စိန်မျိုးမြင့်
တိန်ကောက်ရွာလည်း လီဒိုလမ်းဘေး ရွာဖြစ်ပြီး
စည်ကားပါသည်။ အိမ်ခြေ လေးရာ ဝန်းကျင်ရှိ၏။ တိန်ကောက်၊ နန်ဖြတ်၊ ကောင်ရာ၊
နောင်လုံကောင်ရာတို့မှာ တနိုင်းနှင့် နီးပြီ ဖြစ်၏။ တကယ်တော့ တိန်ကောက်သည်
တစ်ချိန်က တောင်အုပ်ရုံးစိုက်သော ရွာဖြစ်၏။ နောက်ပိုင်းတွင် တနိုင်းက
ပိုမိုစည်ပင်လာရာ ရုံးများလည်း တနိုင်းသို့ ပြောင်းသွားခဲ့၏။ တိန်ကောက်ဝန်းကျင်၌
လိမ္မော်ခြံများ ရှိသည်။ တချို့လည်း တောရှင်းဆဲ၊ တချို့နေရာများ၌ တစ်နှစ်၊
နှစ်နှစ်၊ သုံးနှစ် စသည်ဖြင့် သက်တမ်းနုခြံများဖြစ်၍ သက်တမ်းရင့် လိမ္မော်ခြံများ
ကလည်း မနည်း။ လိမ္မော်ခြံများ၏ နောက်ဘက်၌ တောက ထူထပ်ဆဲ။ တညင်း၊ သံပရာ၊ ကော်ဖီ၊
သစ်တော်၊ မက်မန်း၊ ဂရိတ်ဖရုနှင့် ကျွဲကော၊ ရှောက်ချိုသီး၊ အမျိုးကောင်းများလည်း
ထွက်ရှိသော နေရာဖြစ်၏။
နောင်လုံကောင်ရာဘက်တွင်မူ
လယ်လုပ်ငန်းက များသည်။ လီဒိုလမ်းမကြီးဘေး ဝဲယာ၌ လယ်ကွင်းများ တစ်မျှော်တစ်ခေါ်
တွေ့ရ၏။ ကုမ္ပဏီလုပ်ကွက်များလည်း တွေ့ရသည်။ ဌာနဆိုင်ရာ လုပ်ကွက်များလည်း
အများအပြား ဖြစ်၏။ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ၏ လယ်ကွင်းများလည်း ရှိသည်။ ကုမ္ပဏီမှာ
ဖားကန့်တစ်ဝိုက် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ၌ လိုင်စင်ရထားသော
ကုမ္ပဏီများ၏ အမည်များ တွေ့ရရာ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာလုပ်ငန်းပါ အကောင်အထည် ဖော်ပေးစေပြီး
မြေလွတ် မြေရိုင်းများအား လယ်ယာမြေသစ် ဖော်ထုတ်ရေး အစီအစဉ်ဖြင့်
လုပ်နေကြပုံရပေသည်။
မကြာမီ တနိုင်းသို့ ကျွန်တော်တို့
ရောက်ခဲ့ကြသည်။ ဆတနိုင်းကား တစ်ချိန်က တနိုင်းမဟုတ် တော့ပြီ။
မြို့ကွက်အတော်ပင် ကျယ်နေပြီ။
တနိုင်းမြို့အကြောင်းကို ကျွန်တော်သည် စာများစွာတွင် ဖတ်မှတ်ခဲ့ဖူးသည်။ မနှစ်က
ကွယ်လွန်သွားပြီဖြစ်သော သတင်းသမား ခရီးသွား ဆောင်းပါးရှင် မောင်မဲ၏ ခရီးသွားဆောင်းပါးများတွင်
ရွာကြီးတစ်ရွာသာသာရှိသော အနေအထားဖြင့် ဖတ်မှတ်ခဲ့ရဖူးသည်။ ထိုစဉ်က တနိုင်းကို
မောင်မဲက ဤသို့ မှတ်တမ်းတင်ခဲ့ဖူးသည်။ မောင်မဲ ရောက်စဉ်က ၁၉၅၅ ခုနှစ်ဖြစ်၏။
'တနိုင်းရွာတွင် နာဂများ
မရှိသလောက်ပင် ဖြစ်၍ ရွာခံများကား ကချင်များဖြစ်ကာ တရုတ်၊ ကုလားများသာ ထိုရွာကို
ကြီးစိုးနေကြပါသည်။ တနိုင်းရွာကြီးတွင် ပြည်တော်သာ မူလတန်းကျောင်း၊ ဗိုလ်တဲ၊
