နိုင်ငံတကာ ရုပ်ရှင်

ချစ်သူအပေါ် သစ္စာဖောက်တဲ့ ဂျူ့လော့

ရီတာအောင်(NY)

01 July 2025
ချစ်သူအပေါ် သစ္စာဖောက်တဲ့ ဂျူ့လော့
Share to

မင်းသား Jude Lawနှင့် မင်းသမီး Sienna Miller တို့က နှစ်ဦးသဘောတူ စေ့စပ်ထားသော ချစ်သူများ ဖြစ်သည်။ သူတို့ နှစ်ယောက် အတွဲညီလွန်း၍ ဟောလိဝုဒ်ရဲ့ "Golden Couple"ရယ် လို့တောင် သတ်မှတ်ထားကြသည်။ စေ့စပ်ထားပြီးပြီမို့ မကြာခင် မင်္ဂလာပွဲ ဆင်နွှဲကာ အောင်မြင်သော အိမ်ထောင်ရှင်များ ဖြစ်လာတော့မည်ဟု မျှော်မှန်းထားကြသည်။

            သို့သော် ဇူလိုင်လကုန်ပိုင်းလောက်က ၄င်းချစ်သူနှစ်ဦး၏ ဆက်ဆံရေး ရေဆူမှတ်ပင် ကျော်လွန်သွားလောက်အောင် ပြဿနာ တက်ခဲ့သည်။ တရားခံမှာ မင်းသား ဂျူ့လောက သစ္စာဖောက်၍ ဖြစ်သည်။ မင်းသား ဂျူ့က ၄င်း၏ ကလေးများကို ထိန်းကျောင်းပေးသည့် နာနီ Daisy Wright (၂၆ နှစ်) နှင့် တိတ်တဆိတ် ချစ်ဇာတ်လမ်း ခင်းနေ၍ပင်။ ၂ဝဝ၄ ခရစ္စမတ်နေ့က ချစ်သူ စီအန်နာ (၂၄ နှစ်) ကို လက်ထပ်ခွင့်တောင်းခဲ့သည်။ နာနီ ဒေစီနှင့် ချစ်ဇာတ်လမ်းကို ၂ဝဝ၅ ခုနှစ် မတ်လလောက်ကတည်းက စတင်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က မင်းသား ဂျူ့မှာ မင်းသမီး ကိတ်ဝင်းစလက်၊ မင်းသား Sean Penn တို့နှင့် တွဲဖက်ကာ All the King's Men ရုပ်ရှင် ရိုက်ကူးနေချိန် ဖြစ်သည်။    

မင်းသား ဂျူ့မှာ Closer ရုပ်ရှင်ဖြင့် နာမည်ရနေသူ ဖြစ်သည်။ စေ့စပ်ထားတဲ့ချစ်သူ စီအန်နာက သူ့အနားမှာ အချိန်ပြည့်ရှိမနေနိုင်ခြင်းအပေါ် ကလေးထိန်း ဒေစီ သနားအောင် ပြောပြသည်။ ပီဇာစားရင်း၊ ဝိုင်အတူသောက်ရင်း ကောင်မလေး သူ့အပေါ် စိတ်ညွှတ်အောင် ဂျူ့က ကျွမ်းကျင်စွာ သိမ်းသွင်းတော့သည်။ ကောင်မလေးကလည်း ကြာကြာ မသိမ်းသွင်းရပေ။ နောက်ပိုင်း ဒေစီ့အား သတင်းထောက်များက အင်တာဗျူးရာတွင် ဒေစီက 'ကိုယ်တိုင် အလုပ် ထွက်လုပ်စရာ မလိုဘဲ၊ အမြဲ တမ်း ပါတီပွဲတွေနဲ့သာ ပျော်ရွှင်နေနိုင်မယ့် ဇနီးသည်မျိုးကို ဒီမင်းသားက ဘာလို့ မရှာသလဲ။ ကျွန်မကတော့ နားကို မလည်တော့ဘူး'ဟု ပြောခဲ့သည်။ မင်းသား ဂျူ့က အဲသလို မိန်းမမျိုး သူကလည်း အလွန်ပဲ လိုချင်ပါတယ်။ သူက မင်းသား Jude Law ဖြစ်ချင် ဖြစ်မယ်၊ ရိုက်ကွင်းပြင်ပမှာတော့ သူက သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်လို့ ဒေစီအား ပြန်ပြောခဲ့သည်ဆို၏။

