မောင်သန်းဆွေ၊ထားဝယ်၊
စာရေးသူ၏ အဒေါ်ရင်း ဒေါ်ဒေါ်လှိုင်သည် ၁၉၇၄ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဆရာစံလမ်း အိမ်နံပါတ် ၆၆ ၌ ကွယ်လွန်သွားခဲ့သည်။ အသုဘသို့ အန်တီခင် (ဒဂုန်ခင်ခင်လေး) မလာပါ။ ရက်လည်ပြီးမှ လာမေးပါသည်။
တစ်နေ့ ဖုန်းဆက်ခေါ်၍ အန်တီခင်နေသော
တိုက်ခန်းသို့ သွားခဲ့ရသည်။
'လှိုင်
ဆုံးရတဲ့အကြောင်းကြားရတာ အဆန်းပဲ။ ဖြစ်ချင်တော့ ဒီအိမ်မှာ ပြောင်းလာနေမှ
ဆုံးရတယ်နော်'
'ဟုတ်တယ် အန်တီခင်။
ဒီအိမ်ဘုရားခန်းက သူများအိမ်တွေလို အိမ်ဦးခန်းမှာ မဟုတ်ဘဲ ခြေရင်းခန်းမှာ
ဘုရားခန်း လုပ်ထားတော့ အသုဘလာတဲ့သူတွေက မြင်သွားပြီး အမျိုးမျိုး ပြောကြတာပေါ့'
'ဘာဖြစ်လို့ ခြေရင်းခန်းမှာ
ဘုရားခန်း လုပ်ထားရတာလဲ'
'သူတို့ ဒီအိမ်ကို
ယောက်လမ်းက ပြောင်းလာနေကတည်းက အိမ်ရှင်က ဒီလိုပဲ ဘုရားခန်းလုပ်ထားတာ။ ဒီအတိုင်းပဲ
ဆက်လုပ်ပါ။ မပြောင်းရွှေ့ပါနဲ့လို့ ပြောလို့။ ဒီလိုပဲ ထားရတယ်လို့ ပြောတယ်'
'သြော်...သြော်...'
'သူ့ ဘုရားခန်းထဲမှာကလည်း
အဆန်းလေ'
'ဘာဖြစ်လို့လဲ'
'တစ်ထပ်တိုက်ဆိုတော့
သစ်သားကြမ်းခင်းထားပေမယ့် မြေအောက်ကနေ ပြီး ခြတောင်ပို့ကြီး တက်လာတာက
နဂါးအမောက်ကြီး ထောင်ထားတဲ့ပုံ ဖြစ်နေတယ်'
'ဟုတ်လား'
'အဲဒါကြီး
တူးပစ်လိုက်ရင်လည်း ပြန်တက်လာတာ ဒီပုံစံပဲ ဖြစ်နေသတဲ့'
'အဆန်းပဲနော်။ အန်တီခင်
ဒါမျိုးတွေကို အယုံအကြည် မရှိပေမယ့် ဒီလို ဖြစ်မှုတွေကိုတော့ ကြုံရဖူးတယ်'
'အန်တီခင်က ဒါတွေ
မယုံဘူးဆိုရင် ဘာဖြစ်လို့ မှော်ဆရာမှတ်တမ်း ရေးခဲ့လဲ'
'မှော်ဆရာမှတ်တမ်း ရေးခဲ့တာ
အဲဒါတွေ ယုံလို့ မဟုတ်ဘူး။ စာဖတ်ပရိသတ်ကို ဖျော်ဖြေရေးအနေနဲ့ ရေးခဲ့တာ။ စုန်း၊
ကဝေ၊ တစ္ဆေ၊ သရဲ၊ သိုက် သမိုင်းဝတ္ထုတွေကို တစ်ဖက်တစ်လမ်းကရေးပြီး ကလောင်ခြေလှမ်း
ချဲ့ခဲ့တာ။ အဲဒါတွေကို အန်တီခင် ရေးတဲ့အခါ ယုံကြည်မှု မရှိတာကြောင့် လူတကာ
ယုံကြည်အောင် ဘယ်လိုရေးရပါ့မလဲလို့ စဉ်းစားပြီး အဲဒီအကြောင်းတွေကို ရှေးစာပေတွေမှာ