လမ်းဘက်ဆိုင်ရာ အလုပ်သမားဌာန၊ ခရစ်ယာန်သာ သနာပြုဆေးရုံ၊ ဈေးဆိုင်များဖြင့်
စည်ကားစွာပင် ရှိပါသည်။ တိုင်းရင်းသား ကချင်များကား ထင်းခွေရောင်းသူ၊ တောမှ
ဟင်းသီးဟင်းရွက် ရှာရောင်းသူ၊ ငါးရှာသူနှင့် အရက်ချက်သူများသာ ရှိပါသည်'
(မောင်မဲ၊ ခရီးသွားဆောင်းပါးများ၊ စာ
၂၃၅၊ ၂၃၆)
(၁၉၆၉ ခု၊ အောက်တိုဘာ လူထုတိုက်ထုတ်)
တနိုင်းနှင့် ပတ်သက်၍
နောက်စာအုပ်တစ်အုပ်တွင် တွေ့ရပြန်သည်။ ထိုစာအုပ်ကား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပါတီမှ ၁၉၈၆ နှစ် နိုဝင်ဘာလ၌ ထုတ်ဝေခဲ့သော သင်္ဂါနဒီ မြန်ပြည် မြောက်ဖျားသို့
တနိုင်းခ၊ ချင်းတွင်းခရီး ၁ တွင် ဖြစ်သည်။ ရေးသားခဲ့သူမှာ ဦးမင်းခေါင်ဦး ဖြစ်၏။
'ယခုအခါတွင်
တနိုင်းမြို့နယ်သည် ကျွန်တော်တို့ အထက်တစ်နေရာတွင် ဖော်ပြသကဲ့သို့
မြို့မရပ်ကွက်ကြီး ခြောက်ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၇ ခုတို့ဖြင့်
ကျယ်ပြန့်စွာ ရှိနေ၏။ တနိုင်းမြို့နယ်တွင် လူဦးရေပေါင်း ၁၃ဝဝဝ ကျော်တို့
မှီတင်းနေထိုင်လျက်လည်း ရှိကြသည်။
(သင်္ဂါနဒီ မြန်ပြည်မြောက်ဖျား စာ ၄၉၊
၅ဝ)
သင်္ဂါနဒီအဖွဲ့သည် ၁၉၈၃-၈၄ လောက်က
ရောက်ခဲ့ပြီး ခရီးသွားဆောင်းပါး ရှည်ကြီးဖြင့် မှတ်တမ်းပြုခဲ့ကြပါသည်။
ထိုစာအုပ်၏နောက် ကျွန်တော်ဖတ်ခဲ့ရသည့် နောက်စာအုပ် တစ်အုပ်မှာ တနိုင်းအကြောင်း
မှတ်သားရပြန်ပါသည်။ ဆရာညီပုလေးရဲ့ 'လီဒိုဟူးကောင်း
မင်ခြစ်မှတ်စု' များဆိုသည့်စာအုပ်တွင် ဖြစ်၏။ ထိုစာအုပ်ကို
၂ဝဝ၅ ခုနှစ်ဆန်းမှာ ထုတ်ဝေခဲ့ပါသည်။ ဆရာညီပုလေးက ယင်းဒေသကို ၂ဝဝ၁ ခုနှစ်မှာ
သွားခဲ့ပြီး ရေးခဲ့ခြင်း ဖြစ်၏။
'၉၆ ခုနှစ်ကစပြီး တနိုင်းက
တိုးတက်ပြောင်းလဲလာတာပါပဲ။ လမ်းတွေရော၊ လူနေမှုအဆင့်ရော တိုးတက်လာတာပါ။
ကျွန်တော်တို့ ရောက်ခါစက ဘာဆိုဘာမှ မရှိတာဟေ့။ ခြောက်ကပ်ပြီး စီးပွားရေး
ထုတ်ကုန်ကလည်း မရှိ။ ငွေကြေးကို ဘယ်လိုရှာလို့ ဘယ်လိုသုံးရမှန်းကို
သိပ်မသိကြသေးသလိုဘဲ တနိုင်းမှာ မိုးမလင်းခင်မှာပဲ လူတွေ့ရတယ်။ ဝေလီဝေလင်း နံနက် ၅
နာရီ ၅ နာရီခွဲမှာ ဖယောင်းတိုင်နဲ့ မီးခွက်ကလေးနဲ့ ဈေးရောင်းတယ်။ ၆ နာရီ
ကျော်သွားရင် လူမရှိတော့ဘူး။ တောင်ယာသွားသူကသွား၊ ဟင်းသီးဟင်းရွက်ရှာသူကရှာ။ မနက်ဈေးက
ညဈေးတန်းလိုပဲ၊ ဖယောင်းတိုင်မီးလေးတွေနဲ့ ဒီဇယ်မီးခွက်လေးတွေနဲ့။
ကိုဇော်မင်းက တနိုင်းမြို့နယ်မှာ ၁
