အနုပညာသမားပြောစကား

အားလုံအပေါ်တာဝန်ကျေချင်တဲ့ ကျော်ဟိန်း

ခင်လေးမြင့်

01 August 2025
အားလုံအပေါ်တာဝန်ကျေချင်တဲ့ ကျော်ဟိန်း
Share to

           နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ နှစ်ကာလကြာရှည်စွာ ရပ်တည်နိုင်တဲ့သူက ကျော်ဟိန်းပါ။ သူ လုပ်ပြတဲ့ အလုပ်တစ်ခုခုတိုင်းမှာ ထူးခြားမှုတွေ ပါတတ်စမြဲပါ။ သရုပ်ဆောင်နဲ့ပဲ ဖြစ်ဖြစ်၊ ဂီတနဲ့ပဲဖြစ်ဖြစ် ပရိသတ်ကို အသစ်အဆန်း‌လေးတွေ ချပြတတ်ပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၉၊ ၃၀ ရက်များက မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ The Rhythm of Kyaw Hein’s Evolution ဆိုတဲ့ ဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ Live Show နှစ်ရက်မှာ သီချင်းပုဒ်ရေ လေးဆယ်လောက်ကို ကျော်ဟိန်းက သီဆိုဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲရဲ့ လှုပ်ရှားမှုများကို ဗီစီဒီအဖြစ် မကြာခင်ကြည့်ရှုရမယ်လို့ ပရိသတ်တွေက ထင်ထားကြတာပါ။ တစ်နှစ်နီးပါးကြာမှ ထွက်လာရှိလာတော့မယ့် ဒီစီးရီးအတွက် သီးချင်း‌ရွေးခြင်း၊ အသံပြင်ခြင်းများကို နဝရတ် စတူဒီယိုမှာ ပြုလုပ်နေပါပြီ။ နှစ်ရက်ဆိုထားတဲ့ သီးချင်းအားလုံးကို မထည့်ပဲ သီချင်း ၁၈ ပုဒ်၊ ၂၀ ပုဒ် ထည့်မယ်လို့ သိရပါတယ်။ Idea (Image) မှ ကိုအောင်ကျော်ဦး စီစဉ်ပြီး ရတနာမြိုင်တေးထုတ်လုပ်ရေးက ဖြန့်ချိပေးတော့မယ့် The Rhythm of Kyaw Hein’s Evolution မှာ ကျော်ဟိန်းက ပရိသတ်အတွက် လက်ဆောင်တစ်ခု ပေးထားတယ်လို့ ဆိုပါတယ်။

            ပရိသတ်အတွက် ပေးမယ့်လက်ဆောင်နဲ့ ပတ်သက်ပြီး ကျော်ဟိန်းကို မေးမြန်းကြည့်ရာ...

            ဒီအခွေထဲက သီချင်းတွေကို ဦးကျော်စိတ်ကြိုက် ရွေးထားတာလား။

            ဦးချန်ဟိန်းက ကျွမ်းကျင်တယ်လေ။ ကျွန်တော်ကတော့ သီချင်းအကုန်ကြိုက်တယ်။ သူ့ကို ဦးစားပေး ရွေးခိုင်းပြီး ကျွန်တော်လက်ခံလိုက်တာ။

            နှစ်ရက် ဆိုထားတဲ့ သီချင်းအကုန်လုံးကို ဘာကြောင့် မထုတ်ချင်တာလဲ။

            သူတို့ပြောတာက အချပ်တွေ (စီဒီ) အရမ်းများရင် စျေးတွေ အရမ်းကြီးမှာ စိုးတာရယ်၊ နောက်တစ်ခုက နည်းနည်းကျစ်ကျစ်လစ်လစ်လေးလည်း ဖြစ်ချင်တယ်တဲ့။ အဲဒါကြောင့် သူတို့သဘောပဲ ကျွန်တော်က ဆိုပြီး ပြီးတာပဲ။        

ဦးကျော် စိတ်ကြိုက်ဆို ရင်ကော...။

            ကျွန်တော့်စိတ်ကြိုက်ဆိုရင် ထုတ်ကို မထုတ်ဘူး။

            ဘာကြောင့်လဲ။

            ကျွန်တော်က ဆိုပြီး ကိုယ့်ဘာသာပဲ နားထောင်ချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက အများကြားပြီးသားလေ။

