လှမိုးသစ်၊ကျောက်ဆည်၊
အခု ဒီအဘွားကြီး သစ္စာဆိုရတော့မယ်။ အခု ဒီအဘွားကြီးမှာ သစ္စာတရားမှတစ်ပါး အားကိုးရာ မမြင်တော့ဘူး။ သူ့သားနဲ့ ချွေးမကလည်း ဓားပြတွေ ဖမ်းသွားကြပြီ။ သူတို့ ဒီနေရာ ရောက်နေတာ တစ်ညတိတိ ကျော်သွားပါပြီ။ ပါလာတဲ့ ရေဘူးနဲ့ စားစရာ နည်းနည်းပါးပါးကလည်း ကုန်သွားပြီ။ ကားပေါ်မှာ ဘာကျန်ဦးမလဲလို့ ဟိုနှိုက်သည်နှိုက် လုပ်ကြည့်တော့ သိပ်အဖိုးမတန်တဲ့ အဝတ်အစားအချို့နဲ့ 'အစ်မတို့ လာရင် ယူဖြစ်အောင် ယူလာခဲ့စမ်းပါ' ဆိုလို့ ဈေးထဲက တကူးတက ရှာပြီး ဝယ်ယူလာတဲ့ လျှော်ဖြူတွေပဲ ပါတော့တယ်။
အမှန်အတိုင်းဆိုရင် အခုလောက်အချိန်မှာ
သူ့မောင်ရှိတဲ့ မြို့ကို ရောက်နေရမှာ။ ဒီဓားပြတွေကြောင့်သာ မဟုတ်ရင် ဟိုမှာ
တောင်ပေါ်အစားအစာတွေနဲ့ အဆီရစ်နေလောက်ပြီ။ အခုလို လမ်းခုလတ်ကြီးမှာ စားစရာ
သောက်စရာ ပြတ်သွားရဖို့ မဟုတ်ဘူး။ သူတို့အိမ်က ထွက်လာတုန်းက လမ်းအတွက်
စားစရာသောက်စရာ အကိုက်တွက်ပြီး ကားပေါ် တင်ယူလာပြီးသား။ ဒီကာလနာ ဓားပြတွေက
ကြိုပြီး သတင်းမပေး ဘာမပေးနဲ့ ဗြုန်းစားကြီး ဓားပြဝင်တိုက်တော့ အပို ထည့်မယူလာမိတော့ဘူး။
အခု ရိက္ခာပြတ်ပြီ။ ဒါပေမယ့် အဘွားကြီးက လူကြီးမို့ မဆာချင်ယောင် ဟန်ဆောင်နေလို့
ရတယ်။ ဒီကလေး နိုးလာလို့ နို့ဆာရင် ဘယ့်နဲ့ လုပ်ရမလဲ။ ကလေးက ဟန်ဆောင်တာတွေ ဘာတွေ
မသိဘူး။ ဆာရင် ငိုမှာပဲ။ ဓားပြတိုက်ခံရတယ် ပြောလည်း သိဘူးပဲ။ နင့်အဖေ နင့်အမေ
ဓားပြတွေ ဖမ်းသွားပြီ ပြောလည်း သိဘူးရေးချ သိဘူး ငိုမှာပဲ။ အဘွားကြီး တော်တော်
စိတ်လေသွားတယ်။
နေကလည်း မြေပြန့်ထက် ကုန်းမြေမြင့်နေက
ပို ပူသလိုပဲလို့ အဘွားကြီး စိတ်ထဲထင်နေတယ်။ ပိုပြီးပူမှာပေါ့။ မြေပြန့်နဲ့စာရင်
တောင်ပေါ်ဆိုတာက နေနဲ့ ပိုနီးတာကိုး။ ရာသီကလည်း ဆောင်းနဲ့နွေ လင်လုတဲ့ ရာသီဆိုတော့
သစ်ရွက်တွေက ငိုမလို ရယ်မလို ကြွေနေတယ်။ သူ တို့လာခဲ့တာ ကိုယ်ပိုင်ကားနဲ့
