မောင်လွင်မွန် ၊ကသာ၊
မြို့ထဲကနေ ဆင်မလိုက်ကိုပဲရောက်တဲ့ ကားကို စီးလာရာကနေ ဆင်မလိုက် မှတ်တိုင်မှာ
သူ သောင်တင်နေတာ ၁၅
မိနစ်လောက် ရှိသွားပြီ။ နံပါတ်ပေါင်းစုံ တပ်ထားပေမယ့် အခုလို ညချမ်းမှာ ကြားကားဘဝ
ပြောင်းသွားကြပြီဖြစ်တဲ့ လှိုင်သာယာသွား ဒိုင်နာကားတွေကလွဲရင် လိုင်းကားတစ်စီးမှ
မလာသေးပါဘူး။ သူကတော့ ပြန်ရမှာက ဘုရင့်နောင်တင်ဖြစ်ပြီး လိုင်းကား ရှိနေသေးချိန်လည်း
ဖြစ်တော့ ဘယ်သွားသွား တစ်ရာဆိုတဲ့ အဲဒီကားတွေကို စိတ်မဝင်စားသေးပါဘူး။ နောက်တစ်နာရီလောက်
ဆိုရင်တော့ သူလည်း စိတ်ပူနေမယ့် မိသားစုကို မြင်ယောင်ရင်း
အိမ်ပြန်ခွင့်ကို
တစ်ရာနဲ့ ဝယ်ရတော့မှာ အသေအချာပေါ့။ 'စိတ်ညစ်လိုက်တာ ဟယ်။ အမေတော့
မျှော်နေတော့မှာပဲ။ အရင်က မီးပျက်ရင် မီးစက်မောင်းပေးနေကျဟာ ဘယ်လိုများဖြစ်လဲ
မသိပါဘူးဟာ'
'ဆီဈေးတက်လို့ မီးစက်နဲ့ဆို
မကိုက်လို့တဲ့ဟာ။ အော်ဒါရှိတဲ့နေ့မှ မောင်းတော့မယ်တဲ့။ ခုလိုသာ မီးအလာ
စောင့်စောင့်လုပ်ရလို့ နေ့တိုင်းမိုးချုပ်ရင် ကြားကားခနဲ့ မွဲလိမ့်မယ်ဟ'
'တစ်ရာတော့
မစီးနိုင်သေးဘူးဟာ။ လိုင်းကား ရှိပါသေးတယ်'
သူနဲ့ မလှမ်းမကမ်းမှာ
ထမင်းချိုင့်ကိုယ်စီနဲ့ လှိုင်သာယာသူလေးတွေ ဖြစ်ဟန်တူတဲ့ သူ့သမီးအရွယ်
အပျိုမလေးနှစ်ဦးရဲ့ စကားသံက နားထဲဝင်လာပါတယ်။ သူ့သမီးလေးများ စာကျက်ချိန်၊
တီဗီကြည့်ချိန်မှာ ဒီကလေးမလေးတွေဟာ မိသားစုအတွက် ဝမ်းစာရှာရင်း အိမ်ပြန်မရောက်ကြ
သေးပါဘူး။ သူတို့လေးတွေက ကုန်ထုတ်လုပ်ငန်းတစ်ခုခုက ဖြစ်ပုံရပြီး မီးပျက်တာကို
ပိုင်ရှင်က မီးစက်မောင်း ပေးနေကျ မမောင်းတော့ ပြန်နေကျအချိန်ထက် မိုးချုပ်သမို့
အိမ်က စိတ်ပူမှာ စိုးနေကြ ပုံပါ။
သမီးလေးတွေ ဒီအချိန် ပြန်မရောက်ရင်
ကိုယ်ဆိုလည်း စိတ်ပူမှာပဲလို့ မိဘချင်းစာနာစိတ်နဲ့ စိတ်မကောင်းဖြစ်တုန်း
ခပ်လှမ်းလှမ်းက လိုင်းကားတစ်စီးရဲ့ ပုံရိပ်ကို မြင်လိုက်လို့ မျှော်လင့်ဝမ်းသာ စိတ်တစ်ဝက်နဲ့
လှမ်းစူးစမ်းလိုက်ပါတယ်။ ဆင်မလိုက်မှာ ဂိတ်ဆုံးမယ့် ၃၂ တို့၊ ၂၁၆ တို့များ
ဖြစ်နေမလား။ ဒါမှမဟုတ် ဝမ်းသာရမယ့် ၄၄ တို့၊ ၁၉၉ တို့၊ ၃၆ တို့များလား။ ဟာ
