ရွှေဝတ္ထု

အချစ်သက်သေတည်ခဲ့ပြီ

မြူမြူ

01 August 2025
အချစ်သက်သေတည်ခဲ့ပြီ
Share to

သူမသည် စာအုပ်ဗီရို မှန်တံခါး‌လေးကို ဘေးသို့ အသာအယာတွန်း၍ ရုပ်တုလေးဆီသို့ လက်လှမ်းလိုက်သည်။ ရုပ်တုလေးက ကိန္နရီ ကိန္နရာ မောင်နှံရုပ်တုလေး။ အချစ်သင်္ကေတတစ်ခု။ ပြီးတော့ အချစ်ရဲ့ လတ်ဆတ်မှု ရုပ်တုလေး။ သူမကတော့ ထိုသို့မှတ်ယူထားသည်။ ရုပ်တုလေးကို ခပ်ဖွဖွပွတ်ရင်း သူမ ငေးစိုက်ကြည့်နေမိသည်။ ထိုအခါ ခင်ပွန်းသည်အပေါ် လွမ်းဆွတ်စိတ်သည် သူမ နှလုံးသားမှတစ်ဆင့် မျက်ဝန်းဆီသို့ ကူးစက်လာခဲ့သည်။ သူမက ထိုရုပ်တုလေးကို ခင်ပွန်းသည်၏ ကိုယ်ပွားဟုပင် မှတ်ယူထားမိသေးသည်။ ရင်ထဲ ဆို့နစ်တင်းကျပ်လာသည့်အခါ ဖြစ်စေ၊ ခံစားမှုတွေ ပေါက်ကွဲလာသည့်အခါ ဖြစ်စေ ထိုရုပ်တုလေးဆီသို့ သူမ ခြေလှမ်းများ အလိုလိုလှမ်းမိတော့သည်။ ရုပ်တုလေးရှေ့တွင် သူမရင်တွင်းစကားများကို သိုဝှက်၍ တစ်မျိုး၊ အသံထွက်ပွင့်အံကာတစ်သွယ် ပြောဆိုလာခဲ့သည်မှာ ခုဆိုရင်ပင် ခုနစ်နှစ်စွန်းခဲ့ပြီပဲလေ။ သူမ၏ ခံစားချက် စကားလုံးများကို မညည်းမညူ နားထောင်ပေးမည့်သူ၊ စာနာနားလည်တတ်သူကား ခင်ပွန်းသည်ကိုယ်စား ဤမောင်နှံရုပ်တုလေးပင်။

၁။

သူမတို့၏ အိမ်ထောင်ဦးဘဝကို ကြွေရည်သုတ် ထမင်းချိုင့်တစ်လုံး၊ တိုက်ပန်းကန်ပြား နှစ်ချပ်နှင့် အစပျိုးခဲ့ရပါသည်။ ပံ့ပို့မှုတွေ အားနည်းသော သူမတို့၏ အိမ်ထောင်ရေးခရီးကား ကြမ်းတမ်းလှပါသည်။ ခင်ပွန်းသည်၏ ယုံကြည်ချက်နှင့် ခံယူချက်က သူမတို့၏ ဘဝကို ပို၍ပင်ပန်းဆင်းရဲ စေခဲ့ပါသည်။ ဒါပေမယ့် သူမ ခင်ပွန်းသည်ကို ချစ်သည်။ မြတ်နိုးသည်။ စကားလုံးများဖြင့်ပင် တန်ဆာဆင် ဖော်ပြနိုင်စွမ်းမရှိသော သူမရင်ထဲက မေတ္တာဓာတ်သည် ခင်ပွန်းသည်၏ ယုံကြည်မှုများ၊ ခံယူချက်များကို တစ်ထောင့်တစ်နေရာမှ သူမ မျှဝေယူရဲအောင် စွမ်းအားပြင်းခဲ့သည်ကိုကား သူမကိုယ်တိုင် အံသြခဲ့မိပါသည်။ သူမဘဝက ခပ်ရိုးရိုး၊ ခပ်အေးအေး။ လောကပြတင်းပေါက်မှာပင် မရပ်ဖူးခဲ့။ ဟင်းလင်းပြင်ထဲ ရွက်လွှင့်ဖို့ဆိုသည် သူမစိတ်ကူးထဲ မရှိခဲ့ပါ။ သူမသည် ‌လောကအကြောင်းကို ဘာဆိုဘာမျှ မသိခဲ့သော နလပိန်းတုံး တစ်ယောက်မျှသာ။ အရှိန်အဝါကြီးပြီး တစ်ဆွေလုံး တစ်မျိုးလုံးကို အထောက်အပံ့ပေးခဲ့သောဦးလေးနှင့် သူမ အဖေတို့ ရှေ့ဆင့်နောက်ဆင့် လွင့်စဉ်သွားသည့်အခါ သူမတို့၏ အခြေအနေသည် နေ့ချင်းညချင်း ကျဆင်းကုန်ခဲ့သည်။ သူမအမေ ပိုင်ဆိုင်သော မြို့လယ်ကောင်က တိုက်ကလည်း တရားမမှုနှင့် ရင်ဆိုင်နေရဆဲ။ ထိုစဉ်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဟု ခေါ်တွင်သော ဤနေရာလေးသို့ ပြောင်းရွှေ့ခဲ့ရသည့် အတွက် သူမ ငိုလို့မဆုံး ဖြစ်ခဲ့ရသည်။ ဖြစ်မြဲ ဓမ္မတာများကို သုံးသပ်ဆင်ခြင်နိုင်စွမ်း အားနည်းလောက်အောင် သူမက ရိုးလွန်း အေးလွန်းပါသည်။

ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်းမှလွဲ၍ အပြင်ကို ထွက်ခဲသော သူမကို ဖူးစာရေးနတ်က ခင်ပွန်းသည်နှင့် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဆုံရန် ဖန်တီးပေးခဲ့ပါသည်။ အင်္ဂလိပ်စာပြဆရာဖြစ်သည့် ခင်ပွန်းသည်က သူမမျက်ဝန်းကို ဆုံဖို့ တမင်ကြိုးစားနေတာကိုလည်း သူမ မသိကျိုး ကျွန်နေခဲ့ပါသည်။ သူမ အပြန်လမ်းတွင် မသိမသာ တစ်မျိုး၊ သိသိသာသာတစ်ဖုံ ကိုယ်ထင်ပြလာသော ဆရာ့ကိုလည်း ရှောင်ခဲ့ဖူးပါသည်။ နောက်ဆုံးမှာတော့ အိမ်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် တက်လာပြီး စေတနာတွေ အပိုလွန်၍ စာပြချင်နေသော ခင်ပွန်းဖြစ်လာမည့် ဆရာဖြစ်သူနှင့် ထိုအခါကျမှ သူမခမျာ ထိပ်တိုက်တွေ့ဆုံကြတော့သည်။ အိမ်မှ လူကြီး တစ်ယောက်ယောက်က သူမတို့အနားတွင် စန္ဒရီလို စောင့်ကြပ်နေသည့် ကြားမှပင် ခင်ပွန်းသည်က မေတ္တာတရားကို လှစ်ပြနိုင်ခဲ့လေသည်။ သုံးနှစ်သုံးမိုးမက လေးနှစ်နီးပါးမျှ ခိုင်မြဲခဲ့သော သူမတို့၏ နှလုံးသားများသည် မိဘဘိုးဘွားများ ရှေ့မှောက်မှာပင် ဣန္ဒြေရစွာဖြင့် အမြစ်တွယ်ခဲ့မိလေပြီ။

အချစ်စစ်ဖြင့် ချစ်ခဲ့ကြပြီး တစ်သက်လုံး လက်တွဲကာ ကံကြမ္မာက ပေးလာသမျှ အကောင်းအဆိုးတို့ကို ကြည်ကြည်ဖြူဖြူ လက်ခံတော့မည်ဟု လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးခဲ့စဉ်ကတည်းက သူမ သန္နိဋ္ဌာန်ချခဲ့မိလေသည်။ သူမက ထိုအဖြစ် ကလေးကို ပြန်ပြောပြမိသည့် အခါတိုင်း ခင်ပွန်းသည် မျက်နှာမှာ အပြုံးတွေ ပိုချိုနေသည်။ မျက်ဝန်းရိပ်မှာ ချစ်မြတ်နိုးစိတ်တွေ ပိုကဲနေသည်ကို သူမ သတိထားမိသည်။

'အဲဒီအတွက် မင်းကို မောင် ကျေးဇူးလည်း သိပ်တင်တယ်။ ပြီးတော့ မောင့်မိန်းမအတွက်လည်း ဂုဏ်ယူမိတယ်။ အဲဒါ ဘာကြောင့်လဲ သိလားဟင်'

