စိန်မျိုးမြင့်
ကမ္ဘာတခွင်သို့
လှည့်လည်လော့....
ဘဝတစ်သက်တာဆိုသည်မှာ
တစ်ခါသာ
ရောက်လာသည်။
ဘဝတစ်သက်တာ
အတွင်းမှာလည်း
ပျိုရွယ်မှုဟူသည်
တစ်ကြိမ်သာ
လာရောက်မည်။
ရာဟုလာသံကိစ္စည်း
၂ဝဝ၅ ခု
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ လေးနာရီလောက်တွင် ကျွန်တော်တို့ ခရီးဆက်ဖြစ်ကြသည်။
တနိုင်းတစ်ဖက်ကမ်း၌
ပထမဆုံးတွေ့ရသော ရွာမှာ လမုံဖြစ်သည်။ ထိုရွာတွင်လည်း ဟူးကောင်းချိုင့်ဝှမ်း
ဘေးမဲ့တော တည်နေရာပြ မြေပုံဆိုင်းဘုတ်နီကြီးကို တွေ့ရပြန်သည်။ ထိုဆိုင်းဘုတ်မှာ
ရှာဒူဇွပ်နှင့် တိန်ကောက်ကြား တွေ့ခဲ့ရသည့် ဆိုင်းဘုတ်နှင့်မတူ
ဟူးကောင်းကျားထိန်းသိမ်းရေး နယ်မြေအတွင်း ထပ်ဆင့်သတ်မှတ်သော ဘေးမဲ့ဧရိယာ ဖြစ်သည်။
ဧရိယာအားဖြင့် ၂၄၉၄ စတုရန်းမိုင် ရှိသည်။ ထိုဆိုင်းဘုတ်၏ ယာဘက်ခြမ်းတွင်
တားမြစ်ချက်များ တန်းစီရေးပြီး တားမြစ်ထားသည်။
မကျူးကျော်ရ၊
အမဲမလိုက်ရ၊ ရွှေမကျင်ရ၊ ငါးမဖမ်းရ၊ တောင်ယာ မခုတ်ရ၊ သစ်ဝါးကြိမ်မခုတ်ရ
ဟူသော
တားမြစ်ချက်များ တွေ့ရသည်။ မာကောရွာကို ကျော်သောအခါ တဝမ်ချောင်းကို တွေ့ရသည်။
ချောင်းဟု ဆိုသော်လည်း အတော်ကျယ်၍ မြစ်ငယ်တစ်ခု အသွင်ရှိသည်။ မိုးတွင်းမဟုတ်၍ ရေက
ကမ်းပါးပြည့် မများသော်လည်း သုံးလေးပေနက်သော နေရာမှာ အတိမ်ဆုံးလောက် ရှိသည်။
ရေစပ်မရောက်မီ ကျောက်စရစ်တောကြီးကို ကျော်ဖြတ်ရသည်က တစ်မျှော်တစ်ခေါ် ဖြစ်၏။
မိုးတွင်းဆိုလျှင် ထိုနေရာများအထိ ရေရောက်လျှင် ထိုချောင်းကား အတော်ကျယ်သော
ချောင်းဖြစ်ပေသည်။ ရေအခြေအနေကို လူဆင်း စမ်းကြပြီ။ ကျွန်တော်တို့ ကားဖြတ်ကူးခဲ့၏။
ကျွန်တော်တို့ မရောက်မီ ရက်ပိုင်းအတွင်း မိုးအတော်လေး ရွာထားသည်ဖြစ်ရာ ချောင်းရေက
ပိုများနေသည် ဖြစ်၏။ ကမ်းစပ်တစ်ဖက်တစ်ချက် နွံတောကြီးကလည်း ဗွက်များထနေသည်။
ချောင်းလွန်ပြီးသော် တစ်ဖက်ကမ်းရှိ ဗွက်တော၌ ကျွန်တော်တို့ကား သုံးနေရာလောက်
နစ်ပြီးနောက် ရှေ့ဆက်သွားရန် လက်လျှော့လိုက်ရသည်။ ညနေချိန်လွန်၍ မှောင်စပြုနေပြီ။
အားလုံးသဘောတူပင် ထိုချောင်းထိပ်၌ ချက်ပြုတ်စားပြီး မနက်လင်းမှ တနိုင်းသို့
ပြန်ကူးရန် ဆုံးဖြတ်လိုက်ကြသည်။
ကံလှဈေးမှ ဝယ်လာသော
ခရမ်းချဉ်သီးကိုချက်၍ ပဲဟင်းအရည်သောက် တစ်ခွက်တည်ပြီး ရန်ကုန်မှ ပါလာသော
ငါးခြောက်ကြော်၊ ငါးပိကြော်တို့ဖြင့် ချောင်းစပ်ကျောက်စရစ်တောတွင် ထမင်းစား၍