သုံးဆယ့်ခြောက်ပဲလို့ တကယ် ဝမ်းသာအားရ ဖြစ်သွားပါတယ်။
ဒါပေမယ့် ကားက မှတ်တိုင်ကို
အတော်လေးကျော်ပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်ပြန်ပါတယ်။ ဒါမျိုးတွေ ခံနေကျဆိုတော့
စိတ်က စဉ်းစားဖို့တောင် အချိန်မပေးတော့ဘဲ ရပ်တဲ့စိတ်ကနေ အပြေးအလွှားလိုက်တဲ့စိတ်ဆီ
ဥပါဒ်၊ ဌီ၊ ဘင်နဲ့ ပြောင်းသွားသလို အညမညဖြစ်တဲ့ ရုပ်ကလည်း ကားဆီ
အပြေးလိုက်သွားခဲ့ပြီးသား။ လက်ထဲက သားရေအိတ်နဲ့ ကိုယ်ပေါ်က တိုက်ပုံကိုမှ အားမနာ
ဗွက်တောတွေကို ခုန်ပေါက်ကျော်လွှားပြီး ကားတံခါးနား ရောက်သွားတော့ ကားပေါ်က
ခရီးသည်များဟာ စပယ်ယာ့တွန်းချခံဘဝနဲ့ လမ်းပေါ် အလုံးလိုက်၊ အထွေးလိုက်
ပြုတ်ကျလာစပဲ ရှိပါသေးတယ်။ သူနဲ့အတူ လှိုင်သာယာသူ သမီးငယ်နှစ်ယောက်လည်း ပါလာတာကို
ပြေးရင်းလွှားရင်း မြင်လိုက်မိသေးရဲ့။
အံ့သြစရာက မိုးချုပ်စ ပြုနေပေမယ့်
ကားက အတော်ချောင်နေတာ။ ပိုအံ့စရာက စပယ်ယာက ဘုရင့်နောင်တင်နော်၊ ဘုရင့်နောင်
တင်လို့ အော်ပြီး လုပ်၊ လုပ်၊ တော်ပြီ၊ တော်၊ ဆွဲဆိုပြီး ဇွတ်ထွက်အသွား
ကားပေါ်ခုန် တက်မိလို့ သူပါလာပေမယ့် ကလေးမတွေ အပါအဝင် ခရီးသည်လေးငါးခြောက်ယောက်
ကျန်ရစ်ခဲ့တဲ့အဖြစ်ပေါ့။
တကယ်တော့ ကားပေါ်တက်ရင်
မိန်းကလေးတွေကို သူ လုတက်လေ့ မရှိပါဘူး။ အခု ကားထွက်သွားလို့ လုတက်လိုက်ရတာ။ သူ
တစ်ကိုယ်ကောင်းဆန်သလိုများ ဖြစ်သွားသလား။ စိတ် မကောင်းမိပါဘူး။ ဒါပေမယ့်
ထွက်နေတဲ့ကားပေါ် မိန်းကလေးတွေ ခုန်တက်ဖို့လည်း မလွယ်လှပါဘူး။ ပြီးတော့
စပယ်ယာအော်တဲ့ ဘုရင့်နောင်တင်ဆိုတာ မဟုတ်ဘူးဆိုတာ သူ့အိမ်ပြန် အတွေ့အကြုံအရ
သိနေတယ်။ သူ တင်မကဘူး။ အိမ်ပြန်နေကျ အားလုံးသိကြမှာပါ။ ကားသမားတွေက နှစ်ဆယ်ချင်း
တူတူ လှိုင်သာယာကလူကို မတင်ချင်ဘူး။ ကြားလူကိုပဲ တင်၊ ဘုရင့်နောင်ရောက်မှ
ထပ်တင်ဆိုတဲ့ လောဘစိတ်က ဘီလူးစီးသလို စီးနေကျ။
ထားပါတော့။ ဘာပဲဖြစ်ဖြစ် ကားနောက်ကို
ခြေထောက်နဲ့ ပြေးလွှားလိုက်လာတဲ့ လူလေးငါးခြောက်ယောက်ကိုတော့ တင်လာဖို့
မကောင်းဘူးလား။ ကားကလည်း ချောင်မှချောင်ကို ဘာကြောင့်များ...
