ရွှေဝတ္ထု

စမ်းရေအိုင်လေးထဲက ဆူနာမီ

အဏ္ဏဝါစိုးမိုး

01 August 2025
စမ်းရေအိုင်လေးထဲက ဆူနာမီ
Share to

            ၂ဝဝ၅ ခုနှစ်ဆန်းပိုင်းမှာ ဆူနာမီဆိုသည့် အသံကို တစ်ကမ္ဘာလုံးက နားမဆံ့အောင် ကြားခဲ့ကြ ရသည်။ ယခုအချိန်ထိအောင် ကြားနေကြရဆဲ ဖြစ်သည်။ ဆူနာမီဆိုသည်မှာ ကြောက်စရာ ဒီရေလှိုင်းလုံးကြီး၏အမည် ဖြစ်သည်။

            ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်က ဘင်္ဂလားပင်လယ်ရေအောက်ကြမ်းပြင်ကို ဗဟိုပြုပြီး ပြင်းထန်စွာ လှုပ်သွားခဲ့သည့် ငလျင်ကြီး၏ အရှိန်ကြောင့် ပင်လယ်ပြင်မှာ ဧရာမ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်သွားခဲ့သည်။ ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေမှာ တည်ရှိနေကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံက အိမ်ရာအဆောက်အအုံတွေနှင့် လူပေါင်း တစ်သိန်းခွဲ ကျော်တို့၏ အသက်တွေကို ဧရာမ လှိုင်းလုံးကြီးတွေက ကိုက်စားဝါးမျို ဖျက်ဆီးပစ်လိုက်သည်။ ပြန်လည်တည်ဆောက်ရန်အတွက် ဆယ်နှစ်လောက် အချိန်ယူရလိမ့်မည်ဟု ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ကိုဖီအာနန်က ပြောတာကို ကြားလိုက်ရသည်။

            အိန္ဒိယ သမုဒ္ဒရာထဲက ပြင်းထန်သည့် ငလျင်ကြီးကြောင့် ဘင်္ဂလားပင်လယ်အော်မှာ ဆူနာမီ ရေလှိုင်းကြီး ဖြစ်ခဲ့ရသလို ကျွန်တော့်ရဲ့ မဆင်ခြင်မှု၊ မလိမ္မာမှုကြောင့် စမ်းရေအိုင်လေးလို ကြည်လင် အေးမြပြီး သာယာချမ်းမြေ့နေတဲ့ မိသားစုလေး တစ်ခုအတွင်းမှာ စိတ်မကောင်းစရာ ဒေါသမုန်တိုင်းနှင့် သောကမုန်တိုင်းတစ်ခုဖြစ်ခဲ့ရတာကို တွေးမိတိုင်း စိတ်မကောင်းဖြစ်ရသည်။ မိမိကိုယ် မိမိလည်း အပြစ်တင်မိသည်။ နောင်ဆင်ခြင်ရမည်ဟု သတိထားနေရသည်။

ကျွန်တော်နှင့် ကျွန်တော့် မိတ်ဆွေတို့သည် ကိစ္စတစ်ခုဖြင့် လျှောက်သွားနေရာမှ နံနက် ၁ဝ နာရီလောက်တွင် သူတို့အိမ်အနီးကို ရောက်သွားကြသည်။ သူတို့အိမ်ကို တမင်သွားချင်လို့ သွားတာတော့ မဟုတ်။ သူတို့အိမ်နားက လူတစ်ယောက်ကို လိုက်ပို့ကြရာမှ သူတို့အိမ်နားကို ရောက်သွားကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်လုံးသည် သူတို့ မိသားစုနှင့် ခင်မင်ရင်းနှီးနေ ကြသူတွေဖြစ်လို့ စိတ်တူကိုယ်တူ ပြိုင်တူဆိုသလို အသံတစ်ခုထွက်အောင် ပြောလိုက်မိကြသည်။

            'ဟိုဆရာအိမ်ကိုဝင်ပြီး လက်ကျန်ရှိလား မေးမယ်။ ရှိရင် နည်းနည်းတွယ်လိုက်ကြရအောင်။ မနေ့က နည်းနည်းများသွားလို့ ဖြေလိုက်ချင်တယ်'

