ခင်မျိုးချစ်
တစ်နှစ်လုံးနေလို့မှ ကိုယ့်အိမ်ကိုယ့်ယာ တစ်လလောက်သာ နေရသော စစ်ဘက်အရာရှိ၊ နယ်လှည့်အရာရှိများအဖို့ မထူးခြားလှသော်လည်း နေ့စဉ်နှင့်အမျှ ရုံးနှင့်အိမ် အချိန်မှန်မှန်
သွားလေ့
ပြန်လေ့ရှိသော ကိုဖေသိန်းအဖို့မှာ တစ်ညအိပ်မျှ အိမ်မှတခြားသို့ သွားရသည်ကိုပင်
ယောင်ချာချာ ဖြစ်နေသည်။
ကိုဖေသိန်းသည် မျက်နှာဖြူ
ကုမ္ပဏီကြီးတစ်ခု၌ အထက်လူကြီးများက ယုံကြည်စိတ်ချရသော မန်နေဂျာတစ်ဦး
ဖြစ်သည်။ရိုးသားဖြောင့်မတ်ခြင်းဟူသော ဂုဏ်အပြင် အလုပ်ကို သေသပ်ကျနစွာ
လုပ်တတ်ခြင်း၊ နားလည်ကျွမ်းကျင်ခြင်းဟူသော ဂုဏ်ဝိသေသများကြောင့်
မျက်နှာဖြူအရာရှိကြီးများက အထူးမြှောက်စားခြင်း ခံရသည်။ အသက်အရွယ်အားဖြင့်လည်း
သုံးဆယ်ကျော် လေးဆယ်တွင်းဖြစ်ရာ သားသမီး ၃ ယောက်ရှိသည်။ သားအကြီးဆုံးမှာ ယခုနှစ်
မက်ထရစ် အတန်းရောက်နေပြီ။ အလတ်မှာ ရှစ်တန်းဖြစ်၍ သမီးအငယ်ဆုံးကလေးမှာ အသက် ၁ဝ
နှစ်ရှိ၍ ၅ တန်းရောက်နေပြီ။ ကိုဖေသိန်းဇနီး မမကြီးနှင့် သားသမီးသုံးယောက်တို့မှာ
အလွန်ချစ်ခင်ကြ၍ သူတို့တစ်သက်တာတွင် မခွဲဖူးဘူးဟု ဂုဏ်ယူ၍ ပြောပြတတ်သည်။
တစ်နေ့သော်ကား
ကုမ္ပဏီနှစ်ချုပ်စာရင်းများ လုပ်ရန်ကိစ္စကို နေ့ရောညပါ စိုင်းပြင်းရန်ရှိသည်။
အထက်လူကြီးများက ကိုဖေသိန်းကို တာဝန်လွှဲသဖြင့် တစ်ညအိပ် လုပ်ပေးရန် အကြောင်း ဖြစ်လာသည်။
ကိုဖေသိန်းမှာ အင်းစိန်တွင် နေသဖြင့် နေ့စဉ် လော်ကယ်မီးရထားနှင့် ရုံးတက်၊
အိမ်ပြန်သည်။ သူသွားချိန် လာချိန်မှာ မီးရထားအချိန်ကဲ့သို့ မှန်ကန်သည်။ ထိုနေ့
အထက်လူကြီးဖြစ်သူက ကိုဖေသိန်းအား အိမ်မပြန်ဘဲ ရုံးမှာပင် အလုပ်ဆက်လုပ်၊
နောက်တစ်နေ့မှ ပြန်ရန် ပြောသည်ကိုပင် 'အိမ်ကို မပြောခဲ့ရင်
စိတ်ပူနေလိမ့်မယ်'ဟု အခွင့်တောင်း၍
ခါတိုင်းရုံးဆင်းချိန်မှာပင် ပြန်လာခဲ့သည်။
ကိုဖေသိန်း အိမ်ပြန်လာလျှင်
ထုံးစံအတိုင်း သားသမီးများက လွယ်အိတ်၊ ထီးတို့ကို လှမ်းယူကြသည်။ ဖိနပ်ချွတ်
ပေးကြသည်။ ဆူညံအောင် သူ့ထက်ငါ စကားလုပြောကြသည်။ ထိုည ရုံးပြန်အိပ်ရမည်ကို
ကိုဖေသိန်း ချက်ချင်းမပြောသေး။ ရေမိုးချိုး အမောအပန်းဖြေပြီး ထမင်းစားပွဲတွင်
သားသမီးများ အစုံအညီ စားကြရင်း ပြောသည်။
'ဟင်...ဒါဖြင့် ဒီည
ပုံနားမထောင်ရတော့ဘူး'ဟု သမီး ကလေးက ပြောသည်။
'ဟို...ဂဏန်းပုစ္ဆာကို
ပြမယ်ဆို'ဟု သားအလတ်က မေးသည်။
'ကျွန်တော် ရေးထားတဲ့
အက်ဆေးကလေးကို ဖေဖေ့ ပြမလို့ဟာ'ဟု သားအကြီးက ညည်းလိုက်သည်။
မမကြီးက 'သြော်...ဟုတ်လား'ဟုသာ ပြော၍ ခဏနေပြီး 'ရုံးမှာ အိပ်စရာနေရာ
ရှိရဲ့လား၊ သမံတလင်းဆိုရင် စိမ့်အေးပြီး နေမယ်နော်။ ဥတုရာသီက ပျက်သနဲ့'ဟု စိုးရိမ်မကင်း သံနှင့် ပြောသည်။
'ရုံးမှာ ၁၂ နာရီ၊
တစ်ချက်လောက်အထိ ထိုင်ရမှာပဲ။ မိုးလင်းချင်လည်း လင်းသွားမယ်။ အိပ်ချင်ရင် ပက်လက်
ကုလားထိုင်ပေါ်မှာ လှဲရမှာပဲ'ဟု ကိုဖေသိန်းက ပြန်ပြောသည်။
'အလုပ်လုပ်တာများကလည်း
ပင်ပန်းလိုက်တာနော်။ ဒါဖြင့် နောက်တစ်နေ့ကော ဆက်လုပ်ရဦးမှာလား'
'နောက်တစ်နေ့တော့ ဘယ်ရုံးတက်နိုင်တော့မလဲ။
ရုံးတက်ချိန်အထိ ခဏနေပြီး အိမ်ပြန်နားရမှာပေါ့။ နေ့လယ် လော်ကယ်ရထားနဲ့