'ကားက အချောင်ကြီး၊ တမင်ကို
မတင်ချင်လို့ကွ၊ သိရဲ့လား'
သူ့အတွေးကို သိနေသလို အဖြေပေးလိုက်တဲ့
စပယ်ယာရဲ့ အသံကို ကြားလိုက်ရပါတယ်။ သူ့ကိုပြောတာတော့ ဘယ်ဟုတ်မလဲ။ ကားတံခါးနားက
တံခါးမှူး ဒတ္ထတာဝန်ကို ယူထားတဲ့ သူ့လူကို လှမ်းပြောတာပေါ့။ သူ တော်တော်
စိတ်မကောင်း ဖြစ်မိတယ်။ အမေတော့ မျှော်နေတော့မှာလို့ဆိုတဲ့
မျက်နှာနွမ်းနွမ်းလေးကို ပြန်မြင်မိတယ်။ အမေက မျှော်မှာဆိုတော့ အဖေက မရှိတော့လို့လား။
သမီးက လုပ်ကျွေးနေရတာဆိုတော့ အမေကရော ကျန်းမာရဲ့လား။ ဇာတ်ထပ်နာစရာအကွက်တွေဆီ သူ့
အတွေးတွေက အမျှင်တန်း နေမိတယ်။
တံခါးမှူးဒတ္ထကတော့ ဟိုလူ့စကားကို
ထောက်ခံသလို ပြုံးနေပါတယ်။ ထူးဆန်းလိုက်တာ။ မတင်ချင်လို့ ဆိုနေသူကို သူ
လှမ်းကြည့်လိုက်တော့ သူ့ပုံက အဆန်း။ စပယ်ယာတွေထဲမှာ မြင်နေ ကျပုံမျိုး မဟုတ်ဘဲ
ဘောင်းဘီရှည်နဲ့။ ခေါင်းပေါ်မှာ ဦးထုပ်တစ်လုံးကို ပြောင်းပြန်ဆောင်းထားသေး။
ထုံးစံအတိုင်း မှတ်တိုင်ကျော်ရပ်ပြန်လို့ ကားပေါ်က လူသုံးယောက်ဆင်းသွားပြီး
မှတ်တိုင်က လူအုပ်တချို့ ကားဆီ အပြေးအလွှား ရောက်အလာ ကိုဘောင်းဘီက ကိုဒတ္ထကို
ပိတ်လို့ လှမ်းအော်လိုက်သမို့ မမျှော်လင့်ဘဲ ကားတံခါးက ဝုန်းခနဲ
ပိတ်သွားပါတော့တယ်။
တံခါးနားရောက်ရက်နဲ့
တက်ခွင့်မရသူတွေထဲမှာ အမေမျှော်နေတော့မှာပဲဆိုခဲ့တဲ့ မျက်နှာမျိုး
နောက်ထပ်အသစ်ကလေးတွေ တံခါးမှန်နောက်မှာ မြင်လိုက်ရခိုက်မှာ ကိုဘောင်းဘီက ကောက်ကျစ်
တဲ့ အပြုံးတစ်ခုနဲ့ ကဲ၊ မင်းတို့ ဘာတတ်နိုင်သေးလဲလို့ အသံတိတ် မေးမြန်းနေပါတယ်။
ခုလို စော်ကားခံရတဲ့အတွက် အောက်ကမျက်နှာလေးတွေမှာ ဒေါသစိတ်အစား ကားပေါ်တက်ရနိုး
မျှော်လင့် သောကတွေကိုပဲ မြင်နေရပေမယ့် ကိုဒတ္ထကတော့ သူနဲ့ ဘာမှမဆိုင်သလို။
အဲဒီအချိန်မှာ ရှေ့ဖက်က တံခါးပွင့်သွားလို့ လူတွေ ရှေ့ဘက်ကို ပြေးကြပြန်တယ်။
