ရွှေသုတ‌

မစောပြောတာမှန်တယ်

သုမောင်

01 June 2025
မစောပြောတာမှန်တယ်
Share to

            ခေါင်းစဉ်ကလေးက ကျွန်တော်ပိုင် မဟုတ်ပါဘူး။ ဟိုး... မြန်မာရုပ်ရှင် အသံထွက်ပေါ်ဦးစခေတ် ရုပ်ရှင်ကား တစ်ကားထဲမှာ သရုပ်ဆောင် ဦးဘရှင် ပြောတဲ့စကားပါ။ ခုခေတ် တီဗီကြော်ငြာတွေမှာ သရုပ်ဆောင်တစ်ယောက်က ပြောလိုက်တဲ့စကားဟာ ပရိသတ်ကြိုက်သွားရင် ပါးစပ်ဖျားမှာ ရေပန်းစားတတ်သလိုမျိုးပါပဲ။ အဲဒီခေတ်ဟောင်း ရုပ်ရှင်ထဲမှာ ကိုဘရှင်က သူ့ဇနီးလုပ်သူ မစော (ဒေါ်ဂျမ်းစိန်) ဘာပဲပြောပြော 'မစောပြောတာ မှန်တယ်'လို့ချည်း ထောက်ခံတဲ့ စရိုက် အခန်းပါပါတယ်။ အဲဒါက ခေတ်စားသွားလို့ မယားလုပ်သူ ဘာပြောပြော၊ ဘာလုပ်လုပ် ထောက်ခံနေတတ်တဲ့ ယောကျ်ားမျိုးကို 'မစောပြောတာ မှန်တယ်' ဆိုပြီး လူတွေက သံယောင်လိုက်ကြတာပါပဲ။ ခု ကျွန်တော် ရေးချင်တာကလည်း မိန်းမတချို့ ပေါက်ပေါက်ရှာရှာ လုပ်တတ်ပြောတတ်ကြတဲ့ သဘာဝတစ်မျိုးကို ဖော်ကျူးမှာမို့ အဲဒီစကားရပ်ကလေး ခဏလှည့်သုံးမိတာပါပဲ။ ပြီးတော့ ကျွန်တော်တို့ မြန်မာမှာ စောဆိုတဲ့ နာမည်ပါတဲ့ ရာဇဝင်ထဲက မိန်းမသားတွေ ရှိခဲ့တာကြောင့်လည်း ကျွန်တော်က သုံးချင်တာပါ။ ဥပမာ- မိဖုရား စောဥမ္မာ၊ မိဖုရား ဖွားစော၊ ဘုရင်မကြီး ရှင်စောပုတို့ ရှိခဲ့ကြတယ် မဟုတ်လားဗျ။ ပြီးတော့ အေးဘုံရဲ့ အစ်မ တစ်ယောက်နာမည်ကလည်း စောစောစိန်တဲ့ဗျ။ စသုံးလုံး အက္ခရာယူထားပုံက တော်တော်လှပါတယ်။ ဒါကြောင့် သူ့ကို စချင်နောက်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် ကျွန်တော် ရေးပြမယ့် စရိုက်တွေကတော့ သူမဟုတ်ကြောင်း ကြိုတင် ပြောထားချင်ပါတယ်ဗျာ။ အခြား မစောတွေရှိခဲ့ရင်လည်း စရိုက်ချင်း မတူရင် ခွင့်လွှတ်ကြပါ။ စရိုက်ချင်း တူနေရင်လည်း ထိုမစောကို မရည်ရွယ်ပါဘူး။ ကျွန်တော့်ဝန်းကျင်က မိန်းမ တချို့အကြောင်းပါ။

            ကျွန်တော့်ဝန်းကျင်မှာ မစော (ဆိုပါစို့) မိန်းမတစ်ယောက် ရှိပါတယ်။ သူက လက်လုပ်လက်စားအတန်းထဲကပါ။ စာပေ မတတ်ပါဘူး။ မူလတန်းလောက်ထိပဲ သင်ဖူးပါတယ်။ အိမ်မှာ စက်ချုပ်ပါတယ်။ ဆိုင်နဲ့ကနားနဲ့ မဟုတ်ပါဘူး။ မိန်းမဝတ် အင်္ကျီ၊ ယောကျ်ား မိန်းမလုံချည်၊ ကြယ်သီးတံထိုးတာ စသဖြင့် လုပ်ကိုင်ပေမယ့် သူ့မိသားစု ထမင်းအိုး ဟင်းအိုးကိုတော့ ကောင်းကောင်းနိုင်နင်းပါတယ်။

