မော်မော့်မောင်
မောင်အောင်ကိုမင်းနှင့် မကေသွယ်မြမောင်တို့၏ မင်္ဂလာဧည့်ခံပွဲ
ကတ္တီပါ လိုက်ကာပေါ်မှာ
ကပ်ထားတဲ့ စာလုံးတွေကို ဖတ်ပြီး ဦးသာမောင် ကျေနပ်နေမိတယ်။ သမီးဖြစ်သူရဲ့
မင်္ဂလာပွဲ တင့်တင့်တယ်တယ် ဖြစ်လာခဲ့လို့ပေါ့။ အဲဒါထက်ပိုပြီး ဦးသာမောင်ကို
ကြည်နူးပီတိဖြစ်စေတာကတော့ မင်္ဂလာပွဲမှာ ခေတ်ပေါ်တီးဝိုင်းပါတဲ့ အချက်ပဲ။
ဦးသာမောင်တို့
ရပ်ကွက်ထဲက ဘယ်သူ့သားသမီး မင်္ဂလာဆောင်မှာမှ အခုလိုခေတ်ပေါ် တီးဝိုင်း
မပါဖူးသေးဘူး။ ဦးသာမောင်ရဲ့သမီး မင်္ဂလာဆောင်မှာမှ ပထမဦးဆုံးအနေနဲ့ ပါလာတာဆိုတော့
အရပ်ထဲမှာ ပိုင်အိုးနီးယား (Pioneer) အဖြစ် ဂုဏ်ယူမယ်ဆိုရင်
ယူလို့ရတဲ့ အနေအထားကို ရောက်နေပြီ မဟုတ်လား။ အဲဒါကို တွေးမိပြီး ဦးသာမောင်
စိတ်ထဲမှာ ဘဝင်ကျနေမိတာ။ ပြောရမယ်ဆိုရင် သူ့ပြိုင်ဘက် ဦးထွန်းဇံရဲ့သား
မင်္ဂလာဆောင်တုန်းကထက် သာနေတာကြောင့်လည်း ပါတာပေါ့လေ။
ဦးထွန်းဇံရဲ့သားမင်္ဂလာဆောင်တုန်းကတော့
အခုလို ဘယ်ဟုတ်လိမ့်မလဲ။ ဈေးသိပ်မကြီးတဲ့ ခန်းမတစ်ခုကို ငှားပြီး
ရေခဲမုန့်ကျွေးရုံလောက်ပဲ။ ဒါပေမယ့် ကိုယ့်အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး
မင်္ဂလာပွဲလုပ်နေကြတဲ့ အရပ်ထဲမှာဆိုတော့ လက်မထောင်နိုင်ခဲ့သေးတာပေါ့။ အဲဒီတုန်းက
ဦးသာမောင်ကလည်း သူ့သားအကြီး မင်္ဂလာဆောင်ကို ရပ်ကွက်ထုံးစံအတိုင်းပဲ ကျင်းပခဲ့တာ
ဘာကြာသေးတာမှတ်လို့။ ဆိုတော့ အနူတောမှာ လူချောဖြစ်နေတဲ့ ဦးထွန်းဇံရဲ့ မထိတထိ
နှိပ်ကွပ်တာကိုတောင် ခံခဲ့ရသေးတာကလား။
အခုတော့
ဦးသာမောင်ရဲ့သမီး မင်္ဂလာဆောင်က ဦးထွန်းဇံရဲ့သား မင်္ဂလာဆောင်ထက် သာသွားပြီလေ။
ဒီတစ်ခါတော့ ဦးသာမောင်တူဖြစ်တဲ့ အလှည့်ပေါ့။ ဒါက ဖြစ်သင့်ဖြစ်ထိုက်လို့
ဖြစ်လာတဲ့ကိစ္စပဲ။ အသက်ရှင် ရပ်တည်နေသမျှ ကာလပတ်လုံးမှာ အမြဲတမ်း လက်မထောင်နိုင်တဲ့သူ
မရှိသလို အမြဲတမ်း ခေါင်းငုံနေရတဲ့သူလည်း မရှိဘူးလေ။ တကယ်လို့
ရှိခဲ့မယ်ဆိုရင်တောင်မှ လက်ချိုးရေတွက်လို့ ရနိုင်တဲ့ အရေအတွက်လောက်ပဲ မဟုတ်လား။
'အခါတော်... ပေး...တာက...
