ရွှေဝတ္ထု

စျေးခြင်းတောင်း

ခင်ခင်ထူး

01 June 2025
စျေးခြင်းတောင်း
Share to

            ကျွန်မတို့ မိသားစု သည်ရပ်ကွက်ကလေးဆီကို ပြောင်းရွှေ့လာခဲ့တာ သိပ်မကြာသေးပါ။ နှစ်လ‌လောက်သာ ရှိပါဦးမည်။ မန္တ‌လေးမြို့သစ်က ရပ်ကွက်တစ်ခုမှာ ကျွန်မတို့နေထိုင်ရမှာဆိုတော့ ပြောင်းမလာခင်ကတည်းက ဘုန်းကြီးကျောင်းတွေ၊ စျေးတွေ၊ စာသင်ကျောင်းတွေ ကျန်းမာရေးအတွက် ဆေးခန်းတွေကို အရင်စနည်းနာထားခဲ့ရသည်။ ကံကောင်းသည်မှာ အလွန်စည်ကားသော စျေးကြီးတစ်စျေးနှင့် သိပ်မဝေးခြင်းဖြစ်ပါသည်။ စျေးဆိုတာကလည်း ကျွန်မတို့ အိမ်ရှင်မများအဖို့တော့ အဓိကကျသော အကြောင်းအရင်းတစ်ခုလို့ပင် ဆိုချင်ပါသည်။ နိစ္စဓူဝ စားရေးနေရေး ဝတ်ရေးကိစ္စတွေမှာ စျေးကလည်းအရေးပါသည်။ အထူးသဖြင့် စျေးနှင့်နီးတော့ သွားရလာရတာ လွယ်ကူသလို ကိုယ်တိုင်လည်း စျေးသွားဖြစ်သည်။ နေ့စဉ်နှင့်အမျှ မနက်မိုးလင်းသည်နှင့် ပြည့်စုံတာ မပြည့်စုံတာထား၊ မိသားစု စားရေးသောက်တာကို စီမံချက်ပြုတ်ရခြင်း အလုပ်သည်ပင် လွယ်မယောင်နှင့် ခက်သည့်ကိစ္စ ဖြစ်သည်။ မိသားစုဝင် တစ်ဦးချင်းစီ၏ အကြိုက်ဖြစ်ဖို့၊ မိသားစုအားလုံး တပြေးညီဖြစ်ဖို့၊ ချိုချိုချောင်ချောင် ပေါပေါလောလော ဆိုသော်လည်း အစပ်အဟပ်တည့်ဖို့ စဉ်းစားရတာ၊ ထမင်းမြိန်အောင် ဟင်းစပ်ကလေး အဟပ်ညီအောင် စဉ်းစာရတာ လွယ်တာတော့မဟုတ်။

            ရှိတာလေးနှင့် လှအောင်ဝတ်၊ ရတာလေးနှင့် လောက်အောင်စားဆိုသည့် စကားက စကားလေး လှသ‌လောက် တကယ်တမ်းကျတော့ တွေးရတာကပင် ခေါင်းစားလှပါသည်။ မနက် ဘာဝယ်ရမလဲ၊ ဘာချက်ရမလဲဆိုတာကို မနက်မိုးလင်းလင်းချင်း မေတ္တသုတ်မှ မရွတ်ရခင် (တစ်ခါတစ်ရံ ညအိပ်ရာထဲမှပင်) စိတ်လက်မအား တွေးတော ဆင်ခြင်နေရပါသည်ဟုဆိုလျှင် လွန်သည်ဟု မထင်စေချင်ပါ။ တကယ်လက်တွေ့ စျေးနှင့်မျက်နှာချင်းဆိုင်ရတာ၊ ဝယ်ရခြမ်းရတာ ကျွန်မတို့ အိမ်ရှင်မများ မဟုတ်လား။ အိမ်ဦးနတ်၏ ကျေးဇူးလည်း ကြီးပါ၏။ ကျွန်မတို့ မိန်းမသားတွေကလည်း သက်သာလှတာတော့ မဟုတ်ပါ။ ကျွန်မတို့ နေထိုင်ရမည့်မြို့သစ်က စျေးနှင့်နီးသည့်အတွက် မနက်ခင်း ဗာဟီရကလေးတွေပြီးလျှင် စျေးခြင်းတောင်းကလေးဆွဲ၊ စျေးသွားရင်း လမ်းလျှောက်ဖြစ်မည်၊ ကိုယ်တိုင် မျက်မြင်ဝယ်ရတာဆိုတော့ စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်ကလေး စားရမည်၊ အနည်းဆုံး စျေးသွား ဆိုက်ကားခ သက်သာမည် စသည့်အတွေးများဖြင့် မြို့သစ်ကို မပြောင်းခင်ကတည်းက ကြိုတင်ပျော်ထားနှင့်နေပြီ။ သည် ပြောင်းမလာခင် ကျွန်မတို့ နေခဲ့သော မြစ်ဆိပ်ကမ်းနားက တစ်ဆယ့်သုံးလုံးတန်း ဧရာထွန်းရပ်ကွက် တိုက်တန်းကြီးတွေက ဈေးနှစ်ဈေးကြားမှာ ရှိသည်ဆိုသော်လည်း လေးထပ်တိုက် အပေါ်ဆုံးအလွှာ မှာနေသော ကျွန်မအဖို့ ဈေးကို ချက်ချင်း ထသွားဖို့ရာက မလွယ်ကူလှပါ။ ဈေးနှစ်ဈေး ကြား ဆိုသော်လည်း ကျွန်မတို့နေခဲ့သော တိုက်နံပါတ် ၁၂ ကတော့ တောင်ဈေး မြောက်ဈေး နှစ်ဈေးစလုံးနှင့် မဆိုစလောက် ဝေးတာလည်းပါသလို ကျွန်မကိုယ်တိုင်ကိုက လေးထပ်တိုက် လှေကားထစ် ငါးဆယ်လောက်ကို တက်ဟယ် ဆင်းဟယ်လုပ်ဖို့ ဝန်လေးတာလည်း ပါပါလိမ့်မည်။

