ဒဂုန်တာရာ
၁။
တို့မှာ
ပြောစရာရှိတယ်။ ပြောစရာတွေ ရှိတယ်ဆိုလို့ အထင်တော့ မကြီးနဲ့။ တို့မှာ ဘာပြောစရာ
ရှိမှာလဲ။ တို့က အခုမှ ၁၆ နှစ်ပဲရှိသေးတာ။ ပြီးခဲ့တဲ့လကမှ ၁၆ နှစ်ပြည့်တဲ့
မွေးနေ့လုပ်ခဲ့တာကိုး။ ကံ့ကော်ရိပ်က မလေးရှားခေါက်ဆွဲနဲ့ စင်ကာပူ
ကြားဇံကြော်မှာကျွေးတယ်။ ကရဝိတ်က ရေခဲမုန့်။ နေ့လယ်ကျတော့ သမ္မတက ဂျပန်ကား
သွားကြည့်ကြတယ်။ ရောင်စုံဓာတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပေါ့။ မေမေက
ပိုက်ဆံကုန်မှာ စိုးလို့ အိမ်မှာ မှာကျွေးတာ။ တို့က အင်းလျားလိတ်တို့
ကရဝိတ်တို့မှာ လုပ်ချင်တာ။ ဖေဖေက အင်လျားလိတ်တောင် သွားမေးပြီးပြီ။ အလကားပါ။
နောက်ဆုံးကျ ဖေဖေက မေ့မေ့ကိုကြောက်ရတာပါပဲ။ တို့မွေးနေ့ကို
အချစ်ဆုံးသူငယ်ချင်းတွေပဲ ရွေးဖိတ်ပါတယ်။ တို့မွေးနေ့ကို ဒေဝစ္ဆရာဘဂျမ်းရယ်၊
ဖြူပြာညိုလဲ့စိမ်းရယ်၊ အေမီနုရယ်၊ သင်းမြမြစိုးရယ်၊ ဝင်းပပလှမောင်ထွန်းရယ်၊
ခင်ထားအိရယ်၊ ချောချောရယ်၊ ယောက်ျားလေးတွေကတော့ အောင်အောင်၊ နန္ဒမင်းခေါင်နဲ့
စိုင်းသီဟတို့ပဲ။ တို့သူငယ်ချင်းတွေကို နင်သိပါတယ်။ လူသစ်ဆိုလို့ အေမီနုရယ်၊
စိုင်းသီဟရယ်ပဲ ပါတယ်လေ။
အေမီက
ပြည်နယ်တစ်ခုက ပြောင်းလာတာ။ သူ့အဖေက ပြည်နယ်အရာရှိကြီးလေ။ စိုင်းသီဟဆိုပြီး
ရှမ်းတစ်ယောက်လို့တော့ မထင်လိုက်နဲ့။ သူ့နာမည်ရင်းက သီဟ။ စိုင်းထီးဆိုင်ကို
သဘောကျတာနဲ့ စိုင်းသီဟလို့ လုပ်လိုက်တာ။ သီဟဆိုပေမယ့် သိပ်ကြောက်တတ်တာ။
ညအမှောင်ထဲဆို တစ်ယောက်တည်း မထွက်ရဲဘူးတဲ့ကွ။
တို့အကြောင်းက
ဒါလောက်ပဲ ပြောစရာရှိတာ။ တို့ပြောချင်တာက တို့ဖေဖေ မေမေအကြောင်း၊
တို့အဘိုးလေးအကြောင်း။ တို့အဘိုးလေးဆိုတာက တို့မေမေရဲ့ အမေရဲ့မောင်။ ဦးမှိုင်းမြ၊
ဥပဒေ ပါမောက္ခ အငြိမ်းစားဆိုလား။ ပင်စင်လခတော့ ရနေတာ သိတယ်။ တို့ခြံထောင့်က
အိမ်ကလေးမှာ နေတယ်လေ။
ဝါးပင်တွေကြားထဲမှာ
သူ့ပုံစံ သူရေးပြီး ဆောက်ထားတာ။ အိမ်ပတ်ပတ်လည်မှာ ဝရန်တာ ထုတ်ထားတယ်။ အပြင်က