နတ်ရေး...ငယ်ရွှေစာ'
ဦးသာမောင်
ဘယ်လောက်ကြာအောင် ပီတိသော မနဿတွေ ပွားနေမိတယ် မသိဘူး။ မင်္ဂလာ အချိန်ရောက်လာလို့
တီးဝိုင်းမှာပါတဲ့ အဆိုရှင်မိန်းမ တစ်ယောက်က အခါတော်ပေး သီချင်းဆိုလိုက်မှ
ပစ္စက္ခကို သတိရတော့တယ်။ ခန်းမထဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အပိုပါလာကြတဲ့
မတစ်ရာသားတွေတောင် အတော်ကျနေပြီ။ သတို့သားနဲ့ သတို့သမီးကလည်း လက်ချင်းချိတ်ပြီး တီးလုံးနဲ့အညီ
မင်္ဂလာစင်မြင့်ပေါ်ကနေ တစ်လှမ်းချင်း လှမ်းရင်း ဆင်းလို့။
သတို့သမီးကို ကြည့်ရင်း
ဦးသာမောင်ရင်ထဲ ကတုန်ကယင် ဖြစ်လာတယ်။ နှမြောတသမှုဟာ သမီးဖြစ်သူကို သူများလက်ထဲ
အပြီးအပိုင် ထိုးအပ်လိုက်ရတော့မယ့် ဖခင်တစ်ယောက်ရဲ့ ရင်ထဲကို ဝင်မွှေလို့။ သူ့သား
မင်္ဂလာဆောင်တုန်းကတောင် ဦးသာမောင် ဒီလိုမခံဖူးခဲ့ဘူး။ ဦးသာမောင်တင်လား ဆိုတော့
မဟုတ်သေးဘူး။ သူ့ မိန်းမ ဒေါ်မြနှစ်ရင်ထဲမှာလည်း ထပ်တူညီခံစားချက်က မြစ်တစ်စင်းလို
ရစ်ခွေ စီးဆင်းလို့နေတယ်။
ဒါပေမယ့် သူတို့ဖြေ သာစရာတစ်ခုတော့
ရှိပါတယ်။ သူတို့သမီးယောကျ်ားရ ကံကောင်းတာကိုပေါ့။ တခြားသူတွေရဲ့ သမီးပျိုတွေလို
ရပ်ကွက်ထဲက ကောင်နဲ့ ပဲရရင် သူတို့သမီး ဒုက္ခရောက်ချင် ရောက်နေဦးမှာ။ အနူချင်း
လက်သီးထိုးရမယ့် အခြေအနေမျိုးကိုး။ အခန့်မသင့်ရင် လင်ဆိုးမယား တဖားဖားဘဝကို
ဗီဇာမလိုဘဲ ရောက်ပြီး ဒူးနဲ့မျက်ရည် သုတ်နေရနိုင်တယ်။ ခပ်ကြမ်းကြမ်းစရိုက်ကို ရာသက်ပန်
ကန်ထရိုက်ဆွဲထားကြတဲ့ ရပ်ကွက်ထဲမှာတော့ အားလုံးက သူ့ထက်သူ
လူစွမ်းကောင်းတွေချည်းပဲလေ။
အခုရတဲ့ အောင်ကိုမင်းကတော့
ဦးသာမောင်တို့ ရပ်ကွက်ထဲက ကောင်တွေနဲ့ ဆီနဲ့ရေပေါ့။ ကိုယ်အမူအရာမှာရော
နှုတ်အမူအရာမှာပါ အပြတ်အသတ်ကွာတယ်။ ကေသွယ်မြမောင်က ဘယ်လိုအစွမ်းအစမျိုးနဲ့
ဆွဲဆောင်ထားတယ်ရယ်တော့ မသိဘူး။ အောင်ကိုမင်းက သူ့ကို တမ်းတမ်းစွဲကို ဖြစ်လို့။
မိဘတွေက အင်တင်တင်လုပ်နေတဲ့ကြားကကို အတိုက်အခံလုပ်ပြီး ယူတာသာ ကြည့်တော့။
ပြောမယ့်သာ ပြောရတာပါ။ အောင်ကိုမင်းက
