ရွှေဝတ္ထု

ကိုယ်တွေ့ဝတ္ထု

သုမောင်

01 August 2025
ကိုယ်တွေ့ဝတ္ထု
Share to

ကျွန်တော်နှင့် အေးဘုံ သမီးရည်းစားဖြစ်ကြတော့ ကျွန်တော့်မှာ ပြတ်စဲပြီး ရည်စားဟောင်း ခြောက်ယောက်ရှိခဲ့တာကို ဖွင့်ဟဝန်ခံခဲ့ပါသည်။ ထိုသို့ ဝန်ခံစကားပြောနေစဉ်မှာ ကျွန်‌တော့်ပါးစပ်က အရက်နံ့သင်းနေခဲ့၏။ ဒါလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်ပါသည်။ ရဲဆေးတင်ပြီးသလိုနှင့် သောက်တတ်ကြောင်း ပြလိုက်ခြင်းပင်။ ဤသို့ ပြုရသည်မှာ ချစ်သူဘဝကို လွန်ပြီး အိမ်ထောင်ရှင်များ ဖြစ်လာကြလျှင် အကျယ်ကျယ် မငြိမ်းဖွယ်ဖြစ်မှာစိုးသောကြောင့် ဖြစ်၏။ ‘ဒီနှစ်မျိုး’ သည် အိမ်ထောင်သည်ဘဝတွင် ထိပ်ပိတ်နှင့် နောက်ဆုံးပြဿနာများ မဟုတ်ပါလား။ ‘ခုရှုပ်မှာ နောင်ရှင်း’ သဘောမျိုးတော့ ကျွန်တော့်တွင် မရှိပေ။ အကြောင်းမှာ ‘အေးဘုံ’ ကို ကျွန်တော်က မရမနေ လက်ထပ်ယူဖို့ ဆုံးဖြတ်ထားပြီးသောကြောင့် ဖြစ်သည်။ သူ့ဘက်ကလည်း မီးစိမ်းပြထားပြီးဖြစ်ရာ ရိုးရိုးကြီး ပြောပြထားတာ အကောင်းဆုံးဟု ကျွန်တော်က ထင်လိုက်ပါသည်။ ထို့‌ကြောင့်ပင် ဖြစ်မည်ထင်သည်။ ညားခါးစတွင် အေးဘုံသည် ဗိုက်ကြီးတဗြဲဗြဲဖြင့် ကျွန်တော်သွားရာ အရက်ဆိုင် (မိန်းမလိုက်လို့ သင့်သည့်နေရာ) သို့ တကောက်ကောက် လိုက်ပါသည်။ စိတ်မချ၍ မဟုတ်ပေ။ အိမ်မှာ နှစ်ယောက်တည်း နေကြသဖြင့် သူပျင်းသောကြောင့် ဖြစ်ပုံရပါသည်။

စောစောက ပြောခဲ့သော သမီးရည်းစားဘဝ အရက်သောက်ပြီး ချိန်းတွေ့ခဲ့ကြသည့် နေရာကလေးကို မှတ်မိနေပါသည်။ တီတီစီ အပေါ်ထပ် စင်္ကြမှာ ဖြစ်ပါသည်။ ထိုနေ့က ကျွန်တော်သည် အင်းယားလိတ် ဟိုတယ် မင်္ဂလာဆောင်မှာ သီချင်းဆိုပြီး အပြန်ဖြစ်ပါသည်။ ညနေစောင်း နေဝင် ဖြိုးဖျဖြစ်သည်။ သူက ကျောင်းဆရာမ အလုပ်တစ်ဖက်နှင့် တက္ကသိုလ်ပြင်ပ သိပ္ပံဖြေဆိုနေသူဖြစ်ရာ တီတီစီမှာ ညနေပိုင်း အချိန်ပို သင်ရပါသည်။ တွေ့ကြလေသောအခါ ကျွန်တော့်နှုတ်မှာ အရက်နံ့ သင်းနေပါသည်။ တမင်္ဂလာ သောက်လာတာတော့ မဟုတ်ပေ။ မင်္ဂလာရှင်က ဧည့်ခံလိုက်သော ကြောင့်သာ ဖြစ်သည်။ တကယ်ဆို ချစ်သူနှင့် ချိန်းတွေ့မှာမို့ ငြင်းခဲ့ဖို့ ကောင်းပါသည်။ သို့သော် ကျွန်တော်က ပွင့်ပွင့်လင်းလင်းပင် ဆက်ဆံလိုသောကြောင့် သောက်လိုက်ခဲ့ခြင်းဖြစ်ပါသည်။