            သူများကြားပြီးသားဆိုရင် ဦးကျော် ရှိုးမှာ ဆိုတာကကော...။

            အဲဒါကတော့ ဆိုလိုက်တာပါပဲ။ ကိုအောင်ကျော်ဦးတို့က လုပ်မယ်ဆိုတော့ လုပ်ကြည့်ချင်တာနဲ့ လုပ်လိုက်တာ။

            အခု အခွေက ရှိုးမှာဆိုတဲ့ သီချင်းအချို့အပြင် တခြားသီချင်းအသစ်တွေ ထည့်ဦးမှာလား။

            ကျွန်တော် သီချင်းအသစ်တစ်ပုဒ် ထည့်မယ်။ ကျွန်တော် သီချင်းပရိုဂျူဆာ လုပ်ချင်လို့။ ၂ဝဝ၈ မပြည့်ခင်မှာ တစ်ခုခုတော့ ထုတ်ချင်တယ်။ အဲဒါကြောင့် သီချင်းတစ်ပုဒ်ကို Present ပေးထားတာ။

            ဦးကျော် တစ်ယောက်တည်း ဆိုမှာလား။ လူငယ် အဆိုရှင်တွေ ပါဦးမလား။

            ကျွန်တော် တစ်ယောက်တည်းဆိုဖို့ အရင်ပေးလိုက်ပြီ။ အခုမှ စီစဉ်တုန်း ရှိသေးတယ်။ မသေချာသေးဘူး။ တခြားလူငယ်တွေ မပါသေးဘူး။

            ဒါဆို ဒီအခွေမှာ ဦးကျော်အပြင် အခြားအဆိုတော် ဘယ်သူတွေပါဦးမလဲ။

            မသိဘူး။ ကိုချန်ဟိန်း ရွေးတာ။ ကျွန်တော်က ကျွန်တော့်တာဝန်ပေးတာ ဆိုလိုက်တယ်။ ကျွန်တော်က ဒီမှာ အလုပ်သမားလေ။

            ဂီတမှာ အလုပ်သမားလား။

            ဟုတ်တယ်၊ဟုတ်တယ်။

            ဒါဆို ရုပ်ရှင်မှာကော။

            ရုပ်ရှင်မှာလည်း ကျွန်တော်က ဖန်တီးသူပေါ့။ ဖန်တီးသူပါ။

            ၂ဝဝ၈ မတိုင်ခင်မှာ သီချင်းပရိုဂျူဆာ လုပ်ချင်တယ်ဆိုတော့ အခု သီချင်းအသစ်မှာ ဘယ်လိုအကြောင်း အရာ၊ ရည်ရွယ်ချက်တွေ ထည့်ပေးထားလဲ။

            ဟာ... အဲဒါကတော့ ၂ဝဝ၈ ခုနှစ်ရောက်တော့မယ်နော်။ အဲဒါကြီးကို ဆိုပစ်လိုက်တာ။ ကျွန်တော်ကတော့ သတိထားတာ ကြာပါပြီ။ တခြားသူတွေ လိုချင်ရင်ပေါ့။ ပြီးတော့ ကျွန်တော် တာဝန် ကျေချင်တယ်။ လုပ်လို့ရတာ အကုန်လုပ်ချင်တယ်။ အဲဒါပါပဲ။ လုပ်လို့ရတာထဲက တစ်ခု လုပ်လိုက်တာ။

            ဦးကျော် သိစေချင်တာက ဘာတွေလဲ။

            သိစေချင်တာပေါ့။ အခုက သေသေချာချာလိုက်ပြီး ဘယ်နေရာဖြစ်ဖြစ် ကျွန်တော် လိုက်လေ့လာကြည့်တယ်။ မသိတာတွေ အများကြီးပဲ။ တချို့ သိတယ်ထင်နေတာ။ ခင်ဗျားကို မေးရင်တောင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပြီ။ ခင်ဗျား တကယ်သိလားလို့ မေးရင် ကျွန်တော် အဲဒီလို လိုက်မေးကြည့်တာပေါ့။ သိတယ်လို့ ထင်တယ်။ လုပ်လားလို့က နောက်တစ်ဆင့်။ လုပ်လားဆိုတဲ့အဆင့် မရောက်သေးဘူး။ သိလားလို့ မေးတဲ့အချိန်မှာ သိပ်ဟုတ်တိပတ်တိ မဖြေနိုင်ကြဘူး။ ကျွန်တော် သူများကို မမေးဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ မေးလိုက်တော့တယ်။ ကဲ... သိပြီ။ သိတာတွေကို လုပ်လားဆိုတဲ့ နောက်တစ်ခုက ပိုခက်တယ်။ ကျွန်တော်က အဲဒါတွေအကုန် လုံး လုပ်သွားချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဘဝက မသေချာဘူးလေ။ ကျွန်တော့် အယူအဆက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ရှင်းရှင်းလေးပါ။

