ရွှေဝတ္ထု

အာရုံ

မောင်သစ်ဦး၊မြစ်ခြေ၊

01 July 2025
အာရုံ
Share to

            ၁။

            အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ အာရုံစိုက်ပြီး လုပ်သင့်တယ်လို့ ပြောသွားခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော့်နားထဲက မထွက်သေးပါဘူး။ ဘာကြောင့် ဒီလိုပြောသွားရတယ် ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒီစကားကို ပြောသွားတယ် ဆိုတာကလည်း

တကယ်တော့ ကျွန်တော့်ကို မဟုတ်ပါဘူး။ သူရဲ့အလုပ်သမားတစ်ယောက်ကို ပြောသွားခဲ့တာကို

ကျွန်တော် ကြားလိုက်ရတာပါ။ သူ့အလုပ်သမားကလည်း သူ့စကားကို ရိုရိုသေသေ ဦးထိပ်ပန်ဆင်လို့ ပြောသည့်အတိုင်း စနစ်ကျကျ လုပ်တတ်တဲ့ နောက်လိုက်ကောင်း တစ်ယောက်ရဲ့ပုံစံမျိုးပါပဲ။

            စောစောက စင်္ကြံ ၂ ဘက်မှာ ကျွန်တော် ရှိနေတုန်း သူ့အလုပ်သမား ရောက်လာပါတယ်။ ပစ္စည်းတွေ သယ်ဖို့ တွန်းလှည်းတစ်စီး လာရှာတာပါ။ ကျွန်တော်လည်း လက်တွန်းလှည်းနဲ့ ဖြည်းဖြည်း တွန်းလျှောက်လာစဉ်မှာ ကျွန်တော့်ကို မြင်သွားခဲ့ပါတယ်။

            'တွန်းလှည်း ခေါ်ချင်လို့ပါ'

            ကျွန်တော်လည်း တွန်းလှည်းလေးကို အသာရပ်ရင်း...

            'ဘယ်နားမှာလဲ မသိဘူး။ ပစ္စည်းဘယ်လောက်များလဲ'လို့ မေးလိုက်ပါတယ်။

            'ဘူတာရှေ့ အဝင်ပေါက်နားမှာပါ။

ပစ္စည်းကတော့ သိပ်မများပါဘူး။ လက်ဆွဲအိတ် လေးငါးလုံးလောက်နဲ့ ခြင်းသုံးလေးလုံး လက်ဆွဲသေတ္တာတစ်လုံးပါ။

‘ပိုက်ဆံ ဘယ်လောက်ကျမလဲ မသိဘူး'

            လူတွေဟာ ဘာကြောင့်များ ငွေဆိုတဲ့စကားကို အရင်ပြောကြသလဲ မသိပါဘူး။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းတော့ တစ်မျိုးလေး ဖြစ်သွားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ငွေဆိုတဲ့ စကားကို သိပ်မပြောချင်ပါဘူး။ ငွေဆိုတဲ့အရာက ဘယ်လိုအရာကြီးဖြစ်ပြီး ဘယ်လောက် အရေးကြီးနေခဲ့လို့လဲ။ ကျွန်တော့်ရဲ့ တစ်နေ့ တွန်းလှည်းဆွဲလို့ရတဲ့ ဝင်ငွေဟာ ကျွန်တော့်အတွက် တစ်နေ့စာမက ကောင်းကောင်းလုံ လောက်ပါတယ်။ တစ်ခါတလေ အရက် ကောင်းကောင်းသောက်ပြီး ကာရာအိုကေကောင်းကောင်း ဆိုလို့ရပါတယ်။ ငွေမရလို့လည်း မပူဘူး။ များများရရင်တော့ ပျော်တော့ ပျော်မိတာပေါ့လေ။

            ကျွန်တော့်ရဲ့ တဒင်္ဂအတွေး ပျံ့လွင့်သွားမှုဟာ သူ့အလုပ်သမားအတွက်တော့ ကျွန်တော်ဟာ စဉ်းစားနေပုံရတယ်၊ ဈေးနှုန်းတွက်ကြည့်နေပုံရတယ်လို့ ထင်နေပုံရပါတယ်။ ကျွန်တော် သတိဝင် လာတော့ သူ့ အလုပ်သမားက ကျွန်တော့်ဘေးနားမှာ ကျွန်တော့်ဆီက အဖြေကို အသင့်စောင့်နေတဲ့ ပုံစံမျိုးနဲ့ ရပ်စောင့်နေပါတယ်။

            'ဒါကတော့ ကျွန်တော် ပြောလို့ မရသေးပါဘူး။ ပစ္စည်းတွေကို သေချာကြည့်ပြီးမှ ဈေးဆုံးဖြတ်လို့ ရမှာပေါ့'

            ကျွန်တော့်ရဲ့ အဖြေကို အနည်းငယ်ငြိမ်ပြီး စဉ်းစားရင်း...

