ကိုနိုင်၊မြင်းခြံ၊
'ကိုဖိုးလုံး.... ကိုဖိုးလုံး....ထ'
'ဟင်... အင်း... အင်း'
မျက်လုံးဖွင့်ကြည့်တော့ မှောင်နဲ့မည်းမည်း။
မီးဖိုဘက်မှ သူ့မိန်းမ အသံကိုသာ ကြားရသည်။ ထရံကြားမှ အလင်းရောင်ကြောင့်
လန့်သွားသည်။ မိုးလင်းနေပြီလား မသိ။ ဒီနေ့ နောက်ကျလှပြီ ထင်တယ်။
'သန်းမြ... ဘယ်နှနာရီ
ရှိပြီတုံး'
'မသိဘူးလေတော်...တုံးခေါက်သံတော့
မကြားရသေးဘူး'
'အင်း... မသိဘူးလေတော်...
တုံးခေါက်သံတော့ မကြားရသေးဘူး'
အင်း... မဖြစ်ဘူး။ နာရီထကြည့်ဦးမှပဲ။
ကြမ်းလှုပ်သံ မကြားရအောင် သာသာလေး ထလိုက်သည်။ ဒါပေမယ့် မရ။ အသံနည်းနည်းတော့
ထွက်သွားသည်။ သူတို့ အိပ်ရာကို ခုတင်လို့ ခေါ်ရမလား။ ကွပ်ပျစ်လို့ ခေါ်ရမလား။
ဘယ်လိုခေါ်ရမှန်းပင် မသိ။ အိပ်တဲ့နေရာဆိုတော့ ခုတင်ပေါ့လေ။ အမှန်တော့ ကွပ်ပျစ်ပင်
ဖြစ်သည်။ သူတို့ အိမ်ထောင်ကျစမှ စ၍ အိပ်လာခဲ့သည်မှာ ယနေ့အထိ။ ပျက်သွားလျှင်
ပြန်ပြင်လိုက်နှင့် သက်တမ်းသည် သူတို့ အိမ်ထောင်သက်နှင့် အတူတူပင်။ ထရံတွင်
ချိတ်ထားသော လွယ်အိတ်ထဲမှ နာရီကို ထုတ် ကြည့်တော့ လေးနာရီ ထိုးတော့မည်။
သိပ်နောက်မကျသေးပေ။ သြော်... မေ့နေလိုက်တာ။ ဒီနေ့ လဆန်း ဆယ့်လေးရက် အဖိတ်နေ့ပဲ။
လရောင်နဲ့ လင်းနေတာ ဖြစ်မှာ။
'ဝါး...
အို ဒီအကောင်တွေကလည်း'
ပါးစပ်ဖွင့်ပြီး သမ်းလိုက်တော့
ပါးစပ်ထဲ ခြင်နှစ်ကောင် ဝင်လာသည်။ ခိုးလိုးခုလုဖြစ်ပြီး ထွေးထုတ်လိုက်သည်။
ကလေးတွေများ ခြင်ကိုက်နေပြီလား မသိ။ ခြင်ထောင် နားကိုသွား၍ စမ်းကြည့်လိုက်သည်။
ခြေထောက် နှစ်စုံက အပြင်ရောက်နေသည်။ ခြင်ထောင်ကို မပြီး အထဲပြန်သွင်းပေးလိုက်သည်။
ခြင်ထောင်ပုံစံ ချုပ်ထား၍သာ ခြင်ထောင်ဟု ခေါ်ရသည်။ တကယ့်ခြင်ထောင်တွေလို
လေဝင်လေထွက် ရသည်မဟုတ်။ ဖျင်ကြမ်းတွေကို စပ်ပြီး ချုပ်ထားခြင်းကြောင့် ဖြစ်သည်။
အိပ်နေကျ မဟုတ်ရင် မွန်းကျပ်ကျပ်တော့ ဖြစ်သည်။ သူတို့ကတော့ အိပ်နေကျဖြစ်သည်။
ခြင်ထောင်လည်း တော်တော်လေးကို ဟောင်းနွမ်းပြီး ရိနေသည်။ တချို့နေရာ တွင်
ပေါက်တောင်ပေါက်တော့မည်။ ခြင်ထောင်သက်တမ်းကလည်း မနည်းတော့။ သူတို့
မင်္ဂလာဦးတည်းကပင်။ အစက သူတို့ လင်မယားနှစ်ယောက် အိပ်သည်။ အဦးဆုံး ရတနာလေး
ရသည်အထိပင်။ နောက်တော့ တိုးပွားလာသော ရတနာလေးတွေကိုပဲ ခြင်ထောင်နှင့်
သိပ်လိုက်သည်။ သူတို့ လင်မယားနှစ်ယောက်က ဒီအတိုင်းပင် အိပ်လိုက်သည်။ ပထမ ရတနာလေး
ရပြီးစက မိန်းမကို သူပြောသေးသည်။
'သန်းမြ... ငါတို့ ကလေး
နည်းနည်းယူရအောင်... ဟို... တားဆေးလေး ဘာလေးလုပ်ပါလား...'