မြိန်လှသည်။ ညဦးပိုင်းမှာပင် နှင်းများက တော်တော်ထူထူ ကျလာသည်။ ထမင်းစားပြီး
အိုးခွက်များ ဆေးကြောအပြီး မီးဖိုကို မငြှိမ်းဘဲ ထင်းထပ်ထည့်၍
စကားဝိုင်းဖွဲ့နေကြသေးသည်။ သို့သော် တော်တော်ကြာကြာ ဝိုင်းမဖွဲ့နိုင်၊
တော်တော်အေးလာတော့ ကားပေါ် ပြန်တက်ကြပြီး လမ်းတစ်လျှောက် ရိုက်လာသည့်
ဓာတ်ပုံများကို ပြန်ကြည့်ကြ၊ ရိုက်ပြီးပုံများကို CF ကတ်များအတွင်းမှ
ပုံများ 'ဝါးလက်'အတွင်း
ပြောင်းသိမ်းကြ၊ ရောက်တက်ရာရာ စကားစုပြောကြပြီး ကားပေါ်၌ တိုးတိုးဝှေ့ဝှေ့
အိပ်လိုက်ကြသည်။ ထိုနေ့ညကား ဇန်နဝါရီလ ၁၂ ရက်နေ့ ဖြစ်ပေသည်။
ဇန်နဝါရီ ၁၃ ရက်နေ့မနက်
စောစောအိပ်ရာအထတွင် ယမန်နေ့ညက ပိုချက်ထားသော ထမင်းကိုကြော်၍ နံနက်စာစားကြသည်။
မြူနှင်းက တော်တော်နှင့်မကျဲ၊ ချောင်းရေပြင်တွင် သူတို့အရပ်အခေါ် 'မှိုင်း'က တော်တော်နှင့် မရှင်း။ ကျွန်တော်တို့အဖွဲ့သည် အေးအေးဆေးဆေး
ဓာတ်ပုံလျှောက်ရိုက်နေခဲ့ကြသည်။
အတော်လေး လင်းလင်းချင်းချင်း
ဖြစ်ချိန်မှာ နံနက် ၈ နာရီထိုးပြီ ဖြစ်သည်။ ပစ္စည်းများ သိမ်းပြီး တနိုင်းဘက်
ပြန်ကူးကြသည်။ မကောဘက်ခြမ်းတွင်လည်း ကျောက်စရစ်တောနှင့် တဝမ်ချောင်းအကွေ့၊
အလှအပကို ဓာတ်ပုံရိုက်ကြရင်းဖြင့် ဆယ်နာရီခန့်မှ တနိုင်းသို့ ပြန်ရောက်ကြသည်။
တနိုင်းတံတားကြီး ဖြတ်အပြီး မြို့ဘက်ထိ အဝင်တွင် သန္တာထွန်း တည်းခိုခန်းရှေ့၌
ကြိမ်လေ့လာရေးအဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့လည်း ရှင်ဘွေယန်သို့ သွားရောက်ရန်
ပြင်ဆင်နေကြ၏။ ဦးစောလွင်အပြင် ဓာတ်ပုံကိုထွန်းရှောင်ကိုပါ တွေ့လိုက်ရသည်။
သစ်တောအမှုထမ်း အရာထမ်းများနှင့်အတူ အမေရိကန် နယူးယောက် ရုက္ခဗေဒဥယျာဉ်မှ
အပင်မျိုးခွဲပညာရှင် (Plants Taxonomist) ဒေါက်တာ အင်ဒရူး ဟင်ဒါဆင် (Dr
Andrew Hendarson)
နှင့် အပင်ဂေဟပညာရှင် (Plants Biologist) ဒေါက်တာချားလ်ပီတာ့စ် (Dr
Charles Peters)
တို့ ပါကြသည်။
သန္တာထွန်း တည်းခိုခန်းရှေ့၌
သူတို့ခရီးထွက်ရန် ပြင်ဆင်နေကြသည်။ သူတို့ စီးမည့်ကားမှာ ဟိုင်းလတ်ကားဖြစ်သော်လည်း
ကားကို ပြန်ပြုပြင်ထားသည်။ ကားဘော်ဒီအမြင့်ကြီး ဖြစ်၏။ အောက်က ဖရိန်ကို
နောက်တစ်ဆင့် မြင့်ထားသည်။ လေးများလည်း ထပ်ဆင့်ပိုးထားသေး၏။ ဘီးများကလည်း
အမြင့်စား၊ အကြီးစား ဖြစ်သည်။
လမ်းထက်ဝက်မှ လှည့်ပြန်လာကြရသော
ကျွန်တော်တို့အတွက် ထိုကားကို ကြည့်ကာ သဘောပိုပေါက်လာသည်။ သူတို့ကို နှုတ်ဆက်ပြီး