ပြန်လာခဲ့မယ်လေ။ မနက်စာထမင်းကို အိမ်မှာပဲ စားမယ်'
'ဒါဖြင့် အိပ်ရာခင်းယူဖို့
မလိုဘူးပေါ့။ ဆွယ်တာ လက်ရှည်နဲ့ မာဖလာ ထည့်ပေးလိုက်မယ်'
မမကြီးသည်
လက်ဆွဲသားရေအိတ်ကလေးတစ်လုံးတွင် အနွေးထည်များနှင့် ပရုပ်ဆီဘူး၊ မျက်နှာသုတ်ပဝါ၊
သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ အစုံထည့်ပြီး 'ကဲ... ကြည့်ပါဦး၊
ဘာလိုသေးသလဲ'ဟု ကိုဖေသိန်းကို ပြသည်။
'အံ့မယ်လေးကွာ၊ တစ်ညလေး
ခဏသွားတာပဲ။ မြောက်ဝင်ရိုးစွန်းကို သွားတာကျနေတာပဲ'ဟု
ကိုဖေသိန်းက ပြော၍ရယ်သည်။
မမကြီးက ညဥ့်နက်ခံ အလုပ်လုပ်ရရင်
ဆာဦးမှာဟု ပြော၍ ဓာတ်ဘူးနှင့် ကော်ဖီဖျော်ထည့်ပေးလိုက်သည်။
ပေါင်မုန့်ထောပတ်သုပ်ကိုလည်း ထုပ်ပေးလိုက်သည်။
'ကဲ... ဘာလိုသေးသလဲ။
သြော်... မေ့နေတယ်။ အပျင်းပြေစားရအောင် ချူးယင်းဂမ်း၊ ဆေးလိပ်၊ မီးခြစ်၊
ပြီးတော့ကော...'
ကိုဖေသိန်းက မမကြီး ပြောပုံဆိုပုံကို
သဘောကျကာ ပြုံးနေသည်။
'အဆာမခံနှင့်နော်။ ဟောဒီ
ဓာတ်ဘူးထဲက ကော်ဖီကုန်ရင် ဝယ်ခိုင်းပြီး ထပ်ဖြည့်ထား။ ခဏလောက်ဖြစ်ဖြစ်
မှိန်းလိုက်ဦး။ မနက်ကျရင် မူးနောက်ကြီး ဖြစ်နေဦးမယ်။ သိပ်မောနေရင် ပြန်မလာနဲ့။
ရုံးနားနီးတဲ့ ကိုဘစိုးတို့အိမ်မှာ သွားပြီး အိပ်နေ ဟုတ်လား။ နေ့လယ်ပြန်မရောက်ရင်
အဲဒီလိုပဲ မှတ်ထားမယ်။ စိတ်ပူမနေဘူး။ ပြန်နိုင်မှ ပြန်လာခဲ့။ အိမ်က
စိတ်ပူနေလိမ့်မယ်ဆိုပြီး ကမန်းကတန်း ပြန်မလာနဲ့။ လမ်းမှာ မူးမောနေမယ်။ ညနေ
ခါတိုင်း ရုံးဆင်းချိန်မှပဲ ပြန်လာပေါ့' ဟု မမကြီးက
တတွတ်တွတ်မှာသည်။
ကိုဖေသိန်းသည် သားရေအိတ်လက်ဆွဲ၍
ဘူတာရုံသို့ လာခဲ့သည်။ အိမ်မှ တခြားသွားလေ့သွားထ မရှိသဖြင့် ယောင်ချာချာဖြစ်နေသည်။
ရန်ကုန်နှင့် အင်းစိန်မဟုတ်ဘဲ ခရီးအဝေးကြီး သွားရသလို ထင်နေသဖြင့် သူ့ဘာသာ
ရယ်ချင်သွားသည်။ ရယ်ချင်နေရင်းက သူကြည့်ဖူးသည့် ဘိုင်စကုပ် ဇာတ်ကားတစ်ခုကို
သွားသတိရသည်။ သူ့လို သားသမီး သားမယားကို အလွန်ချစ်သော လူကြီးတစ်ယောက်
တစ်သက်နှင့်တစ်ကိုယ် အိမ်နှင့်မခွဲဖူးဘဲ တစ်ခါခွဲ၍ ခရီးသွားရာ ထိုအခါမှာ
ပထမအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်၍ အကွဲကြီး ကွဲရသည်။ ထိုဇာတ်လမ်းကို သတိရ၍
ဝမ်းနည်းသလို စိုးရိမ်သလို ကျောစိမ့်သွားသည်။
'ဟယ်... နိမိတ်မရှိ နမာမရှိ'ဟု ဖျောက်သော်လည်း မရဘဲ ထိုအကြောင်းကိုသာ သတိရနေသည်။ 'ရန်ကုန်နှင့် အင်းစိန်လမ်းကူးမှာ ဘာဖြစ်နိုင်လို့လဲ'ဟု
သူ့ကိုယ်သူ အားပေးရင်း 'ကံကြမ္မာဆိုတာ ခြေတစ်လှမ်း
လှမ်းရုံနှင့် တွေ့တတ်တာ'ဟု ပြန်ကြောက်သွားပြန်သည်။
ညနေခင်း အမှောင်အား များလာသည်။
ဘူတာရုံတွင်းရှိ မှေးမှိန်သော ဓာတ်မီးလုံး ကလေးများနှင့် ဟိုတစ်စု သည်တစ်စု
ပြောက်ကျိ ပြောက်ကျားစုနေသော ခရီးသည်များ၊ ကူလီများကို မြင်ရပုံမှာ
စုံထောက်ဝတ္ထုထဲက ဇာတ်ကွက် ဆင်ထားပုံနှင့်တူသည်။ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု
ဖြစ်တော့မှာလို စိုးရိမ်နေသည်။ လမ်းမှာ ငါ ဘာများ ဖြစ်ဦးမှာလဲ။ တစ်ဖန် အိမ်ကို
ပြန်သတိရ၍ စိုးရိမ်ခဲ့သည်။