            အဲဒါသည် ပြဿနာ၏ အစဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက်လုံးသည် တိုင်ပင်ထားကြသည့်အလား သူတို့အိမ်ကို ဝင်ပြီး စောစောစီးစီး အရက်သောက်ကြရန် တိုင်ပင်ကြခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ မိတ်ဆွေ ဖြစ်သည့် ဟိုဆရာရဲ့အိမ်မှာ အရက်ကောင်းကောင်း ပုလင်းအပြည့် လက်ကျန်အမြဲရှိသည် ဆိုတာကိုလည်း ကျွန်တော်တို့နှစ်ယောက်က သိနေကြသည်။ ဟိုဆရာသည် အရက်ကြိုက်သည်။ အရက်ကောင်းကို သောက်သည်။ ကျွန်တော်တို့ကို အရက်အကောင်းစားဖြင့် အမြဲဧည့်ခံသည်။ ကျွန်တော်တို့ကလည်း ကောင်းမှန်းသိနေတော့ သာအိတစိုစို လုပ်ခဲ့ကြသည်။ သဒ္ဓါလွန်းသူ၏ထံမှာ အမြဲဆွမ်းရပ်ခဲ့ကြသည်။

            'ဝင်ကြည့်ကြမယ်။ သူ အိမ်မှာရှိပါ့မလား မသိဘူး'

            'ရှိမှာပါ။ ဟိုဟိုဒီဒီ သွားလေ့သွားထ မရှိပါဘူး'

            ကျွန်တော်တို့ နှစ်ယောက်၏မိတ်ဆွေ ဟိုဆရာသည် အရက်ကိုသာ တရှိုက်မက်မက် သောက်နေသော်လည်း ကျန်းမာရေးကောင်းလှသည် မဟုတ်။ ဆီးချို၊ သွေးတိုး၊ နှလုံး၊ သွေးကြောကျဉ်း၊ ပန်းနာရင်ကျပ် ရောဂါ ပါရှိသူဖြစ်သည်။ ရောဂါမျိုးစုံ ရှိနေသည့်ကြားက ကျွန်တော်တို့ရောက်လာလျှင် အလိုက်သိစွာပင် အရက်ဖြင့် ဧည့်ခံလေ့ရှိသည်။ ပျော်လို့ဆိုပြီး သူ ပါဝင်သောက်လေ့ရှိသည်။

            သူ့အိမ်ရှေ့မှာ ကားရပ်သံကြားတော့ အိမ်ထဲက ထွက်လာပြီး ကြည့်သည်။ ကျွန်တော်တို့ နှစ်ယောက်ဆိုတာ သိသွားတော့ ဝမ်းသာအားရကြိုဆိုသည်။ ဧည့်သည်မျှော်နေသည့် လက္ခဏာ တွေ့ရသည်။ သူ့မျက်နှာက နီရဲရဲ ထူအမ်းအမ်းဖြစ်နေသည့်အတွက် မနေ့က အရှိန်မပြေသေးသည့် လက္ခဏာ တွေ့ရသည်။ ဧည့်ခန်းမှာ ဝိုင်းထိုင်လိုက်ကြသည်။

            'စောစောစီးစီး ဘယ်ကလှည့်လာကြတာလဲ'

    ကျွန်တော်တို့ကလျှောက်သွားနေကြသည့်အကြောင်းကို ပြောပြလိုက်သည်။ သွားရင်းလာရင်းဖြင့် ဒီအနားကို ရောက်လာလို့ ဝင်လာခဲ့ကြတာ ဖြစ်ကြောင်း ပြောပြလိုက်သည်။

            'စောစောစီးစီး လေပျို့လာကြတယ်။ လက်ကျန်ရှိ သေးလား'

            'ဟာ... ရှိတာပေါ့။ ကျွန်တော်ကတော့ နယူးယီးယား ပွဲဆက်တွေများနေတယ်။ မနေ့ကလည်း နည်းနည်း များသွားတယ်။ အသက်ရှူကျပ်လာလို့ သမီးက စိုးရိမ်သွားတယ်တဲ့'