            သူ့ယောကျ်ားက ထုံထုံအအ လူတစ်ယောက် မဟုတ်ပေမယ့် သူ့မိန်းမ မစော ဘာလုပ်လုပ် ထောက်ခံတတ်သူပါ။ တကယ်ရိုးလွန်းတာက မစော။ အတီးအတတော့ မဟုတ်ရှာပါဘူး။ ဒါကြောင့်လည်း မစော လုပ်သမျှ ပြောသမျှ တစ်ခါတလေ အပေါက်အလမ်း မတည့်ပေမယ့် သူ့ယောကျ်ားကတော့ ခွင့်လွှတ်တတ်တာ ဖြစ်ပါလိမ့်မယ်။ ယောကျ်ားနာမည်က ကိုစောလွင်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် စောတစ်လုံး ထိပ်စီးပါနေတာကြောင့် အရပ်ထဲက သူရို့လင်မယားကို မစော ကိုစောလို့ တွဲခေါ်တတ်ပါတယ်။ ထူးခြားတာက လင်သည်ရဲ့နာမည်ကို ရှေ့မတင်ဘဲ မစောကို ရှေ့က ကင်ပွန်းတပ်ထားတာပါပဲ။ တကယ်လည်း ပညာမတတ်ရှာတဲ့ မစောက ပညာတတ်ဘွဲ့ရ ကိုစောလွင်ကို အမြဲဦးဆောင်ခဲ့တာချည်းပါ။ သူရို့ရပ်ကွက်ကလည်း ပျံကျရပ်ကွက်ဆိုတာမျိုးမို့ သူ့စရိုက်၊ သူ့ကိုက်နဲ့တော့ အံကျဆိုရမှာပေါ့လေ။ အနီးစပ်ဆုံး ပမာပြရရင်တော့ သူရို့ အရပ်လူကြီးကိုယ်တိုင်က ခုနစ်တန်းပဲ တတ်တာကိုး။ ဒီတော့ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ ကိစ္စတွေမှာ မစော ဦးဆောင်တာဟာ အရပ်နဲ့ ကီးကိုက်သွားတာပေါ့လေ။ ကိုစောလွင်က ပညာတတ်ဖြစ်တဲ့အပြင် အနုပညာသမားတစ်ယောက်ဆိုတော့ ရပ်ကွက်နဲ့ သိပ်ပြီး သဟဇာတ မဖြစ်ပါဘူး။ ဒါပေမယ့် ပညာတတ်တို့ ထုံးစံအတိုင်း အဲ့သလို ရပ်ကွက်မျိုးမှာတော့ လူတွင်ကျယ် မလုပ်ဘဲ အေးအေး ဆေးဆေး နေတတ်သူတစ်ယောက်လို ဟန်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဘာပြဿနာဖြစ်လာလာ မစောအပေါ် ပုံချရုံပဲ မဟုတ်လား။ ဒီတော့ ပြဿနာအဆိုးတစ်ခုခု ဖြစ်လာရင် 'မစော လုပ်တာ' ပြောလိုက်ရုံပေါ့။ ရပ်ကွက်ထဲ ကောင်းကွက်တစ်ခုပေါ်လာရင်တော့ စောစောက ပြောသလို 'မစောပြောတာ မှန်တယ်' လုပ်ချလိုက်ရုံပေါ့။ တခြား မကြည့် နဲ့။ တစ်ခါသား သူရို့ရပ်ကွက် ဧည့်စာရင်းကောက်ပါရော။ သူရို့မိသားစုကလည်း သန်းခေါင်စာရင်း မရှိသေးတော့ ဧည့်စာရင်း တိုင်ပြီး နေကြရပါတယ်။ ဒီလိုနဲ့ ကိုစောလွင် ခရီးထွက်နေတုန်း ဧည့်စာရင်းတိုင်ရာမှာ အိမ်ထောင်ဦးစီးနာမည် ဖြည့်ဖို့ လိုလာပါတယ်။ အဲဒီမှာ မစောက အိမ်ထောင်ဦးစီး မစော၊ မှီခို ဦးစောလွင် ဆိုပြီး နှိပ်ထည့်လိုက်ပါရောဗျာ။ ကိုစောလွင်ခမျာ ငိုရအခက် ရယ်ရအခက်ပေါ့။ ဒါပေမယ့် 'မစောပြောတာ မှန်တယ်'ပဲ လုပ်ရရှာတယ်။ ဟုတ်ပါ့။ အိမ်မီးဖိုချောင်ကိစ္စ မစောက ဦးဆောင်နေတာကိုးဗျ။ ဒါတောင် ကိုစောလွင်က 'မင့်နှယ်ကွာ၊ ငါက အိမ်ထောင်ဦးစီး ဖြစ်ရမှာ'လို့ စောဒကတက်တော့ မစောက 'အို... အရပ်လူကြီးလည်း အိမ်မှာ မရှိပါဘူး။ သူ့မိန်းမ မိအေးမြင့်ပဲ ရှိလို့ သူ့ဆီ စာတင်ခဲ့တာ။ တကယ်တော့ ဒီကောင်မ ကျုပ်လောက်တောင် စာတတ်တာ မဟုတ်ဘူး' ပြန်ပြောလို့ ကိုစောလွင် နှုတ်အနေခဲ့ရပါသေးတယ်။

