ရွှေဝတ္ထုရှည် စ/ဆုံး

အထီးကျန်အလှ

ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊

01 August 2025
အထီးကျန်အလှ
Share to

            လင်းလက်တောက်ပသော မီး‌ရောင်အောက်မှာ ဖြစ်စေ...။ လရောင် နေရောင် အောက်မှာ ဖြစ်စေ...။ မျက်စိကို စုံဖွင့်၍ ဟိုဟိုသည်သည် ကြည့်ပြီး တစ်ယောက်ယောက်ကို ရှာဖွေမိသည်။ မတွေ့နိုင်ခဲ့ပေ။ လမိုက်သော ည...။ မီးပျက်သော အချိန်များမှာလည်း မျက်စိကို စုံမှိတ်၍ တစ်ယောက်ယောက်ကို စိတ်ကူးဖြင့် ရှာဖွေမိပြန်သော်လည်း ‌ရေးရေးမျှပင် မမြင်ပြန်ပါ...။ ‘မေ့’ မှာ တစ်ယောက်တည်းမှ တကယ့်ကို တစ်ယောက်တည်း...။

           

        ‘တစ်ယောက်တည်း’ ဖြစ်နေခြင်းကို တချို့က ‘အထီးကျန်’ ဟု အကျည်းတန်စွာ ဆိုခဲ့ကြသည်။ မေကတော့ ထိုသို့ မဆိုချင်ပေ။ မေ့အသက် သုံးဆယ်ပြည့်ပြီးကတည်းက အသံတွေကြားလာရသည်။ ဟိုက ‘အပျိုကြီး...’ သည်က ‘အပျိုကြီး...’။ ထို အတိတ်နိမိတ်စကားများကြောင့်ပင် အသက်လေးဆယ် သီသီစွန်းသည့်အထိ အပျိုကြီးဟု ခေါ်ခံနေရဆဲပင်။ နောက်ဆို တဖြည်းဖြည်းနှင့် ခေါ်များ ခေါ်တတ်ကြလျှင် ‘အပျိုဟိုင်းကြီး’ လို့များ ခေါ်ကြလိမ့်ဦးမည်လား။ ခေါ်ပါစေ..။ ကြိုက်သလိုသာ ခေါ်ကြပါတော့။ 'ဒီဂုဏ်မျိုးကို ထိန်းနိုင်ဖို့ လွယ်တာမှတ်လို့' ဟု မေက ကြွစောင်းကြွစောင်းနှင့် ပျော်ပျော်ကြီး ပြောလိုက်ချင်သေးသည်။

            ဒါပေမယ့် မေ့ကို 'ဘာဖြစ်လို့ အပျိုကြီး ဖြစ်တာလဲ'ဟု မေးလို့ချည့်နေကြတော့ စိတ်တွေ ရှုပ်လာသည်။ ဘယ်လိုလုပ် ဖြေရမလဲ။ ကိုယ့်ကိုယ်တိုင်တောင်မှ မသိတာ။ ထိုအခါ ရယ်စရာကောင်းသော အဖြေနှင့် နှုတ်ပိတ်ရတော့သည်။

            'အဟဲ... မယူသေးတာ။ စိတ်ဝင်စားရင် စောင့်ကြည့်'ဟုဖြေရင်း ဖြေရင်း အာတွေ့သွား၏။ ဒီအတိုင်း ဖြေမိပါများပြန်တော့ ကိုယ့်အဖြေကိုယ် ပြန်ပြီး ဆန်းစစ်မိသောအခါ...။

'အမယ်လေး...။ ဘုရား ကယ်တော်မူပါ။ စကား နောက်တရားပါတဲ့။ တစ်ခုခု ဖြစ်ရင် ဒုက္ခ' ဟု အကြောက်ကြီး ကြောက်ပြီး နောက်တစ်နည်း ဖြေရန် စဉ်းစားရ ပြန်တော့သည်။

            သဘာဝအရ လူ့ဘဝဇာတ်လမ်းများတွင် 'အဖော်' ရှိမှ အဆင်ပြေမည်ဟု ဆိုကြသည်။ အင်း... 'အဖော်' ဆိုတာကလည်း မိန်းမအတွက် ယောကျ်ား၊ ယောကျ်ားအတွက် ဆိုလည်း မိန်းမပေါ့လေ။ မေ့အမြင်နှင့် မေ့နေထိုင်မှုမျိုးမှာတော့ ထိုကဲ့သို့သော အဖော်မျိုးရှိရန် လုံးဝ... လုံးဝ မလိုအပ်တာ အမှန် ပင်...။

            မေတို့ မိသားစုကြီးက လူအလွန်များသည်။ ပျော်ပျော်နေတတ်သော ဘိုးဘိုးကြီး၊ ကြင်နာတတ်သော ဘွားဘွားကြီးနှင့် အဒေါ်အပျိုကြီးများကြောင့် လွတ်လပ်ပျော်ရွှင်စွာ နေနိုင်သော ငယ်ဘဝကို ရခဲ့သည်ဟုဆိုရ မလိုပင်။ အိမ်တွင်းထဲမှာ ပျော်ရွှင်ကျေနပ်နေသူသည် အပြင်မှာ အဖော်ရှာလေ့ မရှိဟူသော ဥပဒေသနှင့် ညီပုံပေါ်ပါရဲ့။ မေ့မှာ ဆယ်တန်း ကျောင်းသူဘဝ တစ်လျှောက်လုံး သူငယ်နှပ်စားပမာ ဆော့ကစားခဲ့သေးသည်။ ဆယ်တန်းအောင်ပြန်တော့လည်း ဖေဖေ့အားပေး ဆုံးမစကားကြောင့် ခိုးကြောင်ခိုးဝှက် ကိစ္စတွေကို လုပ်ချင်စိတ် လုံးဝမရှိခဲ့သလား မသိ။

            ဖေဖေက မေ့ကိုပြောသောစကားက ဘယ်သောအခါမှ မေ့နိုင်ဖွယ် မရှိသော စကားပင်။ မေသာမက မေ့သူငယ်ချင်းများပင် သဘောကျ နှစ်သက်ခဲ့ကြသည်။

            'နူနူဝဲဝဲ ကျိုးကျိုးကန်းကန်း ညည်းကြိုက်နိုင်လို့ကတော့ အဖေနဲ့ အမေက 'ငါ့သား' လို့ ပြေးကြိုမှာ' တဲ့။

            မေမေကတော့ တစ်မျိုး 'မေမေ့သမီး မေမေသိတာပေါ့။ ရှက်လည်း ရှက်တတ်တယ်။ ကြောက်လည်း ကြောက်တယ်။ ဖေနဲ့ မေကိုလည်း သိပ်ချစ်တယ်။ စာတွေလည်း တအားဖတ်တယ်။ မေမေတို့ ကြိုရမယ်။ 'ငါ့သား' ကတော့ သမီးနဲ့ စိတ်တူသဘောတူကလေး နေမှာပဲ။ ဘွဲ့ရရင်တော့ မေမေတို့က အဆင်သင့်ပဲဟေ့'... တဲ့။

            မေတို့ တက္ကသိုလ် ကျောင်းသူဘဝကမှ ကျောင်းရောက်သည်နှင့် ပျော်စရာလည်း ကောင်းလှသော ပြည့်စုံမှုတို့နှင့် နေခဲ့ရသည့် ဘဝမျိုး ဖြစ်လေသည်။ အဆောင်မှူး မမများ၏ လုံခြုံနွေးထွေးမှုအောက်မှာ ရေမီး အပြည့်အစုံ။ အဆောင်ထမင်းဟင်း အဆင်သင့်။ စာသင်ခန်းကလည်း အဆောင်နှင့် နီးနီး။ မေ့ သူငယ်ချင်းတွေကတော့ အခန်းဖော်နှင့်မှ နေရဲကြသတဲ့။ နှစ်ယောက်ခန်းတွေ သာရှိသော အဆောင်ကြီးထဲမှာ မေကတော့ တစ်ယောက်တည်းသာ နေချင်ခဲ့လေသည်။ ကံအားလျော်စွာပင် အဆောင်မှူးမမကြီးကလည်း စာဖတ်ဝါသနာပါ။ မေကလည်း စာဖတ်ဝါသနာ ပါသောကြောင့် အခန်းပိုတစ်ခန်းမှာ တစ်ယောက်တည်း နေခွင့်ရခဲ့သည်။