ခင်ပွန်းသည်က ပုံမှန် လေသံဖြင့် စကားဆိုနေရာမှ သာယာတိုးညင်းသော လေသံဖြင့် သူမကို နှစ်ကိုယ်ကြား မေးခဲ့သည်။ သူမက ခင်ပွန်းသည်ကို ငေးမောကြည့်ကာ ခေါင်းကို အသာယမ်းလိုက်သည်။

'အဲဒါ ဘာကြောင့်လဲ ဆိုတော့ မင်း မောင့်ကို ကောင်းကောင်း နားလည်ပေးလို့ပဲပေါ့ကွယ်'ဟု အက်ရှသော အသံခပ်တိုးတိုးဖြင့် ပြောဆိုကာ သူမကို ရင်ခွင်ထဲ ထွေးပွေ့၍ ဆံနွယ်စများ ဖွာကျနေသော ကုတ်သားဝင်းဝင်းပေါ် နှုတ်ခမ်းသားများဖြင့် အသာဖိကပ်ထားတတ်သည်။ ထိုအခါမျိုးတွင် ခင်ပွန်းသည် ရင်ခွင်ထဲမှ ကြီးမားသော စွမ်းအားတစ်မျိုးက သူမကို ကာကွယ် စောင့်ရှောက်ပေးထားသလို သူမ ခံစားမိပါသည်။ ခင်ပွန်းသည်၏ ရင်ခွင်သည် ရွှေတောင်ကြီးသဖွယ် မားမား မတ်မတ်ရပ်ပေးနေသည်ဟု သူမ တင်စားခဲ့မိသည်။ ထို့ကြောင့်ပင် သူမသည် ခင်ပွန်း သည်နှင့်အတူ ဒိုးတူပေါင်ဖက် အေးအတူပူအမျှ ဖြစ်ခဲ့ရသည်။

၂။

သမီး လသားအရွယ်လောက်တွင် ယုံကြည်မှုကခင်ပွန်းသည်ကို ကျွန်းကလေးဆီသို့ ခေါ်ဆောင် သွားခဲ့သည်။

သဲသောင်ပြင် ဖြူလွလွနှင့် အုန်းပင်တွေ ဘောင်ခတ်ထားသည့် ကျွန်းကလေး။ ရေပြာပြာ ပတ်လည်ဝိုင်းနေသော ကျွန်းကလေး။

ကျွန်းကလေးဆီ ခရီးထွက်ရတော့မည့် ခင်ပွန်းသည်ကို သွားရောက်နှုတ်ဆက်သည့် အချိန်တွင် နှစ်ဦးသား ရင်ထဲမှ ဝေဒနာတွေ မချိအောင် ခံစားနေခဲ့ရပါသည်။ ဖျော့တော့ညှိုးငယ်နေသည့် သူမကို ကြည့်ရင်း...

'မောင့်မိန်းမ ပီသစမ်းပါကွာ'ဟု အားပေးစကားကို ခင်ပွန်းသည်က ဆိုခဲ့သေးသည်။ ထိုစကားတစ်ခွန်းသည် ညွတ်ကျပျော့ခွေနေသော သူမကို တောင့်ခံနိုင်အောင် တန်ဖိုးကြီးမားခဲ့သည် ကား အမှန်ပင်။

သောကတွေ တစ်ပွေ့တစ်ပိုက်နှင့် အိမ်သို့ပြန်လာသော သူမ၏ရင်ဝကို သမီးကြီး၏ ဒဏ်ရာများက ဆောင့်ကန်ကြိုဆိုခဲ့သည်။ ရေနွေးပူလောင်ထားသော လသားအရွယ် သမီးကြီး၏ လက်မောင်း သေးသေးကွေးကွေးလေးသည် မြင်မကောင်းအောင် ပျက်စီးနေသည်။ ငှက်ပျောကြော်လို ပွထနေသော အနံ့အသက်မှာလည်း အတော်ဆိုးရွားလှပါသည်။ သူမ၏ နှလုံးသား မီးတောင်ကား ဆင့်ကာ ပေါက်ကွဲနေခဲ့ပြီ။ ခေတ်မီ ဆေးပညာများနှင့်လည်း ကုစားခဲ့သည်။ ရိုးရာနည်းဖြစ်သော ငှက်ပျောရွက်ကိုလည်း သုံးခဲ့ရသည်။ သမီးကြီး၏ ရေနွေးပူလောင်သည့် ဒဏ်ရာမှ ထွက်လာသော သားနံ့ရည်များက စိမ်းဖန့်နေသော ငှက်ပျောရွက်ကို ညှိုးရော်ခြောက် သွေ့စေခဲ့ပါသည်။ သမီးကို သူမ ပစ်လိုက်ရပြီဟု ထင်ခဲ့သည်။ ကံကောင်းထောက်မ၍ တရုတ်ရိုးရာ ဆေးမှုန့် တစ်မျိုးကြောင့် သမီးကို လက်မလွတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က အဖြစ်အပျက်ကို တွေးမိတိုင်း သူမ၏ ခံစားချက်များကား ယခု တိုင်လတ်ဆတ်နေဆဲပင် ဖြစ်သည်။