တစ်ဦးတည်းသောသား ဆိုတော့ မိဘတွေကို သိပ်ပြီး မစည်းရုံးရပါဘူး။ မင်္ဂလာပွဲကို
တင့်တင့်တယ်တယ် ကျင်းပပေးတဲ့အပြင် ခေတ်ပေါ်တီးဝိုင်းတောင် ထည့်ပေးလိုက်သေးတယ်
မဟုတ်လား။
ခေတ်ပေါ်တီးဝိုင်းပါတယ် ဆိုပေမယ့်
ဟော့ဟော့ရမ်းရမ်း ဝုန်းဒိုင်းကြဲနေတဲ့ သီချင်းတွေတော့ ဘယ်သူမှ မဆိုကြပါဘူး။
မင်္ဂလာဆောင်နဲ့ လိုက်ဖက်မယ့် သီချင်းတွေကိုပဲ ဆိုကြတာပါ။ ဆိုတဲ့သူ တွေကိုတော့
သီးသန့်ငှားနေစရာ မလိုဘူးလေ။ ငှားထားတဲ့ တီးဝိုင်းမှာက သူ့အဆိုရှင်နဲ့သူ
ပါပြီးသားပဲဟာ။ ပြီးတော့ မင်္ဂလာဆောင်မှာ တီးဝိုင်းပါမယ်ဆိုတဲ့ သတင်းကြားတာနဲ့
ပါးစပ်ပြင်နေကြ တဲ့ နှစ်ဖက်သောဆွေမျိုး မိတ်သင်္ဂဟတွေ ဆိုတာကလည်း နည်းမှတ်လို့။
အသံကောင်းအောင်ဆိုပြီး ဆေးစားတဲ့သူက
စား၊ အဝင်အထွက်မမှားအောင် ဆိုပြီး ကာရာအိုကေမှာ အစမ်းလေ့ကျင့်တဲ့သူက ကျင့်နဲ့။
မကြော်ရသေးတဲ့ မုန့်ဆီကြော်အတွက် နှုတ်ခမ်းပဲ့ကို ပျောက်အောင်လုပ်နေကြတာများ
သူ့ထက်ငါ အပြိုင်အဆိုင်။
ဦးသာမောင်တို့ ဘက်ကဟာတွေက
ပိုဆိုးတာပေါ့။ ပိုက်ဆံလေးလက်ထဲရှိရင် ကာရာအိုကေ သွားချင်နေကြတဲ့ ဖိုးဆိုချင်၊
မယ်ဆိုချင်တွေက အများသား မဟုတ်လား။ မင်္ဂလာဆောင် မတိုင်ခင် တစ်ပတ်လောက်ကများဆိုရင်
ဦးသာမောင်တို့ တစ်မိသားစုလုံး ရပ်ကွက်ထဲမှာ အတော်မျက်နှာပွင့်ခဲ့ကြ သေးတာ။
ဟိုတုန်းက လက်ဖက်ရည်ဆိုင်ထဲမှာ ဝိုင်းချင်းကပ်ထိုင်နေတာတောင် နှုတ်ဆက်ဖော် မရတဲ့သူတွေက
လမ်းမှာ အမှတ်တမဲ့ ဆုံမိတာနဲ့ အရေးတယူ နှုတ်ဆက်တဲ့ အထိပဲ။
ဒါပေမယ့် အဲသလို အပေါ်ယံအပြုံးတွေ
ဘာတွေဆိုတာကို ဦးသာမောင်က ထည့်မတွက်ပါဘူး။ သူ့သမီး မင်္ဂလာဆောင်မှာ တီးဝိုင်းနဲ့
သီချင်းဆိုချင်တဲ့သူကို သူ့စည်းကမ်းချက်နဲ့ ကိုက်ညီရင် ဆိုခိုင်းမယ်လို့
အသံလွှင့်ခဲ့တယ်။ ဦးသာမောင်ထုတ်တဲ့ စည်းကမ်းချက်ကလည်း အများကြီး မဟုတ်ဘူးရယ်။
တစ်ချက်တည်းပါပဲ။ အဲဒီ တစ်ချက်တည်းကိုပဲ မလိုက်နာနိုင်တဲ့သူတွေက ရှိသေး။
တစ်ချက်ဆို ဆိုသလောက် အရမ်းတင်းကျပ်လွန်းတဲ့ စည်းကမ်းချက်လို့ ထင်ရင်မှားမယ်။