ဒရိုင်ဘာက ရှေ့ပေါက်ဖွင့်ပေးတဲ့ အပြင် လှိုင်သာယာကို ရောက်မယ်လို့ ပြောလို့တဲ့။
ရှေ့ပေါက်က ဒရိုင်ဘာ ဘေးမှာ လေးငါးယောက်ထက်
ပိုရပ်လို့ မရတာမို့ လူ သိပ်မတက်ဖြစ်ပေမယ့် ခုလိုဖြစ်တာကို ကိုဘောင်းဘီက
အတော်စိတ်ဆိုးနေပါတယ်။ 'တောက်...ကောင်းရောကွာ၊ ဘယ်လိုလုပ်စားကြမလဲလို့' လို့
လက်ထဲက ပိုက်ဆံတစ်ထပ်ကို လက်ဝါးပေါ်မှာ ဖဲရိုက်သလိုရိုက်ရင်း အော်လိုက်ပါတယ်။
ဒီလူ အရူးပဲလို့ သူ့စိတ်ထဲက
ကြိတ်တွေးလိုက်မိတယ်။ ကားအချောင် ဂလောင်ကြီးကို မတင်ဘဲ မောင်းသွားပြီး
လမ်းတစ်ဝက်ကျမှ တင်မယ်စိတ်ကူးမျိုးဟာ သူ အကျိုးမဲ့ ကိုယ်အကျိုးမဲ့
အရူးစိတ်ကူးမျိုးပေါ့။ တကယ်တော့ တက်မယ့်လူအများစုက လမ်းဆင်းသူနည်းပြီး လှိုင်သာယာ
လူစုကများတာတော့ မှန်တယ်။ ဒါပေမယ့် ခမျာများ အိမ်ပြန်ကြပါစေလား။ ကိုယ်လည်း အလကား
တင်တာလည်း မဟုတ်။ ပြီးတော့ ဒီထဲမှာ သူ့လို လမ်းဆင်းသူလည်း ပါဦးမှာမို့ ကားထပ်
ချောင်သွားတဲ့အခါ နောက်လူထပ်တင်ရင် ငွေပိုမရဘူးလား။
ကိုဘောင်းဘီကတော့ ဒီလို
တွေးပုံမရပါဘူး။ သူက ဒီလူတွေ အများစုက လှိုင်သာယာဂိတ်ဆုံးထိ လိုက်ကြမှာဖြစ်ပြီး
ကားအပြည့် လုတက်ကြမှာမို့ မတင်အပ်သူတွေလို့ သဘောထားတယ်။ ကားကို ချောင်ချောင်နဲ့
သွက်သွက်မောင်းပြီး လူနည်းတဲ့ ကြားမှတ်တိုင် တချို့ကျမှ လူတင်၊ ကျန်တဲ့နေရာကို
ဘုရင့်နောင်က တက်မယ့် ခရီးတိုတိုနဲ့ နှစ်ဆယ်ရမယ့်လူတွေအတွက် ချန်ထား။ ဒီလို တွေးတာ
ထင်ပါရဲ့။
'ဟေ့ကောင်၊
နောက်ပိုင်းမှာကားက အချောင်ကြီးကွ။ မတင်ချင်လို့ကို မတင်တာ သိရဲ့လား။ မင်းအတော်
နားမလည်တဲ့ကောင်'
သူက ဒါရိုင်ဘာကို
လှမ်းအော်လိုက်ပါသေးတယ်။ တကယ်တော့ ဒရိုင်ဘာက သူ့ထက်ငယ်ပုံ မပေါက်။ ကြီးကောင်းတောင်
ကြီးဦးမယ်။ ဒါပေမယ့် သူ့မှာ ဒါရိုင်ဘာကို ခုလို ဟိန်းဟောက်ခွင့် အပြည့်ရှိလို့
ဖြစ်မှာပေါ့။ ဥပမာ-ကားပိုင်မိသားစုထဲက ဒါမှမဟုတ် ပိုင်ရှင်ရဲ့ ကောက်ရိုးပုံစောင့် ခွေးတစ်ကောင်
