ရွှေနှလုံးသား

အဖြူရင့်ရင့်

ဝတီချို

01 July 2025
အဖြူရင့်ရင့်
Share to

'နင် ငါ့ကို ဝေဖန်စရာ မလိုဘူး မိုးယံ'

'ငါ ဝေဖန်တာ မဟုတ်ဘူး ကြယ်စင်၊ နင့်သမိုင်းမှာ မရိုင်းရအောင် သတိပေးနေတာ'

'မလိုပါဘူး၊ ငါ့စိတ်နဲ့ ငါ့ကိုယ် ငါနေချင်သလို နေမယ်၊ ဘာလဲ မိုးယံ၊

နင်နဲ့ ငါ့ကြားမှာ ရှိနေတဲ့ သူငယ်ချင်းဆိုတဲ့ အလွှာပါးပါးလေးကို နင်မမြင်ချင်တော့ဘူးလား'

ကျွန်မ စကားအဆုံးမှာ ဖျပ်ခနဲ လှည့်ကြည့်လာတဲ့ မိုးယံမျက်ဝန်းထဲ ကြေကွဲရိပ် တစ်စွန်းတစ်စကို မြင်လိုက်မိသလို။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ဒေါသအခံက ကျွန်မရဲ့ သံယောဇဉ်ကို  လွှမ်းမိုးထားဆဲမို့ စကားအမှားကို သတိထားလိုက်မိပေမယ့် ကျွန်မ ပြန်မပြင်ဖြစ်ခဲ့ပါ။

'နင့် အသိတရားတွေ သံချေးတက်ကုန်ပြီ ကြယ်စင်၊ နင့်အပေါ်ထားခဲ့တဲ့ စေတနာ မှန်သမျှ ရိုက်ချိုးခံလိုက်ရမှတော့ ငါတို့နှစ်ယောက်ကြားက သူငယ်ချင်းဆိုတဲ့ အလွှာပါးပါးလေးကို ငါကိုယ်တိုင်ပဲ အဆုံးစီရင်ပစ်လိုက်မယ်'

အဖျားခတ်သွားတဲ့ စကားသံ တိုးရှရှကြောင့်လား။ ဒါမှမဟုတ် လှမ်းထွက်သွားတဲ့ ခြေသံခပ်ဖွဖွကြောင့်လား။ ကျွန်မရင်ထဲ လှိုက်လှဲဆို့နင့်လာသည်။ ဟင့်အင်း...ကျွန်မ မငိုဘူး။

ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားဖို့ ဝန်မလေးတဲ့ လူတစ်ယောက်နဲ့ သူငယ်ချင်း မတော်ရတော့တာ ဘာဖြစ်လဲ။ သြော်... မငိုပါဘူးဆိုမှ ဒီမျက်ရည်က ကျလာပြန်ပါပြီ။

ကျွန်မဘဝမှာ ကျွန်မကို 'ကီပင်' လို့ ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့တဲ့ ယောကျ်ားတစ်ယောက်ဟာ

ကျွန်မ အချစ်ဆုံး သူငယ်ချင်း 'ဘုန်းမိုးယံ' ဖြစ်နေတာကြောင့် ဝမ်းနည်းပြီး ကျတဲ့ မျက်ရည် ထင်ပါရဲ့လေ။

            ကျွန်မတို့ မြို့ကလေးရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းမှာ ခြံကျယ်ကြီး တစ်ခုရှိသည်။ ထိုခြံကြီး အလယ်တည့်တည့်မှာ ရှေးခေတ် နှစ်ဆောင်ပြိုင်အိမ်ကြီး ရှိပြီး ကျွန်မ အဖေ၏ မိဘနှစ်ပါးနှင့် အဒေါ် အပျိုကြီး နှစ်ယောက်နေသည်။ ယင်းနှစ်ဆောင်ပြိုင်အိမ်ကြီး၏ ခြေရင်းဘက်တွင် ဘန်ဂလိုပုံစံ တစ်ထပ်တိုက်လေး သုံးလုံးရှိသည်။ အဖေ့ အစ်ကိုကြီး မိသားစုအိမ်၊ အဖေ့ အစ်ကိုလတ် မိသားစု အိမ်နှင့် ကျွန်မတို့ မိသားစု အိမ်ကလေးများပင် ဖြစ်သည်။ ကျွန်မတို့နှင့် ခြံချင်းကပ်ကတော့ မိုးယံတို့ မိသားစု ဖြစ်၏။ မိသားစု ဆိုပေမယ့် သုံးဦးတည်းရှိပြီး မိုးယံက တစ်ဦးတည်းသော သား။ အဲဒီတော့ မောင်နှမ ဝမ်းကွဲများစွာနဲ့ ထာဝရ ဆူညံနေတတ်သော ကျွန်မတို့ ခြံကြီးသည် မိုးယံအတွက် Happy World ဖြစ်ခဲ့သည်။ ကျွန်မ မှတ်မိသလောက် ဆော့ကစားရင်း ရန်ဖြစ်လျှင် ကျွန်မ၏ ထာဝရ ဘက်တော် သားမှာ မိုးယံပင် ဖြစ်သည်။ မူလတန်းကာလတစ်လျှောက် ကျွန်မ၏ ထမင်းချိုင့်ဆွဲ၊ လွယ်အိတ်လွယ် တာဝန်ကို မိုးယံကပင် ကန်ထရိုက် ဆွဲခဲ့၏။ ရွယ်တူချင်းပေမယ့် ကျွန်မဗိုလ်ကျ အနိုင်ယူသမျှကို မိုးယံ အပြုံးမပျက်ခဲ့။

            ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီး အားလပ်နေချိန်မှာ မြို့ကလေးရဲ့ Super Market တစ်ခုတွင် ကျွန်မနှင့် မိုးယံ အလုပ်ဝင်လုပ်ခဲ့ကြသည်။ မိုးယံက စာရေးကိရိယာ ရောင်းသော ကောင်တာမှာ တာဝန်ကျပြီး ကျွန်မက အလှကုန်ကောင်တာကို တာဝန်ယူရသည်။ အဲဒီမှာတင် 'ကိုကြီး' ဟု ကျွန်မတို့ (ကျွန်မတို့ ဆိုတာက Super Market မှာရှိတဲ့ ကျွန်မအပါအဝင် အရောင်းတာဝန်ခံ မိန်းကလေး ၆ ယောက်ကို ပြောတာပါ) ခေါ်သော 'လင်းဝဏ္ဏ' နှင့် ဆုံတွေ့ဖြစ်ခဲ့သည်။ ကိုကြီးက ရန်ကုန်က  (.......) ပစ္စည်း ကိုယ်စားလှယ်တစ်ဦး။ အပတ်စဉ် အင်္ဂါနဲ့ စနေနေ့တိုင်း (......) တံဆိပ်ကားကြီးနဲ့ ရောက်လာပြီး ပစ္စည်းများ ပို့တတ်သည်။ ရုပ်ခပ်ချောချော၊ အပြောက ကောင်းကောင်းဆိုတော့ ကိုကြီးကို  ခင်မင်ကြသည့် လူတွေထဲ ကျွန်မ ပါနေတာ မဆန်းခဲ့။ ဆန်းတာက လွန်ခဲ့သည့် နှစ်ပတ်ကျော်လောက်က ကိုကြီး ကျွန်မကို ရည်းစားစကား ပြောခဲ့ခြင်းပင်။ မိုးယံကို မပြောဘဲ ထားတာတောင် ကိုယ်တော်ချောက ဘယ်လို သတင်းရသွားလဲ မသိ။ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် မနက်အစောကြီး အိမ်ကို ရောက်လာပြီး ခြံထဲမှ ငုဝါပင်အောက် ဆွဲခေါ်လာသည်။

            'စောစောစီးစီး ဘီလူး စီးလာတာ ကျနေတာပဲ၊ ဘယ်လိုဖြစ်လာတာတုန်း မိုးယံ'

            'နင်ကပဲ တစ်ပြန်စီး ပြောရသေးတယ်၊ ငါ့ကို မှန်မှန်ပြောစမ်း ကြယ်စင်၊ နင့်ကို လင်းဝဏ္ဏ ၂၃ ရက်နေ့က ဘာပြောလဲ'

            '၂၃ ရက်နေ့က ... သြော်... သတိရပြီ။ သူတို့ ကုမ္ပဏီကားနဲ့ အခြောက်နှစ်ယောက် လမ်းကြုံလိုက်လာတာတဲ့၊ လမ်းမှာ ကားချင်းရှောင်ရင်း ချိုင့်ထဲကျသွားပြီး ကားဆောင့်တော့ သူတို့ဝတ် လာတဲ့ အတုတွေ ပြုတ်ထွက် ကုန်လို့ရယ်လိုက်ရတာ ပြောမနေနဲ့တဲ့။ သူမပြောနဲ့ ငါတောင် ရယ်ချင်တယ်၊ အဟင်း...ဟင်း'