'အို... တော်...
မလုပ်ချင်ပါဘူး။ ကံပေးသလောက် ယူတာပေါ့'
မိန်းမကို သူ အပြစ်လည်း မဆိုရက်။
သန်းမြက ရွာကျောင်းမှ လေးတန်းအောင်နှင့်ပင် ကျောင်းထွက်လိုက်သည်။ ဒီတော့
သူ့ဦးနှောက်သည် ဒီလောက်ပဲ ရှိမည်။ သူကမှ ရှစ်တန်းအထိ ရောက်ခဲ့သေးသည်။ ဒီနောက်တော့
သန်းမြက တစ်နှစ် တစ်ယောက် မှန်မှန်ကို မွေးသည်။ အခု အိမ်ထောင်သက် လေး နှစ်ကို ကလေး
လေးယောက် ရပြီ။
'ကိုဖိုးလုံး...
ထမင်းစားရအောင်လာ...'
'အေး... အေး... လာပြီ'
မီးဖိုဘက်ကို သွားဖို့ အိမ်ထဲက
ထွက်လိုက်သည်။
'အား...အေးလိုက်တာ...'
သူငယ်ပြန်နေသော ဆောင်းက သူ့ကို ကျီစယ်
လိုက်သည်။ ဖျင်ကြမ်းအင်္ကျီကို ဆွဲစေ့ရင်း ကုပ်ကုပ်နှင့် သွားရသည်။ ထမင်းမှာ
မနေ့ညက ကျန်ခဲ့သော ထမင်းနှင့် ဟင်းပင်။ စားသောက်ပြီး သွားတော့ သွားဖို့
ပြင်ဆင်လိုက်သည်။ လွယ်အိတ်ကိုလွယ်၊ ဦးထုပ်ဆောင်းပြီး စက်ဘီးနှင့်ပုံးကို မ၍
အိမ်အပြင်ထုတ်လိုက်သည်။ ရေခဲပုံးကို စက်ဘီးပေါ်တင်ပြီး သေချာတုပ်ရသည်။
အားလုံးပြီးမှ စက်ဘီးကို တွန်းပြီး ထွက်လာခဲ့သည်။ ဝင်းတံခါးရောက်မှ သတိရသည်။
'သန်းမြရေ... ကလင်ယူခဲ့ပါဦး။
ဘုရားစင်ပေါ်မှာနော်...'
