သန်းထွန်းဇော်
'ဟေ့ကောင် အပုလေး၊ ရေနွေးခရား ပြည့်နေရင် ဖြည်းဖြည်းချပါလား။ နှုတ်သီးက လျှံပြီး
ငါ့အပေါ်
ကျလို့ကတော့ ထထိုးပြီမှတ်'
ကျော်ဝင်း ပြောလိုက်သော
စကားကြောင့်စားပွဲထိုးအပုလေး၏ မျက်နှာလေး ညှိုးရော်သွားသည်။
'ဟိုနေ့ကလည်း ငါ့အပေါ်
ရေနွေးဖိတ်ကျမလို့ ဖြစ်သေးတယ်။ ဒီကောင်လေးတွေ အလုပ်လုပ်ရင် ကပျက်ကချော်နဲ့။
ဘယ်တော့မှ စိတ်မပါဘူး။ ငါ့ပူသွားလို့ကတော့ ဆောင့်ကန်ခံရမယ်'
မြင့်ဦးကလည်း ဝင်၍ ကြိမ်းမောင်း၏။
အပုလေးက အမှားလုပ်ခဲ့သူပီပီ
ကျွန်တော်တို့အနားမှ အသာရှောင်ထွက်သွားသည်။
'ဟိုတစ်ခါလည်း ဆရာ့အင်္ကျီအဖြူ
ကျောကုန်းပေါ်ကို လက်ဖက်ရည်တွေ ဖိတ်ကျသေးတယ် မဟုတ်လား'
ကျော်ဝင်းက ကျွန်တော့်ကို မေးသည်။
'အေး၊ ဟုတ်တယ်။ ငါ့မှာလည်း အင်္ကျီအဖြူ
ကောင်းကောင်းဆိုလို့ အဲဒီ ကော်လာကတုံး တစ်ထည်ပဲ ရှိတယ်။ လက်ဖက်ခြောက် အစွန်းက တော်ရုံနဲ့
ချွတ်လို့ ပြန်မကျွတ်ဘူး။ အစွန်းချွတ်ဆေး ဝယ်ပြီး ချွတ်လိုက်ရတယ်။ ဓာတ်ဆေးနဲ့ဆိုတော့
လက်ဖက်ခြောက်အရောင် ကျွတ်သွားပေမယ့်အင်္ကျီ အသားနာတာပေါ့။ အဖြူရောင်မို့
တော်သေးတယ်။ တခြားအရောင်နဲ့ အင်္ကျီဆိုရင် ဓာတ်ဆေးကြောင့် အရောင်တွေပါ
ဖျော့ကုန်ရော'
ကျွန်တော်က ပြောပြလိုက်သည်။
'ဆရာ့မို့လို့ပေါ့။
ကျွန်တော်သာဆို နားရင်း ထတီးပစ်လိုက်တယ်'
မြင့်ဦးက ဝင်ပြောသည်။
ကျွန်တော် ပြုံး၍ နေလိုက်သည်။
နောက်မှ...