တကယ့်ကို ပေါ့ပေါ့ပါးပါးလေး။ မင်္ဂလာဆောင်မှာ သီချင်းဆိုချင်တဲ့ သူ တစ်ပုဒ်ကို
ငါးရာပေးရမယ်တဲ့။ ဒါပဲ။
အဲဒီနည်းက တော်တော်လေး တာသွားတယ်။
ဆိုချင်ပေမယ့် ငွေမတတ်နိုင်တဲ့သူတွေ ရှိနေတော့ လူလျော့သွား စေတာကိုး။
ဆွေတော်မျိုးတော်တွေထဲက ဆိုချင်တဲ့သူတွေကိုတော့ အလကားဆို ခိုင်းပါတယ်။ ချွင်းချက်တစ်ခု
အနေနဲ့ပေါ့။ အဲဒီချွင်းချက်နဲ့ လွတ်ကင်းပေမယ့်အလကား ဆိုရတဲ့သူ တစ်ယောက်တော့
ရှိတယ်။ သူ့နာမည်က ကိုလင်းတဲ့။
ကိုလင်းကိုတော့ ဦးသာမောင်ကိုယ်တိုင်
ကင်းလွတ်ခွင့်ပေးထားတာ။ သူက အဆိုကောင်းကိုး။ အသံက မင်းအောင်နဲ့ ဆင်သလို၊
မင်းအောင်သီချင်းတွေ ဆိုရင်လည်း အပီပဲ။ ဦးသာမောင်က သူတို့လိုရပ်ကွက်ထဲမှာလည်း
အသံကောင်းတဲ့အဆိုရှင် ရှိတယ်ဆိုတာ သတို့သားရဲ့ အသိုင်းအဝိုင်းဘက်ကို
သိစေချင်တယ်လေ။ ပြီးတော့ အဲဒီအဆိုရှင်ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုက အသက်ရဲ့နောက်
ဆယ်နှစ်ကျော်စာလောက် ပြတ်ကျန်နေခဲ့သူတစ်ယောက် ဆိုတာကိုပါ ဖြစ်နိုင်ရင် သိသွားစေချင်သေးတာ။
သူ့ ရပ်ကွက်နဲ့ ပတ်သက်ပြီး ဂုဏ်ယူလို့ကောင်းတာဆိုလို့ ဦးသာမောင်မှာ ဒါပဲရှိတာကိုး။
'အခုဆိုရန် အလှည့်ကျ သူကတော့
ကိုလင်းဖြစ်ပါတယ်'
တီးဝိုင်းမှာပါတဲ့ အနောင်ဆာ (Announcer) ရဲ့ အသံ
ထွက်ပေါ်လာတယ်။ အဲဒီအသံကို ကြားတော့ ဦးသာမောင် ဧည့်သည်တွေကို ဧည့်ခံနေရင်းနဲ့
နားစွင့်နေ မိတယ်။ စိတ်ထဲမှာလည်း ကိုလင်းဆိုမယ့် သီချင်းကို အကြိုခန့်မှန်းချက်တွေ
ထုတ်လို့။
ဦးသာမောင်ရဲ့ အတွေးတွေတောင်
လက်စမသတ်သေးပါဘူး။ တီးဝိုင်းက ကိုလင်းဆိုမယ့်သီချင်းရဲ့ အင်ထရို (Intro)ကို စတီးလိုက်တယ်။ ဒါပေမယ့် အင်ထရို (Intro) ကို
နားထောင်ရရုံနဲ့ သီချင်းကို သိနိုင်တဲ့နားရည် ဝမှုမျိုး ဦးသာမောင်မှာ မရှိပါဘူး။
သူ သေချာသိတာဆိုလို့ အခုကိုလင်းဆိုမယ့် သီချင်းဟာ မင်းအောင်
သီချင်းဖြစ်မယ်ဆိုတာလောက်ပဲ။
ဦးသာမောင်က မသိပေမယ့်
သူ့သားရဲမြမောင်ကတော့ အင်ထရို (Intro) ကြားတာနဲ့ သိလိုက်တယ်။ ပြီးတော့
