စိန်စိန်
‘ဖိုးထော်... အေးလှ၊
မယ်ခ...
ဖိုးသန်း၊
ဒေါ်မျှင်...
ချစ်တီး၊
အခု ငါ
ခေါ်တဲ့လူတွေ အရှေ့ဘက် ကွက်လပ်ကို ကူးသွားစမ်း။ တယ် စာရင်းရှုပ်တယ်။
တစ်ခါနဲ့မပြီး၊ နှစ်ခါနဲ့မပြီး၊ လရှီး ထွီး’ ဟု တံတွေးကို ခပ်ပြေးပြေးရောက်အောင်
ဒေါမာန်ပါပါ ထွေးထုတ်ပစ်လိုက်ရင်း ကြေးကိုင်းကျိုးနေ၍ အပ်ချည်ဖြင့် အထပ်ထပ်
ရစ်ပတ်ထားရသော မျက်မှန်ကြားမှ အိမ်ရှေ့ဆီသို့ ကြည့်လျက် အမိန့်ထုတ်လိုက်သည်။
သုံးပင်နှစ်ခန်း
အိမ်ကလေး၏ တံစက်မြိတ်တွင် ဒရဝမ် မီးအိမ်တစ်လုံးကို မီးစာ ခပ်များများ
မြှင့်တင်ထွန်းညှိထားကာ ကျွန်းသားကို ဖြစ်ကတတ်ဆန်း အကြမ်းအတိုင်း ရိုက်ထားသော
ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်လျက် ထင်းရှူးသား ဝမ်းဘဲတံဆိပ် ဆပ်ပြာသေတ္တာ
အလွတ်နှစ်လုံးကို ဒေါင်လိုက် ဆင့်တင်ထားသော စားပွဲပေါ်မှ စာရင်းစာရွက်များနှင့်
အလုပ်ရှုပ်နေရသော ဦးရွှေထွန်း၏ မျက်နှာမှာ အရပ်လူကြီးပီပီ တင်းမာခံ့ထည်လျက်
ရှိနေသည်။
အိမ်ရှေ့ကွက်လပ် မန်ကျည်းပင်အောက်မှ
အစိတ်သုံးဆယ်ထက် နည်းမည်မဟုတ်သော လူစုမှာလည်း ကျွက်စီ ကျွက်စီ လှုပ်ရွလှုပ်ရွ
ဖြစ်သွားရာမှ ဒေါ်မျှင်ဆိုသူ အဒေါ်ကြီးက ရှေ့ဆောင်ပြုလျက် 'နာမည်ခေါ်တဲ့လူတွေ
ဒီဘက်လာကြဟေ့'ဟု အော်ခေါ်လိုက်ကာ အရှေ့ဘက်ဆီသို့
ခွဲထွက်သွားနေသည်။
'နေ... နေပါဦး၊
ဦးလေးရွှေထွန်းရဲ့၊ ကြွက်နီ တစ်ယောက်လည်း ထည့်မှတ်ပေးပါဦး'
အရှေ့ဘက်ကွက်လပ်ကို ကူးသွားရန်
ဟန်ပြင်ပြီးခါမှ မယ်ခက ပျာယီးပျာယာ ရှေ့သို့ရောက်လာကာ တောင်းပန်ကျို့ယို့သော
မျက်နှာထားကလေးနှင့် အထစ်အထစ် ပြောနေ ပြန်သည်။
'တယ်... နင်တို့တွေ
စောစောကတော့ ဘယ်သွားနေကြတုန်းဟ။ ချီးတဲ့မှပဲ ငါ စိတ်မရှည်ဘူး။ ဘယ်မလဲ ဒီကောင်လေးက
တကယ်လိုက်မှာလား'
'တကယ် လိုက်မှာပါ
ဦးလေးရွှေထွန်းရဲ့။ ဟဲ့... ကြွက်နီ လာပြောလိုက်စမ်း'
မယ်ခမှာ သူ၏ မောင်ကလေး ကြွက်နီတစ်ယောက်
စာရင်းမဝင်နိုင်ဘဲ ရှိမည်စိုးလှသောကြောင့် သူ ပြောနေရုံနှင့် အားမရသေးဘဲ ကြွက်နီကိုပါ
ကိုယ်တိုင်ကိုယ်ကျ ပြောကြားရန် လက်ယပ်လည်းပြ၊ ခေါင်းလည်းညိတ်၍ ခေါ်လိုက်သည်။
နီကြောင်စုတ်ဖွားနေသော ဆံရစ်ဝိုင်း ရောင်ပေစူးကလေးနှင့် ၁၄ နှစ်ခန့်ရှိသောကြွက်နီမှာ
ရှက်ကိုးရှက်ကန်း လိုလို၊ မဝံ့မရဲလိုလိုနှင့် သူ့အစ်မကို ပြန်ကြည့်လျက်သာ
မန်ကျည်းပင်အောက်တွင် ပေကတ်ကတ်နှင့် ရပ်နေသည်။
'တယ်... ဒီကောင်လေး
လာဆိုလာစမ်း။ နင် မလိုက်ရဘဲ နေလိမ့်မယ်ဟဲ့၊ သေနာကျလေးရဲ့'
မယ်ခက သူ့မောင်ဆီ
ခြေလှမ်းကျဲကြီးများဖြင့် ပျာပျာလောလော လှမ်းသွားတဲ့ပြီး လက်တစ်ဖက်ကို
ခပ်ဆောင့်ဆောင့် ဆွဲခေါ်ရာ ကြွက်နီမှာ ဒူးခေါင်းဆီသို့ ဖိုသီဖတ်သီ
ဖုံးအုပ်လျက်ရှိသော သားရေမျှော့လုံးတပ် ဘောင်းဘီနက်ပြာကို ပေါ်လွင်နိုင်စေရန်
မဝတ်ဘဲ ကွင်းသိုင်း၍ ထားရသည့် လျှောကျအံ့ဆဲဆဲ ပုဆိုးလုံကွင်းကို လက်တစ်ဖက်မှ
တွဲလိကပ်ပိုး ထိန်းထားလျက်က တွန့်ဆုတ်ဆုတ်နှင့် ပါလာသည်။
'ကဲ... သူ့လည်း
စာရင်းမှတ်လိုက်ပါဦး ဦးလေးရွှေထွန်းရယ်...'