တွေ့သမျှ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစုဆောင်း ဖတ်ရှုခဲ့ရတယ်။ အင်း၊ အိုင်၊
ခါးလှည့်၊ လက်ဖွဲ့လုပ်နည်း စာပေပုရပိုက်ဟောင်းများ၊ ကဝေသာရကျမ်း၊ ပထမံထွက်ရပ်
ပေါက်ကျမ်းစတဲ့ စာပေဟောင်းတွေကိုလည်း လေ့လာရရုံမက စုန်းကဝေ ပညာတတ်တယ်လို့
သတင်းဖြစ်နေသူများကိုလည်း လေ့လာရတယ်။ အဲဒီလို ကိုယ်ကိုယ်၌က ဒီဘာသာရပ်မှာ
ဝမ်းစာပြည့်ပြီး အထောက်အထား စုံစုံလင်လင်ရတော့မှ အဲဒီအကြောင်းတွေကို အချက် အလက်နဲ့
ဇာတ်ကွက်ဇာတ်လမ်းဆင်ပြီး ယုတ္တိယုတ္တာရှိအောင် ရေးခဲ့တာ။ တစ်ခါတလေများ
ညဘက်လူခြေတိတ်ချိန်မှာ ရေးနေရင်း ကိုယ့်ဟာကိုယ်ကြောက်လာလို့ အိပ်နေသူတွေကို
နှိုးထားပြီး ပြန်ရေးရတယ်'
'ရေးနေတဲ့သူတောင် ကြောက်လာတယ်ဆိုတော့
ပိုသဘာဝကျတာပေါ့ အန်တီခင်'
'ဒါပေါ့။ အန်တီခင်အနေနဲ့
ကိုယ်မကျွမ်းတဲ့ နယ်သစ်တစ်ခုကို လေ့လာပြီး ရေးရလို့၊ တခြားစာတွေရေးတာထက်တောင် ပိုပြီး
ပင်ပန်းသေးတယ်။ ဒါပေမယ့်လည်း စာဖတ်ပရိသတ်က သိပ်အားပေးတာပဲ။ ဒါနဲ့ပဲ ဆက်ပြီးတော့
ရေးဖြစ်ခဲ့တာ။ အန်တီခင်တို့အဖို့ ဝက်မစွတ်မင်းကြီးဟာ အဂ္ဂိရတ်ပညာမှာလည်း ဗဟုသုတ
ရှိတယ်။ သူ့ခေတ်က ဒီပညာ လိုက်စားတတ်ကျွမ်းတဲ့ သူတွေရှိတာကို
မင်းတုန်းမင်းတရားကြီးက စုစည်းအားပေးပြီး တောင်ဥယျာဉ်တော်အတွင်းမှာ နေရာပေးတယ်။
စိတ်ကြိုက် ဖိုထိုးစေတယ်။ ထောက်ပံ့လည်း ထောက်ပံ့ထားတယ်။ အဲဒီမှာ ဝက်မစွတ်မင်းကြီးက
ဒီပညာရှင်တွေကို ကြီးကြပ်ရတာကလား။ အဲဒီတုန်းက သံတော်ဆင့် အဝေးကျီဝန်ဘဝပဲ
ရှိသေးတယ်။ မင်းတုန်းမင်းတရားကြီး ဒီလို အထောက်အပံ့ပေးခြင်းက သည်ပညာ ဘယ်မျှအစွမ်း
ရောက်မရောက် သိလိုလို့ ဖြစ်သတဲ့'
'မင်းတုန်းမင်းတရားကြီးကရော
အဂ္ဂိရတ်ပညာ ဝါသနာ မပါဘူးလား'
'ဝါသနာ မပါဘူး။ တကယ်လို့
ပုဂံခေတ်က ရှင်အဇ္ဇဂေါဏလို အောင်မြင်သွားရင် တိုင်းသူပြည်သားတွေ
အကျိုးခံစားရစေလိုဟန် ရည်ရွယ်တယ်နဲ့တူတယ်။ အဲဒီခေတ်က ရွှေဖြစ်ငွေဖြစ် နဲ့
အာယုအသက်ရှည်ဆေးအတွက် ဖိုထိုးကြတာများပါတယ်။ ပါတော်မူပြီးတဲ့ နောက်မှာ