            တောင်ဘက် ဧရာထွန်း ဈေးသွားလိုလျှင် တိုက်တန်းရှည်ကြီး ခုနစ်တိုက်ကို ကျော်ဖြတ်ရသည်။ မြောက်ဘက် မိုးကောင်းဈေးကို သွားချင်လျှင်တော့ တာပေါင်ရိုးလမ်းပေါ်ကတစ်ဆင့် ဈေးအရောက် နာရီဝက်စာလောက် တစ်ဆန့်တစ်လျား လျှောက်ရသည်။ ဈေးခြင်းတောင်းကြီးဆွဲပြီး အသွားကြော့ကြော့ သွားနိုင်သည် ဆိုဦးတော့ ဈေးဝယ်အပြန်မှာ သည်ခရီးကို ခြေကျင် မလျှောက်နိုင်တော့။ ဈေးထိပ်က ဆိုက်ကားတစ်စီး မငှားမဖြစ် ငှားရသည်။ ဆိုက်ကားခက နှစ်ရာ။ အသွားရော အပြန်ပါဆိုလျှင်လေးရာ။ ဈေးပြန်စီးလို့ ကုန်သည့် ငွေနှစ်ရာဆိုလျှင် ကြက်ဥ လေးလုံးရသည်။ ဘုရားပန်း ဝေဝေဆာဆာ ထိုးနိုင်သည်။ ဟင်းသီးဟင်းရွက် ဖောဖောသီသီကြီး ဝယ်နိုင်သည်။ ဆိုက်ကားစီးရတာ နှမြောစရာ။ သည်တော့လည်း တတ်နိုင်သမျှ ကျွန်မ ကိုယ်တိုင် ဈေးမသွားဖြစ်တော့ဘဲ အခန်းနားနီးချင်းတွေ ဈေးအသွားမှာ ဈေးဖိုးပေး၍ လိုချင်တာမှာရသည်။

            ဈေးကို ကိုယ်တိုင် မရောက်နိုင်တော့လည်း မြင်ကာမတ်တတ် စိတ်ကူးတည့်ရာ ထွေထွေရာရာကလေးတွေ မဝယ်ဖြစ် မစားဖြစ်။ ဈေးထဲမှာ ဘာတွေပေါနေမှန်း မသိ။ ဘာတွေ ဝယ်ချင်စရာ ရှိမှန်းမသိ။ လူကြုံနှင့် ဈေးမှာလိုက်သည့် ဟင်းချက်စရာကိုသာ ကောင်းကောင်း၊ မကောင်းကောင်း ချက်စားရုံသာ။ ဈေးထဲမှာ ဘာတွေပေါ်နေပြီလဲ၊ ဘာတွေ လှိုင်နေပြီလဲ၊ ဘာတွေ ဈေးတက်လို့ ဘာတွေ ဈေးချိုသလဲ၊ ဘာကလေးတော့ ဖွယ်ဖွယ်ရာရာ စားလို့သင့်တော်မလဲ၊ မနက်ခင်း မီးဖိုချောင်စိတ်ကူးတွေ ကျွန်မမှာ မရတော့။ အိမ်နီးချင်းကို မှာရတာဆိုတော့ ကိုယ်မှာတာပဲပါတာ မဟုတ်လား။ တကယ်တော့ ဈေးဝယ်ရသည့်အလုပ်ဆိုတာ ပျော်စရာလည်းကောင်း၊ ဉာဏ်ကစားခွင့်လည်း ရသည့်အလုပ်ဟု ကျွန်မ တစ်ခါတစ်ခါတွေးမိပါ၏။ ကိုယ်မှ လက်ထိလက်ရောက် မသွားနိုင်တော့ သည်အခွင့်အရေးကို ကျွန်မ ဆုံးရှုံးခဲ့ရတာပဲ။ တိုက်တန်းမှာနေထိုင်ခဲ့သည့် သုံးနှစ်ကျော် လေးနှစ်နီးပါး ကြာခဲ့သည်။ လုံးဝ မရောက်တာတော့ မဟုတ်။ ဖြိုးဖြိုးဖျောက်ဖျောက် မလွှဲမကင်းသာ ရောက်ရတာ ရှိသော်လည်း အရောက်ကျဲသည်။ သည်တော့ ဈေးနှင့် ကျွန်မ ဝေးနေရသည် ဆိုပါစို့။

            အခုတော့ ဈေးနှင့်နီးသော မြို့သစ်မှာ မဖြစ်မနေကို ကျွန်မ ဈေးသွားခွင့်ကလေး ရှိရကြုံရတော့မည်။ ကြိုတင်တွေးတော စိတ်ကူးယဉ်ထားတာ ကလေးတွေ တစ်လှေကြီးဖြင့် ကျွန်မ ပျော်နေမိသည်။ မြို့သစ်ရပ်ကွက်ကလေးကို ရောက်လာရပြီဆိုတော့ ဈေးခြင်းတောင်းကလေးဆွဲကာ ကိုယ်တိုင် ဈေးဝယ်ခွင့်ကလေး ရဖို့သာ ကျွန်မ စိတ်စောနေမိပါ၏။