သူ့အစ်မ မင်္ဂလာဆောင်မှာ ဒီသီချင်းဆိုရပါ့မလား ဆိုပြီး ထောင်းခနဲဒေါသထွက် သွားတယ်။
အဲဒါနဲ့ တခြားသီချင်းကို ပြောင်းပြီး ဆိုခိုင်းဖို့ ကိုလင်းရှိတဲ့ စတေ့ချ်စင်ဆီကို
ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာခဲ့တယ်။ သူ့ခြေလှမ်းတွေ ကိုလင်းဆီ
မရောက်ခင်မှာပါပဲ။ ကိုလင်းရဲ့သီချင်းသံက ခန်းမထဲကို လွှမ်းခြုံသွားတယ်။
သီချင်းသံကို ကြားလိုက်ရတော့
လူတိုင်းရဲ့ အကြည့်တွေဟာ ကိုလင်းဆီကို ရွေ့လျားသွားကြတယ်။ လူမမြင်ရဘဲ အသံကိုသာ
နားထောင်နေရရင် မင်းအောင် ကိုယ်တိုင်ဆိုနေတာလို့ ထင်စရာရှိတဲ့ အသံမျိုးကိုး။
ဆိုတော့ လူတိုင်းက ကိုလင်းရဲ့ သီချင်းသံထဲက နစ်မျောလို့။ ဒါပေမယ့်
မနစ်မျောနိုင်တဲ့သူ တစ်ယောက်တော့ ရှိရဲ့။ အဲဒီ လူက ရဲမြမောင်ပဲ။
ကိုလင်းရဲ့သီချင်းသံကို
ကြားလိုက်ရတော့ စတေ့ချ်စင်ဆီ လှမ်းနေတဲ့ ရဲမြမောင်ရဲ့ ခြေလှမ်းတွေ
မီးနီမိသွားကြတယ်။ အင်ထရို (Intro) တီးလုံးကြားကတည်းက ထွက်လာတဲ့ဒေါသက
ပိုပြီး အင်အားကြီးလာတယ်။ ဒီကောင်က ဘာကိစ္စနဲ့ ဒီသီချင်းကို ဆိုရတာလဲဆိုတဲ့
အတွေးကလည်း ရဲမြမောင်ရဲ့ ဒေါသကို မီးလောင်ရာ လေပင့်တယ်။ အဲဒါနဲ့ နဂိုက
စိတ်ဆတ်တတ်တဲ့ ဓာတ်ခံရှိထားတဲ့ ရဲမြမောင်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ
သီချင်းဆိုနေတဲ့ ကိုလင်းဆီ ဒေါသတကြီး ပြေးသွားပြီး မျက်နှာကို လက်သီးနဲ့ထိုးချ
လိုက်တော့တယ်။
ရုတ်ခြည်းဆိုသလို မင်္ဂလာဆောင်ထဲမှာ
မုန်တိုင်းတစ်ခု ပေါ်လာတယ်။ ကိုလင်းဘက်က လူတွေရယ်၊ ရဲမြမောင်ဘက်က လူတွေရယ်ကြောင့်
မွေးဖွားလာတဲ့ မုန်တိုင်းပေါ့။ မုန်တိုင်းရဲ့အရှိန်က အတော်လေးပြင်းထန်တော့ ခန်းမထဲမှာ
ဝရုန်းသုန်းကား ဖြစ်သွားတယ်။ ပြီးတော့ အဲဒီမုန်တိုင်းရဲ့ အဖျားရိုက်ခတ်မှုကြောင့်
မင်္ဂလာပွဲက တန်းလန်းနဲ့ တစ်ခန်းရပ်သွားတယ်။ ခပ်ရိုင်းရိုင်းပြော ရမယ်ဆိုရင်တော့
မင်္ဂလာပွဲ ပျက်သွားတယ်ပေါ့လေ။
'နေစမ်းပါဦး၊ မင်းက
ဘာဖြစ်လို့ ကိုလင်းသီချင်း ဆိုနေတာကို ပြေးထိုးရတာလဲ'