            'ဒါဆို ဒီလိုလုပ်ပါ၊ ခင်ဗျား ဒီနားမှာ ခဏစောင့် ပေးပါလား။ သူတို့ပစ္စည်းတွေ သေချာပေါက် သယ်မသယ် ကျွန်တော် သွားမေးပါဦးမယ်'လို့ သူ့အလုပ်သမားက ပြောပါတယ်။

            'ရပါတယ်၊ ကျွန်တော် လိုက်ပေးလို့ ရပါတယ်။ ဟိုကျမှ မငှားလည်း ဘာမှ မဖြစ်ပါဘူး။ ဈေးကြိုက်မှ ငှားပေါ့' လို့ ကျွန်တော် စေတနာနဲ့ ပြောပေမယ့်...

            'ဟာ...ကိစ္စမရှိပါဘူး။ ကျွန်တော် ချက်ချင်း ပြန်လာမှာပါ။ တော်ကြာ၊ ခင်ဗျား တစ်ကွေ့တစ်ပတ် ကြီး လိုက်လာရပြီးမှ မငှားဖြစ်ရင် အားနာဖို့ သိပ်ကောင်းပါတယ်။ ဒီနားကပဲ စောင့်နေပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချက်ချင်းလာပြော ပေးမှာပါ' လို့ ပြောရင်း သူ့အလုပ်သမားက စင်္ကြံထဲ ဆင်းတဲ့ လှေကားအတိုင်း ပြန်တက်သွားပါတယ်။

            ကျွန်တော်လည်း စင်္ကြံ လှေကားနားမှာ တွန်းလှည်းလေးပေါ် ထိုင်ပြီး စောင့်နေပါတယ်။ သူ့အလုပ်သမားပုံစံ ကြည့်ရတာ ရထားနဲ့ လိုက်ပါသွားမယ့်သူ မဟုတ်ဘဲ ဘူတာကို လိုက်ပို့တဲ့သူ ဖြစ်ပုံ ရပါတယ်။ ကျွန်တော်လည်း ပျင်းတွဲစွာ တွန်းလှည်းပေါ် ထိုင်စောင့်နေတာ အနည်းငယ် ကြာသွားပါတယ်။ ရှေ့တည့်တည့် တီဗီက ဘာလို့ မဖွင့်တာပါလိမ့်။ တီဗီလေး ဖွင့်ထားရင်တော့ အကောင်းသား။ အခုပစ္စည်းတွေ သယ်ရရင်တော့ သူတို့ကို တီဗီနားမှာ နေရာချပေးထားလိုက်မယ်။ ဒါမှ တီဗီဖွင့်ရင်လည်း ကြည့်ကြရမှာ ဖြစ်သလို တီဗီရှေ့က ထိုင်ခုံကလေးတွေမှာလည်း ထိုင်လို့ရမှာပေါ့လေ။

            ၂။

            ခဏနေတော့ သူ့အလုပ်သမား ရောက်လာပါတယ်။

            'ပစ္စည်းသယ်မယ်။ သွားကြရအောင်'

            ကျွန်တော်နဲ့အတူ သူ့အလုပ်သမားက လိုက်လာပါတယ်။ စင်္ကြံပလက်ဖောင်း အတိုင်း မြောက်ဘက်ကို တွန်းလာခဲ့ပါတယ်။ စင်္ကြံဆုံးတော့ နည်းနည်းတော့ မှောင်ပါတယ်။ ကုန်လှောင်ရုံ တွေဘက်မှာ မီးထွန်းထားပေမယ့် ဒီဘက်နေရာတွေကို လင်းလင်းချင်းချင်း မြင်ရအောင်ထိတော့ အလင်းက ကောင်းကောင်းမရပါဘူး။ မီးရထားသံလမ်းတွေကို ကျော်ပြီး ကုန်လှောင်ရုံဝင်းထဲကနေ ဖြတ်လိုက်တော့ ကားလမ်းပေါ် ရောက်လာပါတယ်။ ကားလမ်းအတိုင်းမှ ဘူတာမျက်နှာစာဘက်ကို ဝင်လာတော့ ဘူတာဝင်ပေါက်နားမှာ သူတို့က ပစ္စည်းတွေနဲ့အတူ အသင့်စောင့်နေကြပါတယ်။ အားလုံးသွားမယ့်သူ ခြောက်ယောက်လောက် ရှိပါလိမ့်မယ်။