'ကလေးတွေက လူကြီးလုပ်ရင်တော့
ခံရမှာပေါ့ကွာ။ ဒါပေမယ့်လည်း မင်းတို့ တစ်ခုစဉ်းစားစမ်း။ ဒီကလေးတွေနဲ့ တို့ရဲ့
သားသမီးလေးတွေက သက်တူ ရွယ်တူ။ ဒါပေမယ့် တို့သား သမီးတွေက ဒီအချိန်မှာ ကစားမယ်။ စာသင်မယ်။
သူတို့လေးတွေကျတော့ အရွယ်နဲ့ မလိုက်အောင် အလုပ်လုပ်နေကြတယ်။ သူတို့လေးတွေ ဒီအလုပ်
လုပ်နေကြတာ စိတ်ပါသလား။ ပျော်သလား မေးကြည့်။ ဘယ်လုပ်ချင်ကြမလဲ။ ဘဝပေး အခြေအနေအရ
မလုပ်ချင်ဘဲ လုပ်နေရတယ်။ ဒါကြောင့် ငါတော့ ဒီကလေးတွေရဲ့ ဘဝကို စာနာတယ်။ အလုပ်မှာ
စိတ်မပါတာ၊ လျော့ရဲတာကို တတ်နိုင်သမျှ နားလည်ပေးတယ်။ ဒါကြောင့်လည်း
အပြစ်မပြောတာပေါ့။ မင်းတို့လည်း ကိုယ့်သားသမီး အရွယ်လေးတွေကို တတ်နိုင်သလောက်
နားလည်ပေးကြပါကွာ။ ကလေးတွေက သနားဖို့ ကောင်းပါတယ်'
ကျွန်တော့် စကားကြောင့် သူတို့နှစ်ဦး၏
ခေါင်းထဲသို့ အတွေးတစ်ခုခု ဝင်သွားဟန်တူသည်။ ခပ်ငေးငေး ဖြစ်သွားကြသည်။
သူတို့နှစ်ဦးစလုံးတွင်လည်း ဆိုင်မှစားပွဲထိုးလေးများ အရွယ် သားသမီးများ ရှိကြသည်။
အပုလေးနှင့် ကျွန်တော်၏ တစ်ဦးတည်းသော
သမီး ဆိုလျှင် သက်တူရွယ်တူ။
သမီးက မနက် ၆ နာရီ မှာ အိပ်ရာမှထ။
ကိုယ်လက် သန့်စင်ပြီးလျှင် စားပွဲပေါ်တွင် သူ့အမေ အရံသင့် ဖျော်ထားပြီးသော
ကော်ဖီနှင့် မုန့် တစ်မျိုးမျိုးကို စား။ ပြီးလျှင် စာကျက်။ စာကျက်ပြီးတော့
ရေမိုးချိုးပြီး ၈ နာရီခွဲဆိုလျှင် ထမင်းချိုင့်လေး ယူပြီး ကျောင်းသွား။
ညနေကျောင်းမှ အပြန် ကျူရှင်ဝင်။ အိမ်ပြန်ရောက်တော့ ရေမိုးချိုး၊ ထမင်းစား။ ညဘက်မှာ
တီဗီကြည့်။ ဇာတ်လမ်းတွဲပြီးမှ စာကျက်။ ည ၉ နာရီခွဲ အိပ်ရာမဝင်မီ မိဘနှစ်ပါး
ရင်ခွင်ထဲ တိုးဝှေ့ဝင်ပြီး ချွဲ။ ပြီးတော့မှ အိပ်ရာဝင်။ ဒါက နိစ္စဓူဝအလုပ်။
အပုလေးတို့လို စားပွဲထိုးလေးတွေကတော့
မနက် ၄ နာရီခွဲလောက်မှာ အိပ်ရာထ။ တစ်နေကုန် စားပွဲလည်း ထိုး၊ အဆူအငေါက်လည်း ခံ။
လူရှင်းချိန်မှာသာ ခေတ္တ အနားရသည်။ ညဘက်ဆိုင် သိမ်းချိန်က ၁ဝ နာရီ။
အိပ်ရာဝင်ကြတော့ ၁ဝ နာရီ ခွဲ။ ကစားချိန်၊ တီဗီကြည့်ချိန်၊ မိဘရင်ခွင်ထဲသို့