ဒီအဂ္ဂိရတ်ပညာရှင်တွေ၊ အထက်လမ်းဆရာကြီးတွေဟာ အန်တီခင်တို့ အဘိုးအိမ်ကို အဝင်အထွက်
ရှိကြတယ်။ ထူးဆန်းတဲ့ ပစ္စည်းလေးတွေ ရရင်လည်း လာပြလေ့ရှိတယ်။ အန်တီခင်က အဘိုးရဲ့
ပေစာပုရပိုက်တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးရတယ်။ အဘိုးရှာခိုင်းတဲ့
ပေပုရပိုက်တွေကိုလည်း ရှာပေးရတယ်။ ပေပုရပိုက်တွေ ထားတဲ့အနားမှာ လာပြောနေတဲ့ သည်လူတွေရဲ့
စကားကို ကြားနေရတော့ အဲဒီဘက်က ပညာတွေနဲ့ပတ်သက်ပြီး ဗဟုသုတရခဲ့တာပေါ့။
မှော်ဆရာမှတ်တမ်း ဇာတ်လမ်းတွေထဲမှာထည့်ပြီး ရေးနိုင်ခဲ့တာလည်း အဲဒါကြောင့်
ဖြစ်တယ်။ သူတို့ဆီက သိခဲ့ရတာတွေဟာ မှော်ဆရာမှတ်တမ်းရေးရာမှာ တစ်ဖက်တစ်လမ်းက
အန်တီခင့်ကို အထောက် အကူပြုခဲ့ပါတယ်'
'မှော်ဆရာမှတ်တမ်းကို
ဘာဖြစ်လို့ ကိုကိုလေး ကလောင်အမည်နဲ့ ရေးရတာလဲ အန်တီခင်'
'အဲဒီတုန်းက အန်တီခင်က
ဒဂုန်မဂ္ဂဇင်းကပေးတဲ့ ဒဂုန်ခင်ခင်လေးဆိုတဲ့ ကလောင်အမည်နဲ့ နာမည်ရနေပြီ။
ရွှေကလောင်၊ မြကလောင်ဆိုတဲ့ အမည်ခွဲတွေနဲ့လည်း ဒဂုန်မဂ္ဂဇင်းမှာ လစဉ်
ဝတ္ထုရေးရုံသာမက အိမ်သူပညာခန်းတစ်ခန်း၊ အဲမောင်းလှံရေး (၃၇)ချင်း သရုပ်ပြ ဆောင်းပါးခန်းတစ်ခန်းလည်း
လစဉ်ရေးသေးတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး တိုက်တွန်းလို့ ယုဝတီ စက္ခုခန်းမှာ
ပုဂံဆံထုံး ၅၅ မျိုး သရုပ်ပြဆောင်းပါးကို ရတနာပုံထိပ်တင်လှိုင် ကလောင်အမည်နဲ့
လစဉ်ရေးရပြန်တယ်။ မှော်ဆရာမှတ်တမ်းဆိုပြီး ဝတ္ထုတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးတဲ့အခါ
ကလောင်နာမည်တစ်မျိုး ရှာရပြန်တယ်။ ခင်ခင်လေးနဲ့ လိုက်ဖက်အောင် ကိုကိုလေး လို့
အမည်တပ်ခဲ့တယ်။ ယုတ္တိရှိအောင် ကိုကိုလေးကို တစ်ဖန်ပြန်ပြီး အသက်သွင်းရပြန်တယ်။
လောကမှာ တကယ်မရှိတဲ့ ကလောင်ဆရာ ကိုကိုလေး ဆိုသူကို တကယ့်တကယ်ရှိလေဟန် ကလောင်တံနဲ့
သူ့ကို အသက် သွင်းထားရတယ်။ ဒီတော့ မှော်ဆရာ မှတ်တမ်းရေးသူ ကိုကိုလေးရဲ့အမှာ
နိဒါန်းဆိုပြီး အရင်ရေးရပြန်ရော။ ကိုကိုလေးကို တကယ့်သားမယား၊ အိုးအိမ်နဲ့
