ကြည်ဇော်ဝင်း
ကိုယ့်အကြောင်း သိသလိုလိုနဲ့ ကိုယ့်အကြောင်း တကယ်မသိတဲ့ တစ်မြို့တည်းသား ဆရာဝန်တစ်ယောက်က ကိုယ့်ကို ဒီလိုဝေဖန် အကဲဖြတ်ဖူးတယ်။ ကြည်ဇော်ဝင်းက လူတော်တစ်ယောက် ဖြစ်ပေမယ့် လူကောင်းတစ်ယောက်တော့ မဟုတ်ဘူးတဲ့။
အဲဒါမှ ပြဿနာပဲ။
လူမျိုးနော်ရဲ့ကဗျာစာမူတစ်ပုဒ်ကို ကဗျာဆရာ ကိုသွေးသစ် အကဲဖြတ် မှတ်ချက်ပေးသလို
ဖြစ်နေပြီ။ ဆရာလူမျိုးနော်ရဲ့ ကဗျာဟာ ရေးဖွဲ့ပုံ နည်းစနစ် မှန်ကန်သော်လည်း
အတွေးအခေါ်ပိုင်းမှာ
အားနည်းနေပါတယ်ဆိုတဲ့ မှတ်ချက်နဲ့ လူမျိုးနော်ဆီ ပြန်ရောက်လာသတဲ့။ လူမျိုးနော်
ကိုယ့်ကို ပြန်ပြောပြတာ ရယ်ရတယ်။ ငါက ကဗျာဆရာ ဖြစ်ချင်တာကွ။ ဒါပေမယ့်
မောင်သွေးသစ်ရဲ့ မှတ်ချက်ကြောင့် ကဗျာဆရာဖြစ်ခွင့်မရဘဲ ဝတ္ထုရေးဆရာ ဖြစ်သွားတာ။
ငါ့မှာ အားကိုးစရာဆိုလို့ အတွေးအခေါ်ပဲ ရှိတာ။ ကဗျာစပ်နည်းတွေကို ငါက စနစ်တကျ
မသိဘူးကွ။ အဲဒီတော့ အတွေးအခေါ်ကို အားပြုပြီး ကဗျာဖြစ်အောင် ရေးရတာ။ အဲဒါကို
ဆရာ မောင်သွေးသစ်က
အတွေးအခေါ် အားနည်းနေတယ်ဆိုတော့ ငါလည်း တစ်ခါတည်း စိတ်ဓာတ်ကျသွားပြီး ဝတ္ထုဘက်
လှည့်လိုက်ရတယ်တဲ့။
အခုလည်း...ကိုယ့်ကို
လူတော်တစ်ယောက်ဖြစ်ပေမယ့် လူကောင်းတစ်ယောက်တော့ မဟုတ်ဘူးဆိုတော့ ကိုယ်လည်း
ဘာပြန်ပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ လူမျိုးနော်လို လှည့်စရာ မရှိဘဲ
ဖြစ်နေတယ်။ ဖြစ်အောင် လှည့်ကြည့်မယ်လေ။ ကြည်ဇော်ဝင်းက လူကောင်းတစ် ယောက်ဖြစ်ပေမယ့်
လူတော် တစ်ယောက်တော့ မဟုတ်ဘူး။ အဲဒီလို ရမလား။ အဲဒါကျတော့လည်း ကိုယ့်ကိုယ်ကိုယ်
အမွမ်းတင်ရာများ ကျနေမလား။ လိပ်ပြာ သိပ်မသန့်ပြန်ဘူး။ ကဲပါ... ဟို ဆရာဝန်
ပြောမထွက်လို့ နေပါလိမ့်မယ်။ သူပြောချင်တာက ကြည်ဇော်ဝင်းဟာ လူ တော်တစ်ယောက်လည်း
မဟုတ်ဘူး။ လူကောင်းတစ်ယောက်လည်း မဟုတ်ဘူးလို့ ပြောချင်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီလို
ပြောလည်း ကိုယ်ကလက်ခံပါတယ်။ သူ့အမြင် ကိုယ့်အမြင် ရှိကြမှာပေါ့။
ဒီနေရာမှာ စဉ်းစားစရာ ပေါ်လာတယ်။
လူတော် တစ်ယောက်ဖြစ်ဖို့ လွယ်သလား။ လူကောင်းတစ်ယောက်ဖြစ်ဖို့ လွယ်သလား။ ကိုယ်ကတော့
လူကောင်းဖြစ်ဖို့က လွယ်တယ်ထင်တာပဲ။ ရှေးက
လူကြီးတွေ ဆုံးမသလို ဘုရားမကြိုက်တဲ့ အလုပ်တွေ မလုပ်ရင် လူကောင်းဖြစ်ပြီပေါ့။
လူတော် တစ်ယောက်ဖြစ်ဖို့ကျတော့ ရှောင်ရန်ထက် ဆောင်ရန်ကို ပိုလိုက်နာဖို့ လိုမယ်။
ကိုယ့်အမြင် ကိုယ့်အယူအဆလား။
လူကောင်းနဲ့ လူတော် ဘယ်သူ့ကို ပိုသဘောကျ လက်ခံလဲ။ ဟုတ်လား။ ကောင်းပြီ
တော်တဲ့လူကိုပေါ့။
□
လွန်ခဲ့တဲ့ (၁ဝ) နှစ် လောက်က
ကိုယ့်ဘဝမှာ ကိုတင့်ဝေဆိုတဲ့ ကွမ်းယာသည် တစ်ယောက်နဲ့ ဆုံစည်းခဲ့ဖူးတယ်။ သူ့
ကွမ်းယာဆိုင်က ကိုယ့်ဆေးခန်းဘေးမှာ။
ကိုတင့်ဝေကြည့်ရတာ ကွမ်းယာသည်နဲ့
မတူဘူး။ မူလတန်းကျောင်းဆရာ တစ်ယောက်လိုလို ဝန်ထမ်းရုပ်။ ဝတ်တာစားတာ၊ နေတာထိုင်တာ၊
ပြောတာဆိုတာ သန့်ရှင်းသပ်ရပ် မွန်ရည်တယ်။ ဒီလောက်တော့ ရှိမှာပေါ့လေ။
မြို့တော်သားမဟုတ်ပေမယ့် မြို့တော်မှာ အနေကြာပြီးမှ ဒီဖားကန့်ကို ရောက်လာတာ။ 'မြို့တော်ကျ'
စတိုင်လ်အပြည့်လို့ ပြောရမယ်။ သူ့ဆိုင်ပေါ်မှာ သူ ထိုင်နေတာနဲ့
မတူဘဲ ကွမ်းယာဆိုင်ပိုင်ရှင် မရှိတုန်းအခိုက် သူငယ်ချင်း ကျောင်းဆရာက
ကူရောင်းနေတဲ့ပုံမျိုး။ အင်္ကျီအဖြူ လက်ရှည်ဝတ်တတ်တော့ ပိုဆိုးတာပေါ့။ ကိုယ်ကလည်း
ဆေးခန်း လူနာပါးတဲ့အခါ သူ့ ဆိုင်ဘက် ထွက်ထိုင်တတ်တယ်။
ကိုတင့်ဝေကတော့ ရောင်းရရောင်းရ၊
မရောင်းရ မရောင်းရ အေးဆေးပဲ။ ကွမ်းယာတင် မဟုတ်ဘူး။ ဆေးလိပ်ပါ အကြွေးမှတ်ခိုင်း
ထားလည်း ပြုံးပြုံးပဲ။ ကိုယ့်အမြင်ကတော့ ကိုတင့်ဝေ သဘောကောင်းလွန်းတယ်။ ဒီလူ့
ကွမ်းယာဆိုင် ဒီလိုပုံနဲ့ဆို မကြာခင် ပြုတ်မှာပဲ။ ပြီးတော့ ဖားကန့်။ လူတွေက
ဧည့်သည်တွေလို ဝင်လိုက် ထွက်လိုက်။