သူ့ အတွေးမဆုံးခင် ကားက ဆောင့်အောင့်ထွက်သွားတယ်။
သူကတော့ တံခါးပိတ်ထားတဲ့ မှန်နောက်က
မျက်နှာငယ်လေးတွေကို အဲဒါ ငါကွဆိုတဲ့ အတ္တမျက်လုံးနဲ့ ကြည့်တဲ့ ဒီလူ့ကို
သိပ်မုန်းတယ်။ ဒီလူ့မျက်လုံးတွေဟာ နှလုံးသားမဲ့ စက်ရုပ်မျက်လုံး တွေနဲ့တူတယ်။
စစ်အတွင်းတုန်းက ဂျူးတွေကို သွေးအေးအေးသတ်တဲ့ ဂျာမန်တွေရဲ့ မျက်လုံးမျိုးဟာ
ဒီလိုပဲ ဖြစ်မှာလို့ သူက ကြီးကြီးကျယ်ကျယ် တွေးမိတယ်။
ညကြီးမင်းကြီး ဘောင်းဘီဝတ်နဲ့
ကားတစ်စီးရဲ့အမိုးအောက်မှာ ဦးထုပ်ဆောင်းပြီး ပါဝါပြနေတဲ့ ဒီလူဟာ အရူးဆိုတာတော့
သေချာတယ်။ အရူးမှ ရိုးရိုး မဟုတ်။ စက်ရုပ်နှလုံးသားနဲ့ အရူး။
'မနေ့ညက ကြားကားတွေ
နှစ်ရာတောင် ယူတာတဲ့။ ကားတွေက သိပ်မထွက်ရဲတော့ ထွက်တဲ့ကားကလည်း တောင်းပြီပေါ့'
ဒါက ကိုဒတ္ထက ကိုဘောင်းဘီကို
လှမ်းပြောတဲ့ အသံ။
'တောင်းပစေကွာ။ ဒီမှာ
လိုင်းကား နှစ်ဆယ်ကျတော့ ပေးမစီးချင်ဘူး။ သူတို့အဖေတွေကျတော့ တောင်းသလောက် ပေးရတာ'
ကိုဘောင်းဘီက ခရီးသည်တွေ အသားလွတ်
ဆဲလိုက်တယ်။ သူ့ဝန်းကျင်က လူတွေဟာ ခရီးသည်တွေဆိုတာ ဒီလူ ဂရုစိုက်ပုံ မပေါ်ဘူး။
ဒီလူ့စကားကို သူ ဒေါသထွက်ပေမယ့် သူ့မျက်နှာက ယုန်သူငယ်မျက်နှာ။
သူက ဒေါသကို အတိုင်းအတာတစ်ခုထိ
ကောင်းကောင်းထိန်းနိုင်တဲ့ လူပါ။ ဒါပေမယ့် ဒေါသမီး က မျက်နှာထိ ကူးသွားရင်တော့
ဖြစ်ချင်ရာဖြစ် ဆိုတာမျိုး ဖြစ်သွားတတ်သမို့ သူ့ ကိုယ်သူ သတိထားနေတာ။
'နှစ်ရာ နည်းတောင်
နည်းသေးတယ်ကွာ။ ဒီခွေး သူတောင်းစားတွေကို သုံးရာလောက် တောင်းပစ်ရမှာ'
ကြည့်စမ်း၊ ထမင်းရှင်တွေကို
မျက်စိအောက်တင် အသားလွတ် စော်ကားနေတဲ့ကောင်။ သူ့ကို ထမင်းကျွေး နေသူတွေကို သူ
လုပ်သမျှခံ၊ ပြောသမျှ ငြိမ်နေရမယ့် လူတွေလို ထင်နေတဲ့ကောင်။ ဒီကောင့်ကို သူ
သည်းမခံနိုင်အောင် ဖြစ်လာတယ်။ အဲဒီ အချိန်မှာ ကားက နောက်မှတ်တိုင်ရပ်ဖို့
