သင်းပပ
ကော်လင်းဖာရဲလ်ဟာ ရထားတွဲတစ်ခု စီးပြီး ခရီးသွားနေတယ်။ သူ ဒီရထားပေါ်ကို ဘယ်လိုတက်ခဲ့မိသလဲဆိုတာ လုံးလုံး မမှတ်မိတော့ပါဘူး။ ပြီးတော့ ဘယ်ဆီကို သွားမယ်ဆိုတာလည်း စိတ်အရှုပ်ခံပြီး ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ ဒါပေမယ့် လောလောဆယ်မှာတော့ သူ ဒီရထားပေါ် ရောက်နေတာပဲ။ သူ ပျော်နေတယ်လေ။
သူဟာ ရထားတွဲရဲ့ ပြူတင်းပေါက်ကနေ ဖြတ်ပြီးမြင်ရတဲ့
ပြင်ပလောကကို အချိန်အတော်ကြာ ကြည့်နေတယ်။ တရိပ်ရိပ်ပြောင်းသွားတဲ့
ရှုခင်းတွေကိုပဲပေါ့။ ခရီးနှင်လာခဲ့တာ အတန်ကြာလာတဲ့အခါ သူတစ်ခုကို
သေချာသတိပြုမိလာတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးတစ်လျှောက် ပြူတင်းပေါက်ကနေ
ဖြတ်မြင်ရတဲ့ မြင်ကွင်းတွေ။ သဘာဝရှုခင်းတွေဟာ တစ်ခုနဲ့တစ်ခု တစ်ခါမှ ထပ်တူရယ်လို့
မကျပါကလား ဆိုတာပဲ။ မကြာခဏ ဆိုသလို ရထားက ရပ်ပါတယ်။ ဒီအခါမှာ ခရီးသည်တွေလည်း
ရထားပေါ်က ဆင်းကြ၊ ခြေဆန့်လက်ဆန့် လုပ်ကြ။ ကိုယ်လက် သန့်စင်ကြနဲ့ပေါ့။ တစ်နေရာမှာတော့
ဖာရဲလ်ဟာ တွဲပေါ်ကနေ အောက်ဆင်းပြီး နားနေခန်းထဲမှာ ဟိုလျှောက်၊ ဒီလျှောက် လုပ်ရင်း
ဆံကေသာကို သေချာသထားတဲ့ အမျိုးသမီးတစ်ဦးဆီက အသားညှပ်ပေါင်မုန့်တစ်ခု ဝယ်လိုက်တယ်။
တစ်ခွန်းစနှစ်ခွန်းစတောင် ကြူကြည့်လိုက်သေးတယ်။ ပြီးတော့မှ ပေါင်မုန့်ကို
မစားချင်စားချင်နဲ့ ဝါးလိုက်တယ်။ ခဏအကြာမှာ ခရီးသည်များ ရထားပေါ် ပြန်တက်ကြဖို့
ခေါ်သံတစ်ခု ထွက်လာတယ်။ တချို့ကတော့ ပြန်တက်ကြပါရဲ့။ တချို့ကျတော့လည်း
နောက်တစ်ခါမှပဲ တက်တော့မယ်ဆိုပြီး ဆက်နားနေကြတာပါပဲ။ ကော်လင်းဖာရဲလ်ကတော့
အမြဲတမ်းလိုလိုပါပဲ။ ခေါ်သံကြားရင် ပြန်တက်လိုက်တာပါပဲ။ ရပ်နားနေတာဟာလည်း ကြာရင်
ငြီးငွေ့လာတတ်တယ်ဆိုတာ သူသိနေတယ်လေ။
သူ ဘာလုပ်နေတာလဲဆိုတာ သူ့ကိုယ်သူ
စောကြောကြည့်မိတယ်။ သူ ဘယ်လို ခရီးထွက်လာခဲ့မိတာလဲဆိုတာလည်း စဉ်းစားမိလာတယ်။
ဒါတင်မကသေးဘူး။ တစ်ခုခုတော့ ဖြစ်လာဖို့ ရှိသလားဆိုတာလည်း စဉ်းစားချင်စိတ်တော့
ဝင်လာသလိုလိုပဲ။ ရထားပေါ် ပြန်ထိုင်ပြီးနောက် ပြတင်းပေါက်က မြင်ကွင်းတွေဟာ
တရွေ့ရွေ့ ပြောင်းလာပြန်တော့တယ်။ နောက်တော့လည်း တရိပ်ရိပ်နဲ့ မြန်လာလေတယ်။
အဲဒီအခိုက်မှာပဲ သူလည်း ခဏပြန်အနားယူလိုက်တယ်။
ကော်လင်းဖာရဲလ်ကို