'မိန်းမနှင့် ကလေးတွေ ည
ဘယ်လိုနေကြမလဲ။ ဓားပြပဲ တိုက်မလား။ အနုကြမ်းပဲ စီးမလား။ ကာလကြီးက ကောင်းတာ
မဟုတ်ဘူး' စသည်ဖြင့် အမျိုးမျိုးစိုးရိမ်သည်။
ဤသို့ စဉ်းစားနေရင်းပင်
မီးရထားပေါ်သို့ ရောက်ခဲ့သည်။ မီးရထားတွဲတွင် လူတစ်ယောက်မျှ မရှိ။ သူ
တစ်ယောက်တည်းဖြစ်၍ အားငယ်သလိုလို ဖြစ်မိသည်။ မီးရထားတွဲထဲတွင် တစ္ဆေခြောက်ခံရသည့်
ဝတ္ထု၊ အသတ်ခံရသည့် ဝတ္ထုများကို သတိရနေသည်။ သူ့ကိုယ်သူ ယောက်ျား မဟုတ်သလိုဘဲဟု
အပြစ်တင်မိသည်။ ကြောက်တာလည်း မဟုတ်။ အားငယ်သလိုလို စိုးရိမ်သလိုလို ဖြစ်နေသည်။
ဘာကြောင့်လဲမသိ၊ မဟုတ်တာတွေချည်း တွေးမိနေသည်။ မီးရထား တဂျုန်းဂျုန်းခုတ်သံကို
နားထောင်ရင်း ပြတင်းပေါက်မှ ခေါင်းပြူကာ ဟိုငေးသည်ငေး ငေးလိုက်လာသည်။
တစ်ခဏကြာလျှင် မီးရထား
သမိုင်းဘူတာတွင် ဆိုက်သည်။ ဆင်းကြ တက်ကြသည်ကို ငေးကြည့်ပြန်သည်။ အတက်အဆင်းမများလှ။
ခြောက်ကပ်ကပ်ပင် ဖြစ်သည်။ မီးရထား ထွက်ခါနီးမှာ ဂါဝန်ဝတ် ကပြားမလေးတစ်ယောက်
မမီမကမ်းနှင့် ကိုဖေသိန်းစီးသောတွဲကို တက်လာသည်။ ကိုဖေသိန်းနှင့်
မျက်နှာချင်းဆိုင် ခုံတန်းလျားပေါ်သို့ သက်ပြင်းသက်မချကာ ထိုင်လိုက်သည်။ သူ့လက်ထဲက
ထီးနှင့်ပစ္စည်းများကို သူ့နံဘေးချထားကာ ပြတင်းပေါက်မှ ခေါင်းပြူ၍ တောင်ကြည့်
မြောက်ကြည့် ကြည့်နေသည်။
ကိုဖေသိန်းသည် အစက သူတစ်ယောက်တည်း
ပျင်းနေသဖြင့် ခရီးသွားဖော်တစ်ယောက် ပါလာသည်ကို ဝမ်းသာသွားမိသည်။ ကပြားမကလေးသည်
မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေသည်။ သူ့ဘေးနားမှ ချထားသော လက်ဆွဲသားရေအိတ်ကို
ကြည့်ခြင်းအားဖြင့် ညအိပ်ညဥ့်နေ တစ်နေရာကို သွားမလို့ပဲဟု ကိုဖေသိန်း တွေးမိသည်။
အသက်မှာ နှစ်ဆယ်ကျော်ခန့် ရှိလိမ့်မည်။ မျက်လုံးမှာ အနက်ရောင်ဖြစ်၍ အသားမှာ
အင်္ဂလိပ်အစစ်လောက် မဖြူသော်လည်း အသားလတ်ဖြစ်သည်။ ဆံပင်မှာ နီကြန်ကြန်ဖြစ်၍
အင်္ဂလိပ်သွေး မနည်းလှကြောင်း ထင်ရှားသည်။
ကိုဖေသိန်းသည် ကပြားမကလေးကို မသိမသာ
အကဲခတ်သည်။ ခေတ်အခါ မကောင်းသော်လည်း သူတို့လူမျိုး ဓလေ့အတိုင်း
တစ်ယောက်တည်းသွားတာဟု အောက်မေ့မိသည်။ အင်းစိန်နှင့် ရန်ကုန် မိနစ်လေးဆယ်လောက်
ကြာသည့် ခရီးကို ကိုဖေသိန်း၏ စိတ်ထဲတွင် အလွန်ကြာလှသည်ဟု ထင်သည်။ တစ်ခါက
သူတို့မိသားဖသားတစ်စု မန္တလေးမှ ရန်ကုန်အထိ စာပို့သင်္ဘောကြီး စီးလာကြစဉ်က
ရှစ်ရက်မျှ ကြာသည်ကိုပင် ရက်တိုလှသည်ဟု ထင်မိခဲ့သည်။ တစ်ဘူတာပြီး တစ်ဘူတာ
ဆိုက်သော်လည်း နောက်ထပ်ခရီးသည် တက်မလာကြသဖြင့် ကိုဖေသိန်းနှင့်
ကပြားမကလေးနှစ်ယောက်သာ တစ်တွဲလုံးရှိသည်။ ကိုဖေသိန်းသည် သူ့မိန်းမ မမကြီး အကြောင်း
သတိရမိသည်။
သူတို့အကြောင်းပါစက မမကြီးသည်
ကိုဖေသိန်းကို စိတ်မချ။ သဝန်ကြောင်တတ်သည်။ ကိုဖေသိန်းက နားဝင်အောင်
အမျိုးမျိုးနားချ တရားဟောခဲ့ဖူးသည်ကို ပြန်သတိရသည်။ 'ယောကျ်ားဆိုတာ
ကိုယ်က နေရာတကာ လိုက်ကြည့်နေနိုင်တာ မဟုတ်တော့ စိတ်မချနေရင် ကိုယ်ပဲ
စိတ်ဆင်းရဲမှာပေါ့။ ဒီတော့ တစ်ခု စိတ်ထဲမှာထားဖို့က ဘယ်လိုပဲ ကိုယ်က
သဝန်ကြောင်ပြီး စိတ်မချပေမယ့် သူတို့လုပ်ချင်ရင် လုပ်လို့ဖြစ်တာပဲ။ ကိုယ်ဘာမှ
