နိုင်မြင့်
၁။
ခွေးတစ်ကောင်၏ ဟောင်သံကြောင့် အိပ်ပျော်သလိုဖြစ်နေရာမှ
ကျွန်တော် ဖျတ်ခနဲ လန့်နိုးသွားသည်။ နာရီကိုကြည့်လိုက်တော့ ည ကိုးနာရီခွဲပြီ။
ကျွန်တော် အိပ်ပျော်သွားတာ နာရီဝက်လောက် ရှိသွားပြီထင်သည်။ သည်ညမှာ
ခါတိုင်းညတွေလို သူငယ်ချင်းတွေက လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လာမခေါ်ကြ။ အခုတလော
မကြာခဏဆိုသလို ကျွန်တော် နှာစေးတတ်သည်။ နှာစေးပျောက်ဆေး သောက်ထားသောကြောင့်
ဆေးအရှိန်ဖြင့် သူငယ်ချင်းတွေကို စောင့်ရင်း
ကျွန်တော် အိပ်ပျော်သွားတာပဲ ဖြစ်ရမည်။
ကျွန်တော် အိပ်သော သင်ဖြူးဖျာကို
ကြည့်လိုက်တော့ ခေါင်းရင်းနှင့် ခြေရင်း မှားခင်းထားတာကို တွေ့ရသည်။ ထိုစဉ်
လျှပ်စစ်မီးအားက ရုတ်တရက် တက်လာသောကြောင့် ပတ်ဝန်းကျင်ရှိ အိမ်များဆီမှ
မီးအားမြှင့်စက် မြည်သံများနှင့်အတူ ကျွန်တော့်နှစ်ပေမီးချောင်းကလေးပါ
လင်းထိန်လာသည်။ အခန်းနံရံမှာ ချိတ်ထားသော ဘွဲ့ဝတ်စုံနှင့် ကျွန်တော့်ဓာတ်ပုံက
ကျွန်တော့်ကို
မှုန်တေတေကြည့်နေသလို ခံစားရသည်။ ဓာတ်ပုံထဲရှိ ကျွန်တော့်မျက်နှာက တစ်စုံတစ်ခုကို
အလိုမကျဖြစ်နေသည့် မျက်နှာမျိုး။ ဘွဲ့ဓာတ်ပုံအပေါ်မှာ ပင့်ကူအိမ်တွေတောင်
ဖုံးလွှမ်းနေ၏။
မျက်စိကြည်သွားအောင် ကဖိန်းဓာတ်ဖြည့်မှ
ဖြစ်တော့မည်။ ကော်ဖီမစ်တစ်ထုပ်တော့ လက်ကျန်ရှိသေးသဖြင့် ဓာတ်ဘူးထဲရှိ မပူတပူ
ရေနွေးဖြင့် ဖျော်သောက်လိုက်သည်။ ကော်ဖီမစ်ဆိုတာ ပွက်ပွက်ဆူနေသော ရေနွေးဖြင့်
ဖျော်သောက်မှ အရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာဖြစ်ပေမယ့် ဒီလိုအနေအထားမျိုးမှာ
ကျွန်တော် ကြေးမများချင်တော့။ အရသာကို တစိမ့်စိမ့် မခံစားတော့ဘဲ
တစ်ကျိုက်တည်း
မော့လိုက်သည်။ ကောင်းကောင်း မွှေမထားသဖြင့် ခွက်အောက်ခြေမှာ မပျော်ဘဲ ကပ်နေသည့်
အနည်များကို တွေ့ရသည်။
မျက်စိတော့ နည်းနည်း ကြည်သွားသည်။
ဆေးပေါ့လိပ်တစ်လိပ်နှင့် ဂက်စ်မီးခြစ်ကိုယူပြီး သစ်သားခြံဝင်း တံခါးကလေးကို
တွန်းဖွင့်ကာ ခြံပြင်သို့ ကျွန်တော် ထွက်ခဲ့သည်။