            သူရို့လင်မယား ချစ်ကြိုက်ရာက အိမ်ထောင်ကျကြရာမှာလည်း မှတ်လောက် သားလောက်ပါတယ်။ သူရို့ ရပ်ကွက်မှာ အများသုံး ဘုန်းကြီးကျောင်း ရေတွင်းကြီး ရှိလေရဲ့။ တစ်ရပ်လုံး ဆင်းရဲသားတွေ သုံးကြတာဆိုတော့ ရေငင်ပုံးက တစ်လုံးပဲ ရှိတယ်။ ဒါကို ဝိုင်းသုံးနေကြတော့ ကြိုးက ဘယ်ကြာကြာခံမလဲ။ ခဏခဏ ပြတ်တာပေါ့။ ပြတ်တော့လည်း မော်တော် ကား ကျွတ်စနဲ့ ပတ်တီးစီးပြီး ပြန်သုံး ကြတာပါပဲ။

            အဲဒီအချိန်မှာ ကိုစောလွင်က မစောကို မျက်စိကျနေခဲ့ပြီးပါပြီ။ ရေတွင်းကုန်း ရေးချိုးအဝတ်အလျှော် သွားရင်းပေါ့လေ။ သူ မျက်စိကျနေတာကိုလည်း မစောကလည်း သိပုံရပါ တယ်။ တစ်နေ့ကျတော့ သူရို့နှစ်ယောက် အတူရှိနေတုန်း မစော ရေခပ်အလှည့်မှာ ကြိုးပြတ်ကျပါတယ်။ အနားမှာရှိကြတဲ့ ယောကျ်ားသားတွေကလည်း ရေပုံးမဆယ်တတ်ကြဘူး။ ကိုစောလွင်ကတော့ အနားက သရက်သီးခူးတဲ့ ဝါးလုံးနဲ့ ရေတွင်းထဲ ထိုးမွှေပြီး ဆွဲလိုက်တာ ကံစွပ်ပြီး တစ်ချက်တည်းနဲ့ ကြိုးရော ရေပုံးပါ ပါလာပါရော။ ဒီမှာတွင် အနုပညာသမား ကိုစောလွင်ဟာ မစောအတွက် သူရဲကောင်းကြီး ဖြစ်သွားပြီး အဲ... အဲဒီလိုနဲ့ နောက်ပိုင်းမှာ ညားကြလေ သတည်းပေါ့ဗျာ။ သို့သော် ပြဿနာက ကိုယ်ချစ်တဲ့ သူရဲကောင်းကြီးရယ်လို့ အဲဒီမှာ တွင်ပြီး မသွားဘူး။ မစောဟာ သူ့ယောကျ်ား ကိုစောလွင်အပေါ် အထင်ကြီးသလို အရပ်ထဲမလည်း အစွမ်းပြ စေ့ချင်လာပါတယ်။ အဲဒါကတော့ ရေတွင်းကုန်းမှာ ရေပုံးကြိုးများ ပြတ်မကျလေနဲ့။ ရေပုံးကြိုး ပြတ်ကျပြီ ကြားတာနဲ့ သူ ရေတွင်းကုန်းမှာ ရှိနေရင်လည်း ကိုစောလွင်ကို ပြေးခေါ်တော့တာပဲ။ သူ ရေတွင်းကုန်းမှာ မရှိပေမယ့် ရေတွင်းဘက်က ရေပုံးကြီး ပြတ်ကျတယ် ကြားတာနဲ့ 'ဟေ့... ကြိုး ပြတ်ပြန်ပြီလား။ ဟော့ဒီမှာ ကိုစောလွင် ရှိတယ်' ဆိုပြီး ရေပုံးကြိုး အဆယ်ခိုင်းတော့တာပါပဲ။ ကိုစောလွင်ခမျာတော့ အောင့်သက်သက်ပေါ့။ ဒါပေမယ့် မစောကတော့ သူ့ယောကျ်ား ရေပုံးကြိုး ဆယ်တာကိုပဲ ကဗျာတစ်ပုဒ် ဂျာနယ်ထဲ ပါလာသလို ဂုဏ်ယူနေတော့တာကလား။ ပြောလိုက်သေးတယ်။ 'ရေပုံး ကြိုးဆယ်တာ လွယ်တာမှတ်လို့'တဲ့ဗျ။ အဲဒီယောကျ်ား စွမ်းရည်ပြပွဲဟာ သူရို့ ချစ်ကြိုက်သွားရာကနေ စလိုက်တာ။ ခု ကလေးသုံးယောက် ရပြီးတဲ့အထိပါပဲ ဗျာ။