တွေ့ဖို့ အကောင်းဆုံးအချိန်ဟာ ညနေ ၆ နာရီပဲ ကော်လင်းဖာရဲလ်ဟာ ကလေးဘဝထဲက
ညအိပ်မပျော်ရောဂါ စွဲနေသူတစ်ဦးပါ။ ဒါကြောင့်လည်း နေမွန်းတိမ်းချိန်
ရောက်ပြီဆိုမှဖြင့် တံခါးပိတ် အိပ်နေတတ်တာက များပါတယ်။ တစ်ခါတလေကျတော့လည်း
အမှောင်ညကို ဖြတ်သန်းဖို့ အာဟာရ ဖြည့်တင်းလိုက်၊ တစ်မှေးအိပ်လိုက်နဲ့ပေါ့။
တကယ်တော့ မင်းလည်း ည သန်းခေါင်လောက်ဆိုရင်
ပြဿနာ ရှိလာပြီလေ။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီက နှေးကွေးလေးလံလာပြီ။ အိပ်စက်စေတတ်တဲ့
ဟော်မုန်းက စီးဝင်လာပြီလေ။ အဲဒီအချိန်မှာ ဖာရဲလ်ကတော့ သူ့အလုပ်ကိုပဲ သဲကြီးမဲကြီး
လုပ်လို့ကောင်းနေတဲ့ အချိန်ပေါ့။ သူ့ကို အားပေးနေတဲ့ ပရိသတ်ကြီးက သူ့ကို
ခွန်အားတွေများ စုပုံပေးထားလိုက်တဲ့အလား မကုန်ခန်းနိုင်တဲ့ ခွန်အားတွေ၊
စွမ်းအားတွေများ သူရရှိထားတဲ့ အလားပါပဲ။
အဲဒီလိုနဲ့ တစ်ခါကတော့
ကြယ်ငါးပွင့်အဆင့် လန်ဒန်ဟိုတယ်ရဲ့ ခပ်ညံ့ညံ့ ဘားဆိုင်တစ်ခုထဲကို နံနက် (၆) နာရီ
အကျော်ကလေးမှာ ကော်လင်းဖာရဲလ် ဝင်လာတယ်။ သူ့ကြည့်ရတာ ဒယိုင်းဒယိုင်နဲ့ ဂနာမငြိမ်
ဖြစ်နေပုံပဲ။ ကျွန်တော်က 'ဘယ်လိုလဲ အခြေအနေကောင်းရဲ့ မဟုတ်လား' လို့ မေးလိုက်
တယ်။ သူကတော့ မသဲမကွဲနဲ့ ဘာတွေ ပြန်ပြောတယ် မသိပါဘူး။ ရထားတွဲတစ်ခုအကြောင်းလည်း
ပါရဲ့၊ အတော့်ကို ညံ့တဲ့ အသားညှပ် ပေါင်မုန့်တစ်ခု အကြောင်းလည်းပါရဲ့။ ဟိုရောက်
ဒီရောက် လျှောက်ပြောနေတာ။ ကျွန်တော်လည်း ဟိုမှတ်သည်မှတ်သာ လိုက်မှတ်နေရတယ်။
သူဘာပြောတယ် ဆိုတာကို သေသေချာချာ အဓိပ္ပာယ်ကို မပေါက်ခဲ့ပါဘူး။
ကျွန်တော် ၂ဝဝ၃ ခု နှစ်ဦးပိုင်းကလည်း
ဖာရဲလ်နဲ့ တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူဟာ အိုင်းရစ်ရှ် လူငယ်လေး
တစ်ယောက်ပဲပေါ့။ 'Tigerland'
ရုပ်ရှင်ကား တစ်ကား
ရိုက်ထားပြီးပြီ။ 'Phone Booth' ဇာတ်ကားကလည်း
တစ်ဝက်ရိုက်ပြီးနေပြီ။ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ကောင်ပေါ့လို့လည်း
ပြောတယ်။ အရက်နဲ့ ဆေးလိပ်ကလည်း သောက်သလားမပြောနဲ့၊ ဒါပေမယ့် ဟိုအကြောင်း ဒီအကြောင်းကတော့
သိပ်မပြောရှာဘူး။ သူပြောမှား ဆိုမှားဖြစ်တာကို တစ်ယောက်ယောက်က သိသွားရင် သူ့ကို
ဒပ်ဗလင်ကိုများ ပြန်ပို့ပစ်မှာကို ကြောက်နေတဲ့ အတိုင်းပဲ။ အဲဒီ အချိန်တုန်းကတော့
