ဝင်းငြိမ်း
ဘာကင်ဟမ်ရွှေနန်းတော်
ဝင်ဆာရဲတိုက်အတွင်းမှာ သတင်းစကားများ
ပျံ့နှံ့လာပါတယ်။ မင်းမှုထမ်းများရဲ့ အိပ်ဆောင်များအတွင်း တစ်ခုသော အိပ်ဆောင်မှာ
မတော်တဆမှုတစ်ခု ဖြစ်ပွားလို့တဲ့။ သဲလွန်စများက တစ်စုံတစ်ခုကို ညွှန်ပြနေပါတယ်။
တစ်ဝက်တစ်ပျက် သောက်လက်စ ဂျင်ပုလင်းက အိပ်ရာဘေးမှာရှိတဲ့ စားပွဲနားမှာ ရှိနေပြီး
ဆေးလုံးအချို့ ပါဝင်တဲ့ ပုလင်းတစ်လုံးကလည်း အဖုံးပွင့်လျက်သား တွေ့ကြရပါသတဲ့။
စိတ်ကျရောဂါဖြစ်နေတဲ့ အခန်းရှင် မင်းမှုထမ်းကတော့ သူ့အိပ်ရာပေါ်မှာ
သတိမေ့မျောနေတာကို တွေ့ကြရပါတယ်။ သူ့ကို သယ်ဖို့အတွက် ဝင်ဆာရဲတိုက်အတွင်းကို Augusta Tower
Door မှတစ်ဆင့်
သူနာတင်ကား ဝင်လာခြင်းက ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူနာတင်ယာဉ်များ
မြို့တွင်းမှာ မောင်းနှင်တဲ့အခါ ဥသြဆွဲပြီးမီးနီ တစ်ဖျပ်ဖျပ်နဲ့
မောင်းနှင်သွားတာကို တွေ့ဖူးကြမှာ ဖြစ်ပေမယ့် ဝင်ဆာရဲတိုက်အတွင်းကို
ဝင်တဲ့အခါမှာတော့ ဥသြဆွဲခွင့် မရှိသလို မီးနီဖွင့်ခွင့်လည်း မပြုပါဘူး။
လူနာတင်ဖို့အတွက် ထမ်းစင် ကိုင်ဆောင်ထားတဲ့ သူနာပြုများ ဒုတိယထပ်က အခန်းတစ်ခန်းဆီ
ဦးတည်သွားကြပါတယ်။ ဘုရင်မကြီးရဲ့ အနီးကပ် ခြေမြန်တော်တစ်ဦးကို သူနာတင်ကတ်နဲ့
သယ်ဆောင်သွားတာ မြင်လိုက်ကြရပါတယ်။ ဒီခြေမြန်တော်က ဘုရင်မကြီးအပါးမှာ အရိပ်သဖွယ်
လိုက်ပါရတဲ့သူ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရာမှာ မအောင်မြင်ဘဲ
အချိန်မီ ကယ်တင်နိုင်ခဲ့ ပေမယ့် ကျန်းမာရေးက နာလန်မထူတော့ပါဘူး။ ဒီအဖြစ်အပျက်က
၁၉၇၈ ခုနှစ်၊ ဧပြီလအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီလူက အသက်မသေပေမယ့် ကျန်းမာရေး
နာလန်မထူတာကို အကြောင်းပြပြီး အမှုထမ်းဘဝကို စွန့်သွားခဲ့ပါတယ်။
တစ်ချိန်တည်းလောက်မှာပဲ ဘုရင်မကြီးအပါးမှာ အနီးကပ် အမှုထမ်းတဲ့
အားနက်စ်ဘဲနက်ဆိုသူကလည်း အသက်အရွယ် အိုမင်းလာပြီ ဖြစ်လို့
အငြိမ်းစားယူသွားပြန်ပါတယ်။ သူက ဒုတိယကမ္ဘာစစ် အပြီးလောက်ကတည်းက စတင်ပြီး
ဘုရင်မကြီး အပါးမှာ ခစားနေခဲ့သူပါ။ အဲဒီလို ဘုရင်မကြီးရဲ့ စိတ်တော်ကို သိကြတဲ့
အမှုထမ်းနှစ်ယောက် ရုတ်ခြည်း လစ်လပ်သွားတဲ့နေရာမှာ ကျွန်တော်တို့
ခြေမြန်တော်များထဲက ဘယ်သူတွေများ တိုးမြှင့်ခန့်ထားခွင့် ရမလဲလို့ စိတ်ဝင်တစား
ရှိခဲ့ကြပါတယ်။
ဘုရင်မကြီး အပါးမှာ အမှုထမ်းခွင့် ရတဲ့သူများက
သူ့ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဆောင်ရွက်ပေးရပါတယ်။ သူမွေးထားတဲ့ ခွေးကလေး
ကိုးကောင်ကို အစာကျွေးရခြင်း အပါအဝင်ပေါ့။ လစ်လပ်သွားတဲ့ ရာထူးနှစ်နေရာအနက် ပထမ
တစ်နေရာကို ကျွန်တော့်မိတ်ဆွေ တစ်ဦးဖြစ်တဲ့ Paul Whybrew က ရရှိသွားပါတယ်။
နောက်တစ်နေရာက လစ်လပ်နေဆဲပါ။ ကျွန်တော်တို့ မသိတဲ့ အချက်တစ်ချက်က ဘုရင်မကြီးအနေနဲ့ သူကိုယ်တိုင် တက်ရောက်တဲ့