            ခုပြောပြမယ့် အကြောင်းအရာကတော့ မိန်းမတွေရဲ့ သဘာဝတရား ကလေးပါ။ ဒါပေမယ့် ခုခေတ် သူရို့ အတန်းအစား မိန်းမတွေထဲမှာဖြင့် တော်တော်ဆန့်ကျင်တော်လှန်တဲ့ မိန်းမ စရိုက်ပါပဲ။

            ခုနှယ်ခါမှာ အဲသလိုရပ်ကွက်ထဲက မိန်းမတွေဟာ နှစ်လုံးရောဂါ ထနေကြတာ အားလုံးအသိပါပဲ။ ဈေးဖိုးထဲက ပဲ့ပါသွားတာမျိုး။ အချို့ဆို ဈေးဖိုး ပြုတ်တဲ့အထိ မဟုတ်လား။ ဒါပေမယ့် ကျွန်တော့်ရဲ့ မစောကတော့ ဝါသနာ မပါရေးချ မပါပါဘဲ။ သူ သိတာက စက်ချုပ်မယ်၊ အိမ်ထောင်မှု ထိန်းမယ်။ လက်ခလေး ပိုပိုသာသာရတဲ့နောက် နေ့ဆို ဟင်းကောင်း ကျွေးကောင်း ချက်ပြီး ကိုစောလွင်နဲ့ကလေးတွေကို ဖွယ်ဖွယ်ရာရာ ကျွေးမယ်။ ဒါပဲ။ ဒါကြောင့်လည်း စိတ်ကျန်းမာရေးကောင်းပြီး နှလုံးရောဂါ လုံးဝမရှိ။ သွေးမတိုး၊ ရင်မတုန်။ ပြောရရင် အိမ်ဦးနတ်ကြီး ကိုစောလွင်ကမှ သူရတတ်တဲ့ အနုပညာ ပူဇော်ခထဲက ဖဲ့ဖဲ့ပြီး ရင်ခုန်တတ်သေးတာ။ ဒါပေမယ့် စားရဝါးရတယ် မရှိလှပါဘူး။ အရင်းစိုက်တာကမှ တစ်ခါရာဂဏန်းလောက်ကိုး။ ရပြီ ဆိုပြန်တော့ လည်း အကြိမ်တစ်ရာတစ်ခါလောက် ဆိုတော့ ဘဲစားဘဲခြေပါပဲ။