နှစ်အတွင်း ၁ဝ သိန်းအထက် အဖိုးတန်တဲ့ အိမ်ကြီးအိမ်ကောင်း ၂ဝဝ လောက် တိုးလာတယ်လို့
ပြောပြတယ်။'
(လီဒိုဟူးကောင်း မင်ခြစ်မှတ်စုများ၊
စာ ၁ဝဝ)
(ဒီစာကို ဖတ်ရင်းနဲ့
မီးခွက်ဈေးအကြောင်း တွေးမိပါသေးတယ်။ ဒီလိုမီးခွက်ဈေးကို ကျွန်တော်ပူတာအိုမှာ
ဆုံဖူးပါတယ်။ ပြီးတော့ ထမံသီမှာလည်း တွေ့ခဲ့ဖူးပါတယ်။ အခုထက်ထိ ဒီဓလေ့ဟာ
ချင်းတွင်းအထက်ပိုင်း၊ ကချင်ပြည်နယ် အထက်ပိုင်းတွေမှာ ရှိဆဲပါပဲ။)
အထက်ပါအတိုင်း ဆရာညီပုလေးက
ရေးထားခဲ့ပါသည်။ ကျွန်တော်တို့ တနိုင်း ရောက်သောအခါ တနိုင်းမှာ တကယ့်မြို့ကြီး
ဖြစ်နေပါပြီ။ ဆရာမောင်မဲ (၁၉၅၄-၅၅ ခုလောက်က ရောက်တာပါ) ဆရာမင်းခေါင်ဦး (၁၉၈၃-၈၄
လောက်က ရောက်တာပါ။) ဆရာညီပုလေး (၂ဝဝ၁ ခုက ရောက်တာပါ။)တို့ရောက်ခဲ့ချိန်ထက်
သဘာဝနိယာမအတိုင်း မြို့က ပိုမိုတိုးတက်နေပါပြီ။ အိမ်ကြီး အိမ်ကောင်းများ၊
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များနှင့် စည်ကားလှပါသည်။ တနိုင်းကားဂိတ်ကို
တံတားကြီးထိပ်တွင် တွေ့ရပါသည်။ မြစ်ကြီးနား တနိုင်း အချိန်မှန် ပြေးဆွဲနေသည့်
ကားများ အတော်များများ ရှိပါသည်။ မြို့ခံကားဆရာများ ပြောပြချက်အရ ကားကြီးကားလတ်
(၃ဝ) လောက်ရှိပါသည်။ စပ်စပ်စုစု ဒီဇယ်ဈေး ဘယ်လောက်လဲဟု မေးကြည့်မိရာ တစ်ဂါလံ ၃၅ဝဝ
ဟု သိရပါသည်။
ကျွန်တော်တို့ တနိုင်းမှာ
နေ့လယ်စာစားကြပါသည်။ ကားဂိတ်နားမှာပင် ဖြစ်၏။ လူခြောက်ယောက် ချက်ပလက်
ကားဖြူကြီးတစ်စင်း၊ ဓာတ်ပုံနှင့် ပန်းချီဆိုင်ရာ ပစ္စည်းကိရိယာ အစုံအလင်၊ မီးစက်၊
စားအိုးစားခွက် အပြည့်အစုံနှင့် ရောက်လာကြသည့် ကျွန်တော်တို့ကို စိတ်ဝင်စားသူတွေက
ဘယ်ကလဲ၊ ဘာအတွက်လာတာလဲ၊ ဘယ်သွားကြမှာလဲဆိုပြီး မေးကြပါသည်။ ပန်းချီဓာတ်ပုံအဖွဲ့
ပန်ဆောင်ကို ဦးတည် သွားမှာဆိုတော့ အားလုံးက 'ဒီကားနဲ့ရောက်ပါ့မလား'
ဟု မေးကြပြန်ပါသည်။ တစ်ယောက်တည်းက မဟုတ်၊ အားလုံးက မေးကြပါသည်။
ကျွန်တော်တို့ကလည်း လမ်းကြမ်းအတော်များများကို ရန်ကုန်မှ ပန်ဝါ၊ ချင်းတောင်
(မင်းတပ်၊ မတူပီ) ရခိုင်ပြည်နယ် အမ်း၊ မြောက်ဦး၊ ရှမ်းပြည်နယ်နှင့် နယ်ဒေသ
အတော်များများ အခုကားဖြင့်ပင် သွားကြပြီးဖြစ်၍ 'ဖြစ်လောက်ပါတယ်'
ဟုဆိုကာ ခပ်အေးအေး ဖြေကြသောအခါ အားလုံးက အံ့အားသင့်ကြပါသည်။
ကားအောက်ပိုင်းကို ငုံ့ကြည့်ပြီး ကားဆရာတချို့ကတော့ ခေါင်းယမ်းကြပါသည်။
တနိုင်းမှာ ကျွန်တော်တွေ့ချင်သည့်