ပါတီပွဲများမှာ မင်းမှုထမ်းများရဲ့ လုပ်ရည် ကိုင်ရည်ကို တစေ့တစောင်း
အကဲခတ်နေလေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ သူ လေ့လာတာက လည်း အစုံပါပဲ။ တစ်ဦးချင်းရဲ့
ကိုယ်နှုတ်အမူအရာ၊ တာဝန်ထမ်းဆောင်မှု အစရှိတဲ့အချက်တွေ ပါဝင်ပါတယ်။ တကယ်တော့
ကျွန်တော်တို့ဟာ ကုန်တိုက်များမှာ မှန်ခန်းထဲထည့်ပြီး ပြသထားတဲ့
ရောင်းကုန်ပစ္စည်းများကို ဝယ်သူများက စိတ်ကြိုက်လေ့လာ အကဲဖြတ်နေကြတာနဲ့
မခြားပါဘူး။
ရက်အနည်းငယ်အကြာမှာ ကျွန်တော့်ကို
အုပ်ချုပ်ရေးရုံးက မစ္စတာ ဂျွန်ဖလွိုက်က လာတွေ့ဖို့ ဆင့်ခေါ်လာပါတယ်။ သူက 'မင်းအနေနဲ့
ဘုရင်မကြီး အပါးမှာ အမှုထမ်းဖို့ စိတ်ဝင်စားသလား'တဲ့။ အဖြေက
နှစ်ခု မဖြစ်နိုင်ပါဘူး။ ခေါင်းညိတ်လိုက်ရုံပါပဲ။ ဒီလိုနဲ့ အမှုထမ်းသက် ၁၆ လ
အတွင်းမှာ ကျွန်တော် စိတ်ကူးယဉ်ခဲ့တဲ့
ဘုရင်မကြီးအပါးက မင်းမှုထမ်းတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒီနေရာကို ရောက်တဲ့သူများမှာ
အထူးအခွင့်အရေး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများထက်
အပါးမှာ ခစားနေတဲ့ မင်းမှုထမ်းများက ဘုရင်မကြီးနဲ့ ပိုပြီး တိုက်ရိုက်
ထိတွေ့ဆက်ဆံမှု ရှိလို့ပါပဲ။
ဒီလိုနဲ့ ရာထူးတိုးမြှင့်ခံထားခြင်း
ခံရတဲ့ ဝန်ထမ်းနှစ်ဦးစလုံးရဲ့ နာမည်က ပေါလ်ဖြစ်နေတာကို သတိထားမိ ကြပါတယ်။
ဘုရင်မကြီးက ပေါလ်လို့ ခေါ်တော်မူရင် ကျွန်တော်တို့ နှစ်ယောက်တည်းက တစ်ယောက်ယောက်
ဖြစ်ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိဖို့ လိုအပ်လာပါတယ်။ ဒီပြဿနာကို
ဘုရင်မကြီးကိုယ်တိုင်ပဲ ဖြေရှင်းလိုက်ပုံက အရပ်ရှည်တဲ့ ပေါလ်ကို 'အရှည်ကြီး'
အရပ်ပုတဲ့ ပေါလ်ကို 'အပုလေး' လို့ ခွဲခြားလိုက်ခြင်းပါပဲ။ အရှည်ကြီး ပေါလ်က အရပ် ၆ ပေ ၂ လက်မရှိပြီး၊
ကျွန်တော်က အရပ် ၅ ပေ ၁ဝ လက်မသာ ရှိပါတယ်။
တယ်လီဖုန်းဆက်ပြန်ရင်လည်း
ကျွန်တော်တို့နှစ်ယောက်ရဲ့ အသံက ခပ်ဆင်ဆင် ဖြစ်တာကြောင့် ဘုရင်မကြီးက 'အရှည်ကြီးလားဟေ့'
'အပုလေးလားဟေ့' စသဖြင့် ကွဲကွဲပြားပြားသိ
အောင် မေးလေ့ရှိပါတယ်။ အဲဒီလိုပဲ သူနဲ့ သူ့ညီမတော် မာဂရက်တို့ရဲ့ အသံကလည်း
ခပ်ဆင်ဆင်ဖြစ်တာကြောင့် ဖုန်းဆက်သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ကလည်း ခွဲခြားရတာ
တော်တော်ခက်ပါတယ်။
အရပ် ၅ ပေ ၁ဝ လက်မ ရှိပါလျက်နဲ့
အပုလေးလို့ အခေါ်ခံရတာကြောင့် ဒီနာမည်ပြောင် ရခါစမှာ အခေါ်ခံရတိုင်း
ကျွန်တော့်ရင်ထဲ နာကျင်မှု ဝေဒနာ ခံစားရပါတယ်။ ဘာကင်ဟမ် ရွှေနန်းတော်အတွင်း
ခစားနေခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး တော်ဝင်မိသားစုများက ကျွန်တော့်ကို အပုလေးလို့သာ
ခေါ်ကြပါတော့တယ်။ နာမည်ပြောင်နဲ့ ပတ်သက်ပြီး ခိုးလိုးခုလု ဖြစ်ရပေမယ့် ကျွန်တော်က ဘုရင်မကြီးရဲ့ အနီးကပ် ခစားရတဲ့
မင်းမှုထမ်း ဖြစ်လာခြင်းကြောင့် ခြေမြန်တော်များ နေရတဲ့ အဆောင်မှာ မနေရတော့ဘဲ