            မေမေ့ကျေးဇူးကြောင့် မေ့အခန်းကလေးထဲမှာ လိုတာအကုန် ရနိုင်လေသည်။ စားစရာ အစုံအလင်၊ ဟင်းချက်စရာ အစုံအလင်၊ လျှပ်စစ်မီးဖိုသေးသေး၊ အိုးခွက်အစုံ၊ လျှပ်စစ်မီးပူ…။ ထို့ကြောင့်ပင် ည... ည မေစာဖတ်ချိန်မှ လွဲလျှင် မေ့အခန်းကလေးက သူငယ်ချင်းတွေ စုပြီး စားကြသောက်ကြ၊ စကားပြောကြနှင့် လူအစည်ဆုံး အခန်းလည်း ဖြစ်ခဲ့ရလေသည်။ သူငယ်ချင်းများ၏ ကောင်းမှုကြောင့်လည်း မေ့မှာ ကိုယ်တိုင်အတွေ့အကြုံရှိရန် မလိုဘဲ ချစ်ခြင်း သဘောတွေကို သိခွင့်ရခဲ့ ပြန်လေသည်...။

            ပထမဦးစွာ မေက တွေးမိ၏...။ အဆောင်ရှေ့ မှာ အတွဲလိုက် အတွဲလိုက် ထိုင်ပြီး စကားပြောနေကြတဲ့ အတွဲတွေ၊ လက်ကိုင် မေးကိုင်၊ အမယ်... ဇက် ကြောဆွဲပေးနေတာတောင် ရှိသေး။ တကယ့်ကို နှစ်ယောက်တည်းပဲ ရှိနေသည့် အတိုင်း။ စာသင်ဆောင်တွေ ကြားမှာဆို ပိုဆိုး...။ မေ့ဖြင့် သူတို့ကိုကြည့်ပြီး ရှက်လိုက်တာ...။ မနက်စောစော…။ ထမင်းစားဆင်းချိန်... ညနေစောင်း... အချိန်းမရွေးပါပဲ။ မေက သူငယ်ချင်းများကို...

            'သူတို့ မရှက်ဘူးလား မသိဘူးနော်။ ငါစိတ်ညစ်လိုက်တာ'ဟု ပြောမိတော့ ဝိုင်းရယ်ကြသည်။

            နောက် စိတ်ညစ်စရာ ကောင်းတာရှိသေး။ မေတို့ နေ့လယ် စာသင်ချိန်ပြီး ပူပူလောင်လောင်နှင့် ပြန်လာ၊ အဆောင်ထဲမှာ နှပ်လို့ကောင်းနေတုန်း အတွဲရှိ အပျိုမတွေက မနားနိုင်မနေနိုင် ရေတွေ တဝုန်းဝုန်းချိုး၊ ပဲတွေ ဂဲတွေများ...။ ခဏနေတော့ လှစ်ခနဲ ထွက်သွားပါလေရော။ အဲဒီ ဂျူတီကဖြင့် အတန်းတက်တာထက်တောင် မှန်သေး...။

            'သူတို့မို့ မပျင်းမရိ' ဟု ဝေဖန်မိသောအခါ သူငယ်ချင်းများက 'တွေ့တော့မှ သိမယ်'... တဲ့။

            ကြောက်စရာကောင်းသော အတွေ့အကြုံများကိုလည်း မေတွေ့ဖူးလေသည်။ မေ့အခန်းနှင့် ကပ်လျက် သူငယ်ချင်း တစ်ယောက်ပေါ့။ ရည်းစားနဲ့ စိတ်ကောက်ပြီး အဆိပ်သောက်သတဲ့…။ ဆေးရုံရောက်တော့လည်း အစစ်ခံရ။ ကုသလိုက်ရတာ အကြာကြီး။ ရှက်စရာလည်းကောင်း၊ ကြောက်စရာလည်းကောင်း။ သတင်းတွေ ဟိုးလေးတကျော်ကျော် ဖြစ်ရတာ အချစ်တဲ့လား...။

            ဒီလိုနှင့် နောက်ဆုံးနှစ်သို့ ရောက်လာခဲ့တော့သည်။ မေနှင့်တွဲသော သူငယ်ချင်း ခြောက်ယောက်သည်လည်း အတွဲအသီးသီး ရသွားကြလေပြီ။ မေ့ကို သူတို့က တစ်ယောက်တည်း မမြင်လိုကြပေ။ ဒါပေမယ့်လည်း သူတို့ ကိုယ်တိုင်ကပင် ဟိုလူနှင့် သဘောမတူ၊ ဒီလူနှင့် သဘောမတူ၊ စိတ်မချနိုင်ဘဲ ရှိလေသည်။ မေတို့ အဖွဲ့ထဲက အစ်မအကြီးဆုံးလိုဖြစ်နေသော သူငယ်ချင်းကဆို 'ငါဖြင့် မေ့ကို ဒီအတိုင်းလေးပဲ နေစေချင်ပါတယ်ဟယ်၊ ဖြူဖြူစင်စင်ကလေး' ဟု ပြောသည်။ ကျန်တဲ့ သူငယ်ချင်းတွေက ထိုသို့မဟုတ်...။

            'မရဘူး...။ တက္ကသိုလ်မှ အတွေ့အကြုံ မစုံရင် ဖြစ်ကို မဖြစ်နိုင်ဘူး။ စီစဉ်ပေးရမယ်' ဟု ပြောကြ သည်။ မေကတော့ ဘယ်လိုမှ စိတ်ကူးမရှိလှပေ။ ယောကျ်ားလေး သူငယ်ချင်းများလည်း ရှိတော့ ရှိသား ပင်။ သူတို့ကလည်း မေ့ကို ညီမလေးလိုသာ သဘောထားကြသည်။ ရိုးရိုးသားသား သူငယ်ချင်းလိုဆို မေ ကလည်း ပျော်ပျော်ပါးပါး စစနောက်နောက်လည်း နေတတ်သည်။ ဒါပေမယ့် နည်းနည်း တစ်မျိုးဖြစ်သည်ဟု ထင်လျှင်တော့ အလွန်ကြောက်ပြီး ဇွတ်ကို ရှောင်ပြေးလေ့ရှိသည်။ တချို့ သူငယ်ချင်းတွေက သတိထားမိသောအခါ...         

            'နင့်ကို ငါတို့ အူယားလာပြီနော်။ ဘယ်လိုဟာလေး မှန်းလည်း မသိဘူး၊ အောင်သွယ်ကို ပေးဦးမယ်' ဟု ခြိမ်းခြောက်ကြသည်။

            မမျှော်လင့်သော တစ်နေ့မှာတော့ ထူးဆန်းသော အဖြစ်နှင့် ကြုံခဲ့ရလေသည်။  အဲဒီနေ့က ပရက်တီကယ် စောစောပြီး၍ ခေါင်းလျှော်ဦးမယ်ဟု သူငယ်ချင်းများကို မစောင့်ဘဲ တစ်ယောက်တည်း ပြန်လာခဲ့သည်။ စာသင်ခန်းနှင့် အဆောင်ကလည်း သိပ်မဝေးလှပေ။ လျှောက်လာရင်း လျှောက်လာရင်း နောက်မှ တစ်ယောက် လိုက်လာသည်ဟုတော့ အထင်သား...။ မကြာလိုက်ပေ…။ 'မေ' ဟု တီးတိုးခေါ်သံ ကြားလိုက်ရသည်။ အို... ဘာပြော ကောင်းမလဲ။ ကြောက်လန့် ပူထူသွားပြီး သူဘာမှ မပြောခင် အယောင်ယောင်အမှားမှားနှင့် လက်ထဲက စာအုပ်တွေ၊ လွယ်အိတ်တွေတောင် လွှတ်ချမှန်းမသိ လွှတ်ချကာ ကိုယ်လွတ်ရုန်းပြေးသလို စွတ်ပြေးတော့သည်။ တော်ပါသေးရဲ့ မေ့အဖြစ်ကို ဘယ်သူမှ မမြင်ဟု ထင်လျက်ပေါ့...။