            ဒါဆို အဲဒီသီချင်း အသစ်ကို ဦးကျော် ဘယ်တုန်းက ရေးထားတာလဲ။

            မဟုတ်ဘူး။ မနေ့က ရေးလိုက်တာ။ ပထမတော့ ပုတ်ခတ်တာတွေ တော်တော် လေးပါတယ်။ ပုတ်ခတ်တယ် ဆိုတာက ကျွန်တော့် ဘာသာကျွန်တော် နေနေတာလေ။ အဲဒီမှာ ကျွန်တော် အကယ်ဒမီ မတက်တာတို့၊ သူများကို ဘာဖြစ်တယ်တို့၊ မုဒိတာ၊ မုဒိတာဆိုတဲ့စကား ကျွန်တော့်ကို သိပ်ပြောတယ်ဆိုတော့ အဲဒီပြောတဲ့လူကကော အဲဒီ မုဒိတာစိတ် တကယ်ရှိရဲ့လား။ ကျွန်တော် ဒီအချိန်ထိ ကြိုးစားနေတာကို ဘာဖြစ်လို့ လက်ခုပ်မတီးဘဲနဲ့ ဘာကို မကျေမနပ်ဖြစ်နေ တာလဲ။ အဲဒါလေးကိုလည်း ပြောချင်တယ်။ ကျွန်တော့်ကို အာရုံစိုက်နေတာနဲ့ သူ့အလုပ်တွေကို လုပ်ဖြစ်ရဲ့လား။ ကျွန်တော်က ကျွန်တော့် မိသားစု၊ ကျွန်တော့်အသိုင်းအဝိုင်းမှာ ကျော်ဟိန်းဆိုတာ ကို ထူထောင်ထားတယ်။ သူက အဲဒီလို ကျော်ဟိန်းကို လိုက်ကြည့်နေတော့ သူ့အိမ်က သူ့မိသားစု၊ သားသမီး၊ ပတ်ဝန်းကျင်၊ သူ့ဘဝအတွက် သူအလုပ်တွေ လုပ်ဖြစ်ရဲ့လား။ အဲဒါ စိတ်ပူတာပါ။ အဲဒါတွေ အစက ရေးတယ်။ သြော်... တော်ကြာ အရမ်းထိခိုက်သွားမယ်လေ ဆိုပြီး မေ့လိုက်တယ်။ ရေးတာ အများကြီးပဲ။ စာမျက်နှာ ၁၂ မျက်နှာလောက် ထွက်တယ်။ သီချင်းတစ်ပုဒ်က နောက်ဆုံးတော့ ကျော်ဟိန်းနဲ့လိုက်တာ ကျော်ဟိန်းရေး လိုက်တယ်။ ကျွန်တော်က နောက်ဆုံးထွက်သက်ထိတောင် စဉ်းစားထားတာပဲ။ ဒီ ၂ဝဝ၈ ခုနှစ်လောက်ကတော့ ဒီစကား တခြားသူ ပြောရဲလား၊ ပြောနိုင်လား။ ကျွန်တော်က ပြောပစ်လိုက်တယ်။ ပြောပြီးလုပ်ရတော့ မှာပေါ့။ ကျွန်တော့်သားက မေးတယ်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁ နာရီမှာ ဘာလုပ်မလဲတဲ့။ သူ မေးတဲ့မေးခွန်းက ပိုကြောက်စရာကောင်းတယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ အဖြေထွက်ပြီးသား။ အလုပ်တွေက အများကြီးလုပ်ရဦးမယ်။ ခုနပြောတဲ့ သိစေချင်တာတွေကို လူဖြစ်တုန်း