တိုးဝင် ထိတွေ့ချိန် လုံးဝမရှိ။ ဆိုင်မှာ အလုပ်လုပ်ပြီး ဆိုင်မှာပဲ အိပ်။
ဆိုင်မှာပဲ စား။ မိဘ အိမ်ပြန်ရက်၊ အလုပ်နားရက် သတ်သတ်မှတ်မှတ် မရှိ။
ကျောင်းသွား ကျောင်းပြန်ချိန်များ၌
ဆိုင်ရှေ့ကတ္တရာ လမ်းပေါ်မှ လှုပ်ရှားသွားလာ နေကြသော အဖြူ၊ အစိမ်းနှင့်
ရွယ်တူကျောင်းသားကျောင်း သူလေးတွေကို ငေးကြည့်နေ တတ်သည့် ဆိုင်မှ အပုလေးကို
ကျွန်တော် မကြာခဏ သတိထားမိသည်။
အပုလေးသာ မဟုတ်။
အပုလေးနှင့် ရွယ်တူ တခြားစားပွဲထိုးလေးများ
ဖြစ်ကြသော နာမည်ပြောင် စိန်ကတုံး၊ လောရှည်နှင့် ပေစိတို့ကို ကြည့်ရင်း ကျွန်တော့်
ရင်ထဲမကောင်း။ သို့ပေမယ့် ကျွန်တော် သူတို့အတွက် ဘာမှလုပ်မပေးနိုင်။
ဘဝအကျိုးပေးပဲလေ ဟုသာ သူတို့အစား
ဖြေသိမ့်လိုက်ရသည်။
တချို့ လက်ဖက်ရည် လာသောက်သည့် ဖောက်သည်တွေကတော့
စားပွဲထိုး လေးတွေကို သားသမီးချင်းမှ ကိုယ်ချင်းမစာနာ။ စိတ်အလိုမကျလျှင် အော်ငေါက်
မာန်မဲသည်။ ဖောက်သည်တွေ အော်ငေါက်မာန်မဲတာ တွေ့တော့ ဆိုင်ရှင် ကိုတိတ်လျောင်၏
လက်သီး၊ လက်ဝါးတို့က သူတို့လေးတွေ ခေါင်းပေါ် ဒုတ်ခနဲ၊ ဖြောင်းခနဲ ကျလာတတ်သည်။
သည်အခါမျိုးတွင်
သူတို့မျက်လုံးလေးတွေမှာ မျက်ရည်ဝေ့နေသော်လည်း မငိုရဲ။ ဘာတစ်ခွန်းမှ ပြန်မပြောရဲ။
□
'သမီး၊ ဖေဖေ့အင်္ကျီ အိတ်ထဲက
၅ဝဝ တန် တစ်ရွက် ယူသေးလား'
ကျွန်တော်က အိမ်စာ ရေးနေသော သမီးကို
လှမ်းမေးသည်။
'ယူလိုက်တယ် ဖေကြီး၊ သမီး မုန့်ဝယ်စားချင်လို့ပါ။
ဘွားဘွားကြီးတို့၊ တီတီတို့ဆီက မုန့်ဖိုးရရင် အကြွေးပြန်ဆပ်မယ်နော်'
သမီးက ပြောင်ချော်ချော်
မျက်နှာပေးလေးနှင့် ပြန်ပြောသည်။
'သမီးက အဲဒီလို မလုပ်ရဘူးလေ။
သမီးအတွက် မုန့်ဖိုးလည်း ပေးထားတာပဲ။ ပိုက်ဆံတွေ သိပ် မသုံးရဘူးကွာ။ နောက်ပြီး
လူကြီးတွေဆီက ပိုက်ဆံကို အသိမပေးဘဲ ယူမသုံးရဘူးလို့ ဖေဖေ ပြောထားတယ် မဟုတ်လား။
နောက်ကို ပိုက်ဆံလိုရင် ပြောရမယ်နော်။ ဖေဖေတို့ဆီကမှ မဟုတ်ဘူး။ ဘယ်သူ့ဆီကမှ
မယူရဘူး။ သူများပစ္စည်းကို ပိုင်ရှင်မသိဘဲ ယူရင် ခိုးတာပဲ။ ဘုရားကလည်း မကြိုက်
