ဒေါင်းနေမင်း
'သူခိုး'
သူ့အကြားအာရုံများ လွဲချော်သွားခြင်းမျိုးတော့
လုံးဝမဖြစ်နိုင်ပါ။ နားစည်ဝသို့ တည့်တည့် တိုးဝင်လာသော အဓိပ္ပာယ်တစ်စု။
အကြောင်းအရာတစ်ခု။ ထို့ထက် ပို၍ပြောရလျှင် ပြင်းထန်သော စွပ်စွဲချက်တစ်ရပ်။
သူ့ရင်ညွန့်ဆီသို့ ချွန်မြနေသော ဓားမြှောင်တစ်လက်ဖြင့် ဆောင့်ထိုး ခံလိုက်ရသလို
အောင့်သက်နင့်ထွက်သွားရ၏။
တကယ်တမ်းတွင် ပြောသူက သူ့အား
သူခိုးဆိုသော ဝေါဟာရကို အတိအကျ သုံးစွဲခဲ့ခြင်း မဟုတ်။ လူ့ယဉ်ကျေးမှုကို
ကျမ်းကျေနေသော အဆင့်မြင့်လူသားတစ်ဦးလို ဟိတ်ဟန်အပြည့် ထုတ်ကာ ပုပ်အက်အက်
ညှီစို့စို့ ပါးစပ်ကြီးနှင့်အတူ ပျို့အန်ထွက်လာသော ဒိုင်ယာလော့ခ်မှာ 'ဒီငွေကို
မင်းမယူလို့ ဘယ်သူယူမှာလဲ' ဟူ၍ ပင်ဖြစ်၏။ ပြောသူက
မျက်မှောင်ကို ကျုံ့ထားသည်။ ပြီးတော့ ခပ်ကြမ်းကြမ်း မျက်နှာပြင်ပေါ်မှ
ဇောချွေးတို့၏ ရောင်ပြန်ကို အတိုင်းသား ဖြစ်နေရ၏။
ပြောသူက ထိုမျှနှင့် အားမရသေး။
ထိုမျှနှင့် အနားမသတ်နိုင်သေး။
'ဒီငွေကို မင်းယူထားရင်
ဘယ်သူမှမသိခင် တိုးတိုးကျိတ်ကျိတ် ပြန်ပေးဖို့ ပြောနေတာ'
သူ့ပါးစပ်ဟ၍ ဝိုင်းပွင့်သွားသည်။
အံ့သြခြင်းနှင့် တုန်လှုပ်ခြင်း သံလမ်းပေါ် အသိကင်းမဲ့သော ရထားတစ်စီး
တဝုန်းဝုန်းခုတ်မောင်း ဖြတ်သန်းသွားသလို။ ပို၍ ဆိုးရွားလှသည်မှာ ထိုစကား တစ်ခွန်းကြောင့်
လူတစ်ယောက်၏ သိက္ခာနှင့် တန်ဖိုးကို ပေါ့ပေါ့တန်တန် သဘောထားလျက်
နင်းခြေဖျက်ဆီးလိုက်သလိုမျိုး ဖြစ်နိုင်ကြောင်း ပြောသူဘက်မှ စိတ်ဝင်စားပုံမပေါ်ပါ။
'မင်းမဟုတ်ရင်
ဘယ်သူဖြစ်နိုင်လို့လဲ။ တစ်ချိန်က ဒီလို အကျင့်စရိုက်မျိုးရှိခဲ့တာ မင်းကိုယ်မင်း
အသိဆုံးနေမှာပါ'
'ဘာကွ'
သည်းမခံနိုင်မှုတွေက ဆူဝေပွက်လာသည်။
ဝန်းကျင်ကို ဆတ်ခနဲ ဝေ့ကြည့်မိတော့ အနားတွင် သူ့အမေ ရှိသည်။ မလှမ်းမကမ်းတွင်
သူ့အစ်ကိုဝမ်းကွဲနှင့် မိန်းမရှိသည်။ သူ့တူတွေ၊ တူမတွေ ရှိသည်။ ဆိုင်ထဲတွင်
ဆံပင်လာညှပ်သူတချို့ ရှိသည်။ ထိုတချို့ထဲမှ တချို့၏ သံသယမြားတွေက သူ့ထံ တရစပ်
ပစ်လွှတ်နေတာ မကြည့်ဘဲနှင့် မြင်နေရသလို။
'အဲဒီ ပိုက်ဆံပျောက်တာ
မနေ့ကတည်းက။ ငါ့ ယောက်ဖနှစ်ယောက်စလုံး သူတို့အင်္ကျီတွေကို တိုင်မှာ ချိတ်ထားတာ။
မင်းသူ အိတ်ထဲမှာ သုံးထောင်ကျော် လျော့နေတယ်။ တင်ဝင်းက လေးထောင်။ ဒါတွေ
ငါမသိခဲ့ဘူး။ ဒီနေ့ မင်္ဂလာပွဲပြီးမှ အမေပြောပြလို့။ ဒါ မလုပ်ကောင်းတဲ့ ကိစ္စကွ'
ခံနိုင်ရည် စွမ်းအားတွေ ဂိတ်ဆုံးအထိ
ထိုးကျသွားသည်။ အရှက်တရားက မီးတောင်တစ်လုံးလို ပေါက်ကွဲလွင့်စဉ်သွားသည့် တစ်ခဏ။
'ဟေ့ကောင်၊ တောပြောတောင်ပြော
လျှောက်ပြောမနေနဲ့။ သူတို့ပျောက်တာ ငါနဲ့ဘာဆိုင်လဲ။ မင်းမှာ ဦးနှောက်မရှိဘူးလား။
မင်းပြောနေတာ ငါ့ကို သက်သက်စော်ကားနေတာ။ မင်းပြောတဲ့ငွေကို ငါမယူဘူး။ သိလည်း
မသိဘူး။ မင်း အခု ဒီအိမ်ထဲက ထွက်သွားစမ်း'
သူ ဝုန်းခနဲ ထရပ်လိုက်တော့ ပြောသူ
လန့်ဖျပ်သွားသည်။ ထိုလောက်ထိ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားပုံ မပေါ်။
'ဟေ့ကောင်၊ ထွက်သွားဆို
ထွက်သွားလေကွာ။ ငါ စကားများများ ပြောမှာ မဟုတ်ဘူးနော်။ ဟေ့ကောင်၊ ဟာကွာ'
သူ နီးရာတုတ်ကို ရှာဖွေ ကောက်အဆွဲ
အစ်ကိုဝမ်းကွဲက ဝင်ရောက်တားဆီး လိုက်သည်။ သူ့မြင်လွှာတွင် ပုံရိပ်တို့ နိဋ္ဌိတံ
ကန်းလေပြီ။ အသားတွေက တဆတ်ဆတ် တုန်ယင်နေ၏။ လွန်းထိုးနေ သော ရှူရှိုက်မှုလေသံက
မောကြီးပန်းကြီး။ ရုန်းရင်းဆန်ခတ်မှုလေး ပြိုးပြက်သွားသည်။ သို့သော် ပဋိပက္ခ
ရန်ပွဲလေးက သိပ်မကြာလိုက်။ တစ်ရန်တစ်ဖက်မှ ဝင်ဆွဲသူ၊ ဖျောင်းဖျသူ၊ သတိ
ကပ်ပေးသူတို့၏ သြဇာကြောင့် ရုတ်တရက် ဆိတ်ငြိမ်ချင်ယောင် ဆောင်လိုက်ကြ၏။ သိပ်မကြာ၊