ဆိုပေမယ့် အခုရောက်ရှိနေတဲ့ နေရာက လမ်းမကြီးက ခွဲထွက်လာတဲ့ အညတရ မြေလမ်း၊
ဖြတ်သန်းသွားလာသူ မရှိသလောက် ရှားတယ်။ တောကြီးမျက်မည်း မဟုတ်ပေမယ့် ခေါင်တယ်။
လမ်းရဲ့ ဘေးဘက်ဝဲယာကတော့ တောင်ပေါ်အစ ကုန်းမြင့် ပီပီသသပဲ၊ ကျောက် ဆောင်တွေ၊
လျှိုချိုင့်တွေ၊ သစ်ဝါးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပါးရည်တွန့် အဘိုးကြီး
မျက်နှာနဲ့ တောပဲ။ မြင်ရသမျှ မြင်ကွင်းတွေက မကောင်းဆိုးဝါးတွေ ကိန်းအောင်းနေသလို
အကျည်းတန်နေတယ်။ နေရင့်ရင့် အပူအောက်က တောင်ကမ်းပါးယံမှာ ဖြူ၊ နီ၊ ဝါ၊ ပြာ ရောင်
စုံပွင့်နေတဲ့ သစ်ခွနွယ်ဝင် ပန်းတစ်ပင်ကိုတောင် ကျက်သရေမရှိတဲ့ ပန်းလို့
အဘွားကြီးက မြင်နေတယ်။
သူတို့ ဒီနေရာမှာ ဘယ်လောက်ကြာအောင်
ကယ်သူမဲ့နေမှာလဲ။ နောက်ထပ် ဘယ်နှရက်လောက်ကြာမှ ကားတစ်စီး တစ်လေလောက် ဒီလမ်းက
ဖြတ်သွားမှာလဲ။ ခရီးသွား ကားတစ်စီးလောက် လာတဲ့အထိ သူတို့မြေးအဘွား
စောင့်နိုင်မှာလား။ သူတို့ ဒီခရီးကို ဘာကြောင့်ထွက်ခဲ့မိပါလိမ့်။ သူ့ မောင်ရှိတဲ့
ဒီတောင်ပေါ်မြို့ကို အလည်သက်သက် လာခဲ့ကြတယ်လို့ သူ့ချွေးမကို ပြောထားခဲ့တာဟာ
အမှန်အတိုင်း ဟုတ်ရဲ့လား။ အခု ဒီခရီးကို ထွက်လာခဲ့မိလို့ ဒုက္ခတွေ့ရပြီ။ တကယ်လို့
ဒီခရီးကို ထွက်မလာခဲ့ကြရင် ကော...။ အို... မတွေးချင်ဘူး။ တွေးမိရုံနဲ့တင် ရှက်စရာ
ကောင်းလိုက်တာ။ သိက္ခာ တစ်ပြားဖိုးမှ ကျန်မှာ မဟုတ်တော့ဘူး။ ဒီကို ထွက်မလာဘဲနေရင်
ဒီအကြောင်းတွေကို သူ့ချွေးမ သိတော့မယ်။ မဖြစ်ဘူး။ သူ့ချွေးမ သိလို့ မဖြစ်ဘူး။ သူ့
ချွေးမက ဒါမျိုးကိစ္စ ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူ့ချွေးမ ခွင့်မလွှတ်နိုင်တဲ့
ကိစ္စက မီးခိုးအမျှင်တန်းပြီး လျှောက်လောင်ကုန်ရင် ခက်ရချည်ရဲ့။ သူ့ ချွေးမက
ပိုက်ဆံချမ်းသာတဲ့ တစ်ဦးတည်းသော သမီး။ ရမယ့် အမွေတွေက... ရမယ့် အမွေတွေက... ရမယ့်
အမွေတွေက...။
