ရွှေဝတ္ထု

သိုက်ဆရာ၏ သေချာသည့်လုပ်ကွက်

အဏ္ဏဝါစိုးမိုး

01 June 2025
သိုက်ဆရာ၏ သေချာသည့်လုပ်ကွက်
Share to

ကိန္နရီချောင်းရွာကြီးရဲ့ နံနက်ခင်းတစ်ခုမှာ ထွက်ပေါ်လာသော သတင်းထူးတစ်ခုကြောင့် တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ဒေါ်အေးယဉ်ရဲ့ အိမ်ခြံဝင်းထဲမှာ အသက် ၆ဝ အရွယ် လူကြီးတစ်ယောက်ကို တူရွင်းငန်းပြား တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိသည်ဆိုသည့် သတင်းဖြစ်သည်။ ဖမ်းမိသူမှာ တခြားသူမဟုတ်ဘဲ ဒီခြံနှင့် ဒီအိမ်၏ မူလပိုင်ရှင် ဖြစ်ခဲ့ဖူးသည့် ဦးအောင်ထွန်းဦး ဖြစ်နေသည်ဆိုသည့် သတင်းဖြစ်သည်။

ဒေါ်အေးယဉ်၏ သမက်သည် အိမ်သာတက်မလို့ အိမ်နောက်ဖေးမှာ ရှိသည့် ခြံဝင်းထဲက အိမ်သာကို သွားသည်။ တစ်စုံတစ်ခုကို ကိုင်ထားသည့် လူတစ်ယောက်ကို အမှောင်ထဲမှာ မြင်လိုက်လို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးထားလိုက်သည်။ သံတူရွင်းငန်းပြားတစ်ချောင်းကို ကိုင်ထားသူ လူကြီးတစ်ယောက်ကို မိမိတို့ ခြံဝင်းထဲမှာ ရုတ်တရက် တွေ့လိုက်ရလို့ လန့်ကြောက်ပြီး သူခိုး သူခိုးလို့ အသံကုန် ဟစ်အော်လိုက်သည်။ တူရွင်း ငန်းပြား ကိုင်ထားသူ လူကြီးသည် ထွက်ပြေးဖို့ ကြိုးစား သေးသည်။ အိမ်နီးနားချင်းတွေက ထွက်ပေါက်ကို ပိတ်ဆို့ ရောက်လာကြသဖြင့် လက်ရဖမ်းမိသွားခြင်း ဖြစ်သည်။

            ဖမ်းဆီးရမိသည့် တရားခံလူကြီးကို ကျေးရွာ လူကြီးတွေက ရဲစခန်းကို ပို့လိုက်ကြသည်။ ရဲက စစ်မေးသော်လည်း ဘာကိုမျှ ဖြေကြားခြင်း မပြုဘဲနေသည်။ ပိုင်နက်ကျူးလွန်မှုဖြင့် အရေးယူပါရန်ကိုသာ ပြောပြီး အိပ်နေတော့သည်။ သူ့ ဆီက ရှာဖွေသိမ်းဆည်းလို့ ရသည့် မှတ်ပုံတင်အရ နာမည် ဦးအောင်ထွန်းဦး၊ အဘအမည် ဦးထွန်းကျော်ဟုသာ သိရသည်။

            မိုးလင်းတော့ ပိုင်နက် ကျူးလွန်သူ တရားခံလူကြီးသည်ကား တခြားသူ မဟုတ်။ ဒီအိမ်နှင့်ခြံ၏ မူလပိုင်ရှင်ဖြစ်သော ဦးအောင်ထွန်းဦး ဖြစ်နေတာကို သိကြတော့သည်။ ဒါတောင် အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါး လူရွယ်လူလတ်တွေက သိတာမဟုတ်။ အသက် ၇ဝ ကျော် သက်ကြီးရွယ်အိုတွေက ပြောပြလို့ သိကြတာဖြစ်သည်။ ဦးအောင်ထွန်းဦး ဒီရွာက ထွက်ပြေး ပျောက်ကွယ်သွားတာ နှစ်ပေါင်း ၃ဝ ကျော်ပြီ ဖြစ်သည်။ သူ ရွာက ထွက်သွားပြီးမှ သူ့မိသားစုက ဒီခြံ နှင့်အိမ်ကို ရောင်းချပြီး အမွေ ခွဲဝေယူခဲ့ကြတာ ဖြစ်သည်။ ရွာက သက်ကြီးရွယ်အိုတွေကတော့ သူတို့မိသားစု အကြောင်းကို မှတ်မိသတိရ နေဆဲ ဖြစ်သည်။