            ပြောပြီး ထိုင်ရာမှ ထသွားသည်။ ဗီရိုထဲက လက်ကျန် ပုလင်းတစ်ဝက်နှင့် ဖန်ခွက်သုံးလုံးပါ ယူလာသည်။ ကျွန်တော်တို့ နှစ်ယောက်ကိုပဲ တိုက်မည်ဆိုလျှင် ဖန်ခွက်နှစ်လုံးသာ ယူလာရမည်ဖြစ်သည်။ ဖန်ခွက်သုံးလုံး ယူလာသည်ဆိုတော့ သူပါဝင်သောက်ဦးမည် ဆိုသည့်သဘော ဖြစ်သည်။ အရက်သောက်မည့်အဖော် မျှော်နေတုန်းမှာ ကျွန်တော်တို့ ရောက်လာတာနဲ့ အတော်ပဲ ဖြစ်သွားဟန်တူသည်။ ရေတစ်ပုလင်းနှင့် မြည်းစရာ မြေပဲဆံကြော် တစ်ပန်းကန်ပါ လာချသည်။

            ကျွန်တော်ကပဲ တစ်ခွက်မှာ နှစ်ပက်လောက်စီ ထည့်ပြီး ခွက်ကိုင်မြှောက်၍ နှစ်သစ်အတွက် ဆုတောင်း မင်္ဂလာပြု လိုက်ပါသည်။

            'ဟက်ပီး နယူးယီးယား အင်အောသဘက်စ်'

            ကျွန်တော်ကစပြီး မော့တော့ သူတို့ပါ လိုက်မော့ကြရသည်။ စာအကြောင်း၊ ပေအကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းပြောရင်း သောက်လိုက်ကြတာ ပထမတစ်ခွက်စီ ကုန်သွားကြသည်။ ဒုတိယ တစ်ခွက်ကိုတော့ ကိုယ့်လီမစ်နဲ့ကိုယ် ဆိုသည့်သဘောဖြင့် ကိုယ့်ဟာကိုယ်ထည့်သောက်ကြသည်။ မမူးသော်လည်း ရီဝေဝေဖြင့် နေလို့ထိုင်လို့ စကားပြောလို့ ကောင်းသည့် အဆင့်ကို ရောက်နေကြသည်။

            ဒီအချိန်မှာပဲ အိပ်ရာက နိုးလာဟန်တူသည့် သမီးပျိုသည် ကျွန်တော်တို့အရက်ဝိုင်းကို လာကြည့်ပြီး သူ့ အဖေကို အော်မေးတော့သည်။

            'အဖေ ဒါက ဘာလုပ်နေတာလဲ'

            ကျွန်တော်တို့ ရှေ့မှာ အမေးခံလိုက်ရလို့ ရှက်လည်း ရှက်၊ ဒေါသလည်း ထွက် သွားဟန်တူသည်။ သူ့သမီးကို ဒေါသတကြီး ပြန်အော်ပစ်လိုက်သည်။

            'နင် ဘာဖြစ်နေတာလဲ၊ အရက်သောက်နေတယ်ကွ။ ဘာဖြစ်လဲ'

            သူ့သမီးသည် အလန့်တကြား ဖြစ်သွားသည့် လက္ခဏာတွေ့ရသည်။ သူ့ အဖေသည် သူ့ကို လူရှေ့သူ ရှေ့မှာ တစ်ခါမျှ ဒီလို ဒေါသတကြီး အော်ကြီးဟစ်ကျယ် မပြောခဲ့ဖူးဘူးလို့ ယူဆရသည်။ မျက်ရည်တွေ ဝဲလာပြီး လှည့်ပြန်သွားသည်။ ကျွန်တော်တို့ပါ အနေရ အထိုင်ရ ခက်သွားကြသည်။ ချက်ချင်းထပြန်ရမှာလည်း ခက်၊ ဆက်ပြီး သောက်နေရမှာလည်း မသင့်တော်ဖြစ်နေတော့သည်။ မထူးဘူးဆိုပြီး ဖန်ခွက်ထဲမှာ ထည့်ထားတာ ကုန်အောင်တော့ဆက်သောက် နေကြရတော့သည်။