ပြီးတော့ သူ့ချွေးမက ယဉ်ယဉ်ကျေးကျေး၊
သိမ်သိမ်မွေ့မွေ့ တကယ့်...အရိုးလေး။ သူ့သားလို 'ဟော့ရှော့' ဆိုလား၊ ဘိုမကျ ဘိတ်မကျ စရိုက်မျိုး မဟုတ်ဘူး။ သူက သားရှင်မို့ သူ့သားရဲ့
မရှုပ်မရှင်းတွေကို ချွေးမ မသိအောင် ဖုံးတန်တာ ဖုံး၊ ဖိတန်တာဖိ လုပ်နေရတာ။ တကယ်က
သူ့သားနဲ့ ကောင်မလေးက ဆန့်ကျင်ဘက်။ ဒီကောင်မလေးကို လိုချင်ရချည်ရဲ့လို့ ရောဂါတွေ
တက်နေတုန်းက အမေတန်မဲ့ မျက်လုံးစုံမှိတ်ပြီး ကောင်မလေးကိုရဖို့ ဉာဏ်နီ ဉာဏ်နက်တွေ
သုံးပြီး ကြံရဖန်ရတာ။ အဲဒီတုန်းကများ သူတို့သားအမိနှစ်ယောက် တကယ့်
သိုးငယ်လေးတွေလို ဟန်ဆောင်ကောင်းလိုက်တာ ရုပ်ရှင်ထဲက အတိုင်းပဲ။
'အဲ့ဝဲ...အဲ့ဝဲ...အဲ့ဝဲ.'
အဘွားကြီး အတွေးတွေက လေးငိုသံထဲ လွင့်မျောသွားတယ်။ ကလေးနိုးလာပြီ။
နိုးလာလာချင်းကလေးက နို့ လိုက်ရှာနေပုံရတယ်။ ကလေးနဲ့ရောပြီး အဘွားကြီး
ငိုချင်စိတ်တွေ ပေါက်လာတယ်။ ကလေးအဖေနဲ့ အမေကို ဓားပြတွေ ဖမ်းသွားတဲ့
မနေ့အချိန်ကတည်းက ခုထိ ဒီကလေး နို့တစ်စက်မှ မစို့ရသေးဘူး။ ဓားပြတွေကလည်း သူတို့
အသက်လုံခြုံရေးအတွက် ဓားစာခံဆိုပြီး ခေါ်သွားတာ ခုထိ ပြန်မလွှတ်သေးဘူး။ ဘယ်အချိန်
ကျမှ ပြန်လွှတ်မှာလည်း မသိဘူး။ ဓားပြတွေ မတရားဘူး။ ဒီမှာ ကလေးက နို့စို့ အရွယ်လေး...။
သြော်... ငါ့ နှယ်.. ဓားပြပါဆိုမှ တရားတာတွေ၊ မတရားတာတွေ လိုပါ့မလား။ အင်း...
ဓားပြတွေလက်ထဲမှာ ငါ့သား ဘယ်လိုနေရှာပါလိမ့်။ အို... ဘုရား..ဘုရား... သတ်များ
သတ်ပစ်လိုက်ကြပြီလား။
'အဲ့ဝဲ...အဲ့ဝဲ... အဲ့ဝဲ.'
ကလေးကို အဘွားကြီး ကောက်ပွေ့လိုက်တယ်။
ရေဘူးကို လှမ်းဆွဲပြီး ဖင်ကပ်နေတဲ့ တစ်စက်နှစ်စက်စာ လောက်ရေကို ကလေးရဲ့
နှုတ်ခမ်းပေါ် ချပေးလိုက်တယ်။ အငမ်းမရကို ကလေးရဲ့ နှုတ်ခမ်းတွေက စုပ်ယူ သွားတယ်။
အာသာတစ်ခု ပြေသွားပေမယ့် ကလေးက ရေရဲ့ အရသာကို အခုထက် ပိုချိုသင့်တယ်လို့
ယူဆပုံမျိုးနဲ့ ထပ်ငိုတယ်။
'အဲ့ဝဲ...အဲ့ဝဲ...အဲ့ဝဲ...'