            ကျွန်တော်က ပစ္စည်းတွေကို အရင်ကြည့်လိုက်ပါတယ်။ ပစ္စည်းကတော့ သူ့ အလုပ်သမား ပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်ပြောတဲ့ သူဆိုတာ အသက်အနည်းငယ် ကြီးပြီဖြစ်တဲ့ အမျိုးသမီး တစ်ယောက်ကို ပြောတာပါ။ သဘောကောင်းတဲ့ဟန်ရှိပြီး သူ့ပုံစံက လူဂုဏ်တန်ဆိုတဲ့ သဘောကို အထူးလုပ်ယူစရာ မလိုဘဲ ဒီအတိုင်းနေတာ နဲ့ပဲ သိသာစေပါတယ်။

            'ဘယ်ရထားတွဲလဲ မသိဘူးခင်ဗျ'

            ကျွန်တော်၏ အမေးကို သူက...

            '၈ နာရီခွဲ အထက်တန်း'ဟု ရိုးရိုးကလေး ပြန်ဖြေပါတယ်။

            'ထိုင်ခုံနံပါတ်က ဘယ်နေရာလောက် ကျသလဲ မသိဘူး'လို့ ထပ်မေးတော့...

            'တစ်ဆယ်ဝန်းကျင်ပဲ ကွဲ့။ ဒါနဲ့ ဒါဘယ်လောက်ကျမလဲ' လို့ သူက နည်းနည်း ခပ်မြန်မြန် ပြန်မေးလိုက်တယ်။ ဘာကြောင့်များ ငွေဆိုတဲ့စကားကို ဒီလောက် အရင်စလို ပြောချင်သလဲ မသိပါဘူး။ ကျွန်တော် ကြည့်ခဲ့ပြီးပြီ ဖြစ်သော ပစ္စည်းတွေကို တစ်ခါ ထပ်ကြည့်လိုက်ပါတယ်။

            'ကျွန်တော် ရထားတွဲ ပေါ်အရောက် သေချာပို့ပေးပါ့မယ်။ တစ်ထောင့်ငါးရာကျပါတယ်။ ရထားပေါ် ရောက်ပြီးမှ ပိုက်ဆံရှင်းပေးပါ'

            ကျွန်တော် ပြောတဲ့ဈေးကို ဆစ်တောင်မဆစ်တော့ဘဲ ခေါင်းတစ်ချက် ညိတ်လိုက်ပါတယ်။ သူ့အလုပ်သမားက ပစ္စည်းတွေကို သေချာကြည့်ပြီး မှတ်နေပါတယ်။ ဒါကတော့ သူတို့အလုပ်ကိုး။

            'အားလုံးပေါင်း ပစ္စည်းက ဘယ်လောက်ရှိလဲ'

            သူ့အလုပ်သမား ပစ္စည်းတွေ ပြန်ရေကြည့်နေတော့ သူက စိတ်ပျက်ပျက်နဲ့ ခေါင်းအနည်းငယ် ရမ်းလိုက်ပါတယ်။

            'အလုပ်တစ်ခုကို လုပ်တဲ့အခါ အာရုံစိုက်ပြီး လုပ်သင့်တယ်'

            ဒီစကားကို သူ့ဘဝမှာ ဘယ်နှခါ ပြောခဲ့လိမ့်မလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူ့အလုပ်သမားကတော့ ကျွန်တော်မျိုး မှားသွားမိပါတယ် ဆိုတဲ့ပုံစံမျိုးနဲ့...

            'အားလုံးပေါင်း ကိုးခုပါ' ခေါင်းကလေးငုံ့ပြီး ဖြေနေရှာပါတယ်။

            'ပစ္စည်းတွေကို ကြိုးနဲ့စည်းပါဦးလား'

            ကျွန်တော် သူ့ကို တစ်ချက်ကြည့်ပြီး...