နွေနှောင်းသည် ည ကိုးနာရီခွဲ၊
ဆယ်နာရီသို့ ရောက်သည့်တိုင် အပူရှိန်က မကျချင်သေး။ နဖူးက ချွေးစေးများကို လက်ဖြင့်
အသာသုတ်လိုက်သည်။ တိုက်သည့် လေကလည်း မအေး။ ပတ်ဝန်းကျင်က ပူသလို၊
ကျွန်တော့်ရင်ထဲမှာလည်း ပူနေသည်။ ပူရသည့် အကြောင်းရင်းကို ခြေရာခံ၍ ရသော်လည်း
လက်ခံဖို့ ကျွန်တော် ဝန်လေးနေမိသည်။ အနာဂတ် ဝန်ထုပ်ဝန်ပိုးစိတ်နှင့် ကျွန်တော်သည်
လမ်းကလေးကို ရှေ့နောက် လျှောက်ရင်း ခြေရင်းအိမ်ရှေ့ရှိ ရေမြောင်းကို
ဖြတ်ဆောက်ထားသော သစ်သား တန်းလျားကလေးအပေါ်မှာ ထိုင်ချလိုက်သည်။ ဆေးပေါ့လိပ် ဖွာရင်း
မီးခြစ်နှင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်ပဲ
လိုတော့သည်။
လူလတ်ပိုင်း အရွယ်သို့
ဝင်စပြုသည့်တိုင် ခံစားမှုက နုပျိုလတ်ဆတ်နေတုန်းပဲလားဟုလည်း မိမိကိုယ်ကို
မေးခွန်းထုတ်မိသည်။ အဲဒီအခိုက် လိပ်ပြာလေး သုတ်သုတ် သုတ်သုတ်နှင့် သူ့အိမ်ထဲ
ဝင်သွားတာကို ကျွန်တော် တွေ့လိုက်ရသည်။ လိပ်ပြာလေး၏ မျက်စောင်းက ကျွန်တော့်ဆီသို့
ရောက်မရောက်ကိုတော့ သတိမထားမိ။ လိပ်ပြာကလေးက ကျွန်တော်တို့ လမ်းကလေးနှင့်
ထောင့်မှန်ကျသော လမ်းကလေးမှ လာတာဖြစ်သည်။ ထိုလမ်းကလေးအတိုင်း တည့်တည့်
လျှောက်သွားလျှင် ကားမှတ်တိုင်သို့ ရောက်သည်။
လိပ်ပြာလေးတို့ အိမ်ကလေးက ကျွန်တော့်အိမ်ခန်းကလေး၏
ဓားလွယ်ခုတ်မှာ ရှိသည်။ အိမ်ကလေးက တစ်ထပ်ပျဉ်ထောင်အိမ်ကလေး။ ခြံစည်းရိုးက
ပုဏ္ဍရိက်ခြံစည်းရိုးဖြစ်ပြီး အိမ်ဝင်းတံခါး မှာ စက္ကူပန်းပင်တွေ စိုက်ထားသည်။
တရုတ်ကတ် မှန်ကလေးတွေ အိမ်ရှေ့မှာ တပ်ဆင်ထားသည်။ ခြံထဲမှာ အပင်ကလေးတွေ
ရှုပ်ယှက်ခတ်အောင် စိုက်ထားတာမို့ ခြံအပြင်လမ်းမက ကြည့်တဲ့အခါ အိမ်ထဲကို
သဲသဲကွဲကွဲ မြင်ရဖို့ သိပ်မလွယ်။
ကျွန်တော် သိရသလောက် လိပ်ပြာကလေးတို့က
သားအမိနှစ်ယောက်ထဲနေတာ ဖြစ်သည်။ သူတို့ ကုမ္ပဏီဖယ်ရီက အနီးဆုံး
ဘတ်စ်ကားမှတ်တိုင်အထိ လိုက်ပို့ပေးသဖြင့် ထိုမှတ်တိုင်မှ အိမ်သို့ ညတိုင်းလိုလို