ပလတ်စတစ်ရေဘူး
ပိန်ရှုံ့ပြားကပ်သွားတဲ့အထိ အဘွားကြီး ညှစ်ချနေမိတယ်။ ကျောက်ခဲရေညှစ်တာက
ထွက်ချင်ထွက်ဦးမယ်။ ဒီ ပလတ်စတစ် ရေဘူးထဲက နောက်ထပ်ရေ ထွက်လာဖို့
မဖြစ်နိုင်တော့ဘူး။ ဒီပတ်ဝန်းကျင်မှာ ရေကလေးများ ရနိုင်မလား အဘွားကြီး တွေးမိပေမယ့် ဒီကားပေါ်က ဆင်းပြီး သူ ဘယ်လိုလုပ်
သွားရှာနိုင်မှာလဲ။ တကယ်ဆို သူဟာ ကိုယ်အောက်ပိုင်း သေနေတဲ့ ဒုက္ခိတကြီး
တစ်ယောက်ပဲ။ ဒါကြောင့်လည်း ဓားပြတွေက သူ့ကိုပါ ခေါ်မသွားဘဲ ပစ်ထားခဲ့ကြတာ။
အဲဒီတုန်းက ကလေးကို ဓားပြတွေ တွေ့မသွားကြဘူး။ အဝတ် တွေဖုံးပြီး အိပ်ပျော်နေတာဟာ
နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်လို့ပဲလို့ အဘွားကြီး အောက်မေ့တယ်။ အခုကလေး
နို့ဆာနေတာကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်ဖို့ မျှော်လင့်တယ်။
ဒီဒုက္ခကြီးကို ဖြေရှင်းဖို့ အကြံကောင်း၊ ဉာဏ်ကောင်းတွေ ပေးပါလို့ တိုင်တည်တယ်။
ဒါပေမယ့် ဘယ်ကြက်ဆူပင်ခွကြားနတ်မှ ကိုယ်ရောင်ကိုယ်ဝါ လာမပြဘူး။ ကလေးက ငိုမြဲငိုတယ်။
အသည်းအသန် ငိုတယ်။ အဘွားကြီး ဘာလုပ်ရမလဲ။ ကယောင်ကတမ်းနဲ့ သူ့နို့ပိန်ကလေးကို
လှန်တိုက်မိတယ်။ သနားစရာ ကလေးငယ်က ဘွားအေနို့ကို စို့လိုက်တာမှ
ပြိုးပြိုးပျစ်ပျစ်တောင် မြည်တယ်။ ဘာအရသာ ရှိလဲတော့ မသိဘူး။ အတော်ကြာကြာကြီးကို
ငြိမ်စို့နေတယ်။ အဘွားကြီး လည်း ပြောမပြတတ်တဲ့ ပီတိတွေ ရင်မှာ လှိုက်လှိုက်
လှိုက်လှိုက်နဲ့။
□
အစပိုင်းမှာတော့ ဟုတ်တုတ်တုတ်ပဲ။
အကြိမ်ရေ များလာတာနဲ့အမျှ ဒါဟာ နို့ရည်မပါတဲ့ နို့အခွံကြီးမှန်း ကလေးက
သိသွားပုံရတယ်။ ထပ်ငိုပြန်တယ်။ အဘွားကြီး ဘာလုပ်ရမှန်း မသိတော့ဘူး။ ဖြစ်နိုင်ရင်
ခုချက်ချင်း သူ့ အောက်ပိုင်းတွေ ကောင်းသွားပြီး ခုချက်ချင်းပဲ
ကားမောင်းတတ်ချင်စိတ်တွေ ပေါက်လာတယ်။ အသက်ကြီးမှ ကားလေးတစ်စီးလောက်
ဝယ်နိုင်ခဲ့သူဖြစ်လို့ ကားဝယ်စက ခုလို ကား မောင်းတတ်ချင်စိတ် မဖြစ်ခဲ့ပါဘူး။