'အရက်တွေ သောက်လာသလား' ဟု သူက ရိုးရိုးကြီးပင် မေးပါသည်။ ထိုမေးခွန်းသည်ပင် သူသည် ကျွန်တော့်ကို ချစ်သူအဆင့်ထက်ကျော်လွန်ပြီး အိမ်ထောင်ရှင်အဖြစ် ကြိုတင်သတ်မှတ်ပြီးပုံ ပေါ်နေမှန်း ကျွန်တော်က သိလိုက်ပါသည်။ ကျွန်တော်ကလည်း...

'ဟုတ်တယ်' ဟု တုံးတိတိကြီးပင် ဖြေခဲ့ပါသည်။ 'နည်းနည်းပါးပါး' ဟူ၍လောက်ပင် မချိုခဲ့ပေ။

မှတ်မှတ်ရရ ရရှိနေတာ တစ်ခုကတော့ ထိုညနေ သူ့ထံမှ ပြန်သောအခါ ပညာရေးတက္ကသိုလ် မြက်ခင်းပြင်ကို အဖြတ်၌ လက်ကောက်ဝတ်လောက်ရှိသော မြွေကြီးတစ်ကောင်ကို ကံကောင်းလို့ တက်မနင်းခဲ့ ခြင်းပင်။ တစ်စုံတစ်ရာ အတိတ်နိမိတ်ဟူ၍တော့ မတွေးခဲ့ပေ။

ဤသို့အားဖြင့် အေးဘုံမှာ'လင်ဆိုးမယား တဖေါင်းဖေါင်း'ဆိုသလို ရင်သွေး ငါးဦး ရရှိခဲ့ပါတယ်။ (တစ်ဦးက ပျက်ကျပါသည်)

သို့သော် ကျွန်တော်သည် အိမ်ထောင်ဦး ကာလတွင် ပို၍သောက်စားဖြစ်ခဲ့ ပါတော့သည်။

အရက်တိုက်မည့်သူ ပေါသလို ကျန်းမာရေးကလည်း ကောင်းနေသဖြင့် ပြဿနာမဖြစ်ခဲ့ပေ။ အေးဘုံမှာလည်း တစ်ခါတစ်ရံ အရက်ဆိုင် လိုက်ထိုင်ပေးရပါသည်။ ကျွန်တော်က ခရီးယာယီများသလို ရန်ကုန်မှာ ရှိနေစဉ်တွင်လည်း အပြင်ထွက်သောက်တတ်သဖြင့် ဗိုက်ကြီးတကားကားနှင့်သာ ရှိနေတတ်သော အေးဘုံခမျာ အိမ်ကြီး တစ်လုံးထဲတွင် တစ်ယောက်တည်း အနေများခဲ့ ရပြန်ပါသည်။ သူ့ဘက်က အရက်သမားမယားဖြစ်မှတော့ မထူးပါဘူးဟု သဘောထား ပုံတော့ မရပေ။ ကျွန်တော် ကလည်း ကိုယ့်ကိုယ်ကိုယ် အရက်သမားဟု မသတ်မှတ်ခဲ့ပါပေ။ ကျွန်တော်တို့ အိမ်ထောင်ရေး ဝတ္တရား တစ်ခုလို့သာ သဘောထားခဲ့မိကြလေသလား မဆိုနိုင်ပါချေ။

ဆိုလိုသည်မှာ ကျွန်တော်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက် အရက်သည် ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ခဲ့ပါဟူ၍ ဖြစ်ပါသည်။ အများသူငါ အိမ်ထောင်ရေးမှာ အရက် သေစာသည် နံပါတ်တစ် စာရင်းဝင် ရန်သူဖြစ်သော်လည်း ကျွန်တော်တို့ အိမ်ထောင်ရေးတွင် ပြဿနာ တစ်ရပ် မဟုတ်ခဲ့ပေ။ ဤသို့ဆိုသဖြင့် အရက်ကိစ္စကို ကျွန်တော်က ရေးကြီးခွင်ကျယ်သဘော မထားဘူးတော့ မဟုတ်ပါ။ မကောင်းမှန်း ကောင်းကောင်းသိပြီး ဖြစ်ပါသည်။ သို့သော် ရေလိုက်ငါးလိုက်နေမိရာက အရိုးစွဲသွားသော ကိစ္စဖြစ် သွားရပါသည်။