အခြေအနေ အရပ်ရပ်က
ပြန်လည်ငြိမ်သက်သွားတော့ ဦးသာမောင်က သူ့သားကို မေးလိုက်တာပါ။ ရဲမြမောင်က ခုထိ
ဒေါသအရှိန်မပြယ် နိုင်သေးတဲ့လေသံနဲ့ ပြန်ဖြေတယ်။
'သူဆိုနေတဲ့
သီချင်းကြောင့်ပေါ့ အဖေရ'
'ကိုလင်းဆိုနေတဲ့
သီချင်းကြောင့် ဟုတ်လား။ ရှင်းရှင်းပြောစမ်းကွာ။ ကိုလင်းဆိုနေတဲ့ သီချင်းက
ဘာဖြစ်နေလို့လဲ'
'ဘာဖြစ်ရမှာလဲဗျ။ သူ က
မင်္ဂလာဆောင်မှာ သူများနဲ့ညားတဲ့ ငါ့ရည်းစား သီချင်းဆိုနေတော့ သတို့သမီးဖြစ်တဲ့
အစ်မကပဲ သူနဲ့ဇာတ်လမ်း ရှိခဲ့သလိုလို အဓိပ္ပာယ်ရောက်နေတာပေါ့'
ဒီလောက်လေးတောင်မှ မစဉ်းစားမိဘူးလားဆိုတဲ့
အကြည့်နဲ့ သူ့ကိုကြည့်ရင်း ပြောလိုက်တဲ့ ရဲမြမောင်ရဲ့ စကားက ဦးသာမောင်ကို
မျက်လုံးပြူးသွားစေတယ်။ ပြီးတော့ ရဲမြမောင်က ကိုလင်းကို မပြောမဆို
ပြေးထိုးရခြင်းရဲ့ ဇာစ်မြစ်ကို သိချင်လို့ နားထောင်နေကြတဲ့သူ တွေကိုရောပေါ့။
သူတို့က လည်း တခြားသူတွေမဟုတ်ပါဘူး။ ထိုးကြ ကြိတ်ကြဖြစ်တုန်းက ပါခဲ့တဲ့သူတွေ
ချည်းပါပဲ။
သူတို့က ဖိုက်တင်ပလေးတုန်းက
ဝင်ပါခဲ့ကြတယ်ဆိုပေမယ့် ဘာကိုမှ ရေရေရာရာ သိလို့မဟုတ်ဘူးရယ်။ ရဲမြမောင်က
ကိုလင်းကို ပြေးထိုးလို့ ကိုလင်းဘက်ကနေ ဝင်ထိုးတဲ့သူက ထိုး။ ကိုလင်းဘက်က
စစ်ကူပါလာလို့ ရဲမြမောင်ဘက်က ဝင်အားဖြည့်တဲ့သူက ဖြည့်။ အဲသလိုနည်းနဲ့ ဘုမသိ ဘမသိ
ဝင်ပါခဲ့ကြတာပဲ ရှိတယ်။ ရဲမြမောင်က ဘာဖြစ်လို့ ကိုလင်းကို ထိုးတယ်ဆိုတာ
ဘယ်သူမှသိတာမဟုတ်ဘူး။ အခု ရဲမြမောင်က ဇာတ်ကြောင်းလှန်တော့မှ သိရတာ။
'ဟုတ်သားပဲ။ မင်းက ဘာဖြစ်လို့
ငါ့သမီးမင်္ဂလာဆောင်မှာ အဲဒီသီချင်းကို ဆိုရတာလဲ'
ခုမှ ရိပ်စားမိသွားတဲ့ ဦးသာမောင်က
ကိုလင်းဘက်ကို မြားဦးလှည့်လိုက်တယ်။ သူ့ကို အထိုးခံထား ရတာကြောင့်ရယ်၊ သူ့ရှေ့မှာ
တင်ထိုးလားကြိတ်လား လုပ်ကြတာကို မြင်ခဲ့ရတာကြောင့်ရယ် ကြောက်လန့်နေတဲ့ ကိုလင်းက
တုန်တုန်ရီရီ နဲ့ ပြန်ပြောတယ်။
'ဟို... ဟို... ဦးလေး ထွန်းဇံက
ဒီမင်္ဂလာဆောင်မှာ အဲဒီသီချင်းကိုဆိုရင် မုန့်ဖိုး...
