ရွှေသုတ‌

စာရေးဆရာ စန္ဒရားချစ်ဆွေ

မြသဲဖြူ

01 June 2025
စာရေးဆရာ စန္ဒရားချစ်ဆွေ
Share to

            စန္ဒရားချစ်ဆွေလို့ဆိုရင် အဖြူရောင်ခလုတ်လေးတွေအပေါ်မှာ လက်ချောင်းလေးတွေကို လူးကာလိမ့်ကာ တို့ထိပြေးလွှားရင်း စမ်းရေစီးသံ၊ သစ်ရွက်ကြွေသံ၊ လှိုင်းခတ်သံ၊ ထစ်ချုန်းမိုးသံတွေကို ဖန်ဆင်းနိုင်တဲ့ စန္ဒရားပညာရှင်တစ်ယောက်။

            အချစ်နဲ့ ရွှန်းစိုတဲ့ ရင်ခုန်သံစဉ်တွေကို လှပနုနယ်တဲ့ အက္ခရာစာသားတွေအဖြစ် သီကုံးဖွဲ့ဆို ဖန်ဆင်းနိုင်တဲ့ တေးရေးဂီတစာဆို တစ်ဦး။

            ကျစ်လျစ်ခိုင်မာတဲ့ ပင်ကိုသံနဲ့ ချိုကြည်အေးမြစွာ သောတရှင်တို့ရဲ့ ရင်ထဲဝင်ခွဲမွှေနှောက်နိုင်တဲ့ အဆိုတော်တစ်ယောက်။ ဘယ်သူမှ မငြင်းနိုင်ပါဘူး။တစ်ပြည်လုံး သိပါတယ်။

            စန္ဒရားပညာရှင်၊ ဂီတစာဆို၊ အဆိုတော်ဆိုတဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ ဝိသေသထူး သုံးခုနဲ့ တောက်ပြောင်ဝင်းလက်နေတဲ့ အနုပညာရှင် စန္ဒရားချစ်ဆွေနဲ့ ကျွန်မ အသံလောကတစ်ခုမှာ ဆုံစည်းခဲ့ကြတာပါ။ ကျွန်မ အဆိုတော်တစ်ဦး မဟုတ်ပါဘူး။ ဒါပေမယ့် အစ်ကိုစန္ဒရားချစ်ဆွေ အပါအဝင် အဆိုတော်များရဲ့ တေးသီချင်းတွေ အမြောက်အမြားကို သောတရှင်တွေထံအရောက် လေလှိုင်းထဲကနေ ထုတ်လွှင့်ခဲ့ရတာ မမှတ်မိနိုင်လောက်အောင်ပါပဲ။  အဆိုတော် စန္ဒရား ချစ်ဆွေ၊ ဂီတစာဆို စန္ဒရားချစ်ဆွေလို့ အမည် ခေါ်ဆိုရတဲ့ အကြိမ်ဟာလည်း မရေတွက်နိုင်လောက်အောင် ကျွန်မရဲ့နှုတ်ဖျားက ရွတ်ဆိုခဲ့ရတာပါ။ ဒါ့အပြင် တေးရေးသူ အကြိုက်၊ တေးသံရှင်များ အကြိုက်တွေမှာဆိုရင် အစ်ကိုနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့ရပါတယ်။ ဒါကြောင့်လည်း စန္ဒရားချစ်ဆွေဆိုတဲ့ စာမျက်နှာဟာ ကျွန်မ အလွတ်ရတဲ့ အထိ ဖတ်ရှုနိုင်ခဲ့တာပါ။

            တာဝန်အရတင်လား။ မဟုတ်ပါဘူး။ ကျွန်မရဲ့ အရွယ်ဦး စပယ်ဖူး အိမ်မက်တွေမှာလည်း အစ်ကိုရဲ့ စမ်းရေစီးသံတွေ နစ်ဝင်စီးမျော ခဲ့ရတယ်။ ပိတောက်လမ်းမှာတစ်ယောက်တည်း မောင့် အချစ်မြှား စူးရင်း မေ့ကွက်ကို ရှာခဲ့ဖူးတယ်။ ချစ်အားငယ်ရသူဘဝမှာ ချစ်သူ ဝေးဝေးသွားပါနဲ့လားလို့ တီးတိုး ရေရွတ်ရင်း ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာကိုလည်း ဖက်တွယ်တမ်းတနေခဲ့ရတယ်။