ထိုအချိန်က သူမကို စာနာနားလည်ပေးမည့်သူ နည်းပါးခဲ့ပါသည်။ ခင်ပွန်းသည်၏ ယုံကြည်ချက်ကို အမြင်စောင်းကာ အပြစ်ဖို့ကြသည်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ခံဟု ပေယျာလကန် လုပ်ခဲ့ခြင်းကို သူမ ခံခဲ့ရပါသည်။ အားကိုးစရာ မမြင်သည့် အဆုံး သူမ မာနသည် မိုးယံကို ထွင်းဖောက်ခဲ့လေပြီ။ ကလေးနို့မှုန့်ဖိုး ရဖို့ပင် ခက်ခဲလှပါသည်။ ဒီလိုနှင့် ဘဝလှေကို အားမာန်တင်းကာ ကြိုးစားလှော်ခတ်ခဲ့ရသည်။

ခင်ပွန်းသည် ကျွန်းကလေးမှ ပြန်ရောက်လာသည့်အခါ သူမထံမှ ဘဝ အမောတွေကို ဝေမျှယူခဲ့ သည်။ သူမအပေါ်မှာလည်း စာနာနားလည်စိတ်တွေ ပိုခဲ့ပါသည်။

ရိုးသား မှန်ကန်သည့် ဂုဏ်သိက္ခာအရှိဆုံး အလုပ်ဟု ခင်ပွန်းသည် ခိုင်မာစွာ ခံယူထားသော စာပေရေးသားခြင်းဖြင့် သူမတို့မိသားစုမှာ ဝမ်းရေးကို ငတ်တစ်ခါ၊ ပြတ်တစ်လှည့် ဖြည့်ခဲ့ရသည်။

အာမခံချက် မရှိသော ခင်ပွန်းသည်၏ အသက်မွေးမှုတွင် သူမတို့မိသားစု ငတ်ခဲ့သည်၊ ပြတ်ခဲ့သည်၊ ဆင်းရဲခဲ့သည်။ ထို့အတွက် သူမ အနေဖြင့် ခင်ပွန်းသည်အပေါ် တစ်ချက်ကလေးမျှ မငြူစူခဲ့ပါ။ ကြိတ်မှိတ် အောင့်ခံခဲ့သည်သာ ဖြစ်သည်။ အတားအဆီး၊ အနှောင်အဖွဲ့ကင်းသော သက်မွေးမှုမှာ ပျော်မွေ့သည့် ခင်ပွန်းသည်၊ စာရေးပြီး ထမင်းစားရခြင်းကို ဂုဏ်ယူနေသည့် ခင်ပွန်းသည်၊ စာမရေးဘဲနေလျှင် ဘဝသေ သွားမည်ဟု ပြောခဲ့သည့် ခင်ပွန်းသည်၏ ပုံရိပ်များက သူမအနားတွင် လှုပ်ရှား အသက်ဝင်နေဆဲဟု ထင်နေမိသည်။

ခင်ပွန်းသည် ကျွန်းကလေးမှ ပြန်ရောက်လာတော့ သူမတို့အချစ်တွေ အသစ်ပြန်ဖြစ်ခဲ့ရသည်။ နွေးထွေးမှုတွေ၊ ယုယမှုတွေ၊ မြတ်နိုးမှုတွေက ရင်တလှပ်လှပ်ဖြစ်အောင် ခံစားခဲ့ရသည်။