မတတ်နိုင်ဘူးဆိုတဲ့အချက်ကို လက်ခံထား လိုက်ရုံပဲ။ အဲဒါကို လက်ခံဖို့ကတော့
ဆေးခါးကြီး မျိုရသလို လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အဲဒီဆေးခါးကြီး မျိုနိုင်ရင်
ဘာမှစိတ်ပူစရာ မရှိတော့ဘူး။ စိတ်ချထားလိုက်ရုံပဲ။ ပွေချင်တဲ့ ရှုပ်ချင်တဲ့
ယောကျ်ားဟာ ရှုပ်မှာပွေမှာပဲ။ မျက်ကွယ် မျက်မှောက် မယုံတဲ့ယောကျ်ားမျိုးကို
ဘယ်လိုမှ တားလို့ မရဘူး။ ဒီတော့ကွာ၊ မမကြီး စိတ်အေးအေးထားပါ။ ကိုယ်
တစ်ခုကတိပေးမယ်။ မမကြီး ကိုလေ ဘယ်တော့မှ မလိမ်ဘူး။ မဟုတ်တာလုပ် မှားမိရင်လည်း
အမှန်အတိုင်း ပြန်ပြောပြမယ်။ အဲဒါ မမကြီး ခွင့်လွှတ် နိုင်ရင်လည်း ခွင့်လွှတ်ပေါ့။
ခွင့်မလွှတ်ရင်လည်း ပေးတဲ့ အပြစ်ကို ခံမယ်။ အဲဒါတစ်ခုပဲ ယုံကြည်စိတ်ချစမ်းပါ။ ဒါမှ
မမကြီးလည်း စိတ်ချမ်းသာ ကိုယ်လည်း စိတ်ဖြောင့်မယ်'
ကိုဖေသိန်းနှင့် မမကြီးတို့သည်
ယုံကြည်မှုစာချုပ် ချုပ်ကြသည်။ သူတို့မိသားစုတစ်စု၏ အခြေခံဥပဒေမှာ ယုံကြည်မှု
ဖြစ်သည်။ ထိုဥပဒေနှင့်ပင် ကလေးများကို အုပ်ချုပ်ခဲ့သည်။ ကလေးများ စာအုပ်ပျောက်မှု၊
ကျောင်းပြေးမှု အစရှိသည့် ပြစ်မှုကို ဖုံးကွယ်ထားလေ့ မရှိ။ လူကြီးကို အားလုံးပြန်ပြောပြ
ကြသည်။ လိမ်ပြောသည်ဟူသော စကားမှာ သူတို့မိသားစု၏ အဘိဓာန်တွင် မပါဘဲရှိသည်။
ကလေးများကို ငယ်စဉ်ကပင် အမှန်ကိုသာ ပြောတတ်အောင် သင်ပေးခဲ့သည်။ ကလေး တွေကို
အမှန်ပြောတတ်အောင် သင်ပေးရသည့်အတွက် လူကြီးတွေမှာ အချုပ်အချယ်ဖြစ်သည်ကို
ကိုဖေသိန်း သတိရ၍ သူတစ်ယောက်တည်း ပြုံးမိသည်။ လူကြီးမိဘများက ကလေးများကို
အသေးအဖွဲကလေးကအစ မလိမ်ဘဲနေရသည်။
'ဖေဖေရုံးက ပြန်လာရင်
ခဲတံရောင်စုံ ဝယ်ခဲ့နော်'ဟု မှာလျှင် တကယ်ဝယ်ခဲ့နိုင်မှ 'ဝယ်ခဲ့မယ်'ဟု ပြောသည်။
'ကနေ့ည ဘောလုံးပွဲ
လိုက်ပို့ပါ'ဟု ပူဆာလျှင်လည်း ထိုနည်းတူ ဖြစ်သည်။
ဤသို့ လူကြီးများကိုယ်တိုင်က
ကလေးများအပေါ်တွင် ကတိတည်၍ မလိမ်ခဲ့ဖူးသဖြင့် ကလေးများကလည်း လူကြီးများအပေါ်တွင်
ယုံကြည်သည်။ ကလေးများ မလိမ်စေချင်လျှင်၊ မဆဲစေချင်လျှင် လူကြီးများကစ၍ မလိမ်ဘဲ
မဆဲဘဲ နေကြရသည်။
ကိုဖေသိန်းသည် သူ့ကလေးသုံးယောက်
တစ်ဦးစီ လိမ္မာပုံတွေကို သတိရနေသည်။ လိမ္မာအောင် ဆုံးမတတ်သည့် သူတို့အမေကို
ကျေးဇူးတင်မိသည်။
မမကြီးမှာ မိန်းမသားဖြစ်၍
စိတ်နေစိတ်ထား မိန်းမသဘောအတိုင်း အပြစ်အနာ ရှိစေကာမူ ကိုဖေသိန်းက ဖျောင်းဖျရာကို
လိုက်နာခဲ့သည်။
ကိုဖေသိန်း၏ စိတ်များသည်
ဆယ်မိနစ်အတွင်း ရှေးဟောင်းနှောင်းဖြစ်တွေ စုံသွားအောင် တွေးနေသည်။ စိတ်များလည်း
တယ်လျင်မြန်ပါကလား။ တစ်ခဏကလေးမှာပင် ရာဇဝင်အူပေါက် ဇာတ်လှန်တွေးနိုင်သည်။
ကြည့်မြင်တိုင်ဘူတာဆိုက်ရာ
အဆင်းအတက်များသည်။ ယောကျ်ားမိန်းမတစ်စု ကိုဖေသိန်းတို့တွဲပေါ်သို့ တက်လာကြသည်။
ကပြားမလေးကလေးသည် သူ့ပစ္စည်းတွေနှင့် ကိုဖေသိန်းဘက်သို့ ရွှေ့လာသည်။ ကိုဖေသိန်းသည်
ငယ်စဉ်က သူ့မိန်းမ သဝန်ကြောင်တတ်ပုံကို သတိရ၍ ယခုကဲ့သို့ မိန်းကလေးတစ်ဦးနှင့်
တစ်ခုံတည်းထိုင် ခရီးသွားသည်ကို ငယ်စဉ်ကသာဆိုလျှင် ခွန်းကြီးခွန်းငယ်
