ဝင်းငြိမ်း
ယခင်လမှအဆက် ...
အခန်း (၂) အပိုင်း
(၃)
ဘာကင်ဟမ်ရွှေနန်းတော်
ဘုရင်မကြီးရဲ့ နေ့စဉ်ဘဝကတော့ နာရီလက်တံများလိုပဲ ပုံမှန်လှုပ်ရှားမှု
သာရှိပါတယ်။ မနက် ၈ နာရီထိုးတာနဲ့ တစ်ပြိုင်နက် အဝတ်အစားများ လဲလှယ်ပေးမယ့်
ဝန်ထမ်းက လက်ဖက်ရည်ကြမ်းအိုး တစ်အိုးပါတဲ့ ဗန်းကို ကိုင်ဆောင်ပြီး အိပ်ခန်းထဲကို
ဝင်ရပါတယ်။ အဲဒီအချိန်မှာ သူ့ခွေး ကိုးကောင်တို့က လည်း အခန်းထဲကို တစ်ပါတည်း
လိုက်ပါသွားကြတာပါ။ အဲဒီဝန်ထမ်းက အခန်းထဲကို သူရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်
အိပ်ခန်းရဲ့ ခန်းဆီးများကို ဆွဲဖွင့်ပေးရပါတယ်။
တော်ဝင်မိသားစုများအတွက် ခန့်ထားတဲ့ နွားနို့သမားက
ဝင်ဆာနန်းတော်ကြီးမှာ ဘယ်သူ့မှ မနိုးခင် လတ်လတ်ဆတ်ဆတ် နွားနို့များ လာပို့ရပါတယ်။
ဝင်ဆာဂရိတ်ပတ်ခ်မှာ မွေးမြူထားတဲ့ ဂျာဆီနွားမတစ်အုပ်မှ ရရှိတဲ့ နွားနို့များကို
တော်ဝင်မိသားစုများအတွက် ရွှေနန်းတော် အမှတ်တံဆိပ် ရိုက်နှိပ်ထားတဲ့ အဝကျယ်
ပုလင်းများမှာ ထည့်ပြီး လာပို့ရတာပါ။ ပုလင်းများရဲ့ ထိပ်ဝမှာတော့ အစိမ်းနဲ့
ရွှေရောင် ပုလင်းဖုံးများ ခတ်နှိပ်ထားပြန်ပါတယ်။ ထိုနည်းတူစွာပဲ နွားနို့များမှာ
ချက်လုပ်ထားတဲ့ မလိုင်များကိုလည်း သီးခြား ပို့ပေးရပါတယ်။ မနက် ၉
နာရီအချိန်မှာတော့ ဘုရင်မကြီးက ဧည့်ခန်းကို ဖြတ်ကာ ထမင်းစားခန်းအတွင်း
ဝင်ရောက်ပါတယ်။ အဲဒီအချိန်မှာ သူ့လက်ထဲမှာ ကိုင်ဆောင်ထားတာကတော့ ရှေးဟောင်း
ရောဘတ်စ် ရေဒီယိုတစ်လုံးပါ။ ပုံမှန် ဘီဘီစီကို ဖွင့်ထားမြဲပါပဲ။ သူဝင်မလာခင်
မိနစ်ပိုင်းအတွင်းမှာ ကျွန်တော်က နံနက်စာအတွက် အသီးအနှံများနဲ့ ထမင်းစားပွဲကို
ပြင်ဆင်ထားရပါတယ်။ ဒီထမင်းစားခန်းက မိသားစုအားလုံး စုံစုံညီညီ စားသုံးတဲ့အခါမှာ
အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့် များသောအားဖြင့် ဘုရင်မကြီးက
သူတစ်ယောက်တည်းသာ ဒီနေရာမှာ စားလေ့ရှိပါတယ်။ လူလေးယောက် ထိုင်စားလောက်တဲ့
ထမင်းစားပွဲဝိုင်းက နေရောင်ခြည် အပြည့်အဝ ရနိုင်တဲ့ ခန်းမကြီးရဲ့ အလယ်ခေါင်တည့်တည့်မှာ
တည်ရှိပြီး ဒီအခန်းရဲ့ ပြတင်းပေါက် များက နေရောင်ခြည်ဝင်နိုင်အောင် ခပ်ကျယ်ကျယ်
ပြတင်းပေါက်များကို ထားရှိပါတယ်။ နံရံပေါ်မှာတော့ ရွှေဘောင်ကွပ်ထားတဲ့
ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားပါတယ်။
နေ့စဉ် နံနက်တိုင်း မြင်တွေ့ရဖန်
များလို့ ရိုးနေပြီဖြစ်တဲ့ မြင်ကွင်းကတော့ နံရံတစ်ဖက်မှာ ကပ်ထားတဲ့ စားပွဲပေါ်က
လျှပ်စစ်ရေနွေးကရား နံဘေးမှာ ကိုယ်တိုင်ကိုယ်ကျ စောင့်နေတဲ့ ဘုရင်မကြီးရဲ့
မြင်ကွင်းပါပဲ။ ရေနွေး ဆူလာလို့ ကရားက အသံထွက်လာချိန်မှာ ကိုယ်တိုင်ကိုယ်ကျ
ငွေခရားထဲမှာ လက်ဖက်ရည်ကို နှပ်ပါတယ်။ ပြီးတော့မှ စားပွဲမှာ ထိုင်ပြီး ဗြိတိသျှ
သတင်းစာများကို အကြမ်းဖျင်း အပြေးအလွှား ကြည့်တတ်ပါတယ်။ စနစ်တကျ ဖိုင်နဲ့
တွဲပေးထားတဲ့ သတင်းစာများကတော့ The Times, Daily
Telegraph,The Daily Express, Daily Mail, Daily Mirror တို့ဖြစ်ပြီး
မြင်းပွဲသတင်းဖော် ပြတဲ့သတင်းစာများမှာတော့ အဲဒီ သတင်း တည့်တည့်မြင်နိုင်အောင်
စာမျက်နှာကိုပါ ဖွင့်ထားပေးရပါတယ်။ ဘုရင်မကြီး စိတ်ကြိုက်မဂ္ဂဇင်းတွေကတော့ Harpers
& Queen, Tatler eJU Horse and Hound မဂ္ဂဇင်းများပါပဲ။
ဘယ်တော့မှ မဖတ်တာကတော့ Sun
နဲ့ Daily Star တို့ပါ။ ဒါပေမယ့်
အဲဒီ သတင်းစာများမှာ ဖော်ပြထားတဲ့ တော်ဝင်မိသားစုများရဲ့ သတင်းကိုတော့ သတင်းနဲ့
ပြန်ကြားရေးရုံးက မနက်တိုင်း အကျဉ်းချုပ်ရေးသားပြီး သတင်းစာများ နံဘေးမှာ
ချထားပေးရပါတယ်။
Daily Telegraph သတင်းစာမှာပါတဲ့
စာလုံး ပဟေဠိကို ဘုရင်မကြီးက အထူး စိတ်ဝင်စားတဲ့အတွက် အဲဒီ စာမျက်နှာကိုလည်း
အဆင်သင့် ဖတ်ရှုနိုင်အောင် စီစဉ်ပေးရပါတယ်။ သတင်းစာမှာ ဖော်ပြထားတဲ့ ပဟေဠိ
နှစ်ခုစလုံးကို အပြီးဖြည့်တဲ့အကျင့် ရှိပါတယ်။ တစ်ခါတလေ သတင်းစာ
မဖတ်နိုင်တဲ့အခါများမှာလည်း တာဝန်ရှိသူများက အဲဒီ ပဟေဠိ စာမျက်နှာများကို သီးခြား စုစည်းထားရပါတယ်။