လူသားစင်စစ်ကြီးအသွင် ထင်မြင်ရအောင် ဖန်တီးရတယ်။ ဒီတုန်းက အန်တီခင်က
ကိုကိုလေးအနေနဲ့ ၁၉၃၃ ခု အောက်တိုဘာလမှာ အမှာနိဒါန်း တစ်စောင်ကို ယုတ္တိရှိရှိ
ရေးခဲ့တယ်။ ဟောဒီစာအုပ်ထဲမှာ ဖတ်ကြည့်' ဟု ပြော၍ စာရေးသူသည်
အန်တီခင် ပြသောစာအုပ်ထဲမှာ ကိုကိုလေး၏ အမှာနိဒါန်းကို ဖတ်ကြည့်ရပါသည်။
မန္တလေးမြို့ ဆိုင်းတန်းရပ် ပွဲစား ကိုကိုလေး အနေဖြင့် ရေးထားသည့် အမှာနိဒါန်းဖြစ်သည်။
မူရင်းအတိုင်း ဖော်ပြလိုက်သည်။
'ကျွန်တော်သည် ယခု
သီတင်းကျွတ်လတွင် ထုတ်ဝေသော ဒဂုန်မဂ္ဂဇင်းမှအစပြု၍ မှော်ဆရာမှတ်တမ်းခေါ်
အခန်းကြီးတစ်ခုကို ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ပြီးလျှင် လောကတွင်
မကောင်းသဖြင့် အနိုင့်အထက် နှိပ်စက်ဖမ်းစားရမ်းကား ရှုပ်ပွေ၊ အဟိတ် ပဋိသန္ဓေမျိုး
ဖြစ်ကြကုန်သော မိစ္ဆာ နတ်ဆိုး၊ တစ်မျိုး စုန်းကဝေ၊ တစ္ဆေ ပြိတ္တာ၊ မှင်စာသရဲမှစ၍
နာနာဘာဝတို့နှင့် ပတ်သက်သော မျက်မြင်ကိုယ်တွေ့ အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ကို
လစဉ် လစဉ် ရေးသားတော့မည် ဖြစ်၍ ကျွန်တော့်အကြောင်းကိုလည်း အနည်းငယ်မျှ ရေးသားရန်
ဝတ္တရားရှိပါသဖြင့် ဖော်ပြပါအံ့။
ကျွန်တော်သည် ၁၉၅၂ ခု ဧပြီလတွင်
ဟိုက်စကူးဖိုင်နယ်၊ ဆယ်တန်း စာမေးပွဲအတွက် အောင်မြင်သူများအဖို့
ရက်ဇတ်ထွက်လာသောအခါ ကျွန်တော်နေသောကျောင်းမှ ကျောင်းသားများ၏ စာရင်းတွင်
ကိုကိုလေးဆိုသော ကျွန်တော်၏ နာမည်သည် ထိပ်ဆုံးမှ ပါလာသဖြင့် မိဘများကလည်း
ဆယ်တန်းအထိသာ သင်ပေးနိုင်မည်။ ဆယ်တန်းအောင်လျှင် လက်ရှိရောင်းအဝယ် အလုပ်ကို
ကူညီလုပ်ကိုင်ရမည်ဟု အမြဲ ပြောထားဖူးသဖြင့် လူမှန်းသိကတည်းက ကျပ်တည်းဆင်းရဲစွာ
နေထိုင်ခဲ့ရသော ကျောင်းကြီးနှင့် အပြတ်ကြီး ပြတ်ရတော့မည် ဖြစ်သော်လည်း
များစွာဝမ်းမနည်းလှဘဲ ရှိတော့၏။
မိဘများနှင့်အတူ ရောင်းဝယ်မှုကို
ကူညီလုပ်ကိုင်နေစဉ် ကျွန်တော်၏ ကိုယ်ရေးကိစ္စတစ်ခုကို အကြောင်းပြု၍
အထက်လမ်းဆရာကြီး ဦးအောင်ကြီးနှင့် တွေ့ဆုံရာမှ တစ်စတစ်စ ခင်မင်ရင်းနှီးကာ
