ရွှေသုတ‌

ခင်းနှင်းယု၏ မဲဇလီ အပိုင်း (၁)

မြေနီသစ္စာ

01 July 2025
ခင်းနှင်းယု၏ မဲဇလီ အပိုင်း (၁)
Share to

က။

            ဝတ္ထု၏ အစသည် ပုံပြင်ဖြစ်သည်။ ပုံပြင်ကို အမိအဖ အဘိုးအဘွားတို့က သားသမီး မြေးမြစ်တို့အား ပြောပြကြသည်။ ဆရာ မင်းသုဝဏ်က 'ကျုပ်တို့ခေတ်က တောမှာ စာအုပ်ရှားတော့ အဘိုးအဘွားပြောတဲ့ ပုံပြင်တွေ နားထောင်ရတာပဲ။ နောက်မှ ပျော်တော်ဆက်တို့၊ ကြည့် တော်မူတို့ဆိုတဲ့ မဂ္ဂဇင်းတွေ တွေ့ပြီး စာဖတ်ဝါသနာ ပါတာပဲ' ဟု ပြောဖူးသည်။

            ကလေးဘဝမှာ ပုံပြင်ဖြင့် ကြီးပြင်းလာသူတို့သည် စာဖတ်အား ကောင်းလာသည်နှင့်အမျှ ဝတ္ထုကို ဖတ်ကြသည်။ ဖတ်မိသည်နှင့် ဝတ္ထုက ဖမ်းစားတော့သည်။ ဝတ္ထုကို စွဲလမ်းကြသည်။ ဝတ္ထုသည် စာဖတ်သူတို့အကြိုက်မှာ ထိပ်ဆုံးက နေရာယူလာသည်။

            စင်စစ် ဝတ္ထုဆိုသည်မှာ ဇာတ်လမ်းနှင့် ဇာတ်ဆောင်ပါသော ဆွဲဆောင်စာပေဖြစ်သည်။ ပိုရှင်းအောင် ဖော်ပြရလျှင် လူတို့၏ အဖြစ်အပျက် အကြောင်းအရာကို စကားပြေဖြင့် ဖော်ပြသော စိတ်ကူးစာပေ ဖြစ်သည်။

            ဝတ္ထုဟူသော အသုံးအနှုန်းကို မင်းဘူးဆရာတော် ဦးသြဘာသက စတင်သုံးစွဲခဲ့သည်ဟု အမှတ်အသားရှိသည်။ ဇာတ်ကြီး ၁ဝ ဘွဲ့အနက် ၈ ဘွဲ့ကို ပါဠိမှ မြန်မာဘာသာသို့ ပြန်ရာတွင် ဆရာတော်က ဇာတက ဝတ္ထုဟု သုံးစွဲခဲ့သည်။

            ယင်းသို့ စာဖတ်ပရိသတ်တို့ကြားမှာ ထိပ်ဆုံးက ဝတ္ထုရှိနေချိန်တွင် ဝတ္ထု၏အနေအထားသည် ပုံသဏ္ဌာန်နှစ်မျိုးဖြင့် ထွန်းကားလာသည်။ တစ်မျိုးသည် ဝတ္ထုရှည်ဖြစ်၍ နောက်တစ်မျိုးသည် ဝတ္ထုတို ဖြစ်သည်။

            လုံးချင်းဝတ္ထုကို ဝတ္ထုရှည်မှာ ထည့်ထားသလိုပင် ဝတ္ထုတိုသည်လည်း သူ့နေရာနှင့်သူ သီးသန့်ရှိသည်။ ဝတ္ထုတိုပေါင်းချုပ်ဆုအဖြစ် အမျိုးသားစာပေဆု ချီးမြှင့်ရာမှာပင် စာပေဆု တစ်ဆုအဖြစ် သတ်မှတ်ခံထားရသည်။ ဝတ္ထုတို ပေါင်းချုပ်ကို ဝတ္ထုတို ပေါင်းစည်းမှုအဖြစ်လည်း ဖော်ပြကြသည်။

            ခင်နှင်းယုသည် မြန်မာစာပေလောကတွင် ထင်ရှားသော ဝတ္ထုရေးဆရာဖြစ်သည်။ ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်ဖြင့် စာပေဗိမာန်ဆုကို ရရှိခဲ့သူ ဖြစ်သည်။