မုန့်ဖိုးနှစ်ထောင်ပေးမယ်ပြော လို့ပါ'
'ဘာ... ထွန်းဇံက
ဆိုခိုင်းလို့... ဟုတ်လား... တောက်'
ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တဲ့
ဦးသာမောင်ကို လန့်ပြီး ကိုလင်း တုန်သွားတယ်။ ဦးသာမောင်ကတော့ အဲဒါကို
သတိမထားမိပါဘူး။ သူ့သားရဲ့ မင်္ဂလာပွဲထက် သူ့သမီးရဲ့ မင်္ဂလာပွဲက သာတာကို
မနာလိုလို့ ပွဲပျက်အောင် အကွက်ဆင်တဲ့ ဦးထွန်းဇံရဲ့မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။
ပြီးတော့ သိက္ခာမဲ့တဲ့နည်းနဲ့ သူ့ကို အရှက်ခွဲလာတဲ့ ဦးထွန်းဇံရဲ့ လုပ်ရပ်ကို
တွေးပြီး ကျိတ်မနိုင် ခဲမရဖြစ်လာတယ်။ ဘယ်လောက်တောင်များလဲဆိုရင် လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်ထားလိုက်တာ မေးရိုးကြီးများတောင် ထောင်လို့။
ကေသွယ်မြမောင်ကတော့ သူ့မင်္ဂလာပွဲ
ပျက်သွားတာကြောင့် တရှုံ့ရှုံ့ငိုနေတယ်။ သတို့သားဘက် အသိုင်းအဝိုင်းကဆိုလို့
ခန်းမထဲမှာ တစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ သူကတော့ ငိုနေတဲ့ ကေသွယ်မြမောင်ကိုချော့မော့
နှစ်သိမ့်နေတဲ့ အောင်ကိုမင်းပဲ။ မိဘတွေက ဇွတ်ခေါ်တာကို ပြန်မလိုက်ဘဲ နေရစ်ခဲ့တာလေ။
သမီးဖြစ်သူကို ကြင်နာယုယစွာ
မျက်ရည်သုတ်ပေးနေတဲ့ သမက်လောင်းကို ကြည့်ရင်း ဦးသာမောင်ရဲ့ ရင်ထဲမှာ
ဦးထွန်းဇံကြောင့် ထွက်နေတဲ့ ဒေါသတွေက ပိုပြီးကြီးထွားလာတယ်။ ပြီးတော့...