အဖွဲ့တစ်ဖွဲ့ ရောက်နေသည်ကို ရန်ကုန်ကတည်းက သတင်းရခဲ့ပါ၏။ ထိုအဖွဲ့မှာ
ကြိမ်လေ့လာရေးအဖွဲ့ပါ။ ကြိမ်အဖွဲ့တွင် ရန်ကုန်က 'မြန်မာနိုင်ငံပန်းစိုက်ပျိုးသူများအသင်း'၊ 'သစ်ခွစိုက်ပျိုးသူများအဖွဲ့' များတွင် ထင်ရှားသည့် ဦးစောလွင် ပါလာပါသည်။ ဦးစောလွင်သည် ဟင်္သာပန်းချီ
ပြခန်းကိုလည်း ရန်ကုန်၌ ဖွင့်လှစ်ထားသူ ဖြစ်ပါ၏။ သူတို့အဖွဲ့သည် တနိုင်း၊
ရှင်ဘွေယန်နယ်၌ ကြိမ်သုတေသနပြုလုပ်ရန်အတွက် လာရောက်ပြီး လနဲ့ ချီနေကြသည့်သူများ
ဖြစ်ပါသည်။ သစ်တောဌာနမှ အဖွဲ့များလည်း ပါပါမည်။ ပြီးတော့ ထိုအဖွဲ့မှာက
အမေရိကန်နိုင်ငံ နယူးယောက် ရုက္ခဗေဒဥယျာဉ်မှ ပညာရှင်များဖြစ်သည့် ဒေါက်တာ
အင်ဒရူးဟင်ဒါဆင် (Dr Andrew Henderson) အပင်မျိုးခွဲ ပညာရှင် Plants
Taxonomist
နှင့်
ဒေါက်တာ ချားလ်စ်ပီတာ (Dr Cherls Peters) အပင်ဂေဟပညာရှင် Plants
Biologist တို့လည်း ပါမည်ဟု သိရပါသည်။
ကျွန်တော်တို့အဖွဲ့သားများ
စားသောက်ပြီး ဈေးတန်းလျှောက်နေကြချိန်တွင် ကျွန်တော်နှင့် ကိုမင်းဝေအောင်တို့
သစ်တောရုံးသို့ သွားစုံစမ်းကြပါသည်။ အဖွဲ့က သန္တာထွန်းမှာ တည်းကြကြောင်း
လမုံကျေးရွာဘက် သွားနေကြကြောင်း၊ ညနေစောင်းမှ ပြန်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့အဖွဲ့ လာကြောင်း ပြောပြဖို့ မှာကြားပြီး ခရီးဆက်ခဲ့ကြသည်။
သူတို့ကြိမ်အဖွဲ့မှာလည်း တနိုင်း၊ ရှင်ဘွေယန်တွင် စခန်းချ၊ ကျွန်တော်တို့အဖွဲ့ကလည်း
လီဒိုလမ်းတစ်လျှောက် အသွားအပြန် သွားနေကြမည်ဖြစ်ရာ နောက်နေ့တွေမှာ
တွေ့ကြမှာပဲဟုကို စိတ်ဖြတ်ပြီး ခရီးဆက်ကြသည်။
တနိုင်းတံတားကြီးကား ပေ ၆ဝဝ ကျော်
ရှည်လျားသည့် တံတားကြီး ဖြစ်သည်။ တနိုင်းမြစ်ကို တံတားမှ ကျော်ဖြတ်ပြီးသော် လမုံ၊
မကောရွာများကား တနိုင်းတစ်ဖက်ကမ်း၌ ရှိနေကြပေသည်။
တနိုင်းတံတားကို ဖြတ်၍ တံတား၏
မြောက်ဘက် ထိပ်တွင်ကား ခေတ္တနားကြသည်။ တနိုင်းမြစ်အတွင်းမှ သဘာဝအလှအပများနှင့်
ကြိမ်လှေများ၊ ငါးဖမ်းလှေများကို ကျွန်တော်တို့ အဖွဲ့ ဗွီဒီယိုရိုက်၊
ဓာတ်ပုံရိုက်ဖြင့် မှတ်တမ်းပြုကြ၍ ဖြစ်သည်။
တံတားထိပ်တွင် ကားရပ်ပြီး၊ ကားလမ်းဝဲဘက်ရှိ
ဘုန်းတော်ကြီးကျောင်းဘက်သို့ ငေးမောကြည့်ရင်း ကျွန်တော့်အတွေးများ ပျံ့လွင့်နေမိ၏။
တနိုင်းဆိုသည့် အမည်မှာ
မူလအမည်မဟုတ်ဟု ဆိုကြကြောင်း ဖတ်မှတ်မိသည်။ ဒုတိယကမ္ဘာစစ်ဦးပိုင်း မြန်မာနိုင်ငံမှ