အားလုံး ရေနံသုတ်ထားတယ်။ ဝရန်တာက အစိမ်း။ မှန်တံခါးဘောင်တွေ က ဆေးရောင်အဖြူ။
အတွင်းမှာတော့ အဖြူရောင် သုတ်ထားတယ်။ ဘိုးလေးက ပြောတော့ တောအိမ်တဲ့။ နာမည်နဲ့လည်း
မလိုက်ပါဘူး။ တံခါးတိုင်းမှာ ပန်းပွင့် ခန်းစီးတွေနဲ့။ နော... ဒါ တောအိမ်
ဘယ်ဟုတ်မှာလဲ။ အိမ်ထောင်ပရိဘောဂတွေကတော့ ရှေးက ပုံတွေချည်းပဲ။ ပန်းအလိမ်တွေ၊ ပန်း
အကြွတွေနဲ့။ ကုလားထိုင် ခြေထောက်တွေ၊ စားပွဲခြေထောက်တွေမှာဆိုရင် ခြင်္သေ့ရုပ်တွေ၊
ကြာပွင့်တွေ ခံထားတယ်။ ခေတ်ဆန်တဲ့ ပစ္စည်းဆိုလို့ ရေဒီယိုကက်ဆက်ရယ်၊
ဓာတ်ပြားဖွင့်တဲ့စက်ရယ် ဒါပဲ။ တစ်ခန်းလုံး စာအုပ်တွေချည်းပဲ။ ဘိုးလေးက
ဖီလိုဆိုဖီမှာ ဂုဏ်ထူးနဲ့ အောင်လာတာဆိုလား။ တို့လည်း ကောင်းကောင်း မသိပါဘူး။
သူ့အခန်းမှာလည်း စာအုပ်တွေနဲ့
ပြည့်နေတာပဲ။ အင်္ဂလိပ်စာအုပ်တွေက များတယ်။ တို့ စိတ်မဝင်စားတဲ့ စာအုပ်တွေက
များပါတယ်။ ဘောဂဗေဒ၊ ဒဿန၊ သမိုင်းတွေ၊ အင်္ဂလိပ် ဝတ္ထုတွေ လည်း ရှိတယ်။ တို့ကတော့
အရုပ်ပါတဲ့ စာအုပ်တွေ ရှာတာ။ စာအုပ်ဖုံးဖို့လေ။ ရှေးက အင်္ဂလိပ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေတောင်
ရှိတယ်။ မြန်မာဝတ္ထုတွေလည်း ရှိတယ်။ တို့ခေတ်က ဝတ္ထုတွေမဟုတ်ပါဘူး။ မစ္စတာ
မောင်မှိုင်းတို့၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့၊ ပီမိုးနင်းတို့။ နာမည်တွေ
မကြားဖူးပါဘူး။ အောက်ပါတယ်။ သိတယ်မဟုတ်လား။ တို့ဖတ်တာတွေက ခုခေတ်ဝတ္ထုတွေ၊
အမျိုးသမီးစာရေးဆရာမ တွေပေါ့။ ဝတ္ထုတွေ၊
ရုပ်ပြဇာတ်လမ်းတွေ။ တို့က ဇာတ်လမ်းကောင်းမှ ဖတ်တာ။ အဖုံးတွေဆို တို့စိတ်ကူးထဲက
ကောင်လေး ကောင်မလေးတွေမှ ကြိုက်တာ။
တို့ဘိုးလေးအခန်းထဲ ရောက်သွားရင် ၁၈
ရာစု ပြန်ရောက်သွားသလို ခေတ်ဟောင်းတေး နားထောင်ရသလို။ သိတယ်မဟုတ်လား။ တို့က
နှစ်ဆယ်ရာစုနှစ်က လူ။ နည်းနည်းပါးပါးတော့ ကွာရမှာပေါ့နော်။ တို့ပြောစရာ
ရှိတယ်ဆိုတာ အဲဒါတွေကွ။
တို့မွေးနေ့ပါတီလုပ်တာ ဘာပြောတယ်
မှတ်သလဲ။ မြန်မာမှာ မွေးနေ့လုပ်တာ မရှိဘူးတဲ့။ အနောက်နိုင်ငံ ယဉ်ကျေးမှုတဲ့။