သူမတို့ အချစ်သည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မှုန်ဝါးဝါးသာ။ သူမဘဝမှာ ဇနီးမောင်နှံအဖြစ် ကြည်နူးခဲ့ရသည့်ရက်တွေက လက်ချိုးရေတွက်ရလောက်အောင် ရှားပါးခဲ့ပါသည်။ သက်တမ်းကြာသော ထိုကာလတွင် စိတ်ရောကိုယ်ပါ ချွတ်ခြုံကျခဲ့ရသည်။ သူမသာ မဟုတ်၊ သားသည်လည်း သေတွင်းမှ သီသီလေး လွတ်ခဲ့ရသည်။ မြို့စွန်တစ်နေရာမှာ တဲထိုးနေခဲ့ရစဉ် ဆီးနှင့် ပတ်သက်သော ရောဂါ ဝေဒနာခံစားနေရသော သားခမျာ မြေငွေ့ဓာတ်ကို မခံနိုင်သဖြင့် သူမနှင့်ဝေးရာ တစ်နေရာဆီ ပို့ထားခဲ့ရသည်။ အဲဒီအချိန်က ဒုက္ခနွံထဲ မြုပ်နေချိန်ကာလပေါ့။ အဲဒီတုန်းက သူမက အရွယ်ကောင်းတုန်း အသက် ၃၁ နှစ်သာ သာလောက်ပင် ရှိဦးမည်။

သူမကို ညာဝါးချင်သူ များကိုလည်း တွေ့ခဲ့ရသည်။ သူမရှေ့မှ မားမားမတ်မတ် ရပ်ပေးမည့် ခင်ပွန်းသည် မရှိတုန်း ကြုံခဲ့ရသည့် ဒဏ်ရာများကြောင့် လူ့မနော၊ လူ့သဘော၊ လူလောကကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ရသည်။

အငတ်ငတ် အပြတ်ပြတ်ကြားမှ ခင်ပွန်းသည် မြတ်နိုးသည့်အရာများကို ဝမ်းရေးအတွက် မထိရက်၊ မတို့ရက်ဘဲ အဖိုးအနဂ္ဃထိုက်စွာ အမြတ်တနိုး သိမ်းဆည်းခဲ့ပါသည်။ နောင်တစ်ချိန်တွင် ထိုအတွက် ခင်ပွန်းသည်က သူမကို ကျေးဇူးစကားဆိုခဲ့သည်။ သူမအတွက် ဂုဏ်ယူ ဝမ်းမြောက်ခဲ့သည်။

တစ်ရက်တွင် သူမထံ သတင်းတစ်ခု မမျှော်လင့်ဘဲ ရောက်လာခဲ့သည်။ ထိုသတင်းကို ကြားကြားချင်း သူမ အရူးမီးဝိုင်းဖြစ်ခဲ့ရသည်။ ဥမမည် စာမမြောက်သေးသည့် ကလေးသုံးယောက်နှင့် ရှေ့လျှောက် ဘယ်လိုဆက်ရုန်းကန်ရပါ့မည်နည်းဟု အကြိမ်ကြိမ် တွေးရင်း အခါခါမျက်ရည် ကျခဲ့ရသည်။ သူမမျက်ရည်ကို မြင်တော့ ကလေးများကလည်း လိုက်ငိုကြသည်။ ထိုအခါ သူမ မျက်ရည်စများကို အမြန်သုတ်ကာ တုန်ယင်ယင်အသံဖြင့်...

'သားတို့ သမီးတို့နားမှာ မေမေတစ်ယောက်လုံး ရှိနေပါသေးတယ်ကွယ်။ မငိုနဲ့တော့နော်။ မေမေလည်း မငိုတော့ဘူး'ဟု ကလေးများကို အားပေးခဲ့ရသည်။ သတင်းတစ်ခုကို လွဲမှားစွာ ယုံပြီးမှ သူမ ပျော်ခဲ့ရတော့သည်။

ခင်ပွန်းသည်နှင့် ဝေးခဲ့သော ဆယ်နှစ်နီးပါးကာလတွင် တစ်နေ့မှ ခင်ပွန်းသည်ကို သူမ မမေ့နိုင်ခဲ့ပါ။

ဤကား မှန်သော သစ္စာစကား ဖြစ်ပါသည်။

၃။

ဆယ်နှစ်နီးပါး ကာလနောက်ပိုင်းသည် ခင်ပွန်းသည်နှင့်အတူ ဘဝလမ်းကို အစမှ ပြန်လျှောက်ခဲ့ရသော နေ့ရက်တွင်ပင် ဖြစ်ပါသည်။