            ဟိုး လွန်ခဲ့သည့် နှစ်ပေါင်း ၈ဝ လောက်က ဒီရွာမှာ ဦးအောင်ထွန်းဦးတို့ မိဘတွေ ချမ်းသာခဲ့ကြသည်။ လယ်တွေ၊ ကိုင်းတွေ၊ ဥယျာဉ်ခြံမြေတွေ၊ ကျွဲနွားတွေသာမက သစ်ဆွဲဆင်နှင့် စပါးတင် သမ္ဗန်ကြီးပါ ပိုင်ဆိုင်ခဲ့ကြသည်။ စပါး အဝယ် ဒိုင်နှင့် ဆားအဝယ်ဒိုင်အထိ ဦးအောင်ထွန်းဦး၏ အဖေ ဦးထွန်းကျော် ပိုင်ခဲ့သည်။ ရွာမျက်နှာဖုံး ဘုရားဒါယကာ၊ ကျောင်းဒါယကာကြီး ဖြစ်သည်။

            ဦးအောင်ထွန်းဦးသည် သားကြီးဖြစ်သည်။ ညီ အစ်ကို မောင်နှမ ၅ ယောက် ရှိသည်။ ဦးထွန်းကျော် ကွယ်လွန်သောအခါ မိသားစု စီးပွားရေးကို သူက ဦးဆောင်ပြီး လုပ်ကိုင်ခဲ့သည်။ လုပ်ငန်း မကျွမ်းကျင်တာရယ်၊ အပျော်အပါး လိုက်စားတာရယ်၊ ခေတ်စနစ် အပြောင်းအလဲရယ်ကြောင့် လုံးပါး ပါးခဲ့သည်။ လှော်ရင်း နစ်ခဲ့သည်။

            ဦးအောင်ထွန်းဦးသည် လုပ်ကိုင်စားလို့ မဖြစ်၊ စီးပွားပျက်လာသောအခါ အိမ်နား ရာနား မကပ်ချင် ဖြစ်လာသည်။ ရွာသူရွာသားတွေကို ရှက်ရမည့်အစား သူ့မယားနှင့် သားသမီးတွေကို ရှက်ပြီး မျက်နှာမပြရဲ ဖြစ်လာသည်။ သူရဲ့ မကောင်းသတင်းအနံ့ကလည်း ထွက်လာသည်။ စပါးတင်သမ္ဗန် ကြီးဖြင့် သွားနေသည့် ပုသိမ်မြို့နှင့် စစ်တွေမြို့တွေမှာ အငယ်အနှောင်းတွေ ရှိသလိုလို သတင်းတွေ ထွက်နေသည်။ သူ့သမ္ဗန်ကြီးမှာ လိုက်ခဲ့ကြသည့် လှေထိုးသားတွေက ပြောပြကြသည်။ စစ်တွေ၊ ပုသိမ်မြို့တွေကို ရောက်လျှင် သမ္ဗန်မှာ မအိပ်မစားဘဲ ဟိုတယ်မှာ စားသည်။ ဇိမ်မယ်နဲ့ အတူအိပ်သည်။ သမ္ဗန်ကြီး ကုန်တင်ကုန်ချပြီးလို့ ဆိပ်ကမ်းက ပြန်ထွက်မည့်နေ့ကျမှ သမ္ဗန်ကို ပြန်လာသည်ဟု ပြောကြသည်။

            ဦးအောင်ထွန်းဦးသည် စီးပွားပျက်ပြီး အရှက်ရစရာတွေနဲ့ ကြုံတွေ့လာရသည့်အခါ ရွာမှ ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ ဘယ်ကို ထွက်သွားပြီး ဘာလုပ်နေတယ်ဆိုတာကို ဘယ်သူမျှ မသိဖြစ်နေကြသည်။ ၅ နှစ်လောက် ကြာတော့မှ သတင်းရသည်။ သံတွဲမြို့နှင့် မိုင် ၂ဝ လောက် ဝေးသည့် ပင်လယ်ကမ်းစပ်က ရွာတစ်ရွာမှာ မုဆိုးမ သူဌေးကတော် တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာနေပြီ ဆိုသည့်သတင်းကို ကြားကြရသည်။ ရွာက လူတွေကတော့ ဦးအောင်ထွန်းဦးသည် သိုက်သမားဖြစ်လို့ မုဆိုးမရဲ့ ရတနာသိုက်ကို တူးတာ ဖြစ်သည်ဟု ပြောကြသည်။ အဲဒီ သိုက်က ရတနာတွေကုန်လျှင် သိုက်ပြောင်းပြီး တူးမည့် သိုက်ဆရာ ဖြစ်သည်ဟု ပြောကြသည်။

            ဦးအောင်ထွန်းဦး၏ ဇနီးနှင့် ကလေးသုံးယောက်တို့သည် အတွင်းပစ္စည်းတွေ ပေါင်နှံရောင်းချ စားသောက်နေကြရသည်။ ဦးအောင်ထွန်းဦး၏ မိခင်ကြီးသည်လည်း စိတ်ဝေဒနာ ဖိစီးပြီး ကွယ်လွန်သွားသည်။ အဖေလည်း မရှိ၊ အမေလည်း မရှိတော့သည့်အခါ အမွေဆိုင်အိမ်နှင့် ခြံကို ရောင်းချပြီး ငါးပုံပုံ အမွေခွဲလိုက်ကြသည်။ ရွာသိမ်ရွာငယ်တစ်ခုမှ ပိုက်ဆံချမ်းသာလို့ ကိန္နရီချောင်းရွာ ကို ပြောင်းလာသည့် ဒေါ်အေးယဉ်မိသားစုက အိမ်နှင့်ခြံကို ဝယ်ယူလိုက်သည်။ အဲဒါက လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးလောက်က ဖြစ်သည်။ ရွာသူရွာသားတွေ မေ့တောင်နေကြပြီ ဖြစ်သည်။