သူ့လောက်ခေတ်ဆန်တာလည်း မရှိဘူး။ ရေဒီယို နားထောင်ရင်လည်း အင်္ဂလိပ်ဘာသာနဲ့
အသံလွှင့်တဲ့ ကမ္ဘာအရပ်ရပ်က အသံလွှင့်တာတွေ အကုန်နားထောင်တယ်။ ဂီတလည်း ဝါသနာပါတော့
သီချင်းအားလုံး နားထောင်တယ်။ ဒါတောင် မွေးနေ့ပါတီလုပ်တာ ပြောချင်သေးတယ်။ တို့တော့
ဘိုးလေးပြောတာ နားကိုမလည်ဘူး။ တစ်ခု ချစ်စရာကောင်းတာ ရှိတယ်။ သူက ပြောရုံသာ
ပြောတာ။ အပြစ် မပြောတတ်ဘူး။ တို့မွေးနေ့လုပ်တာ မလုပ်နဲ့မပြောဘူး။ သူ့မှာရှိတဲ့
ကက်ဆက်ခွေတွေတောင် ငှားသေးတယ်။ သူ့မှာ ခေတ်ပေါ်သီချင်းတွေ ရှိတယ်။ တို့အံ့သြတာက သူ
ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ ခေတ်ဆန်ပေ့ဆိုတာလည်း ကြိုက်တယ်။ တို့တော့
နားလည်လို့ကို မရဘူး။ တို့ဆိုရင် နင်လည်း သိသားပဲ။ ရှေးသီချင်းဆိုရင်
ပိတ်လိုက်တာပဲ။ နားထောင်လို့ကို မရဘူး။ တို့ဘိုးလေးကတော့ မြန်မာရှေးသီချင်းကြီးတင်
မဟုတ်ဘူး။ အင်္ဂလိပ်ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ အထူးသဖြင့်
စန္ဒရားတီးလုံးတို့၊ တယောတို့၊ သံစုံတီးဝိုင်းတို့ပေါ့။
မြန်မာဆိုင်းဝိုင်းတွေဆိုလည်း သိပ်ကြိုက်တာ။ ဖေဖေတို့၊ မေမေတို့ကျတော့ တစ်မျိုး။
သူတို့က မေရှင်၊ တင်တင်မြ၊ စန္ဒရားချစ်ဆွေ၊ ကိုသန်းလှိုင်တို့ဆို သိပ်ကြိုက်။
တို့က ဒါတွေ အောက်တယ်ထင်တာ။
တို့အကြိုက်က နင်လည်း သိတယ်မဟုတ်လား။
ခုခေတ် ပေါ်တာတွေမှ။ အော်ဂင်တို့၊ ဒရမ်တို့၊ ဂစ်တာတို့မှ။ မြူးမြူး ကြွကြွမှ
ကြိုက်တာ။ အပူမှကြိုက်တာ။ စောင်းကောက်တို့။ ပတ္တလားတို့ဆို နားထောင်လို့ကို မရဘူး။
တို့က မြန်မာ့အသံဆို ဘယ်တော့မှ
နားမထောင်ဘူး။ စတီရီယိုသီချင်းမှ နားထောင်လို့ရတယ်။ ရုပ်မြင်သံကြားတော့ ရတယ်။ ဖေဖေ
မေမေတို့က ရာစုတစ်ခေတ်လောက် နောက်ကျတယ်။ ဘိုးလေးကတော့ ရာစုနှစ်ခေတ်လောက် အောက်တယ်။
နင်ကော ဘယ်လိုသဘောရသလဲ။ တို့တော့ ဟားနေရတာပဲ။ ပျော်တော့ အပျော်သားပဲ။
တို့အထဲမှာ တစ်ယောက်တစ်မျိုးတော့