အရေးကြီးတဲ့အရာ မေ့တော့မလို့။
မိန်းမလာပေးတဲ့ ကလင်ကို လွယ်အိတ်ထဲ ထည့်ရင်း ထွက်လာခဲ့သည်။
□
စက်ဘီး နင်းလိုက်တော့မှ လက်ကျန်ဆောင်း
ရာသီ၏ အစွမ်းကို ပိုသိရသည်။ ဒါပေမယ့် သူ ဂရု မစိုက်နိုင်။ မြို့ကို
စောစောရောက်နိုင်ဖို့သာ အဓိကထားသည်။ အခုဆို သူ့လို ဘဝတူ ရေခဲချောင်းသည်တွေက
ပို၍များသည်။ ရေခဲစက်ကို စောစောရောက်မှ ရေခဲချောင်း ကောင်းကောင်း ရမည်။
တခြားရွာတွေဆို ရေခဲချောင်းသည်တွေက တစ်ရွာကို နှစ်ယောက်တော့ ရှိသည်။ နှစ်ယောက်
သုံးယောက်ဖြစ်နေလျှင် လူခွဲ၍ ရောင်းကြသည်။ သူကတော့ အခုအချိန်ထိ ကံကောင်းနေသည်။
ရွာတွင် ရေခဲချောင်းသည်က သူ ကလွဲပြီး တခြား ဘယ်သူမှ မရှိ။ သူ့ရွာတွင် မဟုတ်။
အနီးအနား ပတ်ဝန်းကျင် ရွာတွင်လည်း မရှိ။ ဆင်းဂွတ်၊ ကျားတိုင်၊ မရိုးကုန်း၊
ရွာရှည်၊ တောပုရွာများတွင်လည်း ပြိုင်ဖက်မရှိ ရောင်းနိုင်သည်။ အခုနောက်ပိုင်းတွင်
အနိမ့်မှညိုသန်းနှင့် အဖော်တစ်ယောက် သူ့ရွာဘက် လာရောင်းသည်။ ဒါကို သူဂရုမစိုက်။
သူ့တွင် ဖောက်သည်များ ရှိသည်။ နောက်ပြီး သူ့ကို ရွာများမှ မသိသူ မရှိ။ မည်သူလာ၍
ပြိုင်ပါစေ။ သူက ရောင်း၍ ကောင်းမြဲ။ သူ ဂရုစိုက်သည်က ရေခဲချောင်းများများနှင့်
ကောင်းကောင်း ရရေးပင်။ ဒီနေ့လည်း တောပုတွင် ဘုရားပွဲ ရှိသည်။ ပွဲက ဒီနေ့ ညမှ အဝင်။
အဲဒါကြောင့် ရေခဲချောင်း များများမရမှာကို စိုးရိမ်နေသည်။ တော်တော်လေး
နင်းမိလာတော့ ချွေးပင်စို့လာသည်။ ခရီးလည်း တစ်ဝက်ကျိုးလာပြီ။ အနိမ့်က လူတွေပင်
သူ့ရှေ့ကို ရောက်နေပြီလား မသိ။ ကိစ္စမရှိ။ ရေခဲချောင်းလိုချင်သလောက် ရရင်တော်ပြီ။
မြို့အဝင်ရောက်တော့ သူ့မှာ ချွေးတွေ ရွှဲနေသည်။ ချွေးတွေကို မသုတ်အားဘဲ ရေခဲစက်
အရောက် တစ်ခါတည်း နင်းခဲ့သည်။ စက်ရောက်မှပင် ချွေးတွေကို သုတ်ပြီး ရေခဲယူရသည်။
ထင်သည့် အတိုင်း ညိုသန်းတို့က ပြန်တော့မည်။
'ကိုဖိုးလုံး...
စောင့်ရဦးမလား'
'ရပါတယ်... ကိုညိုသန်း
သွားနှင့်ပါ။ နောက်က လိုက်ခဲ့ပါ့မယ်'
ရေခဲထည့်တာ၊ ပိုက်ဆံရှင်းတာနှင့်
နာရီဝက်လောက် ကြာသွားသည်။ မြို့မှ ထွက်လာတော့ ခြောက်နာရီပင် ထိုးသွားသည်။
အပြန်ခရီးမှာတော့ အေးအေးဆေးဆေးပင်။ စက်ဘီးကို ပုံမှန်နင်းရင်း လေချွန်လာခဲ့သည်။
အခုလို ပွင့်လင်းရာသီမှာတော့ အားလုံး အဆင်ပြေသည်။ သွားရေး လာရေး တွင်လည်း ဖုန်ထတာ
တစ်ခုပဲ ပြောစရာရှိသည်။ ဒါလည်း သူ့လို တောသားအဖို့ အထူးအဆန်း မဟုတ်။
ရာသီဥတုဒဏ်ကိုလည်း ခံနိုင်သည်။ မိုးရွာရွာ၊ နေပူပူ အကြောင်းမဟုတ်။ မကောင်းတာက
လမ်းခရီးပင်။ မိုးရာသီဆိုလျှင် သွားရေးလာရေး ခက်ခဲသည်။ မိုးနည်းနည်း ရွာလိုက်တာနဲ့
ဗွက်ဖြစ်ပြီ။ မြေကလည်း မြေစေးတွေ။
မိုးများသည်းရင် ပိုဆိုးသည်။ ရွာထဲမှာကိုပဲ ဗွက်က တအား ဆိုးသည်။ မိုးရာသီ
ဆိုရင်တော့ သူ့အတွက် စီးပွားရေး ထိခိုက်သည်။ တစ်လနှစ်ခါလောက် ရောင်းရဖို့ပင်
အနိုင်နိုင်။ တောင်သူလုပ်ဖို့ကလည်း သူ့တွင် မြေမရှိ။ ဒီတော့ စာရင်းငှား
လိုက်လုပ်ရင်လုပ်၊ မလုပ်ရင် ရှိတာလေး ထိုင်စားရုံပင်။ ပုရွက်ဆိတ်များလိုပင်
မိုးရာသီအတွက် ကြိုတင် စုဆောင်းရတာလည်း သူ့အတွက် မောပန်းလှသည်။
'ရေခဲချောင်းသည်ကြီး
နေပါဦးဗျို့...။ ရေခဲချောင်းသည်ကြီး...'