            ဒီလိုနဲ့ တစ်နေ့ကတော့ ကိုစောလွင် ထိုင်နေကျ လက်ဖက်ရည်ဆိုင် သွားထိုင်ပါတယ်။ ထူးထူးခြားခြား တယ်လီဖုန်း မြည်သံကြားလို့ အသေအချာကြည့်လိုက်တော့ အဲဒီ လက်ဖက်ရည်ဆိုင် ငွေသိမ်းကောင်တာမှာ တယ်လီဖုန်းတစ်လုံးဗျ။

            'ဟာ... ကိုပေါက်၊ တယ်လီဖုန်း ရပြီလား'

            'ဟုတ်တယ်ဗျ။ လျှောက်ထားတာ ငါးနှစ်ရှိပြီ'

            'နံပါတ်က ဘယ်လောက်လဲ'

            '၅၆၄ဝဝ...'

            ကိုစောလွင်နဲ့ ကိုပေါက်ကျိုင်းက သူငယ်ချင်းတွေဗျ။ ဒါနဲ့ ကိုစောလွင်လည်း အတိတ်ထူး နိမိတ်ထူးပဲဆိုပြီး အပြန်လမ်းမှာ သူ့စိတ်ကူးတည့်တဲ့ အဲဒီနံပါတ်ကို ဝင်ပြီး အရင်းစိုက်လိုက်ပါရော။ ပြီးတော့ ကြည့်ဦး။ သူ အခုနေတဲ့ အိမ်ခန်းကလေးရဲ့ နံပါတ်ကလည်း (ဍ/၅၆၄) မဟုတ်လား။

            ပီတိတွေဝေနေတဲ့ မျှော်လင့်ချက်နဲ့ ကိုစောလွင်ဟာ အိမ်ရောက်တော့ ဈေးသွားခါနီး မစောကို အသင့်တွေ့တာနဲ့ ပိုင်ပြီဟဲ့ဆိုပြီး နောက်ထပ် အရင်းစိုက် လိုက်ပါတယ်။ ဒါမျိုး တစ်ခါမှ ရင်မခုန်ဖူးတဲ့ မစော လွဲမှာစိုးလို့ စာရွက်လွတ် တစ်ရွက်နဲ့ နံပါတ်ရေးပေးလိုက်ပါသေးတယ်။ မစောကတော့ အူကြောင်ကြောင်နဲ့ပေါ့လေ။

            ဒါနဲ့ ဈေးထဲလည်း ရောက်ရောမစောဟာ သူ့မူလအလုပ်ဝယ်ခြမ်းရေးကို လုပ်ပါတယ်။ ဟိုဟာလေး ဒီဟာလေးဖြည့်နဲ့ သူ့ဈေးဖိုးအပြင်ကို စောလွင်ပေးလိုက်တဲ့ နှစ်လုံးရောဂါ ဆေးဖိုးလေးပါ ပဲ့ပဲ့ပါပါလေရော။ ကိုစောမှာလိုက်တာကို အရေးမစိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငွေသားလေး ပိုနေတော့ ကိုစောက ငါးနုသန်းဆီပြန်လေးကြိုက်တာ၊ အငယ်မ ပုတုက ပုစွန်ကလေး ကြိုက်တာ စတဲ့ စေတနာတွေ ပိုလာရာက နောက်ဆုံးတော့ ကိုစောလွင်ပေးလိုက်တဲ့ ပိုက်ဆံချောပါလေရော။ ဒီတော့မှ သူ လက်လွန်သွားတာကို သတိရပြီး ရင်တွေပန်းတွေ တုန်တော့တာပေါ့။ ကိုစောလွင်က လူအေးဆိုပေမယ့် သူ့ စိတ်ကူးယဉ်တာတွေ ပျက်သွားရင် ဆူဟယ်ပူဟယ်က လုပ်တတ်ပါ ဘိသနဲ့။

