ရွှေအသစ်

နယ်နမိတ် မရှိတဲ့ နိုင်ငံ

မိုးကျော်ဇင်

01 June 2025
နယ်နမိတ် မရှိတဲ့ နိုင်ငံ
Share to

           အငယ်တွေ မမြင်အောင် အိတ်ကပ်ထဲ နှိုက်ကြည့်လိုက်သည်။ စက္ကူအတိုအစတွေ၊ ဘော့လ်ပင်တွေကြားထဲ သိမ်ငယ်စွာ ပုန်းခိုနေကြသော ရာတန် တစ်ရွက်နှင့် ငါးကျပ်တန် တစ်ရွက်ကို ပြားချပ်ချပ်ဖြင့် တွေ့လိုက်ရ၏။ ဟာ..သွားပြီ။ ဘယ်လိုမှ မရတော့။ စိတ်ကို တုံးတုံးချကာ သက်ပြင်းရှည်ကြီးကို  မှုတ်ထုတ်လိုက်၏။ သူဖြစ်ချင်သော ဆန္ဒများက မှုတ်ထုတ်လိုက်သော သက်ပြင်းနှင့်အတူ ဖမ်းမမိနိုင်သော ရပ်ဝေးသို့ ထွက်ခွာသွားကြလေပြီ။

            တမင်သက်သက် လာခြင်းမဟုတ်သော်လည်း အလုပ်ကိစ္စနှင့် ရုံးကို လာတိုင်း မဖြစ်ဖြစ်အောင် ဝင်လာတတ်သည်။ ဝင်လာတိုင်းလည်း ဒီလိုမျိုးအဖြစ်မျိုးတွေကိုသာ အမြဲလိုလို ကြုံတွေ့နေရ၏။ အိပ်ကပ်ထဲ နှိုက်ကြည့်၊ အပြန်ကားခတောင် အနိုင်နိုင်။

            တခြားသူတွေ ဇာတိရပ်ရွာကို ပြန်လာလည်ပြီဆိုလျှင် မိသားစု စုံစုံလင်လင်နှင့် ကန်တော့စရာပစ္စည်းတွေနှင့် သိုက်သိုက်ဝန်းဝန်း ရောက်လာကြမြဲ။ ဝန်ထမ်းလခလေးနှင့်

မိန်းမ စက်ချုပ်ခလေး ပေါင်းပြီး မောင်းနှင်နေရသော သူ့မိသားစုကတော့ တစ်နှစ်တစ်ခေါက်ပင် မှန်မှန်မရောက်နိုင်။

            ရောက်လာပြန်တော့လည်း ကိုယ်က ကန်တော့နိုင်သည်က နည်းနည်း၊

ပြန်သယ်သွားသည်က များများလို ဖြစ်နေသည်။

            လာတော့လည်း တစ်ခါတစ်လေ။

ဒီလိုကြုံမှ ရောက်လာတတ်ပြီး ဘာမှရောင်ပြန်မဟပ်နိုင်သည့် သူ့ကို ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုနေတာတွေကို ပြန်ပြန်ကြားနေရ၏။ ဒါကလည်း တကယ့်အဖြစ်အပျက်တွေကိုမှ မသိနိုင်ကြဘဲ။

            'အမေ့...ရော့...' ဆိုပြီး တစ်စုံတစ်ခုမပေးနိုင်ပေမယ့် အမေ့ကို ချစ်စိတ်၊ တွယ်တာစိတ်၊ ကြည်ညိုစိတ်တွေကိုတော့ သံယောဇဉ်ကြိုးတွေနှင့် စည်းနှောင်ပြီး အထုပ်လိုက် ပစ်ချပေးနေမိသည်။

            ဒါတွေကို အငယ်တွေ သိနိုင်ပါ့မလား။ သွေးသား ဆက်စပ်မှု မရှိသည့် ပတ်ဝန်းကျင်ကရော မြင်နိုင်ပါ့မလား။

            ဒါဆို...အမေကရော... အရင်ကဆိုရင်တော့ သိနိုင်သည်။ အခုတော့...