'စကတည်းက ယဉ်သကို' ဆိုသကဲ့သို့ပင် ကျွန်တော်နှင့် အေးဘုံတို့မှာ တစ်ကယ်တမ်း သမီးရည်းစားအချစ်မှသည် အိမ်ထောင်ကျခဲ့ကြခြင်း မဟုတ်ပေ။ သူက ချစ်သူရည်စား မထားဖူးသဖြင့် ကျွန်တော့်အား တွေ့တွေ့ချင်း ချစ်မိရာက တစ်ဆက်တည်း အိမ်ထောင်ကျခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်ကလည်း သမီး ရည်းစားရည်ဝခဲ့သဖြင့် သူ့ အလှည့်ကျသောအခါ တစ်ခါတည်း ဇနီးသည် အဖြစ် သတ်မှတ်ခဲ့ပါသည်။

ထို့ကြောင့် 'ချစ်ကြိုက် ကွဲညား'ဟူသော အနိမ့်အမြင့် အတက်အကျ အရသာ မရှိဘဲ လင်မယား ဖြစ်ခဲ့ကြသည်ဆိုရပါမည်။ သို့သော် အိမ်ထောင်ဦးမှ စတင်ကာ သူ့ဘက်ကိုယ့်ဘက် လေးစား ချစ်ခင်ခဲ့ကြသဖြင့် ဘာပြဿနာမျှ ကြီးကြီးမားမား မရှိသော တင့်တယ်သည့် အိမ်ထောင်ရေးဟု ပတ်ဝန်း ကျင်က နားလည်ထားပါသည်။ ကျွန်တော်တို့ နှစ်ယောက်ကလည်း စောစောက ပြောခဲ့သလို အေးအေးဆေးဆေးပင်။ သို့သော်... ဤနေရာတွင် အေးဘုံ၏ စရိုက်ကို အထူးပြု ပြောဆိုရပါတော့မည်။ ထိုမိန်းမသည် ချစ်သူဘဝမှာပင် အရက်အတွက် အနစ်နာခံသလို ရှုံ့ချီနှပ်ချီလည်း မလုပ်တတ်လေရာ ပြတ်သားစရာရှိလည်း ပြတ်သားတတ်ကြောင်း စာဖတ်သူ သဘောပေါက်ပါလိမ့်မည်။ အတက်အဆင်း သိပ်မရှိလှသော အိမ်ထောင်ရေးသည် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိနိုင်ဟု ယူဆ၍ ကားမရပေ။ မထင်မှတ်သည့် ထောင့်ကွေးတစ်နေရာမှ ထတောက်သော မီးညွှန့်ငယ်သည် ခေါင်တိုင်ဖျားထိ စွဲသွားတတ်တာကို မေ့ထားလို့ မရနိုင်ပါ။

ဖြစ်ချင်တော့ ဘာမဟုတ်သည့် (ဘာကြောင့်မှန်း ပင်မသိနိုင်သည့်) ကိစ္စလေးက ပြဿနာထဖြစ်ပါသည်။

အရက်ကိစ္စပင် ဖြစ်ပါသည်။ အရက်ကိစ္စ ပြောရအောင်ကလည်း သမီးရည်းစားဘဝ ကတည်းက သောက်ပြခဲ့သော အရက်။ ဗိုက်ကြီး တကားကားဖြင့် မယားကို အရက်ဆိုင် ခေါ်သွားခဲ့သည့် အခြေအနေ။ မိသားစု အရေးသာမက ပရိသတ်အရေးမှာပင် အားနည်းစေခဲ့သော အရက်။ ဆိုကြပါစို့။ ကျွန်တော့် ဘဝတွင် တကူးတကန့် ထည့်ပြောစရာပင် မလိုသော ထိုအရက်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလ မိခင်ကြီးဆုံးတော့ ကျွန်တော် အရက်ဖြတ်လိုက်ပါသည်။ မိခင်ကြီး မကွယ်လွန်မီ ဖြတ်ပစ်ဖို့ ကောင်းတာကိုလည်း နောင်တရခဲ့ပါသည်။ မိခင် ကြီးရှိစဉ်ကလည်း ဖြတ်လိုက် သောက်လိုက်ဖြင့် မိခင်ကြီးကို ဒုက္ခပေးခဲ့မိပါသည်။ သို့သော် အမေဆုံးသော အခါတွင်မူ ဘာရယ်ကြောင့် မသိ အရက်ကို စိတ်နာသွားပါသည်။ အမေကမူ ရှိစဉ် ကတည်းက အရက်သောက်ခြင်းကို မကြိုက်သော်လည်း သိပ်မပြောပေ။ အဖေသာဓုကတော့ ကျွန်တော့်ကိုမှ မဟုတ်၊ အရက်သမားတိုင်းကို ဆန့်ကျင်ခဲ့ပါသည်။