            ဒါ့အပြင် ဂျူ့က ချစ်သူ စီအန်နာမှာ သူ့အပေါ် ချစ်လွန်းသော်လည်း ၄င်းတို့ ဆက်ဆံရေးမှာ အစဉ်သဖြင့် မပြေလည်ပါဘူးဟုလည်း ဒေစီ့ကို ပြောပြ ညည်းညူခဲ့သည်။ ဂျူ့မှာ ယခင်က မင်းသမီး Sadie Frost နှင့် လက်ထပ်ခဲ့ဖူးကာ ရင်သွေး ၃ ဦး ထွန်းကားခဲ့သည်။ မိခင် ဇေဒီနှင့် ဖခင် ဂျူ့ထံ ကလေးများက တစ်ယောက်တစ်လှည့်စီ နေထိုင်ခွင့်ရသည်။ ကံဆိုးချင်တော့ ကလေးတစ်ယောက်က ဖခင်နှင့် ကလေးထိန်းကောင်မလေးရဲ့ ချစ်ပုံပြင်ကို မိခင်အား ဖွင့်ပြောခဲ့သည်။ ဂျူ့နှင့် ဒေစီကို ဖွင့်မေးသောအခါ နှစ်ယောက်စလုံး ဝန်မခံပေ။ ဒေစီ့ကို ကလေးတို့၏ မိခင်က အလုပ်ဖြုတ်ပစ်ခဲ့သည်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ကောင်မလေးက ကြံရာမရဖြစ်ကာ စာနယ်ဇင်းသမားများကို ဇာတ်လမ်းအစအဆုံး ရောင်းစားလိုက်တော့သည်။           

ယင်းသတင်းစာနယ်ဇင်းများစွာ၌ ပုံနှိပ်ပြီး နာရီပိုင်းအတွင်း၌ ဂျူ့လည်း အမှန်ကို ဝန်ခံရတော့သည်။ ဒီကနေ့ သတင်းစာများတွင် ဖတ်ရှုရမည့် သတင်းများအတွက် ကျွန်တော် အလွန် အမင်း ရှက်ကြောက်မိပါသည်။ ကျွန်တော့်ချစ်သူ စီအန်နာနှင့် ကျွန်တော်တို့ရဲ့ ရင်းနှီးသော မိတ်ဆွေများကို ထိခိုက်နာကျင်အောင် ပြုလုပ်မိ၍လည်း စိတ်မကောင်း ဖြစ်ရပါသည်။ ကျွန်တော့် ကြောင့် စီအန်နာနှင့် ကျွန်တော့် လေးစားရသော မိသားစုဝင်များကို ထိခိုက်နာကျင်စေခဲ့သမျှ လူသိရှင်ကြား တောင်းပန်ပါရစေ။ ကျွန်တော့်အပြုအမူအား လုံးဝ ဖုံးကွယ်ရန် ဆန္ဒမရှိပါ။ ရိုးသားစွာ နောင်တရမိကြောင်း ဝန်ခံပါသည်။ ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရသော အခက်အခဲ အကျပ်အတည်းများကြားတွင် ကျွန်တော်တို့အား စုံစမ်းမေးမြန်းမှု မပြုလုပ်ကြပါရန် တောင်းပန်အပ်ပါသည် ဟူ၏။