ခေတ်သစ် ဟောလိဝုဒ်ရဲ့ ရွှေလောကမှာ သူဟာ ၁၅ မိနစ် တောင်မှ မကြာနိုင်ဘူးလို့
တွက်ထားခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းတွေဟာ ဘာပဲဖြစ်ဖြစ် ကော်လင်းဖာရဲလ်ရဲ့ နဂိုက
အလားအလာတွေကို ဖော်ပြနေကြတာတွေပဲ။ ပင်ကိုကတော့ သူလည်းပဲ အတော်စည်းမဲ့ကမ်းမဲ့
နေတတ်သူပါ။ ဒါပေမယ့် ဟောလိဝုဒ် အသိုင်းအဝိုင်း မှာရှိတဲ့ တခြားဇာတ်လိုက်တွေနဲ့
မတူတဲ့ အချက်တွေ သူမှာ အများကြီးရှိတယ်။ သူ့ရဲ့ အထူးခြားဆုံး ဆိုရမယ့်
အချက်တစ်ခုကတော့ သူ့ရဲ့ အလွန် ယောကျ်ားပီသတဲ့ ရုပ်သွင်ပဲ။ ဟောလိဝုဒ်မှာတော့
တစ်ဦးတည်းသော ပုဂ္ဂိုလ်လို့တောင် ပြောမယ်ဆို ပြောလို့ရပါတယ်။ သူ့ ဆန္ဒရှိသမျှ
ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ လူမျိုးပေါ့။ ဘာကြောင့်လဲဆိုရင် သူ့မှာ အဆင့်အတန်း
ရှိတယ်။ စွမ်းအားရှိတယ်။ ပြီးတော့ အပြစ်အနာအဆာ မရှိဘူး။ သူဟာ အတော့်ကို
ဉာဏ်ရည်လည်း ထက်တယ်။ အချိုးကျတယ်။ တစ်ဖက်သား ကျလောက်အောင်လည်း ပြောနိုင်တယ်။ တစ်ခါ တွေ့ဖူးကြုံဖူးရင် တော်တော်
အမေ့ရခက်အောင် ဆွဲဆောင်ထားနိုင်တဲ့ ယောကျ်ားသား တစ်ဦးပဲပေါ့။
ဒီတစ်ချိန်မှာတော့ သူ့ဘဝဟာ ပြောင်းပြန်ဖြစ်သွားပြီ။
အခုတော့ သူ ဟာ တကယ့် ရုပ်ရှင်ဇာတ်လိုက်ကျော်ကြီး တစ်ယောက်ဖြစ်သွားပြီ။
အိုလီဗာစတုန်းရဲ့ 'အလက်ဇန္ဒား' ဇာတ်ကား ကြီးမှာ သူက အဓိက ဇာတ်လိုက်ပဲ။
အလက်ဇန္ဒားအဖြစ် သူ့ရဲ့ သရုပ်ဆောင်မှုဟာ သေချာပေါက်ရမယ့် အော်စကာဆုရှင်လောင်း တစ်ယောက်
ဖြစ်နေတယ်။ အဲဒီကိစ္စကို အကြောင်းပြုပြီးတော့ပဲ ကျွန်တော်ဟာ ဟိုတယ်
အရက်ဘားတစ်ခုမှာ ညနေ (၆) နာရီ သူနဲ့ တွေ့ဖို့ ချိန်းထားတာပဲ။ တွေ့ရင်တော့ သူက
ကယ်လီဖိုးနီးယား သဲကန္တာရကြီးထဲမှာ ရုပ်ရှင်ကုမ္ပဏီပိုင်ကားတစ်စီးနဲ့
သူတစ်ယောက်တည်း ရက်သတ္တပတ်ပေါင်းများစွာ ဘယ်လိုနေခဲ့ရတယ်ဆိုတာတွေ၊ မက်ဒရစ်မြို့မှာ
မြင်းစီး လေ့ကျင့်ခဲ့ရပုံတွေ၊ သူအလွန် ခုံမင်တဲ့ အရက်ပွဲတွေကို ဘယ်လို
စွန့်လွှတ်ခဲ့ရပုံတွေ၊ ကာယဗလအလှပြဖို့ ဘယ်လို အလေးမပြီး လေ့ကျင့်ခဲ့ရပုံတွေ၊
ပြီးတော့ အိုလီဗာစတုန်းရဲ့ စိတ်ကူးထဲက အလက်ဇန္ဒားဘဝ သူဘယ်လိုရအောင်
ကြိုးစားခဲ့ရတယ်ဆိုတာတွေ တစ်ဝကြီး ပြောပြမှာပဲ။ တစ်ချိန်တည်းမှာ ကျွန်တော်လည်းပဲ
သူ့ဘဝ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ ဟောလိဝုဒ်စနစ်ကြီးရဲ့ တရကြမ်း