            ခင်နှင်းယု၏ မဲဇလီသည် ဝတ္ထုတို ပေါင်းစည်းမှု ဖြစ်သည်။ ဝတ္ထု (၄) ပုဒ်ကို စုစည်းထားသည့် ဝတ္ထုတိုပေါင်းချုပ်ဖြစ်သည်။ ယင်းဝတ္ထုတိုတို့ကား မဲဇလီ၊ မောတယ် တောအလယ်၊ ဆီးနှင်းပြိုင်ကျ ဆောင်းတစ်ညနှင့် ပါရမီဖြည့်စမို့တို့ပင်။

ခ။

            ခင်နှင်းယု၏ မဲဇလီ စုစည်းမှုပါ ဝတ္ထု (၄) ပုဒ်သည် အလွမ်းဘွဲ့ချည်း ဖြစ်သည်။ သို့သော် အဆင်မတူ၊ မူကွဲသည်။ ဦးတည်ချက်လည်း ခြားနားသည်။

            ဝတ္ထုသည် စာပေဖြစ်သည်။ ဖတ်သူအား စိတ်လှုပ်ရှားမှုကို ပေးသည်။ ခံစားမှုကို မျှဝေသည်။ စိတ်လှုပ်ရှားမှု ခံစားမှုသည် ရသဖြစ်သည်။ ယင်းကြောင့် ဝတ္ထုသည် ရသစာပေ ဖြစ်သည်။

            ရသစာပေဖြစ်သော ဝတ္ထုကို စိတ်ကူးဖြင့် ဖွဲ့နွဲ့သည်။ ဖန်တီးသည်။ သရုပ်ဖော်သည်။ စုဝန်းတည်ဆောက်သည်။ ဝတ္ထုသည် လူအကြောင်းကို စိတ်ကူးဖြင့် ဖွဲ့နွဲ့ဖန်တီး သရုပ်ဖော်လျက် စုဝန်းတည်ဆောက်ထား၍ ပရိသတ်ကို ယိမ်းနွဲ့လှုပ်ခါအောင် သိမ်းသွင်းပြုစားသည်။ ပရိသတ် ရင်ထဲမှာ စီးဆင်းလွင့်မျောအောင် ရစ်ပတ်နှောင်ဖွဲ့သည်။ ပရိသတ်ကို မွေ့လျော်ပျော်ပိုက်အောင်  ပွားများအားထုတ်သည်။ ပရိသတ်၏ ဆာလောင်မွတ်သိပ်မှုကို မျှဝေဖြည့်ဆည်းသည်။

            ခင်နှင်းယု၏ စုစည်းမှုပါ ဝတ္ထု (၄) ပုဒ်သည် ယင်းရသ ခံစားမှုတို့ကို သင့်တင့်မျှတစွာ ထုဆစ်သွန်းလုပ်ထားသည်။

ဂ။

            ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တာချီလိတ်မြို့ရှိသည်။ စာရေးဆရာ ခင်နှင်းယုသည် မဲဇလီကို တာချီလိတ်တွင် ဇာတ်အိမ်တည်ဆောက်ထားသည်။ မဲဇလီ၏ ဦးတည်ချက်သည် AIDS ကိုယ် ခံစွမ်းအားကျ ရောဂါ၏ အနိဋ္ဌာရုံကို မီးမောင်းထိုးပြသည်။ တာချီလိတ်သည် နယ်ခြားမြို့ဖြစ်၍ တစ်ဖက်နိုင်ငံနှင့် ကူးလူးဆက်ဆံမှုရှိသည်။ AIDS ဖြစ်နိုင်သော လက္ခဏာတို့သည် နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုနှင့် ထွေးရောယှက်တင်ရှိသည်။

            စာရေးဆရာသည် အမျိုးသမီးဖြစ်၍ အမျိုးသမီးတို့၏ အမြင်ကို ပုံဖော်သည်။ စာရေးဆရာ၏ စေတနာကို အမျိုးသမီးဇာတ်ဆောင်တို့မှတစ်ဆင့် ပြောပြသည်။

            မိန်းမသားတို့၏ အားမာန်ကို ကျောက်ထုအလုပ်သမ ငွေကြည်၊ နန်းခမ်းလုံတို့ဖြင့် သရုပ်ပြသည်။ ရိုးသားကြိုးစားမှုတို့ စူးစိုက်ထက်သန်လျှင် ရည်မှန်းချက် ပန်းတိုင်ရောက်ကြောင်း ထုတ်ဆောင်ပြသသည်။