            ပထမ ဇနီး ဇေဒီနှင့် ၆ နှစ်တာ လက်ထပ်ပေါင်းသင်းပြီး လမ်းခွဲခဲ့သည်။ လမ်းခွဲပြီး သိပ်မကြာခင် ၂ဝဝ၃ ခုနှစ် စက်တင်ဘာလ၌ မင်းသား ဂျူ့နှင့် စီအန်နာတို့ Alfie ရုပ်ရှင်ရိုက်ကွင်းတွင် တွေ့ဆုံခဲ့သည်။ နှစ်ယောက်စလုံး ရုပ်ရည်ချောမောလှပ၍ အောင်မြင်သော ဘဝ၊ ထင်ရှားသော အလုပ်အကိုင် ကိုယ်စီကြောင့် ၄င်းတို့စုံတွဲ မြဲမြံလိမ့်မည်ဟု ထင်ကြေးပေးထားကြသည်။ တွေ့ဆုံပြီး ၁၅ လအကြာတွင် ၄င်းတို့ စေ့စပ်ပြီးပါပြီဟု ကြေညာချက် ထွက်လာလေရာ ပို၍ သေချာသွားခဲ့ရသည်။ မင်းသမီး စီအန်နာက ဂျူ့ထံမှ ရရှိသော ဒေါ်လာ ၃ သောင်းတန် စေ့စပ်စိန်လက်စွပ်ကို ဝံ့ဝံ့ကြွားကြွားလေး ပြရင်း 'ဒီကမ္ဘာပေါ်မှာ ကျွန်မ အပျော်ဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်မ ဂျူ့ကို အရမ်းချစ်တယ်။ ကျွန်မ သူ့ကို လက်ထပ်ဖို့ အကြာကြီး စောင့်မနေနိုင်တော့ဘူး'ဟု ပင် ဖွင့်ဟပြောခဲ့သည်။

            ရုပ်ရှင်မင်းသား၊ မင်းသမီးများပေမယ့် သူတို့စုံတွဲက ခွေးများထုတ်၍အပြင်လမ်းလျှောက်ခြင်း၊ ကော်ဖီထွက်သောက်ခြင်းနှင့် အခြားချစ်သူများကဲ့သို့ပင် လမ်းမပေါ်၌ လူမြင်သူမြင် ချစ်ခင် ယုယပြခြင်း စသည်တို့ အမြဲတွေ့နေကြရသည်။ ဒါ့အပြင် Wimbledon တင်းနစ်(စ်)ပြိုင်ပွဲများသို့လည်း အတူတကွ ပွဲကြည့်လေ့ရှိသည်။ ပထမ အိမ်ထောင်ဖြင့်ရခဲ့သော သားကြီး Rafferty (၈ နှစ်)၊ Iris (၄ နှစ်)နှင့် Rudy (၂ နှစ်ခွဲ) တို့နှင့်လည်း အဆင်ပြေအောင် စီအန်နာ အထူးကြိုးစားခဲ့ရသည်။

ကလေးထိန်းကောင်မလေးနှင့် ချစ်ဇာတ်လမ်း မပေါ်ခင်ကတည်းက ဂျူ့နှင့် စီအန်နာ အကြား ဘာပြဿနာရှိမှန်း အတိအကျ မသိရသော်ငြား စေ့စပ်လက်စွပ် စီအန်နာလက်တွင် မတွေ့ရ၍ စုံစမ်း ရာ သူမက စိန်တစ်လုံး ချောင်နေ၍ ပန်းထိမ် ပို့ထားရတာပါဟု ဖြေခဲ့သည်။

            မင်းသမီး စီအန်နာက အပေါင်းအသင်းများနှင့် ပါတီပွဲများ ကျင်းပရတာကို အထူးပျော်ရွှင် နှစ်သက်လေ့ရှိသည်။ ရုပ်ရှင်ဆုပေးပွဲ BAFTA အပြီး အပေါင်းအဖော်၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပျော်နေတဲ့ စီအန်နာအား ဂျူ့က ဖုန်းဆက်၍ အိမ်ပြန်ဖို့ အမိန့်ပေးခဲ့သည်။ ဂျူ့ အဲသလို အနိုင်ကျင့် ဗိုလ်ကျခြင်းအား စီအန်နာ စိတ်ပျက်လှသည်။ ဒါပေမယ့် ခွင့်လွှတ်နိုင်ခဲ့သည်။ ဒီတစ်ခါ ကလေးထိန်း ကောင်မလေးနဲ့ အဖြစ်အပျက်အပေါ်မှာတော့ စီအန်နာ လုံးလုံး ခွင့်မလွှတ်နိုင်တော့ပါ။