တောင်းဆိုမှုကြောင့် သူ့ရဲ့ မူလစရိုက် ဓလေ့တွေ ဘယ်လောက် အတိုင်းအတာအထိ
စွန့်လွှတ်ခဝါချခဲ့ပြီး ဘယ်ဟာတွေကတော့ဖြင့် နဂိုအတိုင်း ကျန်ရစ်နေသေးတယ် ဆိုတာ အတွင်းကျကျ
သိခွင့်ရလိုက်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။
ကျွန်တော်တို့တွေကြတော့ နှစ်ယောက်တည်း
မဟုတ်ပါဘူး။ သူ့ မိတ်ဆွေ သုံးယောက်လည်း အရက်ဝိုင်းမှာ အတူထိုင်လျက်ပါ။ အဲဒီနေ့က
ဖာရဲလ်ဟာ အတော်ခမ်းနားတဲ့ မုတ်ဆိတ်မွေးကြီးနဲ့ပါ။ ဆံပင်ရှည်တွေကလည်း သံပရာခွံ
ဦးထုပ်အောက်ကနေ ရှည်ထွက်နေတယ်။ လန်ဒန်မြို့မှာ ရိုက်ကူးပြီးစဖြစ်တဲ့ တားရင့်တလစ်ရဲ့
'The
New World' ဇာတ်ကားထဲမှာ ၁၇
ရာစုက နယ်သစ်ရှာသူ ဂျွန်စမစ် အဖြစ်နဲ့ သရုပ်ဆောင်ရတော့ အဲဒီရဲ့ အဆောင်အယောင် အကြွင်းအကျန်တွေပေါ့။
မုတ်ဆိတ်လေးတောင် မရိတ်နိုင်ဘူးဆိုတော့ 'Daris Fucking Day' ကနေ 'Beaker
off the Muppets' နဲ့ 'Eighties
Rock' အထိ
ကားတွေမှာ သူပါဝင်သရုပ်ဆောင်ခဲ့ရတာတွေ အမှတ်ရစရာ ဖြစ်ရတာပေါ့။ အရက်သောက်တာကတော့
အရင်အတိုင်းလောက်ပါပဲ။ နည်းနည်းလေးတော့ ထိန်းထိန်းသိမ်းသိမ်း ရှိလာပုံ ပေါ်ပါတယ်။
ကော်လင်းဖာရဲလ်နဲ့ တွေ့လိုက်ပြီဆိုရင်
သူဟာ တခြားရုပ်ရှင်မင်းသားတွေနဲ့ မတူဘူးဆိုတာကိုတော့ ချက်ချင်းသဘောပေါက်သွားမှာပါ။
သူ့မှာ ထူးခြားတယ်ဆိုတာ ပေါ်လွင်လာဖို့ကတော့ နည်းနည်းအချိန်ယူရတတ်ပါတယ်။ သူဟာ
တကယ်တော့ ပစ္စုပ္ပန်ကာလထဲမှာပဲ ရပ်တည်လှုပ်ရှားနေပုံ ပေါ်တယ်။ သူ့ရဲ့ ချက်ချင်း
တုံ့ပြန်တတ်တဲ့သဘာဝဟာ အတော့်ကို ထူးခြားတယ်။ သူဟာ ဘယ်ကိစ္စမဆို ရုတ်ခြည်း တုံ့ပြန်တတ်တယ်။
လေးလေးနက်နက် ခိုင်ခိုင်မာမာလည်း တုံ့ပြန်တတ်တယ်။ ဒါကြောင့်လည်း ပေါ့တီးပေါ့ဆ
မှားမှားယွင်းယွင်း လုပ်တတ်သူ လို ဖြစ်နေတာပေါ့။ ဒီလို အမူအကျင့်တွေဟာ
အမှားအယွင်းတွေကို ထပ်ပြန်တလဲလဲ ကျူးလွန်မိတတ်တယ်။ သင်ခန်းစာ ဘယ်တော့မှ
မရဘူးဆိုတဲ့ပုံမျိုးပေါ့။ ဒီလို အပြုအမူမျိုးဟာ တစ်ခါတစ်ရံတော့ ညမှောင်ထဲက
မီးပြတိုက်တစ်ခုနဲ့ ဆင်တူတယ်လို့ ပြောနိုင်တာပေါ့။ မီးပြတိုက်ရဲ့ မီးဟာ
ဒီနေရာမှာပဲ လင်းတယ်။ ချက်ချင်း ပျောက်သွားတယ် မဟုတ်လား။ အဲဒီတော့ သင်္ဘော ကိုယ်ထည်ကြီးဟာ
ပစ္စုပ္ပန်ကာလပဲပေါ့။ အတိတ်ကာလဟာ သင်္ဘောကိုယ်ထည်ကြီးရဲ့ နောက်က အမှောင်ထုပဲ။