            အရက် ဆက်သောက်နေကြစဉ် အိမ်ရှင်ဟိုဆရာက ကျွန်တော်တို့ကို ပြချင်သည့် စာအုပ်တစ်အုပ်ကို ထယူသည်။ သူ ကျောခိုင်းနေစဉ်မှာ ကျွန်တော်က ကျွန်တော့် မိတ်ဆွေကို မျက်ရိပ်ပြလိုက်သည်။ ခွက်လက်ကျန်ကို ဖြတ်ပြီး လစ်ကြရအောင်ဆိုသည့်သဘော ဖြစ်သည်။ ကျွန်တော့်မိတ်ဆွေကလည်း သဘောတူသည်။ စာအုပ်သွားယူနေသည့် ဟိုဆရာ သူ့ နေရာမှာ ပြန်ထိုင်ပြီးသည် အထိတော့ စောင့်ကြရဦးမည် ဖြစ်သည်။ ဘာမျှမဖြစ်သလို ဆက်ထိုင်နေကြရသည်။

            ဟိုဆရာ ပြန်ထိုင်ပြီး သူ ယူလာပြသည့် စာအုပ်ကို ကိုင်ကြည့်၊ လှန်ကြည့်ပြီး စာအုပ်အကြောင်းကိုပဲ ပြောဆိုနေခဲ့ရသည်။ စကားစပြတ်သည့်အချိန်မှာပဲ ကျွန်တော်က ကိစ္စလေးတစ်ခု ရှိသေးလို့ သွားကြရအောင်လို့ကျွန်တော့် မိတ်ဆွေကို လက်တို့ပြောသည်။

            'ကဲ... လေပျို့တာလည်း သက်သာသွားပြီ။ ကျွန်တော်တို့မှာ သွားစရာ တစ်နေရာ ကျန်နေသေး တယ်။ နေမပူခင် သွားလိုက်ကြရအောင်'

            အမှန်တော့ ဘယ်ကိုမှ သွားစရာမရှိ။ အိမ်ကို ပြန်ကြရုံသာ ရှိသည်။ သူတို့အိမ်က အထွက်ကောင်းအောင် လုပ်ကြံလည်ဆယ်ပြီး ပြောလိုက်ရခြင်း ဖြစ်သည်။ အိမ်ရှင် ဟိုဆရာကလည်း တကယ် ယုံကြည်သွားပြီး ကျေနပ်ကျန်ခဲ့သည်။ ကျွန်တော်တို့ ပြန်ခဲ့ကြသည်။ လမ်းပေါ်ရောက်တော့မှ စိတ်မကောင်းဖြစ်ခဲ့ကြရသည့်ကိစ္စကို ပြောဖြစ်ကြသည်။

            'ကျွန်တော် စိတ်မကောင်း ဖြစ်သွားတယ်ဗျာ'

            'ကျွန်တော်လည်း စိတ်ထိခိုက်သွားတယ်။ နောက်ဆိုရင် ကျွန်တော်တို့ ဆင်ခြင်ရလိမ့်မယ်'

            အလွန်ချစ်ကြတဲ့ အဖေနဲ့သမီး၊ ကျွန်တော်တို့ရဲ့ မဆင်ခြင်မှု၊ မိုက်မဲမှု၊ စည်းကမ်းမရှိမှု၊ အလိုက် ကမ်းဆိုး မသိမှုတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။ ကျွန်တော်တို့ ပြန်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ဟိုဆရာသည် သူ့သမီးကို ဆက်လက်ပြီး ဆူပူဟိန်း ဟောက်လုပ်နိုင်သေးသည်။ သူ့မိတ်ဆွေတွေရှေ့မှာ သူ့ကို အရှက်ကွဲအောင် လုပ်ရပါမည်လား ဆိုပြီး သမီးလေးကို ဆူပူကြိမ်းမောင်းနိုင်သေးသည်။ သမီးကလည်း သူ့အဖေသည် သူ့ကို လူရှေ့ သူရှေ့မှာ တစ်ခါမျှ ဒီလိုစိတ်ဆိုးမာန်ဆိုး မအော်၊ မဟောက်ဖူးလို့ ရှက်လည်းရှက်၊ ဝမ်းလည်းနည်း ဖြစ်နေရှာရော့ မည်။ ဒါတွေဟာ အဆင်ခြင်ကင်းမဲ့သည့် ကျွန်တော်တို့ နှစ်ယောက်ကြောင့် ဖြစ်ခဲ့ရတာ ဖြစ်သည်။