စကားများကြမည် အမှန်ဖြစ်သည်။
ယခု ကိုဖေသိန်းချမှတ်သည့် ယုံကြည်မှု
အခြေခံဥပဒေကို လက်ခံပြီးဖြစ်သဖြင့် ကိုဖေသိန်းကို ယုံကြည်စိတ်ချနေခဲ့သည်။
ကိုဖေသိန်းက 'ကိုယ်မှားမိရင်
မှားတာတစ်ခုခု လုပ်မိရင် ဖုံးမထားဘူး။ ပြန်ပြောမှာပဲ။ ခွင့်လွှတ်နိုင်လည်း
ခွင့်လွှတ်၊ ခွင့်မလွှတ်နိုင်လည်း ပေးတဲ့အပြစ်ကို ခံမယ်'ဟု
ပြောခဲ့သည်ကို မမကြီး အလွန်သဘောကျသည်။
'ဘယ်လိုအပြစ်မျိုးပဲ
လုပ်မိ၊ သူများနားကြားလို့မှ သိရတာမျိုး မဟုတ်ဘဲ ကျွန်မ ဦးဆုံးသိပါရစေ'ဟု ပြောဖူးသည်။
ကိုဖေသိန်းသည် သူ့နံဘေးက ထိုင်နေသော
ကပြားမကလေးကို ကြည့်ကာ မဆီမဆိုင် တွေးမိသည်။ 'အဲဒီလို
ယုံကြည်မှုအခြေခံဥပဒေ လုပ်လာခဲ့ကြတာ သားအကြီးဆုံး ၁၆ နှစ်သား ရှိပြီ။ တစ်ခါမှ
ငါမှားခဲ့တယ်ဆိုတဲ့ ဝန်ခံချက်မျိုး မပေးခဲ့ရသေးဘူး။ တကယ်များ မိုက်မှားလို့
ဟိုတုန်းက သဘောတူညီခဲ့ကြတဲ့အတိုင်း ဖွင့်ပြောရင် မမကြီးဟာ တကယ် ခွင့်လွှတ်ပါ့မလား။
အဲဒါ သိချင်တာနှင့်ပဲ တစ်ခါလောက် မှားကြည့်ရကောင်းမလား။ ဟာ... ငါ ဘယ့်နှယ်ဟာတွေ
လျှောက်တွေးနေတာလဲ'
ဘုရားလမ်းဘူတာဆိုက်လျှင်
ခရီးသည်အားလုံးပင် ဆင်းသွားရာ ကိုဖေသိန်းတစ်ယောက်တည်း ကျန်ခဲ့သည်။ ကပြားမကလေးသည်
သူ့ပစ္စည်းယူ၍ ဆင်းသွားရာ ကိုဖေသိန်း ငေးကြည့်မိသည်။ ရန်ကုန်နှင့်အင်းစိန်
ခရီးစပ်ကြားမှာ ဝတ္ထုထဲမှာလို လူသတ်မှု၊ ဓားပြမှု၊ အချစ်မှုတွေ မဖြစ်ပေမယ့်
စိတ်ကူးတွေတော့ အတော်လွင့်တာပဲ။ စိတ်ကူးနဲ့ဆင်တဲ့ ဇာတ်ကွက်တွေ စုံသားပဲဟု
တွေးမိသည်။
ရန်ကုန်ဘူတာသို့ရောက်လျှင်
ကိုဖေသိန်းသည် သူ့ လက်ဆွဲသားရေအိတ်ကို ဆွဲ၍ ဆင်းခဲ့သည်။ ကိုဖေသိန်းသည်
ရုံးစားပွဲတွင်ထိုင်၍ အလုပ်များ လုပ်နေရသောအခါ၌ကား လမ်းတွင်စဉ်းစားခဲ့သမျှ
မေ့ပျောက်ကာ အလုပ်မှာပင် စိတ်ဝင်စားနေသည်။ တစ်ရုံးလုံးတွင် မိမိနှင့်
စာရေးနှစ်ဦးသာ ရှိသည်။ ရုံးဒရဝမ်ကြီး တဂေါက်ဂေါက်လမ်းလျှောက်သံနှင့် နာရီ
ခေါက်သံကသာ သူတို့ကို အားပေးလျက်ရှိသည်။ ကိုဖေသိန်းသည် အိမ်က ပါလာသည့်
ပေါင်မုန့်နှင့်ကော်ဖီ သောက်လိုက်၊ အလုပ်လုပ်လိုက်နှင့် အချိန်ကုန်မှန်း မသိဘဲ ရှိသည်။
ညဥ့်နက်လာသော် ချမ်းလာသဖြင့်
ဆွယ်တာလက်ရှည် ထုတ်ဝတ်ဦးမှပဲဟု လက်ဆွဲသေတ္တာကို ဖွင့်လိုက်သည်။ ဖွင့်လိုက်လျှင်
ဖွင့်လိုက်ချင်း ပွဲလမ်းသဘင် အခမ်းအနားများတွင် မိန်းမများ စုံနေသည့်နေရာကို
ဝင်သွားမိသည့်အခါ ရတတ်သည့် ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ အမွှေးနံ့တစ်မျိုးသည် ကိုဖေသိန်းနှာဝကို
ချူလိုက်သည်။ ကိုဖေသိန်း ကြက်သီး ဖြန်းခနဲ ထသွားသည်။ သေတ္တာအတွင်းကို
ကြည့်လိုက်သောအခါ ထခုန်မိမတတ် အံ့သြသွားသည်။ လက်ဆွဲသေတ္တာထဲတွင်
သူ့ဇနီးသည်ပေးလိုက်သည့် မာဖလာ၊ ဆွယ်တာ အစရှိသည်တို့ကိုကား မတွေ့ရဘဲ ဖဲသားပေါ်တွင်
ပန်းကြွထိုးထားသည့် မိန်းမဝတ်ရုံ အရှည်ကြီးတစ်ထည် ကျကျနန ခေါက်ထည့်ထားသည်ကို
တွေ့ရသည်။ ထိုဝတ်ရုံအင်္ကျီမှာ အင်္ဂလိပ်မများ ညဝတ်အင်္ကျီပေါ်မှာ ခြုံဝတ်သည့်
ဝတ်ရုံဖြစ်ရာ မီးရထားပေါ်မှာ တွေ့သည့် ကပြားမလေးနှင့် သေတ္တာချင်း မှားခဲ့ပြီဟု