တော်တန်ရုံ ပြောထွက်ခဲလှသည့် ကျိန်ဆဲရေရွတ်မှုများနှင့် တောက်ခေါက်သံတွေက သူ့ ဒေါသကို
အတောင်ပံ တပ်ပေးလိုက်သလို။ နောက်... အော်ကြီးဟစ်ကျယ် ဘာတွေ ပြောလိုက်မိမှန်း မသိ။
'ဟဲ့... ငြိမ်းသစ်၊
တော်တော့လို့ ပြောနေတာ မရဘူးလား'
အကြောပြိုင်းပြိုင်း ထနေသည့်
အမေ့လက်သွယ်သွယ် ပိန်ပိန်လေးက သူ့ လက်မောင်းကို လှုပ်ခါ၏။ မျှော်လင့်မထားသော
အရာတစ်ခုကို တကယ်တမ်း ရင်ဆိုင်လိုက်ရသည့်အခါ သူ့ အတွက် ဖော်ပြနိုင်ရန် စကားလုံးပင်
မရှိတော့။ သူ ကျောပေးထားရာမှ ဆတ်ခနဲ ပြန်လှည့်လိုက်သည်။ လက်ညှိုး ကို
အားအပြည့်ထည့်ညွှန်ကာ အက်အက်ကွဲကွဲ အသံနက်ကြီးဖြင့် အဆုံးသတ်ဆိုခဲ့သော စကားက
တစ်ခွန်းတည်း။
'မင်းကို သရေဖျက်မှုနဲ့ တရားစွဲမယ်'
□
'တစ်ချိန်က ဒီလို
အကျင့်စရိုက်မျိုးရှိခဲ့တာ မင်းကိုယ်မင်း အသိဆုံး'
ဝင်းသော်၏ နှုတ်ထွက်စကားက သူ့ကို
အဖန်ဖန်တလဲလဲ ခြောက်လှန့်နေသည်။ မွန်းကျပ်နေသော စိတ်ဖြင့် သူ ခေါင်းကို အဆက်မပြတ်
ခါယမ်းနေသော်လည်း ဝင်းသော်၏ ပစ်လွှတ်လိုက်သော လက်သီးချက်က အရှိုက်ကို
တည့်တည့်ထိမှန်စေပါသည်။
သူ မငြင်းဆိုနိုင်ပါ။ သူ တစ်စက်လေးမှ
မကာကွယ်နိုင်ပါ။ ဘယ်လိုပင် အတိတ်ကို သိမ်းမြုပ်ထားပါစေ၊ ဘယ်လိုပင်
ကွယ်ဝှက်ထားပါစေ၊ ဘယ်လောက်ပင် မေ့ဖျောက်ထားပါစေ၊ တစ်နေရာတွင် အမှန်တရား
ရှိနေကြောင်းကို ဝင်းသော်က ထောက်ပြလိုက်ခြင်း ဖြစ်၏။
ထိုစဉ်က သူ့အသက် ဆယ့်လေးငါးနှစ်
အရွယ်ပင်ရှိပါလိမ့်ဦးမည်။ ဆယ်ကျော်သက် အလွန်ပေါ့ပါး လွတ်လပ်စွာ ဖြတ်သန်းရမည့်အစား
ကြမ်းရှသော ခရီးလမ်းကို ပင်ပန်းခက်ခဲစွာ နင်းကျော်နေရချိန်၊ အဖေ
မရှိတော့သည့်အချိန်၊ အိမ်ပိုင်ယာပိုင် မရှိတော့သည့်အချိန်၊ သားအမိနှစ်ယောက်
ဆွေမျိုးသားချင်းများထံ အလှည့်သင့်သလို ခိုကပ်နေရချိန်၊ အမေက ဈေးတောင်း
ခေါင်းပေါ်ရွက်ပြီး သူ့ကို ကျောင်းထားပေးနေရသော အချိန်။
ဘဝ၏ အကွာအဟ အကြောင်းကို သူ သေသေချာချာ
ပြန်တွက်ကြည့်တော့ သိပ်ကို ခြားနားမြန်ဆန်လွန်းသည်ဟု ထင်သည်။ အဖေ။ ဟုတ်သည်။
အဖေရှိစဉ်က သူ့ကို အရာရာအလိုလိုက်ခဲ့ သည်။ ဆန္ဒရှိသမျှ ကြံဆောင်ပေးခဲ့သည်။ သူ
ဂျီကျတိုင်း အပြစ်ပေးခြင်းနှင့် ဘယ်တော့မှ ညီမျှခြင်းမထိုး။ အဖေတစ်ယောက်အနေနှင့်
အမေ့ထက် ထိုသို့ လိုက်လျောနေခြင်းမှာ အနည်းငယ်တော့ ဆန်းသလိုရှိ၏။ တစ်ခုတော့
ဆိုစရာရှိသည်။ အဖေ အိမ်ထောင်ကျစဉ် အမေ့ထက် ဆယ်နှစ်ခန့် ငယ်သလို အဝတ်တစ်ထည်
ကိုယ်တစ်ခုဖြင့် အမေ့အိမ်ပေါ် တက်လာသူ။ အမေက ယခင်အိမ်ထောင်မှ ကျန်ရစ်ခဲ့သော
လက်ငုတ်လက်ရင်းလေးဖြင့် ဣန္ဒြေရရ နေနိုင်သော မုဆိုးမ လက်သစ်လေးဘဝ။ အဖေ က အလုပ်ကို
မည်မည်ရရ မလုပ်။ ပေါ်ကြော့လေး နေလိုက်၊ သုံးလိုက်၊ ဖြုန်းလိုက်၊ သောက်လိုက်၊
ပွေလိုက်နှင့်မို့ အားနည်းချက်ကို ကာကွယ်သည့်အနေဖြင့် သူ့အား မျက်နှာသာပေးလေသလားဟု
ထင်စရာရှိသော်လည်း တကယ်တမ်းတွင် အဖေ သူ့ကို ချစ်ပါသည်။ တစ်ဦးတည်းသော သားဆိုသည့်
အချက်လည်း ပါဝင်ပါလိမ့်မည်။ သူ ဘာစားချင်တယ်၊ ဘာလိုချင်တယ်၊ ဘာဝတ်ချင်တယ်
ဆိုတိုင်း အမေနှင့် အကြိမ်ပေါင်းများစွာ အတိုက်အခံပြုလျက် သူ့ဆန္ဒကို
ဖြည့်ဆည်းပေးခဲ့သည်ချည်းပင်။ ခြုံ၍ဆိုရလျှင် အလိုလိုက်မှု လွန်ကဲလွန်းသည်ဟု
ဆိုရပေမည်။
နောက်ပိုင်း ရှိသမျှ ပစ္စည်းဥစ္စာများ
ဖရိုဖရဲ ဖြစ်လာသောအခါ အိမ်ထောင်ရေး အကျိတ်အဖုလေးများ စတင်အမြစ်တွယ်လာပြီး
မိဘနှစ်ပါးမှာ တစ်စတစ်စ ပဋိပက္ခအသွင်သို့ ဆောင်လာခဲ့ကြသည်။ ထိုကြားထဲ
အကုသိုလ်တရားက အလစ်အငိုက် စောင့်လျက် အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာခဲ့ပြန်ပါသည်။ အဖေ ဖဲဝိုင်းတွင် အသတ်ခံလိုက်ရခြင်းပင်။ သူ့ အတွက်