ကိုယ်က အသေးစိတ် မမေးကောင်းလို့
မမေးပေမယ့် ကိုတင့်ဝေရဲ့ ဝင်ငွေ ထွက်ငွေ အခြေအနေကို မြင်နေသိနေတယ်။ လွန်ခဲ့တဲ့
(၁ဝ) နှစ်က ငွေတန်ဖိုးနဲ့ ကြည့်နော်။ ကျောတစ်ထောက် နေရာအတွက် အခန်းငှားခက တစ်လ
လေးထောင်ပေးနေရတယ် ပြောတယ်။ လပေး ထမင်းချိုင့် ယူစားတာလည်း မမြင်မိဘူး။
လက်ဖက်ရည်လေး လိုလို၊ ခေါက်ဆွဲလေးလိုလို။ ကိုယ်တို့နဲ့ အတူထိုင်ဖြစ်တဲ့
အခါမျိုးမှာတော့ ကိုယ်က ဒကာခံပေးတယ်။
အတူသွား၊ အတူလာ များလာတော့ သူ့ဘဝကို
သိလာပြီး ကိုယ်ကိုယ်ချင်းစာ ခံစားမိလာတယ်။ သူ့ကို တတ်နိုင်သမျှ ကူညီချင်စိတ်
ပေါ်လာတယ်။ ကိုယ့်ဆေးခန်းမှာလည်း ညစောင့်မရှိဘူး။ ဒီတော့ သူလည်း အဆင်ပြေ၊
ကိုယ်လည်း အဆင်ပြေဖြစ်အောင် ကိုယ့်ဆေးခန်းမှာ ညဘက်အိပ်ပါ လားပြောတော့ သူက
ဝမ်းသာအားရ သဘောတူလက်ခံတယ်။ နောက်တော့ သူ့ ကွမ်းယာဆိုင် ဖြုတ်လိုက်ပြီး
ကိုယ့်ဆေးခန်းအလုပ်ကို ကူလုပ်ရင်း ကိုယ်နဲ့ အပြီးနေတော့တယ်။ ကိုယ်နေသလို
ကိုယ်စားသလိုပေါ့။
ကိုတင့်ဝေရောက်လာတာဟာ ကိုယ့်အတွက်
အဆင်ပြေလာရုံတင် မကဘူး။ အထောက်အကူလည်း ရလာတယ်။ သူက ကိုယ့်ရဲ့ ဆေးကုတဲ့
လုပ်ငန်းကိုလည်း တော်တော်စိတ်ဝင်စားတယ်။ လူနာတွေက ကိုယ့်ထက် သူ့ ကိုတောင်
ပိုသဘောကျ လက်ခံလာကြတယ်။
ကိုယ်က ဆေးခန်းကို မနက် ၈ နာရီမှ
ရောက်တယ်။ ကိုယ်မရောက်ခင် လာပြတဲ့ လူနာဆိုရင် ကိုတင့်ဝေက အဆင်ပြေအောင်
ကုသပေးလိုက်တယ်။ ဒီလိုပဲ ကိုယ်ပြန်သွားတဲ့ ည ၈ နာရီ နောက်ပိုင်းလာတဲ့ လူနာတွေဆိုရင်လည်း
ကိုတင့်ဝေပဲ ကု သပေးလိုက်တယ်။ ကိုယ်နဲ့ မဆုံဖူးတဲ့ လူနာတွေက ကိုယ့်ကို ဆရာဝန်မှန်း
မသိကြတော့ဘူး။ ကိုယ်ကလည်း တစ်နှစ်မှာတစ်ခါ မိသားစုရှိရာ ဇာတိမြို့ကို ပြန်သွားရင်
ဆေးခန်းကို ကိုတင့်ဝေနဲ့ လွှဲထားခဲ့တယ်။ ရင်းနှီးတဲ့ ဆရာဝန်တွေကိုလည်း ဆေးခန်းကို
စောင့်ရှောက်ဖို့ မှာထားခဲ့တယ်။
ဖားကန့်ဆိုတာလည်း လူဝင်လူထွက်