ဆယ်နာရီမထိုးခင်လောက်မှာ ခြေလှမ်းသွက်သွက်နှင့် ပြန်လာနေကျဖြစ်သည်။ နံနက်
ရှစ်နာရီကျော်ကျော်လောက်မှာ သူ့အိမ်မှ စထွက်နေကျ ဖြစ်သဖြင့် အလုပ်ချိန်က
ကိုးနာရီမှ စတာပဲ ဖြစ်လိမ့်မည်။ သူ အလုပ်ပြန်ချိန်မှာ ကြိုမည့်သူ မရှိသော်လည်း
ရပ်ကွက်ထဲမှာ ဟော့ဟော့ရမ်းရမ်း ကောင်လေးတွေ မရှိလို့ တော်သေးသည်။ အရင်တုန်းက သူ
အလုပ်လုပ်တာကို မတွေ့ရ။ ကုမ္ပဏီဝတ်စုံနှင့် အသွားအပြန် လုပ်နေသော သူ့ကို မြင်ရတာ
တစ်လသာသာလောက်ပဲ ရှိသေးသည်။
မနက် ကိုးနာရီမှ ညကိုးနာရီအထိ
အလုပ်လုပ်ရသော လိပ်ပြာလေးမှာ စိတ်ကူးယဉ် ပျံသန်းနိုင်မှုတွေ ရှိပါ့မလားဟုလည်း
ကျွန်တော် တွေးမိသေး၏။ ပျံသန်းနိုင်သော စိတ်ကူးတွေ ရှိရင်တောင်မှ လှပသော
စိတ်ကူးပန်းခင်းကြီးထဲမှာ ဟုတ်နိုင်ပါ့မလားဟုလည်း ထပ်မံ တွေးမိသေးသည်။
အတွေးတွေကလည်း ဆေးလိပ်မီးခိုးငွေ့များနှင့် အတူ။
၂။
လိပ်ပြာလေးက ကျွန်တော့်ထက် အနည်းဆုံး
နှစ်နှစ်လောက်တော့ ငယ်လိမ့်မည်ထင်သည်။ 'လိပ်ပြာလေး' ဆိုတာက ကျွန်တော် သူ့ကို စိတ်ထဲက နာမည်ပေးထားခြင်းဖြစ်သည်။ လိပ်ပြာလေးက
ဖြူလည်းဖြူသည်။ နုလည်း နုသည်။ အရပ်အမောင်းကတော့ ငါးပေလောက်ပဲ ရှိလိမ့်မည်။
လမ်းထဲရှိ ကလေးတွေကတော့ 'မစု' ဟု
ခေါ်ကြသည်။ နာမည် အပြည့်အစုံကိုတော့ ကျွန်တော် မသိ။
ရွက်ကျပင်ပေါက်လို လူတစ်ယောက်ဖြစ်သော
ကျွန်တော့်ကို လမ်းမှာတွေ့ရင် ခေါင်းငုံ့ပြီး လျှောက်နေရာမှ မျက်လုံးကလေးကို
အသာထောင့်ကပ်ပြီး ဖျတ်ခနဲ ကြည့်တတ်သည်။ သူအလုပ် သွားရာ လမ်းကလေးဘေးရှိ 'ကမ္ဘာကျော်'
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော် ထိုင်လျှင် ဆိုင်ထဲသို့
မျက်လုံးတစ်ချက် ဝှေ့သွားတတ်သည်။ သူ့မျက်လုံးမှာ ရောင်စဉ်ခုနှစ်သွယ်
ယှက်သန်းနေသည်ဟု ခံစားမိသည်။ မရေရာတဲ့ လူတစ်ယောက်ရဲ့ ပခုံးပေါ်ကို လိပ်ပြာလှလှလေး
တစ်ကောင် လာနားလို့ ဖြစ်နိုင်ပါ့မလားဟုလည်း စိတ်ကူးယဉ်မိသေးသည်။
ပညာတတ်ဟု မည်မည်ရရ မပြောနိုင်သော ကျွန်တော့်ကို
အလုပ်လက်မဲ့ဟုလည်း တိတိကျကျ မပြောနိုင်။ ကျူရှင်သင်သည့် ရေစီးမှာ မျောပါနေတာ