ဝါသနာတွေ ရှိကြတယ်။ တို့က ဝတ္ထုဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ အေမီနုက လမ်းစဉ်လူငယ်
သင်တန်းတက်ဖူးတယ်။ ဒေဝစ္ဆရာ ဘဂျမ်းက ကုက္ကိုင်းရေကူးကလပ်မှာ ပါတယ်။ ဖြူပြာညိုလဲ့စိမ်းက
ကားမောင်းရင်း စီးကရက်ဖွာတယ်။ သင်းမြမြစိုးက တရုတ်သိုင်းကားဆိုရင်
မလွတ်တမ်းကြည့်တယ်။ ဝင်းပပ လှမောင်ထွန်းကတော့ ကရဝိက်က ရေခဲမုန့်စားရမှ။ ချောချောက
တစ်မျိုး။ ပြိုင်စက်ဘီး စီးတယ်။ ယောကျ်ားရှပ်အင်္ကျီ ဝတ်တယ်။ ခင်ထားအိက
သင်္ကြန်ဆို လျှောက်လည်ရမှ၊ ဝင်ကလိုက်ရမှ။ ဒါကြောင့် တစ်ယောက် တစ်မျိုးစီလို့
ပြောတာ။ အကုန်လုံးစုလိုက်ရင် အကြိုက်အားလုံးတူကြတယ်။ တို့အထဲ ရှိနေတာက တစ်ယောက်စီ
တစ်ယောက်စီမှာ ရှိကြတဲ့ အကြိုက်ကလေးတွေကိုသာ ပြောရတာ။ ယောကျ်ားလေး တွေ
အကြောင်းတော့ တို့မသိဘူး။ ဂစ်တာတော့ ခေါက်တတ်ကြမှာပေါ့။ ပြောစရာ တစ်ခုကျန်နေတယ်။
တို့ဖေဖေက အလုပ်ကထွက်ပြီး အခု နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ကိုယ်စားလှယ် လုပ်နေတယ်။
တို့အကြိုက်တော့ သိတယ်မဟုတ်လား။
ချောကလက်ရယ်၊ ဒစ္စကိုရယ်၊ ရုပ်ပြဇာတ်လမ်းရယ်။ ချောကလက်ကတော့ ဘယ်လောက်ပေးရပေးရ
ဝယ်စားတာပဲ။ တစ်ရာ ပေးရတာတောင် ရှိတယ်။ တို့ဘိုးလေးက ဘာပြောတယ် မှတ်သလဲ။
သူတို့ကျောင်းသားဘဝက ရုပ်ရှင်ကြည့်ရင်း အပျင်းပြေစားတာတဲ့။ တို့နေကြာစေ့
စားသလိုနေမှာပေါ့။ နက်စလေ ကုမ္ပဏီလုပ် နို့ချောကလက် အပြားကြီးမှ တစ်မတ်တဲ့။
ခေတ်ဟောင်းက ရွှေထီးဆောင်းရတာပဲ ပြောလို့မဆုံးနိုင်ဘူး။ ဒစ္စကို
ဆိုင်းချက်မျိုးဆိုတာ တို့မြန်မာမှာလည်း ရှိတာပဲတဲ့။ တို့တော့ တစ်ခါမှ
မကြားဖူးပေါင်။ ရုပ်ပြဇာတ်လမ်း ပန်းချီရေးတဲ့ ကောင်လေးတွေကတော့ သိပ်တော်တာပဲတဲ့။
ဇာတ်လမ်းကောင်းတာတော့ ထည့်မပြောဘူး။ ဒါကြောင့်ပြောတာ။ ရာစု နှစ်ခေတ်လောက်
နောက်ကျနေပါတယ်လို့။
၂။
တို့ခြံနဲ့ကပ်လျက် လမ်းထောင့်က
အိမ်ရှေ့မှာ နတ်ပွဲ ကတယ်။ မဏ္ဍပ်ထိုးကတည်းက တို့က စိတ်ပျက်နေတာ။
တစ်နေ့လုံးဆူနေမှာ။ ပွဲစကတည်းက ဆူလည်းဆူတော့တာပါပဲ။ လူတွေကတော့ အုံနေတာပဲ။