စုပေါင်းဓာတ်ပုံ ရိုက်ဖြစ်ကြ၏။ ရှင်ဘွေယန်မှာ ပြန်ဆုံကြမယ်ဟုဆိုပြီး နှုတ်ဆက်ကာ
ကျွန်တော်တို့ အဖွဲ့အတွက် ကားစုံစမ်းထွက်ကြသည်။ တနိုင်းကားဂိတ်၌ စုံစမ်းရာ
ကားတစ်စီး လိုက်မည်ဟု ဆိုသည်။ ကျွန်တော်တို့အဖွဲ့သည် ရှင်ဘွေယန်သာမက
နန်းယွန်းသို့လည်း သွားလိုသည်။ ပန်ဆောင်သို့လည်း ဆက်တက်လိုသည်။ ကျွန်တော်တို့
ပေပေတေတေ သွားချင်သလို လိုက်နိုင်မည်လားဟု ကားဆရာကို ဆွေးနွေးကြသည်။ သူကလည်း
သူလိုချင်သော ဈေးကိုပြောသည်။ နောက်ဆုံးဈေးတည့်ကြသည်။ ကျွန်တော်တို့
အဖွဲ့သားများအနေဖြင့် ရောက်သည့်အတူတူ ဖြစ်အောင်သွားကြမည်ဟု ဆုံးဖြတ်ထားကြရာ
အချိန်ဆိုင်းမနေဘဲ ကားသွားယူခိုင်းသည်။ ဆီဖြည့်ခိုင်းသည်။ နန်းယွန်းအရောက်
သုံးသိန်းခွဲဖြင့် ဈေးတည့်ကြသည်။
တကယ်တော့ ကျွန်တော်တို့
ဆုံးဖြတ်ချက်မှာ ဘာမျှမကြာ၊ ဆယ့်တစ်နာရီကျော်တွင် ခရီးဆက်ရန် အဆင်သင့် ဖြစ်ကြသည်။
ကျွန်တော်တို့၏ စီးတော်ကားကြီးနှင့် ကိုအောင်နိုင်ကို တနိုင်းတွင် ထားခဲ့မည်။ လုပ်စရာရှိသော
ကားပြင်ဆင်မှု ကြံ့ခိုင်မှုများ လုပ်ထားခဲ့ခိုင်းသည်။ ပစ္စည်းများ ပြောင်းတင်သည်။
ကျွန်တော်တို့ ငှား၍ရသော ကားမှာ
ဘာကားဟုပြောရခက်၏။ ဂျစ်ကားပုံစံ ဖြစ်သော်လည်း အင်ဂျင်က ဒိုင်နာအင်ဂျင်၊
ထုတ်လုပ်သည့်နေရာက ရွှေဘိုစက်မှုဇုန်က ဆင်သည့်ကား၊ ကားပေါ်တက်ရန် အတော်ခက်သည်။
ကားက အတော်ပင် မြင့်၏။ ကားနံပါတ်က SBO/ 001 ကားမောင်းသူ
ပိုင်ရှင်လည်းဖြစ်သူ အောင်ဇော်မိုး ခေါ် ကိုပေါက်။ ယာဉ်နောက်လိုက်က ရခိုင်ကြီးဟု
ချစ်စနိုးခေါ်သည့် ကိုခင်ထွန်း။ သူတို့ ပုံစံကလည်း ပေပေတေတေ ဖြစ်၏။ ယာဉ်ပိုင်ရှင်
ကိုပေါက်မှာ ကားပေါ်ရောက်မှ ဘယ်ဇာတိလဲဟု မေးရာ ရွှေဘိုသားဖြစ်ကြောင်း သိရသည်။
ကိုပေါက် အဖေမှာ ကျောင်းဆရာ၊ ပန်းချီဆရာ၊ အဆိုတော် ဖြစ်ကြောင်း၊ အမည်မှာ
ဦးသန်းစိန် ခေါ်ကြောင်း သိရသည်။ ကျွန်တော်တို့အဖွဲ့ ကို ဓာတ်ပုံ၊
ပန်းချီအဖွဲ့များဖြစ်ကြောင်း သိရ၍ သူ့အဖေအကြောင်း ပြောပြခြင်း ဖြစ်သည်။
ရုပ်ရှင်ဒါရိုက်တာ ကိုကြည်စိုးထွန်းနှင့် သူ့အဖေ ဦးသန်းစိန်မှာ တစ်တန်းတည်း
သူငယ်ချင်းများ ဖြစ်ကြောင်း သိရသည်။ ထို့ထက်မက ပန်းချီဆရာ ရာဟုလာနှင့်လည်း တူအရီး
တော်ကြသေးသည်။ သည်လို မျိုးရိုးမှ လမ်းခွဲကာ ကားမောင်းစားနေသူ ဖြစ်သည်။
ယာဉ်နောက်လိုက် ကိုခင်ထွန်းမှာ သံတွဲဘက်မှ ဖြစ်သည်။ တကယ်တော့ ကားတစ်စင်းနှင့်