            ဂျူ့နှင့် လုံးဝ အတွေ့မခံဘဲ Windsor Great Park တွင် ကျင်းပသော The Cartier International Day ပွဲသို့ မိတ်ဆွေ ဒီဇိုင်နာ Matthew Williamson နှင့် အတူတွဲ၍ ပွဲတက်ခဲ့သည်။ သူမ လက်၌ စေ့စပ်လက်စွပ် မတွေ့ကြရပေ။ သတင်းသမားများကိုပင် 'ကျွန်မ မိတ်ဆွေနှင့်အတူ ပျော်နေပါတယ်'လို့ ပြောခဲ့သေးသည်။ 'ကျွန်မမှာ စိတ်ပျက်စရာတွေ မကြာသေးခင်က ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်မ သည်းခံနိုင်အောင် ကြိုးစားနေပါတယ်။ ဒီကနေ့ ကျွန်မ ပျော်ရွှင်နေတယ်။ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့ အချိန်ကလေး အရယူနေတာပါ'လို့လည်း ပြောသည်။

            ယခင်က ဂျူ့ ပိုင်ဆိုင်သော ဒေါ်လာ ၃ သန်းတန် Maida Vale အိမ်မှာ နေပေမယ့် ယခု The Dorchester ဟိုတယ်သို့ ပြောင်းနေသည်။ ကျွန်မ အလုပ်အပေါ် အာရုံစိုက်ထားပါတယ်။ ဘာကိုမှ မစဉ်းစားချင်ဘူးတဲ့။ သူမရဲ့ ချစ်ပြဿနာများကြောင့် လက်ရှိပြသနေတဲ့ ပြဇာတ်မှ တစ်ည ပျက်ကွက်ခဲ့ သည်။ သူမက As You Like It ဆိုတဲ့ ပြဇာတ်တွင် Celia အဖြစ် ပါဝင်ကပြနေသည်။ နောက်ထပ် တစ်ရက်မှ မပျက်ကွက်စေရတော့ဘူးလို့လည်း ကတိစကား ပြောသေးသည်။

            မင်းသားဂျူ့ကလည်း စီအန်နာကို တယ်လီဖုန်းဆက်၍လည်းကောင်း၊ ပန်းများ ပို့၍လည်းကောင်း နည်းမျိုးစုံဖြင့် တောင်းပန်နေသည်။ မိတ်ဆွေတစ်ဦးက 'ဂျူ့တော့ သွားပြီ၊ ဒီနှစ်ပတ် ဆိုတဲ့အချိန်ကာလလေးအတွင်း သူ့ ကမ္ဘာကြီး ကမောက်ကမ ဒီလောက် ဖြစ်သွားတာကို သူ မယုံကြည်နိုင်ဖြစ် နေလေရဲ့' ဟူ၏။ ဂျူ့၏မိဘနှစ်ပါး Peter နှင့် Maggie က 'ဒီကိစ္စ ဂျူ့ ကိုယ်တိုင် ဖြေရှင်းရမည်။ ဒါပေမယ့် ကျုပ်တို့သားအတွက် ကျုပ်တို့ အမြဲ အသင့်ရှိနေမှာပါ'လို့ ပြောကြသည်။ စီအန်နာ၏ မိခင် Josephine ကတော့ 'သူ လုပ်ထားတာ တကယ့်ပြဿနာကြီးပဲ။ အတော်လည်း ဆိုးရွားလှတယ်၊ အရမ်းမိုက်မဲတဲ့ကောင်ပဲ။ ဦးနှောက်မရှိတဲ့ ငကြောင်တစ်ကောင်ပဲ။ သူက မိသားစုတစ်စုလုံးရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် လုပ်တာ။ ကျွန်မ သမီးလေးအပေါ် သစ္စာဖောက်တာ။ ကျွန်မ သိသိချင်း အရမ်းအံ့သြပြီး စိတ်ပျက်မိတယ်။ သူက လူသိရှင်ကြား ကြေညာချက် ထုတ်ပြီး တောင်းပန်ပေမယ့် မထိရောက်လှပါဘူး။ သူ လုပ်ခဲ့တဲ့ အပြစ်ကြီးအတွက် ကျွန်မ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်မ သမီး စီအန်နာကို ကျွန်မ ကာကွယ်စောင့်ရှောက်ရမှာပဲ'လို့ သတင်းသမားများအား ဖွင့်ဟခဲ့သည်။