မယ်ခ ပြောလိုက်၍ ဦးရွှေထွန်းက
မျက်မှန်အောက်မှ မျက်လုံးတစ်စုံကို ပြူးတူးပြဲတဲ လုပ်လိုက်ခါ 'အေး...
နင်တို့ နှစ်ယောက်ဆို ဆယ်တင်းတောင်နော်... ကလေး တစ်ဝက်ခရတာ မဟုတ်ဘူး'ဟု စိတ်မချသလို ပြောလိုက်သည်။
'အံမယ်... ကျုပ်မှာ
စပါးရှိပါတယ်ဗျာ။ ဦးဖိုးချင်းကြီး ဝက်ပေါ်ရောင်းတိုင်း ကျုပ် ထမ်းထမ်းပြီး
လိုက်ရတာ၊ စပါးပေါ်ရင် ခြောက်တင်းတောင်ရမှာ'
သည်တစ်ခါတွင်တော့ ကြွက်နီက လူသွက်ကြီး
ဖြစ်လာကာ ကြွားကြွားရွှင်ရွှင်ကြီးပင် ဝင်ပြောသည်။
'အေး... ကောင်းပြီ။
ဒီ့ပြင်လူတွေလည်း မှတ်ထားကြနော်။ အချိန်တန်လို့ ပေးချိန်ရောက်ရင်တော့ ဂျီရိပတ္တနဲ့
ရှောင်ပြေးမယ်တော့ မကြံနဲ့။ မင်းတို့ကို ငါက ကြားထဲက အာမခံပြီး လုပ်ပေးရတာ။
မင်းတို့က ညစ်ပတ်ရင်တော့ မကောင်းဘူးကွ၊ ကြားကြလား'
ဦးရွှေထွန်းက ခဲတံတိုကို
တံတွေးစွတ်လိုက်ကာ စာရင်းစာရွက်တွင် ရေးလိုက်ဖျက်လိုက်နှင့် ကြွက်နီ၏နာမည်ကို
စိတ်တိုင်းကျဖြစ်အောင် ရေးမှတ်နေသည်။ ပြီးမှ စာရင်းစာရွက်ပေါ်သို့ ဖတ်ခနဲမြည်အောင်
လက်ဝါးနှင့် ရိုက်လိုက်ပြီး 'ပုမ၊ ကြီးတို့ သားအမိတော့ ငါ တော်တော်ပဲ
ထည့်ချင်တယ်ဟေ့။ ကောက်စိုက်ခလေးရမှာနဲ့ စပါးပေးတွေလည်း ယူသုံးထား သေးတယ်ဆို။
ဒီ့ပြင်အကြွေတွေလည်း ရှိသေးလား မသိဘူး' ဟု ပြောလိုက်သည်။
'မိဖြူကတော့
ဘာမျှော်ကိုးစရာရှိလို့တုံး။ မြင်ယောင် ပါသေးတော်၊ ဦးရွှေထွန်းကြီး
အာမခံကောင်းလွန်းလို့ နွားကလေးတစ်ရှဉ်း ပြုတ်တာတော့'
အရပ်လူကြီးကတော် ဒေါ်ရွက်က
မျက်နှာထားတင်းတင်းနှင့် ဝင်ပြောလိုက်သည်။
'ဟ... ဟိုခါကျမှ ပြော၊
နင့်စကားက စောသေးတယ်။ ကဲ... စကာရှည်မနေနဲ့ လက်ဖက်ရည်ချစမ်း။ ပဲလှော်လည်း သုပ်ခဲ့'
ဦးရွှေထွန်း၏ သြဇာက အတော်ညောင်းဟန်
ရှိသည်။ ခဏအတွင်းတွင် သူ့ရှေ့မှောက်သို့ လက်ဖက်ရည်ကြမ်းနှင့် ပဲလှော်သုပ်များ
ဝေဝေဆာဆာ ရောက်လာသည်။
'ဦးတက်ပုရယ်...
ဘကြီးကျော်ထင်နဲ့ ကိုပန်းမောင်ရယ်၊ လာကြဗျာ၊ လက်ဖက်ရည်သောက်ရအောင်။ ဒီ့ပြင်လူတွေ
ပြန်နိုင်ပြီဟေ့။ သန်ဘက်ခါတော့ ကြည်ရှိန်ကား ရွာထိပ် တံတားဦးမှာ ရပ်ပေးလိမ့်မယ်။
ယူစရာရှိတာသာ စေ့စေ့ငှငှ လုပ်ထားကြ'
'နေပါဦး
မောင်ရင်ရွှေထွန်းရဲ့။ တို့တစ်တွေ ဟိုရောက်တော့ ထမင်းစားဖို့က ဘယ်လို လုပ်ရမှာလဲ'
ဒေါ်ဗျိုင်းဆိုသူ အဒေါ်ကြီးက
စိုးစိုးရိမ်ရိမ်နှင့် မေးလာပြန်သည်။
'အင်း... ဟုတ်သား။ အခု
စာရင်းအရ လူ ၄၂ ယောက် ရှိနေတာ။ အသွားအပြန်နဲ့ ၄ ရက်ကြာမှာဆိုတော့ သြော်...