နောက်ဆုံး ၎င်းဆရာကြီး တပည့်အဖြစ်နှင့် ပညာရည်နို့သောက် စို့မှီခဲ့ရာ ဆရာကြီး
ဦးအောင်ကြီးမှာ အထက်လမ်း ဆရာသက်သက်၊ အစွမ်းကလည်း လွန်စွာထက်လျက် ရုက္ခစိုးမှော်၊
ဘုရားမှော် စသောဘက်တွင်လည်း မှော်ဝိဇ္ဇာတမျှ စွမ်းလှ၍ ဒေဝီ ၇ ပါး၊ ဒေဝီ ၉ ပါး၊
နတ်ကြီး ၅ ပါး၊ ဆေးစီရင်နည်း၊ အသုံးချနည်းနှင့် ဂါထာစုတ်ပုံများမှာလည်း ကျွန်တော်
တွေ့ခဲ့ရသလောက်ပင် ဆရာကြီး ဦးအောင်ကြီးလောက် အာဏာစက်ပြင်းသော ဆရာတစ်ဦးမျှ
မတွေ့ခဲ့ရဖူးသည့်အပြင် ကျွန်တော် ကိုယ်ရေးကိစ္စတွင်လည်း ဆရာ့ဆရာများ စုံခဲ့လှရာမှ
ယခုဆရာကြီး ဦးအောင်ကြီး လက်ထက်ကျရောက်မှပင် အကျပ်အတည်း ဒုက္ခကြီးမှ
လွတ်မြောက်ခဲ့ရပေတော့၏။ ဝါသနာ ဘာဂီ ဆက်တိုင်းမှီ ဆိုသလို ထိုထိုဘဝတို့မှလည်း ဘာဂီအထုံစွဲခဲ့လေသည်မသိ။
ထိုအခါကစပြီး ဆရာကြီး၏ တပည့်ရင်းခံကာ ထိုလမ်း ထိုပညာကို
လွန်စွာတောင့်တလိုချင်လှသောကြောင့် အိမ်က အဆူအပူ၊ အကြိမ်းအမောင်းခံကာ ဆရာကြီး
သွားရာသို့ ဆေးအိတ်ကိုထမ်း၍ ပညာခိုမှီးရင်း ခြေရင်း အလုပ်အကျွေးပမာ တပည့်ခံကာ
လိုက်ပါသွားခဲ့ဖူးသဖြင့် ဆရာကြီးကလည်း အခကြေးငွေ ပစ္စည်းများကို ပဓာနမထား၊ မတရား
ဒုက္ခခံစားရရှာသော သတ္တဝါများကို သနားကြင်နာစွာ ကယ်ဆယ်ကုသလေ့ရှိသည့်အတိုင်း
အနယ်နယ်၊ အရပ်ရပ် နှံ့စပ်အောင်ပင် ခေါ်လာသမျှ လိုက်ပါ သွားရောက်ခဲ့ရာ
ကျွန်တော့်မှာလည်း ပညာသင်တပည့်ဖြစ်၍ ဆရာသွားရာ တကောက်ကောက် ပါခဲ့အားလျော်စွာ
တစ်နှစ်မျှကြာလျှင်ပင် အတော်အတန် ပညာခံရထားသည်နှင့် တစ်ခါတစ်ရံ ဆရာကုသရန်ရှိသော
ဒုက္ခိတ သတ္တဝါများကို ဆရာ မအားလပ်ပါက ဆရာ့ ကိုယ်စား လွှဲအပ်ကုသပေးရန်ပင်
တာဝန်ပေးသည်ကို ခံယူကုသခဲ့ရလေ၏။
ယင်းသို့ လှည့်လည်သွားလာနေခဲ့ရာ
အထက်ချင်းတွင်း၊ အောက်ချင်းတွင်းမှစ၍ ဆရာ့ဆရာ ပညာသည်တွေ ပေါလှသော
ယောနယ်တစ်ရိုးမှာလည်း ဆရာကြီး၏ နာမည်မှာ ဟိုးဟိုး ကျော်ခဲ့လေသတည်း။
အထက်ရှမ်းပြည်နယ်၊ ရှမ်းရွာ၊ ရှမ်းပညာသည်တွေ ပေါများသည့်
ရှမ်းပြည်နယ်တစ်လွှားမှာလည်း ဆရာကြီး၏ နာမည်မှာ လွန်စွာ ထင်ရှားခဲ့လေ၏။