            ထိုနေ့မနက်က ကျွန်မတို့သားအမိ သားအဖ သုံးယောက် ဈေးသို့ ထွက်လာခဲ့ကြသည်။ ကျွန်မ ခင်ပွန်းသည်က ကလေးချီရင်း၊ ဈေးမုန့်ကလေးစားရင်း ဈေးကလေးကို လိုက်ကြည့်ချင်သတဲ့။ မိသားစု တပျော်တပါး ဈေးသွားရတာ ကြည်နူးစရာတော့ အကောင်းသား။ ကျွန်မကတော့ ကျွန်မ လက်များဖြင့် ဝေးနေခဲ့သည့် ဈေးခြင်းတောင်းကလေး ဆွဲကာ ဝယ်လိုက်ခြမ်းလိုက်မဟဲ့ ဆိုသည့် စိတ်ဖြင့် ခြေလှမ်းတွေ သွက်နေခဲ့သည်။ ဈေးခြင်းတောင်းကလေးကို လက်ကဆွဲရင်း ကျွန်မ ငယ်ငယ် ရွာမှာနေခဲ့ရစဉ်က ကလေးသဘာဝ ထမင်းအိုးတမ်း၊ ဟင်းအိုးတမ်း ကစားခဲ့ရပုံကို ဖျတ်ခနဲ သတိရလိုက်မိ၏။

            သည်လိုပါပဲ။ ကလေးကစားစရာ ဝါးခြင်းတောင်း ခါးသိမ်ကလေးကို ဆွဲပြီး ကျွန်မငယ်ငယ်က ဈေးဝယ် ထွက်တမ်း ကစားခဲ့ဖူးသည်။ သည်တုန်းက ရွာမှ ဆွေမျိုးသားချင်း အဖော်မတွေနှင့် ရွာခရိုးတောစပ်ကို ကျွန်မတို့ ဈေးဝယ်ထွက်ကြခြင်း ဖြစ်သည်။ ရွာခရိုးစပ်မှာ အလေ့ကျ ပေါက်နေတတ်သည့် အရွက်အသီးကလေးတွေကို ဆွတ်ပြီး ဈေးခြင်းတောင်းထဲ ထည့်သည်။ ပါးစပ်က လည်း လူကြီးလူကျယ်လုပ်ပြီး ဈေးစကား နာစကား စကားကြီး စကားကျယ်တွေ ပြောရတာကိုက အရသာ တစ်မျိုးပင်။ အမေကြီးတို့ ကြီးတော်တို့ ဈေးသွားရင်း ပြောကြတာမျိုး၊ ဈေးဝယ်ကြတာမျိုး၊ ဈေးဆစ်ကြတာမျိုး၊ ဈေးဝယ်ပန်းလို့ ညည်းတာမျိုးတွေ လိုက်တုပြောကြ ခြင်းဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် လူကြီးလုပ်တမ်း ကစားရတာကိုပင် ခုံမင်နှစ်သက်စရာ အောက်မေ့ခဲ့မိသည်ကော။

            အသက်တွေ မြန်မြန်ကြီးချင်လှပြီ။ ဈေးသွားချင် လှပြီ။ ဈေးခြင်းတောင်း ဆွဲကာ စုံစီနဖာ ဝယ်ချင်လှပြီ။ ဈေးသွားတာများ ဘာညည်းစရာ ရှိလို့လဲ။ အမေတို့များ ညည်းလိုက်တာ။ ဈေးခြင်း တောင်း ဆွဲရတာကိုပဲ မနိုင်ဝန် ထမ်းလာရတာကျလို့။ ကျွန်မ ငယ်ငယ်က အမေ့ ဈေးပြန်ခံစားမှုကိုပင် အားမလို အားမရ ဖြစ်ခဲ့ရသည်။

            အိမ်ခေါင်းရင်း မန်ကျည်းပင်ရိပ်မှာ မနက်ခင်းဆိုလျှင် ကျွန်မတို့ကလေးတွေ စုကြပြီ။ ထမင်းအိုးတမ်း၊ ဟင်းအိုးတမ်း ကစားဖို့ ပြင်ကြပြီ။

            'အစ်မကြီးရေ၊ ဈေးသွားရအောင်လေ။ အိမ်မှာ ဟင်းချက်စရာ ကုန်နေပြီ။ ကနေ့တော့ ကြက်သားလည်း ဝယ်မယ်။ ခရမ်းချဉ်သီးရော၊ အာလူးရော၊ ငါးခြောက်ရော အများကြီး ဝယ်ကြမယ်နော်'

            'အေးအေး... သွားမယ်လေ။ ရော့... ညီမလေးက ခြင်းတစ်ခြင်းဆွဲခဲ့။ ဟို အစ်မကြီးတွေရော ဈေးလိုက်မှာ မှုတ်လား။ အတူသွားရအောင်လေ'

            ကျွန်မနှင့် ကျွန်မ ကစားဖော် မြပုက တစ်တွဲ၊ မိဆွဲနှင့် မယ်ပုံက တစ်တွဲ၊ ဘုတ်မနှင့် တေးတာက တစ်တွဲ။ ဈေးခြင်းတောင်းကလေးတွေ ကိုယ်စီဆွဲရင်း ရွာခရိုးစပ် အလေ့ကျပင်တွေ ပေါက်ရာ ဈေးကို ဈေးဝယ် ထွက်ကြရတာ အမော။ ရွာခရိုးစပ် ရောက်တော့ ကိုယ်စိတ်ကူးရရာ လူကြီးလူကျယ် စကားတွေ ပြောကြားရင်း အလေ့ကျပင်တွေက အသီးတွေ၊ အရွက်တွေ တပျော်တပါး ခူးကြသည်။