အရွယ်ကောင်းတုန်း အလုပ်လုပ်နိုင်စွမ်း အရွယ်တွင် ဝေးမြေကို ခရီးထွက်နေရသူ ခင်ပွန်းသည် သူမအနား ပြန်ရောက်လာသည့်အခါ အသက်လေးဆယ်တွင်း ချဉ်းနင်းဝင်ရောက်ခဲ့လေပြီ။ အမြင်အာရုံ အစွမ်းကုန် ချို့ယွင်းခဲ့လေပြီ။ မျက်စိမှုန်မှုန်ဖြင့်ပင် ခင်ပွန်းသည် ခိုင်မြဲစွာ ခံယူထားသည့် စာရေး ခြင်းအတွက် ကလောင်တံကို ပြန်ကိုင်ခဲ့သည်။ နောက်ပိုင်း နှစ်များတွင် စာရေးဆရာဘဝကို ပီပီပြင်ပြင်ရယူခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသော် ခင်ပွန်းသည်ဂုဏ်ရောင်ကြောင့် သူမ ပါးပြောင်ခဲ့ရပြီ။ သစ်တစ်ပင်ကောင်း ခင်ပွန်းသည်ကို ကြည့်ရင်း သူမရဲ့ ခါးသီးဒဏ်များက ထိုက်ပေသည်ဟု သူမ ထင်မိသည်။

စာရေးစားပွဲတွင် အချိန်မှန်ထိုင်ပြီး လက်နှိပ်စက် တဂျောက်ဂျောက် ရိုက်ကာ စာရေးနေသော ခင်ပွန်းသည်ကို မြင်ရသည့်အခါ ပျော်ရွှင်မှုအဟုန်သည် သူမ နှလုံးသားဆီ ရိုက်ခတ်လာသည်။ လမ်းလျှောက်မှ ပြန်လာလျှင် ရေမိုးချိုး၊ လက်ဖက်ရည်သောက်ကာ စာရေးစားပွဲတွင် ထိုင်ပြီး စာရေးနေသော ခင်ပွန်းသည်၏ လက်ချောင်းများတွင် တစ်ခါတစ်ရံ စိတ်ပျက်မှုများကို သူမ တွေ့မြင် ရသည်။ ထိုအခါ ခင်ပွန်းသည်နှင့် မျှဝေခံစားကာ ထပ်ခါထပ်ခါ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တစ်ခါတစ်ရံ လက်နှိပ်စက်ခလုတ်လေးများပေါ်မှ ခင်ပွန်းသည်၏ လက်ချောင်းလေးများသည် သွက် လက်ခုန်ပျံနေသည်။ ထိုလက်ချောင်းလေးများကို မြင်ရသည့်အခါ ကြည်နူးမှုများသည် ခင်ပွန်းသည်၏ လက်ချောင်းသွယ်သွယ်လေးမှ တစ်ဆင့် သူမ၏နှလုံးသည်း ပွတ်ထဲသို့ စီးဆင်းလာကာ သူမ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားခဲ့သည်။ ခင်ပွန်းသည်၏ ရင်ထဲမှ ခံစားချက်များကို စာရွက်များပေါ်သို့ ရောက်စေခဲ့ရသည်ကို သူမ ကြည်နူးစွာ ခံစားနေမိသည်။

နောက်ပိုင်း နှစ်များတွင် သူမတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ပို၍ နားလည်လာကြသည်၊ ပို၍ ယုံကြည်လာကြသည်။ သူမတို့နှစ်ဦးသားလက်တွေသည် မြဲမြံစွာ ဆုပ်ကိုင်ကာ ဘဝခရီးကို လျှောက်ခဲ့ကြသည်။

သားသမီးတွေ ကိုယ်စီ ကိုယ်င နောက်ဆံတင်းစရာ မလိုတော့သောအခါ သူမမှာ ခင်ပွန်းသည်ပေါ်တွင် အစွမ်းကုန် ပါရမီဖြည့်ခွင့်ရတော့သည်။ တစ်ဖက်မှာလည်း ဇနီးမယား၏ တာဝန်ကို မလစ်ဟင်းစေရဘဲ အခြား တစ်ဖက်မှာလည်း တရားရေစင်၏ ငြိမ်းအေးမှုတွင်သူမ မွေ့ပျော်နေသည်။ ထို့အတွက် ခင်ပွန်းသည်က သူမကို နည်းနည်းလေးမျှ မငြိုငြင်ခဲ့ပါ။ ရိပ်သာမှ သူမ ပြန်လာတိုင်း ခင်ပွန်းသည်က သူမ၏ ကုသိုလ်ကောင်းမှု အစုစုအတွက် အိမ်ပေါက်ဝမှ ပြုံးရွှင်သော မျက်နှာဖြင့် သာဓုသုံးကြိမ် အမြဲတမ်းခေါ် ဆိုခဲ့သည်ကိုလည်း သူမ မမေ့နိုင်ပါ။

'အဖေကြီး မရှိရင် ကျွန်မတော့ တရားမှာပဲ မြှုပ်နှံတော့မယ်'ဟု ပြောတုန်းက ခင်ပွန်းသည်က...

