အဖြူရောင်
ကောင်မလေးရဲ့ ရယ်ပုံ ပြုံးပုံတွေက အသက်ပါလွန်းတယ်။ နှုတ်ခမ်းကလေး စူပြီး ကြည့်လိုက်တဲ့အခါ ကျုပ်ရင်တွေ တဒိုင်းဒိုင်းခုန်လို့ပေါ့...။
ကြည့်ရင်း... ကြည့်ရင်းက ကျုပ်စိတ်တွေ
လှုပ်ရှားလာတယ်။ ဆက်ကြည့်ချင်စိတ် မရှိတော့ဘူး။ ဟုတ်တယ်...။ ကျုပ်အခန်း ကျုပ်
ပြန်တာပဲ ကောင်းတယ်။ ဘဝတူ လုပ်ဖော်ကိုင်ဖက်တွေကတော့ ငြိမ်လို့၊ TV
ပုံး ရှေ့တည့်တည့်မှာ ကလေးတွေက ပိုးလိုးပက်လက် အိပ်ပျော်တဲ့သူက အိပ်ပျော်၊
တချို့ကလည်း အမေ့ရင်ခွင်ထဲက ဇိမ်နဲ့ မှေးကြည့်တဲ့သူက ကြည့်၊ သားသည်မအေတွေကလည်း TV ပုံးထဲက မင်းသမီးနဲ့အတူ ပြုံးလိုက်၊ မဲ့လိုက်၊ ကိုယ်ကိုင်းလိုက်၊
ခါးမြောက်လိုက်၊ ရင်ခွင်ထဲက ကလေးလေးက လွတ်သွားတဲ့ နို့ကို ပါးစပ်ကလေး ဟဟပြီး
လိုက်ဟပ်လိုက်နဲ့...။
တကယ်တော့လည်း
ကျုပ်တို့ဘဝမှာ 'အုတ်စက်ပိုင်' ပြတဲ့ ဇာတ်ကားလေးမှ မကြည့်ရရင် ဘာမှ
အပန်းဖြေစရာ မရှိတော့ဘူးလေ။ တစ်နေကုန် ခါးချိုးလုပ်ထားသမျှ ညကျမှ အမောဖြေခွင့်
ရတာကို...။
ဒီအထဲမှာ ကလေးတွေက
အကဲဆုံး၊ ညနေ နေဝင်တာနဲ့ ထမင်းကျွေးလို့ မရတော့ဘူး။ ပီနံအိတ်နဲ့ နို့စို့ကလေး
ရောချီပြီး 'အုတ်စက်ပိုင်' တဲရှေ့က ထင်းပုံပေါ်မှာ ထိုင်လိုက်၊
ဆော့လိုက်နဲ့ ဂနာမငြိမ်တော့ဘူး။ အုတ်စက်ပိုင် ထမင်းစားပြီးလို့ TV ပုံး ထုတ်တာ မြင်တာနဲ့ သူ့ထက်ငါ အလုအယက် နေရာပြေးဦးလိုက်တာ
နွားရိုင်းအုပ်ခြံထဲ မောင်းသွင်းတဲ့အတိုင်း...။ အဲလို ပြေးလွှားပြီး နေရာလုကြတာနဲ့
အုတ်စက်ပိုင် မိန်းမကြီးက ဆီးပြီး အော်တော့တာပဲ။ မြေကြီးကို ရေနှစ်လိုက်၊
နယ်လိုက်၊ နင်းလိုက်၊ နေလှန်းလိုက်၊ မီးဖုတ်လိုက်၊ မြေကြီးနဲ့ ထမင်းစားနေတဲ့
မိန်းမကြီးက ဖုန်တော့ ကြောက်သတဲ့ဗျာ..။
သင်းတို့ နေရာဦးပြီးတာနဲ့
စက်ပြားပြားကလေးထဲက လျှာကလေး လျှောခနဲ ထွက်လာတော့တာပဲ။ အဲဒီ လျှာကလေးထဲကို
သီချင်းခွေ ဝိုင်းဝိုင်းပြားပြားကလေး ထည့်ပြီးတာနဲ့ အုတ်စက်ပိုင် မိန်းမက...