ခုနှစ်နှစ်ခန့် ရှိပြီ။ မိသားစုနှင့်လည်းဝေး၊ ချစ်ဦးသူနှင့်လည်း ဝေးပြီး ဟင်္သာတ
ထွန်းရင်သီချင်းထဲကလို 'ရေဝေးပန်းနှယ်' ဖြစ်နေသောဘဝမှာ မသေချာခြင်းသည်ကပင်
သေချာခြင်းတစ်ခုဖြစ်နေသည်။ ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် ကျွန်တော် စိတ်လေနေသည်။
ကျောင်းသားဘဝတုန်းက စာကျက်ရတာ စိတ်လေလျှင် စာမေးပွဲပြီးတဲ့အခါ စိတ်လေတာ
ပျောက်သွားမှာပဲဆိုပြီး သည်းခံနိုင်သော်လည်း အခုလို အတန်းစာမေးပွဲပြီးဆုံးပြီး
ဘဝစာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံတွေ့ လာသည့်ကာလမှာ ဘယ်အချိန်အထိ
ကျွန်တော် သည်းခံရဦးမှာလဲ။ စိတ်ကို မလေအောင်လုပ်ဖို့ သိပ်မလွယ်။ ဒီထက်ပိုပြီး
ဆိုးရွားသည့် အခြေအနေမျိုး မရောက်အောင်ကိုဘဲ တော်တော်ထိန်း ထားရသည်။
တစ်ချိန်တုန်းက အသုံးစွဲလွန်ခဲ့သော
အတိသယဝုတ္တိ အလင်္ကာတွေကို လိပ်ပြာလေးက နားထောင်မယ် ဆိုရင်တောင်မှ ပြောချင်စိတ် မရှိတော့။
လိပ်ပြာလေးကို ချစ်မိတာကတော့ သေချာပြီ။ ဒါပေမယ့် အသက်အရွယ်ကို လိုက်ပြီးတော့
အချစ်ကို ဖွင့်ဟရဲသော သတ္တိတွေ ဆုတ်ယုတ်လာတာကိုပဲ မချင့်မရဲ ဖြစ်မိသည်။ အချစ်ကို
ဖွင့်ဟဖို့ လမ်းမှာ လိုက်ပြောရမည့်နည်းပဲ ရှိသည်။ လမ်းမှာ လိုက်ပြောဖို့က အခုလို အသက်အရွယ်မှာ
ဧရာမ စွန့်စားခန်းကြီး။ မျှော်လင့်ချက်ဆိုသော ဝေါဟာရကိုလည်း လွန်ခဲ့သော နှစ်တွေ
တော်တော်များများကတည်းက သဘောပေါက်ခဲ့ပြီးပြီ။
ပရမ်းပတာကျမှုတွေ စိုးမိုးနေတဲ့ဘဝမှာ
လိပ်ပြာလေးအပေါ် ချစ်တဲ့စိတ်ကို ဖြေဖျောက်ဖို့ ကျွန်တော် ထွက်ပြေးသွားရင်ကော
စက်ကွင်းတစ်ခုက မလွတ်မြောက်နိုင်ဘူးလား။ အဲသလိုဆိုရင် ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့
ကြုံတိုင်း ဖွင့်ပြောဖို့ မစဉ်းစားဘဲ အမြဲတမ်း ရှောင်ပြေးရတော့မှာလား ဆိုပြီး
မိမိကိုယ်မိမိ စိတ်ပျက်မိသည်။
အပြိုင်ဖြစ်နေသော
မီးရထာသံလမ်းတွေအပေါ်မှာ ထိုင်ရင်း မိုးကောင်းကင်မှာ ငှက်တစ်အုပ် ပျံသန်းသွားတာကို
အဓိပ္ပာယ်ကင်းမဲ့စွာ ငေးမောကြည့်ခဲ့ဖူးသည်။