အသွားတစ်ရက်ကိုတော့ ကိုယ့်အတွက်ကိုယ် ကောက်ညှင်းထုပ် ယူလာကြပေါ့ဗျာ။
နှမ်းထောင်းလေး၊ ငါးပိကြော်ကလေးများနဲ့ဆို ပြီးရော့ မှုတ်လား။ အပြန်ကျတော့လည်း
ကိုယ့်ရွာကိုယ် ပြန်တာပဲ ဘယ်အချိန်ရောက်ရောက် ရောက်တဲ့အချိန် ချက်စားကြတာပေါ့။
အဲ... ကြားနှစ်ရက်အတွက်သာ လိုတယ်။ ဟေ့... မောင်သူတော် မင်းက ဆန်စုစမ်းဟေ့။
လူတစ်ကိုယ် တစ်နေ့ ၄ လုံးအတွက်ကျနဲ့ ဂုန်အိတ်ထဲမှာ ပေါင်းတင်ခဲ့၊ ကြားကြရဲ့လားဟေ့။
နက်ဖြန်ခါတော့ မောင်သူတော်ဆီမှာ ဆန်စုပေးထားကြ'
'အံမယ်လေးဗျာ...
ခရီးခတင်းသွားရတဲ့ နေ့တိုရက်တိုများ ထမင်းမစားရ၊ စားရ၊ သရေစာ သမိုးစာလောက်နဲ့ပဲ
ပြီးကြရောပေါ့။ ချက်ရပြုတ်ရ သယ်ရပိုးရနဲ့ တတန်တကကြီး' ကိုသူတော်က
အလိုမတူသလို ပြောလိုက်သည်။
'ဟုတ်တယ်။ မောင်ရင်က ပြောတော့
အလွယ်ကလေး။ ကျုပ်တို့မှာ ဝယ်ခြမ်းစားရအောင် ပိုက်ဆံက ပိုပိုလျှံလျှံ ပါနိုင်တာ
မဟုတ်ဘူးတော့်။ ဖြစ်တတ်သလိုပဲ ချက်စားရမယ်'ဟု ဒေါ်ဗျိုင်းက
ပြန်ပြောသည်။
'ဟုတ်ပါတယ်ဟာ။ အရေးထဲ
ဒီအစားအသောက်တွေကို ဘာမှစားမယ်၊ ညာမှစားမယ်လည်း ရှုပ်မနေနိုင်ပါဘူး။
တို့တောသားတွေအဖို့ ထမင်းနဲ့ ငါးပိကြော်စားပြီး ဗိုက်ပြည့်ရင် ပြီးတမ်းပဲဟာ။
ဖြစ်တတ်သလိုပဲ ချက်စားရတာပေါ့'ဟု ဦးချက်ကြီးကလည်း
ထောက်ခံသည်။
'အင်းတော့်၊ ဝယ်စားရတာများ
ဝတယ်လည်း မထင်ပေါင်တော်။ ပိုက်ဆံတတ်နိုင်ဦးတော့ တို့အစားကြီးတာ ဈေးသည်ကြီး
သိသွားမှာကိုပဲ ရှက်ဖို့က ကောင်းသနဲ့'
မဆစ်တိုကလည်း အပျိုကလေးပီပီ
အရှက်ကြီးဟန်နှင့် ဝင်ပြောနေပြန်သည်။
နောက်ဆုံးတွင်တော့
ချက်ပြုတ်စားသောက်ရန် ထောက်ခံသည့် လူစုက များနေသဖြင့် ဆန်စုရန်သာမက
ဦးသောဘိတကျောင်းမှ ထမင်းဟင်းချက်ရန် အိုးခွက်ကြီးများပါ တင်ဆောင်ယူသွားကြရန်
သေချာသွားသည်။ ဤတွင်မှ ဦးရွှေထွန်းက စာရင်းစာရွက်များကို ထပ်သိမ်းလိုက်ကာ
ဘုရားစင်ပေါ်တွင် ထားလိုက်ရန် ဒေါ်ရွက်အား လှမ်းပေးလိုက်ပြီး ပဲလှော်သုပ်ကို
တမြုံ့မြုံ့ ဝါးနေတော့သည်။
ဦးရွှေထွန်းကား
လယ်လုပ်မြှုံးထောင်မှလွဲ၍ ဘာကိုမျှ စိတ်ဝင်တစား မရှိချင်ကြသော သူ၏ ရပ်ရွာထဲတွင်
အကြားအမြင်များ၍ စီမံခန့်ခွဲတတ်ပြီးလျှင် ကျေးရွာနှင့် မကင်းနိုင်သော လူကြီးလူကောင်းများနှင့်လည်း
ပြောရဲဆိုရဲ ဝင်ဆံ့နိုင်သဖြင့် ရွာလူကြီးအဖြစ်သို့ အလိုလို ရောက်မှန်းမသိ
ရောက်လာရသူ ဖြစ်လေသည်။
ယခုလည်း သူနှင့် ခင်မင်ရင်းနှီးသော
တရုတ်ပွဲစား တစ်ယောက်၏ ကုန်တင်ကားကြီးဖြင့် သူ၏ရပ်ရွာမှ လူ ၄ဝ ကျော်ကို
ပဲခူး-ရန်ကုန် ဘုရားများ ဖူးနိုင်ရန်အတွက် စပါးပေါ်ပေး လူတစ်ယောက်လျှင် စပါး ၅
တင်းကျဖြင့် သွားရောက်နိုင်ရန် စီစဉ်လျာထားပေးသည်။ သို့နှင့် ထိုလ တစ်လလုံးလိုပင်
ကားရှင်ဆီပြေးလိုက်၊ ရွာထဲမှ လိုက်မည့်သူကို စာရင်း ယူလိုက်နှင့်
နှိုးဆော်စုရုံးရသည်မှာ သူ့အဖို့လည်း မသက်သာလှ။ မမြင်ဖူး၊ မရောက်ဖူးသော နေရာဒေသများကို