သူ့ထက် အဆင့်မြင့်တဲ့ အခန်းတစ်ခန်းသို့ ရွှေ့ပြောင်း နေထိုင်ရပါတယ်။
နေ့စဉ် နံနက်တိုင်း ၇ နာရီမှာ
ကျွန်တော့် တာဝန်များ စတင်ထမ်းဆောင်ရပါတယ်။ ပထမဆုံး လုပ်ရတဲ့ အလုပ်ကတော့
ဘုရင်မကြီးရဲ့ အချစ်တော် ခွေးကလေး ကိုးကောင်ကို လမ်းလျှောက်ပေးရတဲ့ အလုပ်ပါပဲ။
သူတို့ ကိုးကောင်ရဲ့ နာမည်တွေကတော့ ဘရပ်ရှ်၊ ဂျော်လီ၊ ရှဲဒိုး၊ မစ်သ်၊ စမုတ်ကီ၊
ပိုက်ပါ၊ ဖေဘယ်လ်၊ စပါကီနဲ့ ချစ်ပါတို့ဖြစ်ပါတယ်။ ချစ်ပါ တစ်ကောင်သာ အထီးဖြစ်ပြီး
ကျန်ရှစ်ကောင်က အမများပါ။ လမ်းလျှောက်ပေးပြီးရင် နံနက် ၈ နာရီ တိတိမှာ
သူတို့အားလုံးကို ဘုရင်မကြီးရဲ့ စက်ရာ ဆောင်ထဲ ထည့်ပေးလိုက်ရပါတယ်။ လက်ဖက်ရည်
တစ်ခွက်နဲ့ ခွေးကိုးကောင်ဟာ ဘုရင်မကြီးရဲ့ စက်ရာက နိုးနိုးချင်း
အတွေ့ချင်ဆုံးအရာတွေပါပဲ။
မနက် ၉ နာရီထိုးရင်တော့ ဒီကောင်တွေကို
ဒုတိယအကြိမ် လမ်းလျှောက်ပေးရပါတယ်။ ၉ နာရီ ထိုးတာနဲ့ တစ်ပြိုင်နက် ဘုရင်မကြီးက
သူတို့ကို တံခါးဖွင့်ပြီး လွှတ်ပေးလိုက်ပါတယ်။ အပြင်မှာ စောင့်နေတဲ့ ကျွန်တော်က
တစ်ကောင်ချင်းစီကို လည်ပတ်များ စွပ်ပေးပြီး လမ်းလျှောက်ပေးဖို့ ဖြစ်ပါတယ်။ ခွေးကိုးကောင်ကို ဆွဲထားရတာ
ထင်သလောက် မလွယ်ဘူးဆိုတာ ဆန်ဒရင်ဟမ် အိမ်တော်မှာ ကျွန်တော် ကိုယ်တွေ့
ကြုံလိုက်ရပါတယ်။ အပြင်ထွက်ရတော့မယ် ဆိုရင်လည်း ဒီကောင်တွေက သူ့ထက်ငါအရင်ထွက်
ချင်ကြတာပါ။ တစ်မနက်မှာတော့ လှေကားထစ်များပေါ်မှာ နှင်းမှုန်ကလေးတွေ ကျနေတာကြောင့်
စိုရွှဲပြီး လှေကားထစ်များက ချောနေပါတယ်။
တံခါးဖွင့်လိုက်လျှင် ဖွင့်လိုက်ချင်း
ကျွန်တော်က လက်တစ်ဖက်နဲ့ ဆီးဖမ်းလိုက်ပြီး တစ်ကောင်ချင်းဆီကို လည်ပတ်တွေ
စွပ်ပေးနေချိန်မှာ ကိုးကောင်စလုံး ဆူညံနေကြတာပါ။ လှေကားထစ်ဆီကို သူ့ထက်ငါ
အပြေးအလွှား သွားကြတော့ ကျွန်တော့်မှာ သူတို့အားကိုနိုင်အောင် ထိန်းရင်း
လှေကားထစ်ကို ဆင်းလိုက်ရာ စိုရွှဲနေတဲ့အတွက် တလိမ့်ခေါက်ကွေး ကျသွားပါတော့တယ်။
ခွေးတွေက နှင်းမှုန်တွေကြား ပြေးထွက်သွားပြီး ကျွန်တော်ကတော့ လှေကားထစ်ပေါ်မှာ
သတိမေ့ကျန်ရစ်ပါတယ်။ ကျွန်တော် သတိရလာတဲ့အချိန်မှာတော့ ကျွန်တော့်မျက်နှာပေါ်မှာ
ဘုရင်မကြီးနဲ့ အမ်းမင်းသမီးတို့ရဲ့ မျက်နှာများ စီးမိုးနေတာကို တွေ့လိုက်ရပါတယ်။ 'ပေါလ်
နေကောင်းရဲ့လား' လို့ ဘုရင်မကြီးက ကြင်ကြင်နာနာ မေးပါတယ်။
လှေကားထစ်ပေါ်မှာ ကျွန်တော် သတိလစ်နေတာ ဆယ်မိနစ်လောက် ရှိပြီတဲ့။ ကျွန်တော်
မတ်တတ်ရပ်နိုင်အောင် သူတို့နှစ်ယောက်ကပဲ ဖေးမပေးကြပါတယ်။ နောက်စေ့မှာ ဧရာမဘုကြီး
တစ်ခုထွက်နေတာ စမ်းလိုက်မိပါတယ်။ တော်တော်လေး နာနေတာကြောင့် ဘုရင်မကြီးက
အိမ်တော်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာဖို့ဒ်ကို ဆင့်ခေါ်ပြီး စမ်းသပ်စေပါတယ်။
ဒီနေ့တစ်နေ့လုံး အိပ်ရာထဲမှာပဲ လှဲနေပါလို့ ဆရာဝန်က ညွှန်ကြားသွားပါတယ်။
နှင်းထဲမှာ ပြေးလွှားနေတဲ့ ခွေးကိုးကောင်ကိုတော့ တခြားအမှုထမ်းတစ်ဦးက