မှတ်မှတ်ရရ ဝမ်းနည်းကြေကွဲဆုံးနေ့ ဟူ၍လည်း ဆိုရပါမည်။ နောက်ပိုင်းတွင် အနက်ရောင်နုနု
လွှမ်းသော သူ့ဘဝမှတ်တမ်းများကို စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
သူ လူပျိုပေါက်အရွယ် ရောက်လာသောအခါ
ဝတ်ချင်စိတ်၊ စားချင်စိတ်၊ လှချင်စိတ်တွေက သူ့ဦးနှောက်ကို ရိုးရိုင်းကြွကြွ
ပုတ်ခတ်လာတော့၏။ လက်ရှိအခြေအနေဆိုသော နတ်ဆိုးက တင်းတိမ်ရောင့်ရဲနိုင်စွမ်း မရှိသော
မာရ်နတ်ကို ဘယ်လိုပင် စီးချင်းထိုးထိုး ပြိုလဲခဲ့ရသည် ချည်းပင်။
ထို့ကြောင့် အလွယ်ရသော
သူ့ဦးလေးတစ်ယောက်၏ ပိုက်ဆံကို ခိုးယူခဲ့ဖူးသည်။ အမေ့ပစ္စည်းတချို့ကို ခိုးရောင်းကာ
သူငယ်ချင်းများနှင့် သုံးဖြုန်းနေခဲ့ဖူးသည်။ သိပ်ကြာကြာမခံ။ အမှန်တရားက
ပေါ်လာခဲ့သည်။ ထို့ထက်ပို၍ အကျော်ကြားဆုံး နာမည်ဆိုးတစ်ခုမှာ လူတစ်ယောက်၏
စက်ဘီးကို အလစ်သုတ်ခိုးယူ ရောင်းစားခဲ့ခြင်း ဖြစ်သည်။ ရုံးရောက် ဂတ်ရောက်
ဖြစ်သွားသည်။ ထောင်တော့ မကျလိုက်။ အမေ့၏ ကြိုးပမ်းအားထုတ်မှု၊ တရားလို၏
လောကအမြင်ကျယ်မှုတို့နှင့် အတူ ကျောင်းတက်နေဆဲ ကာလမို့ ခံဝန်များစွာ ရေးထိုးလျက်
လွတ်လာခဲ့ရ၏။
ထိုစဉ်ကတည်းက သက်တူရွယ်တူ ညီအစ်ကို
ဝမ်းကွဲတော်စပ်သူ၊ စာပြိုင် ဘက်ဖြစ်ခဲ့သူ၊ တစ်ယောက်နှင့်တစ်ယောက် အတွင်းကျိတ်
ပြိုင်ဆိုင်ခဲ့ကာ အမြဲမသင့်မြတ်ခဲ့သူ ဝင်းသော်က အားနည်းချက်ကို နင်းလိုသည့်
အခါတိုင်း နာမည်ဆိုးကို သူ့စိတ်ထဲတွင် စနစ်တကျ ကမ္ပည်းထိုးခဲ့ပုံ ပေါ်ပါသည်။
'သူခိုး'
□
သူ မရင့်ကျက်ခင် ကာလက
ငယ်စဉ်အကြောင်းများကို ပြန်စဉ်းစားတိုင်း ထို အဖြစ်အပျက်များ နေရာသို့ ရောက်လျှင်
တတ်နိုင်သမျှ ကျော်လွှားသွားလိုက်ချင်သည်။ ကိုယ့်အကြောင်း ကိုယ် ပြန်မသိချင်လောက်အောင်
အရှက်တရားက ဖိစီးနှိပ်ကွပ်ထားခဲ့သည် မဟုတ်လား။ သို့တစေ အမည်းစက် တစ်ခုကိုတော့
လွယ်လွယ်ကူကူ ဥပေက္ခာပြု၍ မရနိုင်။
အမေက စုဆောင်းထားသော ပိုက်ဆံလေးဖြင့်
တခြားမြို့နယ်တစ်ခုတွင် အခန်းလေးငှားကာ ပြောင်းနေသည်။ တစ်ဆက်တည်း ဆိုသလို
သူတက်နေရသော ကျောင်းကိုလည်း ပြောင်းပစ်လိုက်၏။ ပတ်ဝန်းကျင် အသစ်၊ အခြေအနေအသစ်၊
လှုပ်ရှားရုန်းကန်မှု အသစ်များဖြင့် သူ၏ သိမ်ငယ်နေသော စိတ်၊ အားငယ်နေသော စိတ်၊
ရှက်စိတ်နှင့် စိုးရိမ်စိတ်များကို ချေဖျက်တိုက်ထုတ်လိုက်သည့် သဘောပင်။
အမေက သူ့ကို ကြပ်ကြပ်မတ်မတ် သွန်သင်ကာ
မေတ္တာထားလျက် ဂရုတစိုက် လမ်းညွှန်ပြသမှုများ ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဆယ်တန်းကို
နှစ်ချင်းပေါက်အောင်ခဲ့သည်။ ဘွဲ့လက်မှတ် ရဖို့ထက် စာတတ်ဖို့ ပိုအရေးကြီးတယ်ဟူသော
အားပေးစကားများနှင့် အမေ ဆက်ရုန်းခဲ့ပြီးနောက် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့တစ်ခုကို
အခက်အခဲမရှိ ရယူနိုင်ခဲ့၏။ ထို့နောက် ကျောင်းဆရာ အလုပ်ရသည်။ လစာထက် ပီတိကို များများပိုစားကာ
တပည့်လေးများအပေါ် သံယောဇဉ် နွယ်လျက် ပျော်ပျော်မွေ့မွေ့ သင်ကြားလာခဲ့သည်မှာ
ဆယ်စုတစ်စုကိုပင် လွန် မြောက်လာခဲ့ပေပြီ။
ယခုအချိန်မှာတော့ ငယ်စဉ်က အကြောင်းကို
သူ ရဲရဲဝံ့ဝံ့ ပြန်တွေးရဲပြီ။ အကြောင်း အကျိုးတရားများစွာဖြင့်
ခွဲခြားသုံးသပ်နိုင်စွမ်း ရှိလာပြီ။ ဘာကြောင့်ဆိုသော် အဖြေကို တိတိပပ
ထုတ်နိုင်ခဲ့ပြီ။ တစ်နည်းအားဖြင့် စာရိတ္တနှင့် ကိုယ်ကျင့်တရားအပေါ် သူ့ကိုယ်သူ
လိပ်ပြာလုံခဲ့တာလည်း ပါဝင်ပါလိမ့်မည်။ 'ပျက်အစဉ် ပြင်ခဏ' ဆိုသော ဆိုရိုးစကားက သူ့ အတွက် လက်တွေ့ဖြစ်ရပ်မို့ တပည့်လေးများကို
အလျဉ်းသင့်တိုင်း ငယ်စဉ်က မိုက်မဲမှုများကို ထုတ်ဖော်ကာ သင်ခန်းစာဆိုသော