ဗြိတိသျှတပ်များ ဆုတ်ခွာစဉ်က စစ်ရှုံးသမားတို့ စစ်ပြေးရန် ကာမိုင်းမှ ပန်ဆောင်အထိ
လမ်းတစ်လမ်း အပြင်းအထန် ဖောက်ခဲ့ဖူးသည်။ ထိုလမ်းမှာ ဟူးကောင်းဒေသ မိုင်းခွန်း
ကျေးရွာ ဒိုင်ဖာအင်ကျော် လျော်ပန်လမ်း ဟုဆိုသည်။ ထိုလမ်းကို ပထမ
ဟူးကောင်းကားလမ်းကြီးဟု ခေါ်ကြ၏။ မိုင်းခွန်းရွာကြီးသည် အိမ်ခြေ
တစ်ထောင်ကျော်ရှိသော ရွာကြီးဖြစ်ပြီး တစ်ချိန်က ဟူးကောင်းလွင်ပြင်၌
ထင်ရှားအဓိကကျခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကတည်းက နိုင်ငံ့ကာကွယ်ရေးနှင့်
ပတ်သက်၍ မိုင်းခွန်းနယ်မှ ရှမ်း၊ ကချင်၊ ဂျိန်ဖော့ တိုင်းရင်းသား ခေါင်းဆောင်နှင့်
သူရဲကောင်းများသည် အာသံချီ စစ်ကြောင်းများ၌ စစ်သူကြီး မဟာဗန္ဓုလနှင့်
တွဲဖက်ပါဝင်ခဲ့ကြသည်ဖြစ်၏။ ထိုစဉ်က မဟာဗန္ဓုလတပ်နှင့် တွဲဖက်ပါဝင်ခဲ့သော
တိုင်းရင်းသား သူရဲကောင်းစစ်သည်ရဲမက် တစ်ထောင် ကျော်၏ ခေါင်းဆောင်မှာ
တပ်မှူးဂျိန်းဖော့ ဒူဝါဒိုင်ဖာဂမ်ဖြစ်ပြီး သူ့လက်ထောက်မှာ ဒူဝါရှရောလဟု ဆိုပေသည်။
ဒူဝါဒိုင်ဖာဂမ်မှာ 'နေမျိုးသိန်ပရာဇာ' ဘွဲ့ခံတပ်မှူးဖြစ်၏။
ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်သည်
အနိမ့်ဆုံးနေရာ၌ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆ဝဝ မှ အမြင့်ဆုံးတောင်မှာ ၆၇၅ဝ
ပေဟုဆိုသည်။ ထိုဒေသတွင် အစဉ်အလာအရ ရွှေ၊ ပယင်း၊ သစ်တောထွက် ကြိမ်၊ ဝါး၊
သစ်အမျိုးမျိုးနှင့် ဆင်တို့သည် ကျော်ကြားသော ထွက်ကုန်များဖြစ်ကြ၏။ ထို ဟူးကောင်း၌
မူလက ရွဲရိ၊ ရွဲရာ့၊ ချောက်ရန်ဟူသည့် နာဂမျိုးနွယ်စုများ ရှေးဦးအခြေချ
နေထိုင်ခဲ့ကြသည် ဆို၏။ နောက်ပိုင်းတွင် မိုးကောင်းအနွယ် ရှမ်းလူမျိုးများ
လာရောက်နေထိုင်ကြ သည်။ 'ဟူးကောင်း' ဆိုသည့်အမည် စကားလုံးမှာ
ရှမ်းဘာသာစကားဖြစ်ပြီး ဟူးဆိုသည်မှာ ဦးခေါင်း၊ ကောင်း ဆိုသည်က စည်တော်ဟု
အဓိပ္ပာယ်ရ၍ 'စည်တော်ဦးခေါင်း ပြုရာအရပ်' ဟု ခေါ်တွင်ခဲ့ကြသည် ဆိုသည်။ သမိုင်းအဆိုအရ ဟူးကောင်းဆိုသည်မှာ
ရှမ်းလူမျိုးတို့ မိုးကောင်းမြို့ကို တည်ထောင်စဉ်က စည်တော်တီး၍ စစ်သံပေး၊
အောင်ပွဲခံရာ၌ စည်တော်၏ ခေါင်းပိုင်းဦး တည်ခေါင်းပြုရာအရပ်ဖြစ်၍ ထိုဒေသကို
ဟူးကောင်းဟု ခေါ်ခဲ့သည် ဆိုပေသည်။
နောက်ပိုင်းတွင် ဆွမ်ပရာဘွန်၊
ဒရူးနှင့် မလိခဒေသမှ ကချင်၊ ဂျိန်ဖော့ လူမျိုးများသည် ဒရူဘွန်တောင်ကြားအတိုင်း
ဖြတ်သန်းပြောင်းရွှေ့ ဝင်ရောက် အခြေချကြသည်။ ဂျိန်ဖော့နွယ်ဝင် ကျဆင်း၊ မရဝ၊