ဘူး။ ဘယ်သူကမှလည်း မကြိုက်ဘူး။ ဥပဒေကလည်း ခွင့်မလွှတ်ဘူးလို့ ဖေဖေ ပြောထားတာ မေ့နေ
ပြီလား'
'မီး နားလည်ပါပြီ ဖေကြီးရယ်။
နောက် မလုပ်တော့ပါဘူး။ ဒီတစ်ခါတည်း ပါ'
ပြန်ပြောပြီး သမီးက
အိမ်စာဆက်လုပ်နေသည်။
ခုတလော သမီး ငွေ
သုံးနည်းနည်းများလာကြောင်း သတိထားမိသည်။ သမီး အတွက် တစ်နေ့တာမုန့်ဖိုးငွေကို
သတ်သတ်မှတ်မှတ် ပေးထားသော်လည်း နှစ်ဖက် အဘွားများနှင့် ကြီးတော်၊ အဒေါ်များ
လာလျှင်တော့ ပရမ်းပတာ ပေးသွားတတ်သည်။ သည်လိုအခါမျိုးတွင် သမီးလက်ထဲ၌ ငွေပိုငွေလျှံ
များနေတတ်သည်။ သူ့အမေက ချော့မော့တောင်းပြီး သိမ်းလိုက်လျှင်တော့ တော် သေးသည်။
သို့မဟုတ်ပါက လက်ဖွာသော သမီးလက်ထဲတွင် ကြာကြာမခံ။ ကျောင်းမှာ သမီးနှင့်အတွဲများသော
သူငယ်ချင်းတွေကလည်း ပိုက်ဆံ သုံးနိုင်သူများမို့ ငွေ အသုံးအစွဲနှင့် ပတ်သက်၍
သမီးကို စည်းနှင့်စနစ်နှင့် ဖြစ်အောင် ထိန်းသိမ်းရသည်။ တစ်တန်းကျောင်းသူ ဖြစ်လာ
တော့ တစ်နေ့မုန့်ဖိုး ၂ဝဝ က မလောက်ချင်။ တစ်ဦးတည်းသော မြေး၊ တစ်ဦးတည်းသော
တူမဖြစ်သည်မို့လည်း နှစ်ဖက်အဘိုးအဘွားများ၊ ကြီးတော်၊ အဒေါ်၊ ဦးလေးများက ဝိုင်း၍
အလိုလိုက် ထားကြသည်။ အဖြစ်သည်းသော အဘွား၊ ကြီးတော်နှင့် အဒေါ်များကို
ကျွန်တော်တို့ လင်မယားလည်း မလွန်ဆန်နိုင်။ နှစ်ဖက် အချစ်ပြိုင်နေသည့်ကြားက
တစ်ဦးတည်းသော သမီးကို ပဲ့ပြင်ဆုံးမရသည်။
အထူးသဖြင့် ငွေကို လွယ်လွယ်ရ၊
လွယ်လွယ်သုံး တတ်သည့် အကျင့်မျိုး၊ လူကြီးမသိအောင် ငွေကို အလွယ်တကူ ရယူသုံးစွဲ
တတ်သည့် အကျင့်မျိုး သမီးတွင် ပါမသွားစေချင်။
□
စိန်ကတုံးက ကျွန်တော် မှီထိုင်နေသည့်
နံရံကို အလှဆင်၍ ကျပ်ညပ်အောင် စီထပ်ထားသော ဗီးဂက် စီးကရက်ဘူးခွံတစ်ခုကို မရမက
ထုတ်ယူနေသည်။
ကျွန်တော် မသိဟန် ဆောင်ပြီး
အသာကြည့်နေလိုက်သည်။ ကျွန်တော် ကြည့်နေသည်ကို စိန်ကတုံး သတိမထားမိ။ အရင်တစ်ခါကလည်း
သည်လိုပဲ ကျွန်တော့်အနားတွင် လာလုပ်ဖူးသည်။ သူ စီးကရက်ဘူးကို ထုတ်ယူနေချိန်တွင်
ကောင်တာကို ကျောပေး၍ ကွယ်ထားသည်။
စိန်ကတုံးက စီးကရက် ဘူးခွံလေးကိုရတော့