ဃ။

            'မောတယ် တောအလယ်' သည် အတ္ထုပ္ပတ္တိဆန်သည်။ သို့သော် စာရေး ဆရာက ပြန်ပြောပြနည်းဖြင့် သရုပ်ဖော်ထားသည်။ အဓိက ဇာတ်ဆောင် နုနုကို သိုင်းဝိုင်းယှက်နွယ်၍ ဇာတ်အိမ် တည်ဆောက်ထားသည်။ နုနု ရုန်းကန်လှုပ်ရှားရသည့် ဘဝသည် တစ်ဖက်တွင် စိတ်ပျက်ဖွယ်ရာ ဖြစ်ရသလောက် တစ်ဖက်တွင် အားကျဖွယ်ရာဖြစ်သည်။

            နုနုသည် အလုပ်ကိုသာ ထွေးပိုက် ပွေ့ဖက်ထားသူ။ လျှောကျ သက်ဆင်းနေသော အခြေအနေထဲကနေ၍ ရုန်းကန်ထိုးထွက်နေသူ။ မိသားစုအပေါ် မေတ္တာဖြင့် ခြုံလွှမ်းပတ်မိုးလျက် လွဲချော်ယွင်းမှားမှုကို ရှောင်ရှားနိုင်သူ၊ ယင်းသို့သော လှိုက်ဖိုရင်မောဖွယ်ရာ နုနုဘဝကို ရေးခြယ်သီကုံးပြထားသည်မှာ ခရီးရှည်ကြီးတစ်ခုကို သွားနေရသလိုပင်။

င။

            ဆီးနှင်းပြိုက်ကျ ဆောင်းတစ်ည သည် မိန်းမသား တစ်ယောက်နေရာကနေ၍ အိမ်ထောင်ရေးဘဝကို ခြယ်ရေးပြထားသည့် စာပန်းချီကား တစ်ချပ်ပင်။

            ကြေးရတတ် လူတန်းစားများကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော အိမ်ထောင်ရေး ပြဿနာကို လဲ့လဲ့ ပြန်ပြောပြပုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

            လူ့ဘဝတွင် မဆန်းသော်လည်း မရိုးသည့် ကိစ္စသည် အိမ်ထောင်ရေး ဖြစ်သည်။ အိမ်ထောင်ရေးသည် မတူညီသူ နှစ်ဦးတို့ တူညီမှု တစ်ခုပေါ်တွင် ဘုံရပ်တည်ရသည့် ဘဝခရီးသွား ကိစ္စ ဖြစ်သည်။

            စာရေးဆရာသည် သူ့အတွေ့အကြုံတို့ထဲက စူးရှသက်ရောက်မှု၊ ရှုမြင်မှတ်သားမှုတို့ကို လဲ့လဲ့နေရာကနေ၍ အဆိုအချေထုတ်ပြသည်။ အလင်းအမှောင်ကို အရောင်အရိပ်အရုပ်တို့ဖြင့် ပုံဆောင်ပြသည်။

            နှစ်အစိတ် ဖြတ်သန်းလာသော တူနှစ်ကိုယ် ဘဝခရီးတွင် ပွားစီးလာသော မိသားစု အဝန်းအဝိုင်းထဲသို့ ဝင်ရောက်သော ပဋိပက္ခကိစ္စတို့အပေါ် စာရေးဆရာ၏ ဆင်ခြင်သုံးသပ်ပုံတို့ကြား က လွမ်းမောဖွယ်ရာ စာတစ်ပုဒ်ပင်။

စ။

            'ထဘီနီ ဘဝကတည်းက ကျွန်မတို့ သူနာပြုမတွေ မအိပ်မနေ ကြိုးစားလုပ်ခဲ့ရသည်' ဟူသော အမျိုးသမီး သူနာပြု နွယ်ကို ဗဟိုထား၍ ပါရမီဖြည့်စမို့ ကို ဇာတ်အိမ်တည်ဆောက်ထားသည်။

            'ဆရာဝန်ကြီးများသည် သူနာပြုကောင်းများကို ပို၍ အားကိုးတတ်ပါသည်။ ဒါပေမယ့် ကျွန်မတို့ သူနာပြုတွေကို အထင်သေးသူတွေက အနန္တပါရမီ ဆိုတာ အနစ်နာခံရ ဖြည့်ရမြဲဖြစ်သည်'

            ယင်းသည် စာရေးဆရာ၏ ဦးတည်ရည်ရွယ်ချက် ဖြစ်သည်။ အမျိုးသမီး သူနာပြုကို ဗဟိုမဏ္ဍိုင်ထား၍ ရေးဖွဲ့ရာတွင် စေတနာ၊ ဝါသနာတို့ဖြင့် အနစ်နာခံရပုံတို့ကို သိမ်မွေ့လှပစွာ မှုန်းခြယ်ရေးပြထားသည်။