အကုန်ပေါ့ဗျာ။ ဥပမာ- ကျွန်တော် တစ်ခွန်းမေးမယ်။ ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင် ဘယ်နှဆိုင်ရှိလဲ။ ဖြေကြည့်၊ သိနိုင်လား။ အဲဒီမုန့်ဟင်းခါးဆိုင်တိုင်း နာမည်ကြီးလား။ တစ်ခုခုတော့ လိုနေတယ်။ မုန့်ဟင်းခါးရောင်းတဲ့လူက မုန့်ဟင်းခါးချက်နည်းကို သိရဲ့လား။ ဘယ်လိုရသမျိုး၊ ဘယ်လို ဆိုင်အခင်းအကျင်းနဲ့ရောင်းမှ ဖြစ်မယ်ဆိုတာ သူသိရဲ့လား။ သူများလုပ်လို့ လိုက်လုပ်တာ လား။ အဲဒါတွေ အများကြီးပဲ။ မသိဘူးလို့ပြောရင် အဲဒါ ပြောချင်တာ။ နောက်တစ်ခု ကျွန်တော် တရားစခန်းတွေ သွားတယ်။ တရားသိချင်လို့လား။ သိအောင်တကယ်လုပ်ရဲ့လား။ တချို့က ပြောတယ်။ မလုပ်ရသေးရင် တကယ်မသိသေးဘူးဆိုတဲ့ စကားက အရမ်းကျယ်ပြန့်တယ်။ အဲဒါတွေကို ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် ပုတ်ခတ်စောင်းမြောင်းနေမယ့်အစား ကိုယ့် အလုပ်ကိုယ် လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဘာမှဖြစ်မှာ မဟုတ်ဘူး။ သူတို့တွေ ဘာရေးရေး၊ ပြောချင်တာပြော၊ ကျွန်တော် ကိုယ့်ကိုယ်ကိုပဲ ကြည့်တယ်။ ငါ့ဟာ ငါလုပ် ချင်တဲ့အလုပ်၊ ငါ့ရဲ့ Target Program တွေ ငါလုပ်ပြီးပြီလား။ အဲဒါတွေပဲ စိတ်ဝင်စားတယ်။ သူများတွေရေးတာတွေ၊ ပြောတာတွေ အဲဒါတွေ အရေးမကြီးဘူး ဆိုပြီး ကျွန်တော် ခေါင်းထဲမှာ မထည့်ဘူး။ ရေးတာတွေက အဲဒါတွေပဲ လိုက်လုပ်နေရတာနဲ့ သူ တာဝန်ကျေရဲ့လားပေါ့။ သူ ကျော်ဟိန်းကို တိုက်ခိုက်နေတာလား၊ ဝေဖန်နေတာလား။ သူ့ခေါင်းထဲမှာ တစ်ချိန်လုံး ထည့်ထားတာလား။ သူ ဘယ်လိုဖြစ်ဖြစ် ကျွန်တော် သူ့ကို ကျေးဇူးတင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နည်းအားဖြင့် သူ ကျွန်တော့်ကို စိတ်ဝင်စားနေတာလေ။ အဲဒါ ကျွန်တော့် အလုပ်အရ ကျွန်တော် အောင် မြင်တယ်လေ။ (အဲဒါကို ရေးရင် In Bracket ရယ်၍ဖြေသည်လို့ ရေးပေးပါလို့ ဦးကျော်က ပြောပါတယ်။)