            'အမေ...ကျွန်တော် မြဝင်းလေ' ဟု ရင်ဘတ်ပုတ်ပြပြီး ပြောတောင်မှ ကြောင်တက်တက်ကြီး ကြည့်နေသည်။ ဘဝပေါင်းများစွာ ဝေးကွာနေသူကို မှတ်မိအောင် ရုပ်ဖမ်းနေသလိုမျိုး။ ဘေးနားက ညီတွေ အစ်မတွေက မနေနိုင်ဘဲ 'ဒါ အမေ့ သားကြီးလေ' ဟု ဝင်ထောက်ပေးကြလျှင်လည်း ခေါင်းကို သာ တွင်တွင်ယမ်းနေ၏။

            ဒါက သူတစ်ယောက်တည်းကိုမှမဟုတ်။ ဘယ် သားသမီး၊ ဘယ်ဆွေမျိုးကိုမှလည်း မမှတ်မိတော့။ တစ်ခါတလေတော့လည်း သူ မှတ်မိသည့် လူတချို့အကြောင်း ပြောတတ်၊ မေးတတ်သည်။ ဒါပေမယ့် ကောင်းကောင်းမွန်မွန်၊ မှန်မှန်ကန်ကန် မဟုတ်။ ပါးစပ်ထဲ တွေ့ကရာတွေ ဖြစ်နေသည်။

            အမေ့ခေါင်းထဲမှာ ငယ်စဉ်ကတည်းက လက်ရှိကာလအထိ တွေ့ရ၊ ကြုံရ၊ မှတ်သား မိသမျှတို့သည် တစ်ခါတရံ ရှုပ်ထွေးနေတတ်ပြီး၊ တစ်ခါတရံ လုံးဝပျောက်ဆုံးနေ၏။

            ပတ်ဝန်းကျင်က ကွယ်ရာမှာ အမေ့ကို 'ရူးနေပြီ' ဟု စွပ်စွဲရက်ပေမယ့် သူတို့ မောင်နှမတွေကတော့ 'သတိမေ့တတ်တာ' ဟု မယုတ်မလွန် သုံးစွဲပြောဆိုကြလေသည်။

            အမေ့အဖြစ်က ရင်နာစရာ။

            ဘုရားမေ့၊ တရားမေ့၊ သံဃာမေ့၊ ကိုယ့်ကိုယ်ကိုယ်ပါ မေ့နေလေပြီ။ တစ်ချိန်က ကြည်ညိုလှပါသည်ဆိုသော ဆရာတော်ကိုပင် မလိုလားတော့ပေ။ တရားဟောလျှင် မကြိုက်။ မျက်နှာလွှဲနေသည်။ ဘယ်နတ်ဆိုးများ ပူးကပ်နေပြီလဲ။

            ဆုံးသွားတာ ကြာပြီဖြစ်သော အဖေ့ကိုဆို မပြောနှင့်တော့။ အမေ့အခြေအနေက ဒီလောက်ထိ ဆိုးရွားနေ၏။

            ပို၍ ဆိုးရွားတာကတော့ တခြားမြို့မှာ အိမ်ထောင်ကျနေသော သားတစ်ယောက်လုံး ရုတ်တရက် ဆုံးသွားတာကိုပင် မသိ။ မိမိကိုယ်တိုင် လူ့လောကထဲသို့ အသက်နှင့်ရင်းပြီး ပို့ဆောင်ပေးခဲ့ရသည့် သားတစ်ယောက်လုံး လူ့လောကကြီးထဲမှ ပြန်လည်ထွက်ခွာသွားတာကိုပင် မသိလိုက်။ မိမိ၏ မေတ္တာနှောင်ကြိုးမှ ရုန်းထွက်သွားတာကို ဘာမှ မခံစားလိုက်ရ။ ခေတ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ သော်လည်း ဘာတစ်ခုမှ မမြင်၊ ဘာတစ်ခုမှ မကြားရသော၊ ဘာမှ ပြန်မပြောနိုင်သော ရှေးဟောင်းကျောက်ရုပ်လိုကြီး ဖြစ်နေသည်။ အမေက အသက်ရှူနေသောကြောင့် အသက်ရှူနေသော ကျောက်ရုပ်တစ်ခုလို့တောင် ပြောရတော့မည်။

            ဆရာဝန်၏ အဆိုအရ အမေ 'သည်းခြေကျုံ့' တာတဲ့။ ဒီရောဂါစဖြစ်တာ လွန်ခဲ့တဲ့ (၂) နှစ်ခန့်ကမှ။