            စာဖတ်သူတို့ မြင်သာအောင်၊ ခံစားလာအောင်၊ လူနာ၊ ဆေးခန်း၊ ဆေးရုံ၊ ဆရာဝန်၊ နှစ်ကိုယ်ကြား ပြုစုရမှု၊ ရောဂါ၊ လူနှင့် လူ့ပတ်ဝန်းကျင်၊ ဝေဒနာတို့ကို နောက်ခံထား၍ အမျိုးသမီး သူနာပြုဘဝကို ထောင့်စိအောင် သရုပ်ဖော်ထားသည်။

            ယိုယွင်းလျှော့ရဲ ကျိုးပျက်အားနည်းသူ လူနာတို့အား ရုပ်ပိုင်းကော၊ စိတ်ပိုင်းပါ ပြုစုပျိုးထောင် ပေးရသည်။ သူနာပြုတို့ ဘဝအပေါ် စာနာစိတ်တို့ ယိုဖိတ်လာအောင် ပါရမီဖြည့်စမို့ဖြင့် စွမ်းဆောင် နိုင်သည်ကတော့ စာရေးသူ၏ အောင်မြင်မှုပင်။

 

မဲဇလီ

က။

            တာချီလိတ်၏ နွေသည် ပူပြင်းလှသည်။ အဝတ်ထီးစုတ်ကြီးအောက်မှာ အညာသူ ငွေကြည်သည် ရွှေဘိုသူ အေးရှင်နှင့်အတူ ကျောက်ထုနေသည်။ ကျောက်တောင်ကြီးက မိုင်းနှင့် ခွဲထုတ်လိုက်သော ကျောက်တုံးများကို ကျောက်ခဲကလေးများဖြစ်အောင် တူဖြင့် ထုခွဲရသည်။ ထုပြီး ကျောက်ခဲတစ်ပုံးကို သုံးဘတ်ရသည်။ မိန်းမအားနှင့် ထုရ၍ (၁ဝ) ပုံး၊ (၁၂) ပုံးလောက်သာ ပြီးသည်။ ငွေကြည့် ယောကျ်ား လှအေးပါ လုပ်တုန်းကတော့ လင်မယားနှစ်ယောက်ဆိုလျှင် တစ်နေ့ ဘတ်တစ်ရာလောက် စီသည်။

            ငွေကြည်က လုံးကြီးပေါက်လှ ညိုညို။ ဇာတိက သဲတောမြို့နယ်၊ သပွတ်ကုန်းကျေးရွာ၊ ရွာမှာ လင်မယားနှစ်ယောက် ယာလုပ်ငန်းလုပ်သည်။ မစားလောက်၍ ယာခင်းပိုင်ရှင် ဒေါ် ကြီးစိန်သုံက တာချီလိတ်ကို ပို့ပေးလိုက်ခြင်း ဖြစ်သည်။

            တာချီလိတ်မှာ အိမ်လခ ဈေးကြီးသည်။ အပေါစား အစုတ်ဆုံး အိမ်တောင် တစ်လ ဘတ်သုံးရာလောက် ပေးရသည်။

            ငွေကြည် ကံကောင်းသည်။ ဒေါ် ကြီးစိန်သုံ စီစဉ်ပေးလိုက်၍ တာလော့ရပ်ကွက်ထဲက မမ နန်းခမ်းလုံအိမ်မှာ နေခွင့်ရသည်။ အိမ်လခ သက်သာသည်။

            ငွေကြည်ကလည်း မမကို တုံ့ ပြန်သည့်အနေနှင့် ကျောက်ထုရာက ပြန်လာလျှင် မမဆိုင်ကို ကူသိမ်းပေးသည်။ မမ အိမ်မှုကိစ္စတွေမှာ လိုရာဖြည့်ဆည်းပေးသည်။

            မမ နန်းခမ်းလုံက တာလော့ဈေးထဲမှာ ကျောက်မျက်ရတနာလုပ်ပြီး ကျောက်စိမ်းထည်တွေကို ဆိုင်ခင်း ရောင်းသည်။