            ဇာတ်ကား တစ်ကားထဲမှာကော သီးသန့်ထည့်ပေးဦးမှာလား။

            ထည့်တာပေါ့။ ထည့်တာပဲ။ ကျွန်တော့်ကို သူတို့ နားမလည်နိုင်ပါဘူး။ ဒီတစ်သက် နားမလည်နိုင်လည်း ဘာမှမပြောတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘုရားကိုတောင် လူတွေ မေ့နေကြတာပဲ။ ကျွန်တော်ဆိုရင် ဝေးပြီပေါ့။ အဲဒါကြောင့် ကျွန်တော်က ပြောတာ။ သီချင်းထဲမှာလည်း ပါတယ်။ သေရင် လေးနာရီအတွင်း အသုဘချလိုက်။ ဘာမှအကြောင်းကြား မနေနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှလှုပ်ရှားလို့ မရတဲ့ ကျွန်တော့်ရဲ့ရုပ်အလောင်းကို လာကြည့်တာ ကျွန်တော် မကြိုက်ဘူး။ ပြန်မပြောနိုင်တာ၊ ပြန်မလုပ်နိုင်တာချည်းကို ကျွန်တော့်ကိုယ်ကျွန်တော် အဖြစ်မခံနိုင်ဘူး။ မိန်းကလည်း အိမ်တံခါးပိတ်ပြီး သွားတော့။ အဲဒီစကားကို စဉ်းစားကြည့်လေ။ တခြား လူပြောနိုင်လား။ ပြောရဲလား။ အဲဒီစကားကို သေသေချာချာ လေးလေးနက်နက် ထိုင်ပြီး စဉ်းစားရင် ကျွန်တော် ဘာလဲဆိုတာ တွေးလို့ရတယ်။ ဘာမှမဟုတ်ဘူး။ ကျွန်တော် အလုပ်တွေ လုပ်နေတာ။ အဲဒါကြောင့် ကျွန်တော် ခပ်တည်တည်ပဲ နေနေတာပေါ့။ ဘယ်သူမှလည်း ဘာမှ မဖြေရှင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေ အရေး မကြီးဘူးလေ။ လုပ်ချင်တာ လုပ်နေတာ။ လူပီသချင်တယ်။ ကျွန်တော် ဖြေမှ မဖြေရှင်းဘဲ၊ ခင်ဗျားတို့ သတိထားပြီး ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြေရှင်းစရာလည်း မလိုဘူး။ ကျွန်တော့်အလုပ် ကျွန်တော် လုပ်နေတာ။ ကျွန်တော်နဲ့ ပရိသတ် အဆင်ပြေနေရင် ပြီးတာပဲ။ အဲဒါ အခုအချိန်ထိပဲ။ ပရိသတ်က သဘောပေါက်တယ်။ ဒီလူကြီးကတော့ ချနေတယ်။ သူတို့ ငြိုငြင်မှာပဲ ကြောက်တယ်။

            အခုချိန်ထိတော့ ပရိသတ်က မငြိုငြင်သေးဘူးပေါ့။

            သူတို့က ရိုးပါတယ်။ ပရိသတ်က ကြည့်နေတယ်။ ဒီလူကြီး သေချာလုပ်နေတယ်ဆိုရင် သူတို့အားပေးတာပဲ။ ကျန်တဲ့လူတွေ အဲဒါ သိလိုက်ပြီးသွားပြီ၊ ဘာမှ သင်နေစရာ မလိုဘူး။ ဘာကြောင့် ကျွန်တော် မသင်လဲဆိုတော့ ခေတ်ချင်းက မတူတဲ့အတွက် ဟိုးရှေးခေတ်တုန်းက ဆရာကြီးဖြစ်နေ ပစေဗျာ။ ဒီဘက်ခေတ်က အကြောင်းကို သူ သိပ်မရိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဘက်ခေတ်က လူတွေရဲ့ ခံစားချက် တအားဝေးတော့ သူ မသိနိုင်ဘူး။ မလေ့လာရင် မသိနိုင်ဘူး။ မသိနိုင်ရင် သူရိုက်လို့မရဘူး။ သူ့ ဟာသူ ဘယ်လောက်တော်တော် အဲဒါရှင်းရှင်းလေးဗျ။ ဂါရဝပြုတာ သက်ကြီးပူဇော်ပွဲကျ ကျွန်တော်တို့ ကန်တော့ လိုက်ကြတာပဲ။ အသက်ကြီးလို့ ကန်တော့တာ။ ဒါကလည်း ဒီဘက်က ခေတ်ကို သိရေးတို့၊ လူ့ဘဝ ဝင်နှိုက်တာ လူ့အကြောင်းရိုက်တာ တို့ကျတော့ သူ မလေ့လာရင် စိတ်မဝင်စားရင် အဟပ်ကွာမှာပဲ။ ကျွန်တော့်ပရိသတ် လက်ခံသရွေ့ ကျွန်တော့်ကို ကိုယ်ချင်းစာပေးလို့ ရတယ်လေ။ ကျွန်တော်သိတယ်။ သူ ဘာတွေဖြစ်နေလဲ၊ ဘာခံစားနေလဲ၊ သူဘာပြောချင်လဲ၊ သူ့အတွက် ဘာလုပ်ပေးရမလဲ။ အဲဒါပါ။ ကျွန်တော် နဲ့ ပရိသတ်အဆင်ပြေနေတယ်။