သူ့သား မောင်းပို့တာ အသာစီးလိုက်သွားတာပဲ။ သူ့သားမောင်းတာကိုတော့ ကြည့်ဖူးတယ်။
ဟိုအောက်က အတံကလေးကို ခြေထောက်နဲ့ နင်းလိုက်၊ ဒီ အဝိုင်းကြီးကို
လှည့်လိုက်မောင်းတာ။ ဒီအဝိုင်းကြီးကိုလှည့်တာ ဟိုဘက်ကွေ့ချင်ရင် ဟိုဘက်လှည့်၊
ဒီဘက် ကွေ့ချင်ရင် ဒီဘက်လှည့် လွယ်လွယ်လေး။ ဒီအောက်က အပြားလေးတွေကို ဘယ်အချိန်မှာ
ခြေထောက်နဲ့ နင်းရတာလဲ။ မြင်တော့ မြင်ဖူးတယ်။ စဉ်းစား... စဉ်းစား ... ဟုတ်ပြီ။
ကားစက်နှိုးတဲ့ အချိန်မှာ ဒီဘက်က အပြားကို နင်း၊ ကားရပ်ချင်ရင် ဟိုဘက်က
အပြားကိုနင်း၊ ဒီဘက်ကို နင်း၊ ဟိုဘက်ကို နင်း၊ တစ်ခါ အလယ်ကိုနင်း၊ အဘွားကြီး
စဉ်းစားရင်း... စဉ်းစားရင်း အရင်ဟာ နောက်ဟာ တွေ ရောထွေးသွားပြီး ဘယ်ဟာက အစ၊ ဘယ်ဟာက
အဆုံးဆိုတာမသေချာတော့ဘဲ လည်သွားတယ်။ အိုရှုပ်ပါတယ်။ စဉ်းစားမနေတော့ဘူး။ သိတော့ရော
သူ့ခြေထောက်က နင်းနိုင်မှာမို့လား ဆိုပြီး စိတ်ကို တုံးတုံးလျှော့ လိုက်တယ်။
ဒီမှာပဲ အဘွားကြီးရဲ့ စိတ်တွေဟာ ဖရိုဖရဲ ဖြစ်လာတယ်။ ကလေးကငို၊ သူ့စိတ်တွေက
ဆောက်တည် ရာမရနဲ့ ဒေါသတွေ မထိန်းနိုင် ဖြစ်လာပြီး လက်နှစ်ဖက်နဲ့ နီးရာတွေ
လျှောက်ထုနေ မိတယ်။ ပါးစပ်ကလည်း ဗလုံးဗထွေး လျှောက်ပြောနေတယ်။ စီယာတိုင်ကို
လျှောက်လှည့်တယ်။ ဒက်ရှ်ဘုတ်ပေါ်ကို ထုတယ်။ ခလုတ်တွေကို လက်နဲ့ ရိုက်မိတယ်။
မေဓာဝီလေထထထထ ရသေ့ငယ် ထထထ
နေရာရှာသကိုး ထထထ ဆင်နှာမောင်း တစ်ပင် လုံး ထထထ သုံးခွက်တစ်ခွက် တင်ကြို ထထထ ထထထ
အဘွားကြီး အံ့သြမင်တက်သွားတယ်။
ဒီသီချင်းသံက စူးစူးရှရှ ကျယ်ကျယ် လောင်လောင် ထွက်လာတယ်။ ဘယ်က ထွက်လာတဲ့
သီချင်းသံလဲ။ ဘေးဘီဝဲယာကို ပြူးကြောင်ကြောင် လှည့်ကြည့်မိတယ်။ ကယ်မယ့်သူများ
ပေါ်လာပြီလားလို့လည်း ထင်လိုက်တယ်။ ပတ်ဝန်းကျင်မှာ ဘာမှ မမြင်မှ သဘောပေါက်ပြီး
ရယ်ချင်သလို ဖြစ်သွားမိတယ်။ အရေးထဲမှ ကားဒက်ရှ်ဘုတ် မှာပါတဲ့ကက်ဆက်ခလုတ်က
ပွင့်သွားရသေးတယ်။ ဂီတသံက ဆွဲအားပြင်းပုံရတယ်။ ကလေးအငိုတိတ် သွားတယ်။ အဘွားကြီး