            ဒီလိုနဲ့ မစောဟာ တစ်နေကုန် မျက်စိမျက်နှာပျက်နာ ပျက်နေပါရော။ ရင်တွေလည်း ခုန်လိုက်တာ မပြောပါနဲ့တော့။ တခြားမိန်းမတွေ ခုလိုအချိန် ရင်ခုန်ရတာက မျှော်လင့်ချက်နဲ့။ သူ့မှာ ဖြင့် မျှော်လင့်ချက် မရှိလို့ ရင်တွေခုန်နေရတာကလား။ ကိုစောလွင်ကို ကြောက်လို့တော့ မဟုတ်ဘူး။ သနားလို့။ အရေးထဲ အဲဒီကိုစောလွင်ကလည်း ဒူးကလေးနှန့်ပြီး လေကလေး တချွန်ချွန်နဲ့။ စိတ်ကူးကလေးကို ယဉ်လို့။ အဲသလို တွေ့ရလေ မစောတို့ ပိုပြီး စိုးရိမ်လေပေါ့။ ညနေ လေးနာရီလည်း ထိုးခါနီးရော ကိုစောလွင်တစ်ယောက် မြောက်ကြွမြောက်ကြွနဲ့ ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်ဘက် ပြေးတော့တာပါပဲ။ မစောမှာဖြင့်လေ အဲဒါမြင်လေ ပိုကြောက်လေပါပဲ။

            'ဘုရား... ဘုရား မပေါက်ပါစေနဲ့'

            ကြယ်သီးထည်တွေ ထိုင်ထိုးနေလိုက်တာ ကျွမ်းကျင်ပြီးသား လက်အပ်စူးလိုစူး။ အရင်ကဆို မျက်စိမှိတ် ထိုးလို့ရတဲ့ကိစ္စ။ ညနေစောင်းလေ ကိုစော ပြန်လာမယ့်လမ်းကို လည်တဆန့်ဆန့် မျှော်ရလေပေါ့။

            အရင်က သူ့ယောကျ်ားဟာ ကြက်ကြီးလည်လိမ်ထားသလို မြို့ထဲက ပြန်လာနေကျလေ။ ဒီနေ့မှ ရင်ကော့ ခေါင်းမော့ပြီး ပြန်လာရင် ဒုက္ခ။ အရင်က ခြေထောက်တွေ ခဲဆွဲထားသလို လေးတိလေးကန် ပြန်လာတတ်တဲ့ သူ့ ယောကျ်ား ခုန်ဆွခုန်ဆွ ပြန်လာမှဖြင့် ဒုက္ခ။

            'ရွာတော့်ရှင်ကြီးရေ... လွဲပါစေ၊ ဖယ်ပါစေ'

            သို့သော် အချိန်တန်လို့ ကိုစောလွင် ပြန်လာတော့ မစော အထင်နဲ့အမြင် လွဲပါလေရော။ ထင်ထားတာက ဒီတစ်ခါ ပိုင်လိုက်ပုံဖြင့် ကြွစောင်းစောင်း ခုန်ပေါက်ပျော်မြူး ပြန်လာမှာပဲ။ ဒါပေမယ့် ခုတကယ်ပြန်လာတာကတော့ အိမ်က ကြက်ဖကြီး မိတ်လိုက်နေသလို နံဘေးတိုက် စောင်းငန်းငန်းကြီးရယ်။ သေချာပါပြီ။ ရွာတော်ရှင်မလို့ လွဲပါပြီ။ အောင်မလေး... မစောတို့ ပျော်လိုက် တဲ့ ဖြစ်ခြင်း။

            ကိုစောလွင်ဟာ အိမ်ပေါ်ကို ဒယိမ်းဒယိုင် တက်လာပြီး ပက်လက်ကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားပါတယ်။ မစောကတော့ အပျော်လွန်ပြီး ကိုစောလွင်နံဘေး ကြမ်းပြင်မှာ ပုံ့ပုံ့ကလေး တရိုတသေ ထိုင်ပါတယ်။

            'ကိုစော၊ ညနေစာအတွက် ရှင် ကြိုက်တတ်တဲ့ ငါးနုသန်းဆီပျံ ချက်ထားတယ်။ စားတော့မလား'

            'ရှင်မကြိုက်တဲ့ မျက်လုံးတွေ ဖောက်ထားပါတယ်တော်'

            'အို... ဖောက်ဖောက် မဖောက်ဖောက်ကွာ'

            ကိုစောလွင်က စကားကျကို ကောက်ပြီး ဘုတောနေပေမယ့် မစော ခမျာမှာတော့ သူ့စိတ်ကူးနဲ့သူပျော်ပြီး...

            'မပေါက်တာ ကောင်းပါတယ်' ဟု ဘယ်စကား ဘယ်ရောက်မှန်းမသိ။ အပျော်ညည်းကလေး ညည်းလိုက်ပါ ရဲ့လေ။

သုမောင်

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။