ရွှေဘိုမှ တနိုင်းသို့ တက်လာပြီး ကားလုပ်ငန်း ကောင်းသည်ကြား၍ သည်ဒေသတွင်
အလုပ်လာလုပ်ကြသူများ ဖြစ်သည်။ တနိုင်းရောက်သည်က နှစ်လကျော်သာ ရှိသေးသည်။
တကယ်တော့ ကိုပေါက်သည် သည်လမ်းကို
မောင်းလေ့မောင်းထ မရှိဘူး။ ကားဆရာက ဖျားနေ၍ သူမောင်းပေးခြင်းဖြစ်သည်။
ရှင်ဘွေယန်ရောက်ဖူးသော်လည်း နန်းယွန်း၊ပန်းဆောင်သို့ သူမရောက်ဖူးဘူးပေ။ ကားကလည်း
ရှင်ဘွေယန် အထိသာ တက်ဖူးသည်။ အတွဲကတော့ ညီကြပေပြီ။ ကားရော လူများရော မောင်းသူပါ
မရောက်ဖူးသည့်နေရာကို ကျွန်တော်တို့ ဦးတည်ကြပေပြီ။
တနိုင်းမှ ရှေ့ဆက်ခရီးကား မရောက်ဖူးသောကား၊
မရောက်ဖူးသော ယာဉ်မောင်းနှင့် နောက်လိုက်၊ မရောက်ဖူးသော
ဓာတ်ပုံနှင့်ပန်းချီသမားတစ်စု တို့၏ သူစိမ်းခရီးစဉ် ဖြစ်တော့သည်။
တနိုင်းမှ ၁၁ နာရီကျော်တွင်
ကျွန်တော်တို့ ရွှေဘိုဂျစ် ဝဝ၁ ထွက်သည်။ လမုံ၊ မကောလွန်ပြီး တဝမ်ချောင်း
တစ်ဖက်ကမ်းမှ ဒုံနွံတောကြီးတို့ကို ရွှေဘိုဂျစ်သည် မြင်းရိုင်းတစ်ကောင် အလား
ခုန်ပေါက်မြူးထူးစွာ ကျော်ဖြတ်ခဲ့သည်။
တနိုင်း-ရှင်ဘွေယန်လမ်းကား
လီဒိုလမ်းသဘာဝအတိုင်း လမ်းဖြောင့် ဖြစ်သည်။ ချောင်းသေး ချောင်းငယ်နှင့်
ချောင်းကြီး စုစုပေါင်း (၁၂) ခုကို ဖြတ်ကူးကြရသည်။ တံတားဟူ၍ မရှိ။ ရေစပ်စပ် ချောင်းများကို
ဖြတ်ကြရသည်။ မိုင်အားဖြင့် ၄၄ မိုင်သာ ဝေးသော တနိုင်းနှင့် ရှင်ဘွေယန် လမ်းတွင်
လမုံ၊ မကော၊ ဖော်ဆီကန်၊ ရှင်လုံခါး၊ ပနက်၊ လွယ်ကျားဘို၊ ထရုံ၊ (တနိုင်း-ရှင်ဘွေယန်
လမ်းတစ်ဝက် ဖြစ်သည်။) တခက်၊ ခလုံ၊ တဆိတ်ရွာများကို ဖြတ်ရသည်။
တချို့နေရာများ၌ ကားလမ်းများ
အကွေ့အကောက် နည်းနည်းမျှရှိသည်မှ အပလမ်းက အတော်ဖြောင့်သည်။ လမ်းဘေးဝဲယာ၌
ရွာနီးလျှင် စိုက်ခင်း အနည်းငယ်၊ လယ်ကွင်း အနည်းငယ် တွေ့ရသော်လည်း များသောအားဖြင့်
တောထူထူကြား၌ ဖြတ်ကြရသည်။ လမ်းဘေးဝဲယာ၌ သစ်ကြီးဝါးကြီးများသာ များ၏။
တနိုင်း-ရှင်ဘွေယန်လမ်း တစ်ဝက်၌ ထရုံရွာကို
ရောက်ရန် အလွန်ကျယ်ပြန့်သော ထရုံချောင်း (မြစ် အသေးစား ဖြစ်ပါသည်)ကို ဖြတ်ရပါသည်။
ချောင်းကိုကျော်ဖြတ်ရန် တံတား မရှိပါ။ ကားလမ်းပေါ်မှာ ချောင်းတွင်းသို့အဆင်း
ကျောက်စရစ်တောကြီးကား တစ်မျှော်တစ်ခေါ်ကြီး ဖြစ်၏။ အကြီးများက ဖရုံသီးလှလှ
အရွယ်လောက်အထိ ကြီးပြီး အသေးများက ဆီးစေ့လောက်အထိရှိရာ ကျောက်အရွယ်စုံ
တောကြီးဖြစ်သည်။ လမ်းပေါ်မှ ရေနှင့်တွေ့ရသည့် ချောင်းအထိ နှစ်ဖာလုံ ကျော်ကျော်လောက်