လမိုင်မျိုးနွယ်စုများ ဖြစ်ကြပြီး မျိုးနွယ်စုဝင် အုပ်စုအများအပြား
ရောက်ရှိနေထိုင်ခဲ့ကြသည်ဟု ဆိုပေသည်။
ဟူးကောင်းဒေသကို ပယင်းဒေသဟုလည်း
ခေါ်ကြသည်။ အရည်အသွေးကောင်း ပယင်းကျောက်များ ထွက်ရှိ၍ ခေါ်ဝေါ်ကြခြင်းဟု ဆိုပေသည်။
မူလနာဂများမှာ ဒဂမ်ဘွန်နှင့် နာဂတောင်တန်းဘက်သို့ တက်ရောက်ပြောင်းရွှေ့ကုန်ကြပြီး
ဟူးကောင်း၌ ရှမ်း၊ ကချင်၊ နာဂ၊ မြန်မာတို့ သွေးနှောကျန်ရစ်ခဲ့ကြသည်ဟု ဆိုပေသည်။
ရှမ်းအများစုမှာ ခန္တီး၊ မိုးကောင်း၊ မိုးညှင်း၊ မိုင်းခွန်း၊ နိန်ဗျင်၊ ဒလူး။
ကချင်အများစုမှာ ကာမိုင်း၊ မုန်နောက်၊ လဘန်၊ လဝါးဂျိုင်ရိုင်၊ အင်းတော်၊ ဟောင်ပါး၊
ဆိုင်းရာ၊ ဖားကန့်၊ ဂန်ဆီဒူဝါ၊ လိုင်ဆိုင်း၊ ဆိုင်းလုံနယ်များအထိ
ပြန့်နှံ့ရောက်ရှိ အခြေစိုက်ခဲ့ကြသည် ဆိုပေသည်။
၁၉၄၄ ခုနှစ်က ပုံနှိပ်သော ဗြိတိသျှ
မဟာမိတ်တပ်မတော်မှ ထုတ်ဝေသည့် ဟူးကောင်းဒေသ မြေပုံတစ်ခု ကျွန်တော့်ထံတွင် ရှိသည်။
ထိုမြေပုံပေါ်မှ မိုင်းခွန်းကိုသာ တွေ့ရသည်။ ထိုမြေပုံမှာ စစ်သုံးဖြစ်ပြီး
လီဒိုလမ်းမဖောက်ရသေးမီက ထုတ်ဝေခဲ့သော မြေပုံဖြစ်၏။ တနိုင်းနှင့် မိုင်းခွန်းသည် ဘာမျှမဝေး။
မိုင်းခွန်းက တနိုင်း၏အနောက်ဘက် တည့်တည့်တွင် ရှိသည်။ အကွာအဝေးမိုင်အားဖြင့် ၁ဝ
မိုင်ခန့်သာ ရှိသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့
မြန်မာနိုင်ငံသို့ သိမ်းယူပြီးနောက် ဂျပန်တပ်များသည် အိန္ဒိယနယ်သို့
စစ်ကြောင်းထိုးဖောက်ရန် ကြိုးစားခဲ့သည်။ အင်ဖာနှင့် ကိုဟီးမားကို ဦးတည်၍
ဂျပန်တပ်မကြီးများ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ကြသည်။ ဂျပန်တို့ ထိုးစစ်ကို
မဟာမိတ်တို့က အပြင်းအထန် ခုခံခဲ့ရာ နှစ်ဘက် အကျအဆုံးများစွာ ခုခံရင်းဖြင့်
အင်္ဂလိပ်တို့ မဟာမိတ်အဖွဲ့က ဂျပန်ကို ဟန့်တား နိုင်ခဲ့ပြီး ဂျပန်တို့
စစ်တန့်သွားချိန်တွင် မဟာမိတ်တို့ဘက်မှ အိန္ဒိယနှင့် တရုတ် ဆက်သွယ်ရေး
လမ်းကြောင်းတစ်ခုရရန် အမြန်လိုလာရာ လီဒိုလမ်း၏ ဇာတ်လမ်း စခဲ့ပါသည်။
ချင်းတွင်းဒေသ ခြင်္သေ့စစ်ဆင်ရေးအတွက်
ဝင်းဂိတ် ဦးဆောင်သလို ဟူးကောင်း ဒေသသို့ လီဒိုမှ ထိုးဖောက်ရေးအတွက် စတီးဝဲလ်က
ဦးဆောင်ခဲ့သည်။ စတီးဝဲလ်က ဦးဆောင်၍ လီဒိုမှ ပန်ဆောင်၊ ရှင်ဘွေယန်၊ ရှာဒူဇွပ်၊
မြစ်ကြီးနားသို့ တိုက်လည်းတိုက်၊ လမ်းလည်းဖောက် ထိုးစစ်ဆင်သည်။ တရုတ်ပြည်ဘက်