ရောက်ရတော့မည့်အတွက် လိုက်ပါကြမည့် သူများမှာလည်း ပီတိကလေးတွေ တဝေဝေနှင့်
ဝမ်းသာအူမြူး၍ နေကြသည်။
နောက်တစ်နေ့မှာ ဆိုလျှင်ဖြင့်
မနက်လင်းကတည်းက သူတို့ယူသွားရန် ကောက်ညှင်းထုပ် ထုပ်သူထုပ်၊ ငါးပိကြော် သူကြော်၊
ထဘီ၊ အင်္ကျီ၊ ဘီး၊ မှန် အသုံးအဆောင် ငှားသူငှား၊ ကိုယ်ပိုင် အဝတ်အစားကို
လျှော်သူလျှော်၊ ဆန်ဖွပ် ထင်းခွဲ ဗာဟီရများကို ခရီးသွားရန်အတွက် မလစ်ဟင်းစေရန်
ကြိုတင် လုပ်ဆောင်ထားသူက ထားကြနှင့် တစ်နေ့တာလုံးလိုလို အလုပ်များနေကြရသည်။
တန်ဆောင်မုန်းလ၏ မိုးသားကလေး
မစင်မကြယ်ကြားမှ တစ်ခါတစ်ရံ လင်းခနဲ ထွက်လာလိုက် မှောင်ခိုသွားလိုက်နှင့်
ခရီးမဖြောင့်ဖြစ်နေဟန်ရှိသော လတစ်ခြမ်းကွေးကလေး၏ အောက်တွင်လည်း သူတို့ တစ်တွေမှာ
စုရုံးစုရုံးနှင့် တသောသောပင် ရှိနေကြသေးသည်။
ကိုသူတော်တို့၏
အိမ်နံဘေးမှာဆိုလျှင်တော့ မိကြွေ၊ အေးတင်၊ သာခင်၊ မောင်စိန်၊ မယ်ဖီတို့တစ်တွေ
မုန့်ဆန်းလှော်ကြ ထောင်းကြရင်း စုမိနေကြသည်။
'ရန်ကုန်ဆိုတာ တစ်မြို့လုံး
မော်တော်ကားချည့်ပဲဟ။ လူသွားလူလာ မြင်းရထား လန်ချားတွေကလည်း ပြည့်ညပ်လို့ပဲ။
တစ်နေ့တစ်နေ့မှာ ကားတိုက်သေတော့မလားချည့် စိုးရိမ်နေရတာ။ ငါဖြင့် ဘုန်းကြီး
မလျှောက်ဝံ့လို့သာ လိုက်နေရတယ်။ သိပ်ကြောက်တာပဲဟေ့။ ခုတောင်မှ တို့ကိုလည်း ကားနဲ့
လိုက်ပို့ပေးမှာမို့သာ လိုက်ဝံ့တာ။ ခေါ်ကြ ပြောကြတာတွေကလည်း အဆန်းဟဲ့။
ငါတို့တည်းတဲ့ ဘုန်းကြီးကျောင်းရှေ့မှာ ကုလားကြီးတစ်ယောက်က ပါတာနီပါတာနီနဲ့
နေ့တိုင်းလာရောင်းနေတော့ ငါက မုန့်အထူးအဆန်းတော့ ဝယ်စားဦးမှပဲဆိုပြီး ဝယ်ပါတယ်။
သောက်ကျိုးနဲ့ စားတော်ပဲကြော်တွေ ဖြစ်နေရောဟေ့'
မောင်စိန်က သူ ခပ်ငယ်ငယ်မှာ
ဘုန်းတော်ကြီး ဦးသောဘိတနှင့်အတူ
ကျောင်းသားလုပ်၍ လိုက်သွားစဉ်က ရောက်ဖူးခဲ့သော ရန်ကုန်အကြောင်းကို
ပြန်ပြောင်းပြောပြနေသည်။
'ပါတာနီဟာ စားတော်ပဲ
လှော်မှန်းမှ မင်းမသိတာ။ အံ့ပါရဲ့ကွာ'ဟု ကိုသူတော်က ဆေးတံကို
မချွတ်ဘဲ ပြောလိုက်သည်။
'အဲဒီတုန်းက ဘယ်သိမလဲကွ။
ဝယ်စားတော့မှ သိတာ။ အခုတော့ သိနေပြီပေါ့'
'အင်း... ၃ တုံးကုန်လို့မှ
မသိလည်း အခက်သား'
ကိုသူတော်ကပင် မှတ်ချက်ချလိုက်သည်။
'ဒါပဲနော်။ ကိုသူတော်ကြီး၊
ရှင်က နှစ်ခေါက်တောင် ရောက်ဖူးထားတဲ့လူ။ ကျုပ်တို့တော့ မသိရင် ရှင့်ကို မေးမှာပဲ'
'မေးတော့ မမေးကြနဲ့ဟေ့။
ငါပြောပြမှပေါ့။ ဟိုဒင်းကြီးက ဘာကြီးလဲ၊ ဒီဟာကြီးက ဘာခေါ်တုံးနဲ့ လက်ညှိုး
တငေါက်ငေါက်ထိုးပြီး မေးခံရတာက တောသားကျလှတယ်'
'တကတဲတော်၊ တောသားပဲဟာ။
တောသားကျတယ်လို့ပဲ။ ဘယ်မြို့သူကမှ ရှင့်ကို မြို့သားမှတ်ပြီး ဆွဲထားလိုက်မှာ
မဟုတ်ပါဘူးတော့်'
'ချီးတဲ့မှပဲ။ ငါ့မြို့သူ
မဆွဲပေတဲ့။ နင်တို့က တောကျလွန်းတော့ မြို့သားဆွဲထားလိုက်မှာ စိုးလို့ဟေ့ ကဲ။
ဟုတ်တယ်။ တောသားပေမယ့် တောသားအရိုင်းအစိုင်းနဲ့ တောသားလူယဉ် ကွာသေးတာပေါ့ဟ'
ကိုသူတော်နှင့် အေးတင်က အချီအချ ပြောနေကြရာ
မယ်ဖီက ဝင်၍...