စဲတယ်ကို မရှိဘူး။ မနက်ကတည်းက မိုးချုပ် ၈ နာရီလောက်အထိပဲ ဆိုပါတော့။ စည်တော့
အရမ်းစည်။ ကြိတ်ကြိတ်တိုး။ တို့အိမ်က အိမ်ဖော်တွေဆိုတာလည်း လစ်တာနဲ့
နတ်ပွဲရောက်နေတာပဲ။ အလုပ်တောင် ပျက်တယ်။ သူတို့က တောကမဟုတ်လား။ ဒါမျိုး
ကြိုက်တာပေါ့။ တို့က နားငြီးတာနဲ့ သွားမကြည့်ပါဘူး။ တို့ဘိုးလေးကတော့
တစ်နေ့လုံးလိုလို နတ်ပွဲမှာချည်းပဲ။ ပြန်လာရင် အတီးက သိပ်ကောင်းတာပဲ။ အကက
သိပ်ကောင်းတာပဲနဲ့။ တို့မြို့ထဲထွက်ရင် နတ်ပွဲကို ဖြတ်သွားလို့ လှမ်းမြင်ရပါတယ်။
ကိုယ်တွေ လှုပ်ယမ်းနေတာ တွေ့ရပါတယ်။ အောက်ပါတယ်ကွာ။ သေသေချာချာတောင်
မကြည့်မိပါဘူး။
တို့သူငယ်ချင်းတွေထဲက ခင်ထားအိက
နတ်ပွဲ သိပ်ကြိုက်တာပဲ။ အခုမှ တို့လည်း သိရတာ။ သူရောက်ကတည်းက အိမ်မှာကို
မထိုင်ဘူး။ နတ်ပွဲရောက်သွားတာပဲ။ တို့ကို အဖော်ခေါ်လို့ မရတော့ သူတစ်ယောက်တည်း
သွားတယ်။ သူငယ်ငယ်က မန္တလေးမှာ အကသင်ဖူးသတဲ့။ တို့လည်း အခုမှ သိရတာလေ။ အက
သိပ်ဝါသနာပါတာကိုး။ တို့က 'နင် သိပ်အောက်တာပဲ' ပြောရင် ပြုံးပြီးကြည့်နေတယ်။
သူ့ကို မဏ္ဍပ်အဝ လိုက်ပို့ရင်း ကိုယ်ကို တုန်ပြီး ယိမ်းလှုပ် ကနေတာ တွေ့တာချည်းပဲ။
ဆိုင်းကလည်း မြည်လိုက်တာ။ ရင်ပွင့်မတတ်ဘဲ။ ခင်ထားအိကတော့ 'ဒါမှ
ကလို့ကောင်းတာ'တဲ့။ သူတောင် ကချင်သတဲ့။ တို့လည်း သူ့အနားက
ထွက်ပြေးခဲ့ရတယ်။
တတိယနေ့မှာ တို့ဘိုးလေး ဦးမှိုင်းမြက
သူ့မိတ်ဆွေ နိုင်ငံခြားသား ဧည့်သည်တစ်ဦး ဧည့်ခံချင်လို့တဲ့။ တို့က စားစရာ သောက်စရာ
လာပြင်ပေးပါတဲ့။ မွန်းလွဲ လက်ဖက်ရည်ပွဲတဲ့။ ဘာတွေနဲ့ ဧည့်ခံတယ် ထင်သလဲ။
ရွှေချီမုန့်၊ ငှက်ပျောကြော်၊ မန္တလေးထိုးမုန့်၊ မုန့်ကြာစိ၊ မုန့်ဟင်းခါး၊
ကရေကရာ။ အဲဒါကို လက်ဖက်ရည်ကြမ်းနဲ့ တိုက်မတဲ့။ ကြည့်စမ်းပါဦး။
ဘယ်လောက်တုံးသလဲလို့။ တို့က မနေနိုင် တာနဲ့ ကော်ဖီဖျော်ထားပေးတယ်။ သူ မကြိုက်လည်း
မတတ်နိုင်ဘူး။ သူ့စာရေးစားပွဲပေါ်က ပုဂံမနုဟာမင်းဘုရားပုံ အသေးရုပ်တုနဲ့ ဆရာကြီး