ကူမင်းမှ လားရှိုးသို့ ရှိရင်းစွဲလမ်းနှင့် ဝမ်တိန်အနီး၌ ဆုံရန်ဖြစ်သည်။
တရုတ်-မြန်မာ (ကူမင်း၊ လားရှိုး) လမ်းမှ ဖြတ်တက်လာသော ချန်ကေရှိတ်၏ တပ်များနှင့်
စတီးဝဲလ်၏ တပ်များမြစ်ကြီးနားတွင် ဆုံရန်ကြိုးစားသည်။ လီဒိုလမ်းနှင့် ပတ်သက်၍ 'တောင်ခိုး'
၏ စစ်ညောင်းတာရှည် မြန်မာပြည်စာအုပ်တွင် အောက်ပါအတိုင်း ဖတ်ရသည်။
'မြန်မာပြည်
မြောက်ပိုင်းရှိ ဂျပန်တပ်မ (၁၈) ယူနန်ဒေသရှိ အမေရိကန်က လက်နက်တပ်ဆင်ပေးထားသော
တရုတ်တပ်များကို ရင်ဆိုင်ထားသော ဂျပန်တပ်မ (၅၆) တို့ကို အဆက်အသွယ် ဖြတ်၍ အာသံနယ်
လီဒိုနှင့် ယူနန်နယ်ရှိ ကူမင်းမြို့တို့ကို ဆက်သွယ်ပေးမည့် လီဒိုလမ်းမကြီး
ဖောက်လုပ်နိုင်ရန် ....
စတီးဝဲလ်အမြင်တွင် ဂျပန့်လက်ထဲသို့
နှစ်နှစ်နီးပါး ကျရောက်နေသည့် ရန်ကုန်မှ ယူနန်သို့ ကားလမ်းအစား လီဒိုလမ်းဖြင့်
ကာလကတ္တားမြို့မှ အာသံ၊ ၄င်းမှတစ်ဆင့် တရုတ်ပြည်သို့ စစ်မက်ပစ္စည်းများ
ထောက်ပံ့ရန် ဖြစ်သည်။ ဤလမ်းမှ ထောက်ပံ့မှုဖြင့် ဂျပန်ကို တိုက်ရန် တရုတ်တပ်မ
စုစုပေါင်း (၆ဝ) တည်ထောင်နိုင်မည်ဟု တွက်ထားသည်။ ထို့ပြင် လီဒိုလမ်းနှင့်ယှဉ်၍
ချသွားမည့်ပိုက်လိုင်းများဖြင့် တရုတ်ပြည်တွင် စခန်းချလျက်ရှိသော ဘီ-၂၉ ဗုံးကြဲ
လေယာဉ်များအတွက် လေယာဉ်ဆီ ပို့ပေးကာ ဖော်မိုဆာနှင့် ကိုရီးယားရှိ ဂျပန်တပ်များကို
ဗုံးကြဲတိုက်ခိုက်၍ နောက်တစ်ဆင့်တွင် ဂျပန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်နိုင်မည်။'
(တောင်ခိုး။
စစ်ညောင်းတာရှည်မြန်မာပြည်၊ စာ ၂၆ဝ၊ Louis Allen ၏ Burma
(Myanmar) THE LONGEST WAR ၁၉၄၁-၁၉၄၅ ကို ပြန်ဆိုသည့် စာအုပ်)
တကယ်တော့ ဝင်းဂိတ်၏ ခြင်္သေ့တပ်များ
စစ်ဆင်ရေး 'ကြာသပတေး'နှင့် စတီးဝဲလ်၏ လီဒို ထိုးစစ်ကြောင်းတွင်
အမေရိကန် ကွန်မင်ဒို လေတပ်တပ်ဖွဲ့သည် သယ်ယူပို့ဆောင်ရေး၊ ရိက္ခာချ၊
လေကြောင်းတိုက်ခိုက်မှုတို့ ပါဝင်ခဲ့ရာ စီ ၄၇ ဒါကိုတာ (၁၃) စီး၊ စီ ၄၆ ကွန်မန်ဒို
သယ်ယူ ပို့ဆောင်ရေးလေယာဉ် (၁၂) စီး၊ ဘီ ၂၅ မစ်ရှယ်ဗုံးကြဲ လေယာဉ် (၁၂) စီး၊ ပီ ၅၁
မတ်စတင်း 'မြင်းရိုင်း' ဗုံးကြဲ
တိုက်လေယာဉ် အစီး (၃ဝ)၊ အယ်လ် ၅ လေယာဉ်ငယ်အစီး (၁ဝဝ) နှင့် ရဟတ်ယာဉ် (၆) စီးနှင့်
ဝင်းဂိတ်တပ်များ အများဆုံးသုံးသည့် စက်မဲ့လေယာဉ် ၂၂၅ စီးလည်း ပါဝင်သည်ဟု ဆိုပေသည်။
ထို့အတွက် မြန်မာပြည်
မြောက်ပိုင်းတွင် (ချင်းတွင်းဒေသနှင့် ကချင်ပြည်နယ်ဒေသပါ) လေယာဉ်ကွင်း ၃ဝ ခန့်