သိမ်းဆည်းလာပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။
ဒီကောင်တွေကို အစာကျွေးရတာကတော့
သိပ်ဒုက္ခမရောက်ပါဘူး။ ခွေးကိုးကောင်ရဲ့ အစာစားပွဲဟာလည်း နိုင်ငံတော် ပွဲတစ်ပွဲလို
ကြီးကျယ်ခမ်းနားပါတယ်။ ဘုရင်မကြီး အားလပ်နေ တယ်ဆိုရင် သူကိုယ်တိုင် ဇွန်းနဲ့
ခွံ့ကျွေးတာပါ။ အဲဒီလိုအခါမျိုးမှာ ကျွန်တော့်အနေနဲ့ ဘုရင်မကြီးနဲ့ လွတ်လွတ်လပ်လပ်
ကိုယ်ရေးကိုယ်တာ ကိစ္စများက အစ ပြောဖို့အခွင့်အရေး ရပါတယ်။ ဘာကင်ဟမ်
နန်းတော်မှာပဲဖြစ်ဖြစ်၊ ဝင်ဆာရဲတိုက်မှာပဲဖြစ်ဖြစ်၊ ဆာဒရင်ဟမ်
အိမ်တော်မှာပဲဖြစ်ဖြစ်၊ ဘာမိုရယ်လ် ရဲတိုက်မှာပဲဖြစ်ဖြစ် ခွေးတွေကတော့ ဘုရင်မကြီး
သွားလေရာ ပါပါတယ်။ ခွေးတွေကို အစာကျွေးရင်း ဘုရင်မကြီးနဲ့ ကျွန်တော်
လွတ်လွတ်လပ်လပ် စကားပြောနေပြီဆိုရင်တော့ ဘယ်သူမှ အနှောင့်အယှက် မရှိဘူးပေါ့။ ဒီလိုနဲ့
နှစ်ပေါင်းများစွာ အဲဒီအခွင့်အရေးကို ကျွန်တော် ရခဲ့ပါတယ်။
ခွေးတွေကို ဘုရင်မကြီးကိုယ်တိုင်
အစာကျွေးတော့မယ်ဆိုရင် ကျွန်တော်က လိမ္မော်ရောင် ပလတ်စတစ်ခွက် ကိုးလုံးကို
တန်းစီချထားပေးရပါတယ်။ ထိုင်စရာ မြက်ဖျာကလေး ကိုးချပ်ကိုလည်း သူ့နေရာနဲ့သူ
ချထားပေးပါတယ်။ ဘုရင်မကြီးက တစ်ကောင်ချင်းစီကို နာမည်ခေါ်ပြီး ခွက်တစ်ခွက် ချင်း
ချပေးတော့မှ ဒီကောင်တွေကလည်း စားကြတာပါ။ အဲဒီလို အချိန်မျိုးမှာဆိုရင်
ဘုရင်မကြီးရဲ့ စိတ်က နူးညံ့ပျော့ပျောင်းပြီး ပျော်ရွှင်နေတဲ့ အတွက် စကားတွေလည်း
အများကြီး ပြောတတ်ပါတယ်။ တစ်ခါတလေ သူ့ ငယ်ဘဝက အကြောင်းတွေကို ပြန်ပြောရင်း
တစ်ခစ်ခစ် ရယ်မောနေတဲ့အခါ တွေလည်း ရှိခဲ့ပါတယ်။
ဘုရင်မကြီးက စကားပြောတဲ့ အခါမှာ 'သိလား
ပေါလ်.... အဲဒီတုန်းက အရမ်းထူးဆန်းတာပဲ....' လို့ အစ
ချီထားပါတယ်။ တစ်ခါတလေ သူ့မိတ်ဟောင်း ဆွေဟောင်းများနဲ့ တွေ့ခဲ့တယ် ဆိုရင်လည်း 'မနေ့က ဘယ်သူနဲ့ တွေ့ခဲ့သလဲ သိလား....' လို့ အစချီတတ်
ပြန်ပါတယ်။ သူရယ်မောခဲ့ရတဲ့ အဖြစ် အပျက်တစ်ခုခုကို ပြောချင်ရင်တော့ 'သိပ်ရယ်ရတာပဲ သိလား' လို့ ပြောပါတယ်။ တစ်ခါတလေ
သူ့ပြိုင်မြင်းတွေက ပြိုင်ပွဲမှာ ဆုဖလားရပြီဆိုရင် 'မြင်းတစ်ကောင်
ဆုရပြန်ပြီကွဲ့....' လို့ ပြောတတ်ပါသေးတယ်။
အခါပေါင်းများစွာ ဘုရင်မကြီးနဲ့
လွတ်လွတ်လပ်လပ် စကားပြောခွင့် ရခဲ့စဉ်အတွင်းတုန်းက တစ်ကြိမ်မှာ
တခြားဘုရင်တစ်ယောက်ရဲ့အကြောင်း ကျွန်တော် ကြားခွင့်ရခဲ့ပါတယ်။ ပထမမြောက်
ချားလ်စ်ဘုရင်အကြောင်း ဖြစ်ပါတယ်။ ဘုရင်မကြီး ပြောပြနေစဉ်အတွင်းမှာ
ကျွန်တော့်စိတ်များက ၁၆၄၉ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့ လန်ဒန်မြို့တွင်းကို
ဧကရာဇ်စနစ် ဆန့်ကျင်ရေးသမား အိုလီဗာကွမ်းဝဲလ်က လူစုလူဝေးနဲ့ အလံတွေကိုင်ဆောင်ပြီး
ချီတက်လာကာ ချားလ်စ်ဘုရင်ကို ကွပ်မျက်ခဲ့တဲ့ မြင်ကွင်းကို
ပြန်လည်မြင်ယောင်လာစေပါတယ်။ တစ်နေ့မှာတော့ ဘုရင်မကြီးက 'သိလားပေါလ်...