            ဟော... ဒီနေ့မနက်ကျမှ ဒေါ်အေးယဉ်ရဲ့ ခြံဝင်းထဲမှာ ဦးအောင်ထွန်းဦးကို တူရွင်းငန်းပြား တစ်ချောင်းနှင့်အတူ ပိုင်နက်ကျူးကျော်နေတာကို ဖမ်းမိပါတယ်ဆိုတော့မှ သူတို့မိသားစုကို သတိရလာကြပြန်သည်။ စိတ်ဝင်စားလာကြသည်။ သို့လောသို့လော တွေးကြရတော့သည်။ ဟိုလွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်လောက်က ချမ်းသာခဲ့သည့် မိသားစုပိုင် ရွှေအိုး၊ ငွေအိုးတွေ မြှုပ်ထားတာကို လာပြီး တူးဖော်တာလား စသည်ဖြင့် တွေးကြရတော့သည်။

            ဘာပဲဖြစ်ဖြစ် သူ တစ်ပါးပိုင် ခြံဝင်းထဲကို ညအခါ ဝင်ရောက်မှုဖြင့် အရေးယူခံရတော့မည် ဖြစ်သည်။ အချုပ်လွတ် ထုချေခွင့်ရရန် အာမခံပေးမည့် ဆွေရင်းမျိုးချာလည်း မရှိသလို ဖြစ်နေသည်။ ပထမဇနီး ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ သားသမီးတွေကလည်း စီးပွားပျက်လို့ ကစဥ့်ကလျားဖြင့် ဘယ်ရောက်နေကြမှန်း မသိဖြစ်နေသည်။ အစ်ကိုဝမ်းကွဲ၏ သားတစ်ယောက်က အာမခံပေးလို့ အချုပ်က လွတ်လာသည်။ တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။ အိမ်ရှင် ဒေါ်အေးယဉ် ကျေနပ်အောင် မဖြေရှင်းနိုင်ပါက အနည်းဆုံး ထောင် ၆ လတော့ ကျနိုင်သည်။

            အိမ်ရှင် ဒေါ်အေးယဉ်ကလည်း လင်မရှိတော့သည့် မုးဆိုးမဖြစ်လို့ သက်တူရွယ်တူ ဦးအောင်ထွန်းဦးက ကျေနပ်အောင် ဖြေရှင်းလျှင် ကျေအေးမည့် သဘောလက္ခဏာ တွေ့ရသည်။ ဦးအောင်ထွန်းဦးကို ရဲစခန်းမှာ မြင်တွေ့လိုက်ရကတည်းက ဒေါ်အေးယဉ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဥပဓိရုပ် ကောင်းပြီး ယောကျ်ားပီသသည့် ရုပ်လက္ခဏာရှိသည့် အပြင် မိမိအိမ်၏ မူလပိုင်ရှင် ဖြစ်နေ သည့်အတွက် စိတ်ဝင်စားသွားသည်။ ဦးအောင်ထွန်းဦးကသာ တောင်းပန်မည်ဆိုပါက ကျေအေးလိုက်ဖို့ ဆုံးဖြတ်ထားသည်။ မကျေအေးနိုင်တာ တစ်ခုသာ ရှိသည်။ တူရွင်းငန်းပြား တစ်ချောင်းကို ကိုင်ပြီး မိမိခြံဝင်းအတွင်းကို ဘာကြောင့် ခိုးဝင်ပါသလဲ ဆိုသည့်ကိစ္စ ဖြစ်သည်။

            ဒီအခြေအနေမှာ ဦးအောင်ထွန်းဦးက ဒေါ်အေးယဉ်နှင့် နှစ်ယောက်ချင်း တွေ့ချင်ပါသည်ဟု ကြားလူကတစ်ဆင့် ကမ်းလှမ်းလာသဖြင့် ဝမ်းသာအားရ ခွင့်ပြုလိုက်သည်။ ဒေါ်အေးယဉ်ကို နှစ်ယောက်ချင်း တွေ့ဖို့လာသည့် ဦးအောင်ထွန်းဦးက အစွမ်းကုန် ဝတ်စားဖြီးလိမ်းလာသဖြင့် ဒေါ်အေးယဉ် ရင်ခုန်သွားသည်။ မိမိကလည်း အတွေ့ခံရန်အတွက် အစွမ်းကုန် ဖြီးလိမ်းပြင်ဆင်ဝတ်စား ထားမိ၍ ဖြစ်သည်။ အသက်ကြီးမှ နှုတ်ခမ်းနီဆိုးရန် မသင့်တော်သည့်အတွက် ကွမ်းတစ်ယာကို ကွမ်းသီးများများ၊ ထုံးများများဖြင့် ဝါးထားလိုက်သည်။