ဘယ်သူ... သခင်ကိုယ်တော်မှိုင်းပုံ ဆိုလား။ အဲဒါကို ဖုန်သုတ်ပေးထားရသေးတယ်။
ဘာမှန်းလဲ မသိပါဘူး။
တို့က မွန်းလွဲ ၂ နာရီလောက်ကတည်းက
အဆင်သင့် ပြင်ပေးထားတယ်။ ကိုယ်တော်ချောတွေက ၄ နာရီကျော်မှ အိမ်ထဲဝင်လာကြတယ်လေ။
တို့ပြောဖို့ ကျန်နေတယ်။ ဘိုးလေး က နိုင်ငံခြား တော်တော်များများ ရောက်ဖူးတယ်။
အခုလာတာ သူ့မိတ်ဆွေ ပါမောက္ခတစ်ယောက်တဲ့။ အာရှ အာဖရိက တိုင်းပြည်တွေက
ရိုးရာတေးဂီတတွေကို လေ့လာသုတေသန ပြုဖို့ လာတာတဲ့။ မြန်မာပြည်က အစခရီးလေ။ သူတို့
နှစ်ယောက်က နတ်ပွဲမှာ အချိန်ကုန်နေကြတာ။ ၁ နာရီလောက် ကတည်းက နတ်ပွဲရောက်နေကြတာ။
အိမ်ထဲဝင်လာတော့ ကင်မရာတွေ၊ ကက်ဆက်တွေ တလွယ်တပိုးကြီး။
ငှက်ပျောကြော်နဲ့ မုန့်ကြာစေ့ကိုတော့
ပူအောင်နွှေးပေးရတာပေါ့။ စားရင်း သောက်ရင်း ရယ်ကာမောကာ စကားပြောကြတာ ဘာအကြောင်းမှတ်သလဲ။
နတ်ပွဲအကြောင်းလေ။ ဘိုကြီးက နတ်ပွဲတီးတာ အကတွေကို သိပ်သဘောကျနေတာ။ ဆိုင်းဝိုင်းက
တူရိယာသမားတွေ စိတ်လှုပ်ရှားပြီး ကိုယ်ကိုယိမ်းလှုပ်တီးနေကြတာကို သူက 'သိပ်ဂီတ
ဆန်တာပဲ' တဲ့။ ကတာတွေ၊ တီးတာတွေကို ရုပ်ရှင်ဓာတ်ပုံ
ရိုက်ထားတယ်။ အသံသွင်းထားတယ်။ သူ သုတေသနပြုစုပြီး ရေးသားမယ့်ကျမ်းမှာ အကိုးအကား
လုပ်ရမယ်တဲ့။
ပါမောက္ခက ငှက်ပျောကြော်ကို စားပြီး 'သိပ်အရသာ
ရှိတာပဲ'လို့ ပြောရင်း 'ဒစ္စကိုတို့၊
ရော့အင်ရိုးတို့ အစရှိတဲ့ ဆိုင်းချက် (ရစ်သမ် ပုံစံ)မျိုးတွေဟာ ခင်ဗျားတို့ပြည်မှာ
ကျွန်တော်တို့ အနောက်ထက်စောပြီး ရှိနေတာပဲ။ နတ်သီချင်းတွေ ဘယ်ခေတ်လောက်က ပေါ်တယ်
ထင်သလဲ'လို့ မေးလိုက်တယ်။
တို့က ပြန်ကြော်ထားလို့ အရသာ
ပိုရှိသွားတာနဲ့ တူတယ်။ ဘိုးလေးက တချို့ တို့နားမလည်တာတွေကို ဘာသာပြန်ပြတယ်။
အခုတလော အင်္ဂလိပ်စာ ကြိုးစားကျက်မှတ်နေလို့ တို့ကို သဘောကျနေတာ။ အင်္ဂလိပ်စကားက
သပ်သပ်သင်စရာ မလိုဘူးတဲ့။ ကိုယ်တိုင်ပြော၊ သူများပြောတာ နားထောင်ရင် တတ်လာမှာတဲ့။
ဒါကြောင့် ဧည့်သည်လာတုန်း သူ့နား ခေါ်ထားတာလေ။ '၁၅ရာစု နှစ်လောက်ကတည်းက