ဖောက်လုပ်ခဲ့သည်ဟု သိရပါသည်။ အချို့ ကွင်းများမှာ ရဟတ်ယာဉ်ကွင်း များလည်း
ဖြစ်ပါလိမ့်မည်။
တကယ်တော့ လီဒိုလမ်းကို မူလက
တရုတ်နိုင်ငံ ကူမင်းနှင့် မြန်မာနိုင်ငံ လားရှိုးသို့ ဖောက်လုပ်ပြီးဖြစ်သော
(၁၉၃၇-၁၉၃၈ တွင် ပြီးစီးခဲ့သည့်လမ်း) ထိုလမ်းကို ထိုစဉ်က Burma
(Myanmar) ROAD
ဟု ခေါ်ကြသည့်လမ်းနှင့် ဆက်မိရန် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုတရုတ်-မြန်မာလမ်းမှာ ကူမင်းမှ လားရှိုးအထိ မိုင် ၅ဝဝ ကျော်ရှည်လျားသည်။
လီဒိုလမ်းမှာ မူဆယ်အနီးအထိ မိုင် ၅ဝဝ ကျော်ဖြင့် လာဆုံသည်။ ကူမင်းနှင့်
လီဒိုလမ်းကို မိုင် ၁၁ဝဝ ခန့်ရှိကြောင်း တွက်ချက်ကြသည်။
ထိုလီဒိုလမ်း ဖောက်လုပ်သောအခါ လီဒိုမှ
ပန်ဆောင်၊ ပန်ဆောင်မှ နမ္မလစ်၊ နမ္မလစ်မှ နန်းယွန်း၊ နန်းယွန်းမှ ရှင်ဘွေယန်၊
ရှင်ဘွေယန်မှ ရှာဒူဇွပ်သို့ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်ကို တတ်နိုင်သလောက်
အတိုဆုံးဖြောင့်ဖြောင့် လမ်းဖောက်သည်။ ဤတွင် လီဒိုလမ်းသည် စည်ကားပြီးဖြစ်သော
မိုင်းခွန်းကို မဖြတ်တော့။ မိုင်းခွန်း၏ အရှေ့ဘက် ၁ဝ မိုင်ခန့်မှ တနိုင်းမြစ်
(ချင်းတွင်းမြစ် ၏မြစ်ဖျားပိုင်း)ကို ဖြတ်ဖောက်သည်။ တံတားဆောက်သည်။ ထိုနေရာတွင်
တနိုင်းမြစ်နှင့် လီဒိုလမ်းဆုံရာ၌ ရွာသစ် ဖြစ်ပေါ်လာသည်။ ဤနေရာကို 'ဟူးကောင်း'ရွာ၊ 'ဟူးကောင်း'မြို့အဖြစ်
လူသိလာကြသည်။ တဖြည်းဖြည်း စည်ကားလာခဲ့သည်။ ၁၉၅၈ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံ
လွတ်လပ်ရေးရပြီး ၁ဝ နှစ်ကြာအထိ တောင်တန်း ဝန်ထောက်ရုံးစိုက်ရာ အရပ်မှာ 'တိန်ကောက်' တွင်ဖြစ်၏။ ၁၉၅၈ ခုနှစ်မှ တိန်ကောက်မှ
တနိုင်းသို့ တောင်တန်း ဝန်ထောက်ရုံး ပြောင်းရွှေ့ဖွင့်လှစ် ရုံးစိုက်ခဲ့သည်။ ထို 'ဟူးကောင်း'မြို့ကို ၁၉၇၇ ခုနှစ်တွင်မှ
တနိုင်းမြို့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုအရ တနိုင်းချောင်း၊
တနိုင်းမြစ်ကို အမှီပြု၍ တနိုင်းမြို့ဟု ခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ သို့ဖြစ်ရာ
လီဒိုလမ်းနှင့် တနိုင်း၊ တနိုင်းနှင့် လီဒိုလမ်းကား ခွဲခြားမရဟု ဆိုရပေလိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။
စိန်မျိုးမြင့်
(အမှတ် ၁၉၀၊
စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။