မနေ့က အထူးဆန်းဆုံး ကိစ္စတစ်ခု ဖြစ်ခဲ့သကွယ့်' လို့
အစချီပြီး ပြောပြပါတယ်။ ပထမမြောက်
ချားလ်စ်ဘုရင်ကို သတ်ဖြတ်ခဲ့တဲ့ လူအုပ်ကြီးထဲက တစ်ယောက်သောသူရဲ့ အဆက်အနွယ်တစ်ဦးက
ဘုရင်မကြီးထံကို စာရေးလာခြင်းပါပဲ။ သူက ချားလ်စ်ဘုရင် ခေါင်းဖြတ် ကွပ်မျက်ခြင်း
မခံရမီ ဝှိုက်ဟောလ်ရဲ့ အပြင်မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးအခြေအနေများကို
ရေးသားခဲ့တာပါတဲ့။ ခွေးစာများကို ရောစပ်နေရင်းက ဘုရင်မကြီးက ကျွန်တော့်ကို
ဆက်လက်ပြောကြားတာကတော့ 'သူတို့ ချားလ်စ်ဘုရင်ရဲ့ ခေါင်းကို
ကုပ်ကနေ ခုတ်သတ်လိုက်တော့ အရိုးတစ်ခုက လူအုပ်ထဲကို လွင့်စဉ်ကျသွားသတဲ့ကွယ်။ အဲဒါကို
တို့များဆီ စာရေးတဲ့ သူရဲ့ အဆက်အနွယ်က ကောက်ပြီး သိမ်းထားခဲ့တာတဲ့။ သူကနေ တစ်ဆင့်
မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း သိမ်းဆည်းလာခဲ့ကြတာ အဲဒီအရိုးကို အခု ပို့လိုက်တာပဲ'
တဲ့။
ဘုရင်မကြီး စကားမှာ ကျွန်တော်
နစ်မျောနေတဲ့အတွက် ကျွန်တော့် ခြေထောက်နားမှာရှိတဲ့ ခွေးကိုးကောင်ကိုတောင်
မေ့သွားခဲ့ပါတယ်။ သိလိုဇောနဲ့ 'ဘုရင်မကြီးက အဲဒီအရိုးကို ဘယ်လိုများ
စီရင်မယ်လို့ စိတ်ကူးထားပါသလဲ'လို့ မေးကြည့်လိုက်တော့ 'လုပ်သင့်လုပ်ထိုက်တာတစ်ခုပဲ ရှိတယ် ပေါလ်ရဲ့၊ အဲဒါကတော့
ဒီအရိုးရဲ့ပိုင်ရှင်ဆီကို ပြန်ပို့ပေးရမှာပေါ့။ ဒါကြောင့် မနေ့ကပဲ အဲဒီအရိုးကို သင်္ချိုင်းတော်ထဲမှာရှိတဲ့
ချားလ်စ်ဘုရင်ရဲ့ ခေါင်းထဲ အထည့်ခိုင်းလိုက်ပြီလေ'လို့ဖြေပါတယ်။
'ထူးဆန်းတာပြောရဦးမယ်
ပေါလ်ရဲ့... အဲဒီအရိုးကို ချားလ်စ်ဘုရင်ရဲ့ ခေါင်းထဲကို ပြန်ထည့်ပေးလိုက်ပါလို့
တို့ကအမိန့်ပေးလိုက်တော့မင်းချင်းတွေက နှစ်ရာပေါင်းများစွာ လေအလုံ ပိတ်ထားတဲ့
ခေါင်းကိုဖွင့်လိုက်ကြတယ်လေ။ အံ့သြစရာ ကောင်းလိုက်တာ ပေါလ်ရယ်။ ချားလ်စ်ဘုရင်ရဲ့
မုတ်ဆိတ်မွှေးတွေက မပျက်မစီးဘဲ ရှိနေသတဲ့' လို့ အံ့သြတကြီး
ဆက်ပြောပါတယ်။ သူအံ့သြတာထက် ကျွန်တော်က ပိုပြီး အံ့သြခဲ့ရပါတယ်။
ဘုရင်မကြီးက ဇဝနဉာဏ်ရှိတဲ့အပြင်
ကျေးလက်က လူများကိုလည်း အထူးချစ်ခင်တတ်တဲ့ စိတ်ရှိပါတယ်။ သူကိုယ်တိုင် ကျေးလက်မှာ
မွေးဖွားခဲ့တာဖြစ်ပေမယ့် ဘုရင်မအဖြစ် ရောက်ရှိလာတဲ့အခါမှာတော့ အသုံးအနှုန်း
လေယူလေသိမ်းတို့က ကျေးလက်ဟန် ပျောက်ခဲ့ပါပြီ။ အင်္ဂလန် အရှေ့ပိုင်း အိုင်ယာလန်၊
ယော့ခ်ရှိုင်းယား၊ မာစီဆိုက်ဒ်၊ သြစတြေးလျားမှ သူ့ခရီးစဉ်အတွင်း ကြုံခဲ့ဆုံခဲ့တဲ့
သူများကိုလည်း မမေ့မလျော့ ရှိတတ်ပါတယ်။
ကျွန်တော့် တစ်သက်မှာ ဘယ်တော့မှ
မေ့မှာ မဟုတ်တဲ့ အဖြစ်တစ်ခုကို မှတ်မိပါသေးတယ်။ တော်ဝင်မိသားစု
စီးနင်းလိုက်ပါလာတဲ့ အမိုးဖွင့်ကား နောက်မှာ ကျွန်တော်က ဘုရင်မ သက်တော်စောင့်အဖြစ်
ထပ်ကြပ်မကွာ စီးနင်းလိုက်ပါလာရလို့ သူတို့ပြောသမျှကို ကြားနေရပါတယ်။ ပရိသတ်အတွင်း
မိသားစုရဲ့ကား ဖြတ်သန်းသွားတဲ့အခါမှာ ကျေးလက်သူကြီးတစ်ဦးက 'လစ်ဇ်ရေ...