'အေးဟဲ့၊ ငါလည်း ခုခေတ်မှ
ရန်ကုန် မရောက်ဖူးတာ။ အရင်အင်္ဂလိပ်ခေတ်ကတော့ တစ်ခေါက်ရောက်ဖူးသေးတယ်။
အဲဒီတုန်းကဆို ကုလားတွေကလည်း ပေါလိုက်တာဟယ်။ ကုလားပြည်လား အောက်မေ့ရတယ်။
အသွားအလာကလည်း သိပ်ကျပ်တာပဲ။ လမ်းတွေမှာ ပုလိပ်ကြီးတွေကလည်း စောင့်လို့။ ငါဖြင့်
တခြားတစ်ပါးဆို ရဲရဲတောင် မကြည့်ဝံ့ဘူးဟယ်။ ထောင်များ ချလိုက်မလားနဲ့
ကြောက်လိုက်တာ'
'မဟုတ်တယုတ်တော်။
ဟိုဟိုဒီဒီကြည့်တာပဲ ထောင်ချမှာ စိုးရိမ်ရသတဲ့။ အဟားဟား...' အေးတင်က
ရယ်လိုက်သည်။
'မရယ်နဲ့အမိ၊ ပြီးတော့
ရှိသေးတယ်။ ငါ တောသား ကျပုံလေ။ ကြီးတော်တင့်ကို နင်တို့လည်း သိမှာပေါ့'
'အေး... သိသားပဲ။ သုံးဆယ်က
ပြောင်းသွားတာ'
'အဲဒီ ကြီးတော်တင့်တို့
အိမ်မှာပေါ့ဟဲ့။ ငါတည်းရတာ။ငါက သူ့သမီးတွေနဲ့ မြို့ထဲလျှောက်လည်ပြီးလို့
ပြန်လာရော။ နွေခေါင်ခေါင်ဆိုတော့ ရေကလည်း သိပ်ငတ်တာပဲကိုး။ ဒါနဲ့ ကြီးတော်တင့်ကို
ရေအိုးစင်မေးတော့ သူက နောက်ဖေးဆောင်က ရေအိုးစင်ကို ပြလိုက်တယ်။ ငါလည်း အငမ်းမရ
ဆာနေတာနဲ့ အားရပါးရ သောက်လိုက်မဟဆိုပြီး ရေအိုးဖုံး ပန်းကန်ပြားပေါ်
မှောက်တင်ထားတဲ့ ငွေဖလားကြီး ဟန်ရပန်ရကိုင်ပြီး ဖွင့်ခပ်လိုက်တာ တကယ်တည်း
ရေအိုးထဲမှာ ဘာကြီးလဲ မသိဘူး။ ဘူးကြီးလိုလို ရှည်မျောမျောနဲ့ ကန့်လန့်ကြီး
ခံနေပါရော။ ဒါနဲ့ ဘေးနားကလေးက ကတ်သီးကတ်သတ်နှိုက်ပြီး ခပ်လိုက်တာ တစ်ငုံစာတောင်
မရဘူး။ ငါဖြင့် မောသွားတာပဲ။ ဒီတော့ ဘာပြောကောင်းမလဲ။ အိမ်သားတွေ အလစ်ကြည့်ပြီး
မီးဖိုဆောင်ထဲ ကပျာကယာပြေး၊ ထမင်းချက်ဖို့ သုံးတဲ့ ရေစည်ကြီးထဲမှာ ရေခွက်ကြီးနဲ့
တစ်လုံးကို ခပ်သောက်ပစ် လိုက်ရတယ်။ အဲဒါ မပြန်မချင်း ဒုက္ခပဲဟေ့။
ရေသောက်ချင်တိုင်း အိမ်သားတွေအလစ်စောင့်ရတာ။ တစ်ခါတလေများ ငိုချင်ရော'
'ဟင်... သောက်ရေမှ မရှိရအောင်
ဘယ့်နှယ်လဲဟယ်။ သူတို့အိမ်သားတွေကော ဘာတွေသောက်နေသေးလဲ' မိကြွေက
စိတ်ရှုပ်စွာဖြင့် မေးရှာသည်။
'ဟဲ့...သူတို့ကျတော့လည်း
ဒီရေအိုးစင်မှာပဲ သွားသောက်လာတာ တွေ့တာပဲဟ။ နောက်ပြီး တို့မစားခင်
ကြီးတော်တင့်ကြီးက ထမင်းအရင်ဆုံးစားရော။ သူစားပြီး တိုင်းလည်း သူတို့အိမ်က
ထမင်းချက်တဲ့ မိန်းမကြီးက ရေတွေမှ ယူယူပေးလိုက်တာ ဖလ်ခွက်ကြီးနဲ့ အပြည့်အပြည့်။
အဲဒီ ရေအိုးစင်ဆီကပဲ ယူလာတာပဲ သိလား။ ငါသာ ခပ်လိုက်တိုင်း ခုလုကြီးနဲ့ချည့်
တွေ့တွေ့ပြီး ခပ်မရတာ'
'နို့... နင်က
မေးကြည့်ပါလားဟဲ့။ သူတို့ခပ်တာရော ကြည့်ထားလိုက်ပေါ့'
'ဟေ့အေး၊ နေရာတကာ မေးကြည့်၊
လိုက်ကြည့်နေလို့ ဘယ်ကောင်းမလဲဟဲ့။ ငါ စကားပြောတာကိုတောင် သူ့သမီးလေးတွေက
ရယ်ရယ်နေတာ ရှက်စရာကြီး'
'ခက်ပါလားဟယ်။ ရေအိုးစင်တောင်
စက်ယန္တရားတွေ ဘာတွေနဲ့ ဆင်ထားသလားမှ မသိတာ။ ငါတော့ လိုက်တောင် မလိုက်ချင်တော့ဘူး။
ဟေ့... ရေငတ်နေမှာတော့ ငါကြောက်တယ်'
'မပူစမ်းပါနဲ့ မိကြွေရယ်။
လမ်းတကာ့လမ်း ဘုံဆိုင်တွေနဲ့ ပြည့်လို့။ ရေသောက်ချင်ရင် ငါ့သာပြော၊ ငါလုပ်တတ်တယ်။