            တစ်ဦးတည်းသော သမီးငယ်က အိမ်ထောင်ပြုပြီး ခွဲနေ၊ သားတစ်ယောက်က လူမှုရေး ပြဿနာတက်ပြီး ထောင်ကျ။ ဒီလိုနဲ့ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော မိသားစုသည် ခြောက်ခန်းကွဲအက်သွားတော့၏။ အဝေးရောက် သားသမီးတွေကလည်း အမြဲတမ်း မလာနိုင်။ ရုတ်တရက် တိတ်ဆိတ်သွားသော အိမ်ကြီးမှာ အသက်(၇ဝ) ကျော်ပြီဖြစ်သည့် အမေတစ်ယောက် တည်းလိုပင်။

            ဦးစီးမည့်သူ မရှိသဖြင့် ဆန်စက်ဟာလာလုပ်ငန်းမှာလည်း ရပ်သွားပြီး စီးပွားရေးလည်း တဖြည်းဖြည်း ကျလာသည်။ အိမ်ထောင်မရှိသည့် သားတစ်ယောက်ကလည်း အိမ်ကပ်သည် မရှိ။

            အမေသည် တစ်ချိန်က ပြည့်စုံသော စီးပွားရေးကြောင့် မာန်တက်ခဲ့၏။ ခမ်းနားသော မိသားစု အသိုင်းအဝိုင်းကြောင့် ဂုဏ်ယူခဲ့၏။  အခုလို သူယုံကြည်တာတွေ အရည်ပျော်သွားသောအခါ...။

            မှားယွင်းခဲ့သော ညီတွေ၊ ညီမတွေကိုလည်း အပြစ်မဆိုချင်တော့။ ကိုယ်တိုင်ကလည်း အနားမနေနိုင်။ တစ်ခါတရံမှာ ရောက်လာတတ်ပြီး တစ်ခါတရံသာ တွေ့မြင်ခွင့်ရသူလေ။

            မီးဖိုခန်းဘက်မှ ရယ်သံ မောသံတွေ၊ အနောက်အရွှတ် စကားတွေ၊ ပျံထွက်လာသည်။ သိချင်စိတ်နဲ့ လှမ်းကဲကြည့်လိုက်တော့ အမေ ဒီလိုဖြစ်မှ ပြန်လာနေသော အိမ်ထောင်ခွဲ ညီမလေးက အမေ့ကို ထမင်းခွံ့နေခြင်း ဖြစ်သည်။

            ထမင်းတစ်လုတ် ခွံ့မည်ပြုတိုင်း ပါးစပ်အတင်း စေ့ထားသော အမေ့ကို ပါးစပ်ဟအောင်၊ ထမင်းစားချင်စိတ် ဖြစ်လာအောင် စိတ်ပြောင်းသည့်အနေဖြင့် ရယ်စရာတွေ ကြံဖန်ပြောနေခြင်း ဖြစ်သည်။

            သူလှမ်းကြည့်တာကို မြင်သွားသော ညီမလေးက အသံနွမ်းဖျော့ဖျော့လေးနှင့် လှမ်းပြောလိုက်၏။

            'အစ်ကိုကြီးရယ်... အမြဲတမ်း ဒီလိုပါပဲ' တဲ့။ အတိတ်က ထမင်းဝိုင်းတွေကို ပြန်မြင်ယောင်မိ၏။ သားသမီးတစ်ယောက်ချင်း၏ အကြိုက်ကို မေးပြီးမှ သေသေချာချာ စီမံချက်ကျွေးတတ်သည့် အမေ။ သားသမီးတစ်ယောက် စားချင်တာကို မရရအောင် ရှာဖွေဝယ် တတ်သည့် အမေ။

            ပြီးတော့ သူ့လက်ရာကို အားရပါးရ စားနေသော သားသမီးတွေဘေးမှာ ယပ်တောင် တစ်ချောင်းနှင့် ယင် မောင်းပေးလိုက်၊ ဟင်းထည့်ပေးလိုက်၊ ထမင်းထည့်ပေးလိုက်နှင့် ပီတိတွေ သန်းထားသော အမေ့မျက်နှာမှာ အပြုံးတွေရွှန်းလဲ့လို့။