အဖုံး ဖွင့်ပြီး ၅ဝ တန်လေးတစ်ရွက်ကို ထည့်သည်။ နောက်တော့ ဘေးဘီကို
စောင်းငဲ့ကြည့်ပြီး နေသားတကျ ဖြစ်အောင် စီးကရက်ဘူးခွံကို ပြန်ထားသည်။
စီးကရက်ဘူးခွံက လွယ်လွယ်နှင့် ပြန်သွင်း၍ မရ။
'မင်း အဲသလို ပြန်ထားတော့
မှတ်မိမလား။ အားလုံး အနီရောင်တွေချည်း ဖြစ်နေမှာပေါ့။ ပြောင်းပြန်လှည့်ပြီး
အဖုံးကို အပြင်ဘက်ထားမှ ရှာရလွယ်မှာပေါ့'
ကျွန်တော့် စကားကြောင့် စိန်ကတုံး
ထိတ်လန့်သွားသည်။
သူ ဘာလုပ်နေသည်ကို ကျွန်တော်
သိသွားသဖြင့်လည်း မျက်စိမျက်နှာ ပျက်နေသည်။ ဆိုင်ရှင်ကို လှမ်း၍ တိုင်မှာကိုလည်း စိုးရိမ်နေဟန်
ရှိသည်။
'ဒါ...ဒါ... ကျွန်တော့်ကို
ဟိုဦးကြီး ပေးသွားတာပါ။ အိတ်ထဲမှာ ထည့်ထားတာ အကြိသိရင် ရိုက်မှာ စိုးလို့ပါ'
စိန်ကတုံးက မျက်နှာငယ်လေးနှင့်
ရှင်းပြသည်။
ဆိုင်ရှင် ကိုတိတ်လျောင်၏ သမီး
ကောင်တာထိုင်သည့် ကောင်မလေးကို စားပွဲထိုး ချာတိတ်တွေက အကြိဟု ခေါ်ကြသည်။
'ဟုတ်ပါတယ်ကွာ။ ငါကလည်း
မင်းကို အပြစ် မပြောပါဘူး။ မင်း ပြန်ရှာရ လွယ်အောင် ပြောတာပါ'
ကျွန်တော်က ဖြေသိမ့်စကား ဆိုလိုက်တော့
စိန်ကတုံး မျက်နှာလေး ဝင်းပသွားသည်။
ကျွန်တော်နှင့် စိန်ကတုံး အချီအချ
ပြောနေသည်ကို အတူထိုင်နေသော ကဗျာ ဆရာ ကိုကြည်ပြာက ငေးကြည့်နေသည်။
စိန်ကတုံးက ကျွန်တော် ပြောသည့်အတိုင်း
စီးကရက်ဘူးခွံကို ပြောင်းပြန်လှည့်၍ နံရံထဲ ပြန်သွင်းလိုက်သည်။
'ငါ သိသွားပြီနော်။ ယူ
သွားမှာ မကြောက်ဘူးလား'
ကျွန်တော် နောက်ပြော လိုက်သည်။
'ဆရာ ယူချင်လည်း ယူပေါ့။
ကျွန်တော်က ကျွန်တော့်ညီလေးကို ဦးထုပ် ဝယ်ပေးချင်လို့ စုနေတာပါ'
နွမ်းပါးချို့တဲ့သော စိန်ကတုံးတို့
မိသားစုအခြေအနေကို သိသည့် ကျွန်တော့်မှာ ရင်ထဲက မကောင်း။
စိန်ကတုံးက ပြောပြီး စိတ်ချလက်ချပင်
အနားမှ လှည့်ထွက်သွားသည်။
'စိန်ကတုံး ဒီလိုလုပ်နေတာ
ကျွန်တော်လည်း သိတယ်ဗျ။ ကျွန်တော်လည်း ကိုသက်ဇော် လိုပါပဲဗျာ။ စိန်ကတုံးကိုကော
ဆိုင်ရှင်တွေကိုပါ ပြောမထွက်ဘူး'
ကိုကြည်ပြာက ဆေးပေါ့လိပ်ဖွာရင်း
ပြောသည်။ ကျွန်တော် သူ့ကို ပြုံး၍ ကြည့်နေမိသည်။ သူက ဆက်ပြောသည်။