ငါခပ်ပေးမယ်'
ကိုသူတော်က အောင်ဆန်းသူရိယဘွဲ့
ယူတော့မည့်ဟန်ဖြင့် တာဝန်ယူလိုက်ရာ မိကြွေက ကျေးဇူးတင် လေးစားစွာ
ပြန်ကြည့်နေလိုက်သည်။
□
သို့ကလို သူတို့ သူတို့တွေမှာ
ဘယ်လိုပင် ပျော်နိုင်အားပေမင့် ဦးရွှေထွန်း၏ ခြံထောင့် သရက်ပင်ရိပ်မှ
သရက်ပင်လုံးကို ကွယ်၍ ခိုးကြောင်ခိုးဝှက် စောင့်စားနေရသော ရွှေထူး
တစ်ယောက်မှာဖြင့် စိတ်မဖြောင့်အားနိုင်ရှာ။
'မိဖြူ... မိဖြူ... သူလာမှ
လာပါဦးမလား'
သူသည်
အတင့်ရဲစွာ အတင်းကာရော တိုးဝင်ကိုက်ခဲနေကြသည့် ခြင်ကောင်များကိုမှ လက်နှင့်
မရမ်းအားဘဲ သရက်ပင်အကြိုအကြားမှ မြင်နေရသည့် တိမ်ညိုနှင့်လခြမ်း ကလေးကိုသာ
အငြီးပြေ ငေးမော၍နေရသည်။ သို့နှင့်ခြေထောက်တွေတောင့်၍ ခြင်ကိုက်ဖုတွေ
ကိုယ်လုံးအနှံ့ ဖြစ်လာတော့မှပဲ တပ်စည်းရိုးကို ငုံ့တိုး၍ ထွက်လာသော မိဖြူကလေးကို
ဘဝင်အေးစရာ မြင်တွေ့ရတော့သည်။
'လာမှ လာပါတော့မလားလို့
မိဖြူရယ်။ ငါစောင့်နေရတာ ကြာလှပြီ။ ကြည့်စမ်း၊ ခြင်တွေ ကိုက်ထားတာပြည့်လို့'
'အေးပါတော်၊
ဒီခြင်တွေကလည်း သရမ်းလိုက်တာ။ တကတဲ အမေကလည်း ဒီနေ့မှ မအိပ်နိုင်ဘူးတော့်။ မနက်ခါ
ရန်ကုန်ကိုသွားဖို့ မှာကြားနေရတာနဲ့ပဲ'
မိဖြူက နှုတ်ခမ်းကလေး
ထော်ထော်နှင့် ချစ်စဖွယ်ပြောတဲ့ကာ သူ့လက်မောင်းကို ဆွဲ၍ ခြင်ဖုကြီးတွေကို
လက်သည်းနှင့် ဆိတ်ပြီး အယားဖျောက်ပေးနေသည်။ 'ဘယ့်လောက်များ
သိတတ်လိုက်သလဲလို့ မိဖြူရယ်'ဟု မိဖြူသာ ဆေးရွက်ကလေး
ဖြစ်လိုက်လျှင် မဆုတ်မဖဲ့ဘဲနှင့်ကို ပါးစောင်မှ မထုတ်တမ်း
ငုံ၍ထားချင်လောက်အောင်ပင် ရွှေထူးက ချစ်အားတွေပို၍ သွားရပြန်သည်။
'ဒါထက် ရှင်မလိုက်ဘဲ
နေတာကိုတော့ အဟုတ်ကို ကျုပ် စိတ်မကောင်းပါဘူးတော်။ ဘုရားတွေ အတူတူဖူးပြီး
ဆုတောင်းလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲဘဲ'
ရွှေထူးကလည်း သူတို့ရွာ
ဘုန်းကြီးပျံတုန်းက 'ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရား၊
မယ်နဲ့မောင် သစ္စာထားတယ်'ဟု အသံဝါကြီးနှင့် ဟစ်လိုက်သော
ရုပ်သေးမင်းသမီး မင်းသားနှစ်ပါးသွားနေပုံကိုပင် ပြေး၍ မြင်ယောင်မိသွားသည်။
'တောက်... ငါလည်း
လိုက်ချင်သပေါ့ မိဖြူရာ။ ဒါပေတဲ့ ပုလဲနားကပ်တစ်ရံဖိုး မပြည့်မှာစိုးလို့ဟေ့။
ဒါ့ကြောင့်၊ ဒါ့ကြောင့်'
'ဟုတ်ပါတယ်
ကိုရွှေထူးရယ်။ ကျုပ်ပဲ ဆုတွေ အများကြီး တောင်းခဲ့ပါ့မယ်နော်။ ကျုပ်တော့ မလိုက်လို့
မဖြစ်ဘူးတော့်။ ဦးလေးရွှေထွန်းက နင်တို့ ရွှေမန်းတင်မောင်ပွဲတုန်းကတော့ သွားကြပြီး
ဒါကျမှ ကုသိုလ်ရမှာ စိုးလို့လားတဲ့ ဆိုနေတယ်။ နောက်ပြီးတော့ အချိန်တန်မှ
အပြည့်မပေးနိုင်ရင်လည်း အနည်းအပါးဆို သူကပဲ စိုက်လိုက်ပါ့မယ်တဲ့။ ဒါ့ကြောင့်သာ
ကျုပ်လည်း လိုက်ဖြစ်တာပေါ့'
'အေးပါဟယ်၊ ငါ
မလိုက်ရပေမယ့် နင့်အစား ငါ ဝမ်းသာပါတယ်။ ငါကတော့ စပါးတွေပဲ မြန်မြန်ပေါ်စေချင်
ပါပြီဟယ်။ ဒါမှပဲ မြန်မြန်ရောင်းချပြီး ဟီး...'