            ငွေကြည်က ဒုက္ခခံနိုင်သလောက် ကြီးပွားတိုးတက်ဖို့ ဆန္ဒပြင်းပြသလောက် သူ့လင် လှအေးက ပေါ်ကြော့သမား ယောင်ယောင်။ လောင်းကစားကို ဝါသနာပါသည်။ ဖြတ်လမ်းနှင့် ငွေရချင်စိတ် ရှိသည်။ လုပ်တော့ လုပ်သည်။ လက်ကြောတင်းအောင် သိပ်ကြာကြာ မလုပ်ချင်။

            တစ်ရက်မှာ ခြစ်ခြစ်ခြုတ်ခြုတ်ဖြင့် ငွေကြည်သိမ်းဆည်းထားသော စုငွေကို လှအေး တိတ်တဆိတ်ယူသည်။ သုံးဆယ့်ခြောက်ကောင်နှင့် ချဲထီ ရှုံးပစ်လိုက်သည်။ 'နင်က သိပ်ချမ်းသာချင်တဲ့ မိန်းမ၊ ဒါကြောင့် ငါ သွားကစားတာ' ဟုပင် လှအေးက ငွေကြည်ကို အပြစ်တင်လိုက်သေးသည်။  ငွေကြည် ထိခိုက်ကြေကွဲရသည်။

            လမ်းကြောင်း သွေဖည်သွားသည့် လှအေးကြောင့် သူလျှောက်ရမည့် လမ်းကို ပြက်ပြက်ထင်ထင်ပင် ငွေကြည် သိမြင်လာသည်။ လှအေး မထိပါးနိုင်အောင် သူ့စုငွေကို မမခမ်းလုံထံ ငွေကြည် အပ်နှံလိုက်သည်။

            ယင်းကစ၍ ငွေကြည်နှင့် လှအေးတို့သည် တစ်စတစ်စ ကွာဟလာသည်။ ကျောက်ထုအလုပ်ကို လှအေး မဆင်းတော့ပါ။ လောင်းကစားဝိုင်း သွားသည်။ သောက်လာသည်။ နောက်ပိုင်းတွင် အိမ်မကပ်တော့သည့် အဆင့်ထိ လှအေး ရောက်သွားသည်။

            လှအေးမရှိတော့၍ မမခမ်းလုံက အိုးမကွာ အိမ်မကွာ အစီအစဉ်တစ်ခုကို ငွေကြည်အတွက် ဖန်တီးပေးသည်။ 'မမ စက်ဝယ်ပေးမယ်။ မင်းစက်ချုပ်သင်ပါ။ စက်ချုပ်တတ်ရင် မမအသိ ကုန်သည်တွေဆီက တရုတ်ဖဲတွေယူပြီး ချုပ်၊ တစ်ယောက်အိပ်၊ အိပ်ရာခင်းတွေဆိုတော့ ဖဲအုပ်က တစ်ခုစီဖြတ်ပြီး အနားနှစ်ဖက် လုံးရုံပဲ။ တစ်ထည်ကို တစ်ဘတ်ရတယ်။ အနည်းဆုံး တစ်နေ့  အထည်နှစ်ရာတော့ ကောင်းကောင်း ပြီးတယ်'ဟူသော အစီအစဉ်။

            လမ်းမှန်လျှောက်သူ ငွေကြည်အတွက် ဆုလာဘ်ပေါ်လာခြင်းပင်။ စက်ချုပ်သင်ပြီးနောက် ဖဲအိပ်ရာခင်းတွေကို ငွေကြည် ချုပ်သည်။

            အထည် ၂ဝဝ ပြီးနိုင်သော်လည်း ၁၅ဝ သာ ငွေကြည်ချုပ်သည်။ ကျန်အချိန်မှာ မမနှင့် မမ၏ သားသမီး ငါးယောက်အတွက် ချက်ပြုတ်တာဝန်ကို ငွေကြည်ယူသည်။ လှအေး မရှိတော့၍ ငွေကြည်တစ်ယောက်စာကို မမက ကျွေးသည်။

            မမ သို့မဟုတ် နန်းခမ်းလုံ (ဘဝ နာခဲ့သူ) ယခု သူနေသည့် ဤနှစ်ထပ်တိုက် စဆောက်စဉ်က ချစ်ခင်ပွန်း စိုင်းအောင်က သူ့အပါးမှာ။

            စိုင်းအောင်က ပညာတတ်။ ဝန်ထမ်း။ အရာရှိ။ ကလေးက ၅ ယောက်မို့ ခင်ပွန်းလစာနှင့် မလောက်၍ နန်းခမ်းလုံက တစ်ဖက်တစ်လမ်းက အရောင်းအဝယ်လုပ်သည်။ ငရုတ်၊ ကြက်သွန်၊ အချိုမှုန့်၊ စားကုန်တွေရဖို့ ညအိပ်ညနေ ခရီးထွက်ရသည်။ တစ်ယောက်တည်း မဟုတ်။ မိန်းမဖော်တွေ နှင့်။