အရှိန်လျှော့လိုက်ပြီး စောစောက မှတ်တိုင်ပါတယ်လို့ အော်ထားတဲ့ ခရီးသည်က တံခါးနဲ့ကပ်လျက်
သံတိုင်ဆီကနေ လှေကားကို အဆင်းလိုက်၊ မမျှော်လင့်တာ တစ်ခု ဖြစ်သွားတယ်။ ကား
စက်အသတ်မှာ ရုတ်တရက် မီးပျက်သွားပြီး တစ်ကားလုံး မှောင်သွားတာ။ သူ့နာမ်ခန္ဓာ
တစ်ခုလုံးကလည်း ဒေါသနဲ့ မှောင်သွားတော့ သူ ရုတ်ခြည်း ဆုံးဖြတ်လုပ်ကိုင် လိုက်တာကို
သူ့ကိုယ်သူတောင် မသိလိုက်သလို။
သူ မှောင်ထဲမှာ ကိုဘောင်းဘီဆီ
ခုန်ဝင်လိုက်တယ်။ ပြီးတော့ သူ့ပါးဆီ မှန်းပြီး အားရပါးရ ရိုက်ချပစ်လိုက်တယ်။
ဖြန်းခနဲ အသံနဲ့အတူ ပစ္စည်းတချို့ အောက်ပြုတ်အကျ။ သူက ခုနက ဆင်းသွားတဲ့
ခရီးသည်ရဲ့နေရာ ပြန်ခုန်ဝင်ပြီး ကိုဘောင်းဘီနဲ့ ဘေးတိုက် အနေအထားနဲ့ သံတိုင်ကို
ဆုပ်အကိုင် ရုတ်တရက် မီးတွေ ပြန်လင်းလာတယ်။
အဖြစ်အပျက်က မြန်လွန်းလို့ ဘေးက
တံခါးမှူး ကိုဒတ္ထ မပြောနဲ့ ကာယကံရှင် ကိုဘောင်းဘီတောင် ဘာဖြစ်သွားတယ်ဆိုတာ
ရုတ်တရက် သိလိုက်ပုံ မပေါ်ဘူး။ မီးလင်းလာတော့ ကြမ်းပေါ် ပြုတ်ကျနေတဲ့
ငွေစက္ကူတချို့နဲ့ မီးခြစ်ကို ဒီလူ ကုန်းကောက်နေတာ။ အောက် လှေကားထစ်ထိ
ပြုတ်ကျသွားတဲ့ ဦးထုပ်ကိုတော့ ကိုဒတ္ထက ကောက်ပေးပါတယ်။ ဒါတွေအားလုံးကို
ဘာမှမသိသလိုမျက်နှာနဲ့ တံခါးမှန်ထဲကနေ မသိမသာ အကဲခတ်ရင်း သူ မြင်နေရတာ။
ကျန်တဲ့လူတွေကလည်း ဘာမှ မသိလေတော့ ကိုဘောင်းဘီခမျာ ဘယ်သူ့ကို ဘာလုပ်ရမှန်းတောင်
သိပုံ မပေါ်တော့ဘူး။
'တောက်'ခနဲ
ပြင်းထန်တဲ့ တောက်ခေါက်သံရဲ့ နောက်မှာ ကိုဘောင်းဘီဆီက မပီမသ ယုတ်ယုတ်မာမာ
ဆဲရေးသံတစ်ခု ထွက်လာတယ်။ ဒီဆဲသံကို တုံ့ပြန် ဒေါသဖြစ်မယ့်လူ မရှိလေတော့
ဘာဖြစ်တာလဲဆိုတာ ကိုဒတ္ထလည်း နားလည်ပုံ မပေါ်တော့ဘူး။ ယမ်းပုံမီးကျ ဖြစ်နေတဲ့
သူ့ဆရာကို လည်း မမေးရဲဘဲ မှောင်ထဲ ဆင်းသွားတဲ့ ခရီးသည်နဲ့ပဲ တိုက်မိသွားလား၊ ဘာလား
ဇဝေဇဝါနဲ့ ဖြစ်မှာပေါ့။
'ချောင်းဝ၊ ဘူတာရုံလမ်း၊
ပိတောင်ချောင်း၊ အုတ်ကျင်း...'