            အခု ဦးကျော်ရဲ့ Live Show အကြောင်း ပြန်ဆက်မေးမယ်။ အဲဒီပွဲကို ဦးကျော် အားထည့်ပြီး လုပ်ထားတယ်။ အဲဒါက ဦးကျော်ရဲ့ မှတ်တမ်းတစ်ခု ဖြစ်မလား။

            အဲဒီလောက်ကြီးတော့ မဟုတ်သေးပါဘူး။ တကယ်လုပ်မယ်ဆိုရင် ဒီထက်အများကြီး ထပ်လုပ်ဦးမှာ။ အများကြီး အများကြီးပဲ။ ဒါက တစ်ခုပေါ့ဗျာ။ တစ်ခုလောက်ပါပဲ။

            နောက်ထပ် လုပ်ပြဦးမှာပေါ့။ လုပ်ပြချင်သေးတယ်ပေါ့။

            လုပ်ချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အများကြီး အလုပ်လုပ်ခဲ့တာပဲ။ ရုပ်ရှင်ရိုက်တာတောင် နှစ် ၄ဝ လောက်ရှိပြီ။ သီချင်းဆိုတာလည်း ဘယ်နှခွေမှန်း မသိတော့ဘူး။ နားထောင် ကြည့်လိုက်ရင် ကျွန်တော့် အခွေတွေ လူကြိုက်တာ၊ မကြိုက်တာ တစ်ပိုင်း။ ပစ်စလက်ခတ် တစ်ခုမှ မပါဘဲ သေချာလုပ်ခဲ့တာချည်းပဲ။ လူကြိုက်တာ မကြိုက်တာ တစ်ပိုင်းပေါ့။ ကျွန်တော့် ကိုယ်ကျွန်တော် ယုံတယ်။ တခြားလူတွေလည်း အဲဒီလို လူတစ်ယောက်ဖြစ်ဖို့လိုတာ ပေါ့။ ကျွန်တော်က ကိုယ့်အလုပ် ကိုယ်လုပ်ပြီး အချိန်ကျ ထွက်သွားရုံပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လွမ်းစရာမရှိဘူးလေ။ ခုန ကျွန်တော် ပြောတယ်လေ။ ဘယ်လိုမှ နှိုင်းယှဉ်လို့မရတဲ့ ဘုရားတောင် အချိန်တိုင်း သတိရနေတာမှ မဟုတ်တာ။ ဘုရားကလည်း အဲဒါသိတယ်။ ဘုရားကိုယ်တိုင် သူဘာမှ မဟုတ်ဘူးဆိုတာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပြောတယ်။ ဘုရားကိုယ် ဘုရားလည်း မပိုင်ဘူး။ စကားက ရှင်းနေ ပြီ။ ကုန်နေပြီ။ ကျွန်တော် ဘာမှ ထူးထူးထွေထွေ မရှိဘူး။ မိန်းမကို သေသေချာချာ မှာထားတယ်။ ဘာတွေ ညာတွေ မထည့်နဲ့နော်။ ကျော်ဟိန်း သေဆုံးသွားပြီ၊ ပြီးပြီ။ လေးနာရီအတွင်း အသုဘချမယ်။ ဘာမှလုပ်လို့ မရဘူး။ လေးနာရီဆိုတာ လက်မှတ်ထိုးရမယ်၊ ဟိုသွား ဒီသွားရမယ်။ မင်းဟာမင်း တစ်ယောက်တည်း သပ်သပ် မီးရှို့တဲ့သူကို မုန့်ဖိုးပေးပြီး ချလိုက်လို့။ ထိုင်ကြည့်နေ၊ ၁ နာရီဆို ပြီးသွားပြီ။ ပြီးရင် သော့ခတ်ပြီး သွားတော့လို့။ ငါ့ကို လုံးဝမေ့ပစ်လိုက်တော့။ ကလေးတွေလည်း မှာထားတယ်။ ပြန်မလာနဲ့တော့၊ ရှုပ်တယ်လို့။ ဟိုလူက မေး၊ ဒီလူက မေး။ သူက ဘာဖြစ်တယ်။ ကောင်းတာတွေကော၊ ဆိုးတာတွေကော ကျန်တဲ့သူ သောက ဖြစ်တယ်။ အဲဒါ တကယ် ပြောတာ။ ခင်ဗျားတို့ စောင့်ကြည့်။