ခေါင်းစီးအောက်တွင် ပြောင်းလဲပြုပြင်မှု သဘောတရားများကို ပြောပြတတ်ပါသည်။ ထိုအခါ
တပည့်များက တအံ့တသြ ဖြစ်ရသည်။ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုသည်
မည်မျှအရေးပါကြောင်း သူတို့ သဘောပေါက်ခဲ့လျှင် ကျေနပ်ရမည်သာ ဖြစ်ပါ၏။
အမေက သားချင်းထဲတွင် တစ်ယောက်တည်း
ကျန်ခဲ့သော ညီမဖြစ်သူ ဝင်းသော်တို့ အမေထံသို့ ဆွေမျိုးဆိုသော အသိဖြင့်မကြာမကြာ
သွားရောက်လည်ပတ်တတ်သော်လည်း သူ မလိုက်ဖြစ်သည်က များသည်။ ဝင်းသော်နှင့် ငယ်စဉ်ကလို
အငြိုးအတေး အာဃာတများ မရှိလင့်ကစား မေးထူးခေါ်ပြော အဆင့်ထက်တော့ မပိုခဲ့ပါ။ သူက
အတန်းပညာ အလယ်တန်းလောက် အရောက်တွင် စောစီးစွာ စွန့်လွှတ်လျက် အလုပ်မျိုးစုံ
လိုက်လုပ်သည်။ ပန်းရန် အလုပ်မှသည် လမ်းဘေး ဈေးသည်အထိ။ အဖေကံ မကောင်းခဲ့ရသူမို့
သူလည်း သူ့ဘဝသူ ရုန်းခဲ့ရသည်။ နောက်ဆုံး ကိုယ်ပိုင်ဆိုင်လေးနှင့်
ဆံပင်ညှပ်ဆိုင်ဖွင့်တော့မှ စားဝတ်နေရေးအတွက် အထိုင်ကျသွားတော့၏။
သူ့အမေနှင့် ဝင်းသော်တို့အမေ
ဒေါ်စိန်ချယ်မှာ ညီအစ်မအရင်းဟု ပြောရသော်လည်း အသွင်အပြင် အနေအထိုင်
အပြုအမူစရိုက်များက တစ်စက်လေးမျှ မတူ။ တသီးတခြားစီပင်။ ဒေါ်စိန်ချယ့်စိတ်က
အပြောင်းအလဲ မြန်လွန်းသည်။ ကောင်းချင်လျှင် ဘယ်သူမှ လိုက်မမီနိုင်အောင်
ကောင်းနေတတ်သော်လည်း သဘောမတူတော့သည့်အခါ ဘာကိုမျှ စဉ်းစဉ်းစားစား မပြုချင်တော့။
မဆင်မခြင် ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်သူ။ မှားမှားမှန်မှန် မည်သူ့ မျက်နှာကိုမှ
မထောက်တတ်သူ။ သုံးဆယ့်ခုနစ်မင်း နတ်ရုပ်များက သူ့အိမ်အတွက်
ဧည့်ခန်းဆောင်ပြယုဂ်များ ဖြစ်နေပြီ။ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာတွင်လည်း
အစွန်းရောက်လွန်းသည်ဟု သူ ထင်သည်။ ဘိုးတော်နှင့် မယ်တော်များက အဆစ်သဘော။
အပျော်သဘောနှင့် အဓိပ္ပာယ်နှင့်ရှိသော ဂဏန်းသင်္ချာများကို ဟိုပေါင်း
သည်နုတ်လုပ်ပြီး ထိုပုဂ္ဂိုလ်များနှင့် အပေးအယူလုပ်ကာ မွေ့ပျော်နေတတ်သူ။
ထို့အပြင် ဒေါ်စိန်ချယ်မှာ
တစ်နေ့တစ်နေ့ စကားလုံးပေါင်းများစွာကို အတတ်နိုင်ဆုံး အထပ်အပြု မရှိစေရန်
(တခြားတွင် ပြောသော စကားများကို သူမသိ) ဖောဖောသီသီ သုံးစွဲနိုင်သူလည်း ဖြစ်ပါသည်။
တခြားမဆို ထားနှင့် သူ့အမေနေသော အစ်ကို့အိမ် (အမေ၏ အစ်ကို အကြီးဆုံးသား)ထံ အလည်
လာလျှင် သူ့အကြောင်း သူ့ မိသားစုအကြောင်းများသာ စောင်းပေးလျက် ထောင်းလမောင်းထအောင်
ပြောဆိုသွားတတ်သည်။ အငယ်ဆုံးသမီးနှင့် သမက်အကြောင်း၊ သမီးလတ်နှင့် အဆင်မပြေသော
ယောကျ်ားဘက်မှ ဆွေမျိုးသားချင်းများအကြောင်း၊ ယခုအချိန်ထိ အိမ်ထောင်မပြုသေးဘဲ
မိဘကို ရှာကျွေးနေသည့် သားကြီးဝင်းသော် အကြောင်း အတော်လေး စုံလင်လှသည်။ တခြားသူ
အလှည့်ကို သိပ်မပေးချင်။ သူချည်း ဒိုင်ခံပြောသည်။ ပြော၍မောသွားပြီး
ကျေနပ်လောက်ချိန်တွင် ထပြန်သွား တတ်သည်။
ထိုနေ့က ဝင်းသော် မင်္ဂလာဆောင်
မတိုင်ခင် တစ်ရက်အလို ညနေပိုင်းတွင် ဖြစ်သည်။ ဒေါ်စိန်ချယ်က သူ့အား လူကြုံနှင့်
အတန်တန်မှာနေသည်။ အမေကလည်း အတင်းလွှတ်နေပြန်သည်။
'မြို့မှာ ဆွေရယ်
မျိုးရယ်ဆိုလို့ ဒါလေးပဲ ရှိတော့တာ။ ဆိုးတာရှိသလို ကောင်းတာလည်း ရှိတာပဲ။
အရေးအကြောင်းရှိရင် သူစိမ်းထက်တော့ သွေးပိုနီးတာပေါ့ သားရယ်။ ရှောင်ဖယ် ရှောင်ဖယ်
လုပ်မနေစမ်းပါနဲ့။ သွားလိုက် ဟိုရောက်လို့ ဘာမှလုပ်စရာ ကိုင်စရာ မရှိရင်
တအောင့်တနား စကားပြောဆိုပြီး ပြန်လာခဲ့'
ထို့ကြောင့် မကောင်းတတ်၍ သူ
သွားခဲ့သည်။ ခန်းမလိုနေရာမျိုးတွင် ဧည့်ခံပွဲလုပ်ခြင်း မဟုတ်။ သူတို့
အိမ်ကျဉ်းကျဉ်းလေးမှာပင် အဖြစ်သဘောမျှသာ။ သတို့သမီးမှာ မိဝေးဖဝေးနှင့် မြို့တွင်