ပြည်ပခရီးစဉ်များက ပြန်ရောက်လို့ အားလပ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ပဟေဠိကို
ကိုင်တော့တာပါပဲ။
ပထမဆုံးဖတ်တဲ့ သတင်းစာက Sporting Life သတင်းစာပါ။ ဒီ
သတင်းစာမှာ နေ့စဉ်ပြိုင်မယ့် မြင်းပွဲ သတင်း၊ မြင်းပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အစည်းအဝေး
သတင်းတွေကို ဖတ်ရှုတာပါ။ ဘုရင်မကြီးမှာ အိတ်ဆောင် စာအုပ်ကလေးတစ်အုပ် ရှိပါတယ်။
အဲဒီ စာအုပ်မှာ မြင်းပွဲသတင်း အနိုင်အရှုံးတို့ကို ဘုရင်မကြီးရဲ့ မြင်းပြိုင်ပွဲ
မန်နေဂျာက နေ့စဉ် ဖြည့်စွက်ပေးထားရပါတယ်။ ဖြည့်စွက်ပေးရတဲ့ အကြောင်းအရာတွေကတော့
ဘယ်နေ့ ဘယ်အအချိန်မှာ သူမရဲ့ ဘယ်မြင်းတွေ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့
အချက်အလက်တွေပါပဲ။ တာဝန်ချိန်ကလွဲရင် သူ စိတ်အဝင်စားဆုံးက မြင်းပြိုင်ပွဲပါ။ Sports
of Kings စာစောင်မှာ
ဖော်ပြထားတဲ့ မြင်းများအကြောင်း၊ မြင်းထရိန်နာများအကြောင်း၊ ဂျောကီများအကြောင်း၊
မြင်းစောင်းများအကြောင်း၊ နိုင်သွားတဲ့မြင်း၊ ရှုံးသွားတဲ့မြင်း စတဲ့
အကြောင်းအရာများဟာ သူမ စိတ်အဝင်စားဆုံး အကြောင်းအရာတွေပါ။
ဘုရင်မကြီးနဲ့ စကားလက်ဆုံကျချင်ရင်
မြင်းပွဲအကြောင်းကသာ စ ပြောလိုက်။ ဒါဆိုရင် သေချာပေါက် စကားလက်ဆုံကျတော့မှာပဲ။
ဒါပေမယ့် တော်ရုံတန်ရုံ မြင်းပွဲအကြောင်း သိရုံ လောက်နဲ့တော့ သွားမစမ်းလေနဲ့။ သူက
အင်မတန် ကျွမ်းကျင်နေတဲ့ သူ ဖြစ်တော့ ကိုယ့်ဘက်က တပ်ခေါက်သွားရနိုင်တယ်။
ကျွန်တော်က မြင်းများနဲ့ ပတ်သက်လို့ မကျွမ်းကျင်တော့ သူ့ကို အဲဒီလို စကားမျိုး
မစရဲပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာတော့ သူ့ မြင်းတွေအကြောင်း နည်းနည်းပါးပါး တီးမိ
ခေါက်မိ ပြောမိတာတွေ ရှိပါတယ်။
တစ်နေ့မှာတော့ 'ဘုရင်မကြီး
ခင်ဗျာ... ဒီနေ့ ဟိုင်းကလဲမြင်းကလေး ဝင်ပြိုင်မယ်လို့ သိရပါတယ်။ နိုင်ခြေများ
ရှိပါသလား ခင်ဗျာ' လို့ မေးမိပါတယ်။
ဒီတော့ ဘုရင်မကြီးက 'ဒါကတော့
အခြေအနေ အရပ်ရပ်အပေါ်မှာ မူတည်တယ်ကွဲ့' လို့ ဆိုပြီး
သိပ္ပံနည်းကျတဲ့ ရှင်းလင်းချက်များဖြစ်တဲ့ မြင်းရဲ့ ကိုယ်အလေးချိန်၊
သူ့ပြိုင်ဘက်တွေ၊ သူ့အဆင့် စသဖြင့် ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်တဲ့ မြင်းပွဲနဲ့
ပတ်သက်တဲ့ ဗဟုသုတတွေ တော်တော်များများ ကျွန်တော် ရလိုက်ပါတယ်။
ဘုရင်မကြီးထံမှ ဒီနေ့တော့
ဘယ်မြင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းတာ ဘယ်တော့မှ ကျွန်တော်မသိခဲ့
မရခဲ့ပေမယ့် ကျွန်တော်ကတော့ ကိုယ့်ဘုရင်မ
အပေါ်မှာ သစ္စာရှိစွာနဲ့ သူ့မြင်းတွေ ဘက်ကချည်း လောင်းခဲ့တာပါ။
မနက် ၁ဝ နာရီဆိုရင် အလုပ်က စပါပြီ။
ဧည့်ခန်းထဲမှာရှိတဲ့ စားပွဲတစ်လုံးမှာ ထိုင်လိုက်ပါတယ်။ သူ့ရှေ့မှာ
ခလုတ်ပေါင်းများစွာပါတဲ့ စက်ခလုတ် ခုံတစ်ခု ရှိပါတယ်။ ပထမဆုံး 'ကိုယ်ရေးအတွင်းရေးမှူး'
လို့ စာကပ်ထားတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး ရွှင်ရွှင်မြူးမြူး
လေသံနဲ့ 'ခဏလောက် လာခဲ့ပါလားကွယ်' လို့
ခေါ်တော့တာပါပဲ။
စက္ကန့်ပိုင်းအတွင်းမှာ
ကိုယ်ရေးအတွင်းရေးမှူးဖြစ်တဲ့ ဆာမာတင်ချာတရီစ် ရောက်လာတော့တာပါပဲ။ သူ
ရောက်လာပြီဆိုရင် လက်ထဲမှာ စာတွေထည့်ထားတဲ့ လေးထောင့်ကျကျ တောင်းတစ်လုံး
ကိုင်ဆောင်လာတော့တာပဲ။ တံခါးရွက်ကို အသာအယာ ခေါက်လိုက်ပြီး သူဝင်လာကာ
ဘုရင်မကြီးနဲ့ နှစ်ယောက်သား အလုပ်တွေ ရှုပ်ကြတော့တာပါပဲ။ တက်ရမယ့် ပွဲတွေ၊ လက်ခံတွေ့ဆုံရမယ့်
သူတွေ၊ စသဖြင့် ဘုရင်မကြီးနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို သူက တာဝန်ယူ
စီစဉ်ပေးရတာပါ။
တစ်နေ့လုံး စားပွဲမှာ
တစ်ယောက်တည်းအလုပ်လုပ်တာဟာ ဘုရင်မကြီးအတွက် နေ့စဉ် ဝတ္တရားတစ်ခု ဖြစ်သလို နေ့လယ်စာ
စားသုံးရာမှာလည်း တစ်ယောက်တည်းသာ စားသုံးတတ်ပါတယ်။ အင်္ဂလန်နိုင်ငံဟာ
ခေတ်မီတိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် ဘုရင်မကြီးကတော့ ဘယ်တော့ မှ
စပီကာဖုန်းကို မသုံးပါဘူး။ တစ်ယောက်ယောက်ကို ခေါ်ချင်ပြီဆိုရင်
ဘဲလ်နှိပ်လိုက်တာပါပဲ။ သူ့ဝန်ထမ်းများ ရှိနေမယ့် နေရာကို ကြားအောင် စီစဉ်ထားပြီး