အနာဂတ်ကျတော့လည်း အလင်းရောင်က မဖောက်ထွင်းနိုင်တဲ့ ရှေ့က အမှောင်ထုပေါ့။
ကော်လင်းဖာရဲလ်ဟာ ဓနဥစ္စာနဲ့
အဆောင်အယောင်ကို မမက်၊ ရိုးရိုးစင်းစင်းနေတတ်တဲ့ မင်းသားတစ်ယောက်ပါ။
များသောအားဖြင့် မင်းသားတွေဟာ နာမည်ကျော်ကြားလာပြီဆိုရင် လူထုထဲမှာ မနေတော့ဘဲ
နောက်ဆုတ်သွားတတ်တာဟာ သဘာဝပါပဲ။ ဧရာမတိုက်တာ ဗိမာန်ကြီးတွေအထဲ ဂိတ်တံခါး၊
မှန်တံခါးတွေ အထပ်ထပ်နောက်မှာ အခြွေအရံတွေ၊ အစောင့်အရှောက်တွေနဲ့ နေကြတော့တာပါပဲ။
ခရီးသွားပြီဆိုရင်လည်း ဇိမ်ခံကားကြီးတွေ စီးပြီး ရှေ့နောက်၊ဝဲ၊ယာ၊
အခြံအရံတွေနဲ့ပေါ့။ ဖာရဲလ်ကတော့ အဲသလို ဟိတ်ဟန် လုံးဝကို မရှိဖူး။ တစ်ခါတုန်းက
လန်ဒန်မြို့ ဝက်စ်ဘွန်းဂရိုစ့်မှာရှိတဲ့ သူ ထိုင်နေကျ အရက်ဆိုင်မှာ သူပါဝင်
သရုပ်ဆောင်ခဲ့ဖူးတဲ့ 'The
New World"
ဇာတ်ကားက ဒါရိုက်တာ အပါအဝင် ကုမ္ပဏီ အလုပ်သမားအဖွဲ့သားတွေနဲ့ ပြန်ဆုံကြတယ်။ သူဟာ
အားလုံးကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပြီး တကယ့်ကို တရင်းတနှီး
ပြုစုဧည့်ခံခဲ့တယ်။ သူဟာ အဲဒီအဖွဲ့သားအားလုံးနဲ့ အကျွမ်းတဝင် နေထိုင်ခဲ့တာကိုး။
ဖာရဲလ်ရဲ့ ဘဝဟာ တော့်တော့်ကို ပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ (၂)
နှစ်လောက်ကမှ မဟုတ်ပါဘူး။ 'Bally
kissangel' ဇာတ်ကား
အောင်မြင်ပြီးကတည်းက ချမ်းသာလာခဲ့တာပါ။ ဒါပေမယ့် သူကတော့ ဒီဓနဥစ္စာတွေ
မမက်ပါဘူးတဲ့။ 'ကျွန်တော်ဟာ အိမ်ကြီး ကြီး ကားကောင်းကောင်း
ပိုင်ဆိုင်ချင်စိတ် မရှိပါဘူးဗျာ။ လွန်ခဲ့တဲ့ (၆) နှစ်တာအတွင်း ကျွန်တော်ရတဲ့
ပိုက်ဆံတွေ သုံးခဲ့သမျှဟာ အရက်သောက်တာရယ်၊ ဆေးလိပ်သောက်တာရယ်၊ ဟောလီဒေး
နှစ်ခါလောက်ထွက်တာရယ်နဲ့ ကုန်တာပါပဲ။ အဲ... ကျွန်တော့်အမေအတွက် ကားတစ်စီး၊
တခြားလူတွေအတွက် ဟိုဟာနည်းနည်း၊ ဒါနည်းနည်း ဝယ်ပေးခဲ့တာတော့ ရှိပါရဲ့။
ကျွန်တော့်မှာ အရေးကြုံရင် လိုရမယ်ရဆိုပြီး ငွေစုဆောင်းထားတာလည်း မရှိပါဘူး။
အဲဒီလို လုပ်ချင်တဲ့ဆန္ဒကိုပဲ ကျွန်တော်က မရှိတာ။ ကျွန်တော့်မှာ ကားတက်မောင်းဖို့
ကိုယ်ပိုင်လမ်းတစ်လမ်းမှလည်း မရှိပါဘူးဗျာ' လို့ ဖာရဲလ်က
ပြောပါတယ်။
အဆောင်အယောင်ဆိုတာကလည်း ဖာရဲလ်ခမျာ
ငယ်ငယ်ကတည်းက စိတ်ကူးထဲတောင် မထည့်ခဲ့တာပါ။ သူပြန်ပြောတာက ဒီလိုပါ။
'ကျွန်တော် မှတ်မိသေးတယ်။