အရက်ဖြတ်လိုက်စဉ် ခံစားရသော စိတ်ဝေဒနာကို အရက်သမားများက ပို၍ သိပါသည်။ အဓိကမှာ စိတ်ဓာတ်ကျခြင်းပင်။ အရင် အရက်ဖြတ်စဉ်တွေကလည်း စိတ်ဓာတ်တွေ ကျခဲ့ပါသည်။ သို့သော် ဆေးစား၊ ဆေးကု၊ တရားမှတ်ခြင်းဖြင့် ဝေဒနာကို ကျော်လွှားနိုင်ခဲ့ပါသည်။ ယခုတစ်ကြိမ်တွင်မူ ကျသွားသော စိတ်ဓာတ်က ပြန်တက် မလာတော့ပေ။ ကျွန်တော့် ဘဝတွင် အမေသည် စီးပွားရေး၊ ပညာရေး၌ အားကိုးရာကြီး မဟုတ်ခဲ့ပါ။ အဖေ သာဓုသာလျှင် အားကိုးရာ ဖြစ်ခဲ့ပါသည်။ အမေက အမေလိုပဲ နေခဲ့ပါသည်။ အဖေကမူ ဆရာသမား တစ်ဆူလိုပင် ရှိခဲ့ပါသည်။  သို့သော် ကျွန်တော်သည် (အဖေဆုံးတုန်းကလည်း အရက်ဖြတ်စပင် ဖြစ်၏။) အဖေဆုံးစဉ်က ကျသွား သော စိတ်ဓာတ်များကို ပြန်မြှင့်နိုင်ခဲ့ပါသည်။ အားကိုးရာတစ်ဆူ ပြိုလဲသွားသည် မှန်သော်လည်း ကြံ့ကြံ့ခံနိုင်ခဲ့ပါသည်။ ဟော... ကျွန်တော့်ကို ပြန်အားကိုး နေရရှာသော မိခင်ကြီး ဆုံးရှုံးတော့မှ ရွှေတောင်ကြီး ပြိုသွားသလို ဆောက်တည်ရာမရ ဘာကြောင့်ဖြစ်သွားရသည်ကို စဉ်းစားမရပေ။ သည်တော့ ဆေးမြီးတို ကုနည်းဖြင့် အရက်ပြန်သောက်ဖို့ စဉ်းစားပါသေးသည်။ သို့သော် ထိုစိတ် ဓာတ်သည် အောက်တန်းကျပါသည်။ ယောကျ်ားမပီသပေ။ ကျွန်တော့်ကို လူတစ်ယောက်အနေဖြင့် မိခင်ကြီးအတွက် အရက်ပြန်သောက်ပြီး စိတ်ဓာတ်မြှင့်ရမည်မှာ လူကြားလို့မှ မကောင်းပါ။ ထို့ကြောင့် အောင့်အည်းနေခဲ့ ပါသည်။ သည်မှာတွင် ပြဿနာတွေက ဟိုတစ်စ၊ သည်တစ်စ ပေါ်လာပါသည်။ ယခင်အရက်သောက် စဉ်ကလည်း ကျွန်တော်မှာ ထိုးနှက်ချက်မျိုးစုံ ခံရပါသည်။ သည်တော့ အရက်ရှိန် ဖြင့်ပင် ကာကွယ်ပါသည်။ အရက်ဖြတ်လိုက်စဉ် ဝင်ရောက်လာသော ထိုးနှက်ချက်များကိုလည်း သည်းခံ နိုင်လျှင်ခံ၊ မခံနိုင်လျှင် အရက်ပြန်သောက်ပြီး တုံ့ပြန်ပါသည်။ ကိုယ်ခံကျရောဂါ ရှိနေလျှင် အခြားရောဂါများ ဝင်ရောက်လာသလို အရက်နာကျနေလျှင် ပယောဂတွေ ဝင်လာတတ်ပါသည်။ ဒီတစ်ခါတော့မူ ကျွန်တော် ကြိတ်မှိတ်ခံစားနေရသော အမေ၏ နာရေးပေါ်မှာပင် အခြေခံပြီး ကျွန်တော် ထိုးနှက်ခံရလေရာ အတော်ပင် အလူးအလဲ ခံလိုက်ရပါသည်။ ထို ထိုးနှက်ချက်များမှာ တကယ်တော့ လုပ်ကြံခြင်း မဟုတ်ပါ။ တကယ်လည်း အမေသည် ကျွန်တော့်ကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရတာ မှန်ပါသည်။ ဘာပဲဖြစ်ဖြစ် စိတ်ဝေဒနာ ခံစားနေရစဉ် အမေနှင့် ပတ်သက်၍ ထပ်မံ ထိုးနှက်ခံရတာ ပင်ပန်းလှသည်။ ထိုအထဲတွင် အေးဘုံလည်း ပါဝင်နေပါသည်။ သို့သော် အေးဘုံသည် အခြားအချိန်များတွင် ဘယ်ကိစ္စမျိုးဖြင့် ကျွန်တော့်ကို တိုက်ခိုက်လာသည် ဖြစ်စေ ကျွန်တော့်ဘက်က ရပ်ပါသည်။ ကုန်ကုန်ပြောကြကြေး အရက်ကိစ္စမှာပင် ကျွန်တော့်ဘက်မှ ရပ်တည်ခဲ့သူ ဖြစ်ပါသည်။ ခုတစ်ကြိမ်တွင်တော့မူ သူလည်း ကျွန်တော့်ဘက်က မရပ်တော့ပေ။ ကျွန်တော်ကလည်း အရက်ကို ဖြတ်တောက်ထားလေရာ အေးဘုံအဖို့ ပိုပြီး ပြောအား ရှိခဲ့ပုံရပါသည်။