ကျောက်တောကို ဖြတ်ဆင်းရသည်။
ချောင်းရေက အတော်နက်သည်။ ရေစပ်၌
ကားကိုရပ်ကာ ပန်ကာကြိုးဖြုတ်၊ လေးဘီးယက် ထရန်စဖာဂီယာသွင်း ရှေ့ဘီးလော့စ်ချပြီး
အင်ဂျင်စက်ကုန်ဖွင့်ကာ ရေကို ဖြတ်ရသည်။ ရေပြင်က ကျယ်လည်း အတော်ကျယ်၍ အချို့နေရာ၌
နက်လည်း အတော်နက်သည်။ အောက်ပိုင်းနှစ်ဆကျော် မြှင့်ထားသော ကားရှေ့ခန်း ဖင်ထိုင်ခုံ
ရေစိုသော နေရာဖြစ်၏။ တကယ်တော့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးရွာထား၍ ရေကနည်းနည်းတက်နေခြင်း
ဖြစ်သည်။ မိုးတွင်းတွင်မူ လှေနှစ်စင်းယှဉ်၍ ဖောင်ဖွဲ့ပြီး ဖြတ်ကူးရသည့်ချောင်း
ဖြစ်သည်။ ဖြတ်ကူး၍ကောင်းသော ရေတိမ်နေရာဟု ဆိုသော်လည်း ရေစီးက အတော်သန်သည်။ ရေကလည်း
ကြည်လင်လှပြီး အောက်ခြေကျောက်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုနေရာ
ဖြတ်ရင်း ရေလယ်၌ ကျွန်တော့်အတွေး၌ ထိုကဲ့သို့ ဖြတ်ခဲ့ဖူးသောနေရာများကို ပြန်လည်
အမှတ်ရနေမိသည်။ ၁၉၉၅ ခုနှစ်လောက်က ကြေးမုံသတင်းထောက် ကိုအောင်မြ
(ယခုပင်စင်သွားပြီ)၊ ဓာတ်ပုံသမား အောင်ထွန်းလင်း (ယခုမြန်မာတိုင်းစ်) နှင့်
ကျွန်တော်တို့ ဂန့်ဂေါနှင့် ကလေးကိုအသွား အပြန်ခရီး၌ မြစ်သာကို ကူးကြရာတွင်
ကျွန်းခုံသာ၊ ကန်ရွာအနီး တစ်ကြိမ်၊ ကမ္ဘားနီတွင် နန့်ကသဲမြစ်ကို တစ်ကြိမ်
ကူးခဲ့ကြသည်အား ပြန်လည်အမှတ်ရမိသည်။ ယခုတော့ ထိုနေရာများတွင် တံတားများကို
မီးရထားဌာနမှ ဆောက်ပြီး နေရာသွားလာရေး အဆင်ပြေနေပြီ။
ထရုံချောင်းကိုလည်း များမကြာသော
နှစ်များတွင် တံတားထိုးနိုင်မည်ဟု မျှော်လင့်မိပေသည်။
ဆူညံသော စက်သံကိုပေး၍
ထရုံရွာအောက်ဘက်မှ တက်လာသော ကျွန်တော်တို့၏ ရွှေဘိုဂျစ်သည် ရွာလမ်းကို ဖြတ်၍
လီဒိုလမ်းမကြီးပေါ် ထိုးတက်လာသည်။ ထရုံမြစ်ကို ယှဉ်၍ သုံးမိနစ်ခန့် ရွာတွင်းကို
ဖြတ်မောင်းပြီး လီဒိုလမ်းပေါ်သို့ ပြန်တက်လာနိုင်ခဲ့၏။
ထရုံကား တနိုင်း-ရှင်ဘွေယန်သွား
ကားများ တစ်ထောက်နားကြသော နေရာဖြစ်သည်။ ရွာတွင်းလမ်း၌ လက်ဖက်ရည်ဆိုင်များ၊
ကုန်စုံဆိုင်များ ရှိသည်။ လီဒိုလမ်းပေါ်တွင်မူ အိမ်ခြေက ခပ်ကျဲကျဲ
ခြံဝိုင်းကလေးများဖြင့် တွေ့ရသည်။ ထုံးစံအတိုင်း ခရစ်ယာန်ဘုရားကျောင်းကိုလည်း တွေ့ရ၏။
လမ်းမကြီးဘေး၌ စီတန်းဖွင့်လှစ်ထားသော ဆိုင်တန်းများထဲမှ 'ကျွန်းရိပ်'
ဆိုသည့် ထမင်းဆိုင်ရှေ့တွင် ရွှေဘိုဂျစ်ဆရာ ကိုပေါက်က
ထိုးရပ်လိုက်လေသည်။
ထိုဆိုင်ရှေ့၌ ရှေ့ကထွက်သွားသော