            ဒီအဖြစ်တွေက ငယ်စဉ်ဘဝမှာတွင်သာ မဟုတ်၊ လူပျို၊ အပျိုတွေ ဖြစ်တဲ့အထိလည်း မဟုတ်။ အလုပ်တွေရ။ အိမ်ထောင်တွေကျပြီး တစ်နယ်တကျေးရောက်သွားပြီး တစ်ခါတစ်ရံ ပြန်လာ လည်သည့်တိုင်အောင် အမေ့ မေတ္တာတွေက အရောင်မပျက်။ အမေ့ရင်ခွင်က အေးစက်မသွား။ အမေ့ ဂရုစိုက်မှုတွေက ညင်သာဆဲ။

            အခုတော့ အမေ့ထမင်း ဝိုင်းမှာ လုပ်ယူထားတဲ့ ရယ်သံတွေ၊ ဖန်တီးထားတဲ့ စကားလုံးတွေ၊ ဟန်ဆောင်ထားတဲ့ မျက်နှာတွေနှင့်။

            'အမေ ဒီလိုဖြစ်ရတာ ဒီကောင်မလေးကြောင့်လည်းပါတယ်' ဟု ညီမဖြစ်သူကို အခြားမောင်နှမတွေက တိုးတိုးကြိတ်ကြိတ် ပြောကြသည်။

            ဒါပေမယ့် ဒီညီမလေးကမှ အမေ့ကို ဒီလို လာပြုစုဖော်ရသေးသည်။ မိမိတို့ ကိုယ်တိုင်ကတော့ စိတ်အင်ဂျင်တွေ လည်ပတ်မှုအား ဘယ်လောက်ကောင်းကောင်း၊ ခန္ဓာကိုယ်ဘီးတွေက စား၊ ဝတ်၊ နေရေး နွံ့ထဲမှ ရုန်းကြွမရအောင် နစ်မြုပ်နေတော့၏။

            ခဏကြာတော့ ညီမလေးက အမေ့ကို ထမင်းကျွေး၊ ဆေးတိုက်ပြီး တွဲခေါ်ကာ အိမ်အောက်ထပ်က အမေထိုင်နေကျ ပက်လက်ထိုင်ခုံပေါ် လာပို့၏။ ပြီးတော့ အဝတ်လျှော်ရန်အတွက် ရေတွင်းဘက်သို့ ထွက်သွားလေသည်။

            အမေကတော့ ထုံးစံအတိုင်း ထိုင်နေကျနေရာမှာ၊ မြင်နေကျပုံစံအတိုင်း ကြောင်စီစီ။

            ထိုင်နေတဲ့ခုံကိုရွှေ့ကာ အမေ့နား တိုးထိုင်လိုက်ပြီး ချွေးစက်လေးတွေ 'စို့' နေသော အမေ့နဖူးပြင်ကို တန်းပေါ်က တဘက်လေးယူပြီး ညင်ညင်သာသာ သုတ်ပေးနေမိ၏။ အမေကတော့ ဝမ်းသာသည့်ဟန်လည်း မပြ၊ မလိုလားပုံလည်း မရ။ သူ့ကိုသာ ကြောင်ပြီး စိုက်ကြည့်နေသည်။

            ယပ်တောင်တစ်ခုဖြင့် အမေ့ကို ယပ်ခတ်ပေးနေလိုက်ပြီး စကားတွေ ပြောကြည့်သည်။ တစ်ခါတစ်ခါ ပြုံးသည်။ တစ်ခါတစ်ခါ မျက်နှာလွှဲသွားသည်။

            စိတ်စမ်းသည့် သဘောဖြင့် ကွယ်လွန်သွားသော အဖေ့အကြောင်း မေးကြည့်တော့ သူ့ကိုမျက်စောင်းထိုးပြီး 'ဘာတွေ လာပြောနေမှန်း မသိဘူး' တဲ့။

            အမေ ဘာကို ဆိုလိုမှန်း မသိပါ။ အမေ ဘာကို ငြင်းဆန်နေမှန်း နားမလည်ပါ။ ပြီးတော့ ထုံးစံအတိုင်း ကြောင်စီစီပြန်ဖြစ်နေ၏။

            တဖြည်းဖြည်း မြင့်မားသိသာလာသော နွေနေ့ခင်း အပူချိန်ကြောင့် သတိရကာ လက်ကနာရီကို ငုံ့ကြည့်လိုက်တော့ ကားထွက်ချိန် သိပ်မလိုတော့ပြီ။ ကားဂိတ် အရောက် လမ်းလျှောက်ရမှာမို့ သွားသင့်ပြီဟု ယူဆလိုက်၏။