            'မအေးယဉ်ကို ကျွန်တော် တောင်းပန်ဖို့ လာတာပါ။ မအေးယဉ်ရဲ့ပိုင်နက်ကို ကျူးကျော် ဝင်ရောက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါလို့ မေတ္တာရပ်ခံပါတယ်'

            ဒေါ်အေးယဉ်က ဦးအောင်ထွန်းဦးရဲ့ မျက်နှာကို မကြည့်ရဲလို့ မျက်နှာလွှဲထားလျက်မှ ခေါင်းညိတ်ပြသည်။ သဘောတူပါသည်၊ ကျေနပ်ပါသည် ဆိုသည့်သဘောဖြစ်သည်။ မတောင်းပန်ခင်က တည်းက ကျေနပ်ချင်နေတာ ဖြစ်သည်။ ဦးအောင်ထွန်းဦးရဲ့ မျက်နှာကို မြင်လိုက်တိုင်း ရင်ခုန်သည့်အတွက် မျက်နှာလွှဲထားရသည်။ ဦးအောင်ထွန်းဦးကလည်း ဒါကို ရိပ်မိသည်။ အရှက်ပြေစေရန် မိမိဘက်က ဖော်ဖော်ရွေရွေ စကားတွေ ပြောပေးရမည်ဟု သိထားသည်။

            'ခွင့်လွှတ်ကျေအေးတဲ့ အကြောင်း ပါးစပ်က ဖွင့်ပြောပါဦး။ ဒါမှလည်း ကျွန်တော့်ဘက်က စိတ်ချလက်ချ နေလို့ရမှာပေါ့ မအေးယဉ်ရယ်...'

            မအေးယဉ်ရယ်လို့ ဆွဲဆွဲငင်ငင် ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည် ဦးအောင်ထွန်းဦးရဲ့ လေသံလှိုင်းကြောင့် ဒေါ်အေးယဉ်ရဲ့ အသည်းနှလုံးကို တုန်ခါသွားစေပြန်သည်။ တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလိုက်ရသည်။

            'ဟုတ်၊ ဟုတ်ကဲ့ ခွင့်လွှတ်ပါတယ်'

            ဦးအောင်ထွန်းဦးက ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် ဝမ်းသာအားရ ပြုံးပြလိုက်သည်။ စိတ်ထဲကတော့ အလွယ်သားပဲဟု တွေးလိုက်မိသည်။ ဒေါ်အေးယဉ်ကလည်း တွေးနေသည်။ ခွင့်လွှတ်လိုက်ရပေမယ့် တူ ရွင်းငန်းပြားတစ်ချောင်းနှင့် ဘာကိစ္စ ဝင်တယ်ဆိုတာ မေးရမည်။ သူကလည်း ဖြေရမည်ဟု တွေးနေသည်။ ဦးအောင်ထွန်းဦးကတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာနှင့် ထွေရာလေးပါးတွေကို ဆက်ပြောနေသည်။

            'ကျွန်တော်လည်း စီးပွားပျက်၊ အိမ်ထောင်ပျက်ပြီး ဒီရွာက ထွက်သွားခဲ့တာ သုံးဆယ့်ငါးနှစ် ရှိပြီ။ ဒုတိယ အိမ်ထောင်ကလည်း ဆုံးသွားပြန်တော့ စိတ်တွေလေပြီး မရောက်တာ ကြာပြီဖြစ်တဲ့ ကိုယ့်ရပ်ကိုယ်ရွာကို အလွမ်းပြေ ပြန်လာခဲ့တယ်ပဲ ဆိုပါတော့။ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့နေရာ ဟောဒီ အိမ်နဲ့ခြံကို အောက်မေ့တာလည်း ပါတယ်လို့ဆိုရင် မမှားဘူး မအေးယဉ်ရယ်...'

            စကားတစ်ပိုဒ် ပြောပြီးတိုင်း နာမည်ကို ခေါ်ခေါ်ပြီး မအေးယဉ်ရယ်...လို့ ဆွဲဆွဲ ငင်ငင် ပြောလိုက်သည့် အသံလေးက ဒေါ်အေးယဉ်ရဲ့ ရင်ကို ထိထိသွားသည်။ အရဲစွန့်ပြီး မေးရမည့်မေးခွန်းကို မေးရမှာ တုံ့ဆိုင်းသွားသည်။ ဦးအောင်ထွန်းဦးရဲ့ ဒုတိယ အိမ်ထောင်ကလည်း ဆုံးသွားပြီ ဆိုသည့်စကား ကြောင့် ဦးအောင်ထွန်းဦးသည် လူပျိုမဟုတ်သော်လည်း လူလွတ်ပါလား ဆိုသည့် အတွေးက မေးရမည့် မေးခွန်းကို မေ့သွားစေသည်။