နင်းကောင်းကောင်းနဲ့
နင်းလိုက်တာဘေးက ကလေးခေါ်သံကြားမှပင် ရောင်းဖို့ သတိရသည်။
'အေး...အေး... ဒီလာခဲ့ကလေး...
ဒီလာခဲ့...'
စက်ဘီးကိုရပ် ချွေးသုတ်ပြီးမှပင်
ပုံးကို ဖွင့်ရသည်။ အေးစက်သော ရေခဲ၏ အထိအတွေ့ကြောင့် စိတ်ထဲတွင် လန်းသွားသည်။
ကလေးကို ရောင်းလိုက်ပြီး သူလည်း နည်းနည်းစားလိုက်သည်။ ရှေ့မှ သွားနှင့်သော
ညိုသန်းတို့ အရိပ်အယောင်ပင် မမြင်ရပေ။ သူ မရောက်နှင့်ခင် အမြန်နင်းသွားကြပုံ
ပေါ်သည်။ ဒီအတွက်တော့ စိတ်မပူ။ ရပ်ဝေးက ဘုရားပွဲလိုက်လာသူများက သူ ရောက်မည့်
အချိန်နှင့် အံကိုက်လောက်ပင်။ ဘုရားပွဲ လိုက်သူတွေက ဒီနေ့ညပွဲကြည့်၊ မနက်ခင်း
ဆွမ်းလောင်းပြီး ပြန်ကြလိမ့်မည်။ မနက်ဖြန် နေ့လယ်အထိသာ လူစည်ကားသည်။
ဒီဘုရားပွဲပြီးရင် ငွေစုပြီး အိမ်မိုးဖို့ စီစဉ်ရဦးမည်။ ငွေပြည့်မည့် အချိန်နှင့်
မိုးဦးကျချိန် အနေတော် ဖြစ်လိမ့်မည်။
□
တောပုကို သူရောက်တော့ ရွာထဲက လူတွေ
ရွစိရွစိ ဖြစ်နေသည်။ သူရောက်တာ အနေတော်ပင်။ ဘုရားပွဲရက်မို့ ရွာထဲက
လူတွေတောမထွက်ကြ။ ဒါက ဓလေ့တစ်ခုလိုပင် ဖြစ်နေ သည်။ ရွာထဲမှာ လူရှိတော့ သူ့အတွက်
ပိုရောင်းကောင်းသည်။ ရွာထဲကို ပတ်မနေတော့ဘဲ ဇာတ်ခုံရှိတဲ့ရွာ အရှေ့ကိုပဲ
ထွက်ခဲ့သည်။ ဇာတ်ခုံနားဆို ပိုရောင်းရသည်။ ဇာတ်ခုံဆောက်သူ တွေကလည်း မောပန်း၍
ဝယ်မည်။ ကလေးတွေကလည်း ကစားပြီး မော၍ဝယ်မည်။ ဘယ်လိုကြည့်ကြည့် အဆင်ပြေသည်။
ဇာတ်ခုံနားတွင် ညိုသန်းတို့လည်း ရောက်နေသည်။ သူလည်း မန်းကျည်းပင်ရိပ်အောက်တွင်
ရပ်ပြီး သူ့က လင်ကို လှုပ်ရသည်။
'ဦးဖိုးလုံး... ကျုပ်ကို
ငါးကျပ်တန် တစ်ချောင်းပေးပါ'
'အေး...အေး... မင်းတို့အိမ်
ဧည့်သည်တွေ ရောက်လာပြီလားကွ'
'ရောက်ပြီဗျ... ကျုပ်
ကိုတောင် မုန့်ဖိုးပေးလိုက်သေးတယ်'
ပထမဆုံး ကလေးလာ ဝယ်ပြီး သိပ်မကြာခင်
သူ လက်မလည်အောင် ရောင်းရသည်။ လက်ကို တစ်ခဏမျှပင် အနားမပေးရ။ ဝယ်သူ