ကျုပ်တို့ကိုလည်း လက်ပြပါဦးတော်' လို့ အော်လိုက်ပါတယ်။
သူ့အော်သံကို ကြားလိုက်တဲ့ ဘုရင်မကြီး က ပြုံးတော်မူလိုက်ပါတယ်။ အနားမှာရှိတဲ့
သူ့သားတော် ချားလ်စ်မင်းသားက ကျေးလက် လေသံနဲ့ ပြောလိုက်တဲ့
အမျိုးသမီးကြီးရဲ့စကားကို နားမလည်လိုက်ပါဘူး။ ဒါကြောင့် သူ့မယ်တော်ကို လှမ်းပြီး 'သူတို့ ဘာအော်လိုက်တာလဲ မာမီ' လို့ မေးလိုက်တော့
ဘုရင်မကြီးက ဘာသာပြန်ပြောပြပါတယ်။ ပြီးတော့ ပရိသတ်တွေကို လက်ပြမြဲပြနေတာကြောင့်
အနားမှာပါတဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးနဲ့ သားတော် ချားလ်စ်တို့က ဘုရင်မကြီးကို
ဒီလိုပြောရဲသူ ရှိလေခြင်းဆိုပြီး ရယ်ကြတာကို ကျွန်တော် ဘယ်တော့မှ
မေ့မှာမဟုတ်ပါဘူး။
အနီးကပ်နေခဲ့ရတဲ့ ကျွန်တော့် အနေနဲ့
ဘုရင်မကြီးရဲ့ ပင်ကိုသဘာဝ လှိုက်လှဲတဲ့ အပြုံးများကို ပြည်သူတွေ
မြင်စမ်းစေချင်ပါတယ်။ တကယ်တော့ သူလည်း မိန်းမသားတစ်ဦးသာ ဖြစ်ပါတယ်။ ရိုးရာဓလေ့တွေ၊
အဆောင်အယောင်တွေ၊ ထုံးတမ်းစဉ်လာတွေကို ဦးလည်မသုန် ထမ်းရွက်နေရတာ ကြောင့် ဣန္ဒြေဆယ်ပြီး
နေရတာပါ။ တကယ်တော့ သူဟာ အမြဲတစေပေါ့ ပေါ့ပါးပါး၊ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့
အမျိုးသမီးကြီးတစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဘုရင်မ ကြီးဟာ
ဟိတ်ကြီး၊ ဟန်ကြီးနဲ့ နေတတ်သူ မဟုတ်လို့ စကားပြောရတာလည်း လွယ်ကူပါတယ်။ တစ်ခါတလေ
ကျွန်တော်တို့နှစ်ယောက် ပန်းဥယျာဉ်တွေအကြောင်း၊ တောရိုင်း သဘာဝတွေ အကြောင်း၊
ပြောဖြစ်ကြတဲ့အခါတွေ ရှိပါတယ်။ ဘုရင်မကြီးက လူတွေကို စိတ်ဝင်စားတဲ့သူဆိုတာ
ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ သူတွေ့ဖူးကြုံးဖူးခဲ့တဲ့ သူတွေရဲ့ အကြောင်းကို မကြာခဏ
ပြန်ပြောင်းပြောပြတာတွေ ရှိသလို မကြာခင်ကာလမှာ တွေ့ရကြုံရမယ့် သူတွေရဲ့
အကြောင်းကိုလည်း ကြိုတင်လေ့လာ ပြောပြတတ်တာတွေ ရှိခဲ့ပါတယ်။ တကယ်တော့ သူဟာ
ဘုရင်မဖြစ်လာတဲ့ တောသူမကြီးတစ်ဦးနဲ့ ပိုပြီးတူပါတယ်။
နောက်တစ်ချက်ကတော့ သူဟာ
ဘယ်ခွေးချစ်သူနဲ့မှ မတူ၊ ထူးထူးခြားခြား ချစ်တတ်သူ တစ်ဦးပါ။ တစ်ခါတုန်းက
သူ့ခွေးတစ်ကောင် ချောင်းဆိုးနေတာကို သူကိုယ်တိုင် ကြမ်းပေါ်မှာ ဒူးထောက်ပွေ့ယူပြီး
ပါးစပ်ဖြဲပေးတော့ ကျွန်တော်က သူ့ညွှန်ကြားတဲ့အတိုင်း ခွေးပါးစပ်ထဲကို
ဆေးသေသေချာချာ ရောက်သွားအောင် ဆေးထိုးပြွန်နဲ့ ထိုးထည့်ပေးရပါတယ်။ ခွေးကလေးတွေ က အကောင်သေးသေးလေးတွေ
ဆိုပေမယ့် သူတို့မှာလည်း ခွေးကြီးများလိုပဲ ဒေါသစိတ်ရှိပြီး မလိုရင် ရန်မူ
တတ်ပါတယ်။ တစ်ခါတုန်းက ကျွန်တော်တို့ ဝင်ဆာရဲတိုက်မှာ ရောက်နေကြပါတယ်။ အဲဒီညမှာ
ဘုရင်မကြီးက ညစာ စားပွဲတစ်ခု တက်ဖို့အတွက် အပြင်သွားနေပါတယ်။ ကျွန်တော်ကလည်း
လွတ်လွတ်လပ်လပ်ရှိတာကြောင့် ရုပ်မြင်သံကြားစက်ဖွင့်ပြီး ဘီဘီစီ ရုပ်မြင်သံကြား
အစီအစဉ်မှ ဒါးလတ်စ်ဇာတ်လမ်းတွဲကို ကြည့်နေပါတယ်။ အစီအစဉ်ပြီးသွားတော့ ခွေးတွေကို
ညအိပ်ရာမဝင်ခင် နောက်ဆုံး လမ်းလျှောက်ပေးဖို့ ပြင်ဆင်ပါတယ်။ အပြင်ထွက်ရမှာဖြစ်လို့
ကုတ်ဝတ်နေတုန်းပဲ ရှိသေးတယ်။ ဒီကောင်တွေက တစ်ဟုန်ထိုးထွက်ပြေးသွားပါလေရော။
ခွေးကိုးကောင်အနက်က ဂျော်လီဆိုတဲ့ ခွေးမကလေးက အသေးဆုံးဖြစ်ပြီး