            သူတို့သားအဖ (သမီး နှင့်အဖေ) အကြောင်းကို သတိရပြီး ပြန်တွေးနေမိကြသည်။ ဟိုဆရာ၏ ဇနီးသည်လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ကွယ်လွန်သွားခဲ့သည်။ ဇနီး ကွယ်လွန်သည့်အချိန်မှာ ဒီ သမီးလေးသည် လူမမယ် အရွယ်လေးဖြင့် အားငယ်ပြီး ကျန်နေခဲ့သည်။ ဒီအဖေကြီးကိုပဲ အမေလိုတစ်မျိုး၊ အဖေလိုတစ်မျိုး အားကိုးကြီးစွာဖြင့် ကြီးပြင်းလာခဲ့ရသည်။ ဟိုဆရာကလည်း အစိုးရ အမှုထမ်းဖြစ်၍ အလုပ်သွားနေရသည့်အချိန်ကလွဲပြီး သမီးလေး အားမငယ်ရအောင် အိမ်မှာပဲနေသည်။ သမီးလေးကို မျက်စိအောက်က အပျောက်မခံဘဲ စောင့်ရှောက်လာခဲ့သည်။ အရွယ်ရောက်လာသည့် သမီးလေးကို အမေလိုတစ်မျိုး၊ အဖေလို တစ်သွယ် အားမငယ်ရအောင် အလိုလိုက်ပြီး ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည့် သမီးလေးဖြစ်သည်။ ရိုက်ဖို့ဆိုတာ အသာထားလို့ ဟဲ့လို့တောင် အသံကျယ် ကျယ်ဖြင့် မအော်၊ မဟောက်ခဲ့သည့်သမီးလေး ဖြစ်သည်။

            သမီးလေးကလည်း ကျန်းမာရေး မကောင်းသည့် အဖေကြီးကို အရိပ်တကြည့်ကြည့်ဖြင့် စိုးရိမ်တကြီး ပြုစုစောင့်ရှောက်လာခဲ့သည်။ အလုပ်မှ အငြိမ်းစားယူပြီးမှ ကျန်းမာရေးက ပိုမိုကျဆင်း ဆုတ်ယုတ်လာသည်။ သွေးတိုး၊ နှလုံး၊ ပန်းနာရင်ကျပ် ရောဂါမျိုးစုံတို့ကြောင့် အဖေကြီး ပင်ပန်းနေတာကို မကြည့်နိုင်၊ မမြင်ရက်သည့် သမီးလေးဖြစ်သည်။ အဖေကြီးက အရက်ကြိုက်တတ် တယ်ဆိုတာကို သိတဲ့သမီးလေးက အဖေကြီး အရက်နဲ့ မြည်းဖို့ ကောင်းနိုးရာရာ အမြည်းမျိုးစုံ လုပ်ပေးခဲ့သည့် သမီးလေးဖြစ်သည်။ အခုတော့ အဖေကြီး အရက်သောက်လျှင် သေမည်ဟု ဆရာဝန်က ပြောထားလို့ အဖေသေမှာ ကြောက်သည့် သမီးလေးက အဖေကြီး အရက်မသောက်ဖို့ ပြောရသည့် အခြေအနေကို ရောက်နေသည်။

            'အရက်မသောက်ပါနဲ့တော့လား ဖေဖေရယ်။ ဖေဖေ အရက်ဆက်သောက်နေရင် မကြာခင် သေလိမ့်မယ်လို့ ဆရာဝန်ကြီးက သမီးကို ပြောလိုက်တယ်'

            'အေးပါ... သမီးရယ်။ ဖေဖေ မသောက်တော့ပါဘူး'

            သမီးလေးက အဖေ သေမှာကြောက်လို့ မသောက်ပါနဲ့တော့ အဖေရယ်လို့ တောင်းပန်သည်။ အဖေကလည်း သမီးလေးကို ချစ်လို့ မသောက်ပါဘူးလို့ ကတိပေးသည်။ ကတိသာပေးလိုက်ရ သော်လည်း တစ်သက်လုံးကြိုက်လို့ သောက်လာခဲ့သည့် အရက်ကို အခွင့်သာ အခါ သင့်တိုင်း တွယ်ချင်နေသည်။