            ဦးကျော်ရဲ့ ဘုရားကြီးက ပြီးသွားပြီလား။

            ကျွန်တော် နိုင်ငံတော်ကို လှူထားတာ။ မြန်မာပြည်မှာ မြန်မာပြည်ရဲ့ ပရိသတ်ကြောင့် ကျော်ဟိန်းဆိုတာ ဖြစ်တာ။ မြန်မာပြည်ကို ကျေးဇူးပြန်ဆပ်တာ။ ဘုရားကြီးက အားလုံးပြီးသွားပြီ။ ဗိုလ်တထောင်ဘုရားမှာ အောက်ခြေပြီးသွားပြီ။ ဘုရားကြီးပင့်လာရင် အဲဒီပေါ် တင်လိုက်ရုံပဲ။ ဟိုတလောက လုပ်တယ်။ တိုးတိုးတိတ်တိတ်ပဲ လုပ်လိုက်တယ်။

            အဲဒီဘုရားကြီး လုပ်တာလည်း တော်တော်ကြာ သွားပြီနော်။

            ကြာတယ် ဆိုတာကလည်း ကျွန်တော်သုံးယောက် ပြောင်းရတယ်။ စထုတုန်းက သူတို့ထုံးစံအတိုင်း ထုကြတာပေါ့ဗျာ။ ဘုရားမျက်နှာတော်နဲ့ သက်တော် ၄ဝ ဖြစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားက ၂၉ နှစ်မှာ တရား စကျင့်တာ။ ၃၄ နှစ်မှာ ဘုရားဖြစ်တယ်။ ၆ နှစ်ကြာတဲ့ အချိန်မှာ အပြည့်အဝ ဖြစ်ချင်တာ။ လက်မှာ တစ်ဖက်က သတိ၊ တစ်ဖက်က အသိ၊ နောက်ပြီး နဂါးတွေနဲ့ ပတ်သက်ပြီး ဘုရားဘက်လှည့်တာ။ နဂါးက ဘယ်လို၊ နဂါး အထီး၊ အမ အများကြီးရှိ သေးတယ်။ ကျွန်တော် မသိဘူး။ အဲဒါတွေ ချေးများနေတာ။ ဘာပဲပြောပြော ဘုရား တည်တာလေ။ သူများတွေ ဘာပြောပြော ကိုယ်က ဘုရားကြီးတည်ခဲ့တာ မပီပြင်လို့ မဖြစ်ဘူး။ အခုတော့ ကျွန်တော် စိတ်တိုင်းကျပြီ' လို့ ဆိုပါတယ်။

            မေးမြန်းမှုပြီးတဲ့အချိန်မှာ သီချင်းအသစ်အတွက် အသံသွင်းခြင်းကို စတင်ပြု လုပ်ပါတော့တယ်။ အဲဒီနေ့က နဝရတ်စတူဒီယိုမှာ အနဂ္ဂ၊ ဘာဘူ၊ ကိုပက်ထရစ်တို့ကို တွေ့ခဲ့ရပါတယ်။ ကျော်ဟိန်းက သူရေးထားတဲ့ သီချင်းကို ကိုပက်ထရစ်၊ ဘာဘူတို့ကို ပြပြီး ဘယ်နေရာမှာ ဘယ်လို အသံထည့်ချင်တယ်။ ကောင်းရဲ့လားဆိုတဲ့ မေးသံကို ကြားခဲ့ရပါတယ်။ ပရိသတ်နဲ့အပေး အယူမျှနေသေးတဲ့ ကျော်ဟိန်း ပရိသတ်ကို ဘယ်လို အသစ်အဆန်းတွေ ချပြပြီး ဘယ်လိုအကြောင်းအရာတွေ ပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ (စာအုပ် ထွက်တဲ့အချိန်မှာ အဲဒီစီးရီးက ထွက်ရင် ထွက်နေမယ်လို့လည်း ထင်ပါတယ်။)

ခင်လေးမြင့်

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...