အသက် ၁၆ နှစ်အရွယ် ကျောင်းမှာတုန်းကပေါ့။ အဲဒီမှာ ကျောင်းက ကျွန်တော်တို့
တစ်ယောက်စီကို ပုံစံတစ်ခုစီ ထုတ်ပေးတယ်။ ကျွန်တော်တို့ ကြီးလာရင် ဘာဖြစ်ချင်သလဲ။
ကောလိပ်ရောက်ရင် ဘာလုပ်ချင်သလဲ။ ပထမဦးစားပေးက ဘာလဲ။ ဒုတိယ ဦးစား ပေးက ဘာလဲ။
ဖြည့်ရမယ်တဲ့ဗျာ။ အားလုံးကတော့ ဖြည့်ကြတယ်။ ဖြည့်ပြီး ပြန်ပေးကြတယ်။ စာနဲ့ပေါ့ဗျာ။
အဲ ကျွန်တော်ကတော့ အဲဒီပုံစံကို အမှိုက်ပုံးထဲ ပစ်ထားလိုက်တယ်။ ကျွန်တော်
ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တကယ် မသိခဲ့ပါဘူး။ ကျွန်တော် ကောလိပ်ကျောင်းကို
ဘာလုပ်ဖို့ သွားချင်ရမှာလဲ။ ကျွန်တော် ခုလိုဖြစ်ဖို့ နှစ်ပေါင်းများစွာ
မျှော်လင့်ကြိုးပမ်းခဲ့ရတာပဲ။ တစ်နေ့ ငါအောင်မြင်ရမယ်လို့ မျှော်မှန်းခဲ့တာ ခုတော့
ရောက်ပြီလေ။ ကျွန်တော့်မှာ လိုချင်တာ မရှိဘူး။ လိုအပ် တာလည်း မရှိဘူး။ ဒါမှမဟုတ်
မွတ် သိပ်တာလည်း မရှိပါဘူး' လို့ သူက ဆိုပါတယ်။
ဖာရဲလ်ဆက်ပြောတာက 'တကယ်တော့
ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်ငယ်ငယ်ကတည်းက သိခဲ့ပါတယ်။
အဲဒီတုန်းကပေါ့ဗျာ၊ ကျွန်တော့်အဖေဟာ ရွက်တိုင်လုပ်တဲ့ ဆိုင်နှစ်ဆိုင်ပိုင်တယ်။
ကျွန်တော် မှတ်မိပါသေးတယ်။ အဖေက အဲဒီတုန်းက ကျွန်တော့်ကို ပြောတာလေးပေါ့။ ငါ့သား
အဖေ့ဆိုင်မှာလာပြီးတော့ အလုပ်လုပ်၊ နောက် ကျွမ်းကျင်လာတော့
ဆိုင်ကိုစီမံခန့်ခွဲပေါ့၊ 'အဲ' တတ်ပြီဆိုရင်
မင်းကိုယ်ပိုင်ဆိုင် တစ်ဆိုင် ငါဖွင့်ပေးမယ်တဲ့။ တကယ့်ကို စေတနာနဲ့ လုပ်ပေးမယ်
ပြောတာပါပဲ။ ကျွန်တော် လုံးဝမလုပ်ချင်ဘူး။ အဖေ့ကို ပြန်ပြောလိုက်တယ်။
ကျေးဇူးတင်ပါတယ် အဖေ၊ ဒါပေမယ့် ကျွန်တော် လုံးဝ ဆန္ဒမရှိဘူးလို့။ ကျွန်တော်က
ဓနဥစ္စာတွေ ပိုင်ဆိုင်ဖို့ဆိုတာ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့တာပါဗျာ'လို့ ပြောပါတယ်။
ခုလို ရသမျှ သုံးဖြုန်းနေတဲ့ ဘဝကနေ
ဖာရဲလ်တစ်ယောက် ရုန်းထွက်နိုင်ဖို့ဆိုရင် တစ်သက်လုံး ပေါင်းသင်းနိုင်မယ့်
ဘဝကြင်ဖော်တစ်ယောက်တော့ လိုနေပြီ။ ဒါမှ သူ့ဘဝဟာ အဖတ်တင်လာမယ်။
အဓိပ္ပာယ်ရှိလာမယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် နှလုံးသားရေးရာ
ကိစ္စတွေနဲ့ ပတ်သက်လို့ ဖာရဲလ်က အခုလို ပြောပါတယ်။
'ကျွန်တော် ခုလို