            အိတ်ကပ်ကို ယောင်ပြီး စမ်းလိုက်မိသည်။ ပြားချပ်ချပ် အထိအတွေ့ကြောင့် ရင်ထဲ 'နင့်' ခနဲ ဖြစ်သွား၏။ ဒုတိယအကြိမ် သက်ပြင်းရှည်ကြီးကို ထပ်မံမှုတ်ထုတ် လိုက်ပြန်သည်။

            ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်၏။ ညီမလေး၏ အဝတ်လျှော်သံကို ရေသံ တဗွမ်းဗွမ်းနှင့် ကြားနေရသည်။ လမ်းဘက်မှလည်း လူသွားလူလာ မရှိ။ ညီတစ်ယောက်ကလည်း အစရှာမတွေ့ရ။

            စိတ်ချရပြီ ဆိုတော့မှ အမေ့ရှေ့ ဒူးထောက်ထိုင်ချလိုက်၏။ အမေ့ ကျေးဇူးတွေ၊ အမေ့ မေတ္တာတွေ၊ ပြီးတော့ အနန္တဂုဏ်တော်တွေအတွက် နဖူးပြင်နှင့် အမေ့ခြေခုံ အရေတွန့်တွန့်တွေပေါ် အကြိမ်ကြိမ် ထိကပ်နေမိ၏။

            ဘယ်တော့မှ မကျေမယ့် အကြွေးတွေကို ကျေတန်သလောက် ကျေအောင် ဆပ်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်လေ။

            တိုက်ဆိုင်ခြင်းပဲလား တော့မသိ။ ခေါင်းကို ပြန်အမော့မှာ ဟင်...အမေ... အမေ...ပြုံးလို့ပါလား။ ဒါဆို အမေ့စိတ်ထဲ ခံစားမှုတစ်စုံတစ်ရာ ရှိနေလို့လား။

            မျက်နှာ အရေပြားပေါ်မှာ နစ်ကျွံရှုပ်ထွေးနေသော အက်ကြောင်းတို့ကြားက အမေ့အပြုံးမှာ ပျော်ဝင်မိနေရင်း တစ်စုံတစ်ခုကို သွားတွေးမိနေ၏။ နောင်တစ်ကြိမ် ပြန်လာချိန်မှာ အမေ့ကို အသက်ရှင်လျက် တွေ့ရပါဦးမလား။ အမေ့အသက်အရွယ်၊ အမေ့ကျန်းမာရေးက အမေ့ရုပ်ခန္ဓာကို အရှိန်ပြင်းစွာ တိုက်စားနေပြီလေ။

            လေးလံသော အတွေး၊ နှေးကွေးသော ခြေလှမ်းတို့ဖြင့် အမေ့ကို ကျောခိုင်းလိုက်သည်။ မမြင်ရသော ကြိုးတို့ဖြင့် ချည်နှောင်ရစ်ပတ်ခြင်း ခံနေရသော ခြေထောက်တို့ဖြင့်...တစ်လှမ်း.. နှစ်လှမ်း...သုံးလှမ်း...

            'သားကြီး...ခဏ... ခဏ...နေဦး...'

             နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော အသံတစ်ခု ကောင်းကင်ထက်မှ ကြွေကျလာသည်။

            ရင်ထဲ ထိတ်ခနဲ အံ့သြသွားပြီး ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့...ဟင်...အမေ... အမေ... သူ့ချွေးခံအိတ်ကလေးထဲ လက်နှိုက်နေပါလား။ ပြီးတော့...ဟော...ဟော...

            'ရော့...သားကြီး သုံးဖို့'

            ငလျင်သည် ဤကမ္ဘာမြေပေါ်၌ သူ့တစ်ယောက်တည်းကိုသာ ရွေးချယ်လှုပ်ခါသွား၏။ 'အမေ' လို့ အားရပါးရ ခေါ်လိုက်ပေမယ့် အသံထွက်မလာ။ သူ မတူးဖော်တဲ့ မျက်ရည်စတွေကတော့ ပါးနှစ်ဖက်မှာ မြစ်နှစ်စင်း ဖြစ်ခဲ့လေပြီ။

            ပြောပြောဆိုဆို လှမ်းပေးလိုက်သော အမေ့လက်ထဲ ပါလာတာကတော့ 'သတင်းစာ စက္ကူအပိုင်းအစလေးများ' သာ။

မိုးကျော်ဇင်

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

            


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...