သီချင်းသံထဲ နစ်ဝင်သွားတယ်။
ထထထ သောက်လွန်လွန်းလို့
ကျောက်ခွက်ညိုမှာ ထထထ ရွှဲရွှဲစိုအောင် ရှူရှူငယ်ပန်း တယ်လေး ထထထ သမင်မ သောက်လို့
ထထထ သန္ဓေပေး ထထထ မွေးသလို ထထထ လူသံပဲ ထထ လူပဲ ထထ လူပဲ ထထ အူဝဲ ထထထ အူဝဲငိုထထထ
(အလို... မိန်းကလေးပါလား၊ သနားစရာ) ရေစက်ပဲ ထထထ မြင်ကတည်းက ထထထ ခင်မိတယ်ကို ထထထ
မွေးထိုက်လို့ မွေးရတော့မယ် ထထထ သူ ငယ်မ ကုသိုလ်၊ ငါ့ကုသိုလ် ထထထ မွေးထိုက်လို့
မွေးရတော့မယ် ထထထ သူငယ်မ ကုသိုလ်၊ ငါ့ကုသိုလ် ထထထ ငါ့သမီးမှန် တယ်ဆိုရင် ထထထ
လက်တိုဂျင် ဂယ်လက်ဆို ထထထ ငါလက်က ထွက်လိုက်ဟ ချိုချို ထထထ
သီချင်းက အဆန်းပဲ။ မေဓာဝီဆိုတဲ့ ရသေ့က
ကျောက်ခွက်ထဲမှာ ကျင်ငယ် ရေစွန့်သတဲ့။ ရသေ့စွန့်တဲ့ ကျင်ငယ်ရေကို သမင်မက
သောက်မိသတဲ့။ သောက်ပြီးတော့ သမင်မမှာ သန္ဓေခပြီး ကလေးမွေးသတဲ့။ သမင်မက မွေးတဲ့
ကလေးက အူဝဲ အူဝဲ လို့ ငိုသတဲ့။ အူဝဲ ငိုတော့ လူပဲပေါ့။ သမင်မက သူ့ကျင်ငယ်ရေကို
သောက်ပြီး လူမွေးတယ်ဆိုတော့ ရသေ့က သူ့ကလေးများ ဖြစ်မလားလို့ တွေးသတဲ့။ တကယ်လို့သာ
ဒီကလေးဟာ သူ့သမီးမှန်ရင် ဒီကလေးကို တိုက်ကျွေးဖို့ သူ့လက်ညှိုးက နို့ထွက်ပါစေလို့
ရသေ့က သစ္စာဆိုလိုက်တာ လက်ညှိုးက နို့တွေ ထွက်ရော ဆိုပါလား။ တယ်ဟုတ်ပါ လား။
အဘွားကြီး တွေးတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘွားကြီး
နာမည်ကလည်း ဒေါ်မေဓာတဲ့။ ဒေါ်မေဓာ သူ့ လက်ညှိုးကို သူထောင်ကြည့်တယ်။ မေဓာဝီ
ရသေ့လို သစ္စာဆိုရ ကောင်းမလားလို့ပေါ့။ မဟုတ်သေးပါဘူး။ လက်ညှိုးက နို့ထွက်မယ်ဆိုတာ
မဟုတ်သေးပါဘူး။ ဘယ်နှယ့် လက်ညှိုးထိပ်မှာ အပေါက်မှ မပါတဲ့ ဥစ္စာ။ အဲ...ဒါတော့
ဖြစ်နိုင်ချေရှိတယ်။ သူလည်း မိခင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ။ ထွက်ချင်းထွက်ရင်
သူ့ရဲ့ ရွှေရင်ပုံ ဓမ္မတာက သစ္စာတော် စူးပြီး နို့ချိုထွက်ရင် ထွက်နိုင်တာပဲ။