ဘယ်နေရာက ခေါ်တယ်ဆိုတာကိုလည်း သိနိုင်အောင် စီစဉ်ထားပေးပါတယ်။ ဧည့်ခန်းက
ခေါ်တာလား။ အိပ်ခန်းက ခေါ်တာလား။ ထမင်းစားခန်းက ခေါ်တာလား။ ဧည့်ပရိသတ်များ
လက်ခံတွေ့ဆုံတဲ့ အခန်းက ခေါ်တာလား။ နားနေခန်းက ခေါ်တာလားဆိုတာကို ကျွန်တော်တို့
မင်းမှုထမ်းများကလည်း ချက်ချင်း သိကြပါတယ်။
မနက် ၁၁ နာရီနဲ့ မွန်းလွဲ ၁ နာရီ
ကြားက အချိန်ကိုတော့ ပုဂ္ဂလိက ပရိသတ်များအား လက်ခံတွေ့ဆုံချိန်လို့
သတ်မှတ်ထားပါတယ်။ တစ်နည်းပြောရရင်တော့ ဒီအချိန်ဟာ နေ့လယ်စာ မစားသုံးမီ တွေ့ဆုံဖို့
ချိန်းဆိုထားတဲ့ ဧည့်သည်များကို လက်ခံတွေ့ဆုံချိန်လည်းဖြစ်ပါတယ်။ ပြည်ပ သံတမန်များ
သို့မဟုတ် ပါလီမန် အမတ်များကို တွေ့ဆုံဆွေးနွေးချိန်ဟာလည်း ဒီ အချိန်ပဲ ဖြစ်ပါတယ်။
သံတမန်များကို လက်ခံရာမှာတော့ ၁၈ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ Bow Room မှာ
လက်ခံတွေ့ဆုံတာပါ။ အဲဒီလို လက်ခံတွေ့ဆုံမှုကို Kissing Hands လက်နမ်းတဲ့အခမ်းအနားလို့လည်း
ခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လာရောက်တွေ့ဆုံသူက ဘုရင်မကြီးရှေ့မှာ
ဒူးထောက်လိုက်ပြီး သူ့ညာဘက်လက်နဲ့ ဆန့်တန်းပေးထားတဲ့ ဘုရင်မကြီးရဲ့ ညာဘက်လက်ကို
ကိုင်ယူကာ နမ်းရှုတ်ရတဲ့ အစဉ်အလာကြောင့်ပါ။
အဲဒီလို တွေ့ဆုံပွဲများမှာ ဘုရင်မ
ကြီးက အမြဲတစေ မတ်တပ်ရပ်နေလေ့ ရှိပါတယ်။ တစ်ခါတလေ သူ့မတ်တတ်ရပ်ချိန်ဟာ
နှစ်နာရီလောက်အထိ ကြာမြင့်ပါတယ်။ တွေ့ဆုံပွဲတွေကနေ ပြန်လာပြီဆိုရင်တော့
ဘုရင်မကြီးက 'ပေါ်လ်ရေ... သောက်စရာတစ်ခုခု
အဆင်သင့် ဖြစ်ပြီလား' လို့ မေးတတ်စမြဲပါ။ ကျွန်တော်ကလည်း
တာဝန်သိတဲ့ မင်းမှုထမ်း ပီသစွာ သူမမေးခင်ကတည်းက သူ့အကြိုက် ဂျင်ကို သံပုရာသီး
တစ်စိတ် ရေခဲနှစ်တုံးနဲ့ အဆင်သင့် လုပ်ထားပေးပြီးသားပါ။ နေ့လယ် တစ်နာရီတိတိမှာတော့
နေ့လယ်စာ စားသုံးပါတယ်။ စားသုံးချိန်ကလည်း ပုံမှန်အားဖြင့် တစ်နာရီ လောက်ကြာပါတယ်။
တခြားထူးခြားတဲ့ အစီအစဉ်များ
မရှိဘူးဆိုရင် နေ့လယ်စာ စားပြီးတာနဲ့ တစ်ပြိုင်နက် ဘုရင်မကြီးက
သူ့ခွေးများကိုခေါ်ပြီး ဥယျာဉ်အတွင်းမှာ လမ်းလျှောက်ထွက်တာ နှစ်နာရီလောက်
ကြာပါတယ်။ အဲဒီလို လမ်းလျှောက်တိုင်း ခေါင်းမှာ ပဝါစည်းထားပြီး ဝေ့စ်ကုတ်လည်း
ဝတ်ဆင်ထားတတ်မြဲပါ။ တစ်ခါတလေ ကျွန်တော့်ကို ရုပ်မြင်သံကြားမှ
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြင်းပြိုင်ပွဲ သတင်းများကို သူပြန်ကြည့်နိုင်အောင်
ကူးယူခိုင်းတတ်ပါသေးတယ်။ မြင်းပွဲသတင်းကို နားထောင်နေတဲ့အချိန် မြင်းပြိုင်ပွဲကို
ရုပ်မြင်သံကြားကနေ တစ်ဆင့် သူကြည့်နေပြီဆိုရင် ဘယ်သူ့မှ အနှောင့်အယှက် မပေးမိအောင်
အထူးသတိထားကြရပါတယ်။
အကြောင်းတစ်စုံတစ်ခုကြောင့် အနှောင့်အယှက်ပေးမိပြီဆိုရင် အဲဒါ အင်မတန်
ရိုင်းပျတဲ့ အပြုအမူလို့ သတ်မှတ်ကြပါတယ်။ မြင်းပြိုင်နေတဲ့ သုံးမိနစ်လောက်ကို
စောင့်လိုက်ရုံနဲ့ ဘယ်အရာမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွား လိမ့်မယ်လို့
မယူဆကြပါဘူး။
ဘုရင်မကြီးက နေ့လယ်စာနဲ့ ညစာ
စားချိန်မတိုင်မီအတွင်း တခြားသရေစာ ဘာမှ စားလေ့မရှိပါဘူး။ ညနေ
ငါးနာရီတိတိအချိန်မှာတော့ လက်ဖက်ရည်တစ်ခွက် ဆက်ရပါတယ်။ အဲဒီ အစဉ်အလာကတော့ သူဘယ်နေရာပဲ ရောက်ရောက်
ပျက်လို့မရပါဘူး။ ဆော်ဒီအာရေးဗျား နန်းတော်ထဲမှာပဲ ရောက်ရောက်၊ ဘရစ်တန်းနီးယား
ဇိမ်ခံသင်္ဘောကြီးပေါ်မှာပဲ ရှိရှိ၊ ဘာကင်ဟမ် နန်းတော်အတွင်းမှာပဲ နေနေ၊ ညနေ
ငါးနာရီဆိုရင် လက်ဖက်ရည် သောက်ရမှ ကျေနပ်ပါတယ်။ သူ့စိတ်တိုင်းကျ လက်ဖက်ရည်ကို
ကျွန်တော်ကိုယ်တိုင် ဖျော်ပေးရတာပါ။ အားလ်ဂရေး အမှတ်တံဆိပ် လက်ဖက်ခြောက်နဲ့
နှပ်ထားတဲ့ လက်ဖက်ရည်ကို နို့တစ်စက်
နှစ်စက် လောက်ထည့်ပြီး အချိုများ ဖယ်ရှားထားတဲ့ ဆင်းဒဝစ်နဲ့အတူ ဆက်သရတာပါ။
စားဖိုမှူး ရောဘတ်ပိုင်း အထူးဖုတ်ပေးတဲ့ အသီးအနှံများနဲ့ မုန့်ကိုတော့ ဘယ်တော်ဝင်
မိသားစုကမှ မစားသုံးကြပါဘူး။ ဘုရင်မကြီးကဆိုရင် အဲဒီမုန့်ကို အပိုင်းပိုင်းဖဲ့ပြီး
သူ့ခွေးများကို ချကျွေးတာပါ။ အဲဒီမုန့်တွေ ကျွေးပြီဆိုရင် သူ့ခွေးတွေက လည်း