            'ကြယ်စင်... ဒါနောက်စရာ မဟုတ်ဘူးနော်၊ နင့်ကို ငါ အတည်အတံ့ မေးနေတာ'

            မိုးယံရဲ့ ဒေါသဒီဂရီက ကုန်ဈေးနှုန်းနဲ့ အပြိုင်မြင့် တက်လာသည်။ ရယ်ချင်စိတ်ကို မျိုသိပ်ရင်း ဘာမှ မသိနားမလည်သလို အူကြောင်ကြောင်လုပ်နေသော ကျွန်မထံကို မထိုးတတ်ထိုးတတ်နဲ့ ထိုးလိုက်သော မျက်စောင်းတစ်ချက် ဒိုင်းခနဲ ရောက်လာသည်။

            'ရယ်ချင် ပက်ကျိမျက်နှာနဲ့ ငါ့ဒေါသကို ဆွမနေနဲ့နော်၊ နင့်ကို လင်းဝဏ္ဏ ရည်းစားစကား ပြောတယ် မဟုတ်လား'

            'ပြောတော့ ပြောတယ်ဟ၊ ဒါပေမယ့် ၂၃ ရက်နေ့ ကလား၊ ၂၄ ရက်နေ့ကလား၊ ၂၅ ရက်'

            'တော်စမ်း ကြယ်စင်၊ ဒီလိုလူမျိုးပြောတဲ့ စကားကို နင်ယုံစားရင် သတ်ပုံမှားသွားမယ်၊ နားလည်လား'

            'မိုးယံကလည်းဟယ် ဒေါသချည်းပဲ၊ ငါဗိုက်ဆာလာပြီဟာ၊ ဘာမှမစားရသေးဘူး... သိလား'

            'အေး...နင်က အခု မနက်စာပဲ မစားရသေးတာ၊ ငါက မနေ့က ညစာပါ စားရသေးတာ မဟုတ်ဘူး၊ သိသိချင်း နင့်ကို ပြောချင်နေတာ။ မိုးချုပ်နေလို့ သက်သာသွားတယ်မှတ်'

            'အေးပါဟယ်၊ လာပါ၊ မုန့်ဟင်းခါး သွားစားရအောင်နော်'

            'မုန့်ဟင်းခါးကို အသာထားဦး၊ နင့်ကို ငါစေတနာနဲ့ ပြောနေတာ၊ ငါတို့က မြွေမြွေချင်း ခြေမြင်တယ်နော်'

            အိမ်ဘက်ကို ပြန်လျှောက်လာရင်း မိုးယံက ကျွန်မကို လေပြည်လေးနဲ့ နားချပြန်သည်။ မကွန့်ရလျှင် မနေနိုင်သော ကျွန်မက 'မဖြစ်နိုင်တာ မပြောနဲ့ မိုးယံ၊ မြွေမှာ ခြေထောက်မှ မရှိတာ' ခြေလှမ်းကိုတုံ့ရင်း မိုးယံ ကျွန်မကို ခပ်စူးစူး ကြည့်လာသည်။

            'နင့်စကားတွေက ဆားမပါတဲ့ ဟင်းလိုပဲ ပေါ့ပျက်ပျက် နိုင်လွန်းနေတယ် ကြယ်စင်၊ နင်ဒီအတိုင်း ဆက်သွားရင်တော့ လင်းဝဏ္ဏဆိုတဲ့ လူလည်လူနပ်တစ်ယောက်ရဲ့ ကီပင်ဘဝကို ရောက်သွားမှာ သေချာတယ်'

            ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားသည်။ ကြားလိုက်ရတဲ့ စကားကို မယုံချင်။ ပြောရက်လိုက်တာ။ ကျွန်မ သံယောဇဉ်အရှိရဆုံး သူငယ်ချင်းက ကျွန်မရဲ့ ကိုယ်ကျင့်တရားကို လှလှပပ စော်ကား နေလိုက်တာ။ ကျွန်မ သူ့ မျက်နှာကို မကြည့်ချင်တော့။ ကျောခိုင်းလျက်မှ စကားတစ်ခွန်း ပြောဖြစ်သွားသည်။

            'နင် ငါ့ကို ဝေဖန်စရာ မလိုဘူး မိုးယံ'