သားတော်မင်းသားများဖြစ်တဲ့ အင်ဒရူးနဲ့ အက်ဒဝပ်တို့ရဲ့ ခွေးမလေးလို့လည်း
သတ်မှတ်ထားတဲ့ ခွေးကလေးပါ။ ဒီ တစ်ကောင်တည်းကို ကျန်တဲ့ အကောင်တွေက
သည်းသည်းမည်းမည်း ဝိုင်းကိုက်ကြတာကြောင့် နန်းတော်တစ်ခုလုံး ခွေးသံများနဲ့
ဆူညံကုန်ပါတယ်။ ကျွန်တော် ကမန်းကတန်း ပြေးထွက်ပြီး ကြည့်လိုက်တော့ ဂျော်လီခမျာ
ကော်ရစ်ဒါ ထောင့်တစ်နေရာမှာ သွေးအလူးလူးနဲ့ ရှိနေပါပြီ။ ဗိုက်မှာလည်း
စုတ်ပြတ်နေပြီ။ ခွေးတွေ ဆူညံသံကို အမှုထမ်းတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာဘရေးက
ကြားလိုက်တာကြောင့် ပြေးထွက်လာပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ကျန်တဲ့ခွေးတွေကို
တံခါးပိတ်ပြီး ထိန်းသိမ်းဖို့ ကြိုးစားကြရာ ကျွန်တော်တို့ နှစ်ယောက်စလုံး
ခွေးကိုက်ဒဏ်ရာများ၊ အစွယ်နဲ့ ခြစ်မိတဲ့ ဒဏ်ရာများ အနှံ့ပါပဲ။ ဂျော်လီကလေး သေမှာ
သေချာသလောက် ရှိတယ်ဆိုတာ ကျွန်တော် သိလိုက်တဲ့အချိန်မှာ ခေါင်းထဲကို နောက်ထပ်
အတွေးတစ်ခု ဝင်လာပါတယ်။ တကယ်လို့ ဒီခွေးလေးသာ သေသွားရင် ဘုရင်မကြီး အမျက်တော်ရှမှာ
သေချာတယ်ဆိုတဲ့ အတွေးပါပဲ။
တိရစ္ဆာန်ဆေးကုဆရာဝန်ကို ပင့်ပြီး
ဂျော်လီကို ဆေးကုသစေသလို ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကိုယ်ပေါ်ကဒဏ်ရာများလည်း
ကုသမှု ခံယူရပါတယ်။ ကျွန်တော်တို့အတွက်တော့ မေးခိုင်ကာကွယ်ဆေး ထိုးပေးပြီး
ခွေးကိုက်ခံရတဲ့ ဒဏ်ရာများကို ဆေးထည့်ပေးရုံပါပဲ။ ခွေးမကလေးကိုတော့ အရေးပေါ်
ခွဲစိတ်ကုသမှု လုပ်ကြရပါတယ်။ သူ အသက်ရှင်ခဲ့ပေမယ့် ဝမ်းဗိုက်မှာတော့ အချက် ၂ဝ တိတိ
ချုပ်ခဲ့ရပါတယ်။
ညစာစားပွဲက ဘုရင်မကြီး
ပြန်ရောက်လာချိန်မှာ အဖြစ်အပျက်ကို အမှန်အတိုင်း ကျွန်တော်က သံတော်ဦး
တင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးကြောက်ထားသလို မဟုတ်ဘဲ
စိတ်သဘောထားပြည့်ဝတယ်ဆိုတာ ကြုံလိုက်ရပါတယ်။ သူခွေးအတွက် ဒေါသဖြစ်တာ မှန်ပေမယ့်
နားလည်မှုရှိစွာနဲ့ သူ့ဒေါသကို ထိန်းသိမ်းသွားခဲ့ပါတယ်။ အဝတ်လဲခန်းထဲဝင်သွားပြီး
ပြန်ထွက်လာတော့ လက်ထဲမှာ တိုင်းရင်းဆေးနှစ်လုံး ယူဆောင်လာပါတယ်။ 'ရော့...
ပေါလ် ဒီဆေးသောက်လိုက်၊ ဒဏ်ရာတွေ
သက်သာသွားလိမ့်မယ်' တဲ့။ တကယ်တော့ ဒီခွေးတွေအကြောင်း
ကျွန်တော် ဂဃနဏ မသိ ခဲ့တာပါ။ သူတို့က မကြာခဏ အဲဒီလို အချင်းချင်း ကိုက်တတ်ကြသတဲ့။
အစာကျွေးနေစဉ် တစ်ကောင်နဲ့ တစ်ကောင် စောင်နေကြပြီဆိုရင် ဘုရင်မကြီးက 'ဟဲ့... တိတ်ကြစမ်း၊ ဘယ်တော့မှ သင့်သင့်မြတ်မြတ် မရှိကြဘူး' လို့ အော်လေ့ရှိပါတယ်။
တစ်ခါတလေ ခွေးတွေကို အစာကျွေးရင်း
ကျွန်တော်တို့နှစ်ယောက် စကားလက်ဆုံကျနေတုန်း ဒီကောင်တွေ ဖောက်လာပြီဆိုရင်
စကားလမ်းကြောင်းက ပြတ်ကရော။ ဘုရင်မကြီးက သူ့ခွေးတွေနဲ့ မြင်းတွေကို အင်မတန် ချစ်ပါတယ်။
ဘယ်စံအိမ်မှာပဲ ပြောင်းရွှေ့စံနေသည်ဖြစ်စေ၊ ခွေးတွေကတော့ မဖြစ်မနေ ပါရတာပဲ။
စံအိမ်အတွင်းမှာ သူသွားလေရာကို သူ့ခွေးတွေက တစ်ကောက်ကောက် လိုက်တတ်စမြဲမို့ သူ
လာပြီဆိုတာ ခွေးတွေ အသံကြားရင် ကြိုတင်သိနိုင်ပါပြီ။ ဘုရင်မကြီးရဲ့ ခွေးတွေက
သူ့ကြင်ယာတော်နဲ့တောင် နီးစပ်ခွင့် မပေးသလိုပါဘဲ။ တစ်ခါတလေ ဘုရင်မကြီးက
သူ့ခန်းမဆောင်ထဲမှာ ရေးမှတ်အလုပ်လုပ်နေရင် ခွေးတွေက ခန်းမဆောင်ထဲကိုဝင်တဲ့