'...ဖိုးတော မလာဘူးလား
ဖိုးတော...' နဲ့ အော်တော့တာပဲ။
အော်မှာပေါ့၊ ကျုပ်ဆိုတဲ့ ကောင်ကလည်း ရသမျှ ပိုက်ဆံ သီချင်းဆို ပစ်တဲ့ကောင်ကို။
'ဖိုးတောနော်... ဖိုးတော လူပျိုလေးဖြစ်ပြီး သပ်သပ်ရပ်ရပ် ကောင်းကောင်း မွန်မွန် မနေဘူး။
ရသမျှ ပိုက်ဆံ ကာရာအိုကေ သွားဖြုန်းတီးနေတာ။ နောက်ရက်ပတ် ပြည့်လို့ ငွေရှင်းရင်
နင့်ကို အကုန်မပေးဘူး။ ငါ့ဆီမှာ စုထား၊ အဝတ်အစား ဖြစ်ဖြစ် လိုချင်တာဝယ်။ လိုတာ ငါ
စိုက်ပေးမယ်...'
အဲဒါ အုတ်စက်ပိုင် မိန်းမက ကျုပ်ကို
ပြောနေကျ စကားပေါ့၊ ကျုပ် စိုင်းထီးဆိုင်ကို သိပ်ကြိုက်တယ်။ နောက်
သီချင်းဆိုနေရတာကို ကြိုက်တယ်။ သီချင်းကို ဆိုနေရမှ ကျုပ်ရှိတဲ့ အုတ်စက်က
သီချင်းသံနဲ့ ဆူညံနေရမယ်။ ဒါပေမယ့် ကက်ဆက်တောင် မပိုင်တဲ့ ကျုပ်က တစ်ပုဒ်လုံး
ဘယ်ရပါ့မတုံး။ ဆိုချင်သလို ဆိုပစ်လိုက်တာပဲ။ တချို့စာသားတွေ မသိရင် ကျုပ်ထင်တာ
ရမ်းသမ်းပြီး ဟစ်နေကျ… အဲဒါကြောင့် အုတ်စက်ပိုင် မိန်းမက ကျုပ်ကို သတိတရ
အရင်မေးတာပေါ့။
လူကြီးတွေက အလုပ်သိမ်း၊ ချက်ပြုတ်
စားသောက်ပြီးမှ လာနိုင်တာကိုး။ သီချင်း ပရိသတ်ကတော့ ကလေးတွေနဲ့ ကျုပ်ပဲ ရှိတယ်။
'လင်းခေး' ကို မလာခင်တုန်းက မန္တလေးမှာပေါ့။ တစ်ရက် အုတ်စက်ပိုင်က နယ်မှာ
လုပ်ငန်းခွဲရှိတယ်။ လိုက်ချင်တဲ့လူ အထုပ်အပိုး ပြင်ထားဆိုတော့ ကျုပ်က ရှောင်နေတာ၊
ဟုတ်တယ်။ ကျုပ်တို့ ရွာကနေ မန္တလေးထိတောင် အိမ်နဲ့ စိတ်ဆိုးလို့ လိုက်လာတာရယ်။
နယ်ထပ် ထွက်မယ်ဆိုရင် ကျုပ်က တစ်ကောင်ကြွက်လို ဖြစ်နေတာ၊ မလိုက်ချင်ဘူး။ အဲဒီတင်
အုတ်စက်ပိုင်က ကျုပ် ခေါ်ပြီး...
'မင်းလိုက်မှ ရမှာ၊ အခု
သွားမှာ စိုင်းထီးဆိုင်ရဲ့ မြို့၊ ရှမ်းပြည်နယ်မှာ...'