မြို့ကြီးရပ်ကြီး များတွင်လည်း ဆရာဦးအောင်ကြီး အမည်ကို မသိဖူးသူ ရှား၏။ ကျွန်တော်က
ဆရာကြီးသွားရာသို့ တကောက်ကောက်ပါခဲ့သော အန္တေဝါသီက ဆရာ့ တပည့်ရင်းကြီး
တစ်ယောက်ဖြစ်သောကြောင့် ရောက်ရာတွင် လွန်စွာမျက်နှာ ပွင့်လန်းခဲ့ဖူးလေ၏။ ဝါသနာအတိုင်း
ပညာရှာရင်း ဆရာနှင့်အတူ တွေ့ကြုံ ကုသရာ၌ အထူးအဆန်း အကြားမြင်တွေ့ကြုံခဲ့သမျှကို
ဆရာ့လက်သုံး ဒိုင်ယာရီ မှတ်တမ်းကြီးတွင် အမြဲထည့်သွင်းရေးသားထားခဲ့သည် ဖြစ်လေ၏။
ထိုကဲ့သို့ ခရီးရှည် လှည့်လည်ခဲ့ရာတွင် ကျွန်တော် ထွက်ခွာလာခဲ့သည်မှစ၍ ရေတွက်သော်
နှစ်နှစ်နှင့် ခုနှစ်လ၊ ဆယ်ရက်အရတွင် နေရင်းဌာန ရတနာပုံ နေပြည်တော်ကြီးသို့
ဆရာကြီးနှင့်အတူ ပြည်လည် ဆိုက်ရောက်လာခဲ့ရာ ကျွန်တော်၏ဖခင် ပွဲစားကြီး
ဦးရာကျော်မှာ မရဏမင်း သူ့လက်တွင်းသို့ ဆင်းသက် ကွယ်လွန်ပြီးလေသည်မှာ တစ်လကျော်မျှ
ကြာပြီဖြစ်ကြောင်း မိခင်နှင့် ဇနီးသည်၏ သနားစဖွယ် ငိုယိုပြောပြမှ ဝမ်းနည်းစွာ
နားထောင်နေရလေတော့၏။ ငါ ခရီးလွန်နေသဖြင့် ငါ၏ ချစ်လှစွာသော ဖခင်ကို
မတွေ့မြင်လိုက်ရလေခြင်းဟု အတော်ပင် ယူကျုံးမရဖြစ်မိလေ၏။ ကျွန်တော် ရောက်ရာအရပ်က
စာရေးသော်လည်း အိမ်ကကျွန်တော့်ထံ စာပြန်ပေးရန် လိပ်စာကိုကား အလျဉ်းမထည့်ခဲ့ပေ။
ထိုကြောင့် အိမ်တွင် အကြောင်းကိစ္စထူးထွေသော် မသိရရှိခဲ့သဖြင့် ကျွန်တော် ကိုယ်
ကျွန်တော် အပြစ်တင်မိ၏။ သို့သော် ကျွန်တော့်အယူကား ကျွန်တော် ရှိရာအရပ်သို့
တပ်အပ်သိကြလျှင် အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း၊ ဇနီးသည်
မခင်ယုံသော်လည်းကောင်း တစ်နေ့နေ့ ကျွန်တော်ကို ဇွတ်လာ၍ ခေါ်သွားပါက ဆရာ့ပညာကို
မရလိုက်မှာ စိုးရိမ်မိသောကြောင့် မည်သည့်အခါမျှ မရေးခဲ့ခြင်း ဖြစ်ပေ၏။
အိမ်သို့ရောက်သောအခါ ဆရာကြီးကို
အိမ်ဦးခန်းမှာထား၍ ကုသရန်ရှိသည်များကို နှစ်လခန့်အတွင်း လက်ခံကုသနေပြီးလျှင်
တစ်နေ့သောအခါ ဆရာကြီးသည် ကျွန်တော်နှင့်တကွ အိမ်သားများကိုခေါ်ကာ 'ဆရာသွားတော့မည်'ဟု တစ်ခွန်းတည်း အမိန့်ရှိလေရာ ကျွန်တော့်မှာ ဆရာကြီးသည် ငါ့အိမ်တွင်