            'ဟော... ဒီမှာ ဘောက်သီးတွေဟေ့။ ဘောက်သီးတွေက ခရမ်းချဉ်ပေါ့ဟယ်။ ခရမ်းချဉ်သီး တစ်ပိဿာ ဝယ်မယ်နော်။ များများရအောင် ခူးကြ'

            'ခရမ်းချဉ်သီးက တစ်ပိဿာ ဘယ်လောက်တုန်းဟ'

            'တစ်ရာ့နှစ်ဆယ်။ တစ်ရာပဲ ထားလိုက်ပါ။ ပိဿာလုံး ယူမှာနော်'

            သည်တုန်းက ကျွန်မ မှတ်မိသလောက် ကျွန်မတို့ ရွာတွေမှာ ခရမ်းချဉ်သီး တစ်ပိဿာမှ ပေးရလှ တစ်ကျပ်။ လျှော့လျှင် ပြားရှစ်ဆယ် လောက်ပဲရှိမည် ထင်ပါသည်။ သို့သော် ဈေးဝယ်တမ်း ကစားကြတာဆိုတော့ ကျွန်မတို့က ကိုယ့်ပါးစပ်ထဲ ရှိတာပြောချင်ရာ ပြောကြခြင်းသာ ဖြစ်၏။ ကျွန်မတို့ ခြင်းတောင်းကလေးတွေထဲ ဘောက်သီးတွေ မောက်နေအောင် ခူးထည့်ကြသည်။ ပိုက်ဆံအဖြစ် အိမ်ခေါင်းရင်းက အလှစိုက် ပုဏ္ဍရိက်ပင်က အရွက်တွေကို သုံးကြသည်။ ပုဏ္ဍရိက်ရွက် တစ်ရွက်ကို ငွေတစ်ဆယ် သတ်မှတ်ကာ ငွေစက္ကူတွေလို ဟန်ပါပါ ရေတွက်ပြီး ဘောက်ချုံတွေ ပေါ်တင်ခဲ့ကြသည်။ ဘောက်သီးများကိုမှ မဟုတ်ပါ။ ကျွန်မတို့ ဈေးခြင်းတောင်းထဲမှာ မိုးနှံရွက်၊ တဇောင်းဖူး၊ ကျီးအာသီး၊ ကြွက်နဖောင်းရွက်၊ တရုတ်မန်ကျည်းသီးခွေ စသဖြင့် (အညာကျေးလက်တွေမှာ လွယ်လင့်တကူ တွေ့ရနိုင်သော အသီးအရွက်တွေ) ခြင်းတောင်းနှင့်အပြည့် အသိပ် ခူးကြဆွတ်ကြသည်။ ဒါတွေကလည်း ဟင်းချက်စရာ အမယ်များသာ ဖြစ်သည်။ လက်ထဲမှာ ဆုတ်ယူလာခဲ့သည့် အိမ်စိုက်ပုဏ္ဍရိက် ပင်တွေလည်း ကုန်၊ ဈေးခြင်းတောင်းကလေးလည်း ပြည့်ပြီဆိုလျှင်တော့ အိမ်ပြန်ခဲ့ကြပြီး မြေအိုးပုတ်ကလေးတွေနှင့် ထမင်းဟင်းချက်တမ်း ကစားကြသည်။

            'ဈေးသွားရတာ မောလိုက်တာ အစ်မကြီးရယ်။ ကျုပ်တော့ လက်ထဲပါတဲ့ ပိုက်ဆံကုန်တာပါပဲတော်။ ဆန်ဝယ်သွားတဲ့ လူတွေ မလာကြသေးဘူးလား။ သူတို့ကလည်း ကြာလိုက်တာ'

            'ဈေးဝက ကြီးတော်မြ ဆိုင်သွားကြတာကိုး အေရဲ့'

            ကျွန်မနှင့် မောင်နှမ ဝမ်းကွဲ ဖိုးထောင်တို့၊ ညွန့်လွင်တို့ကို ရွာတောင်ပိုင်းက ဘကြီးမြ လွှစက်ရုံမှာ ပုံထားသည့် လွှစာမှုန့်တွေ သွားကျုံးခိုင်းပြီး ဆန်အဖြစ် ကျွန်မတို့ ထမင်းချက်တမ်း ကစား ခဲ့ကြသည်။ လွှစာမှုန့်တွေကို ရေနဲ့ဆေး၊ မီးမပါသော မီးဖိုခွင် ခဲသုံးလုံးပေါ်တင်ကာ ထမင်းချက်ကြသည်။ ခူးလာသည့် သစ်သီးသစ်ရွက်တွေကို သင်ဖျင်ပြီး စဥ့်ငရုတ်ဆုံ ကလေးထဲ ထည့်ထောင်းပြီး ဟင်းချက်ကြသည်။ ပခန်းနယ်က ထွက်သည့် မြေထည် မီးဖိုချောင်သုံး ကစားစရာ ကလေးတွေကလည်း ပေါသည်ကိုး။

            'မွှေးလိုက်တာနော်၊ ထမင်းတောင် ဆာလာပြီ။ ဒေါ်မိဆွဲတို့အိမ်က ဘာများ ချက်ကြတာတုံးတော့်'