အဖြစ်က ဤသို့ဖြစ် ပါသည်။ ပြီးခဲ့သည့် သင်္ကြန်ရက်က ထုံးစံအတိုင်း မန္တလေးမြို့သို့ သွားရောက်  ဖျော်ဖြေပါသည်။ မိသားစုလိုက် သွားခြင်းဖြစ်သည်။ အိမ်ကကားဖြင့်ပင် တစ်ယောက်တစ်လှည့် မောင်းကြပါသည်။ မန္တလေးရောက်တော့ သင်္ကြန်ထုံးစံအတိုင်း ကျွန်တော် အရက်နည်းနည်း ပြန်သောက်ဖြစ်သွားပါသည်။ အလွန်အကျွံတော့ မဖြစ်ပေ။ သို့သော် အပြန်ခရီးမှာ ကားမှောက်ပါတော့ သည်။

ထူးခြားသည်မှာ ထိုအချိန်တွင် ကျွန်တော် မူးမနေသလို ကားမောင်းသူမှာလည်း ကျွန်တော် မဟုတ်ပေ။ ယာဉ်မောင်းကား အေးဘုံဖြစ်နေပါသည်။ ညည့်နက်သန်းခေါင်ကြီးမှာ ကျွန်တော်နှင့် သားနှစ်ယောက်ကို စိတ်မချနိုင်ဘဲ သူကိုယ်တိုင် ဝင်မောင်းရာမှ ကားမှောက်ခြင်း ဖြစ်သည်။ မြို့ရွာများနှင့် မနီး၊ လွင်တီးခေါင်ပြင်မှာ မှောက်သဖြင့် ချောက်ချားစရာ ကောင်းလှကြောင်း ကျွန်တော်သိနေပါသည်။ ကားအတွင်းမှ မိသားစု အားလုံး ဝမ်းလျားထိုး ထွက်ကြရသည့်အထိ အခြေအနေ ဆိုးနေသော်လည်း ဒဏ်ရာမျှပင် မရကြပါ။ စိတ်တွေကတော့ ကယောင်ချောက်ချား ဖြစ်ကုန်ပါသည်။ အနီးအနားမှ ရောက်လာကြသူများကိုပင် လူတွေဟု မထင်ဘဲ တစ္ဆေသရဲများ၊ ကျတ်များဟု ထင်သည်အထိ ဖြစ်ရပါသည်။ ထိုအရပ်ဒေသမှ ပုဂ္ဂိုလ်များက ကူညီသဖြင့် အစစ အရာရာ အဆင်ပြေသွားပါသည်။ သို့သော် ထွက်ပေါ်လာသော သတင်းကမူ မကောင်းလှပေ။ သုမောင် မူးပြီးမောင်းလို့ မိသားစုလိုက် ကားမှောက်သည်။ မသေကောင်း မပျောက်ကောင်းဟူ၍ ဖြစ်ပါသည်။