ကျေနပ်လွန်းလို့ ကော်ဇောပေါ်မှာ လှိမ့်တဲ့ကောင်က လှိမ့်၊ ဘုရင်မကြီးရဲ့
ခြေဖမိုးကို ခေါင်းနဲ့ တိုက်တဲ့ အကောင်ကတိုက်နဲ့ ပျော်နေကြတာပါပဲ။
လက်ဖက်ရည် သောက်ပြီးချိန်၊
ညနေခြောက်နာရီမှာ နောက်ထပ် သောက်စရာ တစ်မျိုးမျိုးကို ဗန်းနဲ့ထည့်ပြီး
ဆက်သွင်းရပြန်ပါတယ်။ အဲဒီ အချိန်မှာတော့ ဂျင်နဲ့ အားဆေးကို သောက်တာပါ။ ညနေ
ခြောက်နာရီကျော်ရင် နိုင်ငံတော် ပွဲလမ်းသဘင် တစ်ခုခု ရှိချင်ရှိ၊ မရှိရင်တော့
ညနေပိုင်းအစီအစဉ် ဘာမှမရှိတော့ပါဘူး။ ဘာမှ မရှိတဲ့ ရက်များမှာ ဘုရင်မကြီးနဲ့
ကြင်ယာတော်တို့ ညစာအတူတူ စားသုံးကြပါတယ်။ သူတို့ စားသုံးနေချိန်မှာ
ခွေးကိုးကောင်ကလည်း ပတ်ဝန်းကျင်မှာ ဆော့ကစားနေမြဲပါပဲ။ အဲဒါက ပုံမှန်အားဖြင့် ည ၈
နာရီ ၁၅ လောက်မှာဖြစ်ပြီး သူတို့ညစာ စားချိန်
ရောက်လာတတ်တဲ့ ဧည့်သည်ကတော့ ဘုရင်မ မယ်တော်ကြီးပါ။ မယ်တော်ကြီးက ညစဉ်လိုလို
ညစာ အတူလာ စားသုံးပေမယ့် အမြဲတမ်း နောက်ကျတတ်ပါတယ်။ သူနောက်ကျတဲ့အတွက် ပုံမှန်
သတ်မှတ်ထားတဲ့ ညစာ စားသုံးချိန်ဟာလည်း တစ်ခါတလေမှာ ည ၉ နာရီအထိ
ရောက်သွားတတ်စမြဲပါ။ မယ်တော်ကြီးက ရောက်လာပြီဆိုရင် 'အို...မယ်မယ်
နောက်များကျနေသ လား... မယ်မယ်ကို စောင့်နေကြတာလား' စသဖြင့်
စကားဆိုတတ်ပါတယ်။ မယ်တော်ကြီးရဲ့ လေသံက တစ်ဖက်သား ကြားသာရုံ ခပ်တိုးတိုးကလေးပါပဲ။
ဘုရားရှိခိုးကျောင်းကို
သွားမယ်ဆိုရင်လည်း နောက်ကျတတ်တာက မယ်တော်ကြီးပါပဲ။ တစ်ခါတုန်းက စန်ဒရင်ဟမ်
စံအိမ်မှာ ဘုရားရှိခိုးသွားကြဖို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။
အမျိုးသားတွေကဆိုရင် စံအိမ်အပြင်ဘက်ကိုတောင် ရောက်နေကြပြီ။ ဘုရင်မကြီးကိုယ်တိုင်လည်း
ရံရွှေတော်များနဲ့ ဧည့်ခန်းဆောင်ထဲမှာ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်ကတော့
စံအိမ်တံခါးဝမှာ အဆင်သင့် စောင့်နေခဲ့ပါတယ်။ နံနက် ၁၁ နာရီအချိန်မှာ
ဘုရားရှိခိုးဖို့ အချိန် စတင်တော့မှာပါ။ ၁၁ နာရီအချိန် ဝန်းကျင်ကို ရောက်လာပေမယ့်
မယ်တော်ကြီးရဲ့ အရိပ်အယောင်ကို မမြင်ကြရသေးပါဘူး။ စိတ်တိုလာပုံရတဲ့ ဘုရင်မကြီးက
သူဝတ်ဆင်ထားတဲ့ လက်အိတ်အဖြူမှ လက်ချောင်း တစ်ချောင်းချင်းကို ဆွဲဖြုတ်နေပါပြီ။
ပါးစပ်ကလည်း မယ်တော်ဘုရားက လာဦးမှာတဲ့လား။ တို့များက အချိန်ဖြုန်းပြီး
ထိုင်စောင့်နေကြတာများလားလို့ ညည်းတွားနေကြပါတယ်။
၁၁ နာရီ တိတိအချိန်မှာတော့
စံအိမ်အပေါ်ထပ်မှ ပိုးဖဲများ ဝတ်ဆင်ထားတဲ့ ဘုရင်မ မယ်တော်ကြီးရဲ့
လျှောက်လှမ်းလာသံကို ကြားလိုက်ကြရပါတယ်။ ခန်းမဆောင်ထဲ ရောက်လာချိန်မှာ
သူ့သမီးတော်ကို ကြည့်လိုက်ပြီး 'မယ်မယ် နောက်ကျနေပြီလား... သမီးတော်တို့က
မယ်မယ့်ကို စောင့်နေကြတာ ကြာပြီလား' လို့ ထုံးစံအတိုင်း
မေးပြန်ပါတယ်။ ဘယ်သူကမှ ပြန်ဖြေသံ မကြားလိုက်ရဘဲ အားလုံးက ပြုံးရုံသာ
ပြုံးပြလိုက်ကြတဲ့အတွက် ကျွန်တော့်မှာ ရှေ့ကဦးဆောင်ပြီး ကားတံခါး
သွားဖွင့်နေလိုက်ရပါတယ်။ ကျွန်တော့် တာဝန်က ကားပေါ်ကို ဘုရင်မကြီး တက်ထိုင်ပြီး
နေသားတကျ ရှိပြီဆိုရင် ကားထဲကို ကျွန်တော်က ဒူးထောက်ဝင်ပြီး ဘုရင်မ
ခြေထောက်ပေါ်ကို သားမွေးကော်ဇောတစ်ခုနဲ့ အုပ်ပေးရပါတယ်။ ဒါက ကျွန်တော်လုပ်ခဲ့ရတဲ့
တာဝန်များထဲက အစဉ်အလာတစ်ခုပါ။
အဲသလို နာရီလက်တံများနဲ့ ပုံသေကားကျ
နေ့စဉ်ဝတ္တရားများ ဆောင်ရွက်နေစဉ်အတွင်း ကျွန်တော့် နောက်တာဝန်တစ်ခုကတော့
ဘုရင်မကြီး ညစာ စားသုံးနေစဉ်မှာ ထမင်းစားခန်းထဲက ရုပ်မြင်သံကြားစက်
အပန်းဖြေခန်းထဲက ရုပ်မြင်သံကြားစက်တို့ကို ဖွင့်ထားပြီး ဘီဘီစီ ရုပ်မြင်သံကြားမှ
ထုတ်လွှင့်နေတဲ့ Morecambe
and Wise လျှို့ဝှက်သည်းဖို
ဇာတ်လမ်းတွဲဖြစ်ဖြစ် ည ၉ နာရီ သတင်းဖြစ်ဖြစ် ဖွင့်ထားပေးရပါတယ်။
တစ်ခါတုန်းက နားနေခန်းထဲမှာ ဘုရင်မကို
ရုပ်မြင်သံကြားစက် ဖွင့်ပေးပြီး အပြင်ဘက်မှာ ကျွန်တော် ခပ်ပျင်းပျင်းနဲ့
ရပ်နေခဲ့ပါတယ်။ မမျှော်လင့်ဘဲ အခန်းထဲက အော်သံနဲ့ ခွေးများ ဟောင်သံ
ကြားလိုက်ရတာကြောင့် ကျွန်တော်နဲ့အတူ အခြားအမှုထမ်းတစ်ဦးတို့ တံခါးဖွင့်ပြီး
အခြေအနေကို ကြည့်လိုက်ကြပါတယ်။ ဘုရင်မကြီးက ကျွန်တော်တို့ကို မြင်သွားတော့ 'လာလာ...