အပေါက်တိုင်း မှာ တစ်ကောင်စီ အိပ်နေတတ်ပါတယ်။ ကြင်ယာတော် မင်းသားကြီးအခန်းထဲကို
ဝင်မယ်ဆိုရင် သူတို့ကို ကျော်ခွပြီးမှ ဝင်ရတာဖြစ်လို့ 'ဒီခွေးတွေကလည်းကွာ၊
ဘာဖြစ်လို့များ ဒီလောက်တောင် အများကြီး မွေးရတာလဲ' လို့
သူ့အသံ သြသြကြီးနဲ့ ပြောလေ့ရှိပါတယ်။
သူဘာပဲပြောပြော ဘုရင်မကြီးကတော့
ခွေးတွေချစ်တဲ့စိတ်ကို လျှော့လေ့မရှိပါဘူး။ 'ဒါလင်ရယ်... ခွေးကလေးတွေက
ချစ်စရာလေးတွေပါ' လို့ သူ့ ကြင်ယာတော်ကို နှစ်သိမ့်တတ်ပါတယ်။
အပြင်လောကမှာ လူတစ်ကိုယ် ဝါသနာတစ်မျိုးဆိုသလို တံဆိပ်ခေါင်းစုသူများ ရှိကြပြီး
ဘုရင်မကြီး ကတော့ ခွေးပုကလေးတွေ စုဆောင်းကျွေးမွေးရတာကို ဝါသနာထုံတယ်လို့
ဆိုရပါမယ်။ ဒီအကျင့်က သူမရဲ့ အဘိုးဖြစ်သူ ပဉ္စမမြောက် ဂျော့ဘုရင်က စခဲ့တာလို့
ဆိုနိုင်ပြီး အင်္ဂလန်နိုင်ငံမှာ ခွေးပုကလေးများ အများဆုံး
ပိုင်ဆိုင်တဲ့သူလို့လည်း ဆိုနိုင်ပါတယ်။
ခွေးတွေက လူစိမ်းတွေဆိုရင်
ဆီးဟောင်ကြတော့တာပဲ။ သူတို့ ဘယ်လောက်ပဲ ဟောင်ဟောင် သူတို့သခင်မက 'ကဲ
တော်ကြစမ်း... အားလုံး ပါးစပ်ပိတ်' လို့
တစ်ခွန်းပြောလိုက်ရင် တစ်ကောင်မှ အသံမထွက်တော့ပါဘူး။ ခွေးများကအစ သူ့အမိန့်ကို
နာခံကြပါတယ်။
ခွေးများကို တစ်ကြိမ်
လမ်းလျှောက်ပေးရင် အနည်းဆုံး ၄၅ မိနစ် ကြာပါတယ်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ
လမ်းလျှောက်ပေးရမြဲပါ။ ခွေးကိုးကောင်စလုံးရဲ့ လည်ပတ်များမှာ ဘုရင်မရဲ့
ခွေးဖြစ်ကြောင်း အမှတ်အသားအဖြစ် ရေးထားတဲ့ သတ္ထုဝိုင်းကလေးတွေ ပါပါတယ်။ မတော် တဆ
ပျောက်ရှသွားရင် တွေ့တဲ့သူက ပြန်ပို့နိုင်အောင်ပါ။ တစ်ခါတုန်းက ကျွန်တော်
အဲဒီခွေးကိုးကောင်ကို လမ်းလျှောက်ထွက်ပြီး မိုးရေတွေ စိုရွှဲကာ ပြန်လာခဲ့ပါတယ်။
ဒါပေမယ့် ခွေးက ကိုးကောင်အစား ရှစ်ကောင်ပဲ ပါလာခဲ့ပါတယ်။
'ဟဲ့... ခွေးက ရှစ်ကောင်ပဲ
ရှိပါကလား... ရှဲဒိုးပါမလာဘူး' လို့ ဘုရင်မကြီးက
ထိတ်လန့်တကြားဆိုပါတယ်။
'စိတ်မပူပါနဲ့ သခင်မ၊
ကျွန်တော် တစ်ခေါက်ထွက်ပြီး ပြန်ရှာပါဦးမယ်' လို့
လျှောက်တင်လိုက်ပါတယ်။ အပြင်မှာတော့ မိုးတွေက သည်းကြီးမည်းကြီး ရွာနေဆဲပါ။
နာရီဝက်လောက်ကြာတော့ ပျောက်နေတဲ့
ရှဲဒိုးကို 'ဒီး' မြစ်ရဲ့ နံဘေးမှာ ပြန်တွေ့ရပါတယ်။ ဒီတော့မှပဲ
ကျွန်တော့်မှာ အသက်ဝဝ ရှူနိုင်ပါတော့တယ်။
ခွေးတွေထဲက တစ်ကောင်တည်းသော
အထီးဖြစ်တဲ့ ချစ်ပါက ကျွန်တော်နဲ့ ပိုပြီး ကျွမ်းဝင်လာတာကို ဘုရင်မကြီးက
သတိထားမိပါတယ်။ သူ့ အပါးမှာ ခစားရတဲ့ တစ်နှစ်တာ ကာလအတွင်း ချစ်ပါကို ကျွန်တော့်အိပ်ခန်းထဲမှာ
သိပ်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘာလ်မိုရယ်လ်၊ ဆာဒရင်ဟမ်၊ ဝင်ဆာ ရဲတိုက်များမှာသာ
ကျွန်တော်နဲ့ အိပ်ခွင့်ပြုပြီး ဘာကင်ဟမ် နန်းတော်ရောက် ရင်တော့ ခွင့်မပြုပါဘူး။
ဘာကြောင့်လဲဆိုတော့ ဘာကင်ဟမ်မှာ ကျွန်တော်နေရတဲ့ အခန်းက ဘုရင်မရဲ့ စက်ရာဆောင်နဲ့ ဝေးလို့ပါပဲ။
ချစ်ပါက ကျွန်တော့်အိပ်ခန်းထဲမှာ အိပ်ပြီဆိုရင် ကျွန်တော့် ခုတင်ခြေရင်းမှာ
အမြဲအိပ်လေ့ ရှိပါတယ်။ နောက် ကိုးနှစ်အကြာမှာတော့ သူကွယ်လွန်သွားခဲ့ရှာပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဝင်းငြိမ်း
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။