            အခန်းရှေ့ရောက်တော့ မှ တံခါးဖွင့်ဖို့ သော့ကို သတိ ရစဉ်....။ လွယ်အိတ်တွေ၊ စာအုပ်တွေ လွှတ်ချမိခဲ့မှန်း သိတော့သည်...။

            မေ့ သူငယ်ချင်းတွေက ပရက်တီကယ်ပြီးလို့ နောက်က ပြန်လာကြတာ မေ့အဖြစ်ကို အကုန်သိသတဲ့။ မေ့နောက်က လိုက်ခဲ့သော ကောင်လေးကလည်း မေ့သူငယ်ချင်းများနှင့် ခင်မင်ခဲ့ သူပင်...။ သူကိုယ်တိုင်ပဲ မေ့ပစ္စည်းတွေကို ကောက်ယူပေးလျက်...

            'သနားစရာ ကောင်းလိုက်တာဗျာ၊ တအားကို ကြောက်ပြီး ထွက်ပြေးသွားတာ။ ကျွန်တော် နာမည်လေးပဲ ခေါ်ရသေးတာ' လို့ ပြောသတဲ့။ နောက်တော့ သူငယ်ချင်းတွေက တဝါးဝါး တဟားဟားရယ်၍ 'ဘာဖြစ်လို့လဲ' ဇွတ်မေးကြသည်။ မေက ခပ်တည်တည်ပင်...' ဘာမှ မဖြစ်ပေါင်၊ ငါ အီးပါချင်လို့ ပြေးတာ' ဟုပဲ ဖြေသည်။ ဘယ်သူ မေးမေး ဒီအတိုင်းပဲ ဖြေသည်။ ဘာမှ ဝန်မခံခဲ့ပေ။

            သူငယ်ချင်းတွေကတော့ မေ့ကို လက်မြှောက် အရှုံးပေးပြီး...

            'မေရယ်...၊ နင့်မှာ ကျောင်းလာတက်တာတောင် အိမ်ထောင်မှု ပစ္စည်းအစုံ အလင်နဲ့ဆိုတော့ ငါတို့က ကြင်ရာပဲ ရှာပေးကြမလို့ပါ။ ဒီအတိုင်းဆိုရင်တော့ ကျောင်းပြီးတာနဲ့ ရိပ်သာတစ်ခုခုကို တန်းပို့ပြီး သီလရှင်ပဲ ဝတ်ပေးတော့မယ်' ဟု ဆိုကြ ပြန်လေသည်။ ဒီလို ပြောခံရ ပြန်တော့လည်း သူတို့ကို ရှူးရှူးရှားရှား စိတ်ဆိုးခဲ့ရသေး၏။ နောက်ဆုံးမှာတော့ ကျောင်းသာပြီးသွားရော အဖေတို့ အမေတို့ မျှော်လင့်ထားသော 'ငါ့သား' ဆိုတာလည်း သူ့အလိုလို ပါမလာခဲ့ပေ။

            မေက လုပ်ငန်းခွင်သို့ ရောက်သောအခါမှာတော့ ပြောတတ်၊ ဆိုတတ်၊ နေတတ်၊ ထိုင်တတ် ရှိလာပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိလေသည်။ ဒါပေမယ့် လက်တွေ့ကြုံရသော အခါမျိုးမှာတော့ ရုပ်ဆိုးစွာပင် ပြေးမိနေမြဲ...။

            မေက ကျောင်းတက်ချိန်၊ အတန်း စာသင်စရာ မရှိလျှင် စာကြည့်တိုက်ထဲမှာပင် အလုပ်လုပ်လေ့ရှိသည်။ တစ်နေ့မှာတော့ မေတစ်ယောက်တည်း စာကြည့်တိုက်ထဲမှာ အလုပ်လုပ်နေစဉ် မေ့ကို စကားအထူးအဆန်း ပြောလိုသော ဆရာတစ်ယောက်က ချာလည်လည်နှင့် ရောက်လာခဲ့လေသည်။ မေက ဘာမပြော ညာမပြောနှင့်...

            'ဆရာ ထွက်လာရင် ဒီသော့နဲ့ ခတ်ခဲ့နော်။ ကျွန်မ သော့ယူသွားပြီ' ဟု ပြောပြီး အခန်းထဲမှ လှစ်ခနဲ ပြေးထွက်။ ဆရာမများ နားနေခန်းမှာ အမိန့်သား သွားထိုင်နေလိုက်သည်။ ထိုအဖြစ်အပျက်ကို မည်သူမှ မသိလိုက်ပေ။ နောက်များမှာတော့ မေ့အနားမှာ တပည့်တွေ ဝိုင်းဝိုင်းလည်အောင် ခေါ်ထားလိုက်သည်။ ထိုလူလည်း အကင်းပါး သိနားလည်စွာ နောက်ဆုတ်သွားလေတော့သည်...။

            မေ့ဘဝမှာ ကြီးမားသော ပြဿနာကြီး တစ်ခုနှင့်တော့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ဖူးလေသည်။ အသက်လေးဆယ်နား အတော်လေး နီးလာသောအခါမှာ အဒေါ်တွေ စသော ဇာတ်လမ်းပေါ့။ ထိုအချိန်က မေမေ ကွယ်လွန်ပြီးချိန်...။ ဖေဖေကလည်း တရားစခန်းတွေ ခဏခဏ ဝင်နေချိန်...။ အဒေါ်တွေကလည်း အသက်ငါးဆယ်၊ ခြောက်ဆယ် ဝန်းကျင်တွေဆိုတော့ သူတို့ ကိုယ်တိုင်ပဲ ဘဝအားမာန်တွေ လျော့ပြီး အားကိုးရှာချင်တာ နေမှာပါ...။ တကယ့် တကယ် မြားဦးကတော့ မေ့ ထံသို့ ဦးတည်လေသည်။

            'ယောကျ်ားယူရမယ်' ... တဲ့။

            'မြတ်စွာဘုရား...။ ကယ်တော်မူပါ။ ယောကျ်ား ဘာဖြစ်လို့ ယူရမှာလဲ...။ ကိုယ့်ဟာကိုယ် ဒီအတိုင်းနေလဲ ဖြစ်ရက်သားနဲ့'... ဆိုတော့။

            'အခုကိစ္စက ဒေါ်လေးတို့ စီစဉ်တာ မဟုတ်ဘူးနော်။ ဟိုဘက်က လိုလိုချင်ချင်ကို ကမ်းလှမ်းတာ။ ပြီးတော့ သူစိမ်းပြင်ပြင်လည်း မဟုတ်ဘူး။ ပစ္စည်းရော၊ ဥစ္စာရော၊ ရုပ်ရော၊ စိတ်ဓာတ် ရော ဘာမှ ပြောစရာ မရှိဘူး' ဟု အဒေါ်များက ကြော်ငြာ ဝင်လေသည်။ မေ့ တစ်ဝမ်းကွဲ အစ်ကို၏ သူငယ်ချင်း။ မေနှင့်လည်း ဟိုအရင်ကတော့ အစ်ကိုကဲ့သို့ပင် ခင်ခဲ့သူ ဖြစ်လေသည်။ ဒါပေမယ့် မဖြစ်နိုင်။ ဘာကြောင့်မှန်းမသိ။ မဖြစ်နိုင်တာဘဲ မေ့စိတ်က သိနေသည်။

            'မေနော်…။ ငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူး။ ညည်းကို ဟိုဘက် တစ်မျိုးလုံးက လေးလေးစားစား တန်ဖိုးထားပြီး ခဏခဏ ပြောနေကြတာ။ ငါတို့ မျက်နှာပူလာပြီ။ နည်းနည်း စဉ်းစားကြည့်ပါလား'...တဲ့။ အဒေါ်တွေက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ။ ဖေဖေ့ အထိ သတင်းပေးပြီး အစည်းအရုံးကြီး စည်းရုံး နေကြတော့သည်။ သူတို့က အဲဒီလို လုပ်လေ မေက ဟိုလူကြီး၏ မျက်နှာကိုပင် မကြည့်ရဲလေ။ စကားလည်း ပြောရဲတော့မည် မထင်။ ဒေါ်လေးတို့က မေ့ကို တိုးတိုးတိတ်တိတ်နှင့်...