ကြည့်ကြစမ်း' လို့ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ပြောရင်း
ရုပ်မြင်သံကြား ဖန်သားပြင်ကို လက်ညှိုးထိုးပြပါတယ်။ ပါးစပ်ကလည်း 'အံ့သြစရာကောင်းလိုက်တာ'
လို့ ရေရွတ်နေသေးရဲ့။ ဖန်သားပြင်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့
ဆာရာရေဗို အိုလံပစ်ပွဲတော် မှာ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုသွား
ရောက်ယှဉ်ပြိုင်တဲ့ တော်ဗီးလ်နဲ့ ဒီးန်တို့နှစ်ယောက် ရေခဲပြင် အကပြိုင်ပွဲမှာ
ရွှေတံဆိပ်ဆု ဆွတ်ခူးသွားတဲ့ မြင်ကွင်းဖြစ်နေပါတယ်။ ဒီမြင်ကွင်းကြောင့် ဘုရင်မကြီး
စိတ်လှုပ်ရှားသွားခြင်းပါ။
ညစဉ်ညတိုင်း ညစာစားသုံးပြီးချိန်မှာ
ကျွန်တော့် တစ်နေ့တာ တာဝန်များ ပြီးဆုံးတော့မှာ ဖြစ်ပေမယ့် နောက်ထပ် အလုပ်နှစ်ခု
ကျန်နေပါသေးတယ်။ ဖန်ခွက်နှစ်ခွက်ကို ငွေဗန်းပေါ်မှာတင်။ ရေသန့်ပုလင်း တစ်ပုလင်း၊ ဝီစကီပုလင်း
တစ်ပုလင်းနဲ့ ကြင်ယာတော်အတွက် ဒဘယ်လ်ဒိုင်းမွန်း ဘီယာတို့ကို တင်ဆောင်ကာ
စက်ရာခန်းအတွင်း ပို့ပေးရခြင်းပါ။ နောက်တစ်ခုကတော့ ခွေးများကို နောက်ဆုံး
အိပ်ရာမဝင်ခင် လမ်းလျှောက်ပေးရပါသေးတယ်။ လမ်းလျှောက်က ပြန်လာပြီ ဆိုရင်တော့
ဒီကောင်တွေကို သူတို့အိပ်မယ့် အခန်းထဲ ပို့ပေးလိုက်ရုံပါပဲ။ တစ်ခါတလေမှာ
ဘုရင်မကြီးက စက်ရာ ဆောင်မဝင်သေးဘဲ ခွေးများကို လမ်းလျှောက်ပေးပြီး ပြန်ခေါ်လာတဲ့ ကျွန်တော်နဲ့
စကားစမြည် လာပြောတတ်ပါတယ်။ အဲဒီအချိန်အထိ ညနေခင်း ဝတ်စုံဝတ်ဆင်ထားဆဲ ဖြစ်တဲ့အပြင်
စိန်လည်ဆွဲနဲ့ စိန်နားကပ်တို့ကိုလည်း ဝတ်ဆင်ထားမြဲပါ။ သူ့ခွေးတွေကို
ကိုယ်တိုင်ဂရုစိုက်ပြီး နေသားတကျ ရှိရဲ့လားဆိုတာကိုလည်း ကြည့်တတ်ပါသေးတယ်။ အဲသလို
ကြည့်ပြီးရင်တော့ 'ဂွတ်နိုက်ပေါလ်' လို့ နှုတ်ဆက်ကာ စက်ရာခန်းအတွင်း
ဝင်သွားပါပြီ။ ဒါက ကျွန်တော့် နေ့စဉ်ဝတ္တရားများပါ။
စက်ရာခန်းထဲ ဝင်သွားပေမယ့်
ဘုရင်မကြီးက အိပ်တာ မဟုတ်သေးပါဘူး။ သူ့အလုပ်တစ်ခု ကျန်ပါသေးတယ်။ နေ့စဉ်မှတ်တမ်း
ရေးသွင်းခြင်းပါ။ ဘယ်တော့မှ မှင်တံ မကိုင်ဘဲ ခဲတံနဲ့သာ ရေးလေ့ရှိပါတယ်။ ဒါကလည်း
တော်ဝင်မိသားစုများရဲ့ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပါတယ်။ ဗစ်တိုးရီး ယား ဘုရင်မကြီးကအစ
နေ့စဉ် မှတ်တမ်း ရေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ဖို့ မီးမှိတ်ခါနီး အချိန်အထိ
တာဝန်များ ထမ်းဆောင်နေရတဲ့ ဘုရင်မရယ်လို့ ကျွန်တော် မှတ်ယူမိပါတယ်။
၁၉၇၈ ခုနှစ် မေလမှာ အိမ်တော်
ထိန်းဌာနသို့ အမျိုးသမီး ဝန်ထမ်းတစ်ဦး ထပ်မံဖြည့်တင်း ခန့်ထားလိုက်ပါတယ်။ သူမရဲ့
တာဝန်များကတော့ ကြင်ယာတော် မင်းသားကြီးရဲ့ ခြေအိတ်များကို ဂရုတစိုက်
နေလှန်းပေးခြင်း၊ ရှပ်အင်္ကျီများနဲ့ ဝတ်စုံများကို စနစ်တကျ ထားပေးခြင်း၊
အိပ်ယာခင်းများ လဲလှယ်ခြင်း၊ ဘုရင်မကြီးရဲ့ ခွေးများ အသုံးပြုတဲ့
မျက်နှာသုတ်ပဝါများကို လျှော်ဖွပ်ပေးခြင်းတို့ပါပဲ။ ပထမပိုင်းမှာတော့ အဲဒီကလေးမကို
ကျွန်တော် သတိမပြုမိပါဘူး။ ဒါပေမယ့် ထက်ထက်မြက်မြက် ရှိတဲ့အပြင် ပေါ့ပေါ့ပါးပါး
လုပ်ကိုင်တတ်ခြင်းကြောင့် ကျွန်တော် အထင်ကြီးလာမိပါတယ်။ သူမကတော့ ကျွန်တော့်ကို
သဘောမကျပါဘူး။
ဘုရင်မကြီးရဲ့ ခြေမြန်တော်ဘဝကနေ
အပါးမှာ အနီးကပ်ခစားရတဲ့ ကျွန်တော့်ဘဝကို ပြန်တွေးကြည့်လိုက်တဲ့အခါ
အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ရွာသိမ်ကလေးတစ်ခုကနေ ပြည့်ရှင်ဘုရင်မနဲ့ စကားလက်ဆုံ
ပြောနိုင်တဲ့ အခွင့်အရေးအထိ ရရှိလာခဲ့ပြီဖြစ်လို့ ကျွန်တော့်ကံကို ကျွန်တော်
ယုံကြည်စိတ်ချ မိလာတယ်။ ဘယ်အရာမဆို ကျွန်တော်လုပ်ရင် ဖြစ်နိုင်လိမ့်မယ်လို့လည်း
စိတ်ကြီးဝင်လာမိတဲ့အတွက် ဘာကင်ဟမ် နန်းတော်ကြီးရဲ့ ကော်ရစ်ဒါများမှာ
လမ်းလျှောက်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခြေထောက်နဲ့ မြေကြီးထိမိရဲ့လားလို့တောင်