            'မလိုပါဘူး ခင်ဗျ'လို့ ပြောကာ တစ်ခုနှင့်တစ်ခု ထပ်တင်နေသော ပစ္စည်းတွေကို ပြန်ပြီး ဖြန့်ပေးလိုက်ပါတယ်။

            ၃။

            ကျွန်တော် လက်တွန်းလှည်းဆွဲလာတော့ ကျွန်တော်နဲ့အတူ နှစ်ယောက် လိုက်ပါလာပါတယ်။ ဘေးတစ်ဖက် တစ်ချက်ကနေ ရံပြီး လိုက်ပါလာခြင်း ဖြစ်ပါတယ်။ ဒါကတော့ သူတို့အလုပ်ကိုး။ ကျွန်တော်ကတော့ သူတို့ကို နေရာသေချာချပေး ရထားတွဲပေါ် တင်ပေးဖို့ မဟုတ်ပါလား။ နောက်ပြီးတော့ ကုန် လှောင်ရုံနားက အလင်းရောင် နည်းနည်း အားနည်းတော့ အလစ်သုတ်မှာလည်း ကြောက်ကြတယ် ထင်ပါရဲ့။

            ဒီလိုနဲ့ လက်တွန်းလှည်း ဆွဲလာရင်း ကုန်လှောင်ရုံကို ကျော်ပြီး သံလမ်းကို ကျော်လိုက်တော့ ဘေးက အထုပ်တစ်ထုပ် အောက်ပြုတ်ကျသွားပါတယ်။ သူ့အလုပ်သမားက ကောက်ပြီး အသာ ပြန်တင်လိုက်ပါတယ်။ သံလမ်းကို ကျော်ပြီးတော့ စင်္ကြံပလက်ဖောင်းအတိုင်း ဆွဲလာခဲ့ပါတယ်။ ပလက် ဖောင်းပေါ်မှာ ရထားစောင့်ရင်း အိပ်နေကြတဲ့ ကလေးတွေရဲ့ ခြေထောက်တွေကို တက်နင်းမိမှာကလည်း စိုးရပါသေးတယ်။ ဒါကြောင့် ဂရုတစိုက် ဆွဲလာရင်း တီဗီ နားရောက်တော့ သူတို့ကို အသင့်စောင့်နေပေမယ့် ရောက်မလာသေးပါဘူး။ သူ့ အလုပ်သမားက ကျန်တစ်ယောက်ကို သေချာမှာပြီး သွားကြိုပါတယ်။ ခဏနေတော့ သူတို့ရောက်လာကြပြီး ပစ္စည်းတွေကို သေချာစစ်ပြီး ချပါတယ်။ သံလမ်းအကျော်မှာ ကျသွားတဲ့အိတ်က ဖုန်တွေကိုမြင်တော့ သူက သူ့အလုပ်သမားကို မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်ပါတယ်။ သူ့အလုပ်သမားကတော့ ကျွန်တော်မျိုး သေသင့်ပါတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ အသာငြိမ်နေရှာပါတယ်။ ကျွန်တော် ပစ္စည်းတွေချပြီးတော့ တွန်းလှည်းနဲ့ ပြန်ထွက်လာခဲ့တော့ သူ့ရဲ့ အလုပ်သမားကို ပြောနေတဲ့ စကားသဲ့သဲ့ကို ကြားလိုက်ရပါသေးတယ်။

            'အစကတည်းက ကြိုးနဲ့ ချည်ယူသွားပါလို့ ပြောလိုက်ရဲ့သားနဲ့ အလုပ်တစ်ခုကို လုပ်ရင် အာရုံစိုက်ပြီး လုပ်ပါ'

            ကျွန်တော် သူတို့ဆီကနေ ပြန်လာအပြီးမှာ ကျွန်တော် အလုပ်တစ်ခု ထပ်ရပြန်ပါတယ်။ စင်္ကြံတောင် ထိပ်က ပစ္စည်းတွေကို ကုန်လှောင်ရုံ ပို့ပေးရမှာ ဖြစ်ပါတယ်။ သူတို့ရထားက ည ၈ နာရီခွဲဆိုတော့ တစ်နာရီလောက် လိုနေပါသေးတယ်။ ရထားထွက်ခါနီးမှ လာပြီး တင်ပေးလိုက်ရင် ဖြစ်ပါတယ်လေ။ ဒီလိုနေ့မျိုးမှာအလုပ်တွေ တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်နေရတာ ပျော်စရာ ကောင်းနေပါတယ်။ တစ်ခါတစ်ခါ တွန်းလှည်းဆွဲရင်း သီချင်းကလေးတွေတောင် ဆိုဖြစ်လိုက်ပါ သေးတယ်။