ဟုတ်တိုင်းပင် တွေးမိသည်။ ကိုဖေသိန်းသည်ဥစ္စာရှင်၏ အမည်နေရပ်များ
တွေ့ရလိုတွေ့ရငြား သေတ္တာထဲ ရှာကြည့်သည်။ မိန်းမအသုံးအဆောင် ပေါင်ဒါဘူး၊
လက်ကိုင်ပဝါ၊ ရေမွှေး၊ မျက်နှာသုတ်ပဝါနှင့် ညဝတ်ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်များကိုသာ
တွေ့ရသည်။ အသုံးအဆောင်ပစ္စည်းများမှာ အဖိုးတန်အကောင်းစားများ ဖြစ်သည်။
ရေမွှေးနံ့ကလေးမှာ တသင်းသင်းဖြစ်၍ ညနေက တွေ့ခဲ့သည့် ကပြားမ ကလေးကို
မျက်စိထဲမြင်ယောင်မိသည်။ ဖက်ဖူးရောင် ပိုးသား ညဝတ်ဘောင်းဘီအင်္ကျီရင်စေ့ကို
ဝတ်လိုက်ရင် သူ့အသား ကလေးနှင့် သူ့ဆံပင်ကလေးနှင့် အတော်ကြည့်ကောင်းမှာပဲ။
အဲဒီအပေါ်က ဖဲဝတ်ရုံကြီးကို ရုံလိုက်လျှင် ဘယ်လောက်လှမလဲ။
ကိုဖေသိန်းသည် သေတ္တာကို
ပြန်ပိတ်လိုက်သည်။ သူ တွေးနေသည့်အတွေးမှာ သူ့ဇနီးအပေါ်မှာ သစ္စာမဲ့သည့်အတွေးများ ဖြစ်သည်ကို
သူ့ကိုယ်သူ အပြစ်တင်မိသည်။ သူ့ဇနီးမှာ ယခုအခါ ကလေးတွေအမေအဖြစ်နှင့် အမှတ်ရမိသည်။
ထို့ကြောင့် သူ့ဇနီးကို ယခုလို ညဝတ်အဝတ်အစားနှင့် မျက်စိထဲမှာ မမြင်တတ်ဘဲ
ရှိနေသည်။
ကိုဖေသိန်းသည် သူ့အလုပ်စားပွဲတွင်
ပြန်ထိုင်၍ အလုပ် လုပ်နေသည်။ လက်ဆွဲသေတ္တာထဲက ပစ္စည်းများကို သတိရနေသည်။ လှပသော
ပစ္စည်းကလေးများကို မျက်စိထဲမှာ မြင်နေသည်နှင့်အမျှ ဥစ္စာရှင်ကလေးကို သတိရပြန်သည်။
သူကလေး၏ကိုယ်စား
ထိုဖဲဝတ်ထည်ကလေးများကို သုံးသပ်ကြည့်နေချင်သည်။ မွှေးရနံ့ကလေးကို ခံယူနေချင်သည်။
တစ်ဖန် သတိရပြန်သည်။
ယခုလောက်ရှိလျှင် ကပြားမကလေးသည်
သူ့သေတ္တာထဲက ပစ္စည်းများကို တွေ့၍ ဘယ်လောက် ရယ်ချင်နေလိမ့်မည်နည်း။
သူ့သေတ္တာထဲတွင် သက္ကလပ်လုံချည်၊ မာဖလာ၊ ဆွယ်တာလက်ရှည်များကို ကြည့်၍
သူ့မျက်စိထဲမှာ ရွှေမင်းသားလူချောကလေးကို မြင်၍နေမှာတော့ မဟုတ်။ အလွန်ချမ်းတတ်သော
အဘိုးကြီးတစ်ယောက်၏ ပစ္စည်းဖြစ် မည်ဟုသာ တွေးမိ၍ ရယ်နေလိမ့်မည်။
ထိုသို့တွေးမိသောအခါ ကိုဖေသိန်းစိတ်ထဲ
မခံချင်သလို ရှက်သလိုလို ဖြစ်သွားမိသည်။ ထိုပစ္စည်းများကို ထည့်ပေးလိုက်သည့်
သူ့ဇနီးကို ပြန်စိတ်ဆိုးချင်သလို ဖြစ်သွားသည်။
'ဟော... ဇနီးသည်ကို
သစ္စာဖောက်မိပြန်ပြီ'ဟု တစ်ဖန် သတိရပြန်သည်။ ဒါပေမယ့်
အပျိုချောကပြားမကလေးက သူ့ကို ချမ်းတတ်တဲ့အဘိုးကြီး၊ ပရုတ်ဆီကို လက်နှင့်ကော်၍
နားထင်လိမ်းလိုက်၊ ဇက်ပိုးလိမ်းလိုက်၊ နှာခေါင်းထဲ ထည့်လိုက်
လုပ်နေသည့်အဘိုးကြီးဟု ထင်နေမှာကို မခံချင်ဖြစ်နေသည်။
'ငါ ဒါလောက်လည်း
အသက်မကြီးသေးပါဘူး'ဟု အောက်မေ့ကာ သူ့ပါးကို ပွတ်ကြည့်နေသည်။
'လေးဆယ်ကျော်ဆိုတာ သန်တုန်း
မြန်တုန်းပဲ။ ချာချီတို့များ အသက် ၇ဝ ကျော်တောင် ဘယ်လောက် အလုပ်လုပ်သလဲ'ဟု ကိုယ့်စိတ်ကို ပြန်ဖြေသည်။
ကိုဖေသိန်းသည် သူ့အလုပ်ထဲတွင်
မနည်းစိတ်ဝင်အောင် ကြိုးစားလုပ်နေရသည်။ အလုပ်လုပ်ရင်းပင် သို့လော သို့လော စိတ်များ
ကြိုကြားဝင်နေသည်။ သည်သေတ္တာအကြောင်းကို သူ့ဇနီးကို ပြောပြလို့ ယုံပါ့မလားဟု
တစ်ဖန်စိတ်ပူမိပြန်သည်။ ရှေးယခင်က ယုံကြည်မှုအခြေခံဥပဒေ မည်မျှအောင်မြင်သည် ကို