ကြိမ်အဖွဲ့၏ကားကို တွေ့လိုက်ရသည်။ ဆိုင်တွင်း၌လည်း ဦးစောလွင်နှင့်တကွ
ကြိမ်တစ်ဖွဲ့သားအားလုံး ထမင်းစားနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ကားမှာ
တစ်နာရီခန့် ကျွန်တော်တို့ရှေ့မှ စောထွက်သွားသော ကားဖြစ်ရာ ကျွန်တော်တို့
ရွှေဘိုဂျစ်မှာ အတော်လေး ခရီးပေါက်လောက်အောင် မောင်းခဲ့ကြောင်း
ခန့်မှန်းနိုင်လေသည်။
တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခင်ခင်မင်မင်
နှုတ်ဆက်လိုက်ကြပြီး ကျွန်တော်တို့အဖွဲ့သည်လည်း စားပွဲဝိုင်းတစ်ခုတွင်
နေရာယူလိုက်ကြသည်။ ကျွန်းရိပ်ဆိုင်၌ ယောကျ်ားလေး တစ်ယောက်မျှ မတွေ့ရ၊ အရွယ်လတ်လတ်
အရွယ်ငယ်ငယ် မိန်းမပျိုများသာ တွေ့ရသည်။ ဘာလူမျိုးလဲမေးရာ ကချင်လူမျိုးများဟု
သိရသည်။ စကားသံ ဝဲသော်လည်း သူတို့ပြောစကားကို နားလည်သည်။ ငါးလူးကချင်ချက်၊ ဝက်သား
ကချင်ချက်၊ ကြက်သားကချင်ချက်နှင့် ဒေသစာ ဆီတို့ဟူး၊ ငရုတ်သီးကြော်စပ်စပ်၊
မုန်ညှင်းချဉ်၊ ကချင်အရက်တို့ဖြင့် စုံစုံလင်လင်ရသည်။ ဆိုင်က အတော်ကျယ်ပြီး
ခြောက်ယောက်ဝိုင်း ရှစ်ဝိုင်းလောက် ခင်းထားရာ ကြိမ်အဖွဲ့မှာ စားပွဲသုံးပွဲဆက်ပြီး
စုဝေးကြသည်။ ကျွန်တော်တို့အဖွဲ့မှာမူ ကားဆရာများက သီးသန့်စားကြပြီး ကျွန်တော်တို့
ငါးယောက်တစ်ဝိုင်း ဝိုင်းကြသည်။ ကချင်ချက်မှာ အစပ်နည်းနည်း ကဲရာ ရာသီဥတု
အေးသော်လည်း ချွေးစို့လာကြ၏။ မုန်ညှင်းဖူးချဉ်ရည်ဟင်းကို ခံတွင်းတွေ့ကြသည်။
ထရုံသည် ထိုတစ်ကြော၌ အိမ်ခြေအများဆုံး
အစည်ကားဆုံးရွာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့သည် ကျွန်းရိပ်ထမင်းဆိုင်၌
စားသောက်နေကြစဉ်အတွင်း ကြိမ်အဖွဲ့သည် စားသောက်ပြီး၍ နှုတ်ဆက်ကာ ခရီးဆက်သွားကြ၏။
ထရုံသို့ ကျွန်တော်တို့ ရောက်ချိန်မှာ မွန်းတည့်သာသာဖြစ်ရာ ရှင်ဘွေယန်ကို
ခရီးထက်ဝက်ကျိုးပြီဖြစ်၍ အေးအေးဆေးဆေးပင်။ ထမင်းစားသောက်ပြီး အနီးအပါး
လျှောက်သွားကြည့် ကြ၏။ အိမ်ခြေ ၂၃၇၊ လူဦးရေ ၁၃၈ဝ ဟူ၍ ဆိုင်းဘုတ်၌ ရေးထားရာ
ဘယ်နှခုနှစ်က ဆိုင်းဘုတ်လဲဟု စဉ်းစားနေမိသည်။ ထိုရွာတွင် မူလတန်းလွန်
တစ်နှစ်တစ်တန်း တိုးနေသည့် ၆ တန်း ကျောင်းရှိရာ လာမည့် ၂ နှစ်ဆိုလျှင်
အလယ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။
တကယ်တော့ သည်နေရာတွင် တစ်ချိန်က
ရွာသိမ်လေးတစ်ခုသာ ရှိခဲ့ကြောင်း မှတ်သားရဖူးသည်။
ဆရာမောင်မဲ၏ ခရီးသွားမှတ်တမ်း