တွေးမိခဲ့ပါတယ်။ မြောက်ပိုင်းသားတို့ရဲ့ ခပ်ဝဲဝဲ လေသံလည်း ကျွန်တော့်မှာ
မရှိတော့ဘဲ ပကတိနန်းတွင်းသားများလို ခမ်းနားထည်ဝါတဲ့ စကားလုံးများနဲ့ ပြောတတ်
ဆိုတတ်နေပါပြီ။ ခြုံပြောရရင်တော့ ကျွန်တော်ဟာ တောသားတစ်ယောက် မဟုတ်တော့ဘဲ
နန်းတွင်းသားတစ်ယောက် ဖြစ်နေပြီပေါ့။
အခြေအနေပေးလို့ ဘယ်လိုပဲ အနေမြင့်သည်
ဖြစ်စေကာမူ ဇာတိကိုတော့ ကျွန်တော် မမေ့ပါဘူး။ အသစ်ဝင်လာတဲ့ ကောင်မလေးကလည်း
ဝေလပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဟို့လ်တ်ရွာကလေးက ကျေးတောသူကလေးတစ်ယောက်ပါ။ သူမ
မိဘများက လစ်ဗာပူးလ်မှာ နေထိုင်ခဲ့ကြသူများဖြစ်ပြီး ကက်သလစ် ခရစ်ယာန်ဘာသာဝင်များလည်း
ဖြစ်ကြပါတယ်။
သူမနဲ့ ဆက်ဆံရာမှာ ကျွန်တော်က
အမှားတစ်ခု ကျူးလွန်လိုက်မိပါတယ်။ အဲဒါကတော့ ခွေးကလေးများအတွက်
အသုံးပြုပြီးသားဖြစ်တဲ့ မျက်နှာသုတ်ပဝါများကို သူမခြေရင်းမှာ ပစ်ချပြီး 'မျက်နှာသုတ်ပဝါတွေ'
လို့ အမိန့်သံပါပါ ပြောဖြစ်ခဲ့ခြင်းပါပဲ။
သူမဘက်က အသံထွက်မလာပေမယ့်
မျက်နှာအမူအရာကတော့ ကျွန်တော့်ကို လုံးဝမကျေနပ်ဘူးဆိုတာ ဖော်ပြနေပါတယ်။ အဲဒီ
မိန်းကလေးက သူ့ အဖော်တွေကို 'စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့လူ'
လို့ ပြောပါသတဲ့။ သူမရဲ့ နာမည်က မာရီယာကော့စ်ဂရုဖ် လို့ ခေါ်ပါတယ်။
နောင်မှာ ကျွန်တော့်ဇနီး ဖြစ်လာသူပေါ့။
၁၉၇၉ ခုနှစ်ရောက်တော့ မာရီယာက
အကြီးတန်း အိမ်တော်ထိန်းအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ဘယ်လ်ဂျီယန်
ခန်းမဆောင်ကို လုံးဝတာဝန်ယူရသူ ဖြစ်လာပါတယ်။ ဒီအခန်းက ဘာကင်ဟမ်
နန်းတော်အတွင်းမှာရှိတဲ့ ဥယျာဉ်တော်ကိုလည်း စီးမိုးကြည့်နိုင်တဲ့ အခန်းပါ။
ဒါကြောင့် ပြည်ပနိုင်ငံ များမှ နိုင်ငံခေါင်းဆောင် ဧည့်သည်တော်များ လာရောက်တဲ့အခါ
ဒီအခန်းမှာပဲ သိပ်လေ့ရှိပါတယ်။
မာရီယာ ရာထူးတိုးမြှင့်ခြင်း ခံရတဲ့
လမှာပဲ ကျွန်တော်ကလည်း ဘုရင်မကြီး မြင်းခြောက်ကောင်က ရထားနဲ့ ထွက်တော်မူတဲ့အခါ
နောက်တော်ပါးကနေ အနီးကပ် ခစားလိုက်ပါရတဲ့ သူ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ထွက်ရတဲ့အခါ
အပြာရောင် ကတ္တီပါစနဲ့ ချုပ်ထားတဲ့ ဦးထုပ်ကိုဆောင်းကာ ဝတ်စုံကလည်း
ဝတ်စုံပြည့်ဝတ်ဆင်လိုက်ပါရတာပါ။ စီးတော်မူတဲ့ ရထားက ၁၉ဝ၂ ခုနှစ်ကတည်းက
တည်ဆောက်ခဲ့တဲ့ ရွှေနန်းတော်သုံးရထား ဖြစ်ပါတယ်။ ကြေးနဲ့ ပြုလုပ်ထားတဲ့
မီးအိမ်ကြီးများ တပ်ဆင်ထားတာပါ။ ဓားရှည်ကိုလွယ်ပြီး ရထားရဲ့ နောက်ကနေ
စီးနင်းလိုက်ပါ လာရတဲ့ ကျွန်တော့်ရဲ့ တာဝန်က ရထားတွဲမှာ ပါလာတဲ့ အရှင်သခင်ကို
ကာကွယ်စောင့်ရှောက်ဖို့ပါ။ ပြည့်ရှင်ဘုရင် မကြီးရဲ့ နောက်တော်ပါးမှာ
လိုက်ပါခွင့်ရပြီး သြဘာသံများနဲ့ ဆီးကြိုနှုတ်ဆက်နေကြတဲ့ တိုင်းသူပြည်သားများရဲ့
ရှေ့ကနေ ဖြတ်သွားရတဲ့အခါ ကျွန်တော့်မှာ သခင်ကို ကာကွယ်ရမယ့်
တာဝန်ရှိတယ်ဆိုတာကိုတောင် မေ့သွားပြီး ကြက်သီးမွှေးညင်းများထကာ
ပီတိဖြစ်ခဲ့မိပါတယ်။
တစ်ခါတုန်းက ဘာကင်ဟမ် နန်းတော်ရဲ့
ဘယ်လ်ဂျီယမ် အိပ်ဆောင်မှာ တည်းတဲ့ ရူမေးနီးယားနိုင်ငံ သမ္မတကြီး Nicolae Ceausescu နဲ့အတူ
ထွက်တော်မူပါတယ်။ ဘုရင်မကြီးက ပန်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုပ်ကလည်း
ပန်းနုရောင် ဦးထုပ်ကို ဆောင်းထားပါတယ်။ ရထားရဲ့ ဘယ်ဘက်အခြမ်းမှာ ထိုင်ပြီး
သူ့နောက် တည့်တည့်မှာ ကျွန်တော် လိုက်ပါလာရတာပါ။ ကျွန်တော့်ညာဘက် သမ္မတရဲ့
နောက်ဘက်မှာ လိုက်ပါလာသူကတော့ ဘုရင်မကြီး အတွင်းသိ အစင်းသိဖြစ်တဲ့ ဒုဗိုလ်မှူးကြီး
အန်ဒရူးပါကာဘိုးလ်စ်ပါ။ ဒီပုဂ္ဂိုလ်က လွန်ခဲ့တဲ့ ခြောက်နှစ်လောက် ကတည်းက ကမီလာ
ဆိုတဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့သူဖြစ်ပြီး ဘုရင်မကြီးနဲ့ ကောင်းကောင်း ရင်းနှီးပါတယ်။
ဘုရင်မကြီးမှာ နိုင်ငံတော်က ပေးအပ်ထားတဲ့