            မိုးယံ Super Market က ထွက်ပြီး မိဘတွေ အတန်တန် တားနေသည့်ကြားက အလုပ်လုပ်ရန် အကြောင်းပြကာ သူငယ်ချင်းတစ်ယောက်နှင့် မူဆယ်ကို ထွက်သွားသည့် သတင်းကို ကြားရတော့ ကျွန်မရင်ထဲ ကြက်ခြေခတ်တွေ နေရာယူခဲ့သည်။ လစ်ဟာနေသော ရင်ခွင်မှာ အစားထိုးစရာ ရှာမတွေ့နိုင်ခဲ့။ အချစ်မဲ့ နေ့ရက်များစွာကို ခြောက်သွေ့ခြင်းနဲ့ ဖြတ်ကျော်နေရသည်။ မိုးယံ မရှိ သည့်အချိန်မှာ သူ မနှစ်သက်ခဲ့သော ကိစ္စတစ်ခုကို ကျွန်မ ရှေ့မတိုးချင်တော့ပါ။ ကိုကြီး၏ အရေးပေး ဂရုစိုက်မှုတို့အပေါ် သာယာမိပေမယ့် ကျွန်မ ပြတ်ပြတ်သားသား ငြင်းခဲ့ပါသည်။

            အခုတလော ဖိနပ်ကောင်တာဘက်ကို ကိုကြီး ခြေလှမ်းစိပ်နေသည်။ အင်္ဂါနဲ့ စနေနေ့တိုင်း ဆိုင်ကပြန်ချိန်တွေမှာ ကိုကြီးနဲ့ပါသွားတတ်သော ထိုကောင်တာမှ မိန်းကလေးကိုကြည့်ရင်း မိုးယံနှင့်အတူ ပြန်နေကျ ခပ်ပါးပါး ညနေခင်းတွေကို သတိရမိပြန်သည်။ ဘာလိုလိုနဲ့ မိုးယံ မြို့ကလေးက ထွက်သွားတာ သုံးလကျော်ခဲ့ပြီ ပဲလေ။

            'ဒီမှာ ညီမလေး ဒီဆိုင်က သီရိစံနဲ့ တွေ့ချင်လို့ပါ'

            အသံကြားရာ ကောင်တာရှေ့ကို လှမ်းကြည့်လိုက်သော အသက်သုံးဆယ်ခန့် အမျိုးသမီးလှလှ တစ်ဦးကို တွေ့လိုက်ရသည်။

            'ဟိုဘက်ကောင်တာက အင်္ကျီအစိမ်းလေး ဝတ်ထားတာ သီရိစံပါ မမ'

            ကျွန်မ စကားအဆုံးမှာ အမျိုးသမီးက သီရိစံကို တစ်လှည့်လက်မှ ကိုင်လာသော ဓာတ်ပုံဟု ထင်ရသည့် ကတ်ပြားလေးကို တစ်လှည့်ကြည့်ပြီး...

            'ဟုတ်တယ်... ဟုတ်တယ်...ကျေးဇူးပဲနော်...ညီမလေး' ဟု ကျေးဇူးစကားဆိုရင်း ခပ်သွက်သွက် လှမ်းထွက်သွားသည်။ ကျွန်မလည်း ကောင်တာထဲမှ ပစ္စည်းများ လှလှပပဖြစ်အောင် နေရာချနေလိုက် သည်။ နံနက် ၇ နာရီသာသာ ဆိုင်ဖွင့်ခါစဖြစ်၍ ဆိုင်တွင်းမှာ လူရှင်းနေပါသေးသည်။ ဘာရယ်မဟုတ်၊ သီရိစံတို့ဘက် အမှတ်တမဲ့ အကြည့်ရောက်စဉ်မှာ မြောက်တက်သွားသော အမျိုးသမီး၏ လက်တစ်ဖက် ပြန်အကျနှင့် 'ဖြန်း' ခနဲ အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ အံ့အားတသင့်နှင့် ကျွန်မ ထိုင်ရာမှ ထလိုက်မိသည်။ ကျွန်မ သီရိစံတို့နားရောက်တော့ လူ အုံနေပြီ။ အခြားကောင်တာတွေကလည်း ကျွန်မလိုပင် မြင်ကြကြားကြဟန်တူ၏။

            'ဘယ်လိုဖြစ်ကြတာလဲ... သီရိစံ'

            ဆိုင်ရှင် အန်တီဆွေ၏ အမေးကို မဖြေဘဲ ရှိုက်ကြီး တငင်ငိုနေသော သီရိစံကြောင့် အန်တီဆွေ မျက်နှာက အမျိုးသမီးဘက် လှည့်သွားသည်။

            'ဒီကညီမပဲ အကြောင်းစုံ ရှင်းပါဦး'

            'ကျွန်မနာမည် ယဉ်လဲ့ညိုပါ၊ လင်းဝဏ္ဏရဲ့ ဇနီးပါ

            'မြတ်စွာဘုရား...'