            ဒီမေးခွန်းကို မမေးဘဲ အမှုကို ကျေအေးလို့ မဖြစ်သည့်အတွက် မေးကို မေးရမည်ဟု စိတ်ဆုံးဖြတ်ထားသည်။ မကျေမလည်ဖြင့် ကျေအေးလိုက်ပါက လူကဲ့ရဲ့စရာ ဖြစ်မည်။ ရပ်ရွာက ကဲ့ရဲ့တာ မခံနိုင်လို့ မေးရတော့သည်။

            'ကျွန်မတို့ တရားဝင်ကျေအေးဖို့အတွက် ကျေးရွာတရားရုံးက မေးတဲ့အခါ ရှင့်ဘက်က ဖြေဖို့အတွက် အသင့်ဖြစ်ပြီလား'

            'ဘာများပါလိမ့် မအေးယဉ်ရယ်...'

'ကျွန်မ ခြံထဲကို ဘာကိစ္စနဲ့ ဝင်သလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ပါ'

            ဦးအောင်ထွန်းဦး ခေါင်းငိုက်စိုက်ကျသွားသည်။ ဒီမေးခွန်းကို ရဲစခန်းက မေးခဲ့ပြီး ဖြစ်သည်။ အဖြေမပေးခဲ့ဘဲ ပိုင်နက်ကျူးလွန်မှုဖြင့် စွဲချက်တင်ရန်သာ အဖြေပေးခဲ့သည်။ အခု ဒေါ်အေးယဉ် ကလည်း သိချင်နေလို့ အလိမ္မာဖြင့် မေးတယ်ဆိုတာကို သိလိုက်သည်။ အဖြေတစ်ခုခုကို ပေးမှ သင့်တော်မည် ဖြစ်သည်။

            'ကျွန်တော် ထောင်ကျသာ ခံမယ်။ ဒီမေးခွန်းကိုတော့ ဘယ်သူက မေးမေး မဖြေဘူးလို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အခုတော့ မအေးယဉ်ကိုယ်တိုင်က သိချင်နေပုံရတဲ့အတွက် ထုတ်ဖော်ပြောပါ့မယ်။ မအေးယဉ်က ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးဆိုတဲ့ ကတိတစ်ခုတော့ ပေးပါ'

            'ပေးပါတယ်ရှင်... ပေးပါတယ်'

            'ကတိပေးရုံနဲ့ မပြီးသေးဘူး မအေးယဉ်ရယ်။ ပြောရမှာ အားတော့နာပါတယ်။ မအေးယဉ်ဘက်က စွန့်လွှတ်အနစ်နာခံရမယ့် ကိစ္စ ဖြစ်နေတယ်'

            'ဘယ်လိုကြောင့်ပါလဲ ရှင်။ ကျွန်မက ဘာတွေများ စွန့်လွှတ်ရမှာမို့လဲ'

            ဦးအောင်ထွန်းဦးက ပြောသင့် မပြောသင့် ချီတုံချီချ ဖြစ်နေသည့် အမူအရာ ပြသည်။ မပြောလျှင် မဖြစ်လို့ ပြောရတော့မည်ဆိုသည့် သဘောဖြင့် တိုးတိုးပြောသည်။

            'မအေးယဉ် ပေးထားတဲ့ ကတိအတိုင်း တည်ပါစေနော်။ ဘယ်သူ့ကိုမှ မပြောပါနဲ့။ ကျွန်တော်တို့ မိသားစု စီးပွားရေး အခြေအနေ ကောင်းနေတုန်းက တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတစ်ခုကို ဒီခြံထဲမှာ  မြှုပ်ထားခဲ့ပါတယ်။ ဒီပစ္စည်းကို ပြန်လည် တူးဖော်ယူဖို့အတွက် ညဘက်မှာ ခြံထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့တာပါ'

            ဒေါ်အေးယဉ်က မအံ့သြသော်လည်း ရင်ခုန်သွားသည်။ အကာလညအခါမှာ တူရွင်းငန်းပြား တစ်ချောင်းနှင့်အတူ မိမိခြံတွင်းကို ရောက်နေသူသည် တစ်စုံ တစ်ခုကို တူးဖော်ယူဖို့ ကြံစည်နေတယ်ဆိုတာ သိပြီးသား ဖြစ်သည်။ ဒါကြောင့်လည်း မအံ့သြတာ ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင် သည့် ပစ္စည်းတစ်ခု မိမိပိုင်ခြံထဲမှာ ရှိနေသည် ဆိုသည့်အတွက် ရင်ခုန်သွားခြင်း ဖြစ်သည်။ မိမိပိုင် ခြံထဲမှာ ရှိနေသည့် ပစ္စည်းသည် မိမိပိုင်သည့်ပစ္စည်း ဖြစ်သည်။ ဒါကို ထုတ်ဖော်ပြောစရာ မလိုဘဲ ဦးအောင်ထွန်းဦးကလည်း သိနေလို့ ညဘက်မှာ ဝင်ခိုးတာဖြစ်သည်။