၃။
လိပ်ပြာလေးကိစ္စနှင့် ပတ်သက်ပြီး
သူငယ်ချင်း မင်းဟန်စိုးနှင့် လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တိုင်ပင်ခဲ့ဖူးသည်။
'မင်း သူ့ကို တကယ်
ချစ်လို့လား'
'ဆိုပါတော့ကွာ'
မင်းဟန်စိုးက
ရေနွေးကြမ်းငှဲ့သောက်ရင်း ကျွန်တော့်စကားကို ဆက်နားထောင်သည်။
'တို့ ဆယ်ကျော်သက်တုန်းက
မိန်းကလေးတစ်ယောက်ကို ချစ်တယ်ပြောဖို့ ဝန်မလေးဘူး။ တာဝန်ယူတဲ့ သဘောမျိုးလည်း
မပါဘူး။ ဒါပေမယ့် အခုလို အရွယ်မျိုး မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတဲ့စကား
ပြောလိုက်ရင် စကားရဲ့ နောက်ကွယ်မှာ တာဝန်ယူခြင်းဆိုတဲ့ သဘောပါနေ တယ်လို့ ငါယူဆတယ်။
အဲဒါကို တွေးမိတိုင်း ငါ တုံဆိုင်းတုံ့ဆိုင်း ဖြစ်မိတာ'
မင်းဟန်စိုးက ခပ်ဖွဖွ ပြုံးလိုက်သည်။
ပြီးတော့မှ-
'မင်းလိုသာ လူတကာ
တွေဝေနေရင် အိမ်ထောင်ပြုဖို့ ကိစ္စတွေ ပေါ်လာတော့မှာ မဟုတ်ဘူး။ ဒါနဲ့ မင်းက သူ့ကို
လိပ်ပြာလေးလို့ နာမည်ပေးထားတော့ လိပ်ပြာ မဖြစ်ခင် 'ခူ'
ဘဝက အဖြစ်အပျက်တွေကိုရော သေချာသိလို့လား'
'သိစရာ မလိုပါဘူးကွာ'
ကျွန်တော့်စကားကြောင့် မင်းဟန်စိုးက
ခေါင်းညိတ်သည်။ မှာထားသော လက်ဖက်ရည် ပေါ့ဆိမ့်ကို အတွေးကိုယ်စီနှင့် သောက်နေကြပြီး
တော်တော်လေး ကြာတော့မှ...
'မင်းနဲ့ သူနဲ့ အခေါ်အပြော
ရှိပြီလား'
'အခေါ်အပြောတော့
မရှိသေးဘူး၊ မျက်လုံးချင်း ဆုံရင်တော့ ငါ့အတွက် အဖြေတစ်ခုရှိတယ် ထင်တာပဲ'
'အဖြေဆိုတာ Positive answer
ကို ပြောတာလား'
'ဒါပဲပေါ့ကွာ။ သူ အခု
ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ အလုပ်ချိန်က မနက်ကိုးနာရီကနေ ညကိုးနာရီအထိဆိုတော့
အလုပ်ချိန်ကပဲ ဆယ်နှစ်နာရီ ရှိနေပြီ။ အကောင်းမြင်ဝါဒနဲ့ပဲ စဉ်းစားမယ်။ ငါနဲ့ သူနဲ့
အိမ်ထောင်ကျပြီ ဆိုပါတော့။ အဲဒီကျရင် ငါက သူ့ကို လက်ရှိအနေအထား ထက်ပိုကောင်းတဲ့
ဘဝတစ်ခု တည်ထောင်ပေးနိုင်ပါ့မလား ဆိုပြီး သံသယ ဝင်မိတယ်။ အဲဒါတွေက ငါ့ကို
နှိပ်စက်နေတာ။ မလုပ်ဖြစ်ခဲ့ရင်လည်း တစ်ချိန်ချိန်မှာ လိပ်ပြာလေးနဲ့ ပတ်သက်ပြီး