            ဒီလိုအချိန်မျိုးမှာ ငွေ ဆိုတာ လူက ဖြစ်တယ်ဆိုတာကို သီချင်းစပ်ပြီးတောင် ဆိုလိုက်ချင်တဲ့ အချိန်ပေါ့။ ၈ နာရီခွဲ ရထားပြီးတာနဲ့ အိမ်ပြန်သွားလို့ ရပြီ။ အရက်နည်းနည်းသောက်မယ်။ ကာရာအိုကေ တစ်ဝကြီး ဆိုမယ်။ ညဥ့်နက်နက်ကျမှ အိပ်ရာဝင်မယ်။ မနက်ကျတော့ နေမြင့်မှထမယ်။ စိတ်ကူးတွေနဲ့ကို တကယ့်ကို ပျော်စရာကောင်းနေပါတယ်။

            'ကျေးဇူးပြု၍ နားဆင်ပါရှင်...'

            မီးရထား ခရီးစဉ် ကြေညာတဲ့အသံကို ကြားလိုက်ရတယ်ဆိုရင်ပဲ ကုန်လှောင်ရုံနဲ့ မျက်နှာချင်းဆိုင်က ကွမ်းယာဆိုင်မှာ ချိတ်ထားတဲ့ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ပါတယ်။ ၈နာရီခွဲဖို့ သိပ်မလိုတော့။ ကျွန်တော် တွန်းလှည်းကို သေချာထားခဲ့ပြီး စင်္ကြံ ၂ ဘက်က သူတို့ရှိရာကို လာခဲ့ပါတယ်။ ကျွန်တော်လာတော့ ရထားက တွဲထိုးပြီးနေပါပြီ။ ကုန်လှောင်ရုံဘက်မှာ ရောက်နေတုန်း ကျွန်တော် သတိလက်လွတ်သွားမိလိုက်တာပါ။ ဟိုရောက်တော့ ပစ္စည်းတချို့တစ်ဝက်က ရထားတွဲပေါ်တင်ပြီး သွားပါပြီ။ ကျွန်တော်လည်း ပစ္စည်းတွေကို ကူတင်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူတို့ လက်ဆွဲသေတ္တာကြီးကို နောက်ဆုံးတင်တော့မှ ဒုက္ခရောက်ရတော့တာပါပဲ။ ပြတင်းပေါက်ကနေလည်း ပေးလို့မရ။ တံခါးမကြီးကနေ တင်မယ်လုပ်တော့ တခြားပစ္စည်းတွေ တင်နေ ကြတဲ့ လူတွေကြောင့် တင်ရတာ ခက်နေရပါတယ်။ တော်တော်လေး ကြာမှကို အဲဒီ လက်ဆွဲသေတ္တာကြီးကို မနိုင့်တနိုင်မပြီး သူတို့နားကို ရောက်အောင် ပို့ခဲ့ရပါတယ်။ လက်ဆွဲသေတ္တာကို သေချာနေရာတကျ ထားပေးခဲ့ပါသေးတယ်။

            သူက ကျွန်တော့်ကို ကြည့်ပြီး...

            'မင်း အလုပ်တစ်ခုကို လုပ်တဲ့အခါ အာရုံစိုက်လုပ်မှပေါ့။ မင်းမလာလို့ တို့မှာ တော်တော်လေး ဒုက္ခများ သွားရတယ်။ သြော်...ဒါနဲ့ ရေသန့်ဘူးတစ်ဘူးလောက် ဝယ်မပေးနိုင်ဘူးလားကွယ်'

            သူ့ရဲ့ နောက်ဆုံးစကားကို ရထားဥသြသံကြောင့် သိပ်မသဲကွဲတာကြောင့်...

            'ခင်ဗျာ၊ ဘာပြောတာလဲ'လို့ ထပ်မေးလိုက်ပါတယ်။

            'ရေသန့်ဘူးတစ်ဘူးလောက် ဝယ်မပေးနိုင်ဘူးလားလို့ ပြောတာပါ။ ဘူးကြီး တစ်ဘူး ရေခဲစိမ်ပြီးသား ဝယ်ပေးပါ'

            သူက ကျွန်တော့်ကို နှစ်ရာတန် နှစ်ရွက်ပေးနေပါတယ်။ ကျွန်တော်လည်း သူ့ ဆီက နှစ်ရာတန်တွေကို ယူပြီး အမြန်လေးဆင်းပြီး စင်္ကြံထိပ်က ဆိုင်ဆီသို့ ပြေးသွားလိုက်ပါတယ်။