အပြောင်းအလဲက သိပ်များတော့ တချို့ လူနာတွေက ကိုယ်ဆေးခန်း ပြန်ရောက်တဲ့အခါ
ကိုယ့်ကို ဆရာဝန်လို့ မထင်ကြတော့ဘူး။ ကိုတင့်ဝေကိုပဲ အမြင် များပြီး သူ့ကိုပဲ
ဆရာဝန်လို့ ထင်လာကြတယ်။ ဆေးခန်းထဲမှာ ကိုယ်ငုတ်တုတ်ထိုင် နေတာတောင်
ဆရာရှိလားဆိုပြီး သူ့ဆီတန်းသွားပြီး ပြကြ၊ ကုကြတယ်။ ကိုတင့်ဝေကလည်း လျင်တယ်။
ကိုယ့်ကို 'အေးဆေး' ထိုင်နေဖို့ အထာပြလိုက်ပြီး သူပဲ အိန္ဒြေရရနဲ့
ဆက်ကုပေးတယ်။ ကိုယ်ကလည်း မိသားစု ကိစ္စနဲ့ ခဏခဏပြန်နေရတော့ နောက်ပိုင်းမှာ
ကိုယ့်ဆေးခန်းလာတဲ့ လူနာတွေရဲ့ တစ်ဝက်လောက်က ကိုယ့်လူနာ၊ ကျန်တစ်ဝက်လောက်က
ကိုတင့်ဝေလူနာ။
စာရေးဆရာတွေ ပြောသလို ကိုယ်လည်း
ကိုယ့်ဇာတ်ကောင်ကို ကိုယ်မနိုင်ဘဲ ဖြစ်လာတယ်။ ဇာတ်ကောင် လှုပ်ရှားတဲ့အတိုင်း
ကြည့်နေရတော့တယ်။ ဇာတ်ကောင်က ကြီးလာတော့ ဇာတ်အိမ်ကလည်း ကြီးလာတယ်လေ။ ကြာလာတော့
ကိုယ့်ဇာတ်ကောင်ကို ကိုယ်မနိုင်တော့ဘူး။
အလှပြင်ခန်းက နတ်မိမယ်လေးတွေကလည်း
ဆေးခန်းလာရင် သူနဲ့ပဲ ပြကြတယ်။ သူတို့လေးတွေက ကိုတင့်ဝေကိုခေါ်တာက 'ဆရာ'
တဲ့။ ဒါအထိ ဘာမှ ပြောစရာ မရှိပါဘူး။ ဆရာ အလုပ်လုပ်နေလို့ ဆရာလို့
ခေါ်ကြတာပဲဟာ။ တချို့လေးတွေကလည်း ကိုတင့်ဝေကို ဆရာဝန်လို့ ထင်နေကြတယ်။ တချို့
နတ်မိမယ်လေးတွေက တော်တော့်ကို တရင်းတနှီးနဲ့ 'ဦးငယ်' တဲ့။ တော်သေးတယ် ကိုယ့်ကို
ဦးကြီးလို့ ခေါ်မသွားကြလို့။
ဦးငယ်က နောက်ပိုင်းမှာ ခြေလှမ်းတွေ
ကျဲလာရုံ မကဘူး။ ခြေလှမ်းတွေ ပျက်လာတယ်။ ကိုယ့်ဆေးခန်းထက် အလှပြင်ခန်းတွေမှာ
ပိုပျော်နေတယ်။ သူပျောက်ရင် ဘယ်မှာမှ လိုက်မရှာနဲ့။ ကလျာမိမိမုန်းတို့ရှိရာ 'နန်းဧကရီ'
တို့ 'ဆုံစည်းရာ' တို့
မှာ သွားရှာလိုက်။ တွေ့တယ်။ ကိုယ်နဲ့ အတူနေတာ စားတာထက် သူတို့လေးတွေနဲ့ အတူနေ
အတူစားတာက ပိုများလာတယ်။ ညဘက်မှာဆိုရင်လည်း ကိုယ်နဲ့အတူသောက်၊ အတူစားတာထက်