            ကျွန်မအပါအဝင် အားလုံးရဲ့ ဘုရားတသံပါ။

            'သားကြီး မွေးပြီးကတည်းက လင်းဝဏ္ဏ ခြေလှမ်းပျက်လာတာကို ရိပ်မိလို့ အချိန်မီ လိုက်ထိန်းသိမ်းနေရတာပါ။ သီရိစံကိုလည်း ကျွန်မ အပြစ်တင်နေတာ မဟုတ်ပါဘူး။ အကျိုးအကြောင်း ရှင်းပြပြီး နောက်ဆုတ်ဖို့ ပြောတာပါ။ ဒါကို သူက နောက်မဆုတ်နိုင်ဘူးဆိုလို့... ကျွန်မ အားလုံးကို ကျွန်မ တောင်းပန်ပါတယ်'

            စကားအဆုံးမှာ မျက်နှာကို ငုံ့ချရင်း လှမ်းထွက်သွားသည့်အမျိုးသမီးရဲ့ ကြွေလွင့် မျက်ရည်စက်ကို ကျွန်မ မြင်လိုက်မိတော့ ရင်ထဲမကောင်း ဖြစ်ရသည်။ အန်တီဆွေက 'သီရိစံ၊ ညနေ ဆိုင်သိမ်းပြီးရင် အန်တီနဲ့ လာတွေ့ပါ' ဟု မှာပြီး အနောက်ခန်းထဲ ပြန်ဝင်သွားသည်။ လူရှဲစ ပြုသွားသော သီရိစံ အနားတွင် ကျွန်မ ဝင်ထိုင်လိုက်သည်။ စင်ပေါ်မှ အနည်းငယ်စောင်းနေသော ဖိနပ်တစ်ရံကို ပြန်တည့်ပေးရင်း လေသံတိုးတိုးဖြင့်

            'သီရိရယ်... သူပြေပြေ လည်လည် ပြောတုန်းက လက်ခံလိုက်ရင် ဘယ်သူမှတောင် ရိပ်မိမှာ မဟုတ်ဘူး' ဟု နားချရသည်။ ကျွန်မ စကားအဆုံးမှာ မျက်ရည်စက်လက်နှင့် သီရိစံ မော့ကြည့်လာသည်။

            'သူ့စကားကို လက်ခံလိုက်ရင် ငါဗိုက်ထဲက ရင်သွေးလေးက ဘယ်သူ့ကို အဖေခေါ်ရတော့မှာလဲ ကြယ်စင်'

            'မိုးယံပြန်လာတော့မည်။ အလုပ်လည်း အဆင်ပြေလာသည်' ဟု မိုးယံ မေမေပြောသံကြားတော့ ကျွန်မ ပျော်လိုက်သည့် ဖြစ်ခြင်း။ မိုးယံ ပြန်လာလျှင် ဖြစ်ခဲ့ပြီးသော ပဋိပက္ခကို မသိချင် ယောင်ဆောင်ရန် ကျွန်မက အရင်စခေါ်မည်။ မိုးယံ၏ စေတနာကြောင့် သီရိစံနေရာတွင် ကျွန်မ မဖြစ်ခဲ့ရခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောမည်။ ပြီးတော့...မိုးယံ တို့အိမ်ကထိန်သင်္ကန်းကပ် အလှူတုန်းက 'တရားခွေ ဖွင့်ရအောင် မိုးယံအခန်းထဲက ကက်ဆက်ယူခဲ့ သမီးရယ်' လို့ ဆိုလာတဲ့ မိုးယံမေမေကြောင့် တွေ့ခဲ့ရသည့် 'ချစ်သူက ကိုယ့်စေတနာတွေကို မှုန်ဝါးဝါး လုပ်ခဲ့တယ်' စာ ကြောင်းလေး ပါဝင်တဲ့ ဒိုင်ယာရီ နီညိုလေးကို မိုးယံ မသိအောင် သူ့စာကြည့် စားပွဲပေါ် ပြန်တင်ထားရဦး မည်လေ။  ။

ဝတီချို

(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

            


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်