'ညမနက် ထမင်းကျွေး၊
လက်ဖက်ရည်တိုက်၊ တစ်လမှ နှစ်ထောင်ဆိုတာ နည်းလွန်းပါတယ်ဗျာ။ စားပွဲထိုးအလုပ်မို့
သက်သာတယ် မထင်နဲ့။ တစ်နေကုန် မတ်တတ် မတ်တတ်နဲ့ သူတို့ခမျာ တစ်နေ့ အလုပ်ချိန် ၁၈
နာရီလောက် ရှိတယ်။ ကိုသက်ဇော် စဉ်းစားလေ။ သူတို့မနက် အိပ်ရာ ထရတာ ၄ နာရီခွဲ။
အိပ်တော့ ည ၁ဝ နာရီခွဲ။ ဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ စာနာ ရကောင်းမှန်း မသိကြဘူး။
ကျွန်တော်တို့လို လူမျိုး သူတို့လုပ်သလို လုပ်ကြည့်ပါလား။ တစ်မနက်တောင် ခံနိုင်မှာ
မဟုတ်ဘူး။ ဒီကြားထဲ အဆူအဆဲ၊ အကြိမ်းအမောင်းအပြင် လက်သီး၊ လက်ဝါးနဲ့ ခြေထောက်က
အပိုဆုရသေးတယ်။ သူတို့နည်း သူတို့ဟန်နဲ့ မုန့်ဖိုးရနေတာလေးတွေ ဆိုင်ရှင်ကို
ပြောပြပြီး သူတို့ကို ဒုက္ခမပေးချင်ဘူး။ ကျွန်တော့်လုပ်ရပ်ဟာ ကလေးတွေကို စာနာရာ
မရောက်ဘဲ လမ်းမှားကို တွန်းပို့သလို ဖြစ်ချင်ဖြစ်မယ်နော်။ ဒါပေမယ့်လည်း
မတတ်နိုင်ဘူးဗျာ။ အဲဒီ အမှားဟာ ကျွန်တော့်သမိုင်းကြောင်းမှာ အစွန်းအထင်း
ဖြစ်မယ်ဆိုရင်လည်း စာနာစိတ်နဲ့ ဆေးကြောရမှာပဲ'
ကဗျာဆရာ ကိုကြည်ပြာသည်
စားပွဲထိုးလေးများနှင့် ပတ်သက်၍ ကျွန်တော်နှင့် ခံစားချက်ချင်း ထပ်တူထပ်မျှ
ဖြစ်နေသည်။
စိန်ကတုံး ပိုက်ဆံ လာဝှက်နေသည်ကို
သိလျက်နှင့် အရင်ကလည်း ကျွန်တော် မသိကျိုးကျွံ ပြုခဲ့သည်။ သို့ ပေမယ့် ကိုကြည်ပြာ
ပြောသလိုပင် ကလေးတွေ ပေးဆပ်နေရသည့် လုပ်အားနှင့် ရယူနေရသည့် လုပ်ခကြေးငွေ မမျှမတ
ဖြစ်သည်ကို စာနာထောက်ထားပြီး အာစေးပိတ်နေခဲ့သည်။ ခုတော့ တစ်ဆင့်တက်၍ အားပေး
ကူညီသူပင် ဖြစ်သွားရသည်။
မနေ့မနက်က သမီး ကျွန်တော့်အင်္ကျီအိတ်ထဲမှ
ပိုက်ဆံ ယူသုံးသဖြင့် ပြောဆို ဆုံးမခဲ့ရသည့် အဖြစ်လေးက ခေါင်းထဲ လှစ်ခနဲ ဝင်လာသည်။
ကျွန်တော် မှားနေပြီလားဟု
ပြန်စဉ်းစားမိသည်။
တစ်ခါတစ်ရံတွင်လည်း
အမှားအမှန်ပိုင်းခြားချင်စိတ် မရှိသော ပြဿနာများက ဦးနှောက်ကို လာလာ ရစ်ပတ်၍
ဒုက္ခပေးတတ်ပြန်လေသည်။
▀
သန်းထွန်းဇော်
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်