            'ဝက်သားနဲ့ အမဲသား တစ်တွဲရလိုက်လို့ ဘူးသီးနဲ့ သပြွမ်းချက်မလို့။ ငါးပိရည်လည်း ဖျော်ဦးမှာ။ တို့စရာတွေလည်း အစုံပဲ။ ဆွမ်းလောင်းဖို့တောင် နောက်ကျနေပြီလား မသိပါဘူး။ မြန်မြန်ချက်မှ'

            'ဟောတော့်... ဟင်းချက်မယ်လုပ်မှ ဆီကုန်နေပြီ။ ဆီလေး တစ်မှုတ်လောက် ချေးပါဦး အစ်မကြီးရဲ့'

            ဆီကလည်း မခက်ပါ။ နှမ်းရွက်တွေကို ကြိတ်လိုက်လျှင် ထွက်လာသည့် ပျစ်ချွဲချွဲ အရည်များက ကျွန်မတို့အတွက် ဆီပဲ ဖြစ်သည်။

            'ဆီဈေးက ခေါင်ခိုက်နေတာ ဒေါ်မယ်ပုံရဲ့။ ချေးတာတော့ မချေးနိုင်ဘူး။ သုံးဖို့လောက် ဝယ်ချင်ရင်တော့ နည်းနည်းပါးပါး ရောင်းမှာပေါ့'

            'တစ်ပိဿာ ဘယ်လောက်တုံးတော့်'

            'တစ်ထောင်ပေါ့ရှင့်။ ဆီကြိတ်ရတာ လွယ်တာ မှုတ်ဘူး။ ဒီမှာဖြင့် လက်မောင်းကို အောင့်လို့လေ'

            ကျွန်မတို့ ဘာသာ လူကြီးလူကျယ်ပြောပြီး ကျွန်မတို့ဘာသာပင် ရယ်ကြမောကြရသေးသည်။ နှမ်းရွက်တွေကို ဒိုင်ခံကြိတ်နေရသော မြပုက လက်မောင်းကို ဆန့်ထုတ်ပြရင်း အညောင်းဖြေ ဖြေပြပုံကို ကြည့်ပြီး ကျွန်မတို့ ရယ်ကြခြင်း ဖြစ်၏။ သို့သော် ကျွန်မတို့ ရယ်သံများကို ရေနွေးကြမ်း သောက်ရာက လှမ်းဟောက်လိုက်သော အဘ၏ အသံက လွှမ်းမိုးသွားပါသည်။

            'ဟဲ့... ကလေးတွေ မဦးမချွတ်ဗျာကတည်း...ဘာမဟုတ်က ဟုတ်ကတွေ ပြောဆော့နေကြတာလဲ။ ငါ ထရိုက်လိုက်ရ ဟင်း... ဘာများ မှတ်လို့တုံးဗျ။ သဘင်သည်စကား၊ ကလေးစကား၊ အရူးစကားတဲ့။ အတိတ်တဲ့၊ နိမိတ်တဲ့ အကောင်းမှတ်လို့ ရိုးရိုးဆော့ကြ'

            ရိုးရိုးဆော့ကြဆိုသည့် အဘ၏ စကားအဓိပ္ပာယ်ကို ကလေးဘဝတုန်းကတော့ ကျွန်မ နားမလည်တတ်ခဲ့ပါ။ ကျွန်မတို့ကလေးများ ထမင်းဟင်းချက်တမ်း ကစားရာမှာ ဘာများ မရိုးမသားတာ ပါပါလိမ့်။ သည်တုန်းက ဆီတစ်ပိဿာမှ တစ်ဆယ်ဆယ့်ငါးကျပ်လောက်ပဲ ရှိမည်။ ကျွန်မတို့ကတော့ ပုဏ္ဍရိက်ရွက် ပိုက်ဆံတွေဆိုတော့ ကိုယ့်ပါးစပ်ထဲရှိရာ ဈေးပြောခဲ့ကြခြင်းသာ ဖြစ်၏။ များတာ နည်းတာ မသိ။ အတိတ်တွေ၊ နိမိတ်တွေ နားမလည်။ ရွာမှာ ပုဏ္ဍရိက်ပင်တွေက အိမ်တိုင်းလိုလို ရှိကြတာဆိုတော့ ခူးပါလေ့။ ခူးနိုင်သမျှ ပိုက်ဆံ။ များများခူးနိုင်လျှင် များများချမ်းသာ၊ များများ ဝယ်နိုင် ခြမ်းနိုင်။ ဒါကို အဘက ငေါက်တော့ ကျွန်မတို့မှာ ခေါင်းကလေးတွေ ပုနေရတော့သည်။

            ကျွန်မ ငယ်ငယ်က အကြောင်းတွေကို ဈေးသွားရင်း ခင်ပွန်းသည်အား ပြောပြတော့ ရယ်ပါသည်။ သူတို့ ငယ်ငယ်ကတော့ ကြွေပန်းကန်ကွဲ၊ အိုးခြမ်းကွဲ၊ ကျောက်သင်ပုန်းကွဲတွေကို ပိုက်ဆံ အကြွေလုပ်ကြသတဲ့။

            'ရှေးလူကြီးတွေက အတိတ်နိမိတ် တဘောင် စနည်းတွေ သိပ်ယုံကြည်ကြတာ။ မြောက်တဘောင် တောင်နိမိတ်ဆိုတာကို သိပ်ပြောတတ်ကြတယ်။ ရိုးရိုးသားသား အပတ်တကုတ် နေထိုင်စားသောက်တတ်ကြသူတွေဆိုတော့ ကလေးစကားကို အဓိပ္ပာယ်ကောက်တဲ့အခါ မင်္ဂလာမရှိဘူးလို့ တွက်ကြတာပေါ့'