            နန်းခမ်လုံက ရည်ရွယ်ချက် ကြီးမားသည်။ အိမ်ပြင်ဆောက်ဖို့ သားသမီး ငါးယောက်ကို အခြေတကျဖြစ်အောင် မ,တည်ဖန်တီးပေးဖို့။

            အရောင်းအဝယ် ခရီးက နန်းခမ်းလုံ ပြန်လာတိုင်း စိုင်းအောင်က ပြဿနာရှာသည်။ ခဏခဏ ခရီးထွက်တာ မကြိုက်ကြောင်း၊ နန်းခမ်းလုံကို ဗြောင်ဖွင့်ပြောသည်။ မယုံသင်္ကာ စွပ်စွဲသည်။ အကျိုးသင့်၊ အကြောင်းသင့် နန်းခမ်းလုံ ရှင်းပြသည်ကိုပင် လက်မခံပါ။

            ယင်းနောက် စိုင်းအောင်က နန်းခမ်းလုံကို လုံးဝမကပ်တော့ပါ။ ညတိုင်း အပြင်ထွက်သည်။ လမုန်းကပွဲတွေ စိုင်းအောင်သွားသည်။ မယ်ဆိုင်ဘက်ကူးသည်။ အပျော်ကျူးသည်။

            ကြာတော့ ဖြူဖြူချောချော စိုင်းအောင်သည် ရုပ်ပျက်စ ပြုလာသည်။ ဖြူဖပ်ဖြူရော်နှင့် တစ်နေ့တခြား မျက်နှာကျလာသည်။

            နန်းခမ်းလုံ နားလည်သည်။ ပြဿနာကို ရဲရဲဝင့်ဝင့် ရင်ဆိုင်သည်။ ကူးစက်လာမည့် ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ စိုင်းအောင်ကို ဖွင့်ဟသည်။ 'ဒီနေ့ကစပြီး စိုင်းသွေးစစ်ပါ။ နန်းစစ်ပြီးပြီ။ နန်းဘက်က ရှင်းတယ်။ ဘာရောဂါမှ မရှိဘူး။ စိုင်းမှာ ရောဂါပိုး မရှိတာ မသိရမချင်း စိုင်းနဲ့အတူ မအိပ်ပါရစေနဲ့' ဟု ကြေညာသည်။

            AIDS ကိုယ်ခံအား ကျဆင်းမှု ရောဂါက ကုမရပါ။ ဇနီးသည်ကိုသာမက သားသမီးကိုပါ ဒုက္ခပေးသည်မို့ ဆေးစစ်ပြီးကြောင်း နန်းသက်သေပြသည်။

            ထိုနေ့ကစ၍ စိုင်းအောင် အိမ်ပြန်မလာတော့ပါ။ မြို့နယ်ဆေးရုံက ဒေါက်တာရွှေဆေးနှင့် တွေ့၍ သွေးလာစစ်သွားသည့် စိုင်းအောင်မှာ ရောဂါရှိနေပြီကို နန်းခမ်းလုံ သိလာရသည်။ ယနေ့တိုင် စိုင်းကို ဘယ်မှာမှ ရှာမရတော့။ သေသည် ရှင်သည်လည်း မသိတော့။ မမ နန်းခမ်းလုံ၏ ကျေးဇူးပြုမှုဖြင့် ငွေကြည်သည် စုမိဆောင်းမိလာသည်။ မိန်းမ၊ ဘိန်း၊ အရက်တို့ပေါသော ပုန်းထွန်ရပ်ကွက်မှာ လှအေးရှိနေမှန်း ငွေကြည် ကြားရသည်။ ပျော်ရာမှာနေသော၊ ပြန်မလာတော့သော လှအေးကို ငွေကြည် သွားမခေါ်တော့ပါ။