မိမိမုန်းတို့နဲ့ ကာရာအိုကေခန်းမတွေ မှာ အတူစား၊ အတူသောက်တာက ပိုများလာတယ်။
ကိုယ်တော့ ကိုယ့်ဇာတ်ကောင်ကို မနိုင်တော့ဘူး။
ကိုယ်ကတော့ ဦးငယ်ကို မပျက်စီးစေချင်ဘူး။
လာရာလမ်းကို မမေ့စေချင်ဘူး။ သတိရစေချင်တယ်။ ဦးငယ် ပြောပြလို့ ကိုယ်သိတာပါ။
ဦးငယ်ရဲ့ ဘဝဖြတ်သန်းမှုက စုံတယ်။ များတာ။ ကြမ်းတမ်းတယ်။ ဖားကန့်ရောက်စက ကျင်းသား
လုပ်ဖူးတယ်။ မြို့တော်မှာတုန်းက တတ်ကျွမ်းခဲ့တဲ့ ပညာနဲ့ ဖားကန့်က လက်ဖက်ရည်ဆိုင်
တော်တော်များများမှာ 'မုန့်ဆရာ' 'ဖျော်ဆရာ' လုပ်ခဲ့ဖူးတယ်။
စက်လှေ စပယ်ယာတောင် လုပ်ဖူးသလိုလို။ ကိုယ်နဲ့တွေ့တဲ့ နောက်ဆုံး အခြေအနေက ကွမ်းယာ
ရောင်းတဲ့အချိန်။
အခုတော့ ဦးငယ်က အတိတ်ကာလတွေကို
မေ့ပစ်လိုက်ပြီလား။ ဘဝအမောတွေ မေ့ပစ်ပြီး အလှတောမှာ ရေစုံမျောပစ်နေပြီလား။
ကိုယ်ကတော့ ဦးငယ်အစား မောလာတယ်။ ကိုယ့်မှာလည်း တာဝန်ရှိတယ်လို့ ခံစားလာရတယ်။
ဦးငယ်ကို လာရာလမ်းပေါ် ပြန်ရောက်သွားမှာ စိုးတယ်။
ကိုယ်ကတော့ ဦးငယ်ကို
လူကောင်းတစ်ယောက်လို့ ယူဆသလို ပတ်ဝန်းကျင် ကောင်းရင် လူတော်တစ်ယောက်လည်း
ဖြစ်လာနိုင်တယ်လို့ ကိုယ်ယုံကြည်တယ်။ ကိုယ်က ဦးငယ်ကို လူတော်လူကောင်းတစ်ယောက် သိပ်ဖြစ်စေချင်တယ်။
ကိုယ်ကလည်း ဦးငယ် ဘဝကို တိုးတက်အောင်
လုပ်မပေးနိုင်ဘဲ ဖြစ်နေတယ်။ ကိုယ်တောင် သူနဲ့ပေါင်းပြီး နဂိုရှိတဲ့ ဓာတ်ခံနဲ့
ပျက်ချင် သလိုလို ဖြစ်နေပြီ။ ဆရာဆိုတဲ့ အနေနဲ့ ဘရိတ်အုပ်ထား လို့သာ။ ကိုယ်နဲ့
အတူနေတဲ့ သုံးလေးနှစ်အတွင်းမှာ ဦးငယ်ကို နှစ်ကျပ်သား ဆွဲကြိုးလေး တစ်ကုံးပဲ
ဆင်နိုင်တယ်။
ကိုယ်ကလည်း မကြာတော့သော တစ်နှစ်နှစ်
အတွင်းမှာ အောက်ပြည် အောက်ရွာကို အပြီးပြန်ရ တော့မယ်။ ကိုယ်ပြန်သွားရင်
ဦးငယ်တစ်ယောက်တည်း ဘယ်လိုရပ်တည်မလဲ။ ဒီတော့ ကိုယ်အပြန်ဖြောင့်အောင်
ရတနာနယ်မြေဆိုတော့ သူ့ကို ကျောက်အရောင်းအဝယ် ပညာတတ်စေ ချင်တယ်။ ကိုယ့်ရဲ့