နန်းဆောင်များ၊ ရဲတိုက်များအပြင် သူ့ပုဂ္ဂိလိကပိုင် အိမ်တော်များလည်း ရှိပါသေးတယ်။
အဲဒီ အိမ်တော်များကတော့ ဧက ၂ဝဝဝ ကျယ်ဝန်းတဲ့ နော်ဖော့ခ် စံအိမ်နဲ့ ဘာလ်မိုရယ်လ်
စံအိမ်တို့ပါပဲ။ တစ်ခါတော့ အိမ်တော်မှာ တော်ဝင်မိသားစုများလည်း ဧည့်သည်များနဲ့ ညစာ
စားသုံးပြီးကြပြီဖြစ်လို့ စက်ရာဆောင် အသီးသီးကို ဝင်သွားကြပါပြီ။ အိမ်တော်ထိန်း
အမျိုးသမီးများနဲ့ ကျွန်တော်တို့ အမျိုးသား အမှုထမ်းများသာ သိမ်းကြ၊ ဆည်းကြ၊
ရှင်းကြ၊ လင်းကြ လုပ်ကိုင်နေရင်း ကျန်နေကြဆဲပါ။ ဧည့်သည် ဘယ်လောက်သောက်သွားတယ်ဆိုတာ
ဘယ်သူကမှလည်း မှတ်ထားတာ မဟုတ်တော့ ဂျင်ပုလင်းထဲက ဂျင်တချို့ကို ကျွန်တော်
ကောက်ပြီးသောက် လိုက်ပါတယ်။ ကျွန်တော့် အကြံအစည် တစ်ခုကြောင့်
ရဲဆေးတင်လိုက်ခြင်းပါ။
လက်ခပ်သွက်သွက်နဲ့ သောက်ချလိုက်ပြီး
ဟိုဟိုဒီဒီ မျက်စိကစားလိုက်တဲ့အခါမှာတော့ ဧည့်ခန်းဆောင်ကြီးရဲ့ ပန်းချီကားများ
ချိတ်ဆွဲထားရာ နေရာရဲ့ နံဘေးမှာ ရှိနေတဲ့ ပြတင်းပေါက် တစ်ခုကနေ ကျွန်တော်နဲ့
အင်မတန် ရင်းနှီးတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရပါတယ်။ ကျွန်တော်တို့ကို အမှတ်မထင်
စောင့်ကြည့်နေတဲ့ ဘုရင်မကြီး ကိုယ်တိုင်ပါပဲ။ ကျွန်တော်သောက်တာကို
မြင်သွားတဲ့အတွက် သူ့စိတ်ထဲမှာ စိတ်ဆိုးကောင်း စိတ်ဆိုးသွားနိုင်ပေမယ့်
သူ့ဝန်ထမ်းတွေ ပင်ပန်းလွန်းတဲ့အတွက် ဒီအတွက်ကို သူခွင့်လွှတ်ပုံရပါတယ်။
ကျွန်တော်တို့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး နှုတ်မှ ဖွင့်ဟ အပြစ်မတင်ပေမယ့်
သူ့မျက်ဝန်းတွေကတော့ ကျွန်တော်တို့ကို ပြာကျသွားစေလောက်အောင် စူးရှခဲ့တယ်ဆိုတာကို
ကျွန်တော့် တစ်သက်မှာ မေ့တော့မှာ မဟုတ်ပါ ဘူး။
တစ်ခါတုန်းကလည်း ကျွန်တော်နဲ့
ဘုရင်မကြီး ခြံအတွင်းမှာ ခွေးကလေးတွေကို သူကိုယ်တိုင် အစာခွံ့ကျွေးနေတဲ့အတွက်
ကျွန်တော်အနားမှာ ရှိနေတုန်း အမှုထမ်းတစ်ဦး ခြံတံခါးကို ဖွင့်ပြီး ဝင်လာတာ
မြင်လိုက်ရပါတယ်။ တော်တော်မူးနေပုံရပြီး ဒယိမ်းဒယိုင်နဲ့ပါ။ ဒီလူတော့
အကျိုးနည်းပြီလို့ ကျွန်တော် အောက်မေ့လိုက်မိပါတယ်။ ဘုရင်မကြီးလက်ထဲမှာလည်း
ခွေးများကို ခွံ့ကျွေးဖို့အတွက် ခက်ရင်းတစ်လက်က အဆင်သင့်ရှိနေပါတယ်။
ယိမ်းထိုးဝင်လာတဲ့သူခမျာ ဘုရင်မကို
မြင်လိုက်တော့ အမူးပြေသွားဟန်တူရဲ့။ ခပ်ယို့ယို့ကလေး တစ်ဖက်ကပ်ပြီး သူသွားရမယ့်လမ်းကို
ဆက်လျှောက်သွားပါတယ်။ ဘုရင်မကြီးကလည်း သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ
မဖြစ်သယောင် သူ့ခွေးများကိုသာ အစာခွံ့မြဲ ခွံ့နေခဲ့တာကို ကြုံခဲ့ဖူးပါတယ်။
ခွေးများကို အစာခွံ့ပြီးရင်
အိမ်တော်ရဲ့ အပေါ်ထပ်ကို သူတက်တော့မှာပါ။ အဝတ်အစား လဲပြီးတာနဲ့ တစ်ပြိုင်နက်
ညစာစားဖို့ ဆင်းလာပါလိမ့်မယ်။ အဲဒီလို ဆင်းလာချိန်မှာ သူ့စက် ရာဆောင်က
အိပ်ရာအခမ်းအနားများကို အဆင်သင့်ပြင်ပေးဖို့အတွက် မာရီယာနဲ့ အခြားအမျိုးသမီးတစ်ဦးက
တာဝန်ယူထားရပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဘုရင်မရှေ့မှာ ပေါ်ပေါ်ထင်ထင် လုပ်ရတာ
မဟုတ်ပါဘူး။ ဘုရင်မ ဆင်းလာရင် သူတို့ကို မမြင်ရအောင် ထုံးစံအတိုင်း
ဗီရိုကြီးများထဲမှာ ဝင်ပုန်းနေ ကြရသေးတာပါ။
အဲဒီညက လှေခါးပေါ်က ဆင်းလာချိန်မှာ
တော်တော်ဒေါသထွက်တဲ့ပုံနဲ့ 'တိရစ္ဆာန်ကောင်... ငါ့ပုလင်း အသစ်ကို
သောက်သွားတာကိုး...' လို့ ရေရွတ်နေသံ ကြားလိုက်ရပါတယ်။
ကျွန်တော်က ကြားထဲကနေ ပျာပျာသလဲဝင်ပြီး တောင်းပန်လိုက်ရပါတယ်။ သူ့ ပုလင်းကို
သောက်သွားတာ ဖြစ်ပေမယ့် ဘုရင်မက သူ့အမှုထမ်းများကိုတော့ ဘယ်တော့မှ အပြစ်ယူလေ့
မရှိပါဘူး။
တစ်ခါတုန်းကလည်း သူတစ်ယောက်တည်း
ညစာစားဖို့ ကျွန်တော် ပြင်ဆင်ပေးရပါတယ်။ စားဖိုမှူးက ငါးဟင်းနဲ့စားဖို့
ချက်ပေးထားတာပါ။ စားမယ်လို့ ဇွန်းခက်ရင်းတွေ ပြင်ဆင်ပြီးကာမှ စားချင်စိတ်
မရှိတော့တဲ့ဟန်နဲ့ 'ပေါလ်...