ကိုဘောင်းဘီက ဒေါသသံနဲ့
မှတ်တိုင်တွေကို ကဘောက်တိကဘောက်ချာ အော်လိုက်တယ်။
'အေး၊ တစ်ယောက်မှ မပါဘူးနော်။
လမ်းဆုံကို မောင်းစမ်း။ လမ်းမှာ တစ်ကောင်မှ မတင်နဲ့'
ကားကလည်း ဒေါသတကြီးပဲ ညထဲကို
ထိုးခွဲသွားလိုက်တာ မီးပွိုင့်နှစ်ခု ဆက်တိုက်လွတ်သွားပြီး လမ်းဆုံကို
ချက်ချင်းရောက်သွားပါတော့တယ်။ အံ့သြစရာ ကောင်းတာက လမ်းဆုံမှာ လှိုင်သာယာလိုက်မယ့်
ခရီးသည် နှစ်ယောက်ပဲ ရှိတယ်။ ကိုဘောင်းဘီဆီက တောက် ခေါက်သံအသစ်နဲ့အတူ
ဆောင့်ကြီးအောင့်ကြီး ကားထွက်လာခဲ့ပြီး သူ ဆင်းမယ့် ဈေးပွဲရုံမှတ်တိုင် ရောက်တော့
ကားဟောင်းလောင်းပေါ် တက်မယ့်လူတစ်ယောက်မှတောင် မရှိဘူး။ ဘယ်ကောင်တွေ တံမြက်စည်း
လှည်းသွားပါလိမ့်ဆိုတဲ့ ကိုဒတ္ထရဲ့ မကျေမချမ်းသံကို သာယာရင်း သူ ကျေနပ်အားရစွာ
မျက်နှာသေလေးနဲ့ ဆင်းလာခဲ့တယ်။ သူက ကိုဘောင်းဘီရဲ့ ဘယ်ဘက် ပါးကို ရိုက်ခဲ့သလို သူ့
စေတနာ သူ့အကျိုးပေးဆိုတဲ့ လောကဓံရိုက်ချက်ပြင်းက ကိုဘောင်းဘီရဲ့
ညာဘက်ပါးပေါ်ကျသွားခဲ့တာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာ ကိုး။
သူ အိမ်ပေါ်ရောက်တော့ လုပ်နေကျ
မဟုတ်တာ လုပ်ခဲ့ရသမို့ စပ်ဖျဉ်းဖျဉ်း မျက်တက်တက်ဖြစ်နေတဲ့ သူ့
ညာဘက်လက်ကောက်ဝတ်အတွက် လိမ်းဆေးတစ်ခုခု ယူခဲ့ပေးဖို့ သူ့သမီးကြီးကို
ခိုင်းလိုက်မိတယ်။
'ဖေဖေ့လက် ဘာဖြစ်လာလို့လဲ'လို့ သမီးကြီးက မေးတော့ 'စက်ရုပ်တစ်ရုပ်ကို
ခြုံခိုတိုက်ခဲ့လို့ပါ သမီးရယ်' လို့ ကြီးကြီးကျယ်ကျယ် ဖြေမိလိုက်တဲ့အခါ
အဖေကိုတောင် မကြိုအားဘဲ မလှမ်း မကမ်းမှာထိုင်ပြီး ပလတ်စတစ် မီနီဂိမ်းဘောက်စ်လေး
တစ်ခုထဲက စက်ရုပ်နဲ့စစ်ဖြစ်နေတဲ့ မူလတန်းကျောင်းသူ သမီးငယ်က အံ့သြတကြီး
လှမ်းငေးကြည့်နေပါရောလား...
ကားသမားသူငယ်ချင်းတွေ
ဖတ်ဖို့ ဝတ္ထုတစ်ပုဒ်ရေးပေးပါဆိုတဲ့ ညီငယ်တစ်ဦးသို့...
▀
မောင်လွင်မွန်
၊ကသာ၊
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်