ရွှေထူးကဖြင့်
တွေးလုံးနှင့်ပင် အူမြူးသွားလေသည်။ ဟုတ်သည်။ ဒီတော့မှပဲ ပုလဲနားကပ်တစ်စုံကို
အမြန်လုပ်၍ မိဖြူကလေးအား တင်တောင်းနိုင်ပေလိမ့်မည်။ ယခုဆိုလျှင်တော့ မိဖြူမှာ
မုဆိုးမ မိခင်အိုကြီးနှင့်အတူ ဦးရွှေထွန်းတို့၏ စောင့်ရှောက်မှုကို ခံယူကာ သူတို့၏
ခြံနောက်ဘေးဝင်းထဲဝယ် တဲငယ်တစ်လုံးနှင့် နေရသည်။ သွေးသားတော်စပ်၍တော့ မဟုတ်။
တွယ်ရာမဲ့ဖြစ်နေသော သားအမိအား သနားသဖြင့် ခိုင်းစေကာ စောင့်ရှောက်ထားခြင်းပဲ
ဖြစ်သည်။
ဤအထဲမှာ ယမန်နှစ်ကတော့
ဦးရွှေထွန်းကတော် ဒေါ်ရွက်က သူ့မောင်ဝမ်းကွဲတော်သူ တစ်ယောက်နှင့် မိဖြူအား
စေ့စပ်ရေး လုပ်သေးသည်။ သည်လူကို မိဖြူက မကြိုက်။ ငြင်းရန်ကလည်း ဒေါ်ရွက်မောင်မို့
ခက်နေသည်။ သို့သော် သည်ပြဿနာကို ကံအားလျော်စွာ ဦးရွှေထွန်းက ဝင်ကယ်လိုက်သည်။ ပုလဲ
နားကပ်တစ်ရံပါမှဟု အရေးဆိုခိုင်းသည်။ သူကိုယ်တိုင်လည်း မိဖြူဘက်မှ ရှေ့နေ
လိုက်ပေးသည်။ ဒါနှင့်ပဲ သည်ကိစ္စက မဖြစ်မြောက်တော့။ သည့်နောက်မှ မိဖြူ နှင့်
ရွှေထူးတို့ ချစ်ကြိုး သွယ်ကြသည်။ တစ်ခါတွင်တော့ ခြံတွင်းမှာ နှစ်ယောက်သား
ချိန်း၍အတွေ့ ဦးရွှေထွန်းနှင့် ပက်ပင်းမိ၍သွားသည်။ တော်ပါသေး၏။ ဦးရွှေထွန်းက တယ်ကြီး
ကြိမ်းလား မောင်းလား မလုပ်၊ သူတို့ကို ခေါ်ပြီး အရင်ကိစ္စကို လူတိုင်းသိ၍ နေကြသည်။
သို့ကြောင့် ရွှေထူးက ပုလဲနားကပ် တစ်ရံ လုပ်ပြီးမှ လူသိ နတ်ကြား တောင်းရမ်းယူရမည်။
သည်အတွင်းမှာ တစ်ယောက်နှင့် တစ်ယောက် သစ္စာရှိစွာ စောင့်စားနေရမည်။ ချိန်းတွေ့လား
ဘာလား မလုပ်ရဟု အမိန့်ချလိုက်သည်။
သို့ကြောင့်ပဲ
ရွှေထူးတစ်ယောက်ကလည်း ချစ်သူနှင့် နီးနိုင်ရန် ကြိုးစားပမ်းစား
လုပ်ကိုင်ငွေစုရှာသည်။ တွေ့လိုတိုင်းလည်း မတွေ့တော့နိုင်။ ရံဖန်ရံခါမှပဲ ခိုးကြောင်ခိုးဝှက်
စွန့်စားတွေ့ဆုံကြရသည်။ ယခုတော့ စပါးများ ရိတ်သိမ်းပြီးလျှင်
ပုလဲနားကပ်တစ်ရံဖိုးရ၍ ကန်တော့ပွဲနှင့် တောင်းယူနိုင်တော့မည်ကြောင့် သူတို့မှာလည်း
အတွေးနှင့်ပင် ဖြေဆေး လုပ်နေကြရသည်။
□
ကျွန်မသည် တောဘက်ရှိ
အစ်မကြီး၏ အသုံးလုံး သင်တန်းသို့
လိုက်ပါကြည့်ရှုရာမှ ကိုရွှေထူးဆိုသူ သင်တန်းသားတစ်ယောက်နှင့် အသိအကျွမ်းဖြစ်ခါ
အထက်ပါဖြစ်ရပ် ကလေးကို သူ့ထံမှ နားထောင်ကြားသိနေရခြင်း ဖြစ်ပေသည်။
ကိုရွှေထူးမှာ အသက်အစိတ်တင်းတင်း
ပြည့်ခဲ့ပြီ။ သူသည် အစက စာတစ်လုံးမျှမတတ်။ ယခုဆိုလျှင်ဖြင့် ဉာဏ်ထုံထိုင်းသလောက်
ဝီရိယအပိုဆုံး ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ကာ သေစာရှင်စာ သိ၍နေချေပြီ။ သူသည် ရပ်ရွာ
ခေါင်းဆောင်တစ်ယောက်အဖြစ်သို့ ရည်မှန်းကာ အသိအမြင်အားကြီး စုဆောင်းလိုနေသည်ဆို၏။
နေ့ရောညပါ ဆိုသလို ဆရာကို ဆည်းကပ်သူဖြစ် သဖြင့်လည်း အခြားသော သင်တန်းသားတွေထက်
သူ့ကို ကျွန်မ ပို၍သိနေသည်။ အစ်မကြီးကတော့ သူ့အားတွေ့လျှင် 'မောင်ရွှေထူးရေ၊
ကြိုးစား ကြိုးစား' ဟု ပြုံး၍ဆိုတတ်သည်။ အကြောင်းကား သူသည်
သေစာရှင်စာ သိ၍နေပေမင့် သူ့နာမည်ကိုတော့ ဘယ်တော့မှ ဝစ္စနှစ်လုံး ထည့်လေ့မရှိဟု
ဆိုသည်။ ဒါကို သူ အမြဲမေ့တတ်လေ့ ရှိသောကြောင့် ဖြစ်သည်။
ထိုနေ့တွင်လည်း သင်တန်းဖြုတ်ပြီးနောက်
သူသည် အစ်မကြီးပြောပြသော တန်ခိုးကြီးဘုရား များအကြောင်းကို တစ်ယောက်တည်း နောက်ချန်
နားထောင်နေရာမှ ကျွန်မတို့ညီအစ်မအား အထက်ပါ ဖြစ်ရပ်ကလေးကို ပြောပြနေခြင်း
ဖြစ်ပေသည်။
'နို့... ကိုရွှေထူးမှာ
ခုထိအိမ်ထောင် မရှိသေးဘူးဆို' ဟု ကျွန်မက ထောက်ပေးလိုက်သည်။
ကိုရွှေထူး၏မျက်နှာမှာ ရုတ်ခြည်းပင် ညှိုးကျသွားသည်။
'အင်း... အဲဒီတုန်းက ဘုရားဖူး
မလိုက်မိတာ ကျုပ် မှားတာပါပဲဗျာ'
'ဘာကြောင့်တုံးရှင့်'
'ဘာ့ကြောင့်ဆို ဦးရွှေထွန်းက
ကျုပ်အရင် ပုလဲနားကပ် လုပ်ပေးလိုက်တာကိုး'
'ဟင်...