'ငါက ဘယ်သွားမှာမို့လဲ'ဟု ဘောက်ဆတ်ဆတ် မေးခဲ့သည်ကိုလည်း လွမ်းနေမိသည်။ အဲဒီအချိန်တုန်းက ခင်ပွန်းသည်၏ မေးခွန်းကို အဖြေပေးရန် သူမ နှုတ်ဆွံ့ခဲ့ ရသည်။

            ယခုတော့ဖြင့် သူမ အပါးမှ မမျှော်လင့်ဘဲ ဝုန်းဒိုင်း ပြေးထွက်သွားသော ခင်ပွန်းသည်၏ ကံကြမ္မာက ဆိုးရွားလွန်းခဲ့ပေသည်။

ကျန်းမာဖျတ်လတ်နေသော ခင်ပွန်းသည်သည် မိတ်ဆွေများနှင့် တောင်တက် ခရီးတစ်ခုကို သွားခဲ့သည်။ ခရီးမှအပြန်တွင် သူမကို လက်ဆောင်တစ်ခု ပေးခဲ့သည်။ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ကားပေါ်မှ ဆင်းလာသော ခင်ပွန်းသည်က အိမ်ဝမှ ဆီးကြိုနေသော သူမကို မြင်တော့ အညိုဖျော့ရောင် ပခုံးတင်ကြိုးဆွဲအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

'ရော့... မင်းအတွက် မောင့်လက်ဆောင်'

ခင်ပွန်းသည်၏ လက်ဆောင်လေးကို မြင်တော့ သူမ ရှက်သွေးဖြာကာ ရင်ခုန်ခဲ့ရသည်။ သြော်... ဒီအရွယ်ထိတောင် ရင်ခုန်နေရဆဲပါလားလို့ စိတ်မှတ်မထင် တွေးမိခဲ့သေးသည်။ ရှက်စနိုး မခို့တရို့အပြုံးဖြင့် သူမက...

'ဟာ... အဖေကြီးက လည်း ကျွန်မကို ဘာတွေ ပေးမှန်းမသိဘူး'ဟု နှုတ်က ကယောင်ချောက်ချားစကား ထွက်သွားခဲ့သည်။ ထိုအခါ ကားပေါ်မှ မိတ်ဆွေများက သူမတို့နှစ်ယောက်ကို ကြည်နူးရယ် ရယ်မောကာ အစ စကားကို ဆိုကြသည်။

'မင်းအတွက် လက်ဆောင်လေ။ ကိန္နရီ ကိန္နရာ မောင်နှံရုပ်၊ အချစ်သင်္ကေတ တစ်ခု'

ခင်ပွန်းသည်၏ နူးညံ့ အက်ရှသောအသံက သူမရင်ကို တစ်ဖန်ပြန်၍ နွေးထွေးစေခဲ့ပါသည်။ 'အသက်ကြီးကာမှ ဘာတွေပေးမှန်းလဲ မသိပါဘူး။ အဖေကြီးကလည်း' ဟု

သူမကရှက်ရွံ့စွာဖြင့်နဖူး ပေါ်ဝဲကျနေသော ဆံနွယ်စများကို ထပ်ခါထပ်ခါ သပ်ရင်း ရှက်ပြုံးစကားကို ဆိုမိသည်။ ထိုအခါ ခင်ပွန်းသည်က သူမကို ကြည့်၍ အသံ မထွက်ဘဲ ကြိတ်ရယ်နေသည်။ ထိုစဉ်က အဖြစ်အပျက်သည် ခင်ပွန်းသည် ကွယ်လွန်ပြီးနောက်ပိုင်း သူမကို နေ့စဉ်တသသ ဖြစ်စေလိမ့်မည်ကိုကား သူမ မတွေးမိခဲ့ပါ။