            ကျွန်မ ငယ်ငယ်က အကြောင်းအရာ၊ အဖြစ်အပျက်အပေါ်မှာ ခင်ပွန်းသည် သူ့သဘောထားကို ပေးသည်။

            ကျွန်မတို့ ပြောင်းလာခဲ့သည့် မြို့သစ်အိမ်ကနေ အရှေ့လမ်းအတိုင်း ထွက်လိုက်လျှင် ဘုန်းကြီးကျောင်းဝင်းကြီး ရှိသည်။ တစ်ဖန် ထိုဘုန်းကြီးကျောင်းဝင်းကြီးကို ဖြတ်ထွက်လိုက်လျှင် ဈေးကြီး၏ အဆွယ်ဈေးတန်းကလေးကို ဘွားခနဲ တွေ့ရမြဲ ဖြစ်သည်။ ဈေးအနောက်ထိပ် ကျောက်လမ်းရှည်ကြီး တစ်လျှောက် ပျံကျဗန်းခင်း ရောင်းကြသော တောသည် ခေါ်ကြသည့် အသီးအရွက်တွေ တစ်ပုံတစ်ပင် ဝယ်ချင်စရာ ကောင်းလောက်အောင် ပြည့်နှက်လို့နေသည်။ ရာသီစာ သရက်သီးသည်တွေကတော့ မျက်စိတစ်ဆုံး။ ဈေးပေါက်ဝကို ရောက်တော့ မြို့သစ်ပတ်ဝန်းကျင် ရပ်ကွက်တွေက ဈေးဝယ်တွေကို မနည်းတိုးရတော့၏။

            'မြို့သစ်ဈေးကြီးက အစည်သားဟ'

            'ဟုတ်ပနော်၊ စုံနေတာပဲ'

            ဈေးကြီးက ကျွန်မတို့ စိတ်ကူးနှင့် ထင်ထားသည်ထက် ပိုပြီး စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလွန်းလှသည်။ အသားငါးရုံကြီးတွေ ဆိုတာများ ဇာတ်ရုံကြီး နှစ်ရုံစာ မကပါ။ ပေါလိုက်သည့် ငါးတွေဆိုတာကလည်း များလည်းများ၊ စုံလည်းစုံ။ ငါးအုံတုံ၊ ငါးဘတ်၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ တီလားဗီးယား၊ ပြီးတော့ ပုစွန်ကျော့ကြီးတွေ၊ ပုစွန်ထုပ်ကြီးတွေ။ တကယ့်ကို ဝယ်ချင်စရာ။ ပိုက်ဆံပေါပေါနဲ့ ဝယ်လိုက်ရလို့တော့လား။ ကြက်သားတွေကကော။ မြန်မာကြက် ယူမလား၊ စီပီကြက်ခေါ်ကြသည့် မွေးမြူရေးကြက် ယူမလား။ သည်ဘက်မှာ မရနိုင်လောက်ဘူး ထင်သည့် မြစ်ငါးကလေးတွေတောင် ရှိသေး။ မြစ်ငယ်မြစ်ဘက်က လာတာတဲ့။

            ဈေးတန်းကြား ဈေးဝယ်လမ်းကျဉ်းကလေးထဲ ကြိတ်ကြိတ်တိုးနေသည့် ဈေးဝယ်တွေကိုက တိုးမပေါက်။ ကျွန်မမှာ ကလေးတစ်ဖက်နှင့်မို့ ဈေးဆိုင်တကာ စုံအောင်ပင် မကြည့်နိုင်ပါ။ မျက်စိထဲ တွေ့ရာကို ကပျာကသီ ဝယ်ရသည်။ အသီးအရွက်တွေကလည်း လတ်လတ်ဆတ်ဆတ် လန်းလို့ကော့လို့။ ဈေးမပေါလှသော်လည်း အမျိုးတူ ရောင်းသူတွေများတော့ ကောင်းတာ ရွေးနိုင်သည်။ ပစ္စည်းကလည်း လိုချင်တာ အကုန်စုံအောင် ရနိုင်သည်မို့ တရုတ်ဟင်းချက် စားချင်သလား၊ ကုလားဟင်းချက် စားချင်သလား၊ ရှမ်းဟင်း ချက်စားချင်သလား။ ဒေသစာတွေလည်း ရှိသည်။

            ကျွန်မ မမောနိုင် မပန်းနိုင် လောဘတကြီး ဈေးဝယ်တာကို ကြည့်ပြီး ခင်ပွန်းသည်က ဘာတွေ တွေးနေသည်မသိ။ ပြုံးယောင်သမ်းနေသော သူ့မျက်နှာကို ကျွန်မ လှမ်းအကဲခတ်လိုက်မိပါသည်။ စုံလောက်အောင် ဝယ်ခြမ်းအပြီး ဈေးခြင်းတောင်း ပြည့်လုပြည့်ခင် ဖြစ်သွားတော့မှ ဈေးဝယ်ရပ်ကာ ဈေးမုန့်တန်းမှာ မုန့်စားကြသည်။

            မုန့်သည်တွေကလည်း များမှများ။ ဈေးရုံထဲမှာ ထမင်းဆိုင်ရှိသည်။ လက်ဖက်ရည်ဆိုင်ရှိသည်။ ခေါက်ဆွဲသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ရွှေရင်အေးဆိုင်တွေကတော့ ရှောင်လို့ပင် မလွတ်ချင်။ ဆနွင်းမကင်း၊ ကျောက်ကျော ရောင်းသည့်ဆိုင်တွေလည်း ရှိသည်။ ကျွန်မတို့ နှစ်ယောက် ခေါက်ဆွဲသုပ် စားနေစဉ်မှာ သမီးက အိပ်ချင်စိတ်ဖြင့် ခေါင်းထိုးကာ ဂျီကျလေတော့သည်။ ခေါက်ဆွဲဖိုး ရှင်းပြီး အိမ်ပြန်ဖို့ ပြင်ရပြီ။