            'ဘာပစ္စည်းလဲဟင် ကိုအောင်ထွန်းဦး'

            ဦးအောင်ထွန်းဦးက ရယ်ရယ်ပြုံးပြုံးဖြင့် လက်ကာပြသည်။ ပြောပါ့မယ်၊ ဒါပေမယ့် လောလောဆယ် မပြောနိုင်သေးဘူး ဆိုသည့် လက္ခဏာ ဖြစ်သည်။

            'ပြောပါ့မယ် မအေးယဉ်ရယ်၊ မအေးယဉ်ကလွဲလို့ ကျွန်တော့်မှာ ပြောရမယ့် သူ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ မအေးယဉ်တို့ရဲ့ အကျိုးတူခံစားနိုင်ခွင့်နဲ့ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် သစ္စာရှိမှုအပေါ်မှာ မူတည်ပြီး ဘာပစ္စည်း ဖြစ်တယ်၊ ဘယ်နေရာမှာ မြှုပ်ထားတယ်ဆိုတဲ့ လျှို့ဝှက် ချက်ကို ပြောရမှာဖြစ်တဲ့အတွက် မအေးယဉ်ဘက်က စွန့်လွှတ်အနစ်နာခံမှု ရှိနိုင်ပါ့မလားဆိုတာ စဉ်းစားနေရတယ်'

            တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်း ဆိုတာရယ်၊ အကျိုးတူ ခံစားနိုင်ခွင့် ဆိုတာရယ်၊ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန်သစ္စာရှိမှု ဆိုတဲ့စကားတွေကြောင့် ဒေါ်အေးယဉ် ရင်ခုန်ရပြန်သည်။ သူကလည်း ခြောက်ဆယ်ကျော်၊ မိမိကလည်း ငါးဆယ်ကျော်၊ သူက တစ်ခုလပ်၊ မုဆိုးဖို၊ မိမိက မုဆိုးမ။ အသက် လေးဆယ်ကျော်မှာ လင်သေလို့ အိမ်ထောင်ရေးအရသာကို ဆန့်တငံ့ငံ့ဖြစ်နေခဲ့သူဆိုတဲ့ အတွေးတွေက ဒေါ်အေးယဉ်ရဲ့ ခေါင်းထဲကို စုပြုံတိုးဝင် လာနေကြသည်။ မိမိကို တရားဝင် လက်ထပ်ပေါင်း သင်းချင်လို့ စကားလမ်းကြောင်းနေတယ်လို့ ရိပ်မိလာသည်။

            သူသည်  ဥပဓိရုပ် ကောင်းသည်၊ အရပ် အမောင်းကောင်းသည်၊ ယောကျ်ားပီသသော အမူအရာနှင့် အပြောအဆို ရှိသူဖြစ်သည်။ အိမ်ထောင်မရှိသည့် လွတ်လပ်သူ ဖြစ်သည်။ ချီးမွမ်းလည်း ခုနစ်ရက်၊ ကဲ့ရဲ့လည်း ခုနစ်ရက် မျက်စိမှိတ်ပြီး လက်ထပ်လိုက်လျှင် အရှုံးမရှိနိုင်။ သူ့ဘက်က ကြည့်တော့လည်း မိမိသည် အိမ်ပိုင်ရာပိုင်နဲ့၊ ရွှေနဲ့ငွေနဲ့၊ လယ်ယာကျွဲနွား အပြည့်အစုံနဲ့ တင့်တင့်တယ် တယ်၊ ထည်ထည်ဝါဝါနေနိုင်သူ ဖြစ်လို့ မက်လောက်သည်။ အသက်အရွယ်ကလည်း ငါးဆယ်ကျော်မျှသာ ရှိသေးသို့ အစွမ်းကုန် ပြင်ဆင်လိုက်လျှင် လှတယ်လို့တောင် အပြောခံရသူ ဖြစ်လို့ သူကြိုက်မှာ သေချာသည်လို့ တွေးမိသည်။

            'ကျွန်မဘက်က ဘာတွေ စွန့်လွှတ်အနစ်နာခံရမယ်ဆိုတာကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်မ တတ်နိုင်တာဆိုရင် ကူညီပါ့မယ်'

            'မအေးယဉ် တတ်နိုင်ပါတယ်။ မအေးယဉ် မကူညီနိုင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အကျိုးတူခံစားနိုင်ခွင့်နဲ့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်သစ္စာရှိမှု လိုအပ်တယ် ဆိုကတည်းက မအေးယဉ် သဘောပေါက်မယ်လို့ ထင်ပါတယ်။ အသက်ခြောက် ဆယ်ကျော်မှ လူပျိုစကား ပြောရတာ နည်းနည်းတော့ ရှက်မိပါတယ်'