တစ်ကိုယ်တော် နေခဲ့တာ ငါးနှစ်ရှိပါပြီ။ တစ်ရက်နှစ်ရက်လောက်ထက်ပိုပြီး
ဘယ်အမျိုးသမီးနဲ့မှ ကြာကြာ မတွဲမိခဲ့ပါဘူး။ ကျွန်တော့် တစ်သက်မှာ
တကယ်ချစ်ခဲ့ဖူးတာတွေ ရှိပါတယ်။ ရှစ်ကြိမ် ကိုးကြိမ်လောက် ရှိမှာပေါ့။
တကယ့်အချစ်လည်း ကြုံဖူးပါတယ်။ အဲဒါကတော့ တစ်နှစ်နဲ့ နှစ်လတိတိ ကြာခဲ့ပါတယ်။
ကျွန်တော် ဘယ်လိုဖြစ်သွားခဲ့တယ်ဆိုတာ ကျွန်တော့်ကို ကျွန်တော်
မယုံနိုင်လောက်အောင်ပါဘဲ။ ကျွန်တော် ခုထက်ထိ မေ့လို့မရသေးပါဘူး။ ကျွန်တော့်
လက်မောင်းမှာ မင်ကြောင်ထိုးထားတာ တွေ့တယ်မဟုတ်လား။ ခုတော့ ဒါတွေ ပြီးခဲ့ပါပြီဗျာ'
လို့ သူကပြောပါတယ်။
ခုလို ရုပ်ရှင်လောကမှာ ကျင်လည်ရင်း
ပစ္စုပ္ပန်ဘဝလေးတွင် သာယာနေတာမျိုးကတော့ ဘဝကြင်ဖော်ကောင်းတစ်ယောက်ရဖို့
အကောင်းဆုံး နည်းလမ်းဟုတ်မယ် မထင်ဘူးလို့ ကျွန်တော်က သူ့ကို စေတနာနဲ့
အကြံပြုကြည့်ပါတယ်။ သူက သူ့အမြင်ကို အခုလို ပြန်ပြောပြပါတယ်။ 'ဒါကတော့
ခင်ဗျားဆန္ဒအပေါ်မှာလည်း တည်ပါတယ်ဗျာ။ ခင်ဗျားဟာ ခင်ဗျားရဲ့စိတ်
အာသာပြေရုံဆိုရင်တော့ ခုလို နေတာဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် ထာဝရ
တည်တံ့မယ့် ဘဝကြင်ဖော် ရဖို့ဆိုရင်တော့ ဒါဟာ အဆိုးဆုံးလမ်းပဲလို့ ကျွန်တော်
အသေအချာပြောမယ်'လို့ ဆိုပါတယ်။
'အလက်ဇန္ဒား' ဇာတ်ကားတွင် မယ်တော် အိုလံပီယာအဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ အင်ဂျလီနာ
ဂျိုလီနဲ့ မင်းသားတို့ ဘာလိုလိုဆိုတာ ဟုတ်ပါသလားလို့ ကျွန်တော်က မင်းသားကို
မေးလိုက်ပါတယ်။ ဖာရဲလ်က 'ကျွန်တော် သူ့ကို အရူးအမူး
ချစ်တယ်ဗျာ၊ သူက ရူးလောက်အောင် လှတယ်။ ပြီးတော့ တွေ့ဖူးသမျှထဲမှာတော့
အသိမ်မွေ့ဆုံး ကရုဏာရှင်မပဲ။ ကမ္ဘာပေါ်မှာ သူနဲ့တွေ့ပြီးရင် မချစ်မိဘူးဆိုတဲ့
လူတော့ မရှိနိုင်ဘူးထင်တယ်။ ဒါပေမယ့် သူကတော့ ကျွန်တော့်အပေါ်မှာ
ပုံမှန်လောက်ပါပဲဗျာ'လို့ပဲ ဖြေတယ်။
ဟုတ်လား၊ ဒါနဲ့ သူနဲ့အတူ
အိပ်ခဲ့သေးတယ်ဆို မဟုတ်ဘူးလားလို့ ကျွန်တော်က ထပ်မေးတယ်။ ဒီတော့ သူက 'ကျွန်တော်တို့
နှစ်ယောက် ဘာမှမဖြစ်ခဲ့ပါဘူးဗျာ၊ တကယ် တွဲခဲ့ကြတာတော့ အမှန်ပါ။
အီဂျစ်နိုင်ငံမှာပေါ့။ တစ်ညမှာ ဟိုတယ်တစ်ခုရဲ့ အခန်းတစ်ခန်းထဲမှာ ကျွန်တော်တို့
နှစ်ယောက်ရယ်၊ သူ့သားလေး မက်ဒေါက်ရယ် အတူတူ အိပ်ခဲ့ကြဖူးတယ်။ မက်ဒေါက်ကတော့