'တောက်... ထွန်းဇံ မင်းက
ငါ့အရှက်ကိုခွဲတော့ ငါက မင်းအသက်ကို ယူရမှာပေါ့ကွ'
အဲသလို ကြိမ်းဝါးပြီး ဦးသာမောင်က
ခန်းမထဲက ထွက်မယ်ဟန်ပြင်တော့ ရဲမြမောင်ကပါ အဖေ့ခြေရာ နင်းဖို့ကြံတယ်။ အနားမှာ
ရှိကြတဲ့သူတွေကလည်း ကြက်သေသေပြီး သူတို့နှစ်ယောက်ကို မဟန့်တားမိကြဘူး။
ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းနေတဲ့
သားအဖ နှစ်ယောက်လုံး ခန်းမရဲ့အပြင်ဘက်ကို ရောက်လုရောက်ခင် အဲဒီအချိန်မှာပဲ
ဒေါ်မြနှစ်က လက်တန်းစီထားတဲ့ စကားလုံးတွေကို အသံအဖြစ် ပြောင်းလဲ တည်ဆောက်လိုက်တယ်။
'ကိုသာမောင်၊ တော်
အခုလုပ်မယ့်ကိစ္စက တရားမျှတမှုရှိရဲ့လား ဆိုတာကို စဉ်းစားကြည့်ပါဦး'
ဦးသာမောင်က သူ့ရဲ့ခြေလှမ်းတွေကို
ချော့သိပ်လိုက်တယ်။ ပြီးတော့ သူ့ အကြည့်တွေက ဒေါ်မြနှစ်ဆီ ခုတ်မောင်းသွားတယ်။
ဦးသာမောင်ရဲ့ အကြည့်တွေ ဒေါ်မြနှစ်ဆီ မရောက်လိုက်ရပါဘူး။ လမ်းခုလတ်မှာပဲ
ဒေါ်မြနှစ်ရဲ့အကြည့်တွေနဲ့ ထိပ်တိုက်တိုးမိတယ်။
အဲဒီလို အကြည့်ချင်း တိုက်မိလို့
ဖြစ်မယ်ထင်ပါရဲ့။ ဒေါ်မြနှစ်ရဲ့ မျက်ဝန်းထဲတွေထဲမှာ အသံမဲ့ ဘာသာစကားတွေ
လူးလွန့်လှုပ်ရှားသွားကြတယ်။ ပေါင်းသင်းလာခဲ့တာပဲ ငွေရတုချီတော့မယ့် သူချင်းမို့
ဦးသာမောင်က ဒေါ်မြနှစ် မျက်ဝန်းနဲ့ပြောတဲ့စကားတွေကို စိတ်နားနဲ့ ဆက်ဆက် ကြားလိုက်ရတယ်။
အဲဒါကြောင့်ပဲ စောစောက ထွက်နေတဲ့ ဒေါသတွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ကြရော။
ပြီးတော့ ခြေလှမ်းတွေကို ဘက်ဂီယာထိုးပြီး ခန်းမထဲ ပြန်လျှောက်လာခဲ့တယ်။
ရဲမြမောင်ကလည်း ဦးသာမောင်လိုပဲ
ခန်းမထဲကို ပြန်လျှောက်လာခဲ့ရတယ်။ ဦးသာမောင်လိုတော့ ဒေါသတွေဟာ ချုပ်ငြိမ်းမသွားသေးဘူး။
ပြီးတော့ ဦးသာမောင်လို မဟုတ်တာ တစ်ခုရှိသေးတယ်။ ဒေါ်မြနှစ်ရဲ့စကား တစ်ခွန်းကြောင့်
ဦးသာမောင် အခုလို ဒေါသတွေပြေပြီး ရှေ့ဆက်မတိုးတော့တာ ဘာဖြစ်လို့လဲဆိုတာကို
စဉ်းစားနေတဲ့ အချက်ပဲ။
အမှန်တော့ အဲဒီအချက်ကို
သိချင်နေတဲ့သူက ရဲမြမောင်တစ်ယောက်တည်းရှိတာ မဟုတ်ပါဘူး။ ခန်းမထဲမှာ ရှိနေကြတဲ့သူတွေအားလုံးကလည်း
သိချင်နေကြတာပါပဲ။ တစ်ခုတော့ရှိတယ်။ အဲသလို သိချင်စိတ်ပြင်းပြနေကြတဲ့ သူတွေထဲမှာ
ဒေါ်မြနှစ်တော့ မပါဘူး။
▀
မော်မော့်မောင်
(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...