            'မေရယ်... ညည်းမှာ စိတ္တဇများ ရှိနေလား မသိဘူး' ဟု ဆိုသည်။

            'မသိဘူး' ဟု စိတ်ညစ်ညစ်နှင့် ပြန်ပြောသော်လည်း ဒေါ်လေးတို့က အလျှော့မပေး။ 'ညည်းစိတ် ထဲရှိတာ ဘာတွေလည်း ပြောစမ်း' တဲ့။

            'ဟင်... ဒေါ်လေးတို့ ကလည်း။ သမီး ဘယ်သူ့ အပေါ်မှ စိတ်မရှည်တတ်တာ၊ ခွင့်မလွှတ်တတ်တာ၊ နားလည်မပေးတတ်တာ သိရက်သားနဲ့။ ကိုယ်ယူရမယ့် လူဆိုပြီး ရှက်လည်းမရှက်၊ ကြောက်လည်း မကြောက်ဘူးဘဲထား။ သမီးစိတ်နဲ့ သူပဲ ဒူးနဲ့ မျက်ရည် သုတ်နေရမှာ' ဟု ပြောချပစ်လိုက်တော့ အဒေါ်တွေက…

            'အရူးမ' ဆိုပြီး ရယ်ကြသည်။ နောက်ဆုံးမှာတော့...

            'ကဲ...မေရေ… ငါတို့လည်း ညည်းဘက်က ငြင်းတော့ ငြင်းပေးတာပဲ။ ဒါပေမယ့် သူက ညည်းနဲ့ တစ်ခါလောက် စကားပြောခွင့်ပြုပါတဲ့'

            'ဟာ... သေသာ သေလိုက်ချင်တော့တာပဲ။ သူ ခေါ်ရာ မလိုက်ရဲပါဘူး'

            ထိုသတင်းကို ကြားပြီးကတည်းက မေ့မှာ အထူးသတိထား၍ သွားရလာရတော့သည်။ တစ်နေ့မှာတော့ ရတနာပုံဈေးထဲက သူငယ်ချင်း၏ မြန်မာမှုအထည်ကောင်း ချည်ပစ္စည်းများ အရောင်းဆိုင်မှာ မမျှော်လင့်ဘဲ ဘွားခနဲ တွေ့လေတော့သည်။ ဆိုင်ရှင်သူငယ်ချင်းကလည်း အတွင်းသိအစင်း သိဆိုတော့ ပြုံးစိစိ...။ မေ့မှာတော့ ငယ်စိတ်နှင့်ဆိုလျှင် ဈေးထဲမှာ ပတ်ပြေးရပြီပေါ့။ စိတ်ကိုထိန်း၍ ပြုံးပြနှုတ် ဆက်လိုက်သည်။

            'ဟာ… အတော်ပဲ မေ့ကို တွေ့တာ။ ကျွန်တော် နွေဝတ် အင်္ကျီလေးတွေ လာရှာတာ၊ ကူရွေးပေးပါဦး။ ကျွန်တော်နဲ့ လိုက်မယ်ထင်တာလေးတွေပေါ့' တဲ့။

            'ဟင်... မေ မရွေးတတ်ဘူး။ ကိုယ့်အင်္ကျီ ကိုယ်တောင် ဝယ်ဝတ်တာ မဟုတ်ဘူး။ သူများပေးတာပဲ ဝတ်တာ' ဟု အမှားမှား အလွဲလွဲတွေ ပြောချပစ်လိုက်မိသည်။ မှားသွားမှန်း သိ၏။ မတတ်နိုင်။ မှားစေတော့လေ။ သူကလည်း ခေသူ မဟုတ်ပေ။

            'ဒါဆိုလည်း ကျွန်တော်က မေထက်ပိုရွေးတတ်မယ် ထင်တယ်။ မေ့အတွက် ကျွန်တော် ရွေးပေးရမှာပေါ့'

            'ဟာ... နေပါစေ။ နေပါစေ။ သူများပေးတာ ဝတ်တယ်ဆိုပေမယ့် တပည့်တွေ ကန်တော့တာကို ဝတ်တာ။ တော်ကြာ ဈေးလယ်ကောင်ကြီးမှာ ထိုင်ကန်တော့နေရဦးမယ်' ဟု ဇွတ်ပြောချလိုက်ပြီး 'မေသွားဦးမယ်နော်' ဟု နှုတ်ဆက်၍ ဆိုင်ရှင်သူငယ်ချင်း၏ လက်ကို ဇွတ်အတင်းဆွဲ၍ ပြေးထွက်ခဲ့လေတော့သည်။ လမ်းရောက်တော့ သူငယ်ချင်းက...။

            'ကောင်မစုတ်၊ မိုက်ရိုင်းလိုက်တာ။ လူကြီးကို သွားပြီး နင်မို့ ပြောလည်း ပြောတတ်တယ်။ အရာရှိကြီးက သူ့တပည့်တွေနဲ့ လာတာ ကြားများသွားကြမလား မသိဘူး။ အတော်ကို ရှက်သွားမှာပဲ။ နင့်အသံ တိုးလို့ တော်သေးတယ်။ နင်ဟာလေ ခုထိ မိုက်တုန်းပဲ' ဟု ဆူပူကြိမ်းမောင်းနေသည်။ မေ့ နှုတ်ကလည်း အံ့သြစရာပင်။ ဘယ်လိုမှ စဉ်းစားမထားသော စကားများ သူ့အလိုလို ထွက်သွားခြင်းသာ ဖြစ်ကြောင်း သူငယ်ချင်းကို ရှင်းပြသော်လည်း သူမယုံခဲ့ပေ။ ထိုသူငယ်ချင်းက မေ့အကြောင်းကို သိသူ ဖြစ်၍ အိမ်အထိ လိုက်ပို့ပေးခဲ့လေသည်။ လမ်းမှာ သူက မေ့ကို ပွင့်လင်းစွာ မေးခွန်းတွေ ထုတ်ခဲ့၏။

            'ကောင်မစုတ်ရဲ့ နင့်ကို လူတွေက ဝိုင်းကြိုက်ပြီး နင်က ပြန်မကြိုက်ဘူးဆိုတာကို ဂုဏ်တစ်ခုလို့ ထင်နေလို့လား'...တဲ့။

            'အမယ်လေး... မဟုတ်ရပါဘူးဟယ်။ ဘယ်သူမှလည်း ဝိုင်းကြိုက်မနေပါဘူး'

            'ဒါဆို နင်က ဘာကို ကြောက်ပြီး ဘာကိုရှက်နေတာလဲ'

            မေက သူ့အမေးတွေကို မဖြေတတ်ခဲ့ပေ။

            'နင်ငါ့ကို တစ်ခုခုတော့ ဖြေနိုင်ရမယ်' တဲ့ ဇွတ်ပြော၏။

            'မသိပါဘူးဆိုဟာ...။ ငါ့ဟာငါ အတ္တတွေကြီးနေတာ ဖြစ်ရင်ဖြစ်မှာပေါ့။ တစ်နေ့နေ့မှာ ဖြေတတ်ရင် ဖြေမယ်' ဟု ပြောဖြစ်ခဲ့ပေမယ့် ခုချိန်ထိ မဖြေဖြစ်ခဲ့ပေ။ နောက်ပိုင်းမှာတော့ 'အဖော်' ပြဿနာသည် သူ့ အလိုလို ပြီးသွားခဲ့လေသည်။

            အချိန်ကာလတွေ ပြောင်းသွားပြီးနောက် အခြေအနေနှင့် အချိန်အခါအရ နောက် 'အဖော်' တစ်မျိုး၏ ကိစ္စနှင့် ရင်ဆိုင်ရပြန်လေသည်။ အဲဒီအဖော်က 'အိမ်ဖော်'...

