘူးဆိုပြီး မင်းပြောနေတာ ကြာပြီပဲ'

            'ဟီးဟီး... မနေ့က ဈေးဝယ်ရင်း ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက်ကို ငါက သူမှတ်ပြီး နှုတ်ဆက်လိုက်လို့'

            ကျွန်တော်က မဟာမြိုင်ထဲမှာ နေစဉ်က ဖြစ်ပါသည်။ ညညဆိုလျှင် ကျွန်တော့်ဆီ လာစမြဲ။ သူလာလျှင်လည်း ကျွန်တော် ကြိုသိနှင့်သည်။ သူ့ သီချင်းသံကို အဝေးမှာ ကတည်းက ကြားနှင့်နေ၍ ဖြစ်ပါသည်။ ကျွန်တော်က ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်နှင့် သူ စက်ဘီးပေါ်မှ ဆင်းကာ တွန်းဝင်လာတတ်သည်။ တစ်ရက်မှာတော့ သီချင်းသံကြား၍ တံခါးသွားဖွင့်ရာ စက်ဘီးကို မရပ်။ သီချင်းဆိုရင်း ဆက်နင်းသွားသည်။ တစ်နေရာရာ သွားစရာ ရှိ၍ဟုထင်ကာ ကျွန်တော်လည်း မခေါ် မိ။ ခဏလေးကြာမှ စက်ဘီးကို တွန်းရင်း ကံချွန်ရေ။ ဟေး... ကံချွန်ဟု အော်ကာ ပြန်လျှောက်လာသည်။

            'ဟေ့ကောင် ဘာဖြစ်တာလဲ'

            'မင်း အိမ်လွန်သွားတာကွ။ ငါက သီချင်းဆုံးရင် မင်းအိမ်ရှေ့ အံကိုက်ပဲဆိုပြီးနေ့မှာ စံချိန်မှတ်ထားတာ။ ညကျတော့ မှောင်တယ်လေ။ ငါ့မျက်စိကလည်း သိပ်မြင်ရတာ မဟုတ်ဘူး။ ဒီနေ့ဆိုတဲ့ သီချင်းက နည်းနည်းရှည်တော့ သူများအိမ်ထဲ ကွေ့ဝင်သွားမိလို့ကွ။ ဟီးဟီး'

            စာရေးဆရာ ကိုငြိမ်း (မန္တလေး) အောင်ပင်လယ် ပြောင်းရကာစက ဖြစ်ပါသည်။ ကိုနီမောင်နှင့် ကိုသာပိုတို့ စက်ဘီးကိုယ်စီဖြင့် ကိုငြိမ်းထံ သွားကြသည်။ ထိုစဉ်က လမ်းများပင်မ ဖောက်ရသေး။ ကိုနီမောင်က ရှေ့က။ ကိုသာပိုက နောက်က။ ကိုသာပိုမှာ မြေဆံခဲကို နင်းမိကာ စက်ဘီးက လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားသည်။ နီမောင်က ပေ ၆ဝ လောက်လွန်မှ ကိုသာပို ပါမလာမှန်းသိ၍ လှည့်ကြည့်ရာ ကိုသာပိုမှာ လမ်းဘေးရေမြောင်းတွင်း ရောက်နေသည်။ ကိုနီမောင်က စက်ဘီးကို ရပ်ပြီး ကန်သင်းရိုးမှာ ထိုင်သည်။ ကိုသာပိုက..

            'ဟေ့ကောင် ဘာလုပ်နေတာလဲ၊ လာလာ'

            'တော်ပြီ... ကျွန်တော်မချိုးတော့ဘူး'

            'ဟ... ဆွဲတင်ဖို့ ခေါ်တာဟ'

            ထိုအခါမှာ ကိုသာပိုဆီသွားပြီး

            'ဘီးဆေးရင်း ရေဆင်းချိုးတာမှတ်လို့'

            ကိုနီမောင် ပြဿနာများကို မြင်တတ်ပုံမှာ ရိုးရှင်းလွန်းအားကြီးသည်။ တစ်ခါကလည်း ကိုသာပိုက သူ့အိမ်လေးမှာ ထိုင်ဖြစ်ရန် အိမ်ကြားတွင် မိုးကာစ တင်ထားသည်။ ထိုမိုးကာမှာ တော်တော် ဟောင်း၍ ရိနေပြီ။ နောက်တော့ ငွေစုပြီး မိုးကာစ နေရာမှာ သွပ်ပြားလေးငါးချပ် တင်လိုက်သည်။ ကိုနီမောင်ရောက်လာတော့ ထိုသို့ သွပ်ပြားတင်ထားသည်ကို ဝမ်းသာစေလိုသောကြောင့်...