နည်းနည်းပါးသွားမှပင် ပတ်ဝန်းကျင်ကို သေချာပြန် ကြည့်ရသည်။ ညိုသန်းတို့လည်း
သိပ်မဆိုးလှ။ သူ့လောက် မရောင်းရပေမယ့် တဖြည်းဖြည်းချင်းတော့ ရောင်းရသည်။ ရေခဲ
အကုန်နှေးတာ တစ်ခုပဲ ရှိမည်။ သူ့ ရေခဲပုံးတွင် ရေခဲသည် ဘာမှ မကျန်တော့။ အောက်ဆုံး
တစ်ဆင့်ပင် ပြည့်ပြည့်ဝဝ မကျန်တော့။ ဒီလောက် အကျန်ကို သူစိတ်မပူ။ ရွာပြန်ရောက်ရင်
ကုန်သွားနိုင်သည်။ နေလည်း အတော်မြင့်နေပြီ။ တောပုရွာထဲတွင်လည်း ကုန်သွားနိုင်သည်။
ဇာတ်ခုံဆောက်သူတွေလည်း ဆောက်ပြီးနေပြီ။ သူ့အတွက် ပြန်သင့်သော အချိန် ပင်။
ညိုသန်းတို့ကို နှုတ်ဆက်မနေတော့ဘဲ စက်ဘီးကို တွန်းထွက်ခဲ့သည်။ တောပုရွာတွင်
နည်းနည်းသာ ရောင်းရသည်။ ရွာထဲကို ပတ်မနေတော့ဘဲ အိမ်အပြန်ခရီးကို စလိုက်သည်။ စက်
ဘီးနင်းလိုက်မှ ဗိုက်က သူ့ ကို အချက်ပြလာသည်။ စောစောကတည်းက ဗိုက်ဆာ နေသော်လည်း
ထိုအချိန်က သူ အရေးမလုပ်နိုင်။ စက်ဘီးကို ခပ်သွက်သွက် နင်းလိုက်သည်။
အိမ်ပြန်ရောက်မှပင် ထမင်းကို တစ်ဝစားလိုက်မည်။ ရွာထဲရောက်တော့ ဟို နားနည်းနည်း၊
ဒီနားနည်းနည်း ရောင်းနေရသေးသည်။ တောက ပြန်လာသော သူတွေဆိုတော့ အမောပြေ စားကြသည်။
သူက အမော မပြေနိုင်သေး။ အိမ်ရောက်မှပဲ အမောပြေတော့မည်။ လူ တစ်ကိုယ်လုံးလည်း
ချွေးတွေ ရွှဲနေသည်။ ဗိုက်က ဆာဆာနှင့် စိတ်မရှည်ချင်တော့။ ကလင်ကိုလည်း
လှုပ်မနေတော့။ မြန်မြန်ရောင်းပြီး မြန်မြန်ပြန်ခဲ့သည်။ ပုံးထဲတွင်လည်း
ရေခဲနှစ်တုံး၊ သုံးတုံးသာ ကျန်တော့သည်။ အားလုံး အဆင်ပြေသည်။ အိမ်ပြန်ရောက်တော့ စက်ဘီးကို
ဒေါက်ထောက်ပြီး မိန်းမကို တန်းပြောသည်။
'သန်းမြရေ...ထမင်း ခူးဟေ့။ ငါ
ထမင်းဆာပြီ'
'တော်...ရေခဲချောင်းကုန်ခဲ့လား'
'အဲဒါ နောက်မှ
မေးစမ်းပါဟာ...။ ဘာဟင်းချက်တုံး'
'ချဉ်ပေါင်ဟင်းနဲ့ပဲ ဟင်းပဲ
ရှိတယ်'
'အေး...အေး...