            လူဦးရေ အလွန်များခဲ့သော မေတို့ မိသားစုကြီးမှာ မေမေက စတင်ထွက်ခွာသူ အဖြစ် ဦးစွာခရီးနှင်သွားပြီးသည့်နောက် ဟောတစ်ယောက်...။ ဟောတစ်ယောက် ဆိုသလို ပျောက်ပျောက် သွားလိုက်ကြတာ...။ တရား ရစရာပင်။ သက်ရှိ ထင်ရှားရှိသူ ကိုကိုကြီးကလည်း အိမ်ထောင်ကျပြီး ကတည်းက တခြားမြို့ရွာမှာ အိမ်ကို ပြန်မကပ်နိုင်တော့...။ ညီမလတ်ကလည်း ဝန်ထမ်းဆိုတော့ ရာထူးတက်ပြီး နယ်ပြောင်းရ၏။ ညီမငယ်လေးက ညီမလတ်နောက်သို့ အဖော်လိုက်နေပေးရ၏။ အိမ်မှာ မေနှင့် ဖေဖေသာ ကျန်ရစ်လေတော့သည်။

            အိမ်အလုပ်ဆိုတာ အရေးတယူ ပြောစရာ မရှိလှပေမယ့် တကယ်လုပ်ပြီ ဆိုတော့ နားမနေရတော့ပေ။ သားအဖနှစ်ယောက်၏ လုပ်ငန်းဆောင်တာများကလည်း မများလှဟု ဆိုပေမယ့် သူ့အချိန်နှင့်သူတော့ ဆက်တိုက် နားနေရသည် မဟုတ်ပေ။ အချိန်ကိုက် လုပ်ကိုင်နေစဉ်မှာ ဧည့်သည်ရောက် လာခဲ့လျှင် သွားပါလေရော။ မေ့မှာ စာပြေးသင်လိုက်ရ၊ ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရ၊ အိမ်မှုကိစ္စတွေလုပ်ရနှင့် အချိန်တန်တော့ လူက မအိပ်ချင်သော်လည်း မျက်လုံးက မဖွင့်နိုင်တော့ပေ။ နံနက် ငါးနာရီ အိပ်ရာမထလျှင်၊ ည ဆယ့်နှစ်နာရီအထိ အလုပ်မလုပ်လျှင် ပစ်မှတ်တွေ အကုန်လွဲကုန်၏။ ဒါတောင် ဖေဖေက 'ညည်းစာမရေးတာ ကြာပြီ' ဟု သတိပေးလျှင် မေ့မှာ ငိုချင်ရက် လက်တို့ ဖြစ်တော့သည်။

            မေ စာစရေးတုန်းကဆို တစ်လဘယ်နှပုဒ် ရေးပြီးတာ။ ဘယ်နှပုဒ်အတွက် ပြင်ဆင်ဖြစ်တာ။ ဘယ်နှပုဒ်ပါခဲ့တာ စသည်ဖြင့် မှတ်တမ်းတွေ အများကြီး ပြုစု၍ ကြိုးစားနိုင်ခဲ့သည်။ အဲဒီ အချိန်တုန်းက ကိုယ်ကပါချင်၍ ကြိုးစားခဲ့ပုံတွေ။ ခုများမှာဖြင့် ဟိုမဂ္ဂဇင်းကတောင်း၊ ဒီမဂ္ဂဇင်းကတောင်း။ အားပေးအား မြှောက်ပြုနေကြပါလျက် ကိုယ်က မရေးနိုင်။ ခံစားသမျှတွေကို စိတ်နဲ့တောင် မရေးနိုင်ဘဲ အကုန်လုံး လွင့်မျှောကုန်တာ မေ့မှာနှမြောလို့ မဆုံး။ ဒီကြားထဲ ရေးဖော်တွေက၊ ဆရာသမားတွေက မေ့စာတွေကို မတွေ့လို့ ကရုဏာဒေါသောနှင့် ဆူကြသောအခါ မေငိုချင်တော့သည်။

            ဖေဖေကလည်း 'သမီး ပင်ပန်းလွန်းတာ မြင်ကိုမမြင်ချင်တော့ဘူးဟေ့။ ညည်း စိတ်တွေလည်းလျှော့၊ တစ်ခုလိုချင် တစ်ခုတော့ စွန့်ရမှာပဲ။ ညည်း စာပြန်ရေးနိုင်ဖို့ အိမ်အလုပ်လုပ်မယ့် လူရှာ' ဟု အမိန့်လည်းချ၊ မက်လုံးလည်း ပေးလေတော့သည်။ မေလည်း စာနှင့်ပတ်သက်ပြီဆိုတော့ စဉ်းစားရတော့၏။ မေ စာရေးနိုင်ရန် အခွင့်အရေးက ဒီတစ်လမ်းပဲ ရှိတာ...။

            မေ့ကို လှည့်စားသွားမည့် အဖော်များ ကြောက်လွန်းလို့ ပွဲစားနှင့် ရှာသော အဖော်သည် ခံလှလျှင် သုံးလ။ တစ်အိမ်ပြီး တစ်အိမ်ပြောင်းမည့် အဖော်မျိုးကို အလွန်စိတ်ညစ်သည်။ ထို့ကြောင့်ပင်...။

            'ရိုးရိုးသားသားလေးပဲ ရချင်ပါတယ်။ မတတ်တာကို သင်ပေးပါ့မယ်။ ကြာကြာလည်း မြဲမယ့်သူပေါ့။ မေ့ဘက်ကတော့ အစစ စိတ်ချပါ။ သူများကို ခိုင်းရမှာ အားလည်းနာတယ်။ သနားလည်း သနားတယ်။ အိမ်မှာတော့ မိသားစုလိုပဲ နေရမှာပါ' ဟု ပြောပြီး မိတ်ဆွေများကို အကူအညီတောင်း၍ အဖော်ရှာရသည်။ ရိုးရိုးသားသား...။ ရိုးရိုးသားသားဟု တစ်ချိန်လုံး ပြောနေမိ၍လား မသိ။ ရလာသော ကောင်မလေးက ခေါင်းတုံးတိုလေးနှင့် ရိုးသားရုံမျှမက ရိုးအထုံထိုင်း။ မလုပ်တတ်တာကို သင်ပေးပါ့မယ်ဟု ပြောခဲ့သော 'ဆရာမ မေ' သည် ဘာသင်သင်သင်ပြီး မေ့တတ်လေသူ ထုံထုံအအ အဖော်မလေးအတွက် အလုပ်ပိုပါ လုပ်ရလေတော့သည်။

            'အန်တီမေရေ .... လာပါဦး'...