            'ငနီ'

            'ဗျာ'

            'မော့ကြည့်စမ်းကွာ'

            ကိုနီမောင်က မော့ကြည့်ပြီး စိတ်မကောင်းစွာဖြင့်...   

            'ငွေသုံးလိုလည်း ဝိုင်းစုပေးပါတယ်ဗျာ... ဘာလို့ မိုးကာကြီး ရောင်းစားလိုက်ရတာလဲ'

            ကိုနီမောင်၏ ပုံရိပ်မှာ အပြောင်းအလဲ မရှိပါ။ သူ့ဟန် သူ့စတိုင်သည် ကြာကြာ ဆက်ဆံကြည့်သောအခါ မျဉ်းတစ်ဖြောင့်တည်း အမှုအကျင့်မျိုး ဖြစ်ကြောင်း သတိထားမိလာသည်။ တော်တော် ကိုးရိုးကားယားနိုင်သော အမူအကျင့်ဖြစ်ပါသည်။ မည်သူ့ကိုမှတော့ မထိခိုက်စေပါ။

            ကိုသာပို၏ အိမ်မှာ သူထိုင်တိုင်း ဆရာပိုကတော် ဒေါ်မီက လက်ဖက်သုပ်၊ ထန်းလျက်ခဲ၊ ရေနွေးကြမ်းတို့ကို ဧည့်ခံလေ့ရှိသည်။ တစ်ရက်မှာ ကိုနီမောင်လာ၍ ဒေါ်မီက လက်ဖက်သုပ် ချပေးပြီး ဇွန်းပါတပ်ပေးသည်။ သို့သော် နီမောင်၏ အကျင့်မှာ လက်နှင့်သာ နှိုက်စားလေ့ရှိမှန်း သိသောကြောင့် အသစ်ဝယ်ထားသည့် လက်သုတ်ပုဝါလေးပါ ချပေးသည်။ ဆရာ မောင်သာပိုက ကျွန်တော့်ကို ပြန်ပြောပြသည်မှာ။

            'ငါ ဒီကောင့် အရိပ်အခြေကို စောင့်ကြည့်နေတာကွ။ လက်ဖက်ကို လက်နဲ့ နှိုက်စားပြီးတော့ လက်ကို ဟိုသုတ်ရမလိုလို၊ ဒီသုတ်ရမလိုလိုနဲ့ လက်သုတ်ပုဝါကိုလည်း ဖြန့်ကြည့်တယ်ကွ။  ပြီးတော့ အသာလေး ပြန်ခေါက်ထားတယ်။ လက်သုတ်ပုဝါကို ကိုင်တာကိုက လက်မ၊ လက်ညိုးနဲ့ ညှပ်ပြီး ထိပ်ဖျားလေးက ကိုင်တာ။ နောက်တော့ ဒီကောင် သူ့လက်ကို သူ့ခြေသလုံး ပွတ်ပါရောလား။ ငါက ဟေ့ကောင် ဘာလုပ်တာလဲဆိုတော့ ရယ်ကျဲကျဲနဲ့ လက်သုတ်တာလေတဲ့။ မင်းကွာ ဒီမှာ လက်သုတ်ပုဝါအသစ်ကြီးပေသွားမှာ စိုးလို့တဲ့။ အဲဒီတုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲကွာ။ ဒါပေမယ့် ခုမှ တစိမ့်စိမ့် တွေးမိတယ်။ လက်သုတ်ပုဝါ အသစ်ကြီး ပေသွားမှာ စိုးလို့တဲ့။ အဲဒီ တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲကွယ်။ ဒါပေမယ့် ခုမှ တစိမ့်စိမ့် တွေးမိတယ်။ လက်သုတ်ပုဝါကိုတောင် ပေသွားမှာ ဆိုးတဲ့ သူ့ရဲ့စိတ်ဟာ စေတနာအား ဘယ်လောက်ကောင်းသလဲဆိုတာ ပြတာပဲကွ။ တကယ့် ကဗျာဆရာပါကွာ။