မြန်မြန်ခူးလိုက်'
ဟင်းမကောင်းသော်လည်း ဆာဆာနှင့်မို့
တော်တော်စားကောင်းသည်။ စားသောက်ပြီးတော့ ရုတ်တရက် ပြန်မထွက်ဖြစ်သေး။
ရောင်းဖို့လည်း ရေခဲနှစ်တုံး သုံးတုံးသာရှိသည်။ ရောင်းစရာ မရှိ အတူတူ ခဏ
အနားယူလိုက်သည်။
□
ထမင်းလုံးစီရင်းနဲ့ သူ
မှေးမှေးအိပ်ပျော်မလို ဖြစ်သွားသည်။ ဒါပေမယ့် သန်းမြ စကားကြောင့် သူအိပ်ချင်စိတ်
ပျောက်သွားသည်။ သန်းမြက သူ့နားလာထိုင်ရင်း စကားစလာသည်။
'တော်...ညနေ တစ်ခေါက် ရေခဲ
သွားယူဦးမှာလား...'
'အေးပေါ့... ဘာဖြစ်လို့တုံး'
'နို့ညှာကောင်
သိပ်နေမကောင်းဘူး။ အဲဒါ မြို့က အဖျားပျောက်ဆေး ဝယ်ခဲ့ဦး'
'ဟ... ငါက မနက်ဖြန် မနက်ခင်း
ခေါင်းလောင်းထိုးလောက်မှ ပြန်ရောက်မှာ။ ဆေးခန်းက ဆရာမဆီပဲ သွားလိုက်ပေါ့'
'ဒါဆိုတော့်ကို ထမင်းချိုင့်
ထည့်ပေးရဦးမှာလား'
'အေးပေါ့...'
မိန်းမက သူ့ကို မေးမြန်းပြီး
ထမင်းချက်နေသည်။ သူလည်း ညနေ တစ်ခေါက် ထပ်သွားဖို့အတွက် ပိုက်ဆံကို ရေတွက်ကြည့်လိုက်သည်။
မနက်က ရောင်းရငွေထဲမှာ အိမ်အတွက် နည်းနည်းပဲ ချန်ထားပြီး ရှိသမျှ ပိုက်ဆံကို အရင်း
ထပ်လုပ်လိုက်သည်။ ညနေ အခေါက်သည် မနက်ခင်းကထက် ပိုပြီး ယူရမည်။ မနက်ဖြန်အတွက်ပါ
ပိုပြီး ယူရမည်။ မနက်ကျမှ တစ်ခေါက်ထပ်ပြီး မသွားချင်။ ညနေနှင့် ညတွင်
ပွဲခင်းမှာရောင်း၊ ပိုတာကို မနက်ခင်း ဆွမ်းလောင်းမှာ ရောင်းရမည်။ သူ
ပြင်ဆင်ပြီးချိန်အထိ မိန်းမက ထမင်းချိုင့်ကို မထည့်ရသေး။ မိန်းမလုပ်နေပုံနှင့်
သူနောက် ကျတော့မည်။
'သန်းမြ...မပြီးသေးဘူးလားဟ...'
'ပြီးပါပြီတော်... ဒီမှာ
ထမင်းက ပူနေသေးလို့ မထည့်သေးတာပါ။ ဟင်းတော့မပါဘူး။ ပွဲခင်းကျမှ အကြော်လေး ဘာလေး
ဝယ်စားပေါ့တော်'
'အေးပါဟ... ထမင်းချိုင့်သာ
ယူခဲ့ပါ။ နို့ညှာကောင်ရော ဘယ်လိုနေသေးလဲ'
'ဖျားနေတုန်းပဲ
ကိုဖိုးလုံးရဲ့...'
'ဆရာမဆီကို သွားဖြစ်အောင်
သွားလိုက်နော်...'