နောင်တရမယ် ထင်တယ်ကွာ'
'မင်းကတော့ နောင်တကို
တော်တော်ချစ်တယ်နဲ့ တူတယ်' ဆိုသော မင်းဟန်စိုး၏ အသံမှာ
အားမလိုအားမရနိုင်သည့်သဘော ပါဟန်တူသည်။ မင်းဟန်စိုးကိုတောင် လိပ်ပြာလေးနှင့်
ပတ်သက်ပြီး ကျွန်တော် ရေးစပ်ထားသည့် ကဗျာလေး တစ်ပုဒ်ကို ရွတ်ပြခဲ့ဖူးသည်။
-
အာရုံမှာ ရစ်ဝဲတဲ့
ရင်ထဲက 'ခင်'
-
ချစ်မေတ္တာ
ကိုယ်ကယိမ်းပေမယ့်
သူစိမ်းပြင်ပြင်။
-
သမုဒယနှောင်ကြိုးမျှင်
သံယောဇဉ်ထပ်ကာတိုး။
-
အိပ်မက်မှာ
ထိန်ဝှက်စွာ
ကိုယ်ထင် မပြလေတော့
ဘဝဟာ နွေတစ်ခုပါပဲ
'ခင်စု' ကို
တမ်းတလို့
လွမ်းရ တိတ်တခိုး။
၄။
ကျွန်တော်သည် အတွေးစက်ဝိုင်းပေါ်ရှိ
ပွိုင့်တစ်ခုမှာ အတွေးစကို ရပ်နားလိုက်သည်။ မိုးကောင်းကင်မှာ လျှပ်စီးတစ်ချက်
လက်သွားတာကို တွေ့ရသည်။ 'မိုးဦးတောင် ကျတော့မှာပါလား' ဟု ကျွန်တော်
သတိထားမိ၏။ ရာသီတစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်းနှင့်အတူ ဘဝတစ်ခုမှ တစ်ခုသို့
ကူးပြောင်းခြင်းတွေလည်း ဖြစ်လာနိုင်သေးသည်။
လက်ထဲရှိ မီးသေနေပြီဖြစ်သော
ဆေးပေါ့လိပ်ကို မီးညှိပြီး အဆိပ်ငွေ့များကို အဆုတ်ထဲသို့ အားရပါးရ ရှူသွင်းလိုက်၏။
ဘယ်အိမ်က ကက်ဆက်သံမှန်း မသိ။ ဝိုင်ဝိုင်း၏ 'မနက်ဖြန်ဆိုတာ
ရှိနေသေးသမျှ ချစ်ခွင့်ရှိသေးတယ်' ဆိုသော အသံကိုလည်း
သဲ့သဲ့ကြားရ၏။ ကျွန်တော်ကတော့ ဆေးလိပ်ငွေ့များ ရှူသွင်းထားသဖြင့်
အဆိပ်သင့်နေပြီဖြစ်သော အဆုတ်ဖြင့် မနက်ဖြန်ပေါင်း များစွာကို ဆက်လက်ရင်ဆိုင်
ရဦးမည်။
ထိုင်ရတာ ပျင်းလာသဖြင့် ကျွန်တော်
လမ်းထလျှောက်မိသည်။ လိပ်ပြာလေးတို့ အိမ်ရှေ့ရောက်တော့ အိပ်ထဲမှ ဇွန်းသံ၊
ပန်းကန်သံတွေကို ကြားရသည်။ ထမင်းချိုင့်ဆေးသည့် အသံပဲလား၊ ဒါမှမဟုတ်
ထမင်းစားပြီးလို့ ပန်းကန်ခွက်ယောက် ဆေးလို့ မြည်တဲ့အသံပဲလားဟု ကျွန်တော်
တွေးမိသည်။ ညစာကို ဆယ်နာရီကျော်မှ စားရသော မိန်းကလေး တစ်ယောက်အဖို့ ကြားထဲမှာ
ဗိုက်ဆာရင် ဘာစားမှာလဲ၊ အစာအိမ်ရောဂါ မဖြစ်အောင် ပေါင်မုန့်ကလေးလောက်တော့ ဝယ်ပြီး