ရန်ကုန် ပြန်ရောက်လို့ အရက်မသောက်တော့သော အခါတွင်မူ ထုံးစံအတိုင်း စိတ်ကျဝေဒနာ ပြန်ခံစားရပါသည်။ သည်တစ်ကြိမ်တော့မူ အမေ့ကိစ္စအပြင် ကားမှောက်သောကိစ္စကပါ ကျွန်တော့်အား တစ္ဆေခြောက်ပါတော့သည်။  အိပ်ချိန်မှာပင်လည်း အိပ်မက်ထဲ ပြန်မက်ပြီး ထထထိုင်မိပါသည်။  အိပ်ရာဝင်တော့လည်း အိပ်မပျော်ခဲ့ပေ။

ထို့ကြောင့် နက်ဖြန်လို ဆေးရုံတက်မည်ဆိုလျှင် သည်နေ့ညလိုမှာ ကျွန်တော် အရက်သောက် လိုက်ပါတော့သည်။ တစ်ဝကြီး သောက်ပါမည်။ ထိုအချိန်မှာပင် 'အေးဘုံ'က စတင် မီး မွှေးလိုက်ပါတော့သည်။

'အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး နှောင့်ယှက်ခဲ့တဲ့ ဒီအရက်က ပြန်သောက်ပြန်ပလား'

ကျွန်တော် ပြောခဲ့ပါသည်။ အိမ်ထောင်တစ်သက်လုံး ဗိုက်ကြီးတကားကားနှင့်ပင် အရက်ဆိုင် လိုက်ထိုင်ခဲ့သည် မိန်းမပါဟု။

စိတ်ဓာတ်ကျနေချိန်တွင် သိမ်ငယ်စိတ်က ပူးကပ်လာတတ်ပါသည်။ ထိုအခါမျိုးတွင် မိမိ၏ အပြစ်များအတွက် ကြီးစွာသော နောင်တတွေ ပြန်ရလာသည်။ အထူးသဖြင့် မိမိအားကိုးသော ပုဂ္ဂိုလ်က မိမိအပေါ် အပြစ်ဆိုလျှင် ပို၍ခံစားရပြီး အသေးအမွှားကိစ္စများ အတွက်ပါ ခံစားရတတ်ပါသည်။ အေးဘုံသည် တစ်ရစ်ပြီးတစ်ရစ် ကျွန်တော့်ကို တင်းပါသည်။ ကျွန်တော်မူကား ငုတ်တုတ်သာ ပေခံ နေမိပါသည်။

'ဒီအရက်ကြောင့်ပဲ တက်ရမယ့် စီးပွားတွေ ပျက်ကုန်တယ်'

'လူမှုရေးမှာလည်း အောက်တန်းကျခဲ့ရတယ်'

'သားသမီးတွေ မျက်နှာငယ်ခဲ့ကြရတယ်'

'အဖေသာဓုရော အမေညိုပါ စိတ်မဖြောင့်ဘဲ ဆုံးပါးခဲ့ကြရတယ်'

'အရက်မူးနေချိန်မှာ မိသားစုလုံခြုံရေးကို ဂရုမစိုက်နိုင်ခဲ့ဘူး'

'ဦးဆောင်ရမယ့်သူက ဦးကျိုးနေခဲ့တယ်'

'ရှင်ဟာ လူတော်ပါ၊ ဒါပေမယ့် အရက်ကြောင့် လူကောင်းတော့ မဖြစ်ခဲ့ဘူး'

'အိမ်ထောင်သက် တစ်လျှောက်လုံး အောင့်အည်းအောင့်သက် နေခဲ့ရတယ်'

'လက်ထပ်ခဲ့မိတာ မှားသွားပြီ'