            'အန်တီမေရေ.... လုပ်ပါဦး'

            မေ့မှာ ဖေဖေ့အတွက် လုပ်ရ၊ သူခိုင်းတာ လုပ်ရနှင့်မို့ လက်ကို မလည်တော့ပေ။ အိမ်မှာ ရှိသော ရေစက်၊ မီးစက်၊ အင်ဗာတာ များလည်း ခလုတ်မှားနှိပ်၊ မှားလှည့်သောကြောင့် ပျက်လိုက်၊ ပြင်လိုက်၊ သင်လိုက်၊ မှားလိုက်။ သူ့ကြောင့် မေ အလွန်စိတ်ညစ်နေချိန်မှာ သူကလေးကလည်း စိတ်ညစ်နေပုံပါပဲ။ နောက်တော့ သူက ပွင့်လင်းစွာ ဆိုလေသည်။

            'ရွာမှာတော့ အကုန်သိတယ်။ မသိတဲ့ လူတွေကတောင် ကျွန်မကို မေးရသေး။ ခုတော့ ကျွန်မ ဘာမှမသိဘူး၊ ပြန်ချင်ပြီ...' တဲ့ မေ့ဘက်မှာ ကံတရား ရှိနေချိန်ဟု မှတ်ယူပြီး အမြန်ပြန် ပို့ပေးလိုက်ရလေသည်။

နောက်တစ်ယောက် ရောက်လာပုံကတော့ သုတ်သီးသုတ်ပျာ နိုင်လှသည်။ ဖေဖေ့ တူမတစ်ယောက်နှင့် သူစိမ်း အမျိုးသမီးတစ်ယောက် အထုပ်အပိုးတွေနှင့်...။

            'မေတို့ အိမ်မှာ လူလိုတယ်ကြားလို့ ချက်တတ် ပြုတ်တတ်၊ အိမ်ထိန်းသိမ်းတတ်လို့ လာပို့ပေးတာ' ဟု ဆိုသည်။ ဖေဖေ့တူမဆိုတာကလည်း ဝင်ထွက်သွားလာပြီး ခင်မင်နေသူတော့ မဟုတ် ပေ။ အတော် စိမ်းစိမ်းနေခဲ့သူက ဘယ်လိုသတင်းကြား ပြီး မဖိတ်မခေါ် မမှာမကြားပါဘဲ လာပို့သည် မသိ။ မေကတော့ အကြောင်းသိ မဟုတ်လှ၍ လက်မခံလိုလှပေ။ ဖေဖေကတော့ မေ့ကို ပင်ပန်းလှသည်ဆိုပြီး အဖော်တစ်ယောက်ရ နည်းလားဟု ဆိုသည်။

            ရောက်သည့် အချိန်မှစ၍ အလုပ်လုပ်ပုံတွေကတော့ စေ့စပ်သေချာပါပေသည်။ အချက်အပြုတ်လည်း အတတ်သားပင်။ အိမ်ဖော်သာဆို ဥပဓိရုပ်ကလည်း ခပ်ကောင်းကောင်း။ ပြင်တတ်ဆင်တတ် သန့်သန့် ရှင်းရှင်းဆိုတော့ မသိလျှင် မိသားစုဝင်တစ်ယောက်ဟုပင် ထင်နိုင်ပါသည်။ မေလည်း ထိုကျေးဇူးရှင်ကြောင့် စာဖတ်ရန် အချိန်ရလာသည်။ စာရေးရန်တောင် စိတ်ကူးနိုင်လာသည်။

            ဒါပေမယ့် 'မမပဲ' က လိုအပ်သည်ထက် ပိုလာသည်။ ရင်းနှီးသည်ထက် ရဲတင်းလာသည်။ အထူး သဖြင့် ဖေဖေ့ကို ပြုစုတာတွေ၊ စကားပြောတာတွေ အချိုးပြောင်းပြီး ချွဲနွဲ့လွန်းသောကြောင့် မေလည်း နားရှက်လာသည်။ ကြာလျှင် ဖေဖေ့ဂုဏ်သိက္ခာ ထိခိုက်မည်တောင် စိုးရိမ်လာမိသည်။ ဖေဖေက အသက်ရှစ်ဆယ်ကျော်ဆိုပေမယ့် အရွယ်ကတင်၊ ရုပ်ရည်က ချောမော ဆိုတော့ မေ့မှာ လူတော့ သက်သာပါရဲ့။ စိတ်က မသက်သာပြန်ပေ။

            ဒီတစ်ခါလည်း ကံတရားသည် မေ့ဘက်မှာပင် ရှိသည်ထင်ရဲ့။ မေ့ခံစားချက်၊ ပူပန်စိုးရိမ်မှုတွေကို ဖေဖေက နားလည်ပေးခဲ့သည်။ ဖေဖေကိုယ်တိုင်လည်း စိုးရိမ်သတဲ့။ အန္တရာယ်ဖြစ်နိုင်သည်ဆိုပြီး တစ်နေ့မှာတော့ ဖေဖေက ဘာမပြော ညာမပြောနှင့် 'မမပဲ' ကိုခေါ်လာ သော တူမကိုရော၊ လိုလိုမယ်မယ်ဆိုပြီး ဖေဖေက သူ့ညီဝမ်းကွဲကိုပါခေါ်၍ ပြဿနာကို ရှင်းလိုက်သည်။

            'ငါတို့ ခရီးထွက်စရာ ရှိတယ်။ ညီလေး... မင်းရဲ့ သမီးက ငါတို့အိမ်ကို ဒီ ကောင်မလေးခေါ်ပြီး လာပို့ပေးထားတယ်။ လုပ်ကိုင်ပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ဒါပေမယ့် ငါတို့ သူ့ကို မလိုအပ်တဲ့အတွက် မင်းတို့ကို ပြန်အပ်တယ်။ နောက်ကို ငါတို့မမှာဘဲ ဘယ်သူ့ကိုမှ ခေါ်လာစရာ မလိုဘူး။ ကဲ... မင်းပစ္စည်းသိမ်း၊ ပြန်လိုက်သွားတော့' တဲ့။

            ဖေဖေက လိုရင်းတိုရှင်း ပြတ်သားစွာ ပြောတော့ အားလုံး ငြိမ်နေကြသည်။ မမပဲလည်း မျက်စိမျက်နှာပျက်ပျက်နှင့် ပစ္စည်းတွေ မြန်မြန်သိမ်းပြီး လိုက်သွားတော့သည်။ ဒါတောင် နှစ်လစာ ပိုပေးမိလိုက်သေး။ မေ့မှာတော့ သူတို့ ထွက်သွားမှပင် အသက်ဝဝ ရှူနိုင်လေတော့သည်။ သားအဖ နှစ်ယောက် ကျန်ရစ်သော အခါတွင်မှ စကားလက်ဆုံ ပြောလို့မကုန်နိုင်အောင် နောက်ကြောင်း ပြန်ရလေတော့သည်။ လွယ်လွယ်နှင့် ပြန်သွားသည့်အတွက် ကျေးဇူးတင်ရသေး...။

            အဖော်နှစ်ယောက်နှင့်ပင် သင်ခန်းစာက လုံလောက်လှလေပြီ။ မေ့ မိတ်ဆွေများ၏ အတွေ့အကြုံတွေနှင့် ဖလှယ်လိုက်မည်ဆိုလျှင် 'ကိုယ့်အားကိုယ်ကိုး စီးပွားတိုး' ဟု ကြုံးဝါးပြီး ကိုယ်လည်း ကိုယ်ထူ ကိုယ်ထ ကိုယ်လုပ်၊ ကိုယ်အားကိုယ်ကိုး...ဟု 'ကိုယ်' တွေသာ တန်းစီလျက် တစ်ကိုယ်တော် လက်စွမ်းပြပွဲတွေသာ ဆက်လက်ကျင်းပနေတော့သည်။ အဖော်နှင့် ဝေးဝေးနေခဲ့တာ  အကြာကြီးကြာမှဟော... ဖေဖေက ကျန်းမာရေးဖောက်ပြီး ဗြုန်းစားကြီး ဆေးရုံတက်ရပါလေရော။ ဟန်ချက်တွေ အကုန်ပျောက်။ အဝေးသို့ ရောက်နေကြသော မောင်နှမတွေ အကုန်အိမ်ပြန်ရောက် ခဲ့ကြပြီး အိမ်က သာတောင့်သာယာနှင့် စည်ကားပြန်လေသည်။