            ဒေါ်အေးယဉ်က သဘောပေါက်သွားလို့ ပြုံးပြီး ခေါင်းငုံ့သွားသည်။ အသက်ငါးဆယ်ကျော်မှ ရည်းစားစကား အပြောခံရလို့ နည်းနည်းတော့ ရှက်သွားသည်။ ဒါပေမယ့် စိတ်ထဲကတော့ ဒါလေးများ နိဒါန်းချီ အချိန်ဆွဲနေရသေးတယ် ကိုအောင်ထွန်းဦးရယ်။ ဒီကလည်း မဆွတ်ခင်ကတည်းက ညွတ်ပေးနေတာပါဟု အမူအရာပြလိုက်သည်။

            ကိစ္စက ပြီးချင်တော့လည်း လွယ်လွယ်ဖြင့် ပြီးသွားသည်။ ကျေးရွာတရား ရုံးမှာ နှစ်ဦးနှစ်ဖက် ကျေအေးကြသည့်နေ့မှာပင် ရပ်ရွာလူကြီးတွေနှင့် ကျေးရွာ အာဏာပိုင်အဖွဲ့ကို လက်ဖက်ရည်တိုက်ပြီး တရားဝင် လင်မယားအဖြစ် အသိအမှတ်ပြုခြင်း ခံလိုက်ကြသည်။

            ဦးအောင်ထွန်းဦးရဲ့ ကိစ္စက ပြီးသွားသော်လည်း ဒေါ်အေးယဉ်ရဲ့ ကိစ္စက မပြီး ဖြစ်နေသည်။ တရားဝင် အကြင်လင်မယား ဖြစ်ပြီး နောက်နေ့မှာပင် မေးရတော့သည်။

            'အစ်ကိုရေ... ဘာပစ္စည်းလဲလို့ ဆိုနေ'

            သမက်နှင့်သမီးက လယ်ထဲဆင်းသည့်အချိန်၊ မြေးတွေက ကျောင်းတက်နေသည့်အချိန်မှာ အနားကပ်ပြီး ညုတုတုလေး မေးသည်။ အစ်ကိုလို့ အခေါ်ခံရသူကလည်း ကျေနပ်သွားပြီး ခါးကို လှမ်းဖက်လိုက်သည်။ အပေါ်ထပ်က မိမိတို့အိပ်ခန်းထဲ သွားမည်။ အဲဒီကျမှ ပြောမည်ဟုဆိုသည်။ အိမ်မှာ နှစ်ယောက်တည်းရှိတုန်း အိပ်ခန်းထဲ သွားမည်ဆိုလို့ သူ ပြောတာကို နားထောင်ဖို့ လိုက်သွားသည်။ ပြောမည့် စကားကို တစ်စုံတစ်ယောက် ကြားသွားမှာစိုးလို့ အိပ်ခန်းတံခါးကို ပိတ်ပြီး ချက်ထိုး လိုက်သေးသည်။ ရပ်လျက်၊ ထိုင်လျက် ပြောလျှင် ရရက်သားနဲ့ ခုတင်ပေါ်မှာ အိပ်ပြီး ပြောမည်ဆိုလို့ သူ့ဘေးနားမှာ လှဲအိပ်ချလိုက်ရသည်။

            ခုတင်ပေါ်မှာ လှဲအိပ်ချ ပြီးတာတောင် ပြောမည့်စကားကို မပြောသေးလို့ နာရီဝက်လောက် စောင့်လိုက်ရသေးသည်။ နာရီဝက် လောက်ကြာမှ ပြောသည်။

            အဲဒီပစ္စည်းက ဘာလဲဆိုတာ သိရအောင် အခုပဲ သွားတူးဖော်ကြမယ်။

            အိမ်အပေါ်ထပ်မှ ဆင်းခဲ့ကြသည်။ တူရွင်းငန်းပြားကို ယူပြီး ခြံဝင်းထဲကို ဆင်းခဲ့ကြသည်။ အိမ်သာကို သွားသည့် လမ်းဘေးက သရက်ပင်ကြီးအောက်က အမြစ်ဆုံနှစ်ခုကြားမှာ ထိုင်ချလိုက် သည်။ အဖိုးမဖြတ်နိုင်သည့် ပစ္စည်းကို တူးဖော်ယူတော့မည်ဖြစ်သည်။ ဒေါ်အေးယဉ်၏ ရင် တစ်အားခုန်လာသည်။

            မြေလွှာပြင်ကို တစ်ထွာလောက် အနက်တူးလိုက်တယ်ဆိုလျှင် အဖုံးအုပ်ထားသည့် စဥ့်အိုးလေးတစ်လုံး၏ အပေါ်ပိုင်း ပေါ်လာသည်။ ဆန္ဒစောနေသည့် ဒေါ်အေးယဉ်က စဥ့်အိုးလေးထဲမှာ ဘာရှိသလဲ သိချင်လို့ အဖုံးကို ဖွင့်ကြည့်ဖို့ လုပ်သည်။ ဦးအောင်ထွန်းဦးက လက်ကို ဖမ်းကိုင်ပြီး တားလိုက်သည်။ စဥ့်အိုးလေးပေါ်အောင်တူး ယူလိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော်က မြှုပ်ထားခဲ့သည့် အိုးဖြစ်လို့ အားစိုက်ပြီး တူးလိုက်ရသည်။