ကြမ်းပြင်ပေါ်မှာပေါ့။ ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ အိပ်ကြတယ်။
ဒီလောက်ပါပဲ။ သက်သက် သတင်းကြီးနေတာပါဗျာ'လို့ သူက ပြောပါတယ်။
'အလက်ဇန္ဒား' ဇာတ်ကားဟာ 'Troy' ပြီးရင် ဒုတိယ
ငွေကုန်ကြေးကျ အများဆုံးကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒေါ်လာ ၁၇
သန်းတောင် ကုန်ကျခံထားတာပါ။ ဖာရဲလ်ကတော့ 'အလက်ဇန္ဒား'က 'Troy' နဲ့
လုံးဝမတူဘူးလို့ ခုလိုပြောပါတယ်။ ဖာရဲလ်ပြောပုံက 'ဒီဇာတ်ကားဟာ
'Troy' နဲ့
လုံးဝမတူဘူးလို့ ကျွန်တော် အသေအချာ
ပြောပါတယ်။ 'Troy' ဇာတ်ကား ဖြစ်မြောက်အောင် ကြိုးပမ်းသရုပ်ဆောင်ခဲ့သူတွေကို ကျွန်တော်
အလွန်လေးစားပါတယ်။ ဒါပေမယ့် 'Troy' ဟာ
စစ်ပွဲတစ်ပွဲအကြောင်းကို ရိုက်ထားတာပါ။ 'အလက်ဇန္ဒား' ကတော့ဖြင့် တကယ့်ဒဿနအကြောင်း
ဖွဲ့နွဲ့ထားတာပါ။ ဒါဟာ ဂရိတို့ရဲ့ ဂန္ထဝင် သမိုင်းကြီးပါ။ ဒါဟာ ပုရိသတွေအပေါ်
ပုရိသတွေထားတဲ့ စိတ်နေသဘောထား 'ပြုမူဆက်ဆံပုံ ဖြစ်သလို
ပုရိသတွေအပေါ် ဣတ္ထိယတွေ ထားတဲ့ စိတ်နေသဘောထား ပြုမူဆက်ဆံပုံလည်းဖြစ်ပါတယ်။ ဒါဟာ
ဖခင်တွေရဲ့ ရင်တွင်းမေတ္တာဖွဲ့ ဖြစ်သလို ကလေးတစ်ယောက်ရဲ့ ဘဝသရုပ်ဖော်လည်း
ဖြစ်ပါတယ်။ ဒါဟာ သမိုင်းဖြစ်ရပ်မှန် တစ်ခုဖြစ်သလို တကယ့်ရသမြောက်တဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်ဗျာ။
တကယ့်လက်တွေ့ကျရင် ဒီဇာတ် ကားဟာ ကျွန်တော်ရှင်းပြနိုင်တာတွေ ထက်ကိုပဲ အများကြီး
ကြီးကျယ်ခမ်းနား ရသမြောက်ပါတယ်။ ကျွန်တော် အချိန်အတော်ကြာ သရုပ်ဆောင်ခဲ့တဲ့ အထဲက
စွမ်းအားအကြီးဆုံး ဇာတ်ကားတစ်ခု မဖြစ်ခဲ့ဘူးဆိုရင်တော့ ကျွန်တော် ဘယ်လိုမှ
ဖြေသိမ့်နိုင်တော့မှာ မဟုတ်ပါဘူး' လို့ ဆိုပါတယ်။
ကော်လင်းဖာရဲလ်နဲ့ တွေ့ဆုံ
ဆွေးနွေးအပြီးမှာတော့ ကျွန်တော့်ရင်ထဲမှာ အမြင်နှစ်မျိုး ရရှိလာခဲ့ပါတယ်။
တစ်မျိုးကတော့ ကော်လင်းဖာရဲလ်ဆိုတဲ့ လူဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတာရယ်ပါ။
နောက်အမြင် တစ်ခုကတော့ 'အလက်ဇန္ဒား' ဇာတ်ကားကြီး ထွက်ပြီးတဲ့
နောက်ပိုင်းမှာတော့ ကော်လင်းဖာရဲလ်ရဲ့ ဘဝဟာ ဘယ်လိုနည်းနဲ့မှ အခုအတိုင်း
ဆက်ဖြစ် နေတော့မယ် မဟုတ်ဘူးဆိုတာပါပဲ'
အလက်ဇန္ဒားကတော့ ဇန်နဝါရီ ၇ ရက်မှာ
ထွက်လာပါတော့မယ်။
▀
သင်းပပ
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။