စိုင်းထီးဆိုင်ရဲ့ မြို့ဆိုတာရယ်၊
စိုင်းထီးဆိုင်ကို အရှင်လတ်လတ် မြင်ချင်တာရယ်နဲ့ လိုက်လာခဲ့တာ။ ဝေးလိုက်တဲ့ခရီး
လွန်ပါရော။ ကားကြီးက တောင်ပေါ် တက်သွားလိုက်၊ ပြန်ဆင်း လိုက်... ကွေ့လိုက်နဲ့
ငွေမကုန်ဘဲနဲ့ကို မူးလိုက်တာ ကမ်းကုန်။
ကျုပ်တို့အုတ်စက်က လင်းခေးကို
သုံးမိုင်လောက် ကျော်ပြီး အရှေ့ဘက်တောင် တန်းကြီးတွေနားက 'ဒါးဆိပ်'
ဆိုတဲ့ ရွာမှာ၊ အဲဒီမှာ မြေကြီး တမံကြီးကလည်း ဟီးလို့။ အဲဒီ ဒါးဆိပ်
စီမံကိန်းကြီးမှာ ကျုပ်တို့ အုတ်စက်ပိုင်က အုတ်သွင်းရမှာတဲ့။ ကျုပ်မှာ ရောက်ကတည်းက
စိုင်းထီးဆိုင် မြင်ချင်တာ ဖင်တကြွကြွပေါ့။ ထွေလာဂျီနဲ့ ဈေးလိုက်တုန်း
လျှောက်မေးကြည့်တော့လည်း ရှမ်းတွေက 'မဟု' တဲ့။ နောက် ကျုပ်တို့ နယ်သား တစ်ယောက်နဲ့တွေ့မှ စိုင်းထီးဆိုင်က
ရန်ကုန်မှာ နေမှန်း သိရတော့တာ။
ဟေး...ဟေး... အော်သံတွေနဲ့
ကျုပ်အသိဝင်လာတော့ ဇာတ်လိုက်က ကောင်မလေးကို အတင်းဖက်ထားတာကိုး။ မဖြစ်ဘူး... မဖြစ်ဘူး၊
ကျုပ်တကယ်ပြန်မှ ဖြစ်တော့မှာ။ ခြေဖျားထိပ်က ယားသလိုလို၊ လက်ဖျားထိပ်ကပဲ ယားသလိုလို
ဘာလိုလို ဖြစ်နေတာတွေ ပျောက်အောင် ရွှေကျားပျံကိုပဲ ဖိ...ဖိ... ပြီး ဖွာနေမိတယ်။
တဲတန်းရှေ့ရောက်တော့
သက်ငယ်ချပ်တံခါးလေးကို မ,ဖယ်ပြီး ဝါးကွပ်ပျစ်ကလေးပေါ် လှဲနေလိုက်တယ်။ တဲတန်းတစ်ခုလုံး
ငြိမ်သက်နေတာပဲ။ အပေါ်က မိုးထားတဲ့ နှစ်ရောင်စပ် ပီနံ မိုးကာက လေတိုက်လိုက်တိုင်း
ဝုန်းခနဲ ဝုန်းခနဲ မြည်နေသလို ကျုပ်ရင်ထဲမှာလည်း ကတုန်ကယင်ကြီး ဖြစ်အောင်ကို
ဝုန်းဒိုင်းကြဲနေတာပါပဲ။
စောစောက သောက်ထားတဲ့ တစ်ပိုင်းကလည်း
အခုမှ အရှိန်တွေ တက်နေတယ်။ ဟိုနေ့ညက တာတူးတဲ့ ကောင်တွေနဲ့ အဖော်ကောင်းလို့
သွားကြည့်ခဲ့တဲ့ ရွာထဲက ဗီဒီယိုကားကလည်း မျက်လုံးထဲ ရစ်ဝဲ...ရစ်ဝဲ...။ တစ်နေကုန်
ပင်ပန်းထားတာရယ်၊ ရီဝေဝေ အတွေးရယ်၊ အရှိန်တက်လာတဲ့ အရက်ရယ် ပေါင်းပြီး မှေးခနဲ
အိပ်ပျော်သွားလိုက်သလိုပဲ။ တိုးတိုး... တိုးတိုး စကားသံတွေကြောင့် ဖျပ်ခနဲ
လန့်နိုးလာတော့ ဟိုဘက်ခန်းက ကျော်မိုးတို့ လင်မယား ဘယ်အချိန် ပြန်ရောက်လာတယ်
မသိဘူး။ သက်ငယ်ကာထားတဲ့ အကာအရံ ကလေးနဲ့ လူဝင်လမ်းကလေးပဲ ခြားတဲ့ ဒီဘက်ကွပ်
ပျစ်ပေါ်မှာ ကျုပ်ရှိတာ သိကြပုံ မရဘူး။
စကားသံ တိုးတိုးနဲ့ ရယ်လိုက်တဲ့
ဝင်းရီရဲ့ ရယ်သံက ကျုပ်ကျောထဲမှာ စိမ့်ခနဲပဲ ကြက်သီးတောင် ထလို့။ သူတို့က