            အမှန်အတိုင်း ပြောရရင် အစ်ကို့ရဲ့ သီချင်းသံစဉ်လှလှလေးတွေထဲမှာ ကျွန်မ ကြွေခဲ့တာပါ။

            ဒီထက်ပိုပြီး ကြွေခဲ့ရတာကတော့ ဝတ္ထုတစ်ပုဒ်ကြောင့်ပါပဲ။

            ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလ မှတ်မှတ်ရရ အစ်ကိုက ဝတ္ထုစာအုပ် 'လုံးချင်းဝတ္ထု' ပေးတယ်။ ကျွန်မ နားမလည်သလို မော့ကြည့်လိုက်တော့ အစ်ကို ရေးတာလေ... လို့ ပြောတယ်။

            ဟုတ်ပါတယ်... စန္ဒရားချစ်ဆွေ ရေးတာပါ၊ စာရေးဆရာ စန္ဒရားချစ်ဆွေပါ။ ကျွန်မ မျက်လုံးပြူးသွားတယ်။ ဟုတ်တယ်လေ၊ ကျွန်မ ရှေ့မှာ ရပ်နေတဲ့ ကျွန်မ သိတဲ့ စန္ဒရားချစ်ဆွေက ဂီတ အနုပညာရှင်၊ အစ်ကို ဒီလိုလုံးချင်းဝတ္ထုရေးတယ်လို့ သိမှ မသိထားတာ။

            အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

            ဝတ္ထုအမည်က 'မောင်မျိုးဟန်နှင့် မြသဲဖြူ' တဲ့။

            'ဟင်...ခနဲ ဖြစ်သွားတယ်။ အံ့သြခြင်း၊ ဝမ်းသာ ခြင်း၊ တုန်လှုပ်ခြင်း၊ ပီတိ ဖြစ်ခြင်းတွေ ကြားမှာပဲ ဂျိမ်းလှကျော်ရဲ့ ဝတ္ထုအမည်ကို ဖျတ်ခနဲ သတိရလိုက်မိသေးတယ်။ 'မောင်ရင်မောင် မ မယ်မ'

            တကယ်တော့ အစ်ကိုရဲ့ ဝတ္ထုအမည်ဟာ ကျွန်မရင်ကို လှိုက်ခနဲ ဖြစ်စေခဲ့တာ အမှန်ပါပဲ။ အဲဒီအချိန်တုန်းက ကျွန်မလည်း ကျွန်မရဲ့ ကလောင်အမည်လေး တစ်ခုကို မဂ္ဂဇင်းစာမျက်နှာပေါ်မှာ အက္ခရာအနေနဲ့ မှတ်တိုင်စိုက်နိုင်ဖို့ အပြင်းအထန် လုံးပန်းနေရတဲ့ ကာလပါ။

            'ဒါ... ကျွန်မနာမည်လေးနဲ့ တူတယ်နော်' လို့ အပြုံးတစ်ဝက်နဲ့ပြောတော့...

            'တူတာပေါ့... ယူထားတာကိုး၊ ဝတ္ထုနာမည်လေးက လှတယ်နော်' လို့ ပြောပြီး ထွက်သွားတယ်။

            မျက်နှာဖုံးရဲ့ နောက်စာမျက်နှာတစ်ရွက်ပေါ်မှာတော့ ကဗျာရေးတဲ့ ညီမငယ် မြသဲဖြူ 'မြန်မာ့အသံ' သို့ အမှတ်တရလို့ ရေးထားပြီး စန္ဒရားချစ်ဆွေလို့ လက်မှတ်ထိုးထားတာ တွေ့လိုက်ရ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်သွားခဲ့တယ်လေ။

            အစ်ကိုရဲ့ ဝတ္ထုမှာ အကယ်ဒမီ ဝင်းဦးရဲ့'စန္ဒရား ချစ်ဆွေနှင့် စာရေးဆရာ ချစ်ဆွေ'၊ ဘိုကလေးတင့်အောင်ရဲ့ 'တစ်ခုသော တန်ဆောင်တိုင်၏ ညတစ်ည'၊ သုမောင်ရဲ့ အမှာစာတို့နဲ့ ဝင့်ဝင့်ကြွားကြွား သက်တင်စာပေက ထုတ်ဝေခဲ့တာပါ။