အလုပ်လာလုပ်နေသူ။ ဝင်းသော်နှင့် ကြိုက်ပြီး နှစ်ဖက်လူကြီးသဘောတူညီချက်ဖြင့်
ရုံးတွင် လက်မှတ် ထိုးကာ အိမ်ပေါ်သို့ ခေါ်တင်ထားခဲ့သည်မှာ လပိုင်းပင် ရှိပြီ။
ကောင်မလေးဘက်မှ ချို့တဲ့ရှာသည်။ ဝါဝင်တော့မည်မို့ ယခုမှ မင်္ဂလာ
ဆွမ်းကျွေးလေးလုပ်ကာ နီးစပ်ရာ ကောက်သင်းကောက်ဖိတ်လျက် အတည်ပြုလိုက်သည့် သဘောပင်။
တကယ်တမ်းတွင် လုပ်စရာ မယ်မယ်ရရ
မရှိလှ။ ဒေါ်စိန်ချယ်၏ စကားလုံး မုန်တိုင်းကိုလည်း ရှောင်ရှားချင်သဖြင့်
အိမ်အတွင်း စက္ကူပန်းလိပ်လေးများ ဆွဲပေး၊ ဘောလုံးလေးများ လေထိုးကာ ချည်ပေး၊
စားပွဲကုလားထိုင်များ ရွှေ့ပြောင်းပေးခြင်းတို့သာ လုပ်ပေးခဲ့ရသည်။ သူ မသိသော်လည်း
သူတို့နှင့် ပတ်သက်သော အိမ်နီးချင်းများနှင့် ကလေးတချို့က ဝင်ချည်ထွက်ချည်။
နောက်နေ့တွင် အမေနှင့်သူ နှစ်ယောက်စလုံးသွားဖြစ်သည်။ ကျွေးမွေးနေသောအချိန်တွင်
ဧည့်ခန်းထောင့် စားပွဲပေါ်မှ ငွေဖလားကြီးတစ်လုံးကို သူ သတိထား ဖြစ်သည်။ သူတို့
ဇနီးမောင်နှံက မင်္ဂလာဆွမ်းကျွေးလေးပါဟု ဆိုသော်လည်း လက်ထဲသို့ ရောက်လာသော
မင်္ဂလာလက်ဖွဲ့ စာအိတ်လေးများကို အားတုံ့ အားနာဖြစ်သည့်ဟန်နှင့် စောစောက
ငွေဖလားကြီး အတွင်းသို့ ထည့်သည်။ စာအိတ်ပေါင်း အနည်းငယ် များလာသောအခါ
ဒေါ်စိန်ချယ်က တစ်စုံတစ်ရာကို စိတ်မချသည့်အလား ဝတ်ထားသော ထဘီ၏ အထက်ပိုင်းကို
ခါးပိုက်ထောင်သဖွယ် ပြုလုပ်၍ စာအိတ်မှန်သမျှကို စုပြုံထိုးထည့်နေသည်ကတော့
သူနားမလည်နိုင်အောင် ဖြစ်ရသည်။ ရုပ်ပျက် ဆင်းပျက်နိုင်လှသော်လည်း
ကိုယ်နှင့်မဆိုင်၍ ဘာမျှ စောဒက မတက်မိ။
သိပ်မကြာ ညပိုင်းတွင် ဝင်းသော်
အိမ်သို့ ကမူးရှူးထိုး ရောက်လာသည်။ ငွေ ပမာဏက ခုနစ်ထောင်ဝန်းကျင်၊ ပျောက်သည်က
ဒေါ်စိန်ချယ်သမက် နှစ်ယောက်၏ ငွေ။ ပျောက်ချိန်က သူမနေ့က ရောက်သွားသည့် ညနေပိုင်း။
သူပါဟု သံသယပင် မဟုတ်တော့ဘဲ အတိအကျ စွပ်စွဲလိုက်သူက ဒေါ်စိန်ချယ်။ သူ့ထံ
ရောက်လာသူက ဝင်းသော်။ ထိုနောက်ပိုင်းတွင် အများအမြင် မတင့်တယ်သော ရန်ပွဲလေး ပေါ်ပေါက်လာခဲ့ခြင်းပင်။
□
သည်တစ်ကြိမ် ပေါ်ပေါက်လာခဲ့သော
အရှက်တရားနှင့် ဒေါသတို့မှာ သူ့ အတွက် တော်တော်နှင့် ပြေငြိမ်းနိုင်ဖွယ်ရာ မရှိ။
တော်တော်ပင် ပစ်စလက်ခတ် နိုင်လွန်းသည်ဟု ထင်သည်။ ထို စကားမျိုးကို လာပြောသော
ဝင်းသော်ကိုလည်း အံ့သြ မဆုံးနိုင်အောင် ဖြစ်ရ၏။
'ဒီကောင် တော်တော်
လူကြီးမဆန်တဲ့ကောင်။ တကယ်ပျောက်တယ်ပဲ ထားဦး။ ငွေက ဘယ်လောက်
များများစားစားမို့လို့လဲ။ မဖွယ်မရာ ကိစ္စကွာ။ ပြီးတော့ မင်းယူတာ ဘယ်သူက မြင်လဲ။
သက်သေက ဘယ်မှာလဲ။ သူ့အမေ ဗလုံး ရှုပ်ထွေးပြောတိုင်း တစ်စောက်ကန်း လိုက်လုပ်ရသလား။
နည်းနည်းလေးမှ စဉ်းစားဆင်ခြင်ဉာဏ် မရှိဘူး။ ခွင့်လွှတ်လိုက်ပါကွာ။ တစ်နေ့
သူ့ကိုယ်သူ မှားမှန်း သိလာပါလိမ့်မယ်'
အစ်ကိုဝမ်းကွဲက စိတ်မကောင်းစွာ
ညည်းညည်း ညူညူ ပြောသည်။
'ဘယ်လိုမှ
ခွင့်မလွှတ်နိုင်ဘူး အစ်ကို။ သူ ပြောသွားတာတွေ အကုန်လုံး ကြားမှာပါ။ ပထမအချက်က
ဒီကောင် ကျွန်တော့်ကို ဘယ်လိုသဘောထားတယ်ဆိုတာ ပြတာပဲ။ ဒုတိယအချက်က
ကျွန်တော့်သိက္ခာနဲ့ ကျွန်တော့် စာရိတ္တကို ရိုက်ချိုးပစ်လိုက်တာ။ ပြောခဲ့တဲ့
စကားလုံးတွေအတွက် သူ ကျွန်တော့်ကို ဘယ်လိုတုံ့ပြန် ပေးဆပ်မလဲ။ ကျွန်တော့်မှာ
ပတ်ဝန်းကျင်က ကြည့်သွားတဲ့ မျက်လုံးတွေကြားမှာ အသက် မထွက်ရုံတမယ် မျော့မျော့
ကျန်တော့တာ။ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ဒီကောင့်ကို တရားစွဲမှ ဖြစ်မှာ'
သူက ပြောရင်း ပြောရင်း ရင်ထဲတွင်
မွန်းကျပ်လာသည်။ မောဟိုက်လာသည်။ အမေက သူ့ခံစားချက်ကို နားလည်ပုံပေါ်သော်လည်း..