            စုဆောင်းငွေရှိလာသော ကျောက်ထုဖက် သူငယ်ချင်း အေးရှင်နှင့် ငွေကြည် အစုစပ်လုပ်သည်။ အေးရှင်- သူလည်း ဘဝနာသူ၊ မုဆိုးမ။ သူ့ လင်ဘခင်က တာချီလိတ်မှာပင် ငှက်ဖျားဖြစ်ပြီး ဆုံးသွားသည်။ နန်းခမ်းလုံ၏ ပံ့ပိုးမှုဖြင့် ငွေကြည်သည် အေးရှင်နှင့်အတူ မိုင်းရှူးပတ္တမြားရိုင်းတွေ ဝယ်ရောင်းလုပ်သည်။ ဘတ်လေးသောင်းစီ မြတ်စွန်းကြသည်။ လှအေး မရှိ၍ တစ်ကိုယ်တည်း ဖြစ်နေသော လုံးကြီးပေါက်လှ ငွေကြည်ကို ဖြတ်လမ်းက ချမ်းသာနိုင်မှုတို့ဖြင့် မြူဆွယ်လာကြသည်။ လွယ်လွယ်နှင့် ပျက်စီးနိုင်သည့် အနေအထားကို ငွေကြည် ဆင်ခြင်မိသည်။ မဲဇလီ အခါးကို ဟင်းချို အောင် ငွေကြည်ချက်တတ်သွားပြီ။

            တာချီလိတ်ကို ငွေကြည် စွန့်ခွာသည်။ သပွတ်ကုန်းပြန်ဖို့ လေဆိပ်ကို မမလိုက်ပို့သည်။ လေယာဉ်ပေါ် မတက်မီ မမနှင့် အေးရှင်ကို နှုတ်အဆက်၊ ကုန်ကားတစ်စီးမှာ စပယ်ယာ အဖြစ်နှင့် ပါလာသော လှအေးက ကွယ်ရာကနေ၍ ငွေကြည်ကို ငေးစိုက်ကြည့်နေသည်။ ယခုတော့ လှအေးက ကြုံလှီဖျော့တော့လျက် ပိန်ချိနေစဉ် ငွေကြည်က စိုစိုပြည်ပြည် ဖွံ့ဖွံ့ထွားထွား။ ငွေကြည်ကို တင်ဆောင်သွားသော လေယာဉ်က မြင့်၍ မြင့်၍ သွားလေလေ လှအေးကတော့ မြေပြင်ပေါ်မှာ နိမ့်၍ နိမ့်၍ ကျန်နေခဲ့စဲ။

ခ။

            စာရေးဆရာမကြီး ခင်နှင်းယု၏ မဲဇလီသည် အမျိုးသမီးသုံးဦး၏ အလွမ်းဇာတ်ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်ကာလ (၇-၅-၉၄) နေ့က ရေးပြီးသွားကြောင်း စာရေးသူက ဖော်ပြထားသည်။

            ယင်းကြောင့် မဲဇလီသည် လွန်ခဲ့သော ၁၁ နှစ်ကာလကို နောက်ခံထားကြောင်း မေ့မထားသင့်ပေ။ မဲဇလီ တွင် ဇာတ်လမ်းသည် ပဓာနမဟုတ်။ ဇာတ်ဆောင်တို့၏ လှုပ်ရှားမှု သရုပ်ဖော်ရေးကိုသာလျှင် အထောက်အကူ ပြုသည်။ ငွေကြည်၊ နန်းခမ်းလုံနှင့် အေးရှင်တို့ အမျိုးသမီး သုံးယောက်၏ စရိုက်သဘာဝကို လိုအပ်သလောက် ဖော်ပြသည့်တိုင် ပေါ်လွင်သည်။ အထူးသဖြင့် ငွေကြည့်စရိုက်သည် အပီပြင် ဆုံးဖြစ်သည်။

            ငွေကြည်နှင့် စဖွင့်၍ ငွေကြည်နှင့် မဲဇလီကို အဆုံးသတ်ထားသည်မှာ ငွေကြည်ကို စံပြဇာတ်ဆောင်အဖြစ် စာရေးဆရာက ပြလိုပုံပင်။

            သပွတ်ကုန်းက တာချီလိတ်အလာ ထမင်းဆိုင်ပေါ်မှာ ဖြစ်သလို အိပ်ခဲ့ရသည့် ငွေကြည်ကို 'သူကတော့ ဘယ်မှာပဲ အိပ်ရ၊ အိပ်ရ ပျော်သည်' ဟု ဖော်ပြထားပုံမှာ ငွေကြည်၏ ခံနိုင်ရည်နှင့် အားမာန်ကို လေးစားဖွယ် မြင်တွေ့ရသည်။