ယခုမှ လက်တွေ့သိရတော့မည်။ သူ၏ဇနီးသည် ဆေးခါးကြီးကို မျိုနိုင်ပါ့မလား။
ကိုဖေသိန်းသည် စဉ်းစားရင်းပင်
အလုပ်များကို လုပ်နေရာ မိုးလင်းတော့သည်။ အတူအလုပ်လုပ်နေသော စာရေးများကိုလည်း
အိမ်ပြန်လွှတ်၍ ပက်လက်ကုလားထိုင်ပေါ်တွင် ခဏမှိန်းနေသည်။ တစ်ညလုံး
အိပ်ပျက်ထားသဖြင့် အိပ်ပျော်သွားမှန်း မသိလိုက်ဘဲ ကိုးနာရီထိုး၍ စာရေးစာချီများ
ရုံးတက်ရန် လာကြမှနိုးသည်။ ရုံးသားများနှင့် နှုတ်ဆက်ပြောစရာ ရှိသည်ကို
ပြောဆိုစီမံပြီးလျှင် အိမ်သို့ ပြန်ခဲ့သည်။ မီးရထားအချိန် မဟုတ်သဖြင့်
အင်းစိန်ဘတ်စ် နှင့်ပင် ပြန်လာခဲ့သည်။ တစ်လမ်းလုံး လက်ဆွဲသေတ္တာ အကြောင်း
စဉ်းစားလာသည်။
အိမ်သို့ရောက်လျှင် ကလေးများ
ကျောင်းသွားနေကြပြီ ဖြစ်၍ သူ့ဇနီးတစ်ယောက်တည်း စက်ချုပ်နေသည်။ သူပြန်လာလိမ့်မည်ဟု
မျှော်လင့်သဖြင့် အားရဝမ်းသာ ဆီးကြိုသည်။
'လန်းသွားအောင်
ရေချိုးလိုက်ပါလား။ နေလို့ကောင်းရဲ့လား။ ဘာစားခဲ့သေးလဲ။ ဆာရင် တစ်ခုခုစားပါလား။
ထမင်းစားမလား' စသည်ဖြင့် ဂရုတစိုက်မေးသည်။
ကိုဖေသိန်းသည် ဤမျှလောက် ဝတ္တရားသိသော
ဇနီးသည်အပေါ်တွင် သစ္စာမဲ့မိသည့်စိတ်နှင့် သို့လောသို့လော စိတ်လေမိသည်ကို
နောင်တရသည်။ သူ့ဇနီးကို သူ ဂရုစိုက် ကြည့်မိသည်။
'မအိုသေးတဲ့သူ
အပျိုးကလေးနှင့်တူ' ဟူသော ယောဂီ သွေးဆေး ကြော်ငြာမျိုး
မဟုတ်ပေမယ့် ဒါလောက်လည်း အမယ်ကြီး မဟုတ်သေးပါဘူး။ အပျိုကလေး ကိုယ်လုံး
ကိုယ်ပေါက်လို ခါးသေးရင်ချီတော့ မဟုတ်ဘူးပေါ့။ ခါး နည်းနည်းတော့ တုတ်သည်။
ထိုဖဲဝတ်ရုံကြီးများ ဝတ်လိုက်ရင် ခန့်ချောကြီး ကြည့်ကောင်းမှာပဲ'ဟု တွေးမိသည်။
ကိုဖေသိန်းသည်
ပက်လက်ကုလားထိုင်ပေါ်တွင် ပစ်လှဲ၍ မမကြီးကိုသာ စိုက်ကြည့်နေသည်။ မမကြီးသည်
ကိုဖေသိန်း၏ အမူအရာကို အထူးအထွေမထင်ဘဲ အိပ်ပျက်၍ မောလာသည်ဟု ထင်သည်။ မမကြီးသည်
ပက်လက် ကုလားထိုင်ဘေးနားတွင် ချထားသော လက်ဆွဲသေတ္တာကို ဖွင့်မည်ဟု ကိုင်လိုက်ရာ
ကိုဖေသိန်းက လက်ဖြင့်ဟန့်တား ထားလိုက်သည်။
'နေဦး၊ ဒီသေတ္တာက
မူမမှန်ဘူး။ အဲဒါ ပြောပြဦးမယ်' ဟု ရယ်၍ပြောသည်။
မမကြီးကလည်း ရယ်၍ 'ဘယ်လိုမူမမှန်တာလဲ။
မိန်းမ လက်ကိုင်ပဝါတွေ ဘာတွေ ပါလာလို့လား'ဟု မေးသည်။
'လက်ကိုင်ပဝါလောက်များတော့
ပြောမနေဘူး။ ဒီတစ်ခါ ကိုယ့်အပေါ်မှာ မမကြီး ဘယ်လောက်ယုံတယ်၊
ခွင့်လွှတ်နိုင်တယ်ဆိုတာ သိရမှာပဲ'
မမကြီး မျက်နှာပျက်သွားပြီး ဣန္ဒြေဆည်လိုက်သည်။
'ကိုဖေသိန်းကလည်း ဘာတွေ
လျှောက်ပြောနေတာလဲ။ ပြောင်ချင်နောက်ချင်တဲ့ ဝါသနာက မလျှော့သေးဘူး'
'ပြောင်တာ မဟုတ်ဘူး။
တကယ်မယုံရင် ဟောဒီမှာကြည့်'ဟု ပြောပြောဆိုဆိုနှင့် သေတ္တာကို
ဖွင့်လိုက်သည်။
ကိုဖေသိန်းသည် မမကြီး ဘာပြောမည်ကို အလွန်ကြားချင်သည်။
သို့သော် မမကြီးကား ဘာမျှမပြော။ ထိတ်လန့်သွားကာ ကိုဖေသိန်းကို
တစ်ချက်မော့ကြည့်ပြီး သေတ္တာထဲက ပစ္စည်းများကိုသာ စိုက်ကြည့်နေသည်။ လက်နှင့်
မရဲတရဲ ကိုင်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေ ရွှဲနေသည်။ ကိုဖေသိန်းသည်
သူ့ဇနီးကို သနားသွားသည်။ ငယ်ငယ်ကဆိုလျှင် ထ၍ရန်ဖြစ်မည် အမှန်ဖြစ်သည်။