မိန်းမကိုမှာပြီး နာရီကို
ထုတ်ကြည့်လိုက်သည်။ လေးနာရီထိုးတော့မည်။ နာရီကလည်း မှုန်ဝါးဝါးနှင့်
ဓာတ်ခဲကုန်တော့မည် ထင်သည်။ နောက်ရက်ကျမှပဲ ဓာတ်ခဲအသစ် ထည့်ရဦးမည်။ ဒီနေ့တော့
မထည့်အားတော့။ သွားရပြန်ရမည့် အချိန်နှင့်ဆို နောက်ကျနေပြီ။ ထမင်းချိုင့်နှင့်
ဓာတ်မီးကို လွယ်အိတ်ထဲထည့်၍ နာရီကို လက်မှာ ပတ်လိုက်သည်။ အားလုံးပြီးစီးမှ
စက်ဘီးကို တွန်းထွက်ခဲ့သည်။ လမ်းတွင်
ကျန်နေသော ရေခဲတွေ ထပ်ရောင်းရသေးသည်။ ရေခဲတွေ ကုန်သွားတော့ သူ့စိတ်တွေ
ပေါ့ပါးသွားသည်။ စက်ဘီးကို ပို၍ သွက်သွက်နင်းလိုက်သည်။ လမ်းတစ်လျှောက်
ပွဲလာကြည့်သူတွေကို အဆက်မပြတ် တွေ့ရသည်။ ဒီပုံစံ အတိုင်းဆို ရောင်းကောင်းမှာ
သေချာသည်။ ပျော်နေ၍လား မသိ၊ မြို့ကို မကြာလိုက်ဘဲ ရောက်သွားသည်။
မြို့အဝင်ရောက်တော့ ညိုသန်းတို့က ရေခဲယူပြီး ပြန်လာပြီ။ သူ လည်း ရေခဲကို
မြန်မြန်ယူ၍ မြန်မြန်ပြန်ခဲ့သည်။ ညိုသန်းတို့ကို မီဖို့ အားထည့်နင်း လိုက်သည်။
အမြန်နင်းပါမှ တောပုကို ညနေပွဲအဝင် လူစည်ချိန် မီနိုင်မည်။ ညိုသန်းတို့ လမ်းမှာ
ရောင်းသွားရင် မီနိုင်သေးသည်။
'ဒိုင်း...'
'ဟာ...သွားပြီ'
အနိမ့်ကို မရောင်ခင်လေးတွင်
စက်ဘီးကျွတ်ကွဲ သွားသည်။ ကျွတ်ရဲ့ သက်တမ်းသည် လဲလှယ်ဖို့ အချိန်ကို ကျော်လွန်ခဲ့တာ
ကြာပြီ။ တာယာကလည်း ပါးနေတော့ ကျွတ်မှာ ဒဏ်ခံနိုင်ဟန် မတူ။ အနိမ့်ကို တွန်းသွားဖို့
ခရီးမဝေးတာဘဲ တော်သေးသည်။ စက်ဘီးဖာတာ နည်းနည်းကြာသွားသည်။ တောပု မရောင်ခင်မှာပင်
မှောင်နေပြီ။ လမ်းဆိုးနေရာရောက်မှ မှောင်တာ ပိုဆိုးလှသည်။ ဆင်းတွန်းရန်
စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ လက်ကနာရီကို ပြူးပြဲကြည့်လိုက်တော့ နာရီက
ဓာတ်ခဲကုန်ပြီး မသွားတော့။ စက်ဘီးတွန်းရင်းမှ စဉ်းစားမိသည်။ နို့ညှာကောင်ကို
ဆရာမဆီ သွားပြပါ့မလား မသိ။ မိန်းမက ပေါ့ဆဆနှင့်။
'ဒေါက်...'
'အမလေးဗျ...'
မျက်လုံးထဲတွင် မီးပွင့် သွားသည်။
ခြေထောက်က ပျော့စိစိကို နင်းမိပြီး တစ်ခါတည်း ခြေထောက်ကို အကောင်ကိုက်လိုက်သည်။
ခြေထောက်က နာကျင်မှုကို အံကြိတ်ပြီး စက်ဘီးကို ဒေါက် ထောက်လိုက်သည်။ ဓာတ်မီးနှင့်
ဟိုဟိုဒီဒီ ထိုးကြည့်တော့ ခပ်လှမ်းလှမ်းတွင် ပြေးနေသော မြွေပွေးကို တွေ့ရသည်။
ပွဲလာကြည့်သူတွေကိုလည်း မတွေ့ရ။ အကူအညီတောင်းဖို့ လူရိပ်လူယောင်ကို မတွေ့ရ။ ဘယ်လို
လုပ်ရမှန်းကို သူမသိတော့။ ရွာထဲကိုပဲ ဆက်နင်းပြီး ဆေးခန်းဆရာမဆီပဲ သွားရမလား။
ပွဲမှာဆက်ပြီး ရေခဲချောင်းရောင်းရမလား။ သူ ဆုံးဖြတ်ရ ခက်သွားသည်။ စဉ်းစားနေသော
အချိန်ပင် ဘယ်လောက်ကြာသလဲ သူ မသိတော့။
▀
ကိုနိုင်၊မြင်းခြံ၊
(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...