ဆေးလောကကနေ ကျောက်လောကကို ထားရစ်ခဲ့ချင်တယ်။ အင်း...လိပ်ရေထဲလွှတ်လိုက်သလိုများ
ဖြစ်နေမလား။ လူရွှင်တော်တွေ ပြက်သလို 'ငါကွာ အိမ်ကမိန်းမနဲ့
စိတ်ဆိုးပြီး ဆင်းသွားတာကွ' ဆိုတော့ တခြားလူရွှင်တော်
တစ်ယောက်က မေးတယ်။ 'မင်းက ဘယ်ဆင်းသွားတာတုန်း' ဆိုတော့ 'ဆေးလိပ်ခုံကို ဆင်းသွားတာ' လို့ ပြန်ဖြေသလို ဖြစ်မှာလည်း စိုးရသေးတယ်။ ကောင်းစေချင်လို့ ဇိကုတ်ပြီး
နတ်ပြည်တင်တာ ခုန်ချလည်း မတတ်နိုင်ဘူး။ ဆေးလောကသား ဦးငယ်ကနေ ကျောက်လောကသား
ဦးတင့်ဝေကိုပဲ ကိုယ်မြင်ချင်တယ်။
ဦးငယ်ကို ကိုယ့်မိတ်ဆွေ လောပန်
ကိုညွန့်ဆီမှာ ကျောက်ပညာတော်သင် အနေနဲ့ ကျောင်းအိပ်ကျောင်းစား အပ်ပေးလိုက်တယ်။
ဦးငယ်တို့က လုပ်ချလိုက်ပြန်ပြီ။ ကျောက်သမားလေးတွေက ကိုညွန့်ကို ဦးငယ်လို့ ထင်၊
ဦးငယ်ကို ကိုညွန့်လို့ထင်။ ဦးငယ်က ငါးသုံးလုံး စီးကရက်ကို လက်ကမချဘူးလေ။
ကျောက်တစ်လုံး လာပြရင် သူက ကိုညွန့် အရင် ယူကြည့်တယ်။ ပြီးတော့မှ အပေါ်ထပ်အခန်းထဲ
မှာနေတဲ့ ကိုညွန့်ဆီ သွားပြတယ်။ ကိုညွန့်ပြောလိုက်တဲ့ အရောင်းအဝယ် စကားကိုလည်း
သူ့အပြောလိုလိုနဲ့ ကျောက်လာပြတဲ့ ကလေးတွေကို ပြောလွှတ်တတ် တယ်။
တစ်လ ကိုးသီတင်းကြာလို့
ကိုယ့်ဆီပြန်လာတဲ့အခါ လည်ပင်းက ဆွဲကြိုးက ပါမလာဘူး။ ကျောက်ပညာ ကောင်းကောင်း မသင်ဘဲ
လောပန်တွေနဲ့ အပြိုင်မှန်ကြည့်ပညာ ပြိုင်လာတယ်။ ကျောက်အရောင်းအဝယ်ထဲ
အစုရှယ်ယာထည့်လိုက်လို့ ရှုံးလာတာဆို တော်သေးရဲ့။ အခုဟာက။
နောက်ပိုင်းမှာ ကိုညွန့်ဆီ သွားလိုက်၊
မသွားလိုက် လုပ်လာတယ်။ ကိုယ့်ဆီက အရင်းအနှီးတောင်းတယ်။ မှော်ထဲ ကျောက်ရှာထွက်ပြီး
ကိုယ့်ဘာသာကိုယ် အရောင်းအဝယ် လုပ်မယ်တဲ့။ ကိုယ်တော့ တပည့်မွေးမှားပြီ ထင်တယ်။
ဆေးခန်းဝင်ငွေလေး စုထားလိုက်၊ ဦးတင့်ဝေကို ကျောက်အရင်း ထုတ်ပေးလိုက်။ သမင်မွေးရင်း
ကျားစာရင်း။
မုဆိုးစိုင်သင် ထင်ပါရဲ့။