            'စာတစ်ကြောင်း တစ်ပါဒမျှသာမက ဖြစ်စဉ်ဇာတ်လမ်းရှည်ကြီးကို စေ့စေ့စုံစုံ ကုန်စင်အောင် ရေးနိုင်စွမ်းသူ မည်သူ့ကိုမဆို စာရေးဆရာဟု ခေါ်နိုင်ပါ၏။ ချီးမွမ်း ထိုက်ပါ၏။ ကိုချစ်ဆွေသည် ဝတ္ထုတစ်ပုဒ်ကို ချောမောစွာ ရေးသားပြီးစီးသူဖြစ်၍ စာရေးဆရာစာရင်းဝင်ဖြစ်ပြီ ဆိုသည်ကိုမူ ငြင်းဖွယ်ရာ မလိုပါ။ သူသည် စာဟန်ကို ရွေးတတ်၏။ လှလည်း လှ၏။ ခံစားချက်ကလေးတွေလည်း စာမျက်နှာတိုင်းတွင် ပါရှိ၏' ဆိုတဲ့ ကိုဝင်းဦးရဲ့ အမှာ။

            'သံစဉ်လှလှကလေးများကို ပုလဲသီသကဲ့သို့ စီရရီ တွက်ဖက်ဆက်စပ်ပေးနိုင်စွမ်းရှိသူ စန္ဒရားချစ်ဆွေက ယခု ကလောင်ကို ကိုင်တွယ်၍ နုနယ်ချောညက်သော စာပန်းကုံးများအဖြစ် အံ့သြဖွယ် ဖန်တီးပြုစုခဲ့ပါပြီ' ဆိုတဲ့ ဘိုကလေးတင့်အောင်ရဲ့ အမှာတို့တင် အစ်ကိုဟာ စာရေးဆရာ တစ်ယောက်ဆိုတဲ့ စတုတ္ထမြောက် ဝိသေသဘွဲ့ထူးကို ရသွားခဲ့ပါပြီ။

            မြသဲဖြူ

            ငိုနေတယ်၊ မငိုပါနဲ့လား ဖြူရယ်။

            ဖြူရဲ့ မျက်လုံးအိမ်လေးထဲမှာ မြမျက်ရည်တွေ အိုင်မထွန်းပါစေနဲ့လားနော်။

            အစ်ကိုရဲ့ ဝတ္ထုအစ၊ ကဗျာဆန်တဲ့ အလွမ်းစာသားလေးတွေနဲ့ စထားတယ်။ အစ်ကို့ရဲ့ ဝတ္ထုကို အကဲမဖြတ်တတ်ပေမယ့် နုသော၊ နွဲ့သော၊ လှပသော၊ သိမ်မွေ့သော၊ ညက်ညောသော၊ ဆန်းသစ်သော၊ အက္ခရာ စာလုံး အဆင်အပြင်တွေနဲ့ အချစ်ရဲ့ သာယာမှု၊ အချစ်ရဲ့ ချိုမြိန်မှု၊ အချစ်ရဲ့ လွမ်းမောမူ၊ အချစ်ရဲ့ စွမ်းအင်၊ အချစ်ရဲ့ ဆွဲငင်အား၊ အချစ်ရဲ့ သစ္စာ၊ အချစ်ရဲ့ တည်ငြိမ်မှု၊ အချစ်ရဲ့ ခွန်အားတွေကို စန္ဒရားချစ်ဆွေဆိုတဲ့ ဂန္ထဝင် ဂီတစာဆိုတစ်ဦးရဲ့ ဟန်ပန် ပုံစံအတိုင်း ရေးဖွဲ့ထားတဲ့ ဇာတ်သဘင်ပညာရှင် မြသဲဖြူဟာ ကဗျာရေးတဲ့ မြသဲဖြူကို စာမျက်နှာ ၂၉၂ ဝတ္ထု အဆုံးအထိ တစ်ထိုင်တည်းနဲ့ လှိုက်မောရင်ခုန်စွာ ခေါ်ယူသွားနိုင်တာကိုတော့ ရိုးစင်းစွာ ဝန်ခံရပါမယ်။

            မြသဲဖြူ တကယ်ပဲ သွားခဲ့ရပါတယ်။

            အခုလည်း...ကြွေ...

            သံသရာ အဆက်ဆက်မှာ စန္ဒရားချစ်ဆွေပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင် 'မောင်မျိုးဟန်နှင့် မြသဲဖြူ' တွေ အစ်ကိုရေးမယ် မဟုတ်လားဟင်။

            ကြေကွဲရတယ် အစ်ကို။

မြသဲဖြူ

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။