            'ပြန်ကြစို့လား'

            'ပြန်ရုံ ရှိတော့တာပဲကွာ။ မင်းခြင်းတောင်းထဲလည်း နောက်ထပ်ထည့်စရာမှ မကျန်တော့တဲ့ဟာ'

            ဈေးကအပြန် လမ်းတစ်လျှောက်လုံး ဈေးအကြောင်းတွေချည်း ပြောပြီး ပြန်ခဲ့သည်။ ဈေးဝယ်ကောင်းတဲ့အကြောင်း၊ လိုချင်တာ အကုန်ရနိုင်ကြောင်း၊ သားငါးကအစ ဟင်းသီးဟင်းရွက် အဆုံး ပေါပေါများများ လတ်လတ်ဆတ်ဆတ် ရှိသည့် အကြောင်း၊ ဈေးချိုဈေး၊ မြို့ထဲဈေးတွေထက်ပင် ဈေးသင့်တော်တဲ့အကြောင်း၊ တော်ရုံတန်ရုံပစ္စည်း မြို့ထဲ သွားဝယ်စရာ မလိုသည့် အကြောင်း။   အိမ်ရောက်တော့ ကျွန်မ ဝသီအတိုင်း ဈေးဖိုး တွက်ချက်ကြည့်မိသည်။ ဒါကလည်း ကျွန်မအကျင့်။ ဘယ်လောက်ပဲ ဝယ်ဝယ် စာရင်းတို့တာ၊ စာရင်းမှတ်တာ ဝါသနာပါသည်။ ကျွန်မ ဈေးခြင်းတောင်းကလေးက ဘာမှသာ မဟုတ်ဘူးထင်ရတာ။ တစ်ထောင်တန် ငါးရွက်လောက် ထွက်ခဲ့ပါပကော။ ဆီတစ်ပိဿာကိုက တစ်ထောင့်ရှစ်ရာ၊ ကြက်သား ရှေ့ချိုးကလေး တစ်ချိုးတောင်မှ တစ်ထောင့်နှစ်ရာဆိုတော့ သည်နှစ်မျိုးပေါင်း သုံးထောင်။ ဈေးဖိုးကို အပြန်ပြန် အလှန်လှန်တွက်ရင်း ကျွန်မ ဈေးခြင်းတောင်းကလေးကိုသာ ငေးမောကြည့်နေမိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ဈေးသွားပြီး ဝယ်ခွင့်ရတာကိုပဲ ကျွန်မ ပျော်ရပါသည်။ ကိုယ်လိုချင်တာ ကိုယ်ဝယ်နိုင်ခွင့်ရဖို့ကိုသာ မျှော်လင့်မိပါ၏။

            မနေ့တစ်နေ့ကတော့ မြစ်ဆိပ်ကမ်းနားဘက်မှာနေသော ကျွန်မတူမကလေး နှစ်ယောက်ကို ကျွန်မမောင်က ဆိုင်ကယ်နှင့် လာပို့သည်။ ကျောင်းမဖွင့်ခင် ညအိပ်ညနေ လာလည်ကြခြင်း ဖြစ်သည်။ ကလေးများပီပီ ရောက်သည်ဆိုကတည်းက ဆော့လိုက်ကြတာ ဒေါင်းတောက်လို့။ ကျွန်မတို့ အနောက်ဘက် အိမ်နီးချင်းအိမ်က ရွယ်တူမိန်းကလေး နှစ်ယောက်နှင့် ပေါင်းမိတော့ လေးဦးသား မိုးပျံကုန်ကြတော့၏။ မနက်စောစော အိမ်ရှေ့ကွက်လပ်မှာ ဘောလုံးပုတ်တမ်း ကစားကြသည်။ နေ့လယ် နေပူချိန်ရောက်တော့ အိမ်ရိပ်ခိုကာ ဈေးရောင်းတမ်း ကစားကြလေသည်။ ဈေးရောင်းတမ်းဆိုသည့် ကစားနည်းက ခေတ်အဆက်ဆက် တိမ်ကောမသွားပါလား။ ကျွန်မက အိမ်ထဲမှာ စာဖတ်နေတာမို့ သူတို့ကစားကြတာတွေကို မမြင်ရသော်လည်း ကြားနေရသည်။ အင်းလေ ... ဈေးရောင်းနဲ့ ဈေးဝယ်ဆိုတာကလည်း လူတွေ ရှိနေသရွေ့ ရှိနေမှာပဲ မဟုတ်လား။

            'အန်တီရေ၊ ကျွန်မတို့က အသုပ်စုံရောင်းတာနော် ဝယ်လှည့်ပါဦး'

            'ဟုတ်လား။ ဘာ အသုပ်တွေများ ရောင်းတာတုံး အစ်မကြီးရဲ့'

            'လက်ဖက်သုပ်၊ ဂျင်းသုပ်လည်း ရတယ်။ ရှောက်သီးသုပ်တို့၊ မြင်းခွာရွက်သုပ်တို့လည်း ရတယ်။ ဟင်းခါးပါ ပေးတာပါရှင်'

            'တစ်ပွဲ ဘယ်လောက်လဲရှင့်'

            'တစ်ပွဲ တစ်ထောင်လေ'