လင်းခေးကို လာတော့မှ ခိုးပြေးလာကြတာလေ။ အရင်ရက်တွေ ကတော့ အားလုံးက အလိုက်သိသိပဲ
အုတ်စက်ပိုင်အိမ်က TV ပုံးရှေ့ ရောက်နေတာ။ ထူးထွေပြီး ရှောင်ပေးစရာ မလိုဘူးပေါ့။ ဒီနေ့မှ ကျုပ်
ကံဆိုးတာ။ စိတ်ထဲမှာလည်း ဘယ်လို ဝေဒနာရယ် မပြော တတ်ဘူး။ ထလည်း မသွားချင်ဘူး။
ငြိမ်ငြိမ်ကလေးပဲ လှဲနေမိတယ်။
မငြိမ်လို့လည်း မရဘူးလေ။
ကျုပ်တို့ပိုင်တဲ့ ဝါးကွပ်ပျစ်က ဟိုဘက်၊ ဒီဘက် လှည့်ရင်တောင် ဂျိုးဂျိုးဂျွတ်ဂျွတ်
အသံထွက်တာ။
ကျုပ်နားထဲမှာ 'အိမ်ထောင်သည်တွေနဲ့
လူလွတ်တွေ အတူမထားဘူး' ဆိုတဲ့ အုတ်စက်ပိုင် အသံကို
ပြန်ကြားမိတယ်။ ပါးစပ်ကသာ ပြောတာလေ။ လုပ်ငန်းကိစ္စကိုပဲ လုံးပမ်းနေတော့
ကျုပ်တို့ကို ပြန်ကြည့်အားတာ မဟုတ်ဘူး။ အကုန်အကျ သက်သာအောင်
အခန်းကျဉ်းကျဉ်းကလေးတွေနဲ့ တဲတန်း ရှည်ကြီးဆောက်ပြီး အခန်းတွေ ဝေတော့ ကျုပ်ကတောင်လိုလို
မြောက်လိုလိုနဲ့ ကျော်မိုးတို့နဲ့ အခန်းကပ် လျက် လာဖြစ်နေတာပဲ။ ဘယ်သူကမှလည်း
သတိထားမိဟန် မတူဘူး။
အရင်ရက်တွေကတော့ လူခြေတိတ်မှ အခန်းထဲ
ဝင်နေကျ၊ ကျုပ်က သီချင်းဆိုနေရရင် ကျေနပ်နေတဲ့ ကောင်၊ လသာရက်တွေဆို
တာရိုးကြီးပေါ်တက်ပြီး လေကလေး တဖြူးဖြူးနဲ့ သီချင်းတွေ စိတ်ရှိလက်ရှိ အော်နေတတ်တာ။
မကျေနပ်စိတ် ဖြစ်လာရင် သီချင်းဆိုပြီး မေ့ဖျောက်တတ်တာ ကျုပ်အကျင့်လေ။
တာရိုးပေါ်ကကြည့်ရင် နမ့်တိန်းချောင်းက လရောင်အောက်မှာ ရောင်ပြန်တွေ လက်လက်ထလို့
ဟိုးခပ်ဝေးဝေးမှာ လင်းခေးတံတားသစ်ကြီးနဲ့ တောင်မြင့်မြင့်ကြီးက ပြာမှိုင်းနေတာပဲ။
ထန်းပင်၊ ဇီးပင်၊ တမာပင်၊
ထနောင်းပင်တွေနဲ့ အပူချိန်ပြင်းလှတဲ့ လင်းခေးမြို့မှာ အဖေအမေကို လွမ်းတဲ့၊
ရွာကိုလွမ်းတဲ့ အညာသား ကျုပ်မှာ သီချင်းဆိုတာ၊ ဗီဒီယို ကြည့်တာပဲ ဖြေဖျော်စရာရှိတာ
မဟုတ်လား။
အသံမထွက်ရဲလို့ အသက်တောင်
ခိုးရှူနေရတဲ့ ကျုပ် ငြိမ်ကုပ်နေရတာနဲ့ ပေါင်းပြီး အကြောအခြင်တွေ တောင့်တင်းနေတယ်။
တစ်လောကလုံး တိတ်ဆိတ်နေပြီလို့ ထင်ရတဲ့အချိန်မှာ ကျုပ် ငြိမ်ငြိမ်ကလေးထပြီး
အခန်းထဲက ထွက်ခဲ့တယ်။ ဟိုးဘက်အစွန်ဆုံးက ဒေါ်ကြီးငြိမ်း အခန်းရှေ့က ရေအိုးမှာ
ရေတစ်ဝကြီး သောက်ပြီး အိပ်ထောင်ထဲ နှိုက်ကြည့်တော့ ပိပြားနေတဲ့ ဆေးလိပ်တိုကလေး
လက်ထဲပါလာတယ်။
လေတိုက်နေတော့ ဆေးလိပ်က တော်တော်နဲ့
မီးမစွဲဘူး။ လက်နဲ့ကာပြီး ရှိုက်ဖွာလိုက်တော့မှ မီးခိုးတွေ ထောင်းထလာတယ်။ အားရ