ဒီငါးတွေ ငါမကြိုက်ဘူးဆိုတာ အတန်တန် ပြောထားပါရက်နဲ့ ဘာကြောင့် ချက်သလဲ မသိဘူး'
လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော်က စားဖိုဆောင်ကိုသွားပြီး ဒီငါးဟင်း
ပြန်ပို့ လိုက်ရမလားလို့ မေးတော့ 'ဒီဟင်းကို
ပြန်ပို့လိုက်ရင် စားဖိုမှူးကို အရေးယူခံရလိမ့်မယ်။ သူ့အပြစ်မရောက်အောင်လို့ မင်းက
စားဖိုဆောင်ကိုသွားပြီး အသီးအရွက်တွေနဲ့ အသုပ်တစ်မျိုး လုပ်ပေးပါလို့ ခိုင်းလိုက်တော့' လို့ ဖြေခဲ့ပါတယ်။ အဲဒီလောက်အထိ သူ့ အမှုထမ်းများအပေါ်မှာ ညှာတာစိတ်
ရှိသူပါ။
ဘုရင်မကြီးက သူ့အိမ်တော်
ဝန်ထမ်းများဟာ စိတ်ပင်ပန်းမှုများစွာနဲ့
တာဝန် ထမ်းဆောင်ကြရတယ်ဆိုတာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်
ညီမတော်ဖြစ်တဲ့ မာဂရက်ကတော့ ဘုရင်မနဲ့ စိတ်ထားချင်း တခြားစီပါ။ အိမ်တော်
အမှုထမ်းများကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးပါဘူး။ အမှား တစ်စုံတစ်ရာ တွေ့တာနဲ့
တစ်ပြိုင်နက် ချက်ချင်း အရေးယူတတ် တာပါ။
မာဂရက်ရဲ့ အိမ်တော်မှာဆိုရင်
အမှုထမ်းများဟာ သူကြည့်တဲ့ ရုပ်မြင်သံကြားစက်ကို ကြည့်ခွင့်မရှိပါဘူး။ တစ်ခါတုန်းက
တော်ဝင်မိသားစုများ ဘာလ်မိုရယ်လ် စံအိမ်မှာ ရှိနေကြစဉ် ကျွန်တော်လည်း ရှိနေပါတယ်။
ညည့်နက်ပြီ ဖြစ်တဲ့အတွက် သူတို့အားလုံး စက်ရာခန်း အသီးသီးကို ဝင်သွားကြပါပြီ။
ကျွန်တော်နဲ့ အတူရှိနေတဲ့ အမှုထမ်းကလေး နှစ်ဦးတို့မှာ ထိုင်ပြီး
အချိန်ဖြုန်းနေကြမယ့်အစား ရုပ်မြင်သံကြား ကြည့်နေရင် အချိန်ကုန်လွယ်လိမ့်မယ်လို့
ခံယူခဲ့ကြပါတယ်။ ဒီစက်ဖွင့်လိုက်တာကို ဘယ်သူ့မှ သိမှာ မဟုတ်ဘူးလို့လည်း
ထင်ခဲ့ကြပါတယ်။
ရုတ်တရက် လင့်ရိုဘာ
ကားသံကြားလိုက်ရတာကြောင့် ကျွန်တော်တို့ ရုတ်တရက် ထလိုက်ကြပြီး
ရုပ်မြင်သံကြားစက်ကိုပိတ်ကာ တာဝန်ကျရာ နေရာမှာ အသင့်အနေအထားနဲ့ နေလိုက်ကြပါတယ်။ ဒါပေမယ့်
ဧည့်ခန်းထဲကို ဝင်လာတဲ့ မာဂရက် မင်းသမီးက သံသယ ရှိသွားတဲ့အတွက်
ရုပ်မြင်သံကြားစက်ဆီကို လျှောက်သွားပြီး စက်နောက်ဘက်ကို သူ့လက်နဲ့ စမ်းကြည့်
လိုက်ပါတယ်။ စက်ပူနေတာကို တွေ့သွားတဲ့အတွက် 'နင်တို့ ရုပ်မြင်သံကြားစက် ဖွင့်ကြည့်နေကြတယ်
မဟုတ်လား'လို့ မေးတော့တာပါပဲ။ အခန်းထဲမှာလည်း ကျွန်တော်တို့
လေးယောက်သာ ရှိတဲ့အတွက် မငြင်းသာပါဘူး။ ဒါပေမယ့် မာဂရက်မင်းသမီးရဲ့ စူးရှတဲ့
မျက်လုံးဒဏ်ကို ကျွန်တော်တို့ ခံနေဆဲမှာပဲ သူ့အသံကြားတာကြောင့် ဘုရင်မကြီးက
အိပ်ခန်းထဲက ထွက်လာလို့ ကျွန်တော်တို့ သက်သာရာ ရခဲ့ပါတယ်။
မာဂရက် မင်းသမီးက လွတ်လွတ်လပ်လပ်
နေရတာကိုလည်း နှစ်သက်သူပါ။ တစ်ညနေခင်းမှာ လက်ဆွဲခြင်း တစ်လုံးနဲ့ သူကိုယ်တိုင်
မီးလင်းဖိုအတွက် သစ်ကိုင်းခြောက်တွေ လိုက်ကောက်နေတာ ကျွန်တော်မြင်ခဲ့ဖူးပါတယ်။
ကျွန်တော်ပါ ဝိုင်းကူကောက်ပေး သင့်တယ်လို့ ယူဆတာကြောင့် ချောင်းသံပေးလိုက်ပြီး 'ကျွန်တော်ကူပါရစေလား
မင်းသမီး'လို့ ပြောလိုက်ပါတယ်။
သစ်ကိုင်းခြောက်တွေကို
ထိုင်ကောက်နေတဲ့ မင်းသမီးက ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး 'ဟေ့
ဒီမယ်... တို့ ငယ်ငယ်တုန်းက Girl Guide (အမျိုးသမီး
ကင်းထောက်) လုပ်ခဲ့ဖူးတယ်ကွယ့်။ အဲဒါ မင်းသိလား' လို့ ဆိုပြီးတော့
သူ့ဘာသာသူ ထင်းခြောက်တွေကို ဆက်ကောက်နေခဲ့ပါတယ်။
မာဂရက် မင်းသမီးက တစ်ခါတလေမှာတော့လည်း
ကြင်နာစိတ် ရှိတတ်ပါတယ်။ တစ်ခါတုန်းက သူ့ခြေမြန်တော် ကျွန်တော့်မိတ်ဆွေ ရော်ဂျာ
ကြုံခဲ့ရတဲ့အဖြစ်ကို ပြောပြချင်ပါသေး တယ်။ ဧည့်ခန်းထဲမှာ တော်ဝင်မိသားစုများ
မရှိကြတော့ဘဲ ကျွန်တော်တို့ အမှုထမ်းများကသာ ပစ္စည်းတွေ သိမ်းဆည်းနေကြပါတယ်။
အဲဒီအချိန်မှာ ဓာတ်စက်က အသံတော်တော်ကျယ်ကျယ်နဲ့ ဓာတ်ပြားတစ်ခု ဖွင့်ထားပါတယ်။
ရော်ဂျာက ကျွန်တော်တို့ချည်းပဲ ရှိတော့တယ်အထင်နဲ့ သီချင်းကို အော်ကြီးဟစ်ကျယ်
ဆိုပြီးဝင်လာတဲ့အပြင် လက်နှစ်ဖက်ကို ဆန့်တန်းပြီး ဟန်ပါပါ သရုပ်ဆောင် နေပါသေးတယ်။
ကျွန်တော်တို့အားလုံး မျက်လုံးပြူးကုန်ကြပါတယ်။ မင်းသမီး ရှိနေသေးကြောင်း သူ့ကို
မျက်ရိပ်မျက်ခြည်ပြပေမယ့်လည်း တော်တော်နဲ့ သဘောမပေါက်ပါဘူး။ နောက်ဆုံး
မီးလင်းဖိုရှေ့မှာ စီးကရက် ထိုင်သောက်နေတဲ့ မာဂရက် မင်းသမီးကို မြင်လိုက်တော့မှ
သူ့အသံပြဲကြီး တိတ်သွားပါတော့တယ်။
အားလုံးရင်ထဲမှာတော့ အပြစ်ပေး
ခံရတော့မှာပဲလို့တွေးပြီး ငြိမ်သက်နေကြပါတယ်။ မာဂရက်မင်းသမီးက ဘာမှ ထွေထွေထူးထူး
မပြောပါဘူး။ လက်ခုပ် ညင်ညင်သာသာ တီးလိုက်ပြီး 'အမှုထမ်းတွေထဲမှာလည်း
အရည်အချင်းရှိတဲ့သူတွေ ရှိနေသေးတာကိုး' လို့ ပြောရင်း
ဧည့်ခန်းထဲမှ ထွက်ခွာသွားခဲ့ပါတယ်။
▀
ဆက်လက်ဖော်ပြပါမည်
ဝင်းငြိမ်း
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။