'သားရယ်၊ တရားတဘောင်
ဖြစ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံး အထိုက်အလျောက်တော့ နစ်နာကြတာချည်းပါပဲကွယ်'
'ဒီမယ် အမေ၊ လူတစ်ယောက်ဟာ ငွေ
တစ်ကျပ်နဲ့ လူ့အသက်ကို သတ်ခဲ့တာ ဘာကြောင့်လဲ အမေ သိလား။ လူတစ်ယောက်ရဲ့ တန်ဖိုးကို
ထိခိုက်စော်ကားလာလို့ပဲ'
'အမေက မဖြစ်တန် မဖြစ်အောင်
သတိပေးတာပါကွယ်။ ဒေါသဆိုတာ ဘယ်နေရာမှ အသုံးဝင်တာ မဟုတ်တာ။ တရားရင်ဆိုင်လာရမယ်။
အလုပ်ပိုတွေ များလာမယ်။ ဝန်တွေ ပိုလာမယ်။ ကသိကအောက် စိတ်တွေ များလာမယ်။ ပြီးတော့
လူပုံအလယ်မှာ ကိုယ့်အထုပ် ကိုယ်ပြန်ဖြေပြရသလို ဖြစ်နေမှာကိုပဲ။ အဲဒီအခါ နှစ်ခါ
ရှက်ရပြီ။ ကိုယ့်ဘက်က အသိတရားလေး မြဲမြဲဆုပ်ကိုင်ပြီး ဥပေက္ခာပြုလိုက်လည်း
ပြီးတာပါပဲကွယ်'
အမေ့စကားက သူ့ အရှိုက်ကို
ပုတ်ခတ်သွားစေပါသည်။ သူတင်းကိုယ်တင်း ဖြစ်လာသည့်အခါ လူ့ သဘာဝအရ ငယ်ကျိုးငယ်နာတွေ
ဖော်တော့မည်။ ရရာ အကွက်ထောက်၍ နင်းတော့မည်။ ထိုအခါ...။
ထိုရက်ပိုင်းအတွင်း သူ့ စိတ်တွေ
လေးလံနောက်ကျိနေသည်။ ဘာကို တွေးတွေး သည်အကြောင်းက ဦးစွာ ပထမ ပေါ်လာသည်။
အမှန်တရားဆိုတာ ဘာလဲဆိုသော မေးခွန်းကို အကြိမ်ကြိမ်အလီလီ သူ့ကိုယ်သူ
ပြန်မေးနေမိသည်။ 'အမှန်တရားဆိုတာ တစ်နေ့တော့ သူ့အလိုလို ပေါ်လာစမြဲပါ သားရယ်။
အချိန်အခါတစ်ခုကိုတော့ သည်းခံပြီး စောင့်လိုက်ပါ' ဟူသော
အမေ့စကားကြောင့် သူ အနည်းငယ် စိတ်လျှော့ခဲ့သော်လည်း မေ့ပစ်ရန်အတွက်တော့
လုံးဝမဖြစ်နိုင်ခဲ့။ လပိုင်းလောက်အကြာတွင် ယောက္ခမနှင့် သိပ်အဆင်မပြေသော ဝင်းသော်
မိန်းမက အိမ်သို့ရောက်လာသည်။
'အဲဒီတုန်းက ကိုငြိမ်းသစ်အစား
ကျွန်မ စိတ်မကောင်းလိုက်တာ။ ကိုငြိမ်းသစ်မဟုတ်ဘူးဆိုတာ ကျွန်မ သိပြီးသားပါ။
အဲဒီညနေပိုင်း က လူကလည်း စုံတယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ
ယောက္ခမကြီး လုပ်မိလုပ်ရာ လုပ်လိုက်တာလို့ပဲ ထင်တယ်။ ဟုတ်ပါတယ်။ သူပါပဲ'
'ဘာလို့ထင်တာလဲ'
'အရင်ကဆို သူ့သားက သူ့အမေကို
ပိုက်ဆံအပ်တာလေ။ ဒေါ်စိန်ချယ်ကပဲ စီမံရတာ။ သူ့သဘော၊ သူ့ဆန္ဒ။ ကျွန်မ ရောက်လာတော့
အစ်ကိုက သူ့အမေကို မအပ်တော့ဘူး။ ကျွန်မလက်ထဲပဲ ထည့်တော့တာ။ ဒါကို သူ
လုံးဝမကျေနပ်ဘူး။ အဲဒီတော့ သူ့အတွက် အဆင်မပြေ ဖြစ်လာတော့တာပေါ့။ သူ့လုပ်
စာမှမရှိတာ။ အဲဒီတော့ နည်းနည်းညစ်ချင်လာတဲ့ သဘော။ ဒီကြားထဲ လောင်းကစားက
လုပ်သေးတာကိုး'
'ငါလိုချင်တာက ထင်ကြေး
မဟုတ်ဘူး။ သံသယ မဟုတ်ဘူး။ အမှန်တရားပဲ။ ဒီငွေကို ဘယ်သူ ယူသလဲ ဆိုတဲ့ အမှန်တရားပဲ။
ဒီအမှန်တရား ပေါ်လာတာနဲ့ အဲဒီလူက ငါ့ကို ပြန်တောင်းပန်ရမယ်။ ကျေနပ်တဲ့အထိ
တောင်းပန်ရမယ်။ ငါလိုချင်တာ အဲဒါပဲ'
သူမက ပခုံးလေး နှစ်ဖက်ကို
တွန့်လိုက်သည်။
'ကိုငြိမ်းသစ် စကားက
နည်းနည်းစိတ်ကူးယဉ်ဆန်နေသလိုပဲ။ သူတို့လို အတန်းအစားမျိုးက ကိုယ့်အမှား
ကိုယ်ဝန်ခံတတ်ကြတာမှ မဟုတ်တာ။ သူတို့မိသားစု အချင်းချင်း သိရင်တောင် အမေ့အတွက်
သိက္ခာအကျခံပြီး တခြားသူကို ဘယ်ပြောပါ့မလဲ'
မည်သို့ပင်ဆိုစေ သူ
ဇွဲမလျှော့ချင်သေးပါ။ မဟုတ်တာလုပ်ထားသူအတွက် မိမိ ကိုယ်မိမိ လိပ်ပြာမလုံမလဲ ဖြစ်တတ်သည်ဟူ၍လည်း