            'ရေသန့်ဘူးကြီး ရေခဲ စိမ်ပြီးသားဟေ့' လို့ အော်လိုက်တော့ ဈေးရောင်းတဲ့ ကောင်လေးက ရေသန့်ဘူးကြီးကို ရေခဲသေတ္တာထဲက ထုတ်ပေးပါတယ်။

            'ဘယ်လောက်လဲ' ဆိုတော့ မီးရထားရဲ့ ဥသြသံ ကြားကနေ 'သုံးရာ့ငါးဆယ်' လို့ ကြားလိုက်ရတော့ ကျွန်တော် နှစ်ရာတန်နှစ်ရွက် ပေးလိုက်ပါတယ်။ အမ်းငွေ ငါးဆယ်ကို အမြန်ယူပြီး ပြန်လာတော့ ရထားက ထွက်စ ပြုနေပါပြီ။

            ကျွန်တော် အမြန်ပြေးရင်း သူတို့တွဲနားရောက်တော့ ရထားက အရှိန်ရနေပါပြီ။ ကျွန်တော်လည်း ရေသန့်ဘူးကို ကမန်းကတန်း လှမ်းပေးလိုက်ရင်း အမ်းငွေ ငါးဆယ်ပေးဖို့ မေ့သွားပါတယ်။ အမှန်ကတော့ မေ့သွားတယ်ဆိုတာထက် ပေးဖို့အချိန်ကို မရလိုက်တာဆိုရင် မှန်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ရေဘူးပေးလိုက်နိုင်လို့ တော်သေးတာပေါ့။ သူ့ကို လိုက်ပို့တဲ့ အလုပ်သမားများ ရှိဦး မလားလို့ ရှာကြည့်တော့လည်း မတွေ့တော့ပါဘူး။ ပြန်သွားပြီ ထင်ပါရဲ့။

            ကျွန်တော်လည်း ငါးဆယ်တန်လေးကိုင်ပြီး စင်္ကြံလမ်းအတိုင်း မြောက်ဘက်ထိပ်ကို လျှောက်လာခဲ့လိုက်ပါတယ်။ စောစောက လူတွေရှုပ်နေတဲ့နေရာက ခုတော့ ရှင်းနေပါတယ်။ တီဗီ ကတော့ ဒီနေ့ဘာကြောင့် မဖွင့်သလဲ မသိပါဘူး။ ထိုင်ခုံလေးတွေကလည်း ထိုင်သူ မဲ့နေကြပါတယ်။ ကျွန်တော် သူတို့ကို ဒီလိုနေရာကောင်းကောင်းမှာ အသင့်ထိုင်စောင့်ဖို့ နေရာပေးနိုင်ခဲ့တဲ့အတွက်တော့ ကျွန်တော့်ရဲ့ အစီအစဉ် စိတ်ကူးကျမှုကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိပါတယ်။

            ကဲ...ဒီတစ်ခေါက် တောင်ဘက်စင်္ကြံထိပ်က ပစ္စည်းတွေ ကုန်လှောင်ရုံကို ပို့ပြီးရင်တော့ အိမ်ပြန်မယ်။ လမ်းမှာ အရက်နည်းနည်း သောက်မယ်။ ကာရာ... ဟာ... သွားပါပြီ။

            ၄။

            ကျွန်တော့်ရဲ့ တွန်းလှည်းဆွဲခြင်းလုပ်ငန်း လုပ်သက် တစ်လမပြည့်ခင်မှာ ဒါဟာ ပထမဦးဆုံးအကြိမ် ကြီးကြီးကျယ်ကျယ် အလိမ်ခံရခြင်းလို့ ပြောရမှာပါ။ တစ်ထောင့်ငါးရာ ဆိုတဲ့ငွေ ဟာ နည်းတော့မနည်းဘူး မဟုတ်လား။ သူပြောတဲ့...

            'အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ အာရုံစိုက်ပြီး လုပ်သင့်တယ်' ဆိုတဲ့ စကားဟာ သိပ်ကို မှန်ပါတယ်။ ကျွန်တော် အာရုံစိုက်သင့်တာက ကျွန်တော့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာကို အရင်လုပ် သင့်တယ် ဆိုတာကိုပါပဲ။ ထားပါတော့လေ။ ခဏနေရင်တော့ အိမ်ပြန်မယ်။ လမ်းမှာ အရက်တစ်ဝကြီး ဝင်သောက်မယ်။ ကာရာအိုကေတော့ မဆိုဖြစ်တော့ဘူး ထင်ပါရဲ့။

မောင်သစ်ဦး၊မြစ်ခြေ၊

(အမှတ် ၁၉၁၊ အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်