'ကလေးတွေလည်း အရွယ်ရောက်ကုန်ပြီ၊ ကျွန်မ မပူတော့ဘူး'

ကျွန်တော့်မှာ သူပြောသမျှကို  ခွန်းတုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ မူးရူးနေလျှင်လည်း အကောင်းသား။ ခုတော့ အရက်လည်း သောက်ထားမိသည်။ စိတ်ကျဝေဒနာကလည်း ခံစားနေရသည်။ သူ၏ စွပ်စွဲချက်များမှာ ပတ်ဝန်းကျင် ထိုးနှက်ချက်နှင့် တစ်ထပ်တည်း ဖြစ်နေပါသည်။ ပိုဆိုးတာက ထိုအတိုင်း ပတ်ဝန်းကျင်က ထိုးနှက်စဉ်က အေးဘုံသည် ကျွန်တော့်ဘက်က ရပ်တည်ခဲ့သူ။

ကျွန်တော် ပြောခဲ့ပါသည်။ ထိုမိန်းမသည် တစ်မျိုးကြီးပါဟု။ သည်းခံ လွန်းသလို ပြတ်တောင်း တောင်း ပြီးနိုင်လှသည်။ ခွင့်လွှတ်ထားတာလား၊ မထူးဇာတ် ခင်းတာလား ကျွန်တော် ခုတိုင် မသိသေးပေ။

'ရှင့်ကိုကွာမယ်'

ကျွန်တော့်ကို ခြိမ်းခြောက်သော စကားမဟုတ်ပေ။ တကယ်ပင် နင့်နင့် သီးသီးပြောလိုက်ခြင်း ဖြစ်၏။ ဝမ်းနည်းသံကလေး မျှပင်မစွက်ပါ။ နောင်တရသွားသဖြင့် ပြောလိုက်တာလည်းမဟုတ်။ လက်တလောပြဿနာကို အဖြေရှာပြီး တိခနဲဆုံးဖြတ်လိုက်ခြင်းမှန်း ကျွန်တော်ကောင်းကောင်း သိလိုက်ပါသည်။ ပေါင်းသင်းလာတာ နှစ်သုံးဆယ်နား ရောက်နေပြီပဲ။

ကျွန်တော်သိပါသည်။ သူ ဆုံးဖြတ်ပြီးလျှင် လွယ်လွယ်နှင့် ပြင်လို့ မရနိုင်ပေ။ ကျွန်တော် ဘယ့်နှယ် လုပ်ရပါမည်နည်း။

ဤမျှလောက်နှင့်ပင် ကျွန်တော်၏ အိမ်ထောင်ရေးဘဝသည် မည်သို့ အဆုံးသတ်ရမည်ကို စာဖတ်သူ သိလောက်ပါပြီ။ ဒါက သမားရိုးကျကို ဆိုပါသည်။ ပြီးတော့ ရှေ့တွင် ဖော်ပြခဲ့သော ပြဿနာများကလည်း တင်းကျပ်ထားပြီး ဖြစ်ပါသည်။ သို့သော် ယခု ဤစာရေးနေချိန်ထိ ကျွန်တော်တို့ အိမ်ထောင်ရေး အကွဲအပြဲကို စာဖတ်သူများ မကြားမိသေး မဟုတ်ပါလား။ နော့ဖြင့် ဘယ်သို့ အဆုံးသတ်ပါသနည်း။

'ကျွန်တော်လည်း အေးဘုံကိုခေါ်ပြီး ကားမောင်းထွက်လာခဲ့ပါသည်။ နှစ်ယောက်တည်း ဖြစ်ပါသည်။ ကျွန်တော်ခေါ်သဖြင့် အလိုက်တသင့် လိုက်ခဲ့သော်လည်း တစ်လမ်းလုံး စကားမပြောဖြစ်ကြပေ။ သူ့ဘက်က စကားကုန်ပြီ ဖြစ်သလို ကျွန်တော့်ဘက်ကလည်း ဘာစကားစပြောရမည်ကို မသိဖြစ်နေသည်။ သို့သော် သေချာတာကတော့ သည်လင်သည်မယား အိုအောင်မင်းအောင် ပေါင်းရပါစေသား မဟုတ်ပါလား။