ယုံကြည်ထားသည်။ တစ်နေ့တွင်တော့ အမှန်တရား ပေါ်လာလိမ့်မည်ဟု သေချာပေါက်
မျှော်လင့်ထားသည်။ ထိုအခါ သူ ခံစားလိုက်ရသလို ထပ်တူထပ်မျှ ပြန်လည် ခံစားစေရမည်
ဟူ၍လည်း ကျိန်စာ တိုက်မိပြန်သည်။
တစ်နေ့ သူ စိတ်ထိခိုက်စွာ
မခံစားနိုင်တော့၍ ဒေါ်စိန်ချယ်ဟု နာမည်တပ်ကာ စာလေးတစ်စောင် ကောက်ရေးမိသည်။
ရင်တွင်း ရှိသမျှ အကုန်လုံး ဖွင့်အန်လိုက်ခြင်းပင်။ သို့သော် မည်သူ့ကိုမျှ
ပေးဖို့မရည်ရွယ်ခဲ့ပါ။ ရင်ဖွင့်စရာ လူ မမြင်၍ စာထက်အက္ခရာ တင်လိုက်ခြင်းသည်သာ။
ထို့နောက် အဝတ်အစားဗီရို၏ အောက်ဆုံးအထပ်တွင် မှတ်မှတ်ရရ သိမ်းဆည်းထား လိုက်တော့၏။
ထို့နောက် ပြတင်းပေါက်မှ အပြင်သို့ လှမ်းငေးဖြစ်၏။ ခြံဘေး ရေမြောင်းတွင် ငါးရှဥ့်
လာထောင်တတ်သော ကိုလှဖေ တစ်ယောက် မြှုံးများဖြင့် အလုပ်ရှုပ်နေတာ တွေ့ရသည်။
ဘာကြောင့်မှန်းမသိ။ သူက ထိုမြှုံးလေးများကို တွေတွေလေး ငေးမောကြည့် ဖြစ်နေ၏။
□
သည်လိုနှင့် သုံးနှစ်ခန့်
ကြာသွားခဲ့ပြီ။ အမေပင် ဆုံး ရှာလေပြီ။ အမေ မဆုံးခင်က ဒေါ်စိန်ချယ် အစ်ကို့ဆီသို့
ရံဖန်ရံခါ အလည်လာတတ်သည်။ သူက ရှင်းသည်။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်၍
ပိတ်ပင်တားဆီးခွင့် မသာသော်လည်း ကြုံကြိုက်လေတိုင်း နှုတ်ပင်မဆက်။ အကောင်းအဆိုး
ဘာမျှမဆို တော့။ အမေကတော့ သံယောဇဉ် မပြတ်နိုင်ရှာ။ စကားစမြည်ပြောကာ အလိုက်အထိုက်
ဆက်ဆံ သည်။ အရင်လို ဟက်ဟက်ပက်ပက်တော့ မရှိလှ။ သူ့အကြောင်းနှင့် ပတ်သက်၍
ဘာမျှပြောဆိုပုံ မပေါ်။ သူ့အား အသစ်ဖြစ်မည်စိုး၍ အမေက ပြန်မပြောတာလည်း
ဖြစ်နိုင်ပါသည်။ သို့သော် အမေကတော့ သူ မကွယ်လွန်မီ အချိန်ထိ ဒေါ်စိန်ချယ့်အိမ်သို့
လုံးဝ မသွားတော့။ အမေဆုံးတော့ သူတို့ တစ်မိသားစုလုံး လာကြသည်။ လုပ်ပေးကိုင်ပေး
ကြသည်။ အစ်ကို့မျက်နှာကြောင့် သူ ဘာမျှမပြော တော့။ ထို့အတူ အသိအမှတ်လည်း
မပြုခဲ့ပါ။
တစ်နေ့ ဆေးရုံတက်နေသော
သူ့မိတ်ဆွေတစ်ဦးအား သွားရောက်မေးမြန်းပြီး အပြန် ဆေးရုံအတွင်း၌ပင် သူ့အိမ်မှ
အစ်ကိုနှင့်ဆုံသည်။ အစ်ကို့ကြည့်ရသည်မှာ အရေးကြီးသုတ်ပျာ။ တစ်ခု ခုတော့
ဖြစ်လာပုံပေါ်သည်။
'ကြားပြီးပြီလား၊
ဒေါ်လေးစိန်ချယ် လေဖြတ်လို့ တဲ့။ ငါ သတင်းကြားကြားချင်း ကောက်ထလာတာ။ မင်းလည်း
လိုက်လာခဲ့ဦး'
သူ အမှတ်မထင် တွန့် ဆုတ်ကာ ခေတ္တတွေဝေသွားသည်။
အင်တင်တင် ဖြစ်နေသော သူ့မျက်နှာ အရိပ်အကဲကို ဖမ်းမိလိုက်သော အစ်ကိုက...
'ဘာဖြစ်နေတာလဲ။ ပြီးခဲ့တာတွေ
ပြီးခဲ့ပြီ။ မေ့ပစ်လိုက်တော့။ အဲဒီလောက်တောင် ဖြစ်နေစရာ မလိုဘူး။ ဒါ လူတစ်ယောက်ရဲ့
သေရေး ရှင်ရေးကိစ္စ။ ဒေါ်လေးဟာ ဒေါ်လေးပဲ။ သူတို့က ပြောပြီး ပြီးတာတွေ။ လာ၊
လိုက်ခဲ့'
အစ်ကိုက သူ့လက်ကို ဆွဲကာ ခေါ်သွားသည်။
အမျိုးသမီး လူနာဆောင်ထဲ အရောက်တွင် ဒေါ်စိန်ချယ်မှာ ခုတင်ပေါ်တွင် မျက်လုံးလေး
ပိတ်လျက် ပက်လက်ကလေး။ နှာခေါင်းတွင် ပိုက်တန်းလန်းနှင့်။ သားသမီးတွေ၊ သမက်တွေနှင့်
ချွေးမတွေက ပတ်ပတ်လည် ဝိုင်းနေသည်။ အငယ်ဆုံးသမီးက မျက်ရည်လေးစမ်းစမ်းဖြင့်...