ဦးတင့်ဝေကလည်း လောပန်သက် ရင့်လာတာနဲ့ အမျှ အရှုံးနည်းလာတယ်။
လောပန်လေး ဦးတင့်ဝေ ဘဝနဲ့ပဲ 'နန်းယာဉ်ဘုံ
အလှပြင်ခန်းမ' က ကလျာ မိမိမုန်း တစ်ယောက်နဲ့
အိမ်ထောင်ကျသွားပြီး ဦးငယ်တစ်ယောက် ကိုယ့်လောင်းရိပ်ကနေ ထွက်ခွာသွားတယ်။
ကိုယ့်ဆေးခန်းကို ကြုံတဲ့အခါ ဝင်လာတတ်တယ်။
ကိုယ်ဖားကန့်က အပြီးပြန်တော့မယ်ဆိုတော့ ထိုင်စပြုနေတဲ့ သူတို့ရဲ့ သမီးငယ်ကလေးပါ
ခေါ်လာပြီး ကိုယ့်ကို သားအမိသားအဖ သုံးယောက် ထိုင်ကန်တော့ကြတယ်။
သာဓု...သာဓု....။
□
ကိုယ်ဖားကန့်ကို စွန့်ခွာလာတာ
ဒီနှစ်ကုန်ရင် လေးနှစ်တင်းတင်း ပြည့်ရော့မယ်။ ဖားကန့်ကို လွမ်းသလိုလို။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖားကန့်က
ကိုယ့်မိတ်ဆွေ လောပန်အိုက်ကော တစ်ယောက် ကိုယ့်အိမ်ကို အလည်ရောက်လာတယ်။ ဖားကန့်ကို
လွမ်းနေတာနဲ့ အတော်ပဲ။ လက်ရှိ ဖားကန့်၊ လက်ရှိ ကျောက်အရောင်းအဝယ်၊ အခြေအနေ
စတာတွေကိုရော ကရားရေလွှတ် မေးမိတယ်။ အဖြစ်ကတော့ မနှစ်ကနဲ့ မတူတာတွေ များနေတယ်။
ကျောက်မှာ ပါရဂူ မရှိ၊ မနက်မှာ ခွေး၊ ညမှာ သူဌေးဆိုတာ တယ်မှန်ပါကလား။ တစ်ချိန်ကလော
ပန်ကြီးတွေနေရာမှာ ကျင်းသားဘဝကနေလာတဲ့ လောပန်လေးတွေ အစားထိုး နေရာယူကြသတဲ့။
တချို့လောပန်ကြီးတွေလည်း ဆင်ကြုံကျွဲ မဖြစ်ဘဲနဲ့ ဆင်ကြုံ ကြွက်ဖြစ်ကုန်သတဲ့။
ကိုယ်က ပြောရင်းဆိုရင်းနဲ့
ကိုယ့်တပည့်ကျော် ကိုတင့်ဝေကို ဖျတ်ခနဲ သတိရလိုက်တာနဲ့ အိုက်ကောကို မေးမိတယ်။
'ကိုတင့်ဝေ တစ်ယောက်ကော
အခြေအနေ ဘယ်လိုလဲ'
'ဟား...ဟား... ဟား... ဆရာ
မမေးခင်ကတည်းက ပြောမလို့ဟာ မေ့သွားလို့။ ဆရာကတော့ တပည့်မွေးထုတ်တဲ့ နေရာမှာ
တော်တယ်နော်။ တစ်ယောက် ဆိုတစ်ယောက်'
'ကျွန်တော်တောင် ရင်တွေ
တုန်လာပြီ၊ မကောင်းသတင်းမှ ဟုတ်ရဲ့လား'
'ဆရာက ဗေဒင်လည်း တတ်သားပဲ'
'စိတ်ဝင်စားလာပြီ၊
မြန်မြန်ပြောတော့လေဗျာ'
'ပြောမယ်... ပြောမယ်...