            စဥ့်အိုးလေး မြေပေါ် ရောက်လာသည့်အခါ မြေမှုန့်တွေကို ပွတ်သပ်ဖယ်ရှင်း လိုက်ရသေးသည်။ ဒေါ်အေးယဉ်ကတော့ အဖုံးလေးကို ဖွင့်ကြည့်ချင်လှပြီ ဖြစ်သည်။ အထဲမှာ စိန်တွေလား၊ ရွှေတွေလား သိချင်လှပြီ ဖြစ်သည်။

            ဦးအောင်ထွန်းဦးက သတိကြီးစွာထားပြီး စဥ့်အိုးအဖုံးလေးကို ဖွင့်လိုက်သည်။ အထဲက ပစ္စည်းကို နှိုက်ယူလိုက်သည်။ ဟောလစ် ပုလင်းအရွယ် ဖန်ပုလင်း တစ်လုံးပါလာသည်။ ဟောလစ်ပုလင်းထဲမှာ ဦးချိန်တီ လျက်ဆားပုလင်းအရွယ် ပုလင်းအသေးတစ်လုံးကို မြင်နေရသည်။ ပုလင်း အသေးက အညိုရောင်ဖြစ်နေလို့ အထဲမှာ ရှိသည့် အဖိုးမဖြတ်နိုင်သည့် ပစ္စည်းကို မမြင်ရ ဖြစ်နေသည်။ ဒေါ်အေးယဉ်က အသည်းယားလွန်းလို့ မနေနိုင် မထိုင်နိုင် ဖြစ်နေသည်။ မအောင့်နိုင်လို့ မေးရပြန်သည်။

            'ဒါဘာလဲလို့ ဆိုနေ'

            'ဒီပစ္စည်း ဘာလဲဆိုတာကို ပြောရင် သမိုင်းနဲ့ချီပြီး ပြောရလိမ့်မယ်။ ကုန်းဘောင် ခေတ်နှောင်းပိုင်းက မြင်ကွန်းနဲ့ မြင်းခုန်တိုင် အရေးအခင်းမှာ အရေးနိမ့်ပြီး ကစဥ့်ကလျား ထွက်ပြေးသူတွေထဲက တစ်ယောက်ဟာ ပုသိမ်ဘက်ကို ရောက်လာခဲ့တယ်။ အဲဒီလူနဲ့ အစ်ကိုနဲ့ တွေ့ပြီး ခင်မင်သွားလို့ သူပေးခဲ့တဲ့ ပစ္စည်းပဲ။ အဲဒီလူဟာ တခြားသူ မဟုတ်ဘူး။ မင်းတုန်းမင်းကြီးလက်ထက်က နန်းတွင်း သမားတော်ကြီး ဆရာခဲရဲ့သား၊ ဆရာညိုရဲ့မြေး ဆရာ ခို ဆိုသူဖြစ်တယ်။ ဆရာခို ဆီက စိန်လက်စွပ်နဲ့ လဲယူထားလိုက်တဲ့ ယောကျ်ား အားဆေးတောင့်။ ဆေးစွမ်းက ဘာထက်သလဲ မမေးနဲ့။ တန်ဖိုးမဖြတ်နိုင်ဘူး'

            ဒေါ်အေးယဉ် ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ဖြစ်သွားသည်။ သူ ဆက်ပြောနေသည့် စကားတွေကို ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ မင်းတုန်းမင်းကြီး ကိုယ်တိုင် သုံးခဲ့သည့် နန်းတွင်းဆေးတောင့်ဟု ဆိုသည်။ ပုလင်းအညိုလေးရဲ့ အဖုံးကို ဖွင့်ပြီး သူ့လက်ပေါ် မှောက်ချပြသည်။ လက်ညိုးလုံးလောက်ကြီးပြီး သုံးလက်မလောက်ရှည်သည့် အညိုရောင်ဆေးတောင့် ဖြစ်သည်။ ပရန္နဝါအဆီ၊ ကြံ့သွေး၊ ဖျံသို့ အစစ်တို့ဖြင့် ဖော်စပ်ထားသော နန်းတွင်းဆေး ဖြစ်လို့ အဖိုးမဖြတ်နိုင်ပါဟု ဆိုသည်။

            ဆေးပုလင်းကို ကိုင်လျက် ပခုံးကိုဖက်ပြီး အိမ်ပေါ်ကို ခေါ်လာတော့လည်း စိတ်ညှို့ခံထားရသူလို သူ ခေါ်ရာကို လိုက်ပါလာမိသည်။ ဒီဆေးတောင့်ကို ပြန်ရတာ သိပ်ပြီး ကံကောင်းတယ်လို့ ပြောတာကိုလည်း ကျေနပ်လိုက်မိသည်။

အဏ္ဏဝါစိုးမိုး

(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်