နောက်ထပ်၍လည်း ထိုကိန္နရီ ကိန္နရာမောင်နှံရုပ်တုလေးကို လက်ဆောင်အဖြစ် ပေးခဲ့ပြီး နောက်တစ်နေ့တွင် သူမတို့ကို ခင်ပွန်းသည် အပြီးအပိုင် စွန့်ခွာသွားမည်ကိုလည်း သူမ တင်ကြိုမသိခဲ့ ပါ။

'မုန်တိုင်းဒဏ်ကြောင့် တစ်ညတာ ကွဲသွားတာကို ရက်ပေါင်း ခုနစ်ရာထင်ခဲ့တဲ့ အချစ်စံပြမောင်နှံလေ။ မင်းဟာလည်း မောင့်အတွက် စံပြဇနီးပါပဲလေ'လို့ သူမ ပခုံးကို ညင်သာစွာ ပုတ်ကာ ပြောခဲ့သေးသည်လေ။ အဲဒီတုန်းက ခင်ပွန်းသည် နေရာပေးမှုအပေါ် ကျေနပ်နှိမ့်သိမ့်ကာ ခါးသီးခဲ့ရသော အတွေ့အကြုံများ၊ ဒဏ်များက ထိုစကားနှင့်ပင် ထိုက်တန်ခဲ့ပေပြီ။

ခင်ပွန်းသည်ကို ပေးထားသည့် ကတိအတိုင်း သူမသည် တရားနှလုံးသွင်းကာ စိတ်ကို အေးချမ်းအောင် ထားတတ်ခဲ့ပြီ။ စာပေများကို ဖတ်ကာ စိတ်ကို အာဟာရ ဖြည့်နိုင်ခဲ့ပြီ။ အထူးသဖြင့် ခင်ပွန်းသည်၏ စာပေများကို ဖတ်သည့်အခါတွင် သူမ အနားမှာ ရှိနေသယောင်၊ အားပေးနေသယောင် ခံစားမှုမျိုးကိုလည်း ထိတွေ့မိခဲ့ပြီ။

၄။

သူမရင်ထဲ တင်းကျပ် လာသည့်အခါ ဖြစ်စေ၊ ရင်တွင်းစကားများ ပြောလိုသည့်အခါဖြစ်စေ ကိန္နရီ မောင်နှံရုပ်တုလေးကိုသာ တိုင်တည်တော့သည်။

ခပ်ကြမ်းကြမ်း ထုဆစ်ထားသည့် ရုပ်တုလေး။ ရုပ်တုလေးက အဖြူရောင် တင်ထားသဖြင့် ဆွတ်ဆွတ်ဖြူနေသည်။ သူမ အမျိုးအမည် မသိသော အသားဖြင့် ထုဆစ်ထားသည်။ သူမ ကိုင်တွယ် ကြည့်ဖန်များသဖြင့် ရုပ်တုလေးမှာ ပြောင်ချောနေသည်။

သူမနှင့် ခင်ပွန်းသည်တို့၏ ချစ်ခြင်းနှလုံးသားသည်လည်း ထိုရုပ်တုလေးကဲ့သို့ ဖြူစင်လျက်။ သူမတို့ တစ်ဦးနှင့်တစ်ဦး အမြတ်အစွန်းတွက်ကာ ယူခဲ့ကြခြင်း မဟုတ်ပါ။ ဖြူစင်နှလုံးသားနှင့် ချစ်ခဲ့ကြသော သူမတို့ကို ကိန္နရီမောင်နှံရုပ်တုလေးက သက်သေပြခဲ့လေပြီ။

သူမရင်ခွင်ထဲမှနေ၍ ခင်ပွန်းသည်ကို အမှောင်ထုထဲ ရုတ်တရက် ဆွဲခေါ်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် ခုနစ်နှစ်စွန်းခဲ့လေပြီ။ သူမက တစ်ရက်မှ မေ့မပျောက်နိုင်သေး။ အချစ်မလျော့နိုင်သေး ပါ။

ဤကား မှန်သော သစ္စာစကား ဖြစ်ပါသည်။

ကိန္နရီမောင်နှံကဖြင့် သူမရင်ထဲမှ စကားများကို ပြောပြနိုင်မည် မဟုတ်ပါ။ သူမနှင့် ခင်ပွန်းသည်တို့၏ နှလုံးသားကိုဖြင့် သက်သေထူခဲ့သည်ကား အမှန်ပင် ဖြစ်ခဲ့ချေပြီ။

မြူမြူ

(အမှတ် ၁၉၂၊ နိုဝင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်