ပုလဲနားကပ်လုပ်ပေးတာနဲ့ ဘာဆိုင်လို့လဲ။ သူ့မှာလည်း မိန်းမကြီးနဲ့ မှုတ်လား'
'ဆိုင်ပြီလားဗျာ။ သူတို့က
ရွှေမောဓောဘုရားက ဘီလူးမကြီးဆီမှာ ဆိုလား ဆုတောင်းမိလာကြတာတဲ့။ မိဖြူကလည်း
ကျုပ်ကို ရည်းစူးပြီးတော့ပေါ့ဗျာ။ တပည့်တော်မ တို့နှစ်ယောက် အိုအောင်မင်းအောင်
ပေါင်းဖက်ပါရစေလို့ ခပ်တိုးတိုးဆုတောင်းသတဲ့။ အဲဒီတုန်း ဦးရွှေထွန်းကြီးကလည်း
နောက်နားက နေပြီး စိတ်ထဲက သူ့မိန်းမကို ရည်စူးရင်း တပည့်တော်တို့ အသက်ထက်ဆုံး
ပေါင်းသင်းပါရစေလို့ ဆုတောင်းသတဲ့။ အဲ... ရွာလည်း ရောက်လာရော မကြာပါဘူး။
သူတို့စိတ်ထဲမှာ မနေနိုင်အောင် ဖြစ်လာကြဆိုပဲ။ အဲဒါ ဘုရားဖူးသွားရာက
ဖြစ်လာတဲ့ကိစ္စပေါ့'
ကျွန်မမှာ ရယ်ချင်သလို ဖြစ်လာသော်လည်း
မျက်နှာတည်ကြီးနှင့် ဝမ်းပန်းတနည်း ပြောနေသော ကိုရွှေထူး၏ ဖြစ်အင်ကို ကြည့်၍
အားတောင့်အားနာ ချုပ်တည်းထားလိုက်ရသည်။ 'ဒါဖြင့် ရှင်ကော အဲဒီမှာ
ဆုမတောင်းချင်ဘူးလား' ဟု ကျွန်မက မေးမိသည်။
'ဟင့်အင်း၊ မိဖြူမပါဘဲနဲ့တော့
ဘာဆုမှ မတောင်းချင်တော့ဘူး'
ကိုရွှေထူးက ခေါင်းကို သွက်သွက်ကြီး
ယမ်းလေသည်။
အစ်မကြီးကတော့ မျက်ခုံးကို ရှုံ့၍ 'မင့်ဟာက
ကြားထဲက ဘုရားကို ထိခိုက်နေပါပြီကွာ။ ဒီလိုသာဆို ဒီပြင်လူတွေနဲ့ အရောရော အထွေးထွေး
ဆုတောင်းမိလာရင် ဘယ့်နှယ်လုပ်ပ'ဟု မေးလိုက်သည်။
'မဆိုနိုင်ဘူးဗျာ။
သူတို့ကတော့ ဒီအတိုင်း ပြောတာပဲ။ ကျုပ်လည်း ဒီကိစ္စကို ဘုန်းကြီး ဦးသောဘိတကိုတောင်
လျှောက်ကြည့်ပါသေးတယ်'
'အင်း... ဆိုပါဦး၊
ဘုန်းကြီးက...' အစ်မကြီးက အင်မတန် စိတ်ဝင်စားမှု
ရှိလာဟန်ဖြင့် ဝင်ထောက်ပေးလိုက်သည်။
'ဘုန်းကြီးက ပထမတော့
ငါ့လာမမေးနဲ့တဲ့။ အော်လွှတ်တယ်။ ဒါပေတဲ့ သိချင်လွန်းလို့ မတတ်နိုင်ဘူး။
အအော်အငေါက်ခံပြီး ဇွတ်တိုးမေးရတယ်။ ဘုန်းကြီးက လက်ဦးတော့ စဉ်းစားနေသေးတယ်။
ပြီးတော့မှ...'
'အင်း... ပြီးတော့ ဘာပြောလဲ'
အစ်မကြီးက ဝင်ပြောပြန်သည်။
'ဒီအဖြစ်အပျက်ဟာ
အမှန်မဟုတ်ဘူးလို့ ဘယ်သူက ပြောသလဲတဲ့'
'ဒါနဲ့ ကျေနပ်ရရောပေါ့။
ပြီးလည်း ပြီးနေမှပဲလေ'ဟု ကျွန်မက တွေးနေသည်။ အစ်မကြီးကတော့
ခေါင်းတဆတ်ဆတ် ညိတ်၍ ညည်းညည်းတွားတွားကြီး ပြောလိုက်သည်။
'ဘယ်တော့များမှ ဝစ္စပေါက်
ထည့်နိုင်ပါတော့မလဲ မောင်ရွှေထူလေး'
▀
စိန်စိန်
ရှုမဝမဂ္ဂဇင်း၊
၁၉၅၅
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။