            တစ်ခါက လူရွှင်တော် ကိုချစ်စရာက ကိုနီမောင်ကို…

            'ခင်ဗျားတို့ စာပေလောကကလည်း စိတ်ပျက်ဖို့ ကောင်းလာပြီဗျာ၊ ဆရာငြိမ်းကျော်ဆိုတာ ဝတ္ထုမဖတ်တဲ့သူတွေပါ သိအောင်အောင်မြင်တဲ့ ဝတ္ထုရေး ဆရာကြီးပါ။ သူ့နာမည်တော့ မယူသင့်ပါဘူး။ ခုတော့ သူ့နာမည်ယူပြီး ဝတ္ထုထုတ်တယ်ဗျာ။ ဒီနေ့ ထွက်လာတာ။ 'ငြိမ်းကျော် တသသ တဲ့' ဟု အတည်ပေါက် နောက်သည်။ ကိုနီမောင်က စာအုပ်ဆိုင်ထဲ ဝင်ကြည့်ပြီး မပြုံးမရယ်နှင့် တော်တော် စိတ်အိုက်နေပုံ ရသွားသည်။ မကြာခဏလည်း ထိုစာအုပ်ကို ဝင်ကြည့်သည်။ နာရီဝက်ခန့်ကြာမှ...

            'ကိုချစ်... အတုမဟုတ်ဘူးဗျ။ ဆရာငြိမ်းကျော်ပဲ။ တသသ ဆိုတာက ဝတ္ထုနာမည်ပါ။ ခင်ဗျားက စာလုံးတွေကို အသံခြားပြီး တသသ ဆိုဖတ်နေလို့။

            တစ်ခါကလည်း ကိုချစ်စရာက ညပွဲရှိတယ်ဟုဆိုကာ မြောက်ပြင်မှ အရပ်နာမည်ကို ပြောသည်။ ကိုနီမောင် နေသည်က တောင်ပြင်။ ညနေစောင်းတော့ ငါးမိုင်ဝန်းကျင်ဝေးသော မြောက်ပြင်သို့ စက်ဘီးနှင့် ထွက်သွားတော့သည်။ တကယ်တော့မူ ပွဲကမရှိ။ နောက်ရက် မနက် ကိုချစ်စရာနှင့် ဆုံတော့...

            'ခင်ဗျားတို့ပွဲက နောက်ဥပုသ်မှဗျ။ ခင်ဗျားရက် အမှတ်မှားတာ။ ကျွန်တော် အတော်ကြာကြာ စောင့်နေရသေးတယ်။ ခင်ဗျားရက်မှားပြီး ရောက်လာရင် ပြန်လိုက်ပို့ရအောင်လို့။ ဆိုက္ကားခ ကုန်နေမှာ စိုးလို့။ ကိုးနာရီထိုးကာနီးလောက်မှ ကျွန်တော် ပြန်လာတာ'

            ဟု၍ ပြောပါသည်။ ထိုကတည်းက ကိုချစ်စရာသည် ကိုနီအောင်ကို မစတော့ပါ။

            'ကျုပ်က နောက်တာပါ ဆရာနီရာ' ဟု တောင်းပန်စကား ဆိုသည်ကိုပင်…

            'တော်သေးတာပေါ့၊ ကျွန်တော်က ခင်ဗျားရက်မှတ်မှားတာ မှတ်ပြီး စိုးရိမ်နေတာ'

            နှစ်ပေါင်းများစွာ တွဲခဲ့သော ကိုနီမောင်နှင့် ပတ်သက်၍ ပြောစရာတွေ အများကြီး ရှိပါသည်။ သူ၏ စရိုက်မှာ ရိုးသားလွန်းခြင်းပင် ဖြစ်ပါသည်။ ထိုရိုးသားခြင်းမျိုးမှာ အလွန့်အလွန် ရှားပါးနေသော အမူအကျင့်ဖြစ်နေသောကြောင့် ထူးခြားနေရပြန်ပါသည်။ အပေါင်းအသင်းများအပေါ် အလွန်သည်း ခံနိုင်သည်။ အနစ်နာခံသည်။ ကျွန်တော်သည် ကဗျာဆရာ မောင်မြေဖွားကို ကိုနီမောင်၏ ပုံရိပ်ဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ ကိုနီမောင်သာဆိုရင် ဒီလို တွေးမှာပဲ။ ဒီလိုပြောမှာပဲဟူသော အမှု အကျင့်ကိုပါ ကိုနီမောင်အား စံပြု၍ မောင်မြေဖွားအား ခိုင်းစေခဲ့ခြင်း ဖြစ်ပါသည်။

            ကျွန်တော်သည် စာပေနယ်တွင် 'ရိုးသားခြင်း' ကို ရှင်သန်နေစေရန် မောင်မြေဖွားအား ဖန်တီးခဲ့ခြင်းဟု ဆိုပါမူ ကိုနီမောင်၏ ပုံရိပ်ကို ယူလိုက်သည့်အတွက် ခွင့်လွှတ်လိုက်နိုင်ကြလိမ့်မည်ဟု ယုံကြည်လျက်။

ကံချွန်

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။