သူဆိုတဲ့ သစ္စာမှန်ရင် ရင်အစုံက နို့ထွက်မှာပဲလို့ ဒေါ်မေဓာ ယုံကြည်သွားတယ်။
ရသေ့တောင် လက်ညှိုးက နို့ထွက်သေးတာပဲ။ သစ္စာဆိုဖို့ ဒေါ်မေဓာ ဆုံးဖြတ်လိုက်တယ်။
□
ခုမှ ခက်ပြီ။ သစ္စာဆိုတာ ဘယ်လိုမှန်း
ဒေါ်မေဓာ မသိဘူး ဖြစ်နေတယ်။ အမှန်ကို အမှန်တိုင်း ဆိုရတာလို့တော့ ကြားဖူးတယ်။
သူ့ဘဝ တစ်လျှောက် သူပြုလုပ်ခဲ့တာတွေက အများကြီးပဲ။ အဲဒီထဲက ဘယ်ဟာကို ဆိုရမှာလဲ။
တစ်နေ့ တစ်ကြိမ် မှန်မှန် ဘုရားဆွမ်းတော်တင်တာ အမှန်ပါလို့ ဆိုရမှာလား။
မဖြစ်သေးပါဘူး။ တစ်ခါတလေ မေ့ပြီးနပ်ကျော်သွားတဲ့ရက်က ရှိနေသေးတာ။ ဆွမ်းတော်တင်
တာဟာ ဈေးရောင်းကောင်း ချင်လို့ပါလို့ ဆိုရမှာလား။ အို...မဟုတ်သေးပါဘူး။ ဆွမ်းတော်တင်တာဟာ
ကုသိုလ် ရအောင်လို့ပါ။ ဒါလည်း
မဖြစ်သေးပါဘူး။ ကုသိုလ် ရချင်လို့လား။
ဈေးရောင်း ကောင်းချင်လို့လား။ ကိုယ့်ကိုယ်ကိုယ်တောင် မကွဲပြားဘဲနဲ့ သစ္စာဆိုရင်
ဘယ်လိုလုပ် အမှန်ဖြစ်နိုင်တော့မှာလဲ။ နောက်တစ်ခု စဉ်းစားကြည့်တယ်။ ညတိုင်း ဘုရား
ရှိမခိုးမိပေမယ့် ရှိခိုးတဲ့အခါတိုင်း သတ္တဝါတွေ ကျန်းမာပါစေလို့ မေတ္တာပို့ခဲ့တာ
အမှန်ပါလို့ ဆိုရကောင်းမလား။ ဒါလည်း မဖြစ်သေးပါဘူး။ ပါးစပ်ကသာ မေတ္တာပို့တာ
စိတ်ကရမယ့် ငွေတိုးတွေ တွက်နေမိတာ၊
အိမ်မှာ ကြွက်တွေ သောင်းကျန်းတုန်းက ကြွက်ဆေး ချမိတာတွေကြောင့်
မေတ္တာပို့တာ ဘယ်လိုလုပ် မှန်တော့မှာလဲ။ ဒီလိုနဲ့ ဒေါ်မေဓာဟာ သူကိုယ်တိုင်
သေချာတဲ့ အမှန်တစ်ခုလောက်ကို ရှာမရ ဖြစ်နေတယ်။ နှုတ်က ထွက်တယ်ထား၊ သူ့စကား သူ့နားက
ပြန်မကြားဝံ့တဲ့ အမှန်တွေကို သူဘယ်လို သစ္စာဆိုရမလဲ။ သူ့ အကြောင်းသူ
လျှော့လျှော့ပေါ့ပေါ့ ပြောရင်တော့ ဖြစ်ရဲ့။ လျှော့လိုက်လို့ မမှန်တာတွေ ပါသွားရင်
ဆိုတဲ့သစ္စာ အလကား ဖြစ်သွားမယ်။ အမှန်တွေကလည်း ကြည့်ဦး။ ပိုက်ဆံများများရလို့ အမှု
အခင်းတွေမှာ သက်သေအတု လုပ်ပေးခဲ့တာတွေ၊ အခုလည်း ဒီခရီးထွက်လာတာ သူ့သားရဲ့