ရှိမယ်ထင်တယ်။ ကျွန်တော်က ဂီတသမိုင်းဆရာ မဟုတ်တော့ အတိအကျ မပြောနိုင်ဘူးဗျာ။
ကျွန်တော်တို့ဆီမှာ သုတေသနလုပ်ငန်းက သိပ်မဖွံ့ဖြိုးသေးဘူး'
'နတ်ရဲ့ ဝိညာဉ်တွေက ဝင်ပြီး
သီဆိုကခုန်တယ်ဆိုတာ ဟုတ်ပါသလား'
ဘိုးလေးက ခေတ္တ ငြိမ်သက်နေတယ်။
ပြီးနောက် တို့နားမလည်တဲ့ စကားလုံးတွေနဲ့ ပြောကြ တယ်။ ပြောဟန်အမူအရာကို
ကြည့်ရတာကတော့ ဘိုးလေးက သူ နားမလည်ကြောင်း ပြောတာနဲ့တူတာပဲ။
'တီးဟန် ကဟန်တွေကတော့ ကျွန်တော်
သိပ်ကြိုက်တာပဲ။ သိပ်စိတ်ဝင် စားမိပါတယ်'
ပါမောက္ခက သူ တခြားက သွင်းလာတဲ့
အိုးစည်သံ၊ ဒိုးပတ်သံတွေလည်း ဖွင့်ပြသေးတယ်။ အားလုံး ပါမောက္ခက ရုပ်ရှင်ရိုက်ကူး
ထားတယ်။ ဘိုးလေးက သူ မသိရင် မသိဘူး ပြောတယ်။ သိတယ်ဆိုရင်လည်း
ပိုင်ပိုင်နိုင်နိုင်သိမှ သိတယ်ပြောတယ်။ ဒါတော့ တို့နားလည်တယ်လေ။ တို့လည်း
ဘိုးလေးပြောတာတွေ နည်းနည်း စဉ်းစားချင်လာတယ်။ သူတို့ နှစ်ယောက် စကားကောင်းနေကြတာ
မှောင်ရော။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက
ရုပ်မြင်သံကြား အစီအစဉ်မှာ စတူဒီယိုဘီ (အသံလွှင့်ခန်း-ခ)မှ တေးဂီတ ကြည့်ရတယ်။
ဘိုမက စန္ဒရားအဖြူကြီးမှာ ထိုင်တီးပြီး ဆိုတယ်။ ကိုယ်ယိမ်းလှုပ်ပြီး အမူအရာနဲ့ဆိုတယ်။
တို့သူငယ်ချင်းတွေလည်း ရောက်နေတယ်။ များများတော့ မဟုတ်ပါဘူး။ ခင်ထားအိနဲ့
ဖြူပြာညိုလဲ့စိမ်း အလည်လာရင်းနဲ့ ကြုံလို့ ဝင်ကြည့်တာပါ။ ယိမ်းပုံ လှုပ်ပုံ
တုန်ပုံ ခါပုံက နတ်ပူးနေသလိုပဲ တကယ်ပါပဲ။ တို့နတ်ပွဲမှာ ကိုယ်ခါပြီး
တုန်ကသလိုပါပဲ။ အဲဒီတော့မှ တို့လည်း ဘိုကြီး နတ်ပွဲကို သဘောကျနေတာ
ကောင်းကောင်းသဘော ပေါက်သွားတယ်။
ခင်ထားအိက တို့နားတွင် ထိုင်နေတာ။
တို့က ပြောပြတော့ သူက 'ဟုတ်တယ်ကွ။ နတ်ပူးကတာနဲ့ တစ်ထေရာတည်းပဲတဲ့' ခင်ထားအိလည်း
ကြည့်ရင်း ကိုယ်လှုပ်တယ်။ သူက သိပ်အကဝါသနာပါတာလေ။ ဘိုမ ဆိုတာ၊ လှုပ်တာ ကြည့်ရင်း
တို့လည်း စိတ်လှုပ်ရှားနေမိတယ်။ တို့ကြိုက်တဲ့ အဆိုတွေ၊ အတီးတွေ၊ အကတွေပဲ။
တို့အိပ်ရာဝင်တော့ စဉ်းစားစရာတွေ ရလာတယ်။