ကြိုဆောင်ထားမှာပေါ့ဟု ကိုယ့်ဘာသာကိုယ် အမေးအဖြေလုပ်ရတာ ရယ်စရာတော့ ကောင်းလှသည်။
ဆယ်နာရီ မိနစ်လေးဆယ်မှာ
လိပ်ပြာလေးတို့ အိမ်က မီးရောင်ပျောက်သွားသည်။ အဲဒီတော့မှ ကျွန်တော့်
အိမ်ခန်းလေးသို့ ပြန်လာခဲ့သည်။
၅။
နောက်တစ်နေ့ နံနက်မှာ ကျွန်တော်
အစောကြီး နိုးနေသည်။ လိပ်ပြာလေးနှင့် ပတ်သက်ပြီး ကျွန်တော် နောင်တမရချင်တော့။
တစ်ခုခုကို ကြိတ်မှိတ်ပြီး လုပ်ရတော့မည်။ ညက မိုးနည်းနည်း ရွာထားသဖြင့်
မြေသင်းနံ့နှင့်အတူ ပိတောက်ရနံ့တွေပါ ရနေသည်။ ပိတောက်နှင့်အတူ ကျွန်တော်
ရင်ခုန်ချင်သေးသည်။
လိပ်ပြာလေးလာမည့် လမ်းဘေးရှိ
ကမ္ဘာကျော် လက်ဖက်ရည်ဆိုင်မှာ နာရီဝက်လောက် စောပြီး လက်ဖက်ရည်တစ်ခွက်နှင့်
ကျွန်တော် ကြိုစောင့်နေမိသည်။ တစ်ယောက်တည်း ကြာကြာထိုင်ရတာ ကြောင်တောင်တောင်နိုင်သဖြင့်
စာအုပ်တစ်အုပ်ပါ ယူလာခဲ့သည်။ ရှစ်နာရီ ဆယ့်ငါးမိနစ်လောက် ရောက်တော့ လိပ်ပြာလေး
အိမ်ထဲမှ ထွက်လာတာကို လှမ်းတွေ့ရသည်။ ကျွန်တော် လက်ဖက်ရည်ဖိုး ရှင်းပြီး ထိုင်ရာမှ
ထလိုက်သည်။ ကျွန်တော့် လှုပ်ရှားမှုနှင့် မနှေးမနှောင်းမှာပင် ဘေးဝိုင်းရှိ
တီရှပ်နှင့် ဂျင်းပင်န်ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည်လည်း လက်ဖက်ရည်ဖိုး
ရှင်းပြီး ထသွား သည်။
ကားမှတ်တိုင်မှာ ကျွန်တော်
ကြိုစောင့်နေမိသည်။ လိပ်ပြာလေးက တဖြည်းဖြည်းနှင့် ကျွန်တော့်အနားသို့ ရောက်လာသည်။
မခုန်ရတာ ကြာပြီဖြစ်သော ကျွန်တော့်ရင်က တလှပ်လှပ်ခုန် နေ၏။ လိပ်ပြာလေးကို ကျွန်တော်
မရဲတရဲ ကြည့်လိုက်သည်။ မျက်လုံးချင်း အဆုံမှာ အံ့သြစရာ တစ်ခုကို တွေ့လိုက်ရသည်။
သူ့မျက်လုံးတွေက အရင်တုန်းကလို ရောင်စဉ်ခုနှစ်သွယ် မသွယ်တန်းတော့။ ပကတိတည်
ငြိမ်နေသလိုပင်။
'အလုပ်သွားပြီလား' ဟု ကျွန်တော်က ထပ်မေးလိုက်တော့၊ အံ့အားသင့်သလို ဖြစ်သွားပြီး ခေါင်းညိတ်ပြသည်။
'ဘယ်မှာလုပ်တာလဲ' ဟု ကျွန်တော်က ထပ်မေးလိုက်တော့
'မြို့ထဲမှာ' ဟု တုံးတိတိဖြေပြီး ဘတ်စ်ကား လာမည့်လမ်းကို လှမ်းမျှော်နေသည်။ ကျွန်တော်