ပါးရပဲ ဗိုက်ထဲထိ ရှိုက်သွင်းမိတယ်။ ခေါင်းအမော့ မီးအငြိမ်းမှာ လှပ်ခနဲ
မြင်လိုက်ရတာ ဒေါ်ကြီးငြိမ်းတို့ ကွပ်ပျစ်ပေါ်က စောင်ခြုံကြီး...။
အရက်ရှိန်က ဆေးခိုး ငွေ့နဲ့ပေါင်းပြီး ပြန်တက်လာသလိုပဲ။ သွေးကြောတွေတောင်
ဖျဉ်းဖျဉ်းဖျဉ်းဖျဉ်းနဲ့။
ကျုပ်သိတယ်။ ဒါ မိနုပဲ၊
အောင်ပိုင်ကြိုက်တဲ့ ဒေါ် ကြီးငြိမ်းတို့ မိသားစုက TV ပုံးရှေ့မှာ
ရှိနေလောက်ပြီ။ သားအမိနှစ်ယောက်အိပ်တဲ့ ကွပ်ပျစ်ပေါ်မှာ စောင်ကြီးခြုံပြီး
အိပ်နေတာ မိနုကလွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ။
ကျုပ်မျက်စိထဲမှာ မိနုရဲ့ ပုံရိပ်တွေ
ပေါ်လာတယ်။ ကျုပ်တို့ နည်းတူ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ရတဲ့ အကြမ်းခံ၊
ရေစိမ်ခံ၊ ညိုညိုလုံးလုံး ပြည့်ပြည့် ကိုယ်ခန္ဓာ။ မပြုံးတပြုံး မိနုမျက်နှာက
ကျုပ်မျက်နှာပေါ် ဝဲဝဲ ကျလာတယ်။ ဟိုကြော်ငြာထဲက မင်းသမီးလိုပေါ့။ ကျုပ်
ရေထပ်သောက်မိပြန်တယ်။ သောက်လို့ကို မဝနိုင်ဘူး။ တစ်ခွက်ပြီး တစ်ခွက်။
နောက်တော့ ဘယ်အင်အားကများ မိနုဆီ
တစ်လှမ်းချင်း ရွှေ့သွားအောင် တွန်းပို့နေတယ် မသိဘူး။
'ဟ...သောက်ကျိုးနည်း...လူဟ... လူဟ... ခြေထောက် ဆွဲတာဟ'
မိနုအဖေ ဦးကြီးငွေရဲ့ အသံကြီး
ထွက်လာတော့ ကျုပ် ကြောင်ပြီး ရပ်နေမိတယ်။ နောက် ကျုပ်ခြေထောက်တွေကို
မိုင်ကုန်တင်ပြီး ပြေးထွက်လာခဲ့မိတယ်။ အုတ်ပုံတွေကို ကျော်လာတော့ တာရိုးသစ်ကြီးကို
မြင်နေရပြီ။ ဦးကြီးငွေအသံနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ညာသံပေးလိုက်လာတဲ့ အသံတွေ
ကလည်း ပိုပိုပြီး နီးနီးလာပြီ။
နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ကျုပ်ရှေ့က
ဆီးဖမ်းရအောင် ဘယ်ဘက်က ပန်းတက်လာတယ်။ တစ်ဖွဲ့က ကျုပ် နောက်က၊ ကျုပ် စဉ်းစားချိန်
မရှိဘူး။ ထန်းပင်အောက် မှောင်ရိပ်ရောက်တာနဲ့ ညာဘက်ကို ချိုးကွေ့ပြီး ကျူတောထဲ
ပုန်းနေလိုက်တယ်။ လိုက်ရှာသံတွေ၊ ညာသံပေးနေတဲ့ အသံတွေနဲ့ ဝေးရာကို
တိုးရင်း...တိုးရင်း...ကျုပ် ရင်ထဲ အေးခနဲ...ဟာခနဲ နောက်ဆုံး အသိကတော့
စိမ့်အေးနေတဲ့ တိန်းချောင်းရေတွေ ပါးစပ်ထဲ၊ နှာခေါင်းထဲ စီးဝင်လာတာပဲ။
□
'ဒေသခံတွေက
ပြောကြတယ်လေ...တိန်းချောင်းက လူစိမ်းဆိုရင် စားတယ်' တဲ့။
▀
အဖြူရောင်
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...