ဖေဖေ မေမေတို့နဲ့ ဘိုးလေးနဲ့၊ တို့နဲ့
အယူအဆချင်း၊ အကြိုက်ချင်း၊ ခံစားမှုချင်း မတူတာ ကွာဟနေတာတာ့ အမှန်ပဲ။
ဘိုးလေးစကားနဲ့ ပြောရရင်တော့ သဘာဝကျပါတယ်ပေါ့။ ခေတ်ချင်းကတော့ ဘယ်တူနိုင်ပါမလဲနော။
ဘိုးလေးတို့ ကြီးလာရတာက အင်္ဂလိပ်ကိုလိုနီခေတ်။ ဖေဖေမေမေတို့ ကြီးလာရတာက ဖဆပလခေတ်။
အခုခေတ်က တို့ခေတ်။ ဘိုးလေးတို့ခေတ်က ဘတင့်၊ ခင်မောင်ရင်၊ ဖေဖေမေမေတို့ ခေတ်က
ကောလိပ်ဂျင်နေဝင်း။ တို့ခေတ်က ကျော်ဟိန်း။ ဘယ်တူပါ့မလဲနော်။ အခုလေ ပြောရဦးမယ်။
ပြောစရာရှိတယ် ဆိုတာလည်း အဲဒါပဲလေ။ တစ်ခု တို့ဘိုးလေးနဲ့ သွားတူတာ သွားတွေ့တယ်။
စိတ်တောင် မကောင်းဘူး။
တစ်နေ့က တို့ အင်္ဂလိပ်စာ
လေ့ကျင့်ခန်းလုပ်နေတုန်း ဘိုးလေး တို့စားပွဲနား ရောက်လာတယ်။ တို့က အပြင်က
ဆရာတစ်ယောက်ဆီမှာ ကျူရှင်ယူနေတယ်လေ။ ဘိုးလေးက အင်္ဂလိပ်ဘာသာ သင်ခန်းစာများဆိုတဲ့
စာအောက်က 'ဗြိတိသျှဘားမား စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ၁၉၂၃' ဆိုတဲ့ စာလုံးကို ဖတ်ပြပြီး 'အဲဒါ
ဘိုးလေးတို့ငယ်ငယ်က သင်တဲ့ စာအုပ်ပေါ့။ ကောင်းတယ် ကြိုးစား'လို့
ပြောပြပြီး ပြုံးနေတယ်။ ခါတိုင်း ဘိုးလေးတို့ခေတ်က ဘိုးလေးတို့ခေတ်ကလို့ ပြောရင်
တို့ကလည်း '၁၈ ရာစုနှစ်က ဟာတွေပါ။ အခုခေတ်က ၂ဝ ရာစုခေတ်'လို့ ချက်ချင်း ပြန်ချေလိုက်တာပဲ မဟုတ်လား။ အခုတော့ တို့
ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်နေတုန်း။ အပြတ်ချေဖို့ စကားလုံးရှာနေတုန်းပေါ့လေ။
စိတ်တောင် မကောင်းပါဘူး။ တို့ကပဲ
ဘိုးလေးတို့ ၁၈ ရာစုခေတ် ရောက်သွားပြီလား။ ဒါမှမဟုတ် ဘိုးလေးကပဲတို့ ၂ဝ ရာစုခေတ်
ရောက်လာပြီလား။ တစ်ခုခုတော့ တစ်ခုခုပဲ။
တို့အကြောင်း ပြောစရာရှိတယ်ဆိုတာ
ဒါပါပဲ။ သူငယ်ချင်းရေ... လူကြုံကောင်းရင် တို့ကို ချောကလက်နဲ့ စပို့ရှပ်
ပို့လိုက်စမ်းပါနော။
▀
ဒဂုန်တာရာ
ရှုမဝ ရုပ်စုံမဂ္ဂဇင်း၊
စက်တင်ဘာလ၊ ၁၉၈၂။
(အမှတ်
၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။