စာအုပ်တွင်ဖြစ်၏။ ထိုစာအုပ်ထဲတွင် နန်းဒစ်ဟူသည့်ရွာ၌ မောင်မဲ ရောက်ရှိချိန်တွင်
နန်းဒစ်သည် အိမ် ၉ အိမ်နှင့် ဈေးဆိုင်တစ်ဆိုင်ရှိသော ရွာလေးဖြစ်သည်။
မောင်မဲရောက်ခဲ့စဉ်က ၁၉၅၄-၅၅
ခုတွင်ဖြစ်ရာ ယခုအခါ နှစ်ငါးဆယ် ရှိပေပြီ။ ၁၉၈၃-၈၄ ခုနှစ်လောက်က ရောက်ခဲ့သည့်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ သိင်္ဂါနဒီအဖွဲ့ ခု ထရုံသို့ မရောက်ခဲ့ကြ။
ထိုစာအုပ်တွင် အမေးဖြင့် ရေးခဲ့သော မှတ်တမ်း၌ အိမ်ခြေငါးရာခန့်ဟု ရေးထားရာ
မယုံနိုင်စရာ မဖြစ်နိုင်စရာပင် ဖြစ်သည်။ ၂ဝဝ၁ ခုတွင် စာဖြင့် မှတ်တမ်းတင်သူ ဆရာ
ညီပုလေး ရောက်ခဲ့ရာ ထိုစဉ်က ထရုံတစ်ဝိုက်၌ ရေနံအစမ်းတွင်းများ ရှိနေရာ
အတော်အတန်စည်ကားကြောင်း ရေးသားထားဖူးသည်။ ယခုမူ ထိုရေနံအဖွဲ့များ မရှိတော့ပေ။
ဆိုင်တန်းရှေ့နှင့် လီဒိုလမ်းဘေးတွင်
ထိုဒေသ၏ နာမည်ကြီး ထရုံငါးရံ့ ခြောက်ဆိုင်များကို တွေ့ရသည်။ ထရုံချောင်းမှ
ရေချိုငါးကောင်းများ ပေါလှကြောင်း နာမည်ကြီးသည်။ ငါးရံ့ခြောက်မှာ တစ်ပိသာ ၃ဝဝဝ
ကျပ်ဈေး ဖြစ်၏။ တစ်နှစ်ထက်တစ်နှစ်ဈေးများကား မြင့်တက်လာသည်ဖြစ်၏။ ၂ဝဝ၁ ခုနှစ်က ဆရာညီပုလေး ရေးခဲ့ သောစာတွင်
တနိုင်း ငါးရံ့ခြောက်ဈေးမှာ တစ်ပိသာ ၂ဝဝဝ ခန့်သာရှိသေးရာ ယခု ထရုံမှာပင် ၃ဝဝဝ
ဈေးဖြစ်နေပြီ ဖြစ်ရာ တနိုင်း၌ ယခုထက်ဈေးသာမည် ဖြစ်၏။ ကျွန်တော် ဈေးမေးချိန်၌ ဈေး
သည်က တနိုင်းထက် ဈေးချိုကြောင်း၊ ဝယ်သွားသင့်ကြောင်း တိုက်တွန်းနေပါ သေးသည်။
ဆိုင်ရှင်က တနိုင်းမှာ ဒါထက်ဈေးပိုမှာဟု ဆိုသောအခါတွင် ကျွန်တော်
ပခုံးတွန့်မိပါသည်။
မကြာမီ ထရုံမှ ခရီးဆက်ဖြစ်ကြပါသည်။
ထရုံ နှင့် ရှင်ဘွေယန်ကြား၌ တခက်၊
ခလုံ၊ တဆိတ် စသည့်ရွာများ ဖြတ်ရမည်ဖြစ်သည်။ အားလုံးမှာ ရွာငယ်များသာ ဖြစ်၍
ရွာကြီးများ မဟုတ်ပေ။
လီဒိုလမ်းကား ရှင်ဘွေယန်နှင့် နီးလာလေ
လမ်းကွေ့များ ပိုတွေ့လာရလေ ဖြစ်၏။ လမ်းတွင် ချောင်းများစွာကို ရေထဲမှ
ဖြတ်ကူးရပြန်သည်။ ထိုလမ်း၌ ထော်လာဂျီများကိုလည်း အများအပြား တွေ့ရသည်။
ထော်လာဂျီသည် လှည်းကဲ့သို့ပင် ချောင်းများကို အလွယ်တကူ ဖြတ်နိုင်ကြ၏။
ချောင်းလေးများမှာ တချို့သည် သဲချောင်းလေးများ ဖြစ်ကြ၏။ တချို့မူကား
ကျောက်စရစ်ချောင်းများ ဖြစ်သည်။ ချောင်းသေးလေးများ၌ လားဖြင့်
ဝန်တင်ဖြတ်သွားနေကြသည်များ၊ ထော်လာဂျီနှင့် ကူးဖြတ်သွားလာနေကြသည်များအား
တွေ့ရပေသည်။
လမ်းဘေးတစ်လျှောက်