            'ဈေးကြီးလိုက်တာ။ ကဲပါလေ၊ ရှောက်သီးသုပ် တစ်ပွဲပေးပါ။ ရော့...ရော့ ပိုက်ဆံ'

            'ဈေးမကြီးပါဘူးရှင်။ ရှောက်သီးက တော်တော်၊ ပုစွန်ခြောက်က ထည့်ရသေးတာကိုး အစ်မကြီးရဲ့'

            ကျွန်မတို့ ငယ်ငယ်တုန်းကလိုပဲ သူတို့လည်း ဆော့ကြတာပဲလား။ မိန်းကလေးတွေ ဆိုတော့လည်း အိုးပုတ်ကလေးတွေ၊ ခွက်တိုခွက်စ ကလေးတွေနှင့် ဈေးရောင်း ဈေးဝယ်၊ ထမင်းအိုးတမ်း၊ ဟင်းအိုးတမ်း ကစားတာ ဝါသနာပါကြပုံ ရသည်။

            'ဟောသည်က ဈေးသည်လေ'

            'လာပါဦးရှင့်၊ ဘာတွေ ရောင်းတာလဲ'

            'တီဗီရောင်းတာ'

            အလို... ဘယ့်နှယ့် ဟာပါလိမ့်။ တီဗီကို ခေါင်းရွက်ဗျက်ထိုး ဈေးအော် ရောင်းကြတာတဲ့။ သူတို့ ခေတ်နဲ့ သူတို့ပစ္စည်း ဟုတ်တော့လည်း ဟုတ်သား။ ကျွန်မတို့ ငယ်ငယ်ကနဲ့တော့ ဘယ်တူနိုင်ပါ့မလဲလို့လည်း တွေးနေမိသည်။

            'တီဗီက ဘယ်လို ရောင်းတာလဲရှင့်'

            'တစ်လုံးကို ငါးသိန်း ထားပေးမယ်လေ။ ဟောဒါက ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်။ ဂြိုဟ်တုစလောင်း ဖမ်းစက်လည်း ပါတယ်'

            'ကဲ...ကဲ... တီဗီ တစ်လုံးပေး။ ရေခဲသေတ္တာ တစ်လုံးလည်းပေး။ ရော့... ပိုက်ဆံ'

            သည်နေရာမှာတင် သူတို့ ပြဿနာ တက်တော့သည်။ ပါးစပ်က ပိုက်ဆံတွေ ရေတွက်ရင်း ငြင်းကြခုန်ကြ ဆူပွက်လို့နေသည်။ ကျွန်မ ကိုယ်တိုင် သူတို့ကစားရာ အိမ်ရိပ်ကို ထွက်လာခဲ့သည်။ ခြင်ဆေးခွေ စက္ကူဘူးခွံတွေက တီဗီတဲ့။ သူတို့ကမှ ဟုတ်ဟုတ်သေးတော့။ ရှေ့မှာလည်း ပိတောက်ရွက်တွေ ရေကြတွက်ကြလို့။

            'တစ်ရွက်ကို တစ်ထောင်ဆိုတော့ ဆယ်ရွက်ကို တစ်သောင်း။ ရော့... သည်မှာ ငါးသိန်း ရေကြည့်ဦး'

            အိမ်ရှေ့ ပိတောက်ပင်မှာတော့ လက်လှမ်းမီသမျှ ကိုင်းတွေ ပြောင်တလင်းခါ ကုန်တော့၏။ သူတို့ကစားပြီးတော့ ကျွန်မမှာ လှည်းလိုက်၊ ကျင်းလိုက်ရတဲ့ ပိတောက်ရွက်တွေ အမှိုက်ခြင်းတောင်း တစ်လုံးအပြည့်။ သူတို့ဈေးခြင်းတောင်း လုပ်ကစားကြသည့် ကြွပ်ကြွပ်အိတ်တွေ ဆိုတာကလည်း မြင်စရာမကောင်း။

            'မင်း ဈေးမသွားပြန်ဘူးလား'

            သည်ရပ်ကွက်ကလေးမှာ သုံးလလောက် နေသားရလာတော့ ကျွန်မ ဈေးသိပ် မသွားဖြစ်တော့ပါ။ ဈေး တစ်ခါသွားလျှင် လေးငါးခြောက်ရက်စာ ဝယ်ပြီး ရေခဲသေတ္တာထဲမှာပဲ ထည့်ထား ဖြစ်တော့သည်။ တစ်ခါတစ်ရံ အိမ်နားနီးချင်းတွေ ဈေးသွားချိန်မှာ လိုတာလေး လှမ်းမှာ တာမျိုးတော့ရှိပါ၏။ ခင်ပွန်းသည်၏ ခပ်ထေ့ထေ့အမေးကို ကျွန်မက ဘာမျှပြန် မဖြေဘဲ နေလိုက်သည်။ သူ ဘာသိတာ မှတ်လို့။ ချက်ပြီးရင် စားဖို့ပဲ သိတာ။

            ကျွန်မကိုယ်တိုင် လက်ထိလက်ရောက် ဈေးဝယ်ဖို့ စိတ်ကူးယဉ်ခဲ့သော မြို့သစ်ဈေးကို မရောက်ဖြစ်တော့လည်း ကျွန်မ ဈေးခြင်းတောင်းကလေးသည်လည်း မီးဖိုချောင်သံချိတ်မှာ ငုတ်တုတ် ငိုက်နေရတာ ကြာပြီ။

            ကျွန်မကတော့ အိမ်ရှေ့က ပိတောက်ပင်ကလေးကိုပဲ ငေးနေလိုက်မိပါသည်။

ခင်ခင်ထူး

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်