            ဖေဖေ ဆေးရုံကဆင်းပြီး တစ်လလောက်ကြာသည်အထိ အိမ်မှာ သိုက်သိုက်ဝန်းဝန်း။ ဖေဖေလည်း ကျန်းမာရွှင်လန်းလာသောကြောင့် ကိုကိုကြီးက သူနှင့်တစ်လှည့် ခေါ်သွားရန် စီစဉ်သည်။ ဖေဖေကလည်း လိုက်မယ်...တဲ့။ 'ညည်း.. စာရေးဖြစ်အောင် ပြန်ကြိုးစားစမ်း၊ ဖေဖေလည်း ကျန်းမာတုန်း လျှောက်လည်ဦးမယ်၊ သမီးအတွက် တပည့်ထဲက အဖော်တစ်ယောက်ရှာ' ဟု ပြောပါသည်။ အမှန်ဆို မေ့အတွက် အဖော်မလိုပေ။ ဒါပေမယ့် ဖေဖေကရော၊ ကိုကိုကြီးနှင့် မမကရော၊ ညီမငယ်တွေကပါ မေ့ တစ်ယောက်တည်းတော့ စိတ်ချမည်မဟုတ်။ ထို့ကြောင့် သူငယ်ချင်း ဆရာမ များနှင့် တိုင်ပင်ပြီး ကျောင်းတက်နေဆဲ ဆင်းရဲသော၊ ရိုးသားသော မိန်းကလေး တစ်ယောက်၊ ကိုယ့်ပညာ ကိုယ်သင်ရင်း မေနှင့်အတူ နေပေးရန်... ဟူသော ခေါင်းစဉ်ဖြင့် ရှာဖွေရတော့သည်။

            'နယ်မှ ကျောင်းလာတက်သော ကျောင်းသူလေး တစ်ယောက်က ချို့တဲ့ရှာသတဲ့။ စာတော့ ကြိုးစားပြီး သင်ကြားရေး စရိတ်ရရန် ဘာလုပ်ရလုပ်ရတဲ့' ထိုသတင်းက မေ့ထံသို့ ရောက်လာသည်။ ဒါမျိုးဆို မေက ကူညီချင်ရဲ့ လက်တို့…။ မေက အိမ်ဖော်လိုတာ မဟုတ်ပေ။ အဖော်လိုတာ သာဖြစ်သည်။ လိုအပ်မှုနှစ်ခု ပေါင်းဆုံခြင်းဖြင့် ထိုကလေးမလေး မေ့ထံသို့ ရောက်ရှိခဲ့လေသည်။ ကျောင်းလည်းထားပေး၊ မုန့်ဖိုးလည်းပေး။ ထမင်းလည်း ကျွေး၊ အဝတ်လည်းဆင်။ ကိုယ့်အဒေါ် အိမ်လိုနေ စသည်ဖြင့် အိမ်ဖော်နှင့် လုံးဝမတူသော ဆက်ဆံမှုပုံစံမျိုးဖြင့် နှောင်ဖွဲ့ခဲ့ကြလေသည်။ အစ ပထမတော့ သူ့ကို ကိုယ်ကြည့်၊ ကိုယ့်ကို သူကြည့်နှင့် ချောချောမွေ့မွေ့ပင်...။ ခြောက်လလောက် ကြာပြီဆိုတော့ တဖြည်းဖြည်းနှင့် ရင်းနှီးလာသည်။ ဇာတိတွေလည်း ပေါ်လာကြသည်။ ကောင်မလေးကို မေက ရှပ်ပျာပျာကလေးဟု မြင်ပြီး မေ့ကိုတော့ ကောင်မလေးက ဂဂျီဂဂျောင်ကြီးဟု အသီးသီး မြင်ခဲ့ကြလေတော့သည်။

            ဒါပေမယ့် အခြေအနေအရ လိုအပ်ချက်ကလေးတွေ ရှိနေကြသေးတာဆိုတော့ မေက ကောင်မလေး၏ ရှပ်တီးရှပ်ပျာတွေ၊ စပ်စပ်စုစုတွေ၊ အသက်အရွယ်အရ အပိုအချွဲကလေးတွေကို မေ့နိုင်သမျှ မေ့ထားပေးပြီး ကောင်မလေး၏ အလိုက်သိတတ်တာလေးတွေ၊ ခြေမဆော့ လက်မဆော့ သစ္စာရှိတာလေးတွေကို အာရုံပြုနေလိုက်သည်။ ကောင်မလေးကလည်း မေ၏ ဂဂျီဂဂျောင်နိုင်မှုတွေ၊ ဒါဆိုဒါ ချက်ချင်း စိတ်မြန်မှုတွေကို မေ့ထားသည်ထင့်။ မေ့ စေတနာနှင့် မေ့လက်ဖွာပုံတွေကိုလည်း ကျေနပ်သည်ထင့်။ အဆင်တောင် ပြေနေကြလေသည်။ မေလည်း စာတွေဖတ်ဖြစ်သောကြောင့် စာရေး နိုင်စ ပြုခဲ့လေပြီ။

            တစ်နေ့မှာတော့ ကောင်မလေး၏ ရှပ်ပြာတိုက်မှုကြီးနှင့် မေ့ စာပေကိစ္စတို့ ထိပ်တိုက် တွေ့ကြပါလေရော။ မေက ကျောင်းသို့ စာမေးပွဲကိစ္စနှင့် သွားရန် အရေးတကြီး ရှိသည်။ စာမူကလည်း အရေးတကြီး ပို့ရန်ရှိသည်။ နှစ်ခုစလုံး အရေးကြီးနေသောကြောင့် စာမူပို့ရန် ပထမဆုံး စီစဉ်ရသည်။ ဒါပေမယ့် အချိန်က မလောက်ငပေ။

            'သမီး... ဒီမှာ သေချာကြည့်။ ဒါစာမူ၊ ဒါ ဓာတ်ပုံစာအုပ်၊ ဒါ စာအိတ်၊ ဒါလိပ်စာ၊ ဒီမှာ ပလတ်စတစ်အိတ်။ စတက်ပလာ...။ အကုန် အဆင်သင့်နော်။ ခါတိုင်း ဆရာမထည့်သလိုထည့်။ ပို့နေကျ အမြန်ချောပို့ကနေ သွားပို့ပေး။ ဒီနေ့ ဆရာမ မနက်ကတည်းက အတန်းရှိမယ်။ ကျောင်းမှာ စာမေးပွဲကိစ္စ လုပ်ရမယ်။ ည ကွန်ပျူတာရိုက်ရမယ်။ နောက်နေ့ ညနေမှ ပြန်ရောက်မယ်။ သမီးနဲ့ သမီးသူငယ်ချင်းတွေ စကားတွေ အကျယ်ကြီး ပြောမနေကြနဲ့နော်။ တံခါးတွေကို သေသေချာချာပိတ်။  ညကျရင် ဆရာမကြီးအိမ်ကနေပြီး ဖုန်းဆက်မှာနော်။ စားပွဲပေါ်ကျန်တဲ့ ဓာတ်ပုံစာအုပ်တွေ သေသေချာချာ ပြန်သိမ်းပေးထား ကြားလား' ဆိုတော့ 'ဟုတ်...ဟုတ်... ဟုတ်' နှင့် တစ်ဟုတ်တည်း ဟုတ်ခဲ့လေသူ...။ ည ဖုန်း ဆက်မေးတော့လည်း...

            'စိတ်ချပါ ဆရာမ...။ ပို့ပြီးပါပြီ။ ဓာတ်ပုံစာအုပ်တွေလည်း သေချာသိမ်းပြီးပါပြီ'...တဲ့။

            ကောင်မလေးတို့ စက်မှုသိပ္ပံကလည်း စာမေးပွဲတွေ ဖြေနေရချိန် ဖြစ်လေသည်။ ကောင်မလေး၏ နယ်မှ သူငယ်ချင်း သုံးယောက်ကိုလည်း စာအတူကျက်ရန် အိမ်မှာခေါ်၍ အိပ်ခွင့်ပြုထားသောကြောင့် အဆင်ပြေလှသည်ဟု ထင်မိနေဆဲမှာပင်...။