            ဟိုးအရင်က မင်းသမီး စီအန်နာကို လူသိပ်မသိသော်ငြား မင်းသား ဂျူ့နှင့် စေ့စပ်ပြီး ယခု ပြဿနာတွေ တန်းစီပေါ်လာသဖြင့် စာနယ်ဇင်းများတွင် နေရာယူကာ ပိုမိုလူသိများနေတော့သည်။ ဂရိနောက်ခံဇာတ်လမ်းတစ်ပုဒ်နှင့် Factory Girl ဆိုတဲ့ ရုပ်ရှင်နှစ်ကား ရိုက်ဖို့ပင် အရွေးချယ် ခံထားရပေပြီ။ မင်းသားဂျူ့က လန်ဒန်ရှိ Solo ဟိုတယ်တွင် နှစ်ယောက်ချင်း တွေ့ခွင့်ရအောင် ကြိုးစားခဲ့သည်။ သူတို့ကို စောင့်ကြည့် နေသူများက 'သူတို့စကားတွေ အများကြီး ပြောဖြစ်တယ်။ ဟိုတယ်ထဲက ပြန်ထွက်သွားတော့လည်း တစ်ယောက် တစ်ကွဲစီ။ ဂျူ့ကတော့ စိတ်ဓာတ်တွေ ကျနေတဲ့ပုံပါပဲ'တဲ့။ စီအန်နာ ဘယ်လိုပဲ အားတင်းနေတယ်ဆိုဆို အအိပ်အစားပျက်တဲ့အထိ ခံစားနေရသည်။ ဘေးအနားက မိသားစုဝင်နှင့် မိတ်ဆွေများက ဂျူ့ ဘာကြီးပဲ ပြောနေနေ၊ ပြန် လက်မခံဖို့ စီအန်နာကို နားချကြသည်။

            အခုလို လူသိရှင်ကြား ဖြစ်အောင် စေ့စပ်ထားတဲ့ ချစ်သူနှင့် ပြဿနာတက်အောင်လုပ်တဲ့ တရားခံက ဇနီးဟောင်း ဇေဒီပဲလို့ ဂျူ့က စွပ်စွဲအပြစ် တင်နေလေသည်။ ကလေးထိန်း မရှိတော့သဖြင့် မိခင် ဇေဒီက နောက်တစ်ဦး ထပ်ငှားရသည်။ ၂၆ နှစ် ငယ်ငယ်ချောချောလေး အလုပ်ခန့်မိလို့ ဒီလိုပြဿနာတွေ တက်ကြတာ သင်ခန်းစာယူပြီး ဒီတစ်ခါ အသက် ၅ဝ ကျော် ဥရောပသူ Meena ကို ရွေးချယ် ခန့်ထားသည်။ အနောက်နိုင်ငံတွင် ၅ဝ ကျော် ၆ဝ ကျော် လှဆဲ၊ ပဆဲတွေ အများကြီးရှိပေမယ့် ဒီ ၅ဝ ကျော် မီနာကိုတော့ မင်းသားဂျူ့ မျက်စိကျလောက်စရာ မရှိပေ။ ပိုလန်နိုင်ငံသူ မီနာက ခပ်ဝဝနှင့် ပုံတုံးတုံးကြီး ဖြစ်သည်။ စီအန်နာက ချစ်သူဟောင်း Orlando Bloom နှင့် ပြန်လက်တွဲနေပြီ ဟုလည်း ကောလာဟလသတင်း ထွက်လာသေးသည်။

ရီတာအောင်(NY)

(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။