နေထိုင်ရသည်မှာ အပြုစုလို၍ ဆင်းရဲငြိုငြင်သဖြင့် သွားမည် ပြောသည်ဖြစ်အံ့ဟု
တွေးတောပူပင်ကာ များစွာစိတ်မကောင်းဖြစ်မိရာ ဆရာကြီးမှာ ကျွန်တော်တို့အကြံကို
သိသကဲ့သို့ 'ငါ့တပည့် ဘာမှထွေထွေရာရာ မတွေးနှင့်၊
ဆရာသွားမည်ပြောသည်မှာ စုန်း၊ နတ်၊ ပယောဂ စသဖြင့် မတရား ဖမ်းစားနှိပ်စက်ခြင်း
ခံနေရသော ဒုက္ခိတ သတ္တဝါများကို သုံးနှစ်တိတိ ကယ်ဆယ်ပေးရန် ဆရာ
အဓိဋ္ဌာန်ပြုခဲ့သည်မှာ သုံးနှစ်စေ့ရောက်သဖြင့် ရှေ့အဖို့တွင် လူတို့ရပ်ရွာမှ
ခွာရှောင်၍ တောကြီး တောင်ကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများကို
လှည့်လည်သွားရောက်ကာ ဆရာ၏ ကိုယ်ရေးကိစ္စများကို ကြိုစား ရတော့မည်။
အထက်ဆရာကြီးများနှင့်လည်း တိုင်ပင်နှီးနှောစရာ ကိစ္စတွေ များလေသည်။ သို့အတွက်
ငါ့တပည့်ကို ခေါ်ပြောခြင်းဖြစ်သည်'ဟု ပြောပြရာ 'ကျွန်တော့်မှာ ဒီတစ်ခါ မလိုက်ရတော့ဘူးလား ဆရာရဲ့။ ဆရာ မရှိရင်
တပည့်အားငယ်နေရပါတော့မယ်'ဟု မျက်ရည်တလည်လည်နှင့် ပြောမိရာ
ကျွန်တော့်မိခင် ဒေါ်လေးကြီးနှင့် ဇနီးသည် မခင်ယုံတို့မှာ ဆရာကြီးအား ပွဲစားကြီး
သေဆုံးပြီဖြစ်၍ အိမ်တွင် အားကိုးအားထား ယောကျ်ားမရှိသဖြင့် ကျွန်တော့်အား
ခေါ်မသွားရန် အတန်တန် တောင်းပန်လျက်ရှိကြလေ၏။
ဆရာကြီးလည်း ပြုံးရယ်ကာ မိမိ ယခု
သွားရမည့်ကိစ္စမှာ မိမိတစ်ဦးနှင့်သာ သက်ဆိုင်သဖြင့် လူပိုလူလျှံ တစ်ယောက်မှ
မခေါ်နိုင်ကြောင်း၊ မိမိ မရှိသော်လည်း အားငယ်ရန် မရှိကြောင်း၊ ဒုက္ခသည်များကို
ကယ်ဆယ် စောင့်ရှောက်ရန် မိမိ အသုံးပြုသော ဆေးအိတ်ကြီးနှင့် ဆေးနည်းများ၊
မှတ်တမ်းစာအုပ်များနှင့်တကွ ဒေဝီ ၇ ပါး ရုပ်၊ နတ်ကြီး ၅ ပါးရုပ် စသော နတ်ရုပ်များ၊
ဆေးတောင့်အမျိုးမျိုးများ၊ လက်ဖွဲ့အင်းအိုင်၊ ဂါထာမန္တရား စသည်တို့ ပြည့်နှက်စွာ
ထည့်သိုထားသော မှန်စီရွှေချ ဆေးအိတ်ကြီးကိုလည်း ဆရာ့ကိုယ်စား ထားခဲ့မည်။ ဆရာ မရှိသော်လည်း
ဆရာရှိသကဲ့သို့ပင်ဖြစ်၍ ဝမ်းနည်းအားငယ်ဖို့ မရှိကြောင်း