ပြောကို ပြောရမယ်၊ ကျွန်တော် ဆင်းလာခါနီးမှ သိခဲ့တာ... အဖြစ်က ဒီလို ဆရာရဲ့။ ကိုတင့်ဝေဆီကို
ကိုညွှန့်မိတ်ဆွေ လောပန် တစ်ယောက်က ကျောက်တစ်လုံး ရှိကြောင်း လာပြောသတဲ့။
ကိုညွှန့်ကို ပေးရောင်းချင်တယ်ပေါ့လေ။ ဒီတော့ ဆရာ့ တပည့်ကျော်က သူ့နဲ့
ကိုညွှန့်နဲ့က ရှယ်ယာလုပ်နေတာ သူ့ဆီကျောက်ကို ယူလာခိုင်းပြီး
ဈေးဖြတ်ယူထားလိုက်သတဲ့'
'ပြီးတော့'
'ပြောမယ်လေ ဆရာရဲ့...
ကိုတင့်ဝေက ကျောက်ကို အောက်ဈေးနဲ့ ဖြတ်ယူထားလိုက်တယ်။ ကျပ်ပိုင်းပေါ့ ဆရာရယ်။
ပြီးတော့ ဆရာ့တပည့်ကျော်က ဘာလုပ်သလဲ သိလား။ အဲဒီ ကျောက်ကို ကိုညွန့်ဆီ ယူသွားပြီး
သူ့ကျောက်အနေနဲ့ ကိုညွန့်ကို တခြားလောပန်တွေဆီ ရောင်းခိုင်းတယ်။ ဆယ်ထပ်
ငွေရသွားတယ် ဆရာရဲ့။ အဲဒီထဲကမှ ကိုညွန့်ကို ပွဲစားခလည်း မကပေါ့ ဆရာရယ်။ သုံးကျပ်
ပေးသုံး လိုက်တယ်'
'အဲဒီ အဖြစ်အပျက်ကို
နောက်ပိုင်းမှာ ကိုညွန့် သိသွားရောလား'
'ဘယ်သိမလဲ ဆရာရယ်၊ ကိုညွန့်သာ
သိရင် ကိုတင့်ဝေကို အမှုန့်ကြိတ်ပစ်မှာ'
'ဘာလို့လဲ'
'ဆရာ့ တပည့်က အပြင်ကျတော့ လိုက်ပြောတယ်။
ကိုညွန့်က အခုတလော အဆင်မပြေဘူး။ သူ့ မိတ်ဆွေ လောပန်က သွားပြီးကျောက်ပြလည်း
ဝယ်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် သူက ကြားက ကူညီတဲ့အနေနဲ့ ဝယ်ထားလိုက်တာ။
ကျောက်အမြတ်ထဲက ကိုညွန့်ကို ပေးသုံးလိုက်တော့ ကိုညွန့်လည်း အဆင်ပြေသွားတာပေါ့တဲ့။
ဆရာ့တပည့်ကျော် ပြောပုံက'
သြော်... ဦးငယ် ခေါ် လောပန်
ဦးတင့်ဝေ... ဦးတင့်ဝေ။
▀
ကြည်ဇော်ဝင်း
(အမှတ် ၁၉၁၊
အောက်တိုဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်