            မေကျောင်းက ပြန်လာပြီး စာရေးရန် စာအုပ်စားပွဲကို ရှင်းပြီး စာအုပ်တွေကို စီထပ်တော့...။ စာမူနှင့် အတူပို့ရမည့် ဓာတ်ပုံစာအုပ်က ထွက်လာလေသည်။ ထိုအချိန်မှာ ကောင်မလေးကလည်း မရှိ။ နောက်ဆုံးနေ့ စာမေးပွဲဖြေပြီး သူ့သူငယ်ချင်းတွေနှင့် ပျော်နေကြဦးမှာပေါ့။ မေ့မှာ စိုးရိမ်စိတ်တွေ ဆူဝေနေသောကြောင့် မဂ္ဂဇင်းတိုက်သို့ ဖုန်းဆက်ကြည့် လိုက်သည်။ ဟုတ်ပါရဲ့။ မှား မှ မှား။ အမှားက သေးသေး အမှားမဟုတ်။ အမှားကြီး ကြီး။ မေသိမ်းထားသော ဓာတ်ပုံစာအုပ်ကို ပို့ရမည့် စာအုပ်နှင့် မှားထည့်ပေး လိုက်ခြင်းပင်။ ဒါ... သူ၏ စပ်စုမှု၊ ပေါ့လျော့မှု၊ ဓာတ်ပုံစာအုပ်တွေကို မသိမ်းခင် သူငယ်ချင်းများနှင့် ကြည့်ကြပေမှာပေါ့။ ပြီးတော့ ပို့ခါနီးမှာ လောလောလောလော ထည့်လိုက်ကြခြင်း ဖြစ်နိုင်သည်။

            'ဓာတ်ပုံစာအုပ်၏ အစဆုံးကပုံ ဘာပုံလဲ' ဟု မေးစဉ်ကတည်းက တထိတ်ထိတ်။ ဓာတ်ပုံ နှစ်ပုံ သုံးပုံအကြောင်း ပြောပြလိုက်ရုံနှင့် ကိုယ်ထည့်ထားသောပုံ ဘာပုံတွေဆိုတာ သိပြီပေါ့။ ရှက်လိုက်တာ...။ ရှက်လိုက်တာ..။ လက်စွမ်းတွေပြပြီး လျှောက်ရိုက်ထားတဲ့ ပုံတွေရော၊ သီးသန့်သိမ်းထားသည့် ပုံတွေရော အထပ်လိုက်။ မေသည် ရင်ဖွင့်မတတ် ဒေါသထွက်ရသည်။ ဒါ... ရိုးသားမှုတစ်ခုမဟုတ်နိုင်။ တမင်များ... ချောက်ချသလားအထိ တွေးမိသည်။ ကောင်မလေးကို အလွန်ပင် စက်ဆုပ်ရွံရှာသွားသည်။ ဒါ စစရာ နောက်စရာ မဟုတ်။ ဒေါသမီး တရဲရဲနှင့် ကောင်မလေးပြန်အလာကို စောင့်။ အိမ်တံခါးဖွင့်သည်နှင့် မေ ပေါက်ကွဲတော့သည်။

            သူက...'ဓာတ်ပုံမှား ပို့တာလေးများ ဆရာမရယ်။ ဟိုက ပြန်ပို့ပေးမှာ မဟုတ်လား။ နောက်နေ့ သမီး ဒီစာအုပ်ကို ထပ်ပို့ပေးမှာပေါ့' တဲ့ အေးအေးဆေးဆေး။

            'သြော်... ဒါက ညည်း အမြင်ကိုး။ ညည်းခေါင်းက ဒါလောက်ပဲ သိသလား။ မှားပို့တယ်ဆိုတာ ညည်းမှားမှန်း ငါပဲ သိတာလေ။ ဟို မဂ္ဂဇင်းတိုက်က သိမလား။ ငါ... မပြောတော့ဘူး'

            မေက မပြောတော့ဘူး ဆိုပေမယ့် သတိရတိုင်း ပြော၏။ တကယ်လည်း အိပ်လို့ မပျော်နိုင်လောက်အောင်ကိုပဲ စိတ်အနှောင့်အယှက်တွေ ဖြစ်ပြီး ရှက်လှသည်။ အယ်ဒီတာ အဖွဲ့ကို မျက်နှာမကြည့်ရဲလောက်အောင်ပင် ရှက်စရာကောင်းလှကြောင်းကို ကောင်မလေးကတော့ ခံစား နားလည်နိုင်မည် မဟုတ်ပေ။

            နောက်နေ့ မနက်မိုးလင်းလို့ မေအိပ်ရာ ထချိန်မှာတော့ ကောင်မလေး၏ သူငယ်ချင်းများက စာမေးပွဲ ပြီးပြီဖြစ်၍ နေရပ်သို့ပြန်ရန် အဆင်သင့် ဖြစ်နေပြီ ထင်လိုက်တာ...။ ကောင်မလေး ကိုယ်တိုင်ကပင် အထုပ်အပိုး ပြင်ပြီး ဖြစ်နေတာကို အံ့သြဖွယ်ကောင်းစွာ တွေ့ရလေသည်။ မေ သူ့တို့ကို ကြည့်၍ မအံ့သြတော့ပေ။ ဝမ်းတောင် သာသွားမိသည်။ မေက ဆင်ပြင်ပေးထားသော ပစ္စည်းများကို ပြန်မယူသည့်အပြင် မုန့်ဖိုးတောင် ထပ်ပေးလိုက်သေး...။ ဒါပေမယ့်..။

            'အမှားတစ်ခုဆိုတာ တမင်ပဲ မှားမှား၊ မတော်တဆပဲ မှားမှား ပြုပြင်ဖို့ပဲ ရှိတယ်။ စိတ်ဆိုးဖို့လည်း မဟုတ်ဘူး။ စိတ်ကောက်ဖို့လည်း မဟုတ်ဘူး။ အမှားကို ပြင်ဖို့ စိတ်မကူးဘဲ ရှောင် ပြေးနေမယ်ဆိုရင်တော့ နောက်အထပ်ထပ်မှားဖို့ပဲ ရှိတယ်။ သမီးကို ဆရာမ ဆုံးမတာပဲ ရှိတယ်နော်၊ ဒီအမှားက ညည်းကိုထိတဲ့ အမှားမဟုတ်ဘူး။ ညည်းကြောင့် ငါထိတဲ့ အမှား။ ညည်းကို ငါအမှားပဲ ထောက်ပြရသေးတယ်။ ဘာမှ အပြစ်မပေးဘူး။ အေး... ဒါပေမယ့် ညည်းက သူငယ်ချင်းတွေနဲ့ အတူတူ ပြန်ဖို့ဆုံး ဖြတ်တယ်နော်၊ ရတယ်။ ငါအခု ညည်းကို ခေါ်လာပြီး ပို့ပေးတဲ့ သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောမယ်။ ပြီးရင် ညည်း အပြီးအပိုင် ပြန်ရမယ်'

            မေက ချက်ချင်းပင် စီစဉ်ပြီး ကောင်မလေးကို ပြန်ပို့လိုက်သည်။ ဖေဖေနှင့် ညီမလေးက ကောင်မလေး စာမေးပွဲပြီးလျှင် ဖုန်းဆက်၊ ပြန်လာမယ်ဟု ကြိုတင်ပြော ထားပေမယ့် ဖေဖေတို့ထံသို့ ဖုန်းလည်း မဆက်ဖြစ်ပေ။ တစ်ယောက်တည်း ပေါ့ပါးလွတ်လပ်စွာ နေထိုင်ရခြင်း၏ အရသာ စစ်စစ်ကို ပြည့်ဝစွာ ခံယူလျှက် 'အဖော်' အကြောင်းကို တွေးနေမိသေးသည်။

            သြော်.. 'တစ်ယောက်တည်းမို့ စိတ်မချဘူး' တဲ့။ နှစ်ယောက်ဖြစ်သွားသော အခါမှ စိတ်မချစရာတွေက ပိုလို့သာ ဆိုးနိုင်ကြောင်းတွေကို မေ ရှင်းမပြတတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ။ မေကတော့ 'အဖော်' ဆို ဘယ်လို အဖော်မျိုးမှ အဆင်ပြေနိုင်စရာ အကြောင်းမရှိဟု အတည်ပြုလိုက်လေသည်။ အထီးကျန်ခြင်းသည်သာ အလှတစ်ပါးဟုလည်း ယုံကြည်လေတော့သည်။

ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

            


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...