ပြောဆိုမှာကြားခဲ့ပြီးနောက် ဆရာကြီးလည်း လင်းအားကြီးလောက်တွင် ပျောက်ခြင်းမလှ
ပျောက်ကွယ်၍ သွားတော့၏။
ထိုအခါမှစ၍ ကျွန်တော်သည် မိခင်နှင့်
ဇနီးသည် မခင်ယုံတို့ကို စောင့်ရှောက်ရင်း ဖခင်ပွဲစားကြီး၏ အလုပ်များကို
ဆက်လက်လုပ်ကိုင်နေထိုင်ခဲ့သော်လည်း ဆရာကြီး၏ တပည့်ဟူသော အရှိန်နှင့် တစ်ခါတစ်ရံ
နတ်တိုက်၊ စုန်းတိုက် အမှောင့်ပယောဂ အစွဲဝင်သူ စသည်တို့မှာ ကျွန်တော့်ထံ လာရောက်
ခေါ်ငင်ကြသဖြင့် ခြေကြွမရှိ၊ အခမဲ့ စောင့်ရှောက်ကယ်ဆယ်ခဲ့ရလေရာ တစ်ခါတစ်ရံ
အားလပ်သောအခါ၌လည်း ဆရာကြီးကို အောက်မေ့လွမ်းဆွတ်မိသဖြင့် ဆရာကြီး ပေးခဲ့သော
ဆေးအစ်ပါ ပစ္စည်းအမျိုးမျိုးကို ကြည့်ကာ ဆရာ၏မျက်နှာကို ထင်မြင်မိရုံမျှမက
ကျွန်တော်နှင့်ဆရာကြီး သွားလာကုသခဲ့ပုံများကို တွေး၍ တရေးရေး ပေါ်လာကြလေ၏။
ထိုအခါက တွေ့သမျှ ကြုံသမျှ
ရေးမှတ်လာခဲ့သော မှတ်တမ်းစာအုပ်ကြီးကိုလည်း ဖွင့်ကြည့်မိလေတိုင်း
မျက်မြင်ကိုယ်တွေ့ အကြောင်းအရာတူ တို့သည် လက်ငင်းဖြစ်နေသကဲ့သို့ ထင်မြင်မိလေ၏။
တစ်ခါတစ်ရံ အသိမိတ်ဆွေများကို စမြုံ့ပြန်၍ ပြောရသောအခါ ကျွန်တော်၏စိတ်များမှာ
လွန်စွာပျော်ရွှင်လျက် ရှိချေ၏။ ယင်းသို့ တစ်ယောက်စ နှစ်ယောက်စ ပြောရသည်ပင် ဤမျှပျော်ရွှင်သေး၏
တကား။ ငါးယောက်ခြောက်ယောက်ကို ပြောရလျှင်၊ ထိုထက်မကပင် တစ်နိုင်ငံလုံးကို သိအောင်
ပြောရလျှင် အတိုင်းထက်အလွန် ဖြစ်တော့၏။
ထို့ကြောင့် ကျေးဇူးရှင်ဆရာကြီး၏
အကြောင်းကို မြန်မာနိုင်ငံလုံး မောင်းတီးသလို ကြားအောင် ပြောလို လှသဖြင့်
ကျွန်တော် မှတ်တမ်းတင်ခဲ့သော ဒိဋ္ဌကိုယ်တွေ့အကြောင်းအရာ အတ္ထုပ္ပတ္တိများ၊
ဟုတ်တိုင်းမှန်ရာကို ဖော်ပြရေးသားခြင်းဖြင့် ဆရာကြီး၏ ဂုဏ်ကျေးဇူးကို
ထုတ်ဖော်ချီးကျူးကာ အလွမ်းဖြေရပါတော့အံ့သတည်း'ဟု ရေးသားထားပါသည်။
▀
မောင်သန်းဆွေ၊ထားဝယ်၊
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆက်လက်ဖော်ပြပါမည်
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။