'အမေ့အဖြစ်ကို ကြည့်ပါဦး
အစ်ကိုရယ်။ ဘယ် ဘက်တစ်ခြမ်းလုံး လေဖြတ်သွားတာ။ စကားလုံးလုံး မပြောနိုင်တော့ဘူး။
ပြီးတော့ ဘယ်သူကိုမှလည်း မမှတ်မိတော့တဲ့ပုံပဲ။ ဒီလို လေဖြတ် တာ တစ်ခါမှ
မမြင်ဖူးဘူး။ တခြားသူကို ထားတော့။ အမေ သိပ်ချစ်တဲ့ အစ်ကိုကြီးကိုတောင် မသိတော့တာ။
အမေ့ဘဝ ကိုယ်ကျိုးနည်းပြီ ထင်ပါတယ်'
ပြောရင်းပြောရင်း ရှိုက်ခါရှိုက်ခါ
ငိုသည်။ ဝင်းသော်က အခန်းအပြင်ထွက်ကာ ငူငူငိုင်ငိုင်ကြီး လုပ်နေသည်။ သူက
ဒေါ်စိန်ချယ်ကို သေသေချာချာ ကြည့်သည်။ ယခင်က စကားလုံးပေါင်း မြောက်မြားစွာကို
သီကုံးခဲ့သော ဒေါ်စိန်ချယ်တစ်ယောက် အခုတော့ ငြိမ်ငြိမ်သက်သက်လေး နေရရှာတော့၏။
ပြောင်းလဲခြင်းနိယာမက ဆန်းကြယ်လှပါလား။
ထိုစဉ် သူမ မျက်လုံးများ
တဖြည်းဖြည်းပွင့်လာပြီး ဟိုဟိုသည်သည် ကြည့်သည်။ တစ်ယောက်ချင်းစီ ကြည့်သည်။
သူ့ထံသို့ မျက်လုံးအကြည့် ရောက်သည့်အခါ တုံ့ခနဲ ရပ်တန့်သွား၏။ ထူးခြားသော
အရိပ်ငွေ့လေး ဖြတ်သန်းလျက်။ သူမက စူးစူးရဲရဲ ကြည့်သည်။ နက်နက်ရှိုင်းရှိုင်း
ကြည့်သည်။ တစ်ပြိုင်နက်တည်းဆိုသလိုပင် ရင်ခေါင်းမှ ခက်ခက်ခဲခဲ ကြိုးပမ်း
ညှစ်ထုတ်လိုက်ရသည့် ဝူးဝူး ဝါးဝါးသံ ပေါ်လာသည်။
'အမေ၊ ဒါ ကိုငြိမ်းသစ်လေ။
မှတ်မိလား'
ဒေါ်စိန်ချယ်က မှတ်မိကြောင်း
မျက်ခွံလေးကို အလုပ်လုပ်ပြသည်။ ထူးဆန်းလိုက်တာ။
'ဟောတော့်...အစ်ကိုကြီးရေ၊
ဒီမှာ အမေ ကိုငြိမ်းသစ်ကိုတော့ မှတ်မိနေပြီ။ ဒီမှာ လာကြည့်ပါဦး'
တကယ်လည်း သူမ တစ်ခုခုကို အလွန်အမင်း
ပြောချင်နေပုံရသည်။ သို့သော် ဘယ်လိုမှ ပြောခွင့်မသာတော့။ သူ နားလည်လိုက်ပါပြီ။ သူ
ဘာပြောချင်ကြောင်း အသေအချာ သိလိုက်ပြီ။ သူ မျက်လုံးကို အကြာကြီး ငေးစိုက်ကြည့်ကာ
ဘာသာပြန်နေမိ၏။ မျက်လုံးအတွင်းမှ မျက်ရည်ဥများ ဘေးသို့စီးကျသွားချိန်တွင် သူ
အဖြေတစ်ခုကို ကောင်းစွာ ထုတ်ခဲ့လို့ရခဲ့ပေပြီ။ သူ့ရင်တွင်းမှ အာဃာတ တရားများ
လုံးဝမရှိတော့။ အတေးအမှတ်များ လုံးဝမရှိတော့။ အားလုံးလွင့်စဉ် ပျောက်ကွယ် သွားရလေပြီ။
'ဒေါ်လေး ဘာလို့ ငိုနေတာလဲ။
မငိုပါနဲ့တော့။ မကြာခင် နေပြန်ကောင်းလာမှာပါ။ ဘာမှ အားမငယ်နေနဲ့။ ကျွန်တော်
နေ့တိုင်း ဆေးရုံလာခဲ့မယ်။ စိတ်ဆင်းရဲစရာတွေ ဘာမှ တွေးမနေနဲ့တော့။ ကဲ...
အားရှိသွားအောင် အိပ်ပျော်အောင် အိပ်လိုက်နော်'
သူ့ပြောစကား နားထောင်ပါသည်။ မကြာမီ
ဒေါ်စိန်ချယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့ ၏။ ဘေးနားတွင် ရပ်နေသော
အစ်ကိုက သူ့အား နားမလည်နိုင်စွာကြည့်လျက်...။
သူ အိမ်သို့ ပြန်ရောက်ရောက်ချင်း
ဗီရိုအောက်ဆုံးထပ်မှာ သိမ်းထားသော စာ တစ်စောင်ကို ထုတ်ယူလိုက်သည်။ ထို့နောက်
ဖြန့်ကာ အစအဆုံး တစ်ခေါက်ဖတ်လိုက်၏။ ပြီးနောက် စာကို အပိုင်းပိုင်းအစစများ
ဖြစ်အောင် ဆုတ်ဖြဲကာ လုံးချေလျက် ပြတင်းပေါက်မှ လွှင့်ပစ်လိုက်သည်။ ခြံအပြင်ဘက်
မြောင်းစပ်တွင် ငါးရှဥ့်ထောင်ရန် ပြင်ဆင်ထားသော မြှုံးတစ်လုံးဆီသို့ မျက်စိ
ရောက်သွားသည့်အခါ အကြည့်ကို တုံ့ခနဲ ရပ်ပစ်လိုက်၏။
အမှန်တရားကို လိုလားနေသူ
လူတစ်ယောက်အတွက် သူ့သက်တမ်း တစ်လျှောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ပါသော်လည်း
ဘဝကူးပြောင်းသွားသည့်တိုင် နားလည်သိရှိခွင့် မရနိုင်ခဲ့။
▀
ဒေါင်းနေမင်း
(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...