အဖြစ်အပျက်အမှန်ကို ကြာရှည်မဆိုင်းဘဲ ပြောချလိုက်သည်။
'အို... မမကြီး
ဘာလို့ငိုနေတာလဲ။ ဘာမှငိုစရာ မရှိဘူး။ ဒီသေတ္တာဟာ မီးရထားပေါ်မှာတွေ့တဲ့
ကပြားမကလေး သေတ္တာ။ သူ ဘယ်သူဘယ်ဝါမှန်းတောင် မသိဘူး။ သူက ကိုယ့်သေတ္တာကို မှားယူသွားလို့။
အဲဒါ ယုံရဲ့လား'
မမကြီးသည် ငန်းရူးဖောက်သကဲ့သို့
ဟက်ဟက်ပက်ပက် ရယ်လေသည်။ သူ့ဟာသူ ရပ်လို့မရ၊ ဆက်ကာဆက်ကာ ရယ်ရာ ကိုဖေသိန်းမှာ သတိရ၍
အဝတ်ရေဆွတ်ပြီး မျက်နှာကို ရိုက်ရလေသည်။ မမကြီးမှာ ထိုအခါမှ အရယ် ရပ်သွားသည်။
'ကဲ... ခဏတော့
ဒီမှာလှဲနေစမ်း'ဟု မမကြီးကို ပက်လက်ကုလားထိုင်ပေါ်မှာ
လှဲခိုင်း၍ ကိုဖေသိန်းသည် ရေတစ်ခွက်ခပ်၍ တိုက်သည်။
'ဘယ့်နှယ်နေသေးလဲ'ဟု မေးသည်။
မမကြီးက 'သက်သာသွားပါပြီ'ဟု ပြော၍ မျက်စိ မှိတ်နေသည်။
ကိုဖေသိန်းမှာ တစ်ခါဖြင့် ခက်ပြီဟု
အောက်မေ့သည်။
'မမကြီးကတော့ ငါ့ကို မယုံတာ
အမှန်ပဲ။ ညက အတူတူအလုပ်လုပ်သည့် စာရေးနှစ်ယောက်ကို သက်သေ ထူရင်လည်း အလိုတူ အလိုပါ
ထင်မှာပဲ။ ခက်လိုက်တာ။ သတင်းစာထဲကနေပြီး ပစ္စည်းရှင်ကို လာယူဖို့ ကြော်ငြာရင်တော့
ပစ္စည်းတွေ လာယူမှာပဲ။ အဲဒီလို သင်္ကာရှင်းအောင် ကြိုးစားရတော့မှာပဲ'ဟု တွေးနေသည်။
မမကြီးသည် မျက်လုံးဖွင့်၍ 'ကိုသိန်း'ဟု ခေါ်လိုက်သည်။
ကိုဖေသိန်းက 'မမကြီး'ဟု ထူးလိုက်သည်။ သူပြောချင်သည့်စကားကို စပြောသည်။
'မမကြီး၊
ဘယ့်နှယ်ဖြစ်သွားတာလဲ။ သတိထားမှပေါ့။ ကိုယ့်ကို မယုံရင်...'ဟု
စကားမဆုံးမီ မမကြီးက...
'မယုံလို့ မဟုတ်ပါဘူး။
ကိုသိန်းက ဒီအကြောင်း အစက ဘာလို့မပြောတာလဲ။ ဒီတစ်ခါ ဘယ်လောက်ယုံကြည်နိုင်တယ်၊
ခွင့်လွှတ်နိုင်တယ်ဆိုတာ သိကြရမှာလဲတွေ ဘာတွေနှင့် စကားချီထားတော့ ကျွန်မ
တစ်သက်လုံး ကြောက်လာခဲ့တာ ဒီတစ်ခါဖြစ်ပြီလို့ ထင်တာပေါ့'
'မမကြီးက ဘာများ
တစ်သက်လုံးကြောက်လာခဲ့လို့လဲ'
'သြော်... ကိုသိန်းကလည်း
မိန်းမတစ်ယောက်ရဲ့ဘဝမှာ အကြောက်ဆုံးကိစ္စ ဘာရှိရဦးမှာလဲ။ ကိုယ့်လင်သား
တခြားမိန်းမနောက် ပါသွားမှာ ကြောက်တာပေါ့။ ကိုသိန်း ပြောဖူးတယ် မဟုတ်လား။ ကိုသိန်း
မိုက်မှားမိရင် ဖုံးမထားဘူး။ အမှန်ပြောပြမယ်။ ခွင့်လွှတ်နိုင်ရင်လည်း လွှတ်ဆို၊
ဒီတော့ ကျွန်မစိတ်ထဲ အမြဲကြောက်နေမိတယ်။ ဘယ်နေ့ ကိုသိန်း ဒီလိုဖွင့်ဟပြောတာ ကြားရမလဲ။
ဒီလိုစကားမျိုး မကြားပါရစေနဲ့လို့ အမြဲဆုတောင်းမိတယ်။ အခု ကိုသိန်းက စကားတွေ
ပလ္လင်ခံပြီး သည်ပစ္စည်းတွေ့တော့ ကျွန်မ တစ်သက်လုံး ကြောက်နေခဲ့တဲ့စကားတွေ
ကြားရတော့မှာပဲလို့ ဝမ်းနည်းပြီး...'
'ဒါနဲ့ ဘာလို့ ရယ်ရတာလဲ'
အဲဒီလို ဝမ်းနည်းနေတုန်း ကိုသိန်းက
အကျိုးအကြောင်း ရှင်းပြလိုက်တော့ ကျွန်မစိတ်ထဲမှာ အလုံးကြီးကျသွားပြီး
ဝမ်းသာလွန်းလို့ ရယ်ချင်... ရယ်ချင်... ရယ်ချင်... ရယ်ချင်...'
မမကြီး နောက်တစ်ချီရယ်ပြန်လေရာ
ကိုဖေသိန်းမှာ အဝတ်ရေဆွတ်၍ မျက်နှာကို ရိုက်ရပြန်လေတော့သတည်း။
▀
ခင်မျိုးချစ်
၁၉၅၃
ခု၊ မတ်လ
မြဝတီ
မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၅
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။