အရှုပ်ထုပ်တွေ ပြေမှာစိုးလို့၊ သူ့ချွေးမနဲ့ ချွေးမရဲ့ မိဘတွေ သိမှာစိုးလို့
ထွက်ပြေးလာတာတွေ၊ ဒါတွေကို ဒေါ်မေဓာ နှုတ်ထွက် မရဲဘူး ဖြစ်နေတယ်။ အဲဒီလို
ရှိနေတုန်း သီချင်းက နောက်တစ်ကျော့ပြန်လှည့် လာတယ်။
ထထထ မွေးထိုက်လို့ မွေးရတော့မယ့်ထထထ
သူငယ်မ ကုသိုလ်၊ ငါ့ကုသိုလ် ထထထ ငါ့သမီး မှန်တယ်ဆိုရင် ထထထ လက်တိုဂျင် ဂယ့်လက်ဆို
ထထထ ငါ့လက်က ထွက်လိုက်ဟ ချိုချိုထထထ
ဟယ်ဟုတ်ပေသားပဲ။ ရသေ့ သစ္စာဆိုတာ
အရှင်းကြီးပဲ။ ငါ့သမီး မှန်တယ်ဆိုရင် ငါ့လက်က နို့ထွက်ပါစေတဲ့။ ရသေ့က သူ့သမီး
ဟုတ်မဟုတ် မသေချာလို့ သေချာအောင် သစ္စာဆိုတာ။ ငါက ဒီလောက်သေချာနေတာလို့
ဒေါ်မေဓာတွေးတယ်။ သူ့သားကမွေးတဲ့ သူ့မြေးဆိုတာ သေချာနေတော့ ဒီအမှန်ကို
သစ္စာဆိုဖို့ ဒေါ်မေဓာ ဆုံးဖြတ်လိုက်တယ်။ ငါ့မြေးမှန်ရင် ငါ့နို့က
နို့ထွက်ပါစေပေါ့။ ငါ့ သားအရင်းနဲ့ ငါ့ချွေးမက မွေးတဲ့ကလေး ငါ့မြေး
ဘာမမှန်စရာရှိတုန်းလို့ ဒေါ်မေဓာ ပီတိတွေ ဖြာသွားတယ်။ ပြီး သစ္စာဆိုပါတော့တယ်။
'အို သမ္မာဒေဝ
နတ်ကောင်းနတ်မြတ်များ... ကျွန်တော်မ သစ္စာဆိုပါမည်။ ဤကလေး ကျွန်တော်မ၏မြေး
မှန်တယ်ဆိုရင် ကျွန်တော်မ၏ နို့မှ နို့ရည် ထွက်ပါစေ သတည်း'
အဲဒီလို ဒေါ်မေဓာဟာ သစ္စာဆိုပြီး
တအီအီငိုနေတဲ့ ကလေးကို အားရဝမ်းသာ နို့တိုက်လိုက်တယ်။ ဆာလောင်မွတ်သိပ်မှုတွေနဲ့
ကလေးက စို့လိုက်တာမှ ရွှေပြွန်က လေသွန်သလို အသံတွေ ပြိုးပြိုးပျစ်ပျစ် မြည်လို့။
ဘာကြောင့်မှန်းတော့ မသိဘူး။ ကလေးက
အငို မတိတ်ဘဲ ဗြဲဗြဲကွဲကွဲ ငိုပြန်တယ်။ ဒေါ်မေဓာကတော့ တစ်ခုခုတော့ လွဲနေပြီလို့
တွေးမိတယ်။ သီချင်းကလည်း မဆုံးသေးဘူး။ မွေးထိုက်လို့ မွေးရတော့မယ် သူငယ်မကုသိုလ်၊
ငါ့ကုသိုလ် လုပ်တုန်း။ ငါ့သမီး မှန်တယ်ဆိုရင် လက်တိုဂျင် ဂယ့်လက်ဆို ငါ့လက်က
ထွက်လိုက်ဟ ချိုချို လုပ်တုန်း။ ကလေးကလည်း တဝဲဝဲငိုလို့ ကောင်းနေတုန်း။
▀
လှမိုးသစ်၊ကျောက်ဆည်၊
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်