            ငွေကြည်က ချွေတာစားသောက်၍ စုဆောင်းသိမ်းဆည်းတတ်သူ။ သူ့ရည်ရွယ်ချက် ခိုင်မြဲသူ။ ဦးတည်ချက် မမေ့သူ။ ခြစ်ခြစ်ခြုတ်ခြုတ် စုထားသော ငွေကြည့်စုငွေကို တိတ်တဆိတ်ယူ၍ သုံးဆယ့်ခြောက်ကောင်နှင့် ချဲထီ ရှုံးပစ်လိုက်သော လှအေးကြောင့် ငွေကြည် ယူကျုံးမရဖြစ်ပုံသည် ထိရှရင်နာရသည်။ ကြေကွဲ ဝမ်းနည်းရသည်။

            'ဖြတ်လမ်းက ငွေရှာတာတော့ ကျွန်မ မကြိုက်ဘူး။ ပြီးတော့ ဒီလိုသာ ကစားပစ်ရင်....' ဆိုသော လင်သည် လှအေးအား ငိုနေလျက်က ငွေကြည့် ပြောပုံသည် လောင်းကစားမှုအပေါ် ရွံရှာ စက်ဆုပ်ကြောင်း ပြောပြလိုက်ခြင်း ဖြစ်သလို မိမိ၏ ဖြောင့်မှန်ရိုးသားမှုကိုလည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ မိမိ၏ ချွေးနှဲစာဖြင့် နောင်တစ်ကြိမ် လောင်းကစားမှုကို ခွင့်ပေးတော့မည် မဟုတ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

            ကြေညာသည့်အတိုင်း ငွေကြည် ပြတ်သားသည်။ သူ့စုငွေကို မမနန်းခမ်းလုံထံ အပ်ထားလိုက်ခြင်းဖြင့် လှအေးရန်က ကာကွယ်ပြီးသား ဖြစ်သွားသည်။ ဆက်၍ ဆက်၍ အကျပ် အတည်းကြားက ဦးတည်ချက်အတိုင်း တည့်မတ်ထိန်းကျောင်းလျက် ငွေကြည်၏ တည်ဆောက် ထူထောင်သွားပုံသည်  အားကျဖွယ်ကောင်းသည်။

            ငွေကြည်က အဖြူ၊ လှအေးက အမည်း။ လမ်းခွဲပြီးသား ဖြစ်သွားသည်မှာ ပဋိပက္ခကြားထဲက ပေါက်ဖွားလာသည့် ထွန်းကားပွားများမှုပင်။

            'ရှမ်းဘာသာစကားနှင့် တာချီလိတ် မြန်မာလို မဲဇလီရေဆိပ်၊ မဲဇလီ က ခါးတယ်၊ ဒါပေမယ့် မဲဇလီက နာမည်ကြီး ဟင်းတစ်ခွက်၊ မဲဇလီ ဟင်းချိုတောင် ကိုယ်က လုပ်မှရမှာ' ဟူသော အခါးထဲက အချိုရှာနိုင်ပုံကို ငွေကြည်၊ နန်းခမ်းလုံ၊ အေးရှင်စသော ဇာတ်ရုပ်တို့ဖြင့် ပုံခိုင်း နှိုင်းပြထားသည်မှာ မှတ်သားဖွယ်၊ သင်ခန်းစာ ယူဖွယ်ပင်။

            လောင်းကစားနှင့် ဘိန်းဖက်၍ ပျက်စီးရသူ လှအေးနှင့် အပျော်ကျူး၍ AIDS ရောဂါရပြီး ဘဝဆုံးရသူ စိုင်းအောင်တို့က အနိဋ္ဌာရုံ၏ ပြယုဂ်များပင်။

            အမျိုးသမီးတို့ အကြောင်းကို အမျိုးသမီး စာရေးဆရာ၏ အရေးအဖွဲ့ဖြစ်၍ အမြင်အကြည့် စူးရှသည်။ ထဲထဲ ဝင်ဝင်ရှိသည်။ စေတနာပါသည်။ တည်ဆောက် ဖြစ်ထွန်းမှုနှင့် ယုတ်လျော့ နိမ့်ကျမှုတို့ကို ထိကာတို့ကာ နှိုင်းယှဉ် တင်ပြထားခြင်းဖြင့် စာဖတ်သူတို့ကို ပွေ့ဖက်ထွေးပိုက်သည်။ AIDS နှင့် ပတ်သက်၍လည်း သတိမူစရာ၊ ဆင်ခြင်စရာကိုပါ ခြယ်ရေးပြောက်မွန်းထားသည့် စာကောင်းတစ်ပုဒ်ဟု ဆိုပါလျှင်...။

ဆက်လက်ဖော်ပြပါမည်။

မြေနီသစ္စာ

(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။