            ၂ဝဝ၅ ခု နှစ်သစ်ကူးမှာတော့ မလွှဲသာမရှောင်သာသည့် မနိုင်ရင်ကန် အပေါင်းအသင်းတွေ ရောက်လာကြပြီး ယူလာသည့်ပုလင်းတွေကို ထောင်ကြတော့သည်။ အဖေကို အရက်မသောက်စေ ချင်သည့် သမီးလေးလည်း ဘာမျှမတတ်နိုင် ဖြစ်သွားတော့သည်။ နှစ်သစ်ကူးကလည်း ရက်ရှည်သည်။ မကူးမီည၊ ကူးသည့်သည်၊ ကူးပြီးနောက်နေ့အထိ ဆက်သွားသည်။ အသက်ရှူကျပ်ပြီး အမောဖောက်လာလို့ ဆရာဝန်ခေါ်ရသည်။ ဒီလိုသာ သောက်နေလျှင် မကြာခင် သေလိမ့်မည်ဟု ဆရာဝန်က ပြောပြန်သည်။ သမီးလေးက ငိုပြီး တောင်းပန်သည်။

            'အရက်မသောက်ပါနဲ့တော့ ဖေဖေရယ်။ ဖေဖေ သေသွားရင် သမီး ဘယ်သူနဲ့ နေခဲ့ရမလဲ။ မသောက်ပါနဲ့နော်... ဖေဖေ'

            'အေးပါ... သမီးရယ်။ ဖေဖေ မသောက်တော့ပါဘူး'

            သမီးလေး ဝမ်းသာသွားသည်။ ဟိုဆရာကလည်း သမီးလေး စိတ်ချမ်းသာအောင် မသောက်ဘဲ အောင့်နေသည်။ အဲဒီအချိန် အဲဒီအခြေအနေကို မသိသည့် မသိနှစ်ပါး ကျွန်တော်တို့ နှစ်ယောက်က သူတို့အိမ်ကို ရောက်သွားခဲ့ခြင်း ဖြစ်သည်။

            အမေ မရှိတော့သည့်နောက် အဖေကြီးနှင့် သမီးလေးတို့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြင့် နေခဲ့ကြသည့် သာယာသည့် မိသားစုလေးသည် အလိုက်ကန်းဆိုး မသိသည့် ကျွန်တော်တို့ကြောင့် ဒေါသ ပေါက်ကွဲခဲ့သည်။ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရသည်။ သမီးလေးကို ဒီလို အကြည့်မျိုးဖြင့် မကြည့်ခဲ့။ ဒီလိုအသံမျိုးဖြင့် မအော်မဟောက်ခဲ့သည့် အဖေကြီး၏ အသံကြီးကို ကြားယောင်မိတိုင်း ဝမ်းနည်းနေတော့မည် ဖြစ်သည်။

            'နင် ဘာဖြစ်နေတာလဲ၊ အရက်သောက်နေတယ်ကွ။ ဘာဖြစ်လဲ'

            သမီးက နောက်တစ်ခွန်း ထပ်ပြောလျှင် ထရိုက်တော့မည့်ပုံ မြင်လိုက်ရသည်။ သမီးလေးက အဖေ သေမှာကြောက်လို့ အရက်မသောက်စေချင်လို့ ရုတ်တရက် မေးလိုက်မိခြင်း ဖြစ်သည်။ အဖေကလည်း ဧည့်သည်တွေရှေ့မှာ သူ့ကို ဒီလိုမေးရပါ့မလားဆိုပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်အော် လိုက်မိခြင်း ဖြစ်သည်။ သူတို့ သားအဖနှစ်ယောက်လုံး မှားသည်ဟု ပြောလို့ရသလို မှန်သည်ဟုလည်း ပြောလို့ရသည်။ ဖာဖာထေးထေး ဖေးဖေးမမ လုပ်လို့မရလောက်အောင် မှားခဲ့ကြတာကတော့ စည်းမရှိ၊ ကမ်းမရှိ ရွာလည် အရက်သောက်တတ်သည့် ကျွန်တော်တို့နှစ်ယောက် ဖြစ်သည်။

            အဖေချစ်သော သမီးလေးနှင့် သမီးလေးချစ်သော အဖေတို့၏ မေတ္တာဖြင့် မွမ်းထုံနေသော သာယာအေးချမ်းသည့် စမ်းရေအိုင်လေးထဲမှာ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းဆိုသည့် ဧရာမ ဒီလှိုင်းကြီး ဖြစ်ပေါ်ခဲ့ရတာဟာ ကျွန်တော်တို့ကြောင့်သာဟု သတိရနေမိပါတော့သည်။

အဏ္ဏဝါစိုးမိုး

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်