သစ်ကြီးဝါးကြီးများကို တွေ့နေရသည်။
တခက်ရွာထိပ်တွင် တခက်ချောင်းရှိသည်။
ရေအတန်အသင့်များသော ချောင်း ဖြစ်၍ မိုးတွင်းဆိုလျှင် ဖြတ်ကူးရခက်မည့်
နေရာဖြစ်ပေလိမ့်မည်။ ကျားထိန်းသိမ်းရေး နယ်မြေ မြေပုံ၌ တခက်အလွန်တွင် 'တောရိုင်းတိရစ္ဆာန်ကူးလမ်း'
နေရာတစ်နေရာ ပြထားသည်။ ဟူးကောင်းရှိ လီဒိုလမ်းတွင် ထိုသို့သော
ကူးလမ်း Wildlife Corridor
များ နောက်ထပ်ရှိသေးသည်။ နန်းယွန်းရောက်ခါနီးနှင့် နန်းယွန်းနှင့်
ပန်ဆောင်ကြားလမ်း ထက်ဝက်ခန့်တွင်ဖြစ်သည်။ အားလုံး လေးနေရာကို မြေပုံတွင်
တွေ့ရပေသည်။
တခက်ကို လွန်သောအခါ ခလုံ၊ တဆိတ် စသော
ရွာငယ်များဝန်းကျင်၌ တောင်ယာစိုက်ကွက် အနည်းငယ်သာ (ရွာဝန်းကျင်၌သာ) တွေ့ရသည်။
လမ်းဘေးတစ်လျှောက်လုံး
သစ်ကြီးဝါးကြီးများ တွေ့နေရသည်မှ ပြန့်ပြေသော ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ လမ်းက
ကွေ့ကောက်သွားသည်။ ပထမတစ်ကွေ့၊ နောက် ဒုတိယတစ်ကွေ့၊ ဘယ်ညာနှစ်ကွေ့ အလွန်တွင်
ဆိုင်တန်းကြီးကို ဘွားခနဲ တွေ့လိုက်ရ၏။ စောစောက ကွင်းပြင်ကား လေယာဉ်ကွင်းဟောင်းဟု
နောက်တွင်မှ သိလိုက်ရသည်။ ဆိုင်တန်းကား ရှင်ဘွေယန်မြို့အဝင် ကားဂိတ်နှင့်
ဈေးဆိုင်များ ဖြစ်၏။ ထိုဈေးဆိုင်တန်းမှာ မြို့၏ အနောက်ဘက် ရွှေမှော်သို့ ထွက်သည့်
လမ်း တစ်လျှောက်ဖွင့်ထားသော ဆိုင်တန်းဖြစ်လေသည်။ ထိုဆိုင်တန်း လွန်သော် လေယာဉ်
ကွင်းဟောင်းမှ လေယာဉ်ပြေးလမ်းရှိသည်။ လေယာဉ်ပြေးလမ်း တစ်ဖက်တွင်မူ
ရွှေမှော်ဖြစ်ပေသည်။
ဆိုင်တန်းကိုကျော်၍ ရှင်ဘွေယန်
မြို့ထဲသို့ ဝင်သွားသောအခါ ခြံဝင်းလေးများ ကိုယ်စီဖြင့် လီဒိုလမ်းဘေးဝဲယာတွင်
အိမ်များတွေ့ရသည်။ ဝဲယာနှစ်ဖက်လုံးသို့ ဝင်သည့်လမ်းများ ရှိပြီး ရပ်ကွက်များ၌
အိမ်များစွာ ရှိကြပေသည်။
ကချင်လူမျိုး၊ နာဂလူမျိုး၊
ရှမ်းလူမျိုး၊ မြန်မာလူမျိုး၊ လူမျိုးစုံ မှီတင်းနေထိုင်သော ရှင်ဘွေယန်ဖြစ်သည်။
ဗုဒ္ဓဘာသာနည်း၍ ခရစ်ယာန်များသည်။ ရှင်ဘွေယန်၌ 'လင်း'ဆိုသည့်
တည်းခိုခန်းတစ်ခုသာ တည်းခိုစရာရှိသည်။ ကျွန်တော်တို့ အလျင် မြန်မာ့ရုပ်သံမှ MRTV (3) အုပ်စုတစ်စု ရှိသည်။
ကျွန်တော်တို့ရှေ့မှ ကြိမ်အဖွဲ့ ရောက်လာသည်။ တည်းခိုခန်း၌ နေရာမရှိတော့။
ကျွန်တော်တို့ တောင်တန်းသာသနာပြုကျောင်းသို့ ရောက်ရှိ စခန်းချဖြစ်ကြတော့သည်။
▀
ဆက်လက်ဖော်ပြပါမည်။
စိန်မျိုးမြင့်
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။