သတိထားမိတာ တစ်ခုက သူ့မျက်လုံး၊ သူ့အကြည့်၏ နောက်ကွယ်မှာ တစ်စုံတစ်ခုကို ဖုံးကွယ်
သိုဝှက်ထားပုံ ရသည်။
ခပ်လှမ်းလှမ်းမှ လာနေသော
မှန်လုံကားကို မျှော်ကြည့်ရင်း လမ်းမဘက်ဆီသို့ အနည်းငယ် ရွှေ့သွားတာကို တွေ့ရသည်။
ကျွန်တော် ဘာလုပ်ရမည်နည်း။ ဆုံးဖြတ်ချက်တစ်ခုကို အချိန်တိုအတွင်း မှာ ချရတော့မည်။
ထိုစဉ် စောစောက ကျွန်တော့်ဘေးဝိုင်းရှိ ပိုက်ဆံရှင်းပြီး ထသွားသော လူငယ်လေးသည်လည်း
လိပ်ပြာလေးအနားသို့ ပျံဝဲသွား၏။ မှန်လုံကားကြီးသည်လည်း ရောက်လာပြီး
'တက်မည့် ခရီးသည်တွေ
အဆင်းသမားကို ဦးစားပေးကြပါ' ဟူသော စပါယ်ယာ၏ အသံကိုလည်း
ကြားရသည်။ လိပ်ပြာလေးရော၊ လူငယ်လေးပါ ကားပေါ်သို့ အတူတက်သွားကြသည်။ ကားကလည်း
မှတ်တိုင်မှာ ခရီးသည် စောင့်နေပြန်သည်။ ကျွန်တော်၏ လက်ရှိအခြေအနေသည်
မပစ်မြှောက်ရသေးသော ဒင်္ဂါးပြားတစ်ပြားလို ဖြစ်နေသည်။ ချီတုံချတုံ
ဖြစ်နေတုန်းမှာပဲ မှန်လုံကား ကြီး အင်နားရှားကို ဆန့်ကျင်သွားပြီ။ ကျွန်တော်
ဆက်လိုက်မသွားဖြစ်တော့။
အရင်တုန်းက အရည်လဲ့သော
သူ့မျက်လုံးကလေးများသည် အနည်းဆုံး ရှက်သလိုလိုတော့ ဖြစ်နေရမည်ဟု ကျွန်တော်
ခန့်မှန်းထားသော်လည်း အခုတော့ မျက်လုံးတွေရော၊ စကားသံကပါ တည်ငြိမ်နေသည်။ ကျွန်တော်
တစ်ခုခုကို သဘောပေါက်သလိုတော့ ရှိသွားပြီ။ သူသည် အနီးအနား ပတ်ဝန်းကျင်လောက်သာ
လှည့်လည် ပျံသန်းနိုင်သော လိပ်ပြာလေး တစ်ကောင်မဟုတ်တော့။ ဒါကြောင့်မို့ အနီးအနားရှိ
ပန်းခင်းလောက်ကိုသာ လှတယ်ဟု မထင်တော့။ ခရီးဝေးဝေး လံလံ ပျံသန်းနိုင်သော
ငှက်ကလေးတစ်ကောင် ဖြစ်သွားပြီဟုပဲ ယူဆရမည်။
သို့သော်...
ပင်လယ်သမုဒ္ဒရာကို
ကူးဖြတ်ပျံသန်းနိုင်သော ပျံလွှားငှက်လောက်တော့ ကျွန်တော် သူ့ကို မဖြစ်စေချင်ပါ။
ဒါပေမယ့် ခေါင်းလား၊ ပန်းလား တိတိကျကျ သိချင်သေးသောကြောင့် ကံကြမ္မာ ဒင်္ဂါး
ပြားကိုတော့ အခွင့်ကြုံတဲ့ တစ်နေ့မှာ ပစ်မြှောက်ကြည့် ချင်ပါသေးသည်။
နိုင်မြင့်
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်