နှော့ဖြင့် ဘယ့်နှယ် ပြောရပါမည်နည်း။ ကျွန်တော်သည် စိတ်ဓာတ်ကျနေသဖြင့် ငုံ့ခံခဲ့ရိုးမှန်ပါ သည်။ အရက်သောက်ထားသော်လည်း မူးရူးမနေသောကြောင့် စကားနိုင်လည်း မလုလိုပေ။

အစပထမတွင် သာကေတ ခုံးကျော်တံတားကြီးဘက်သို့ မောင်းမည်ဟု စိတ်ကူးမိသေးသည်။ သို့သော် တစ်ခါက ညကြီး သန်းခေါင် သာကေတ တံတားပေါ် လင်မယားနှစ်ယောက်သွားပြီး စကားပြော ကြရာ ပတ္တရောင်ရဲ၏ စစ်ဆေးခြင်းခံရဖူးသဖြင့် အရှက်ကွဲခဲ့ရသည်။

ကိုယ်လက်တို့က စိတ်ကူးတည့်ရာ မောင်းနှင်နေသော်လည်း အသိစိတ်က တစ်နေရာသို့ ညွှန်ပြနေပုံ ရပါသည်။ မှန်ပါသည်။ အေးဘုံကို ကျွန်တော် လက်ထပ်ခွင့် စတောင်းခဲ့သော တက္ကသိုလ်ဘက်သို့ မော်တော်ကားက ဦးတည်နေပါသည်။

တက္ကသိုလ်သည် ပုံစံ မပျက်ပင် တိတ်ဆိတ်ငြိမ် သက်နေပါသည်။ သမီးရည်းစားဘဝက ညကြီး အချိန်မတော် ဖြစ်သော်လည်း ကျောင်းဖွင့်ထားသဖြင့် အဆောင်ပေါ် တက်လို့ရပါသည်။ ခုတစ်ကြိမ် တွင်တော့ ကျောင်းဝင်းထဲသို့ ဝင်မရပေ။ ထို့ကြောင့် ဆရာများ အဆောင်ရှေ့မှာပင် ကားကို ရပ်ပါသည်။ ကျွန်တော်တို့ ချစ်ခွန်းတွေ သီခဲ့ဖူးသော ကျောင်းတော်ကို လှမ်းမြင်နေရပါသည်။ သူနှင့်ကျွန်တော် တွေ့ခဲ့ကြသည့် လေသာဆောင်။ ကျွန်တော်သည် ထိုလေသာဆောင်ကို ငေးကြည့်နေမိပါသည်။ အေးဘုံကမူ ရှေ့တူရူသို့သာ တွေတွေကြီး ကြည့်နေပါသည်။ သို့သော် သူတွေကြည့်နေသော အရပ်မှာ လည်း ထိုလေသာဆောင်ကြီးက အဆင်သင့်ပင် ရှိနေပြန်ပါသည်။ ကျွန်တော့် စိတ်ထင် ဆယ်မိနစ်လောက် ကြာသည် ထင်ပါသည်။ ကျွန်တော်သည် ပြဿနာအားလုံးကို တစ်ခုချင်း သုံးသပ်၍ ဆုံးဖြတ်ချက် ချကြည့်သော်လည်း မရပေ။ လုံးချာလည်၍သာ နေပါသည်။ သို့သော် ကျွန်တော့်ကိုယ်စောင့်နတ်က ဝင်ဝင်ဆုံးဖြတ်ပုံ ရပါသည်။ ကိုယ်စောင့်နတ်ကို ကျွန်တော် ယုံကြည်ပါသည်။ သူက ကျွန်တော့်ကို ပြောခိုင်းသဖြင့် ကျွန်တော်ကလည်း တုံးတိတိကြီးပင် ဖြေချလိုက် ပါသည်။

'ကလေးတွေ လူလား မြောက်ကုန်ပြီ၊ ရှေ့လျှောက်မှာ ငါရေးတဲ့ မဂ္ဂဇင်း၊ ဂျာနယ် စာမူခနဲ့ တို့နှစ် ယောက် ထမင်းစားလောက်မလား'

မထင်မှတ်သော ထောင့်မှ ပွဲပြီးစကားကို ကိုယ်စောင့်နတ်က ပြောတတ်ပါပေသည်။ အေးဘုံသည် မျက်ရည်များ တွေတွေကျလာရင်း ကျွန်တော့်ဘက်သို့ ဖြေးဖြေးလေး လှည့် ကြည့်လိုက်ပါသည်။

 

သုမောင်

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်